မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၁

ယေရှု ကြီးမြတ်တဲ့ဆရာ ဖြစ်ရတဲ့အကြောင်းရင်း

ယေရှု ကြီးမြတ်တဲ့ဆရာ ဖြစ်ရတဲ့အကြောင်းရင်း

လွန်ခဲ့တဲ့​နှစ်ပေါင်း နှစ်ထောင်​ကျော်​က အင်မတန် ထူးခြားတဲ့ ကလေး​တစ်ယောက် မွေးဖွား​ခဲ့​တယ်။ အဲဒီ​ကလေး​ဟာ အသက်ရှင်​ခဲ့သ​မျှ လူတွေ​ထဲမှာ အကြီးမြတ်ဆုံး​ လူသား​အဖြစ် ကြီးပြင်း​လာ​ခဲ့​တယ်။ အဲဒီတုန်းက လေယာဉ်ပျံ​တို့၊ မော်တော်ကား​တို့ မရှိသေးဘူး။ တီဗီ၊ ကွန်ပျူတာ၊ အင်တာနက်​တို့​လည်း မရှိသေးဘူး။

အဲဒီ​ကလေးကို ယေရှု​လို့ နာမည်​ပေးခဲ့​ကြ​တယ်။ ယေရှုဟာ ကမ္ဘာ​ပေါ် အသက်ရှင်​ခဲ့သ​မျှ လူတွေ​ထဲမှာ ပညာ​အရှိဆုံး​ပုဂ္ဂိုလ်၊ အတော်​ဆုံး​ဆရာ ဖြစ်လာတယ်။ ခက်ခဲတဲ့ အကြောင်းအရာ​တွေကို နားလည်​လွယ်​တဲ့​နည်းနဲ့ ရှင်းပြ​နိုင်တယ်။

ယေရှု​က နေရာ​မရွေး တွေ့သ​မျှ​လူတွေကို သင်ပေးတယ်။ ကမ်းခြေ​မှာ​ကော၊ လှေ​တွေ​ပေါ်မှာ​ပါ သင်ပေးတယ်။ အိမ်တွေမှာ၊ လမ်း​တွေ​မှာ သင်ပေးတယ်။ ယေရှု​မှာ ကား​မရှိဘူး။ ဘတ်စကား​တို့၊ ရထား​တို့​နဲ့​လည်း ခရီး​မသွား​ဘူး။ တစ်​နေရာ​က​နေ တစ်​နေရာကို ခြေကျင်​လျှောက်​ပြီး လူတွေကို သင်ပေး​ခဲ့​တယ်။

တို့​တစ်​တွေ တခြား​လူတွေ​ဆီက အများကြီး သင်ယူနိုင်တယ်။ ဒါပေမဲ့ ကြီးမြတ်တဲ့​ဆရာ ယေရှု​ဆီကနေ အရေး​ကြီး​ဆုံး​အရာတွေ သင်ယူနိုင်တယ်။ ယေရှု ပြောခဲ့တဲ့​စကား​တွေကို ကျမ်းစာမှာ တွေ့ရတယ်။ အဲဒီ​စကား​တွေကို ကျမ်းစာက​နေ ကြားရတဲ့အခါ တို့​တစ်​တွေကို ယေရှု ပြော​နေသလို​ပါပဲ။

ယေရှုဟာ ဘာကြောင့် ကြီးမြတ်​တဲ့​ဆရာ ဖြစ်​ရသလဲ။ အကြောင်းရင်း တစ်ခု​က​တော့ ယေရှု​ကိုယ်တိုင် သင်ကြား​ခံ​ခဲ့​ရလို့​ပေါ့။ နားထောင်​ခြင်း​ဟာ ဘယ်လောက် အရေးကြီး​မှန်း ယေရှု သိတယ်။ ဒါပေမဲ့ ဘယ်သူ့​စကားကို ယေရှု နားထောင်​ခဲ့သလဲ။ ဘယ်သူ သင်ပေးခဲ့သလဲ။— ​သူ့ဖေဖေ သင်ပေး​ခဲ့​တယ်။ ယေရှုရဲ့ ဖေဖေ​ဟာ ဘုရားသခင်​ပေါ့။

ယေရှုဟာ လူသား​တစ်ယောက်​အနေနဲ့ ကမ္ဘာ​ပေါ် မ​ကြွလာ​ခင် ကောင်းကင်ဘုံမှာ ဘုရားသခင်​နဲ့အတူ နေ​ခဲ့​တယ်။ ဒါကြောင့် ယေရှုဟာ တခြား​လူတွေ​နဲ့ မတူဘူး။ ဘယ်​လူသား​မှ ကမ္ဘာ​ပေါ် မမွေး​လာခင် ကောင်းကင်ဘုံမှာ မနေ​ခဲ့​ဖူး​လို့​လေ။ ကောင်းကင်ဘုံမှာ နေတုန်းက ယေရှုဟာ သူ့​ဖေဖေ​ရဲ့ စကားကို နားထောင်​တဲ့ သား​လိမ္မာ​တစ်ယောက် ဖြစ်တယ်။ ဒါကြောင့်​လည်း ဘုရားသခင်​ဆီက သိခဲ့​တာ​တွေ​အကြောင်း လူတွေကို သင်​ပေးနိုင်​တာ​ပေါ့။ ကလေးတို့​လည်း ဖေဖေ၊ မေမေ​တို့ စကားကို နားထောင်​ရင် ယေရှုနဲ့ တူမယ်ကွဲ့။

ယေရှု ကြီးမြတ်​တဲ့​ဆရာ ​ဖြစ်​ရတဲ့ နောက်​အကြောင်း​တစ်ခု​က​တော့ လူတွေကို ချစ်​လို့​ပါပဲ။ ဘုရားသခင်​အကြောင်း ​သိအောင် လူတွေကို ကူညီ​ပေးချင်​တယ်။ လူကြီး​တွေကို ချစ်သလို ကလေးတွေကိုလည်း ချစ်​တယ်။ ကလေးတွေလည်း ယေရှု​အနား​မှာ နေချင်​ကြတယ်။ ဘာကြောင့်လဲ​ဆိုတော့ ယေရှု​က ကလေးတွေ​နဲ့ စကား​ပြောတယ်၊ ကလေး​တွေ ပြောတာကိုလည်း နားထောင်ပေး​လို့​ပါပဲ။

ကလေး​တွေ​က ယေရှု အနားမှာ ဘာကြောင့် နေချင်ကြသလဲ

တစ်နေ့​မှာ မိဘ​တချို့​က ကလေး​တွေ​ကို ယေရှု​ဆီ ခေါ်​လာ​ကြ​တယ်။ ဒါပေမဲ့ ယေရှုရဲ့​မိတ်ဆွေ​တွေ​က ကြီးမြတ်​တဲ့​ဆရာ အလုပ်​သိပ်​များတဲ့​အတွက် ဒီ​ကလေးတွေနဲ့ စကားပြော​အား​မှာ မဟုတ်ဘူးလို့ ထင်ကြ​တယ်။ ဒါနဲ့ သူတို့ကို မောင်းထုတ်​လိုက်ကြတယ်။ ဒါပေမဲ့ ယေရှု ဘာ​ပြောသလဲ။— ယေရှု​က ‘ကျွန်တော့်​ဆီ ကလေးတွေ လာ​တာ​ကို မတား​ကြ​နဲ့’ လို့ ပြော​လိုက်တယ်။ ဟုတ်​တယ်၊ ယေရှု​က ကလေး​တွေကို လာ​စေချင်တယ်။ ယေရှုဟာ အင်မတန် ပညာ​ရှိပြီး သိပ်​အရေးပါတဲ့ လူသား​တစ်​ဦး ဖြစ်ပေမဲ့ ကလေး​တွေကို အချိန်​ပေးပြီး သင်ကြား​ပေးခဲ့တယ်။—မာကု ၁၀:၁၃၊ ၁၄

ကလေးတွေကို ယေရှု ဘာကြောင့် သင်ကြား​ပေးသလဲ၊ ကလေး​တွေ ပြောတာကို ဘာကြောင့် နားထောင်ပေးသလဲ​ဆို​တာ သိသလား။ အကြောင်း​တစ်ခု​က​တော့ ကောင်းကင်​ဘုံ​စံ အဖဘုရားသခင်​အကြောင်း ပြော​ပြပြီး သူတို့ကို ပျော်ရွှင်​စေ​ချင်​လို့​ပဲ။ ကလေးတို့​လည်း လူတွေကို ပျော်ရွှင်​အောင် ဘယ်လို လုပ်​နိုင်သလဲ။— သိရှိ​ထားတဲ့ ဘုရားသခင်​အကြောင်းကို ပြောပြ​ဖို့​ပါပဲ။

တစ်ခါ​က ယေရှုဟာ ကလေး​တစ်ယောက်ကို သုံးပြီး မိတ်ဆွေတွေကို အရေးကြီးတဲ့ သင်​ခန်း​စာ​တစ်ခု သင်ပေး​ခဲ့​တယ်။ ကလေး​တစ်ယောက်ကို ခေါ်ပြီး တပည့်​နောက်လိုက်​တွေ​အလယ်​မှာ ရပ်ခိုင်း​လိုက်တယ်။ ပြီးတော့ လူကြီး​တွေ​အနေနဲ့ သဘောထား ပြောင်းလဲ​ပြီး အဲဒီ​ကလေး​လို ဖြစ်ရ​မယ်တဲ့။

ကလေး​ကြီး​တွေ​နဲ့ လူကြီး​တွေ​ဟာ ကလေးငယ် တစ်ယောက်​ဆီကနေ ဘာသင်ခန်းစာ သင်ယူ​နိုင်သလဲ

ယေရှု ဘာကို ပြော​ချင်​တာ​လဲ။ လူကြီး​တစ်ယောက်၊ ဒါမှမဟုတ် ကလေး​ကြီး​တစ်ယောက်က ကလေးငယ်​လို ဘယ်လို ဖြစ်နိုင်မလဲ၊ သိသလား။— ကလေး​တစ်ယောက်​ဟာ အသက်​ပို​ကြီးတဲ့​သူ​လောက် အသိအမြင် မ​များတဲ့​အတွက် သင်​ချင်​တတ်​ချင်​စိတ် ရှိတယ်။ ဒါကြောင့် တပည့်​တွေ​ကို ကလေး​တွေ​လို နှိမ့်ချ​ရမယ်လို့ ယေရှု ပြော​နေတာပေါ့။ ဟုတ်​ပါတယ်၊ တို့အားလုံး တခြားသူတွေ​ဆီကနေ အများကြီး သင်ယူနိုင်တယ်။ ယေရှုရဲ့ အဆုံးအမ​ဟာ တို့ရဲ့​ထင်မြင်​ယူဆ​ချက်​ထက် ပို​အရေးကြီး​တယ်​ဆိုတာ​ကို တို့အားလုံး သဘောပေါက်​ဖို့ လိုတယ်။—မဿဲ ၁၈:၁-၅

ယေရှု ကြီးမြတ်​တဲ့​ဆရာ ဖြစ်​ရတဲ့ နောက်​အကြောင်း​တစ်ခု​က အကြောင်းအရာ​တွေကို လူတွေ စိတ်ဝင်စား​အောင် ပြောတတ်​လို့​ပေါ့။ အကြောင်းအရာ​တွေကို ရိုးရိုးရှင်းရှင်း ရှင်းပြ​တယ်။ ဘုရားသခင်​အကြောင်း လူတွေ နားလည်အောင် ငှက်​လေး​တွေ၊ ပန်း​လေး​တွေ၊ သာမန်​အရာ​လေး​တွေ​အကြောင်း ပြောပြီး ကူညီ​ပေးတယ်။

တစ်နေ့၊ တောင်​စောင်း​မှာ ယေရှု ရှိနေ​တုန်း လူ​အများကြီး ရောက်​လာကြတယ်။ ယေရှု​က ထိုင်​ပြီး ဒီ​ပုံ​မှာ တွေ့ရတဲ့​အတိုင်း ဟောပြောခဲ့တယ်။ ဒီ​ဟောပြောချက်ကို တောင်ပေါ်ဒေသနာ​လို့ ခေါ်​ကြ​တယ်။ ယေရှု​က ‘ငှက်​တွေကို ကြည့်​ကြပါ။ ငှက်​တွေ​က မျိုးစေ့ မ​ကြဲ​ကြ​ဘူး။ ကျီ​ထဲ စုသိမ်း​တာ​တွေ မလုပ်ကြဘူး။ ဒါပေမဲ့ ကောင်းကင်ဘုံစံ ဘုရားသခင်​က သူတို့ကို ကျွေးမွေး​တယ်။ ခင်ဗျားတို့​ဟာ အဲဒီ​ငှက်​တွေ​ထက် တန်ဖိုး​ရှိတယ် မဟုတ်လား’ ဆို​ပြီး ဟော​ပြောခဲ့တယ်။

ငှက်​လေး​တွေ၊ ပန်း​လေး​တွေ​အကြောင်း ပြောတဲ့အခါမှာ ယေရှု​က ဘာသင်ခန်းစာ သင်ပေး​နေသလဲ

‘တောနှင်းပန်း​တွေ​ဆီကနေ သင်ခန်းစာ ယူ​ကြ။ နှင်း​ပန်း​တွေ​ဟာ အလုပ်​မလုပ်ဘဲ ရှင်သန်​ကြီးထွား​လာကြတယ်။ ဘယ်လောက် လှသလဲ​ဆို​တာ ကြည့်လိုက်​ကြ​စမ်း​ပါ။ ချမ်းသာ​ကြွယ်ဝတဲ့ ရှောလမုန်​မင်းကြီး​တောင်မှ တောနှင်းပန်း​တွေ​လောက် လှပ​အောင် မ​ဝတ်ဆင်​နိုင်​ဘူး။ ဒါကြောင့် တောပန်း​တွေကို​တောင် ဘုရားသခင် ကြည့်ရှု​စောင့်ရှောက်​တယ်​ဆိုရင် ခင်ဗျားတို့​ကိုလည်း ကြည့်ရှု​စောင့်ရှောက်​မယ် မဟုတ်လား’ လို့​လည်း ပြောခဲ့တယ်။—မဿဲ ၆:၂၅-၃၃

ယေရှု ဘာသင်ခန်းစာ ပေးနေ​တယ်​ဆို​တာ သိသလား။— ဘာ​စား​ရမလဲ၊ ဘာ​ဝတ်​ရမလဲ​ဆို​ပြီး စိတ်​မ​ပူ​ဖို့ ပြောနေတာကွဲ့။ ဒါတွေ​အားလုံးကို တို့​တစ်​တွေ လိုအပ်​မှန်း ဘုရားသခင် သိ​တာပေါ့။ စားဖို့၊ ဝတ်​ဖို့​အတွက် အလုပ်​လုပ်စရာ မလိုဘူးလို့ ယေရှု မပြောဘူးနော်။ ဒါပေမဲ့ ဘုရားသခင်ကို ပထမ​နေရာမှာ ထား​ရမယ်လို့ ပြော​နေတာ။ ဒါဆိုရင် စား​ဖို့ အစာ၊ ဝတ်​ဖို့ အဝတ်​တွေ ရ​အောင် ဘုရားသခင် အသေအချာ လုပ်ပေးမယ်။ ကလေးတို့ ဒါကို ယုံ​ကြ​ရဲ့​လား။—

ယေရှု ဟောပြော​ပြီးတဲ့နောက် လူတွေ ဘယ်လို သဘော​ရ​ကြသလဲ။— လူတွေက ယေရှုရဲ့ သွန်သင်ပုံကို သိပ်​အံ့သြ​ကြ​တယ်လို့ ကျမ်းစာမှာ ဆို​ထားတယ်။ ယေရှု​စကားကို နားထောင်​ရတာ စိတ်ဝင်စားစရာ သိပ်​ကောင်း​တယ်။ ပြီးတော့ ယေရှုရဲ့ စကား​တွေ​က လူတွေကို မှန်​တာ​လုပ်ဖို့ ကူညီ​ပေးတယ်။—မဿဲ ၇:၂၈

ဒါကြောင့်​မို့ တို့​တစ်​တွေ​လည်း ယေရှု​ဆီက သင်ယူဖို့ သိပ်​အရေးကြီးတယ်။ ဘယ်လို သင်ယူ​ရမယ်​ဆို​တာ သိသလား။— ယေရှု ​ပြောခဲ့တဲ့​စကား​တွေကို စာအုပ်​တစ်အုပ်​မှာ ရေး​ထားတယ်။ ဘာ​စာအုပ်​လဲ သိသလား။— သမ္မာကျမ်းစာ​ပဲ​ကွဲ့။ ကျမ်းစာမှာ ဖတ်​ရတဲ့ အကြောင်းအရာ​တွေကို ဂရုစိုက်​မယ်​ဆိုရင် ယေရှုရဲ့ စကားကို နားထောင်​ရာ ရောက်​တာ​ပေါ့။ တကယ်​ဆို​ရင် ကျမ်းစာမှာ ဘုရားကိုယ်​တိုင်​က ယေရှု​စကားကို နားထောင်​ရမယ်လို့ မိန့်ကြားခဲ့တဲ့ စိတ်လှုပ်ရှားစရာ ဇာတ်လမ်း​လေး​တစ်ပုဒ် ပါ​ရှိတယ်။ ဖြစ်ပျက်ပုံကို ကြည့်​ကြ​ရ​အောင်။

တစ်နေ့​မှာ ယေရှု​က မိတ်ဆွေ​သုံးယောက်ကို တောင်​အမြင့်​ကြီး​ပေါ် ခေါ်သွားတယ်။ သူတို့ရဲ့ နာမည်တွေက ယာကုပ်၊ ယောဟန်၊ ပေတရု။ ဒီ​သုံးယောက်​စ​လုံး​ဟာ ယေရှုရဲ့ မိတ်ဆွေရင်း​တွေ​ဆိုတော့ သူတို့​အကြောင်းကို နောက်ပိုင်းမှာ အများကြီး သိရဦးမယ်။ ဒါပေမဲ့ ထူးခြားတဲ့ ဒီ​အချိန်​အခါမှာ ယေရှုရဲ့ မျက်နှာ​ဟာ ထွန်းလင်း​တောက်ပြောင်​လာတယ်။ အဝတ်​တွေ​လည်း ဒီ​ပုံ​မှာ တွေ့ရတဲ့​အတိုင်း အလင်း​လို တောက်ပ​လာတယ်။

“သူ​ဟာ . . . ငါ့ရဲ့​ချစ်သား​ပဲ။ သူ့​စကားကို နားထောင်​ကြ”

အဲဒီ​နောက်မှာ ကောင်းကင်​က အသံတစ်သံ​ကို ယေရှုနဲ့ မိတ်ဆွေ​တွေ ကြားလိုက်​ကြ​တယ်။ အဲဒီ​အသံ​က “သူ​ဟာ ငါ​မြတ်နိုး​တဲ့ ငါ့ရဲ့​ချစ်သား​ပဲ။ သူ့​စကားကို နားထောင်​ကြ” လို့​ဆို​တယ်။ (မဿဲ ၁၇:၁-၅) ဘယ်သူ့​အသံ​လဲ သိသလား။— ဘုရားသခင်ရဲ့ အသံ​ပဲ​ပေါ့။ သားတော်​ရဲ့ စကားကို နားထောင်​ရမယ်လို့ ပြောတဲ့​သူ​ဟာ ဘုရားသခင် ဖြစ်တယ်ကွဲ့။

ဒီ​က​နေ့ တို့​တစ်​တွေ​လည်း ဘာလုပ်​ကြ​မ​လဲ။ ဘုရားသခင်ကို နာခံပြီး ကြီးမြတ်​တဲ့​ဆရာ သားတော်​ရဲ့ စကားကို နားထောင်​ကြ​မလား။— တို့အားလုံး နားထောင်ဖို့ လိုတယ်။ ဘယ်လို နားထောင်​နိုင်သလဲ၊ မှတ်မိသလား။—

ဟုတ်​တယ်၊ ကျမ်းစာမှာ​ပါတဲ့ ယေရှုရဲ့ ဘဝ​အကြောင်း ဖတ်​မယ်​ဆိုရင် ဘုရားသားတော်​ရဲ့ စကားကို နားထောင်​နိုင်မယ်။ ကျမ်းစာမှာ ကြီးမြတ်​တဲ့​ဆရာ​က တို့​တစ်​တွေကို ပြောပြ​ထားတဲ့ အကောင်းဆုံး အကြောင်းအရာတွေ အများကြီး ပါတယ်ကွဲ့။ ကျမ်းစာမှာ ​ရေးထားတဲ့ ဒီ​အကြောင်းအရာ​တွေကို သင်ယူ​တဲ့အခါ​မှာ ကလေးတို့ နှစ်သက်​ကြ​မှာပါ။ ပြီးတော့ ကိုယ်​သိထားတဲ့ ဒီ​ကောင်းတဲ့ အကြောင်းအရာ​တွေကို သူငယ်ချင်း​တွေကို ပြောပြ​မယ်​ဆိုရင် ကလေးတို့​လည်း ပျော်ရွှင်​ကြ​မယ်​ကွဲ့။

ယေရှု​စကားကို နားထောင်ခြင်း​ရဲ့ ကောင်းကျိုး​အကြောင်း ထပ်​သိရ​အောင် ကလေးတို့​ရဲ့ ကျမ်းစာမှာ ယောဟန် ၃:၁၆။ ၈:၂၈-၃၀။ တမန်တော် ၄:၁၂ တို့​ကို ဖွင့်​ဖတ်ကြည့်ပါ။