မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၃

အရာခပ်သိမ်းကို ဖန်ဆင်းတဲ့အရှင်

အရာခပ်သိမ်းကို ဖန်ဆင်းတဲ့အရှင်

သက်ရှိ​အရာအားလုံးကို ဘယ်သူ ဖန်ဆင်းသလဲ

အံ့သြစရာ​တစ်ခု တို့​သိထားတယ်။ ကလေးတို့ နားထောင်​ကြ​မလား။— ကလေးတို့​လက်ကို ကြည့်လိုက်​ပါ​ဦး။ လက်ချောင်း​လေး​တွေကို ကွေး​ကြည့်လိုက်။ တစ်ခုခုကို ကောက်​ကိုင်​လိုက်။ ကလေးတို့​လက်​က အမျိုးမျိုး လုပ်​တတ်တယ်။ ကောင်းကောင်း​လည်း လုပ်တတ်​တယ်။ တို့​ရဲ့​လက်ကို ဘယ်သူ ဖန်တီး​ပေးခဲ့သလဲ၊ သိသလား။—

ဟုတ်​တယ်၊ တို့​ရဲ့​ပါးစပ်၊ နှာခေါင်း၊ မျက်စိ​တို့​ကို ဖန်ဆင်း​ပေးတဲ့​အရှင်​ပဲ​ပေါ့။ ကြီးမြတ်​တဲ့​ဆရာ​ရဲ့ ဖေဖေ၊ ဘုရားသခင်​ပဲ​လေ။ ဘုရားသခင်​က တို့​တစ်​တွေကို မျက်စိ ပေးထား​တဲ့​အတွက် ဝမ်း​မသာ​ကြ​ဘူး​လား။— မျက်စိ​နဲ့ မြင်နိုင်​တာ အများကြီး ရှိတယ်။ ပန်း​ကလေးတွေကို မြင်​နိုင်တယ်။ မြက်ခင်း စိမ်း​စိမ်း​နဲ့ ကောင်းကင် ပြာ​ပြာ​ကို​လည်း မြင်​နိုင်တယ်။ ဒီ​ပုံ​ထဲ​ကလို ဆာလောင်​နေတဲ့ ငှက်​ကလေးတွေကို​လည်း မြင်နိုင်​မယ်။ ဒီ​အရာတွေကို မြင်နိုင်တာဟာ တကယ့်​အံ့သြ​စ​ရာ​ပါပဲ၊ မဟုတ်ဘူး​လား။—

ဒါပေမဲ့ ဒီ​အရာတွေကို ဘယ်သူ လုပ်သလဲ။ လူတစ်ယောက်​ယောက်​က လုပ်တာ​လား။ မဟုတ်ဘူး။ လူတွေက အိမ်ဆောက်​နိုင်တယ်။ ဒါပေမဲ့ ရှင်သန်​နေတဲ့ မြက်ပင်ကိုတော့ ဘယ်လူကမှ မ​လုပ်​နိုင်​ဘူး။ ငှက်​ပေါက်လေး တစ်ကောင်၊ ပန်း​လေး​တစ်ပွင့်၊ ဒါမှမဟုတ် တခြားသက်ရှိ တစ်ခု​ခု​ကို လူတွေ မ​ဖန်တီး​နိုင်ကြဘူး။ ကလေးတို့ ဒါကို သိလား။—

ဘုရားသခင်​ဟာ ဒီ​အရာခပ်သိမ်း​ကို ဖန်ဆင်း​တဲ့​အရှင်​ပဲ​ပေါ့။ ဘုရားသခင်​က ကောင်းကင်နဲ့ မြေကြီးကို ဖန်ဆင်း​ခဲ့​တယ်။ လူ​တွေကို​လည်း ဖန်ဆင်း​ခဲ့​တယ်။ ပထမ လူယောက်ျား​နဲ့ မိန်းမကို ဘုရားသ​ခင်​ပဲ ဖန်ဆင်းခဲ့​တာ​လေ။ ကြီးမြတ်​တဲ့​ဆရာ ယေရှု​က ဒီ​အကြောင်း သင်ပေး​ခဲ့​တယ်။—မဿဲ ၁၉:၄-၆

ယောက်ျား​နဲ့ မိန်းမ​ကို ဘုရားသခင် ဖန်ဆင်းတာ ယေရှု ဘယ်လို သိသလဲ။ ဘုရားသခင် ဖန်ဆင်း​တာ​ကို ယေရှု မြင်ခဲ့လို့​လား။— ဟုတ်​တယ်၊ မြင်ခဲ့တယ်။ ယောက်ျား​နဲ့ မိန်းမ​ကို ဘုရားသခင် ဖန်ဆင်း​တုန်း​က ဘုရားသခင်​အနား​မှာ ယေရှု ရှိနေ​ခဲ့​တယ်။ ယေရှုဟာ ဘုရားသခင် ပထမဆုံး ဖန်ဆင်း​တဲ့​ပုဂ္ဂိုလ်​ပေါ့။ ယေရှုဟာ ကောင်းကင်တမန်​တစ်ပါး ​ဖြစ်ပြီး ကောင်းကင်ဘုံမှာ သူ့​ဖခင်​နဲ့ အတူ​နေ​ခဲ့​တယ်။

ဘုရားသခင်​က “လူကို ဖန်ဆင်း​ကြစို့” ဆို​ပြီး ပြောခဲ့တယ်လို့ ကျမ်းစာက ဆို​တယ်။ (ကမ္ဘာဦး ၁:၂၆) ဘုရားသခင် ဘယ်သူနဲ့ စကားပြော​နေတာလဲ၊ သိသလား။— သူ့သားတော်​နဲ့​ပေါ့။ နောက်ပိုင်းမှာ ကမ္ဘာကို ကြွလာပြီး ယေရှု ဖြစ်လာတဲ့​သူနဲ့ စကားပြော​နေတာ။

ပျော်စရာ မကောင်း​ဘူး​လား။ စဉ်းစား​ကြည့်။ ယေရှုရဲ့ ​စကားကို နားထောင်​တဲ့အခါ တို့​တစ်​တွေ​ဟာ မြေကြီး​နဲ့ တခြား​အရာခပ်သိမ်း​ကို ဘုရားသခင် ဖန်ဆင်း​တုန်း​က ဘုရားသခင်နဲ့​အတူ ရှိခဲ့​ဖူး​သူ​ရဲ့ သင်ကြားမှု​ကို ခံယူ​နေကြတာပဲ။ ယေရှုဟာ ကောင်းကင်ဘုံမှာ ဖခင်​နဲ့​အတူ အလုပ်​လုပ်ခဲ့လို့ အများကြီး တတ်သိ​နားလည်​ခဲ့​တယ်။ ဒါကြောင့်​မို့​လို့ ယေရှု ကြီးမြတ်​တဲ့​ဆရာ ​ဖြစ်နေ​တာ အံ့သြစရာ ​မဟုတ်ဘူး​ပေါ့။

ဘုရားသခင်​ဟာ သားတော်ကို မ​ဖန်ဆင်း​ခင်​က တစ်ပါးတည်း ရှိခဲ့​လို့ မပျော်​မ​ရွှင် ဖြစ်​ခဲ့​မယ်​လို့ ထင်သလား။— မပျော်​ဘဲ မနေ​ခဲ့​ဘူး။ မပျော်​မ​ရွှင် မဖြစ်ခဲ့​ဘူးဆိုရင် တခြားသက်ရှိ​တွေကို ဘာကြောင့် ဖန်ဆင်း​ရသလဲ။— မေတ္တာရှင် ဘုရားသခင် ဖြစ်လို့ ဖန်ဆင်း​ခဲ့​တာ​ပဲ​ကွဲ့။ တခြား​သူတွေလည်း အသက်ရှင်​ပြီး ပျော်ပျော်​နေဖို့ အလိုရှိတယ်​လေ။ တို့​တစ်​တွေကို အသက်​ပေးတဲ့​အတွက် ဘုရားသခင်ကို ကျေးဇူးတင်သင့်တယ်။

ဘုရားသခင် ဖန်ဆင်း​လိုက်တဲ့​အရာတိုင်း​က ဘုရားသခင်ရဲ့ မေတ္တာတော်ကို ဖော်ပြ​နေတယ်။ ဘုရားသခင်​က နေကို ဖန်ဆင်းခဲ့​တယ်။ နေ​က တို့​တစ်​တွေကို အလင်း​ပေးတယ်၊ အ​နွေး​ဓာတ် ပေးတယ်။ နေသာ ​မရှိရင် အရာရာတိုင်း အေးစက်​နေ​မယ်။ ကမ္ဘာ​ပေါ်မှာ သက်ရှိ​တွေ​လည်း ရှိ​မှာ ​မဟုတ်ဘူး။ နေကို ဘုရားသခင် ဖန်ဆင်း​ပေးတဲ့​အတွက် ဝမ်း​မသာ​ဘူး​လား။—

မိုးရွာ​အောင်​လည်း ဘုရားသခင် ဖန်ဆင်း​ပေးတယ်။ တစ်ခါတလေ မိုးရွာတာ​ကို ကလေးတို့ ကြိုက်​မှာ မဟုတ်ဘူး။ မိုးရွာ​ရင် အပြင်ထွက် မကစား​ရလို့​လေ။ ဒါပေမဲ့ မိုး​ရေ​က ပန်း​ကလေးတွေကို ဖူး​ပွင့်​စေတယ်။ ဒီတော့ ပန်း​လှလှလေး​တွေ တွေ့​ရင် ဘယ်သူ့ကို ကျေးဇူးတင်​ရ​မ​လဲ။— ဘုရားသခင်ကို​ပဲ​ပေါ့။ အရသာ​ရှိတဲ့ အသီး​တွေ၊ ဟင်းသီးဟင်းရွက်​တွေ စား​ရတဲ့အခါ​ကော ဘယ်သူ့ကို ကျေးဇူးတင်​ရ​မ​လဲ။— ဘုရားသခင်ကို​ပဲ ကျေးဇူးတင်​ရမယ်နော်။ ဘာကြောင့်လဲ​ဆို​တော့ ဘုရားသခင် ​ပေးတဲ့ နေ​နဲ့ မိုး​ရေ​က အပင်​တွေကို ပေါက်​စေ​လို့​ပေါ့​ကွယ်။

တစ်ယောက်ယောက်​က ‘လူနဲ့ တိရစ္ဆာန်တွေကို​ကော ဘုရားသခင် ဖန်ဆင်းသလား’ လို့ မေး​လာတယ် ဆို​ပါ​စို့။ ကလေးတို့ ဘယ်လို ဖြေ​မ​လဲ။— “ဟုတ်​တယ်၊ လူနဲ့ တိရစ္ဆာန်တွေကို ဘုရားသခင် ဖန်ဆင်း​တယ်” လို့​ဖြေ​ရင် မှန်​တာပေါ့။ ဒါပေမဲ့ လူသားတွေကို ဘုရားသခင် တကယ် ဖန်ဆင်းတယ်​ဆိုတာကို တစ်ယောက်ယောက်​က မယုံ​ဘူးဆိုရင်ကော။ လူ​ဟာ တိရစ္ဆာန်​က​နေ ဖြစ်လာ​တယ်လို့ ပြော​ရင်​ကော။ ကျမ်းစာက အဲဒီလို မသင်​ပေး​ဘူးကွဲ့။ သက်ရှိ​အားလုံးကို ဘုရားသခင် ဖန်ဆင်း​တယ်လို့ ကျမ်းစာမှာ ဆိုထားတယ်။—ကမ္ဘာဦး ၁:၂၆-၃၁

အိမ်ကို တစ်ယောက်ယောက်​က ဆောက်​ရသလို ပန်း​တွေ၊ သစ်ပင်​တွေ၊ တိရစ္ဆာန်တွေကို​ကော ဘယ်သူ ဖန်ဆင်းသလဲ

ဒါပေမဲ့ တစ်ယောက်ယောက်​က ဘုရားသခင်ကို မယုံ​ဘူးလို့ ပြော​ရင်​ပြောမယ်။ ဒါဆိုရင် ဘယ်လို ပြန်​ပြော​မ​လဲ။— အိမ်တစ်လုံး​ကို လက်ညှိုးထိုး​ပြ​လိုက်။ ပြီးတော့၊​ “ဒီအိမ်​ကို ဘယ်သူ ဆောက်သလဲ” လို့ မေးလိုက်။ တစ်ယောက်ယောက် ဆောက်​ထား​မှန်း လူတိုင်း သိတယ်​လေ။ အိမ်​ဟာ အလိုလို ဖြစ်မလာ​တာ​တော့ သေချာ​တယ်။—ဟီဘရူး ၃:၄

ပြီးတော့ ဥယျာဉ်​တစ်ခုကို ခေါ်သွား​ပြီး ပန်း​ကလေး​တစ်ပွင့်​ကို ပြ​လိုက်။ “ဒါကို ဘယ်သူ လုပ်သလဲ” လို့ မေးကြည့်။ လူ​လုပ်တာ​တော့ မဟုတ်ဘူး။ အိမ်​ဟာ အလိုလို ဖြစ်မလာ​နိုင်သလို ဒီ​ပန်း​ဟာ​လည်း အလိုလို ဖြစ်မလာ​နိုင်​ဘူးကွဲ့။ တစ်ယောက်ယောက် ဖန်ဆင်းတာ​ပဲ ဖြစ်​ရမယ်။ ဘုရားသခင်​ပဲ​ပေါ့။

သူ့ကို ငှက်​လေး​တစ်ကောင် တွန်​ကျူး​တဲ့​အသံ​ကို နားထောင်​ခိုင်း။ ပြီးတော့ “ငှက်​တွေကို ဘယ်သူ ဖန်ဆင်း​ပြီး တွန်​ကျူး​တတ်အောင် သင်​ထား​ပေးသလဲ” လို့ မေးကြည့်။ ဘုရားသခင် ဖြစ်တယ်။ ဘုရားသခင်​ဟာ ကောင်းကင် မြေကြီး​နဲ့ သက်ရှိ​အားလုံးကို ဖန်တီး​တဲ့​အရှင် ဖြစ်တယ်။ အသက်​ပေးတဲ့​အရှင်​ပေါ့။

ဒါတောင်မှ တစ်ယောက်ယောက်​က မြင်​ရတာကို​မှ ယုံကြည်​တယ်လို့ ပြော​ရင်​ပြော​ဦး​မယ်။ ‘မမြင်နိုင်​ဘူးဆိုရင် မယုံ​ဘူး’ လို့ ပြော​ရင်​ပြောမယ်။ ဒါကြောင့် လူ​တချို့က ဘုရားသခင်ကို မမြင်နိုင်တဲ့​အတွက် မယုံ​ဘူးလို့ ပြော​ကြ​တယ်။

ဘုရားသခင်ကို မမြင်​နိုင်တာ ဟုတ်​ပါတယ်။ ကျမ်းစာက ‘ဘုရားသခင်ကို ဘယ်သူမှ မမြင်နိုင်​ဘူး’ လို့ ဆို​ထားတယ်။ ကမ္ဘာ​ပေါ်က ယောက်ျား၊ မိန်းမ၊ ကလေး ဘယ်သူမှ ဘုရားသခင်ကို မမြင်နိုင်​ဘူး။ ဒါကြောင့် ဘုရားသခင်ရဲ့ ရုပ်ပုံ၊ ရုပ်တု​တွေကို ဘယ်သူမှ မ​လုပ်သင့်​ဘူးကွဲ့။ ဘုရားသခင်​ကိုယ်တိုင်​က သူ့ရဲ့ ရုပ်တုကို မလုပ်ပါနဲ့​လို့​တောင် ပြော​ထားတယ်။ ဒါကြောင့် တို့​အိမ်ထဲမှာ ရုပ်တု​ဆင်းတု​တွေ ထားမယ်​ဆိုရင် ဘုရားသခင် ကြိုက်​မှာ မဟုတ်ဘူး။—ထွက်မြောက်ရာ ၂၀:၄၊ ၅။ ၃၃:၂၀။ ယောဟန် ၁:၁၈

ဒါပေမဲ့ ဘုရားသခင်ကို မမြင်နိုင်​ဘူးဆိုရင် ဘုရားသခင် တကယ်​ရှိ​မှန်း ဘယ်လို သိနိုင်​မ​လဲ။ စဉ်းစား​ကြည့်၊ လေ​ကို မြင်နိုင်သလား။— မမြင်နိုင်​ဘူး။ လေ​ကို ဘယ်သူမှ မမြင်နိုင်​ဘူး။ ဒါပေမဲ့ လေ​ရဲ့ လှုပ်ရှားမှု​ကို​တော့ တွေ့​နိုင်တယ်ကွဲ့။ သစ်ပင်​ရဲ့ အကိုင်းအခက်​ကြား​ထဲ လေ​တိုက်​တဲ့အခါ သစ်​ရွက်​တွေ လှုပ်ရှားကြတာကို တွေ့နိုင်တယ်။ ဒီတော့ လေ​ရှိတယ်ဆိုတာ ယုံ​ကြ​တယ်​လေ။

လေ​ရှိ​မှန်း ဘယ်လို သိရသလဲ

ဘုရားသခင် လုပ်​ထားတဲ့​အရာတွေကို ကလေးတို့ တွေ့နိုင်တယ်။ ရှင်​နေတဲ့​ပန်း​ကလေး၊ ငှက်​ကလေးကို တွေ့ရ​ရင် အဲဒါတွေဟာ ဘုရားသခင် ဖန်ဆင်း​ထားတဲ့​အရာတွေ​ပဲ​ပေါ့။ ဒါကြောင့် ဘုရားသခင် တကယ်​ရှိတယ်ဆိုတာ ယုံကြည်​ကြ​တာပေါ့။

“နေ​နဲ့ ကမ္ဘာကို ဘယ်သူ ဖန်ဆင်းသလဲ” ဆို​ပြီး တစ်ယောက်ယောက်​က မေး​ရင် မေး​မယ်။ ကျမ်းစာက “ဘုရားသခင်​က ကောင်းကင်နဲ့ မြေကြီးကို ဖန်ဆင်း​တယ်” လို့ ဆိုထားတယ်။ (ကမ္ဘာဦး ၁:၁) ဟုတ်​ပါတယ်၊ အံ့သြစရာ​ကောင်းတဲ့ ဒီ​အရာအားလုံးကို ဘုရားသခင် ဖန်ဆင်းတာလေ။ ကလေးတို့​ကော ဘယ်လို သဘော​ရသလဲ။—

အသက်ရှင်​ရတာ ဘယ်လောက် ကောင်းသလဲ​နော်။ ငှက်​တွေ​ရဲ့ သာယာ​တဲ့ သီကျူး​သံ​ကို ကြား​နိုင်တယ်။ ပန်း​ကလေးတွေနဲ့ ဘုရားသခင် ဖန်ဆင်း​ထားတဲ့ တခြား​အရာတွေကို မြင်​နိုင်တယ်။ ဘုရားသခင် ပေးထားတဲ့ အစားအစာ​တွေကို​လည်း စား​နိုင်တယ်။

ဒါတွေ​အားလုံး​အတွက် ဘုရားသခင်ကို ကျေးဇူးတင်​ဖို့ ကောင်းတယ်။ အထူးသဖြင့် တို့​တစ်​တွေကို အသက်​ပေးတဲ့​အတွက် ကျေးဇူးတင်သင့်တယ်။ ဘုရားသခင်ကို တကယ်​ကျေးဇူးတင်​ရင် တစ်ခုခု လုပ်ပြ​ရမှာပဲ။ ဘာဖြစ်​မ​လဲ။— ဘုရားသခင့်​စကားကို နားထောင်ပြီး ကျမ်းစာမှာ ပြော​ထားတဲ့​အတိုင်း လုပ်ကြ​ရမယ်။ အဲဒီနည်းနဲ့ အရာခပ်သိမ်း ဖန်ဆင်း​တဲ့​အရှင်​ကို ချစ်​ကြောင်း​ ပြ​နိုင်ကြ​မယ်။

တို့​တစ်​တွေ​အဖို့ ဘုရားသခင် လုပ်​ပေးခဲ့တဲ့​အရာတွေ​အတွက် ကျေးဇူးတင်ကြောင်း ပြသင့်တယ်။ ဘယ်လို ပြ​မလဲ။ ဆာလံ ၁၃၉:၁၄။ ယောဟန် ၄:၂၃၊ ၂၄။ ၁ ယောဟန် ၅:၂၁။ ဗျာဒိတ် ၄:၁၁ တို့​မှာ ရေးထားတာတွေကို ဖတ်ကြည့်ပါ။