မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၄

ဘုရားသခင်မှာ နာမည် ရှိတယ်

ဘုရားသခင်မှာ နာမည် ရှိတယ်

လူတစ်ယောက်​နဲ့ ပထမဆုံး​အကြိမ် တွေ့ဆုံ​တဲ့အခါ အရင်ဆုံး ဘာ​မေးတတ်ကြသလဲ။— ဟုတ်​တယ်၊ နာမည်ကို မေး​တတ်​ကြ​တယ်။ တို့​အားလုံး​မှာ နာမည် ရှိကြ​တယ်။ ဘုရားသခင်​က ကမ္ဘာ​ပေါ်က ပထမ လူသား​ကို နာမည်​ပေးခဲ့တယ်။ သူ့ကို အာဒံ​ လို့​ခေါ်တယ်။ အာဒံရဲ့ မိန်းမ​ကို ဧဝလို့ ခေါ်တယ်။

ဒါပေမဲ့ လူတွေ​မှာ​ပဲ နာမည် ရှိကြ​တာ မဟုတ်ဘူး။ နာမည်​ရှိတဲ့ တခြား​အရာတွေကို စဉ်းစား​ကြည့်ပါ​ဦး။ ကလေးတို့​ရဲ့ ကစားစရာ​အရုပ်​ကို​ဖြစ်ဖြစ်၊ ခွေး​လေး​ကြောင်​လေး​တွေကို​ဖြစ်ဖြစ် ကလေးတို့ နာမည်​ပေး​ကြတယ် မဟုတ်လား။— ဟုတ်​ပါတယ်၊ နာမည် ရှိဖို့ သိပ်​အရေးကြီးတယ်။

ည​ဘက်မှာ မိုး​ပေါ်က ကြယ်​တွေ​ကို ကြည့်​ကြည့်လိုက်။ ကြယ်​တွေ​မှာ နာမည် ရှိတယ်လို့ ထင်သလား။— ရှိတာပေါ့။ ဘုရားသခင်​က ကောင်းကင်​ပေါ်က ကြယ်​တိုင်း​ကို နာမည်​ကိုယ်စီ ပေးထားတယ်။ “ဘုရားက ကြယ်​တွေကို ရေတွက်​ထားတယ်။ ကြယ်​တစ်လုံး​စီ​ကို နာမည်​နဲ့ ခေါ်တယ်” လို့ ကျမ်းစာမှာ ဆိုထားတယ်။—ဆာလံ ၁၄၇:၄

ကြယ်​တွေ​အားလုံး​မှာ နာမည်​ရှိတယ်ဆိုတာ သိသလား

စကြဝဠာကြီး​မှာ ဘယ်သူ​ဟာ အရေး​အကြီးဆုံး ပုဂ္ဂိုလ်​လို့ ကလေးတို့ ဆို​မ​လဲ။— ဟုတ်​တယ်၊ ဘုရားသခင်​ပဲ​ပေါ့။ ဘုရားသခင်မှာ​လည်း နာမည် ရှိမယ် ထင်သလား။— ​ရှိတယ်လို့ ယေရှု ပြောတယ်။ တစ်ခါ​က ယေရှု ဆုတောင်းတဲ့အခါ​မှာ “အဖ​ရဲ့ နာမည်ကို သိအောင် သူတို့ကို​ ကျွန်တော် ပြောပြပါ​ပြီ” လို့ ပြောခဲ့​ဖူး​တယ်။ (ယောဟန် ၁၇:၂၆) ဘုရားသခင့်​နာမည် သိသလား။— ဘုရား​ကိုယ်တိုင် ပြောပြ​ထားတယ်။ “ငါ​ဟာ ယေဟောဝါ​ပဲ။ ဒါဟာ ငါ့​နာမည်​ပဲ” တဲ့။ ဒီတော့ ဘုရားသခင်ရဲ့ နာမည်ဟာ ယေဟောဝါ ဖြစ်တယ်​ကွဲ့။—ဟေရှာယ ၄၂:၈

တခြား​လူတွေ​က ကလေးတို့​ရဲ့ နာမည်ကို မှတ်မိ​ရင် ကလေးတို့ ဘယ်လို ခံစား​ရသလဲ။— ပျော်​တယ် မဟုတ်လား။— ယေဟောဝါ​လည်း လူတွေကို သူ့​နာမည် သိစေချင်​တယ်။ ဒါကြောင့် ဘုရားသခင်​အကြောင်း ပြောတဲ့​အခါမှာ ယေဟောဝါ ဆို​တဲ့​နာမည်ကို ထည့်​သုံး​ရမယ်။ ကြီးမြတ်​တဲ့​ဆရာ​ဟာ လူတွေကို စကား​ပြောတဲ့​အခါမှာ ဘုရားသခင်​နာမည် ယေဟောဝါကို​ သုံးခဲ့တယ်။ တစ်ခါတုန်းက ‘ယေဟောဝါ​ဘုရားကို စိတ်​စွမ်း​ရှိသမျှနဲ့ ချစ်​ရမယ်’ ဆို​ပြီး ပြောခဲ့​ဖူး​တယ်။—မာကု ၁၂:၃၀

“ယေဟောဝါ” ဆို​တာ သိပ်​အရေးကြီးတဲ့ နာမည် ဖြစ်မှန်း ယေရှု သိတယ်။ ဒါကြောင့် နောက်လိုက်​တွေကို ဘုရားသခင့်​နာမည် သုံး​ဖို့ သင်ပေး​ခဲ့​တယ်။ ဆုတောင်းတဲ့အခါ​မှာ ဘုရားသခင့်​နာမည် ထည့်​သုံး​ဖို့​တောင် သင်ပေး​ခဲ့​တယ်။ ဘုရားသခင်​က ယေဟောဝါ​ဆိုတဲ့​နာမည်ကို လူအားလုံး သိစေချင်​မှန်း ယေရှု သိတယ်။

ရှေး​ရှေး​တုန်း​က အစ္စရေး​လူမျိုး မောရှေ ဆို​တဲ့​လူကို ဘုရားသခင်​က သူ့​နာမတော်​ရဲ့ အရေးပါမှု​ကို ဖော်ပြခဲ့တယ်။ အစ္စရေး​တွေ​ဟာ အီဂျစ်​ပြည်​မှာ နေထိုင်​ကြ​တယ်။ အီဂျစ်​ပြည်​မှာ နေထိုင်တဲ့ လူတွေကို အီဂျစ်လူ​မျိုး​လို့ ခေါ်တယ်။ သူတို့က အစ္စရေး​လူမျိုး​ကို ကျွန်ပြု​ကြ​တယ်။ သူတို့​ပေါ်မှာ အရမ်း​ရက်စက်​ခက်ထန်​တယ်။ မောရှေ ကြီးပြင်းလာတဲ့​အခါ သူ့​လူမျိုး​တစ်ယောက်ကို ကယ်​ဖို့ ကြိုးစား​ခဲ့​ဖူး​တယ်။ အဲဒါ​ကို သိတော့ အီဂျစ်​ရှင်ဘုရင် ဖာရော​က သိပ်​စိတ်ဆိုး​တာပေါ့။ မောရှေ​ကို သတ်ပစ်​ချင်တဲ့​အထိ​ပဲ။ ဒါနဲ့ မောရှေ​လည်း အီဂျစ်​ပြည်​က​နေ ထွက်ပြေးခဲ့​ရတယ်။

မောရှေ​ဟာ တခြား​ပြည်​ကို ရောက်​သွားတယ်။ အဲဒီ​ပြည်​ကို မိဒျန်​ပြည်​လို့ ခေါ်တယ်​ကွဲ့။ မောရှေ​ဟာ အဲဒီမှာ အိမ်​ထောင်ကျပြီး မိသားစုနဲ့ ဖြစ်လာတယ်။ သိုး​ထိန်း​တဲ့​အလုပ် လုပ်တယ်။ တစ်နေ့ တောင်​တစ်​တောင်​နား​မှာ သိုးထိန်း​နေတုန်း ထူးဆန်းတဲ့​ဖြစ်ရပ်​တစ်ခု တွေ့ကြုံရတယ်။ ချုံ​တစ်ခု​ဟာ မီးလောင်​နေ​ပေ​မဲ့ မီး​မ​ကျွမ်း​ဘူးကွဲ့။ ဒါနဲ့ မောရှေ​လည်း အနားက​ပ်​ပြီး သေသေချာချာ သွား​ကြည့်တာ​ပေါ့။

ဘာဖြစ်သလဲ၊ သိလား။— မီးလောင်​နေတဲ့ ချုံ​ပုတ်ထဲ​က​နေ အသံတစ်သံ​ကို မောရှေ ကြားရ​တယ်။ “မောရှေ၊ မောရှေ” လို့​ခေါ်နေတယ်။ ဘယ်သူ ခေါ်နေတာလဲ။— ဘုရားသခင် ခေါ်နေတာ။ ဘုရားသခင်​မှာ မောရှေ​ကို အလုပ်​ခိုင်း​စ​ရာ အများကြီး ရှိနေတယ်။ ဘုရားသခင်​က “မင်းကို ဖာရော​ဆီ ငါ​စေလွှတ်​မယ်။ ငါ့​လူမျိုး အစ္စရေးတွေကို အီဂျစ်​ပြည်​က​နေ မင်း​ခေါ်ထုတ်​လာ​ရမယ်” လို့ ပြောတယ်။ ခေါ်ထုတ်​လာနိုင်​အောင် မောရှေ​ကို ကူညီ​မယ်လို့လည်း ကတိ​ပေးတယ်။

မီးလောင်​နေတဲ့ ချုံ​ထဲ​က​နေ ဘာ​အရေးကြီးတဲ့ အကြောင်းကို မောရှေ သိခဲ့​ရသလဲ

ဒါပေမဲ့ မောရှေ​က ‘အစ္စရေးတွေဆီ သွား​ပြီး ဘုရားသခင်​က ကျွန်တော့်ကို စေလွှတ်​လိုက်တာ​လို့ ပြောတဲ့အခါ “အဲဒီ​ဘုရား​နာမည်​က ဘာလဲ” လို့ မေး​ကြ​ရင် ဘာ​ပြန်​ပြော​ရ​မ​လဲ’ ဆို​ပြီး မေးတယ်။ ဒါနဲ့ ဘုရားသခင်​က ‘ယေဟောဝါ​က ကျွန်တော့်ကို စေလွှတ်​လိုက်တာ။ ယေဟောဝါ​ဆို​တာ ထာဝစဉ် ငါ့​နာမည်​ပဲ’ ဆို​ပြီး အစ္စရေးတွေကို ပြန်​ပြော​ပါလို့ မှာ​လိုက်တယ်။ (ထွက်မြောက်ရာ ၃:၁-၁၅) ဒါကို ကြည့်ရင် ယေဟောဝါဟာ ဘုရားသခင်​ရဲ့ နာမည် အမြဲတမ်း ဖြစ်မယ့်သဘော​ပဲ။ ဘယ်တော့မှ ပြောင်း​မှာ မဟုတ်ဘူး။ ဘုရားသခင်​က ယေဟောဝါ ဆို​တဲ့​နာမည်​နဲ့ သူ့ကို လူတွေ ထာဝစဉ် သိစေချင်​တယ်။

ပင်လယ်နီ​မှာ ဘုရားသခင်​က နာမတော် ကျော်စော​အောင် ဘယ်လို လုပ်ခဲ့သလဲ

အီဂျစ်​ပြည်​ကို မောရှေ ပြန်​ရောက်တဲ့အခါ အီဂျစ်လူ​မျိုး​က ယေဟောဝါကို အစ္စရေး​လူမျိုးရဲ့ ဘုရား​ငယ်​လေး တစ်ဆူ​လောက်​ပဲ ထင်ကြ​တယ်။ တစ်​ကမ္ဘာလုံး​ရဲ့ ဘုရားသခင်​လို့ မထင်ကြဘူး။ ဒါကြောင့် ယေဟောဝါ​က ‘ငါ့​နာမ​ကို မြေတစ်ပြင်လုံး သိစေ​မယ်’ လို့ အီဂျစ်​ဘုရင်​ကို ပြော​လိုက်တယ်။ (ထွက်မြောက်ရာ ၉:၁၆) ယေဟောဝါ​က နာမတော်ကို ကမ္ဘာကျော်​အောင် တကယ်ပဲ လုပ်ဆောင်ခဲ့​တယ်။ ဘယ်လို လုပ်ခဲ့​တယ်​ဆိုတာ သိသလား။—

ဘုရားသခင်​က မောရှေ​ကို ခေါင်းဆောင် ခန့်​ပြီး အစ္စရေး​လူမျိုး​ကို အီဂျစ်​ပြည်​က​နေ ခေါ်ထုတ်​စေခဲ့တယ်။ ပင်လယ်နီ​ကို ရောက်​တော့ ယေဟောဝါ​က ပင်လယ်​ကို ဖြတ်​ကူး​ဖို့ ခြောက်သွေ့​တဲ့​လမ်း လုပ်​ပေးတယ်။ ခြောက်​နေတဲ့​လမ်းအတိုင်း အစ္စရေး​လူမျိုး ဘေးမ​သီ​ ရန်မခ ဖြတ်ကူး​ကြ​တယ်။ ဖာရောမင်း​နဲ့ စစ်သည်​အားလုံး​လည်း ခြောက်သွေ့​တဲ့ ပင်လယ်​ကြမ်းပြင်​ထဲ ဆင်း​လာပြီး​နောက် ဘေးနှစ်ဖက်မှာ ထိန်း​ထားတဲ့​ရေ​တွေ အီဂျစ်လူ​မျိုး​ပေါ် ပြိုကျ​လာလို့ အားလုံး သေ​ကုန်​ကြ​တယ်။

ပင်လယ်နီ​မှာ ယေ​ဟော​ဝါ လုပ်ခဲ့တာ​တွေကို တစ်ကမ္ဘာ​လုံး​က လူ​တွေ မကြာခင်မှာပဲ သိလာ​ကြ​တယ်။ ဘယ်လိုသိရသလဲ။— နှစ်ပေါင်း ၄၀ လောက် ကြာပြီး​တဲ့​အခါ အစ္စရေး​လူမျိုး ခါနန်​ပြည်​ကို ရောက်​လာကြတယ်။ ခါနန်ပြည်​ဆိုတာ အစ္စရေးတွေကို ပေးမယ်လို့ ယေဟောဝါ ကတိ​ပေးခဲ့တဲ့ ပြည်ပဲကွဲ့။ အဲဒီ​ပြည်​မှာ အစ္စရေး​အမျိုးသား​နှစ်ယောက်​ကို အမျိုးသမီး​လေး ရာခပ်​က ‘အီဂျစ်​ပြည်​က​နေ ရှင်​တို့ ထွက်လာ​တုန်း​က ပင်လယ်နီ​ရေ​ကို ယေဟောဝါ ဘယ်လို ခန်းခြောက်​စေခဲ့တယ်​ဆိုတာ ကျွန်မတို့ ကြား​ထားတယ်’ ဆို​ပြီး ပြောခဲ့တယ်။​—ယောရှု ၂:၁၀

ဒီ​က​နေ့ လူ​အများ​ဟာ​လည်း အဲဒီ​အီဂျစ်​တွေ​နဲ့ တူ​ကြ​တယ်။ ယေဟောဝါဟာ တစ်​ကမ္ဘာလုံး​ရဲ့ ဘုရားသခင် ဖြစ်တယ် ဆို​တာ​ကို မယုံကြည်​ကြ​ဘူး။ ဒါကြောင့် ယေဟောဝါ​က သူ့​အကြောင်း တခြား​လူတွေ ကြားသိအောင် သူ့​လူတွေ​ကို  ပြော​စေချင်တယ်။  အဲဒီအတိုင်း ယေရှု လုပ်ခဲ့​တယ်။ မြေကြီး​အသက်တာ ကုန်ဆုံးခါနီး ယေဟောဝါ​ဆီ ဆုတောင်းတဲ့အခါ “အဖ​ရဲ့ နာမည်ကို သိအောင် သူတို့ကို ကျွန်တော် ပြောပြပါ​ပြီ” ဆို​ပြီး ပြောခဲ့တယ်။—ယောဟန် ၁၇:၂၆

ယေရှု​က ဘုရားသခင့် နာမတော်ကို ကျော်စော​အောင် လုပ်ခဲ့​တယ်။ ဘုရားသခင့် နာမတော်ကို ကျမ်းစာက​နေ ပြ​နိုင်သလား

ကလေးတို့​ကော ယေရှုနဲ့ မတူ​ချင်ဘူး​လား။ တူ​ချင်​ရင် ဘုရားသခင်ရဲ့ နာမည်ဟာ ယေဟောဝါ​ ဖြစ်တယ်​ဆို​တာ တခြား​လူတွေ​ကို ပြောပြကြနော်။ အဲဒီ​နာမည်ကို မသိ​သေး​တဲ့​လူတွေ အများကြီး​ရှိတယ်ဆိုတာ တွေ့ရ​လိမ့်မယ်။ အဲဒီတော့ သူတို့ကို ဆာလံကျမ်း ၈၃:၁၈ ကို ဖွင့်ပြ​နိုင်တယ်။ အခု​ပဲ ကျမ်းစာ ယူပြီး အဲဒီ​ကျမ်းချက်ကို အတူတူ ရှာ​ဖတ်​ကြည့်ရအောင်။ “ယေဟောဝါ​လို့ နာမည်​ရှိတဲ့ ကိုယ်တော် တစ်ပါးတည်းသာ မြေတစ်ပြင်လုံးမှာ အမြင့်မြတ်ဆုံး​အရှင်ဖြစ်​မှန်း လူတွေ သိ​ကြ​ပါ​စေ” လို့​ဆို​ထားတယ်။

ဒီ​ကျမ်းချက်​ကနေ ဘာ​သိရသလဲ။— ယေဟောဝါ ဆို​တဲ့​နာမည်ဟာ အရေးကြီးဆုံး​နာမည် ဖြစ်တယ်​ဆို​တာ သိရတယ်။ အနန္တ​တန်ခိုးရှင်၊ ယေရှုရဲ့ ဖခင်၊ အရာခပ်သိမ်း ဖန်ဆင်းရှင်ရဲ့ နာမတော် ဖြစ်တယ်။ ပြီးတော့ ယေဟောဝါကို တို့​တစ်​တွေ စိတ်စွမ်းရှိသမျှနဲ့ ချစ်​ရမယ်လို့ ယေရှု ပြောခဲ့​တာ​လည်း သတိရပါ။ ကလေးတို့ ယေဟောဝါကို ချစ်သလား။—

ယေဟောဝါကို ချစ်​မှန်း ဘယ်လို ပြ​မ​လဲ။— တစ်နည်း​က​တော့ ဘုရားသခင်ကို မိတ်ဆွေ​ တစ်ဦး​လို သိကျွမ်း​ရမယ်။ နောက်​တစ်နည်း​က​တော့ တခြား​လူတွေ​ကို ဘုရား​နာမည်​အကြောင်း ပြောပြ​ရမယ်။ ဘုရား​နာမည် ယေဟောဝါ ​ဆို​တာ​ကို ကျမ်းစာ ဖွင့်​ပြီး ပြ​နိုင်​တယ်။ ယေဟောဝါ ဖန်ဆင်း​ထားတဲ့ အံ့သြစရာ​တွေ​နဲ့ လုပ်​ပေးခဲ့တဲ့ ကောင်းတဲ့ အရာတွေ​အကြောင်းကို​လည်း ပြောပြ​နိုင်တယ်။ ဒါဆိုရင် ယေဟောဝါ သိပ်​ပျော်​မှာ​ပါ။ ဘာကြောင့်လဲ​ဆို​ရင် လူတွေကို သူ့​အကြောင်း သိစေချင်​တယ်​လေ။ ယေဟောဝါ​အကြောင်း လူတွေ သိအောင် လုပ်တဲ့​နေရာမှာ တို့​တစ်​တွေ​လည်း ပါဝင်​နိုင်တယ်။ ပါဝင်​နိုင်တယ် မဟုတ်လား။—

ယေဟောဝါ​အကြောင်း ပြောတဲ့အခါ လူတိုင်း နားထောင်ချင်​မှာ မဟုတ်ဘူး။ လူ​အများ​ဟာ ကြီးမြတ်​တဲ့​ဆရာ ယေရှု ပြောတာကို​တောင် နားမထောင်​ခဲ့​ကြ​ဘူး။ ဒါပေမဲ့ ယေရှု စိတ်ပျက်ပြီး ယေဟောဝါ​အကြောင်း မပြော​တော့​ဘဲ မနေ​ခဲ့​ပါ​ဘူး။

ဒါကြောင့် ယေရှုကို အတုယူ​ကြ​ရ​အောင်။ ယေဟောဝါ​အကြောင်း ဆက်​ပြော​ကြ​ရ​အောင်။ ဒါဆိုရင် ယေဟောဝါ တို့​ကို သဘောကျ​မှာ။ နာမတော်ကို ချစ်​ကြောင်း ပြ​လို့​ပဲ​ပေါ့။

ဘုရားသခင့် နာမတော်​ရဲ့ အရေးကြီးမှုကို ဖော်ပြ​တဲ့ နောက်ထပ်​ကျမ်းချက်​တချို့ကို အတူတူ ဖတ်ပါ– ဟေရှာယ ၁၂:၄၊ ၅။ မဿဲ ၆:၉။ ယောဟန် ၁၇:၆။ ရောမ ၁၀:၁၃