မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၅

‘သူဟာ ငါ့သားပဲ’

‘သူဟာ ငါ့သားပဲ’

ကလေးတွေ ကောင်းတာ လုပ်တဲ့​အခါ အုပ်ထိန်း​သူတွေ သဘောကျ​ကြ​တယ်။ မိန်းကလေး​တစ်ယောက် တစ်ခုခုကို ကောင်းကောင်း​လေး​လုပ်ရင် သူ့​ဖေဖေ​က ‘ဒါ ကျုပ်သမီး​လေ’ ဆို​ပြီး တခြား​လူတွေ​ကို ဂုဏ်​ယူပြီး ပြော​မှာ​ပဲ။ ယောက်ျားလေး​တစ်ယောက် ကောင်းတာ လုပ်ရင် သူ့​ဖေဖေ​က ‘ဒါ ကျုပ်သား​ဗျ’ ဆို​ပြီး အားရ​ဝမ်းသာ ပြော​မိ​မှာ​ပဲ။

ယေရှုဟာ သူ့​ဖေဖေ သဘောကျ​တာ​တွေကို အမြဲ​လုပ်တယ်။ ဒါကြောင့် သူ့​ဖေဖေ​က သူ့​အတွက်​ဆို သိပ်​ဂုဏ်ယူ​တာပေါ့​ကွဲ့။ ယေရှု နောက်လိုက် သုံးယောက်​နဲ့​အတူ ရှိနေတဲ့​နေ့ တစ်နေ့​မှာ ယေရှုရဲ့ ဖေဖေ ဘာလုပ်ခဲ့​တယ်​ဆိုတာ မှတ်မိ​သေးသလား။— ဟုတ်​တယ်၊ ကောင်းကင်​ကနေ​ပြီး “သူ​ဟာ ငါ​မြတ်နိုး​တဲ့ ငါ့ရဲ့​ချစ်သား​ပဲ” ဆို​ပြီး ပြောခဲ့တယ်။—မဿဲ ၁၇:၅

ယေရှုဟာ သူ့​ဖေဖေ သဘောကျ​တာတွေကို လုပ်​ရတာ အမြဲတမ်း ပျော်တယ်ကွဲ့။ ဘာကြောင့်လဲ၊ သိသလား။ သူ့​ဖေဖေ​ကို တကယ်​ချစ်​လို့​ပေါ့။ အလုပ်​တစ်ခုကို တာဝန်​ရှိလို့​ဆို​တဲ့ စိတ်​တစ်ခုတည်း​နဲ့ လုပ်ရင် လုပ်​ရတာ ခက်​မယ်။ ဒါပေမဲ့ လိုလိုလားလား​ရှိရင်​တော့ လွယ်တယ်ကွဲ့။ လိုလို​လားလား ​ရှိတယ်ဆိုတာ ဘာကို ဆိုလိုသလဲ၊ သိသလား။— တကယ် လုပ်ချင်​စိတ် ရှိတာကို ပြောတာကွဲ့။

ယေရှုဟာ ကမ္ဘာကို မလာခင်​က​တည်း​က သူ့​ဖေဖေ ဘာ​ခိုင်း​ခိုင်း လိုလိုလားလား​နဲ့ လုပ်ဖို့ အသင့်​ရှိခဲ့တယ်။ အဲဒါ သူ့​ဖေဖေ ယေဟောဝါ​ဘုရားကို ချစ်​လို့​ပဲ​ပေါ့။ ယေရှုဟာ ကောင်းကင်ဘုံမှာ သူ့​ဖေဖေ​နဲ့​အတူ နေတုန်းက အင်မတန် ကောင်းတဲ့​ရာထူး ရခဲ့တယ်။ ဒါပေမဲ့ သူ့​ဖေဖေ​က သူ့ကို အထူး အလုပ်​တစ်ခု ခိုင်း​စ​ရာ ရှိတယ်။ ဒီ​အလုပ် လုပ်ဖို့ ကောင်းကင်ဘုံ​ကို ယေရှု စွန့်ခွာ​ရမယ်။ ကမ္ဘာ​ပေါ်မှာ ကလေး​တစ်ယောက်​အနေနဲ့ မွေး​လာ​ရမယ်။ ယေဟောဝါ လုပ်​စေ​ချင်သလိုပဲ ယေရှု​လည်း လိုလိုလားလား လုပ်ချင်​ခဲ့​တယ်။

ကောင်းကင်တမန် ဂါဗြေလ​က မာရိ​ကို ဘာတွေ ပြောခဲ့သလဲ

ကမ္ဘာ​ပေါ်မှာ ကလေး​တစ်ယောက်​အနေနဲ့ မွေး​လာဖို့ ယေရှု​မှာ အမေ လို​လာတယ်။ သူ့​အမေ ဘယ်သူ​လဲ၊ သိသလား။— သူ့​နာမည်က မာရိ​တဲ့။ ယေဟောဝါ​က ကောင်းကင်တမန် ဂါဗြေလ​ကို ကောင်းကင်​က​နေ မာရိ​ဆီ သွား​ပြော​ဖို့ လွှတ်လိုက်တယ်။ ဂါဗြေလ​က​လည်း သား​ယောက်ျားလေး ဖွားမြင်​မယ်​လို့ မာရိ​ကို ပြောပြ​တယ်။ အဲဒီ​ကလေးကို ယေရှု​လို့ နာမည်​ပေး​ရမယ်တဲ့။ ကလေးရဲ့ အဖေ​ကော ဘယ်သူ ဖြစ်​မလဲ။— ကောင်းကင်တမန်​က ယေဟောဝါ​ဘုရား ဖြစ်မယ်​လို့ ပြောတယ်။ ဒါကြောင့်​လည်း ယေရှုကို ဘုရားသားတော်​လို့ ခေါ်ရတာပေါ့။

မာရိ ဘယ်လို သဘော​ရှိတယ် ထင်သ​လဲ။— “ယေရှုရဲ့ အမေ မလုပ်ချင်ဘူး” လို့ ပြောသလား။ မပြော​ဘူးကွဲ့။ ဘုရားသခင် လုပ်​စေချင်တဲ့​အတိုင်း လုပ်ဖို့ အသင့်​ရှိခဲ့တယ်။ ဒါပေမဲ့ ကောင်းကင်ဘုံမှာ​ရှိတဲ့ ဘုရားသခင့် သားတော်​ဟာ ကမ္ဘာ​ပေါ်မှာ ကလေး​တစ်ယောက်​အဖြစ် ဘယ်လို မွေးဖွား​လာနိုင်​မ​လဲ။ ယေရှုရဲ့ မွေးဖွားခြင်း​ဟာ တခြား​ကလေး အားလုံးရဲ့ မွေးဖွားခြင်းနဲ့ ဘယ်လို ကွာခြားသလဲ။ အဲဒီ​အကြောင်း သိသလား။—

အေး၊ တို့​ရဲ့ ပထမဆုံး မိဘ​နှစ်ပါး အာဒံနဲ့ ဧဝကို အတူတူ ပေါင်းသင်း​နေထိုင်​နိုင်အောင် အံ့ဖွယ်​နည်း​နဲ့ ဘုရားသခင် ဖန်ဆင်းခဲ့​တယ်။ နောက်တော့ ကလေး​တစ်ယောက်​ဟာ သူ့​မေမေ​ရဲ့ ဗိုက်​ထဲမှာ စပြီး ကြီးထွား​လာတယ်။ ဒါကို အံ့ဖွယ်​ဖြစ်ရပ်​လို့ ပြော​ကြ​တယ်။ ကလေးတို့​လည်း သဘော​တူ​မှာပါ။

အခု ဘုရားသခင် ဒါ​ထက်​ထူးဆန်းတဲ့ အံ့ဖွယ်​တစ်ခု လုပ်လိုက်​တယ်။ ဘုရားသခင်​က သားတော်​ရဲ့ အသက်ကို မာရိ​ရဲ့ ဗိုက်​ထဲ ထည့်ပေး​လိုက်တယ်။ ဘုရားသခင်​ဟာ အဲဒီလိုမျိုး တစ်ခါ​မှ မ​လုပ်ခဲ့သလို နောက်​လည်း ဘယ်တော့မှ မ​လုပ်​တော့​ဘူး။ အဲဒီ အံ့ဖွယ်​ဖြစ်ရပ်​ကြောင့် ယေရှုဟာ မာရိ​ရဲ့ ဗိုက်​ထဲမှာ တဖြည်းဖြည်း ကြီးထွား​လာတယ်။ တခြား​ကလေးတွေ သူတို့​ မေမေရဲ့ ဗိုက်​ထဲမှာ ကြီးထွား​လာ​ကြသ​လို​ပဲ​ပေါ့။ နောက်တော့ မာရိ​နဲ့ ယောသပ် လက်ထပ်​လိုက်ကြတယ်။

ယေရှုကို ဖွားမြင်ချိန်​ရောက်​တော့ မာရိ​နဲ့ ယောသပ်​ဟာ ဧည့်သည်​အနေနဲ့ ဘက်သလီဟင်​မြို့မှာ ရောက်​နေကြ​တယ်။ ဒါပေမဲ့ တစ်မြို့​လုံး လူတွေနဲ့ ပြည့်ကျပ်​နေတယ်။ မာရိ​နဲ့ ယောသပ် တည်း​ဖို့ အခန်း​လေး တစ်ခန်း​တောင် မရှိလို့ သူတို့​ခမျာ တိရစ္ဆာန်တွေ ထားတဲ့ နေရာမှာ တည်းခို​ရတယ်။ အဲဒီမှာ​ပဲ ယေရှုကို မွေးဖွား​တယ်။ ဒီ​ပုံ​မှာ တွေ့ရတဲ့​အတိုင်း ယေရှုကို နွား​စား​ခွက်​မှာ သိပ်ထား​တယ်။ နွား​စား​ခွက်​ဆို​တာ နွား​တွေ၊ တခြား​တိရစ္ဆာန်တွေ စား​ဖို့ အစာ​ထည့်​တဲ့ ခွက်​ကို ပြောတာကွဲ့။

ယေရှုကို ဘာကြောင့် နွား​စား​ခွက်​ထဲမှာ သိပ်​ရသလဲ

ယေရှု ဖွားမြင်​တဲ့​ညမှာ စိတ်လှုပ်ရှားစရာ​တွေ ဖြစ်ခဲ့တယ်။ ဘက်သလီဟင်​မြို့​နဲ့ မ​နီး​မ​ဝေး တစ်နေ​ရာ​မှာ သိုးထိန်း​တချို့​ရှေ့ ကောင်းကင်တမန်​တစ်ပါး ပေါ်လာပြီး ယေရှုဟာ သိပ်​အရေးကြီးတဲ့​ပုဂ္ဂိုလ် ဖြစ်တဲ့​အကြောင်း ပြောပြ​တယ်။ ကောင်းကင်တမန်​က ‘လူတိုင်းကို ဝမ်းမြောက်​စေမယ့် သတင်းကောင်း ပြော​ဖို့ ကျွန်တော် ရောက်လာ​တာ။ ဒီနေ့ လူတွေကို ကယ်တင်​မယ့်​သူ မွေးဖွား​ပြီ’ လို့ ပြော​တယ်။—လုကာ ၂:၁၀၊ ၁၁

ဒီ​ကောင်းကင်တမန်တွေ​ထဲ​က တစ်ပါး​က သိုးထိန်းတွေကို ဘာသတင်းကောင်း ပြောခဲ့သလဲ

ကောင်းကင်တမန်​က ယေရှုကို ဘက်သလီဟင်​မြို့မှာ နွား​စား​ခွက်​ထဲ သိပ်​ထားတာကို တွေ့ရ​မယ်​လို့ သိုးထိန်းတွေကို ပြောပြ​တယ်။ အဲဒီ​အချိန်မှာ တခြား​ကောင်းကင်တမန်တွေ​လည်း ရုတ်တရက် ပေါ်လာပြီး စောစော​က ကောင်းကင်တမန်​နဲ့​အတူ ဘုရားသခင်ကို ချီးမွမ်း​ကြ​တယ်။ ကောင်းကင်တမန်တွေ​က “ဘုရားသခင်ကို ဂုဏ်တင်​ချီးမွမ်း​ကြ။ ကမ္ဘာ​မြေပေါ်နေထိုင်တဲ့ ဘုရား​မျက်နှာသာ​ရ​သူတွေ ငြိမ်သက်ခြင်း ရှိပါစေ” လို့ သီချင်းဆို​ကြ​တယ်။​—လုကာ ၂:၁၂-၁၄

ကောင်းကင်တမန်တွေ ပြန်သွား​ကြ​တဲ့အခါ သိုးထိန်း​တွေ ဘက်သလီဟင်​မြို့​ဘက် သွား​တော့ ယေရှုကို တွေ့ကြ​တယ်​ကွဲ့။ သူတို့ ကြားခဲ့​တဲ့ သတင်းကောင်း​အကြောင်း ယောသပ်​နဲ့ မာရိ​ကို ပြောပြ​ကြ​တယ်။ မာရိ​ခမျာ ယေရှုရဲ့ အမေ ​ဖြစ်ဖို့ လိုလိုလားလား လက်ခံခဲ့လို့ အခု ဘယ်လောက်တောင် ပျော်​နေ​မ​လဲ​ဆို​တာ တွေးမိသလား။

နောက်တော့ ယောသပ်​နဲ့ မာရိ​ဟာ ယေရှုကို နာဇရက်​မြို့​ကို ခေါ်ဆောင်သွား​တယ်။ အဲဒီမြို့မှာ​ပေါ့ ယေရှု ကြီးပြင်းလာတာ။ လူကြီး​ဖြစ်လာ​တဲ့အခါ သူ့ရဲ့ ကြီးကျယ်​တဲ့ သင်ကြားခြင်း​လုပ်ငန်းကို စ​လုပ်​တော့​တယ်။ ဒါဟာ ကမ္ဘာ​ပေါ်မှာ သားတော်ကို ယေဟောဝါ​ဘုရား လုပ်​စေချင်တဲ့ အလုပ်​ရဲ့ တစ်စိတ်တစ်ပိုင်း​ပဲ။ အဲဒီ​အလုပ်ကို ယေရှု လိုလိုလားလား​နဲ့ လုပ်ခဲ့​တယ်၊ ဘာကြောင့်​လဲ​ဆို​တော့ ကောင်းကင်ဘုံမှာ​ရှိတဲ့ သူ့​ဖေဖေ​ကို သိပ်​ချစ်လို့​ပဲ​ကွဲ့။

ကြီးမြတ်​တဲ့​ဆရာ ယေရှုဟာ အဲဒီ​အလုပ် စ​မ​လုပ်​ခင် ဂျော်ဒန်​မြစ်​မှာ နှစ်ခြင်း​ဆရာ ယောဟန်​လက်ထဲ နှစ်ခြင်းခံခဲ့တယ်။ အဲဒီ​အချိန်မှာ အံ့သြစရာ​တစ်ခု ဖြစ်ခဲ့တယ်။ ယေရှု ရေ​ထဲ​က ပေါ်ထ​လာတဲ့အခါ​မှာ ကောင်းကင်​က​နေ ယေဟောဝါ​က “သူ​ဟာ ငါ​မြတ်နိုး​တဲ့ ငါ့ရဲ့​ချစ်သား​ပဲ” ဆို​ပြီး ပြောခဲ့တယ်။ (မဿဲ ၃:၁၇) မိဘတွေက ကလေးတို့​ကို ချစ်​တယ်လို့ ပြော​ရင် ကလေးတို့ မပျော်​ဘူး​လား။— ယေရှု​လည်း ပျော်မယ်ဆိုတာ သေချာ​တယ်။

ယေရှုဟာ မှန်​တာ​တွေ အမြဲတမ်း လုပ်ဆောင်​တယ်။ မဟုတ်ဘဲ​နဲ့ ဟုတ်သလို​လို ဟန်​မ​ဆောင်​ဘူး။ ငါ​ဟာ ဘုရားသခင်​ပဲ​လို့​လည်း လူတွေကို မပြောခဲ့ဘူး။ ယေရှုဟာ ဘုရားသခင်ရဲ့ သားတော်​လို့ အခေါ်ခံရမယ်ဆို​ပြီး မာရိ​ကို ကောင်းကင်တမန် ဂါဗြေလ ပြောခဲ့တယ်။ ယေရှု​ကိုယ်တိုင်​လည်း ဘုရားသားတော် ဖြစ်တယ်လို့ ပြောခဲ့တယ်။ ပြီးတော့ သူ့​ဖေဖေ​ထက် ပို​သိတယ်လို့ လူတွေကို မပြောခဲ့ဘူး။ “အဖ​ဘုရားက ကျွန်တော့်​ထက် ပို​ကြီး​မြတ်​တယ်” လို့​ပြောခဲ့တယ်။—ယောဟန် ၁၄:၂၈

ကောင်းကင်ဘုံမှာ ရှိ​ကတည်းက ယေရှုဟာ သူ့​ဖေဖေ ခိုင်း​တဲ့​အတိုင်း အကုန်​လုပ်ခဲ့​တယ်။ လုပ်မယ် ပြော​ပြီး မဆိုင်တဲ့​အလုပ်တွေ မ​လုပ်​ဘူး။ ယေရှု​က သူ့​ဖေဖေ​ကို ချစ်​တယ်။ ဒါကြောင့် သူ့​ဖေဖေ ပြော​စကားကို နားထောင်​ခဲ့​တယ်။ နောက်ပိုင်း ကမ္ဘာ​ပေါ် ရောက်လာတဲ့​အခါ​မှာ​လည်း ကောင်းကင်ဘုံစံ ဖခင် ​ခိုင်း​တဲ့​အလုပ်တွေကို လုပ်ခဲ့​တယ်။ မဆိုင်တဲ့​အလုပ်တွေနဲ့ အချိန် မ​ဖြုန်း​ခဲ့​ဘူး။ သားတော်ကို ယေဟောဝါ သဘောကျ​တာ အဲဒါကြောင့်ပဲကွဲ့။

တို့​တစ်​တွေ​လည်း ယေဟောဝါ သဘောကျ​အောင် လုပ်ချင်​တယ် မဟုတ်လား။— အဲဒီတော့ ယေရှု​လို​ပဲ ဘုရားသခင်ရဲ့​စကားကို တကယ် နားထောင်​တယ်​ဆိုတာ ပြ​ရမယ်။ ဘုရားသခင်​ဟာ ကျမ်းစာက​တစ်ဆင့် တို့​တစ်​တွေ​နဲ့ စကား​ပြောတယ်။ ဘုရားသခင့်​စကား နားထောင်​ဟန်ဆောင်​ပြီး ကျမ်းစာနဲ့ ဆန့်ကျင်​တဲ့​အရာတွေကို ယုံကြည်​မယ်၊ လုပ်မယ်ဆိုရင် သင့်တော်မှာ မဟုတ်ဘူး။ ဟုတ်​တယ် မဟုတ်လား။— ယေဟောဝါ​ဘုရားကို ​တကယ်​ချစ်​ရင် ဘုရား​အကြိုက် လုပ်ချင်​မယ်​​ဆိုတာ သတိရပါ။

ယေရှုနဲ့​ပတ်သက်ပြီး ဘာတွေ သိဖို့ လိုတယ်၊ ဘာတွေ ယုံကြည်ဖို့ လို​တယ်​ဆိုတာ ဖော်ပြ​တဲ့ ဒီ​ကျမ်းချက်တွေကို ဖတ်ပါ– မဿဲ ၇:၂၁-၂၃။ ယောဟန် ၄:၂၅၊ ၂၆။ ၁ တိမောသေ ၂:၅၊ ၆