မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၁၃

ယေရှုရဲ့တပည့် ဖြစ်လာသူတွေ

ယေရှုရဲ့တပည့် ဖြစ်လာသူတွေ

သူ ဘယ်သူ​လဲ။ ယေရှုရဲ့​တပည့် ဘယ်လို ဖြစ်လာသလဲ

အသက်​ရှင်ခဲ့သမျှမှာ ဘယ်သူဟာ ဘုရားသခင်ရဲ့ အကောင်းဆုံး အစေခံကျွန် ဖြစ်သလဲ။— မှန်တယ်၊ ယေရှု​ခရစ်ပဲ။ တို့တစ်တွေ​ကော ယေရှုနဲ့ တူနိုင်မယ် ထင်သလား။— ဒါ​ပေါ့၊ ယေရှုဟာ တို့တစ်တွေ လိုက်လျှောက်ဖို့ စံနမူနာ ထားခဲ့တယ်လို့ ကျမ်းစာက ဆိုထားတယ်။ ပြီးတော့ သူ့​တပည့် ဖြစ်လာဖို့​လည်း ဖိတ်ခေါ်​ထားတယ်။

ယေရှု​တပည့် ဖြစ်တယ်ဆိုတာ ဘာ​အဓိပ္ပာယ်​လဲ သိသလား။— အဓိပ္ပာယ်​အမျိုးမျိုး ရှိတယ်။ ပထမ​အနေနဲ့ ယေရှု​ဆီက နည်းခံသင်ယူ​ရမယ်။ ဒါ​တင်​မ​က​သေး​ဘူး။ ယေရှု ပြောတာတွေကို တကယ် ယုံကြည်​ရမယ်။ ယုံကြည်​ရင် သူ​ခိုင်းတာကို တို့တစ်တွေ လုပ်ကြ​ရမယ်။

ယေရှုကို ယုံကြည်တယ်​လို့ လူ​အတော်များများ ပြော​ကြတယ်။ သူတို့​အားလုံး ယေရှုရဲ့​တပည့် အစစ်​တွေ​လား။— အများအားဖြင့် မဟုတ်​ကြဘူး။ ဘုရားကျောင်း သွား​ချင်​သွားမယ်။ ဒါပေမဲ့ အများစုက​တော့ ယေရှု သင်​ပေးခဲ့တာကို မ​လေ့လာ၊ မသင်ယူ​ကြဘူး။ တကယ်တော့ ယေရှုရဲ့ စံနမူနာကို လိုက်လျှောက်​သူတွေသာ ယေရှု​တပည့် ဖြစ်ကြတယ်။

ယေရှု ကမ္ဘာပေါ် လူသား​တစ်ဦး​အနေနဲ့ ရှိ​စဉ်​က ယေရှု​တပည့် ဖြစ်ခဲ့​သူတချို့​အကြောင်း ပြောကြရအောင်။ ယေရှုရဲ့ ဦးဆုံး​တပည့် ဖြစ်လာ​သူ တစ်ယောက်ကတော့ ဖိလိပ္ပု​ပါ။ ဖိလိပ္ပုဟာ ပုံ​မှာ သစ်ပင်​အောက် ထိုင်​နေတဲ့ မိတ်ဆွေ (ဗာသော​လမဲ လို့ခေါ်တဲ့) နာသနေလ​ကို သွား​ရှာတယ်။ နာသနေလ လာတဲ့အခါ ယေရှု​က ‘သူဟာ လှည့်စားခြင်း ကင်းတဲ့သူ၊ အစ္စရေး​ပီသတဲ့​သူပဲ’ လို့​ပြောတယ်။ နာသနေလ​က တအံ့တသြ​နဲ့ ‘ကျွန်တော့်ကို ဘယ်လို သိတာလဲ’ လို့ မေးတယ်။

တပည့်​ဖြစ်ဖို့ ဘယ်သူတွေကို ယေရှု ဖိတ်ခေါ်​နေသလဲ

“ဖိလိပ္ပု မ​ခေါ်​ခင်​တုန်း​က သဖန်းပင်​အောက်မှာ ခင်ဗျား ရှိနေတာ ကျွန်တော် မြင်တယ်” ဆိုပြီး ယေရှု ပြောတယ်။ သူ ဘယ်မှာ​ရှိခဲ့​မှန်း ယေရှု အတိအကျ သိနေလို့ နာသနေလ သိပ်​အံ့သြ​သွားပြီး “ရဗ္ဗိ၊ ရဗ္ဗိ​ဟာ ဘုရားသခင်ရဲ့သား၊ အစ္စရေး​ဘုရင်​ပဲ” ဆိုပြီး ပြော​လိုက်တယ်။—ယောဟန် ၁:၄၉

ယုဒရှကာရုတ်၊ ယုဒ (သဒ္ဒဲ​လို့​လည်း​ခေါ်)၊ ရှိမုန်

ဖိလိပ္ပု​နဲ့ နာသနေလတို့ မတိုင်ခင်​မှာ ယေရှု​တပည့် ဖြစ်လာ​သူတွေ ရှိတယ်။ သူတို့ကတော့ ပေတရုနဲ့ သူ့ညီ အန္ဒြေ၊ ယာကုပ်နဲ့ သူ့ညီ ယောဟန်တို့ ဖြစ်ကြတယ်။ (ယောဟန် ၁:၃၅-၅၁) ဒါပေမဲ့ မကြာခင် ဒီ​လေးယောက်​ဟာ သူတို့ရဲ့ ငါးဖမ်း​လုပ်ငန်းကို ပြန်​လုပ်ကြတယ်။ တစ်နေ့​ ဂါလိလဲ​အိုင်​ကမ်း​စပ်​မှာ ယေရှု လမ်းလျှောက်​နေတုန်း ပေတရုနဲ့ အန္ဒြေတို့ ပိုက်ကွန်​ချ​နေတာကို မြင်​လိုက်တယ်။ ယေရှု​က “ကျွန်တော့်​နောက်ကို လိုက်ခဲ့ပါ” ဆိုပြီး သူတို့ကို ခေါ်တယ်။

ယာကုပ် (အာလဖဲရဲ့သား)၊ သောမ၊ မဿဲ

ရှေ့ကို နည်းနည်း​ဆက်သွား​တော့ ယာကုပ်နဲ့ ယောဟန်​ကို တွေ့တယ်။ သူတို့​အဖေနဲ့​အတူ လှေပေါ်​မှာ ပိုက်ကွန် ပြင်​နေကြ​တယ်။ သူတို့ကိုလည်း သူ့​နောက်လိုက်ဖို့ ခေါ်တယ်။ တကယ်လို့ ယေရှု​က ကလေးတို့ကို အဲဒီလို​ခေါ်​ရင် ဘယ်လို လုပ်မလဲ။ ယေရှု​နောက်ကို ချက်ချင်း လိုက်သွား​မလား။— ယေရှု ဘယ်သူ ဖြစ်မှန်း သူတို့ သိကြတယ်​လေ။ ဘုရား စေလွှတ်​လိုက်​သူ ဖြစ်မှန်း သိကြတယ်။ ဒါကြောင့်​မို့ ငါးဖမ်း​လုပ်ငန်းကို ထားရစ်​ပြီး ချက်ချင်း ယေရှု​နောက်ကို လိုက်သွား​ကြတာပေါ့။—မဿဲ ၄:၁၈-၂၂

နာသနေလ၊ ဖိလိပ္ပု၊ ယောဟန်

သူတို့ ယေရှု​နောက်လိုက် ဖြစ်လာပြီး​နောက် အမြဲ မှန်တာ​ချည်း​ပဲ လုပ်ကြတယ်​လို့ ဆိုလိုသလား။— မဟုတ်ဘူး။ သူတို့​ထဲမှာ ဘယ်သူ အကြီးမြတ်ဆုံးလဲ​ဆိုပြီး အငြင်းပွား​ခဲ့​ကြ​တာ သတိရ​မှာ​ပေါ့။ ဒါပေမဲ့ ယေရှုရဲ့ စကားကို နားထောင်ပြီး ပြုပြင်​ပြောင်းလဲခဲ့ကြ​တယ်။ တို့တစ်​တွေ​လည်း ပြုပြင်​ပြောင်းလဲ​ချင်စိတ် ရှိမယ်ဆိုရင် ယေရှုရဲ့​တပည့် ဖြစ်နိုင်တာပဲ။

ယာကုပ် (ယောဟန်ရဲ့ အစ်ကို)၊ အန္ဒြေ၊ ပေတရု

ယေရှု​က မိမိ​တပည့်​ဖြစ်ဖို့ လူအမျိုးမျိုးကို ဖိတ်ခေါ်တယ်။ တစ်ခေါက်​ကျတော့ ချမ်းသာတဲ့ အရာရှိ​လေး​တစ်ယောက် ယေရှု​ဆီ လာပြီး ထာဝရ​အသက် ရဖို့ ဘာလုပ်ရမလဲ​လို့ မေးတယ်။ ငယ်ငယ်​ကတည်းက ဘုရား​ပညတ်​တွေကို လိုက်နာ​ခဲ့​ပါပြီ​လို့ ပြောတော့ ယေရှု​က “ကျွန်တော့်​နောက်လိုက် လုပ်ပါ” လို့ ဖိတ်ခေါ်​လိုက်တယ်။ ဘာ​ဆက်ဖြစ်သလဲ သိသလား။—

ယေရှု​တပည့် ဖြစ်တယ်ဆိုတာ ချမ်းသာ​ကြွယ်ဝတာထက် ပို​အရေးကြီး​မှန်း အဲဒီ​အရာရှိ သိလိုက်​ရတဲ့အခါ တအား​ဝမ်းနည်း​သွားတယ်။ သူဟာ ဘုရားသခင်​ထက် ငွေကို ပို​ချစ်လို့ ယေရှုရဲ့​တပည့် ဖြစ်မလာ​ဘူး​လေ။—လုကာ ၁၈:၁၈-၂၅

တစ်နှစ်​ခွဲ​လောက် ဟောပြော​ပြီးနောက် တပည့် ၁၂ ယောက်​ကို တမန်တော်များ​အဖြစ် ယေရှု ရွေးချယ်​လိုက်တယ်။ တမန်တော်​ဆိုတာ အထူး​လုပ်ငန်း ထမ်းဆောင်ဖို့ စေလွှတ်​ခံရတဲ့ အမျိုးသားတွေကို ပြောတာ။ သူတို့ရဲ့​နာမည်ကို သိသလား။— ကြည့်ရအောင်။ သူတို့​ပုံကို ကြည့်ပြီး နာမည်​တွေ ပြောနိုင်မလား။ ပြီးတော့ သူတို့​နာမည်ကို အလွတ်ပြော​ပြပါ​လား။

ယေရှု ဟောပြောဖို့ သွားတဲ့အခါ လိုက်ပါ​ကူညီ​ပေးတဲ့ ဒီ​အမျိုးသမီးတွေ​က ဘယ်သူတွေလဲ

နောက်တော့ တမန်တော် ၁၂ ယောက်​ထဲ​က တစ်ယောက် လူဆိုး ဖြစ်သွားတယ်။ ယုဒ​ရှကာရုတ် ပဲ​ပေါ့။ ပြီးတဲ့နောက် တပည့်​တစ်ယောက်ကို တမန်တော်​အဖြစ် ရွေးချယ်​လိုက်ရတယ်။ သူ့​နာမည်​သိသလား။— မ​ဿိ​ပဲ။ နောက်ပိုင်းမှာ ပေါလုနဲ့ ဗာနဗတို့လည်း တမန်တော်တွေ ဖြစ်လာ​ပေမဲ့ ၁၂ ယောက်​အဝင်​တော့ မဟုတ်​ကြဘူး။—တမန်တော် ၁:၂၃-၂၆။ ၁၄:၁၄

ဒီ​စာအုပ် အခန်း ၁ မှာ သိခဲ့ရတဲ့​အတိုင်း ယေရှု​က ကလေးတွေကို စိတ်ဝင်စားတယ်။ ဘာဖြစ်လို့လဲ။— ကလေးတွေလည်း သူ့​တပည့် ဖြစ်လာနိုင်မှန်း သိလို့ပေါ့။ တကယ်တော့ ကလေးတွေဟာ လူကြီးတွေ နားထောင်ချင်​အောင်၊ ကြီးမြတ်တဲ့​ဆရာ​အကြောင်း ပိုပြီး သင်ယူ​ချင်​အောင် ပြောတတ်​ကြတယ်ကွဲ့။

အမျိုးသမီး အတော်များများလည်း ယေရှု​ရဲ့ တပည့်​တွေ ဖြစ်လာကြတယ်။ တချို့က တခြား​မြို့ရွာ​တွေကို ယေရှု သွား​ဟောပြောတဲ့​အခါ လိုက်သွား​ကြတယ်။ မာဂဒလ မာရိ၊ ယောဟန္န၊ ရှုရှန္န​တို့​လည်း ပါတယ်။ ယေရှု​အတွက် စားဖို့​သောက်ဖို့ ပြင်ဆင်​တာ၊ အဝတ်အစား လျှော်ဖွပ်တာ​တို့ လုပ်ပေးကြမှာပဲ။—လုကာ ၈:၁-၃

ကလေးတို့​ကော ယေရှုရဲ့​တပည့် ဖြစ်ချင်ကြသလား။— ယေရှု​တပည့်​ပါလို့ ပြောရုံနဲ့ တပည့်ဖြစ်​မလာ​ဘူးဆို​တာ မှတ်ထား​ရမယ်။ ဘယ်​နေရာ ရောက်ရောက် ယေရှုရဲ့ တပည့်​တစ်ယောက်လို ပြုမူ​ရမယ်။ ခရစ်ယာန် အစည်းအဝေးတွေ တက်ချိန်လောက်​ပဲ မဟုတ်ဘူး။ ယေရှုရဲ့​တပည့်​လို ပြုမူ​ရမယ့် နေရာတွေကို စဉ်းစားမိသလား။—

ဟုတ်တယ်၊ အိမ်မှာ။ နောက်​တစ်​နေရာ​ကတော့ ကျောင်းမှာ​ပဲ။ တို့တစ်တွေ​အားလုံး မမေ့​ရမယ့် အချက်ကတော့ ယေရှုရဲ့​တပည့်စစ် ဖြစ်ဖို့ဆိုရင် ဘယ်​နေရာမှာ​ရှိ​ရှိ အမြဲတမ်း ယေရှု​လို​ပဲ ပြုမူ​နေထိုင်​ရမယ်ကွဲ့။

ဘယ်​နေရာမှာ ယေရှုရဲ့ တပည့်​တစ်ယောက်လို ပြုမူ​ရမလဲ

ယေရှု​တပည့်​တွေ​အကြောင်း ကျမ်းစာ ဘာ​ပြောသလဲ​ဆိုတာ မဿဲ ၂၈:၁၉၊ ၂၀။ လုကာ ၆:၁၃-၁၆။ ယောဟန် ၈:၃၁၊ ၃၂။ ၁ ပေတရု ၂:၂၁ တို့မှာ အခုပဲ အတူတူ ဖတ်ကြမယ်။