မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၁၄

ခွင့်လွှတ်သင့်တဲ့ အကြောင်းရင်း

ခွင့်လွှတ်သင့်တဲ့ အကြောင်းရင်း

တစ်ယောက်ယောက်​က ကလေးတို့​အပေါ် အမှား​လုပ်ဖူးသလား။— ထိခိုက်​နစ်နာ​အောင် လုပ်ဖူးသလား။ မညှာမတာ ပြောဖူးသလား။— ကိုယ့်​အပေါ် မကောင်း​ခဲ့​တဲ့​သူကို မကြင်မနာ လက်တုံ့ပြန်သင့်သလား။—

လူအများ​က ကိုယ့်ကို ထိခိုက်​နစ်နာ​အောင် လုပ်တဲ့​သူကို လက်တုံ့ပြန်​တတ်ကြတယ်။ ကြီးမြတ်တဲ့​ဆရာက​တော့ ကိုယ့်​အပေါ် ပြစ်မှားတဲ့​သူကို ခွင့်လွှတ်​ရမယ်လို့ သင်ပေးခဲ့တယ်။ (မဿဲ ၆:၁၂) လူတစ်ယောက်က တို့ကို ခဏခဏ မကြင်မနာ လုပ်ရင်​ကော။ ဘယ်နှစ်ကြိမ် ခွင့်လွှတ်သင့်သလဲ။—

ဒါကိုပဲ ပေတရု သိချင်​နေတာ။ ဒါကြောင့် တစ်နေ့မှာ သူက ‘ဘယ်နှစ်ကြိမ် ခွင့်လွှတ်​ရမလဲ။ ခုနစ်ကြိမ်​လား’ လို့ ယေရှုကို မေးတယ်။ ဒါပေမဲ့ ယေရှု​က ခုနစ်ကြိမ်​နဲ့ မလုံလောက်​ဘူး။ ‘၇၇ ကြိမ်​အထိ ခွင့်လွှတ်​ရမယ်’ လို့ ပြောတယ်။ လူတစ်ယောက်က ကိုယ့်ကို အဲဒီလောက် အကြိမ်များများ ပြစ်မှားခဲ့ရင်ပေါ့။

ခွင့်လွှတ်ခြင်းနဲ့​ပတ်သက်ပြီး ပေတရု ဘာကို သိချင်သလဲ

အကြိမ်ရေ မနည်း​ဘူး​နော်။ တို့​အပေါ် လူတစ်ယောက် အကြိမ်ကြိမ် အခါခါ ပြစ်မှားတာ၊ စိတ်ဆိုး​အောင် လုပ်တာကို မှတ်​တောင်​မှတ်မိ​မှာ မဟုတ်ဘူး၊ မှတ်မိ​နိုင်​ပါ့မလား။ ယေရှု ပြောချင်တာ​က တို့တစ်တွေ​အပေါ် သူများ လုပ်မိတဲ့​အမှား​ကို အကြိမ်ရေ မှတ်မထား​ရ​ဘူးဆို​တာ​ပဲ။ ခွင့်လွှတ်ပါလို့ တောင်းပန်​လာ​ရင် ခွင့်လွှတ်ရမှာပေါ့။

ယေရှု​က ခွင့်လွှတ်ဖို့ ဘယ်လောက် အရေးကြီးတယ်ဆိုတာ တပည့်​တွေကို ပြောပြချင်​တယ်။ ဒါကြောင့် ပေတရု မေး​တာ​ကို ဖြေပြီးတဲ့​နောက် တပည့်​တွေကို ပုံပြင်​တစ်ပုဒ် ပြောပြတယ်။ နားထောင်ချင်​ကြသလား။—

တစ်ခါတုန်းက ဘုရင်​တစ်ပါး ရှိတယ်။ သိပ်သနား​ကြင်နာ​တတ်တဲ့ မင်းကောင်း​တစ်ပါး​ပေါ့။ အမှုထမ်းတွေ ငွေရေးကြေးရေး အကူအညီ လို​တဲ့အခါ ချေးပေး​တတ်တယ်။ တစ်နေ့ကျတော့ ဘုရင်ကြီး​က ချေးထားတဲ့​ငွေတွေကို ပြန်ဆပ်​စေချင်တယ်။ ဒါနဲ့ ငွေသန်းပေါင်း ၆၀ အကြွေး​တင်တဲ့ အမှုထမ်း​တစ်ယောက်ကို ခေါ်လာ​ကြတယ်။ နည်းနည်း​နောနော​ ငွေတွေ မဟုတ်ဘူး​နော်။

အကြွေး​ဆပ်ဖို့ အချိန် နည်းနည်း ဆိုင်း​ပေးပါလို့ ဘုရင်ကြီး​ကို တောင်းပန်တဲ့​အခါ ဘာတွေ ဖြစ်သလဲ

ဒါပေမဲ့ အဲဒီ​အမှုထမ်း​က ဘုရင်ကြီးရဲ့ ငွေ​အားလုံးကို သုံးဖြုန်း​လိုက်လို့ ပြန်မဆပ်​နိုင်ဘူး။ ဒါကြောင့် သူ့ကို ရောင်းဖို့ ဘုရင်ကြီး အမိန့်ချ​လိုက်တယ်။ သူ့သားမယား​နဲ့ ပိုင်ဆိုင်သမျှကို​ပါ ရောင်း​ပစ်ရ​မယ်​တဲ့။ ပြီးတော့ ရောင်း​လို့​ရတဲ့​ငွေနဲ့ ဘုရင်ကြီး​ကို ပြန်ဆပ်​ရမယ်တဲ့။ သူ ဘယ်လို​ခံစားရ​မယ် ထင်သလဲ။—

အမှုထမ်း​က ပျပ်ဝပ်ပြီး ဘုရင်ကြီး​ကို အသနားခံ​တာပေါ့။ ‘ကျွန်တော့်ကို အချိန် နည်းနည်း ပေးပါဦး။ အကြွေး​အားလုံး ပြန်ဆပ်​ပါ့​မယ်’ တဲ့။ ကလေးတို့သာ ဘုရင်ကြီး​ဆိုရင် အဲဒီ​အမှုထမ်း​ကို ဘယ်လို လုပ်မလဲ။— ဘုရင်ကြီး သနား​သွားတယ်။ ဒါနဲ့ သူ့ကို ခွင့်လွှတ်​လိုက်တယ်။ ငွေသန်းပေါင်း ၆၀ ကို တစ်ပြား​မှ ပြန်ဆပ်​စ​ရာ မလို​တော့​ဘူးလို့ ပြောတယ်။ အဲဒီ​အမှုထမ်း ဘယ်လောက်တောင် ပျော်လိုက်မလဲ​နော်။

ဒါပေမဲ့ အဲဒီ​အမှုထမ်း ဘာ​လုပ်သလဲ။ သူ့ကို ငွေ​တစ်​ရာ​လေး အကြွေး​တင်တဲ့ အမှုထမ်း နောက်​တစ်ယောက်ကို သွား​တွေ့တယ်။ အဲဒီ​လူကို ဖမ်းဆွဲ၊ လည်ပင်း ညှစ်​ပြီး ‘ငါ့​အကြွေး​ကို ပြန်ဆပ်​စမ်း’ လို့​ပြောတယ်။ ဘုရင်ရဲ့ ခွင့်လွှတ်မှု အများကြီး ရထားတာ​တောင် ဒီလိုလုပ်​တဲ့ လူစားမျိုး​ကို မြင်ယောင်​ကြည့်ပါ​ဦး။—

ဒီ​အမှုထမ်း​ဟာ အကြွေး မဆပ်နိုင်​တဲ့ အပေါင်းအသင်း အမှုထမ်း​ကို ဘယ်လို ဆက်ဆံသလဲ

ငွေ​တစ်​ရာ​ပဲ အကြွေး​တင်တဲ့​အမှုထမ်း​ဟာ ဆင်းရဲ​တယ်။ အကြွေး​ကို ချက်ချင်း ပြန်မဆပ်​နိုင်​ရှာ​ဘူး။ ဒါနဲ့ ကြွေးရှင်​ရဲ့ ခြေရင်းမှာ ဒူးထောက်ပြီး ‘ကျွန်တော့်ကို အချိန်​ပေးပါဦး။ အကြွေး ပြန်ဆပ်​ပါ့​မယ်’ ဆိုပြီး တောင်းပန်​ရှာတယ်။ အဲဒီ​လူဟာ သူ့​အပေါင်းအသင်း အမှုထမ်း​ကို အချိန် ပိုမပေး​သင့်ဘူး​လား။— ကလေးတို့သာ​ဆိုရင် ဘာလုပ်မလဲ။—

ဒီ​လူဟာ ဘုရင်ကြီး​လို မကြင်နာ​ဘူးကွဲ့။ ငွေကို ချက်ချင်း ပြန်​လိုချင်​တယ်။ သူ့​အပေါင်းအသင်း အမှုထမ်း​က ချက်ချင်း မဆပ်နိုင်​တာ​နဲ့ ထောင်ချ​လိုက်တယ်။ ဒါကို တခြား​အမှုထမ်းတွေ မြင်​တော့ မကြိုက်ကြဘူး​ပေါ့။ ထောင်ချ​ခံရတဲ့ အမှုထမ်း​ကို သနားကြတယ်။ ဒါနဲ့ ဘုရင်ကြီး​ဆီ သွားပြီး အကြောင်းစုံ ကြားလျှောက်ကြ​တယ်။

ဘုရင်ကြီး​လည်း ဒါကို မကြိုက်​ဘူးကွဲ့။ ခွင့်မလွှတ်တဲ့ အမှုထမ်း​ကို အကြီးအကျယ် ဒေါသ​ထွက်ပါလေရော။ ဒါနဲ့ အဲဒီ​အမှုထမ်း​ကို ခေါ်ပြီး ‘ကျွန်ဆိုး၊ မင်း အသနားခံ​လို့ အကြွေး​ရှိသမျှကို ငါ​ပြန်မဆပ်​ခိုင်း​တာ။ မင်းကို ငါသနားသလို ကိုယ့်​အမှုထမ်း အချင်းချင်း မသနားသင့်​ဘူး​လား’ ဆိုပြီး ပြောတယ်။

ခွင့်မလွှတ်တဲ့ အမှုထမ်း​ကို ဘုရင်ကြီး ဘယ်လို လုပ်သလဲ

တကယ်​ဆိုရင် ခွင့်မလွှတ်တဲ့ အမှုထမ်း​ဟာ သဘော​ကောင်းတဲ့ ဘုရင်ကြီး​ဆီက သင်ယူသင့်တယ်။ ခု​တော့ ဘယ်​ဟုတ်​မလဲ။ ဒါကြောင့် ဘုရင်ကြီး​က ငွေသန်း ၆၀ ကို မဆပ်နိုင်​မချင်း အဲဒီ​အမှုထမ်း​ကို ထောင်ချ​လိုက်တယ်။ ထောင်​ထဲမှာ​ဆိုတော့ ဘုရင်ကို ပြန်ဆပ်ဖို့ ဘယ်လိုမှ ငွေရှာ​နိုင်မှာ မဟုတ်ဘူး။ ဒီတော့ သေတဲ့အထိ ထောင်​ထဲမှာ နေ​ရတော့မှာပေါ့။

ဒီ​ပုံပြင်​ကို ပြော​ပြီးတဲ့နောက် ယေရှု​က သူ့​နောက်လိုက်​တွေကို “အလားတူပဲ၊ ခင်ဗျားတို့​က ကိုယ့်ညီအစ်ကို​ကို ကြည်ကြည်ဖြူဖြူ ခွင့်မလွှတ်​ဘူးဆိုရင် ကောင်းကင်​အဖ​က​လည်း ခင်ဗျားတို့ကို ခွင့်လွှတ်မှာ မဟုတ်ဘူး” လို့​ပြောတယ်။—မဿဲ ၁၈:၂၁-၃၅

တို့အားလုံး​လည်း ဘုရားသခင်​ဆီမှာ ကြွေး​အများကြီး တင်​နေတယ်​ဆိုတာ နားလည်ဖို့ လိုတယ်။ တို့တစ်တွေရဲ့​အသက်ကို ဘုရားသခင် ပေးထား​တာ။ ဒါကြောင့် ဘုရား​အပေါ် တင်တဲ့​ကြွေး​နဲ့ နှိုင်းယှဉ်​လိုက်ရင် တို့တစ်တွေ​အပေါ် သူတစ်ပါး​တင်တဲ့ ကြွေး​ဟာ ဘာမှ မဟုတ်ဘူး။ တို့တစ်တွေ​အပေါ် သူတို့​တင်တဲ့​အကြွေးဟာ ဒုတိယ​အမှုထမ်း​က ပထမ​အမှုထမ်း​ကို ဆ​ပ်​ရမယ့် ငွေ​တစ်​ရာ​နဲ့ တူတယ်။ တို့တစ်တွေ အမှား​လုပ်မိ​လို့ ဘုရား​အပေါ် တင်​နေတဲ့​အကြွေးဟာ ဘုရင်ကြီးပေါ် ပထမ​အမှုထမ်း တင်တဲ့ ငွေသန်း ၆၀ နဲ့​တူတယ်။

ဘုရားသခင်ဟာ သိပ်သနား​ကြင်နာ​တတ်တယ်။ တို့တစ်တွေ အမှား​လုပ်​ပေမဲ့ ခွင့်လွှတ်တယ်။ အကြွေး​ပြန်ဆပ်​ခိုင်းတဲ့​အနေနဲ့ တို့ရဲ့ အသက်ကို သိမ်းယူ​မှာ မဟုတ်ဘူး။ မှတ်ထား​ရမယ့် သင်ခန်းစာ​ကတော့ တို့တစ်တွေ​အပေါ် အမှား​လုပ်တဲ့​လူတွေကို ခွင့်လွှတ်​မှ ဘုရားကလည်း တို့တစ်တွေကို ခွင့်လွှတ်​မယ် ဆိုတာပဲ။ ဒါဟာ အရေးကြီးတဲ့ သင်ခန်းစာပဲ မဟုတ်ဘူး​လား။—

ခွင့်လွှတ်ပါလို့ တောင်းပန်​လာ​ရင် ကလေးတို့ ဘာလုပ်မလဲ

ဒါကြောင့် တစ်ယောက်ယောက်​က ကလေးတို့ကို မကြင်မနာ ပြော​မိ​လုပ်မိပြီး​နောက် ပြန်​တောင်းပန်​ရင် ဘာလုပ်မလဲ။ သူ့ကို ခွင့်လွှတ်​မလား။— ခဏခဏ ဖြစ်နေရင်​ကော။ ဆက်ပြီး ခွင့်လွှတ်​နေ​ဦး​မလား။—

ကိုယ်က တောင်းပန်​ရတဲ့​သူ ဖြစ်ရင် ကိုယ့်ကို ခွင့်လွှတ်​စေချင်တယ် မဟုတ်လား။— အဲဒီလိုပဲ သူများ​ကိုလည်း ခွင့်လွှတ်ရမှာပေါ့။ ခွင့်လွှတ်ပါတယ်လို့ ပြော​ရုံ​ပဲ မဟုတ်ဘူး၊ ရင်ထဲ​ကနေ ကြည်ကြည်ဖြူဖြူ ခွင့်လွှတ်​ရမယ်။ ဒါမှ ကြီးမြတ်တဲ့​ဆရာရဲ့ နောက်လိုက် တကယ်​ဖြစ်ချင်​မှန်း ပြရာ​ရောက်တယ်။

ခွင့်လွှတ်ဖို့ အရေးကြီးကြောင်း​ကို နားလည်ဖို့ ပညာအလိမ္မာ ၁၉:၁၁။ မဿဲ ၆:၁၄၊ ၁၅။ လုကာ ၁၇:၃၊ ၄ တို့ကိုလည်း ဖတ်ကြည့်ပါ။