အခန်း ၁၆
ဘာက တကယ် အရေးကြီးသလဲ
တစ်နေ့၊ ယေရှုဆီကို လူတစ်ယောက် ရောက်လာတယ်။ ယေရှု အင်မတန် ပညာရှိမှန်း သိထားလို့ ‘ဆရာ၊ ကျွန်တော့်ကို အမွေခွဲပေးဖို့ ကျွန်တော့်အစ်ကိုကို ပြောပေးပါ’ ဆိုပြီး ပြောတယ်။ ဒီလူက အစ်ကိုရဲ့ ဥစ္စာတွေတချို့ကို ရသင့်တယ်လို့ ထင်နေတယ်လေ။
ကလေးတို့သာ ယေရှု ဖြစ်မယ်ဆိုရင် ဘာပြောလိုက်မလဲ။— ဒီလူမှာ ပြဿနာ ရှိနေမှန်း ယေရှု သိတယ်။ အစ်ကိုဆီက ဥစ္စာပစ္စည်းကို လိုအပ်နေလို့ မဟုတ်ဘူး။ အဲဒီလူရဲ့ ပြဿနာက ဘဝမှာ တကယ် အရေးကြီးတာ ဘာလဲဆိုတာကို မသိတာ။
ဒီအချက်ကို စဉ်းစားကြည့်ရအောင်။ တို့တစ်တွေအတွက် အရေးအကြီးဆုံးအရာဟာ ဘာဖြစ်သင့်သလဲ။ ကစားစရာအရုပ် လှလှလေးတွေ၊ အဝတ်အစား အသစ်တွေ၊ တခြားလိုချင်စရာတွေကို ပိုင်ဆိုင်ခြင်းလား။— မဟုတ်ဘူး၊ ဒီထက်ပိုပြီး အရေးကြီးတဲ့အရာ ရှိသေးတယ်။ အဲဒါကို ယေရှု သင်ပေးချင်တယ်။ ဒါကြောင့် ဘုရားသခင်ကို မေ့တဲ့လူနဲ့ ပတ်သက်တဲ့ ပုံပြင်တစ်ပုဒ် ပြောပြတယ်။ နားထောင်ချင်သလား။—
အဲဒီလူဟာ သိပ်ချမ်းသာသတဲ့။ လယ်တွေ၊ ကျီတွေ အများကြီး ပိုင်တယ်။ ကောက်ပဲသီးနှံတွေလည်း သီးထွက် တအားကောင်းတယ်။ ကျီတွေလည်း မဆံ့တော့ဘူး။ ဒါနဲ့ ဘာလုပ်မလဲ။ ‘ငါ့ရဲ့ကျီတွေကို ဖျက်ပြီး ပိုကြီးတဲ့ ကျီတွေကို ဆောက်မယ်။ အဲဒီမှာ ငါ့ရဲ့ကောက်နှံရှိသမျှ၊ ဥစ္စာရှိသမျှ သိမ်းထားမယ်’ လို့ စဉ်းစားတယ်။
ဒီလိုလုပ်တာဟာ အမြော်အမြင် ရှိတယ်လို့ သူဌေးကြီး ထင်နေတာ။ ဥစ္စာတွေ အများကြီး သိမ်းထားနိုင်လို့ သူ့ကိုယ်သူ ဟုတ်လှပြီ ထင်တာပေါ့။
‘နှစ်ပေါင်းများစွာအတွက် ဥစ္စာအများကြီး စုဆောင်းထားပြီဆိုတော့ အေးအေးဆေးဆေး စားသောက်ပြီး ဇိမ်နဲ့ပဲ နေတော့မယ်’ ဆိုပြီး ပြောတယ်။ ဒါပေမဲ့ သူဌေးကြီး အတွေးချော်နေတယ်။ ဘာလဲဆိုတာ သိသလား။— ကိုယ့်အကြောင်း၊ ဇိမ်နဲ့ နေဖို့အကြောင်းပဲ စဉ်းစားတယ်။ ဘုရားသခင်ကိုကျတော့ မေ့နေတယ်လေ။ဒါနဲ့ ဘုရားသခင်က ‘ဆင်ခြင်ဉာဏ်မဲ့သူ၊ ဒီညမှာပဲ မင်းရဲ့အသက်ကို ရုပ်သိမ်းလိမ့်မယ်။ ဒါဆိုရင် မင်းစုဆောင်းထားသမျှကို ဘယ်သူ ရမလဲ’ လို့ သူဌေးကြီးကို ပြောတယ်။ သူဌေးကြီး သေပြီးနောက် အဲဒီဥစ္စာတွေကို သုံးနိုင်ဦးမှာလား။— ဘယ်သုံးနိုင်တော့မလဲ။ တခြားလူ လက်ထဲ ရောက်သွားမှာပေါ့။ ယေရှုက “အလားတူပဲ ကိုယ့်အတွက် ဘဏ္ဍာစုဆောင်းထားပေမဲ့ ဘုရားသခင်ရှေ့မှာ ဆင်းရဲတဲ့သူဟာ အဲဒီသူဌေးနဲ့ တူတယ်” ဆိုပြီး ပြောလိုက်တယ်။—လုကာ ၁၂:၁၃-၂၁။
ကလေးတို့ ဒီသူဌေးကြီးနဲ့ တူချင်မှာ မဟုတ်ဘူးနော်။ ဟုတ်တယ် မဟုတ်လား။— သူ့ဘဝမှာ ဥစ္စာပစ္စည်း ရဖို့ပဲ အဓိကထားတယ်။ အဲဒါ သူ့ရဲ့ မဟာအမှားပဲ။ ရလေ ပိုလိုချင်လေပဲ။ ဒါပေမဲ့ ‘ဘုရားရှေ့မှာတော့ ဆင်းရဲ’ နေလေရဲ့။
လူအတော်များများက ဒီသူဌေးကြီးနဲ့ တူတယ်။ ရလေ လိုချင်လေပဲ။ ဒါပေမဲ့ အဲဒါက ပြဿနာကြီးနဲ့ တိုးစေတတ်တယ်။ ဥပမာ၊ ကလေးတို့မှာ ကစားစရာ အရုပ်တွေ ရှိတယ် မဟုတ်လား။— ကလေးတို့မှာ ဘာကစားစရာတွေ ရှိသလဲ။ ပြောပြပါ။— သူငယ်ချင်းဆီမှာ ဘောလုံးလေး၊ အရုပ်လေး၊ ဒါမှမဟုတ် ကိုယ့်ဆီမှာ မရှိတဲ့ ကစားစရာတချို့ ရှိတယ်ဆိုရင်ကော။ ဝယ်ပေးဖို့ မိဘတွေကို ပူဆာရင် ကောင်းမလား။—
ကစားစရာတစ်ခု သိပ်တန်ဖိုးရှိတယ်လို့ ထင်ရတဲ့အချိန် ရှိနိုင်တယ်။ ဒါပေမဲ့ ခဏလေးကြာရင် ဘာဖြစ်သွားသလဲ။— ဟောင်းသွားတာပဲ။ ကျိုးပဲ့သွားတာ၊ လုံးဝ မလိုချင်တော့တာလည်း ဖြစ်နိုင်တယ်။ တကယ်တော့ ကလေးတို့မှာ ကစားစရာတွေထက် ပိုတန်ဖိုးရှိတဲ့အရာတစ်ခု ရှိတယ်။ ဘာလဲဆိုတာ သိသလား။—
အသက်ပဲကွဲ့။ အသက်ဟာ အလွန်အဖိုးတန်တယ်၊ အသက်ရှင်ဖို့ အရေးကြီးတယ်။ အသက်မရှိရင် ဘာမှ မလုပ်နိုင်ဘူး။ ဒါပေမဲ့ အသက်ဟာ ဘုရားသခင် ကြိုက်တာကို လုပ်ဆောင်ခြင်းအပေါ် မူတည်နေတယ်။ ဟုတ်တယ် မဟုတ်လား။— ဒါကြောင့် ဘုရားကို မေ့တဲ့ သူဌေးမိုက်လို ဘယ်တော့မှ မဖြစ်နဲ့နော်။
ကလေးတွေပဲ သူဌေးကြီးလို မိုက်မဲတာတွေကို လုပ်တတ်တာ မဟုတ်ဘူး။ လူကြီး အတော်များများလည်း လုပ်တတ်ကြတယ်။ တချို့က ကိုယ့်မှာ ရှိတာထက် ပိုပြီး လိုချင်ကြတယ်။ နေ့တိုင်း စားဖို့အစာ၊ ဝတ်ဖို့အဝတ်၊ နေဖို့အိမ် ရှိရဲ့နဲ့ နောက်ထပ် အများကြီး လိုချင်ကြတယ်။ အဝတ်အစား အများကြီး ရချင်တယ်။ တိုက်ကြီးတာကြီး လိုချင်တယ်။ ဒါတွေရဖို့ ငွေ အများကြီး လိုမယ်။ ဒါကြောင့် ငွေများများရအောင် အလုပ် နင်းကန်လုပ်ကြတယ်။ ဒီလိုနဲ့ ငွေ များများရလေ၊ ပိုလိုချင်လေ ဖြစ်လာကြတယ်။
တချို့လူကြီးတွေဆိုရင် မိသားစုနဲ့နေဖို့ အချိန်မရတဲ့အထိ နေ့မအား ညမနား ငွေ ရှာကြတယ်။ ဘုရားသခင်အတွက်လည်း အချိန် မပေးနိုင်ဘူးပေါ့။ သူတို့ရဲ့ငွေက သူတို့ အသက်ရှင်အောင် လုပ်ပေးနိုင်မတဲ့လား။— မလုပ်ပေးနိုင်ဘူး။ သေပြီးနောက် အဲဒီငွေကို သုံးနိုင်ဦးမလား။— ဘယ်သုံးနိုင်တော့မလဲ။ ဘာကြောင့်လဲဆိုတော့ သေလွန်သူတွေဟာ ဘာတစ်ခုမှ မလုပ်နိုင်တော့ဘူးလေ။—ဒေသနာ ၉:၅၊ ၁၀။
ဒီလိုဆိုရင် ငွေရှိတာ မကောင်းဘူးလို့ ပြောချင်တာလား။— မဟုတ်ပါဘူး။ ငွေရှိရင် စားစရာ၊ ဝတ်စရာတွေ ဝယ်နိုင်တယ်။ ငွေဟာ ကာကွယ်တတ်တယ်လို့ ကျမ်းစာက ဆိုတယ်။ (ဒေသနာ ၇:၁၂) ငွေကို တပ်မက်ရင်တော့ ဒုက္ခရောက်သွားနိုင်တယ်။ ကိုယ့်အတွက် ဘဏ္ဍာစုဆောင်းပေမဲ့ ဘုရားသခင်ရှေ့မှာ ဆင်းရဲတဲ့ သူဌေးမိုက်နဲ့ တူသွားလိမ့်မယ်။
ဘုရားသခင်ရှေ့မှာ ချမ်းသာတယ်ဆိုတာ ဘာကို ဆိုလိုတာလဲ။— ဘဝမှာ ဘုရားသခင်ကို ဦးစားပေးတာကို ပြောနေတာ။ တချို့က ဘုရားသခင်ကို ယုံကြည်တယ်လို့ ပြောကြမယ်။ ယုံကြည်ရင် တော်လောက်ပြီလို့ ထင်ကြတယ်။ ဒါပေမဲ့ ဘုရားသခင်ရှေ့မှာ သူတို့ တကယ်ကော ချမ်းသာကြရဲ့လား။— မချမ်းသာကြဘူး။ ဘုရားကို မေ့နေတဲ့ သူဌေးကြီးလို ဖြစ်နေတယ်။
ယေရှုကတော့ ကောင်းကင်ဘုံမှာရှိတဲ့ ဖခင်ကို ဘယ်တော့မှ မမေ့ဘူးကွဲ့။ ငွေ များများရဖို့ မကြိုးစားဘူး။ ပစ္စည်းဥစ္စာ အများကြီးလည်း မပိုင်ဘူး။ ဘဝမှာ တကယ်အရေးကြီးတာ ဘာလဲဆိုတာ ယေရှု သိတယ်။ ကလေးတို့ကော သိသလား။— ဘုရားသခင်ရှေ့မှာ ချမ်းသာဖို့ ဖြစ်တယ်။
ဘုရားသခင်ရှေ့မှာ ဘယ်လို ချမ်းသာနိုင်သလဲ ပြောပြပါ။— ဘုရား ကြိုက်တာတွေကို လုပ်မယ်ဆိုရင် ချမ်းသာနိုင်တယ်။ ယေရှုက ဘုရား “နှစ်သက်တာကိုပဲ အမြဲလုပ်” တယ်လို့ ပြောခဲ့တယ်။ ယောဟန် ၈:၂၉) ဘုရား လုပ်စေချင်တာကို တို့တစ်တွေ လုပ်တဲ့အခါ ဘုရား သဘောကျတယ်။ ဘုရားသခင် ပျော်အောင် ဘာတွေ လုပ်နိုင်သလဲ ပြောပြပါဦး။— ဟုတ်တယ်၊ ကျမ်းစာ ဖတ်မယ်၊ အစည်းအဝေးတွေ တက်မယ်၊ ဘုရားဆီ ဆုတောင်းမယ်၊ ဘုရားအကြောင်း သိလာအောင် တခြားလူတွေကို ကူညီပေးမယ်။ ဒါတွေဟာ ဘဝမှာ တကယ့်ကို အရေးအကြီးဆုံး အရာတွေပဲ။
(ယေရှုဟာ ဘုရားရှေ့မှာ ချမ်းသာတဲ့အတွက် သူ့ကို ယေဟောဝါ စောင့်ရှောက်ခဲ့တယ်။ ထာဝစဉ် အသက်ရှင်နိုင်တဲ့ ဆုလာဘ်ကြီး ပေးခဲ့တယ်။ ယေရှုလို လုပ်မယ်ဆိုရင် တို့တစ်တွေကိုလည်း ယေဟောဝါ ချစ်မှာ၊ စောင့်ရှောက်မှာပဲ။ ဒါကြောင့် ဘုရားကို မေ့တဲ့ သူဌေးကြီးလို မဟုတ်ဘဲ ယေရှုလို ဖြစ်နိုင်ကြပါစေ။
ပစ္စည်းဥစ္စာတွေအပေါ် မျှတတဲ့အမြင်ရှိနိုင်ပုံကို ဖော်ပြတဲ့ ကျမ်းချက်တချို့ကတော့ ပညာအလိမ္မာ ၂၃:၄။ ၂၈:၂၀။ ၁ တိမောသေ ၆:၆-၁၀။ ဟီဘရူး ၁၃:၅ တို့ ဖြစ်ပါတယ်။