မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၁၈

ကျေးဇူးတင်ပါတယ်လို့ ပြောဖို့ သတိရသလား

ကျေးဇူးတင်ပါတယ်လို့ ပြောဖို့ သတိရသလား

ကလေးတို့ ဒီနေ့ ထမင်း​စား​ပြီးပြီလား။— ဘယ်သူ ချက်ကျွေးသလဲ၊ သိသလား။—​ကလေးတို့​မေမေ ဒါမှမဟုတ် တခြား တစ်ယောက်ယောက် ဖြစ်ရင်ဖြစ်မယ်။ ဒါပေမဲ့ အဲဒီ​အတွက် ဘုရားသခင်ကို ဘာကြောင့် ကျေးဇူးတင်သင့်သလဲ။— စားစရာတွေ ဖြစ်ထွန်း​အောင် လုပ်ပေးတဲ့​သူဟာ ဘုရားသခင်​မို့​လို့​ပါ။ ချက်ပြုတ်​ပြင်ဆင်​ကျွေးမွေး​တဲ့ သူကိုလည်း ကျေးဇူးတင်သင့်တာပေါ့။

တစ်ခါတလေ သူတစ်ပါး​က ကောင်းတာ လုပ်ပေးတာ​ကို ကျေးဇူးတင်ပါတယ်လို့ ပြောဖို့ မေ့တတ်​ကြတယ် မဟုတ်လား။ ကြီးမြတ်တဲ့​ဆရာ ကမ္ဘာပေါ်မှာ​ရှိတုန်းက အနာကြီး​ရောဂါသည်​တချို့ ကျေးဇူးတင်ပါတယ်လို့ ပြောဖို့ မေ့ခဲ့ကြ​တယ်။

အနာကြီး​ရောဂါသည်​ဆိုတာ ဘာလဲ သိသလား။— နူနာ​ရောဂါစွဲနေ​သူ ဖြစ်တယ်။ အဲဒီ​ရောဂါ ဖြစ်ရင် အသားတွေတောင် ပဲ့ကျ​တတ်တယ်။ ယေရှု ကမ္ဘာပေါ်မှာ ရှိတုန်းက အနာကြီး​ရောဂါသည်​တွေဟာ လူတွေနဲ့ သီးသန့်​ခွဲနေ​ရတယ်။ လူတစ်ယောက် လာနေတာကို မြင်ရင် သူတို့​အနား မလာ​ဖို့ အော်​ပြီး သတိပေး​ရတယ်။ သူတို့နဲ့ နီးနီးကပ်ကပ် နေရင် လူတွေ ရောဂါ​ကူးသွား​မှာ စိုးလို့​ပေါ့။

ယေရှုဟာ အနာကြီး​ရောဂါသည်​တွေကို သနား​ကြင်နာတယ်။ တစ်နေ့မှာ ယေရှုဟာ ဂျေရုဆ​လင်​မြို့ကို အသွား မြို့က​လေး​တစ်မြို့​ကို ဖြတ်​ရတယ်။ အဲဒီမြို့​နား ရောက်တဲ့အခါ အနာကြီး​ရောဂါသည် ဆယ်ယောက်​က ယေရှုကို ထွက်​တွေ့ကြတယ်။ ယေရှုဟာ ရောဂါ​အမျိုးမျိုး ပျောက်ကင်းစေ​နိုင်တဲ့​တန်ခိုး ဘုရားဆီက ရထားတယ်လို့ သူတို့ ကြား​ထားတယ်။

အနာကြီး​ရောဂါသည်​တွေဟာ ယေရှု​နား​ကို မလာကြဘူး။ ခပ်လှမ်းလှမ်း​မှာ​ပဲ ရပ်နေကြတယ်။ ဒါပေမဲ့ သူတို့ရဲ့ ရောဂါ​ကို ယေရှု ပျောက်စေ​နိုင်တယ်လို့ ယုံကြည်​ကြတယ်။ ဒါကြောင့် ကြီးမြတ်တဲ့​ဆရာကိုလည်း တွေ့ရော ‘ဆရာ​ယေရှု၊ ကျွန်တော်တို့ကို သနားပါဦး’ ဆိုပြီး အော်ကြတယ်။

ဖျားနာတဲ့​လူတွေကို ကလေးတို့ သနား​ကြသလား။— ယေရှု​က သနားတတ်​တယ်။ အနာကြီး​ရောဂါသည် ဖြစ်​ရတာ ဘယ်လောက် စိတ်​ဆင်းရဲ​စ​ရာ ကောင်း​မှန်း ယေရှု နားလည်တယ်။ ဒါကြောင့် သူတို့ကို “ပုရောဟိတ်တွေ​ဆီ ကိုယ်ကို သွား​ပြ​ကြ” လို့ ပြော​လိုက်တယ်။—လုကာ ၁၇:၁၁-၁၄

ဒီ​အနာကြီး​ရောဂါသည်​တွေကို ယေရှု ဘာလုပ်​ခိုင်းသလဲ

ယေရှု ဘာကြောင့် အဲဒီလို ပြ​ခိုင်း​တာလဲ။ အနာကြီး​ရောဂါသည်​နဲ့​ပတ်သက်ပြီး ယေဟောဝါရဲ့ ပညတ်ကြောင့်​ပါပဲ။ အဲဒီ​ပညတ်​အရ ပုရောဟိတ်​ဟာ အနာကြီး​ရောဂါသည်​ရဲ့ အသားအရေ​ကို စစ်ဆေး​ရမယ်။ ရောဂါ ရှင်းရှင်း ပျောက်​သွားပြီ​ဆိုရင် ပျောက်ပြီ​ဆိုတာ ပြောပြ​ရမယ်။ အဲဒီ​ရောဂါ​စွဲ​သူဟာ ရောဂါ​ပျောက်​မှ ကျန်းမာတဲ့ လူတွေ​တော​ထဲ ပြန်နေ​လို့​ရမှာ။—ဝတ်ပြုရာ ၁၃:၁၆၊ ၁၇

အခု ဒီ​အနာကြီး​ရောဂါသည်​တွေ​ကတော့ ရောဂါ မ​ပျောက်​သေး​ဘူး။ ဒီတော့ ယေရှု ခိုင်းတဲ့အတိုင်း ပုရောဟိတ်​ဆီ သွားကြသလား။— ဟုတ်တယ်၊ ချက်ချင်း သွားကြတယ်။ ရောဂါ ပျောက်ကင်း​အောင် ယေရှု လုပ်ပေးမယ်​ဆိုတာ ယုံကြည်လို့ ဖြစ်ရမယ်။ ဘာ​ဆက်ဖြစ်သလဲ။

ပုရောဟိတ်​ဆီ​အသွား လမ်းခုလတ်​မှာ​တင် သူတို့ရော​ဂါ ပျောက်​သွားပါ​လေ​ရော။ အသားအရေ​တွေ ပြန်ကောင်း​လာတယ်။ ကျန်းမာရေး ကောင်း​သွားကြပြီ​လေ။ ယေရှုရဲ့ တန်ခိုးကို ယုံကြည်တဲ့​အတိုင်း ဖြစ်လာပြီ။ ဘယ်လောက်တောင် ပျော်လိုက်ကြမလဲနော်။ အခု ကျေးဇူးတင်တဲ့​အနေနဲ့ သူတို့ ဘာ​လုပ်သင့်သလဲ။ ကလေးတို့သာ ဆိုရင် ဘာလုပ်ကြမလဲ။—

ဒီ​အနာကြီး​ရောဂါသည်​က ဘာလုပ်ဖို့ သတိရသလဲ

ရောဂါ ပျောက်သွားတဲ့ လူတွေထဲက တစ်ယောက် ယေရှု​ဆီ ပြန်လာတယ်။ ယေဟောဝါကို ဂုဏ်တင်​ချီးမွမ်းတယ်။ ဒါဟာ လုပ်သင့်လုပ်ထိုက်​တဲ့ အလုပ်ပဲ။ ဘာကြောင့်လဲ​ဆိုတော့ ရောဂါ ပျောက်ကင်း​သွားတာ ဘုရားရဲ့ တန်ခိုး​ကြောင့်​ပဲ။ အဲဒီ​လူဟာ ကြီးမြတ်တဲ့​ဆရာရဲ့ ခြေရင်းမှာ ဒူးထောက်ပြီး ကျေးဇူးတင်​စကား ပြော​ရှာတယ်​ကွဲ့။ ရောဂါ ပျောက်ကင်း​အောင် လုပ်ပေးတဲ့​အတွက် ယေရှုကို ကျေးဇူးတင်​မဆုံး ဖြစ်မိ​တာပေါ့။

ဒါပေမဲ့ ကျန်တဲ့လူ ကိုးယောက်​ကော။ ယေရှု​က  ‘ဆယ်ယောက်စလုံး  ရောဂါ​ပျောက် သွားတာ မဟုတ်လား။ ကျန်တဲ့​ကိုးယောက်က ဘယ်မှာ​လဲ။ တစ်ယောက်ပဲ ဘုရားသခင်ကို ဂုဏ်တင်​ချီးမွမ်းဖို့ ပြန်လာတာ​လား’ ဆိုပြီး မေးလိုက်တယ်။

ဟုတ်​ပါတယ်။ ဆယ်​ယောက်​ထဲ​က​တစ်ယောက်​ပဲ ဘုရားသခင်ကို ဂုဏ်တင်​ ချီးမွမ်းခဲ့တယ်။ ယေရှု​ဆီ ပြန်လာပြီး ကျေးဇူးတင်​စကား ပြောခဲ့တယ်။ အဲဒီ​ တစ်ယောက်ဟာ​လည်း ရှမာရိ​လူမျိုး၊ တိုင်းတစ်ပါးသား ဖြစ်တယ်ကွဲ့။ ကျန်တဲ့ ကိုးယောက်​ကတော့ ဘုရားရဲ့ ကျေးဇူး​ကိုလည်း မ​ချီးမွမ်း​ဘူး၊ ယေရှုကိုလည်း ကျေးဇူး​မတင်ကြဘူးကွဲ့။—လုကာ ၁၇:၁၅-၁၉

ကလေးတို့ အဲဒီ​လူတွေ​ထဲမှာ ဘယ်သူနဲ့ တူသလဲ။ တို့တစ်​တွေ ရှမာရိ​လူနဲ့ တူချင်ကြတယ်၊ ဟုတ်တယ် မဟုတ်လား။— ဒီတော့  တစ်ယောက်ယောက်​က ကျေးဇူးပြု​ရင် ဘာလုပ်ဖို့ သတိရသင့်သလဲ။—​ ကျေးဇူး​တင်ကြောင်း ပြော​ရမယ်ကွဲ့။ ကျေးဇူးတင်ပါတယ်လို့ ပြောဖို့ လူတွေ မေ့တတ်​ကြတယ်။ ဒါပေမဲ့ ကျေးဇူးတင်ပါတယ်လို့ ပြောတာ ကောင်းတယ်။ အဲဒီလို​ပြောတာကို ယေဟောဝါနဲ့ သားတော် ယေရှု​တို့​လည်း နှစ်သက်​ကြတယ်။

ယေရှု​ဆီ ပြန်လာတဲ့ အနာကြီး​ရောဂါသည်​ကို ဘယ်လို အတုယူ​နိုင်သလဲ

စဉ်းစား​ကြည့်ရင် ကိုယ့်​အတွက် သူများ လုပ်ပေးခဲ့တာ​တွေ အများကြီး​ဆိုတာ သတိရ​လာမှာ​ပါ။ ဥပမာ၊ ကလေးတို့ ဖျားဖူးသလား။—​အနာကြီး​ရောဂါသည် ဆယ်ယောက်​လောက် အခြေအနေ​မဆိုး​ပေမဲ့ အအေး​မိ​တာ၊ ဗိုက်နာတာ​တို့​တော့ ဖြစ်​ဖူး​ကြမယ်။ တစ်ယောက်ယောက်​က ကလေးတို့ကို ပြုစု​စောင့်ရှောက်တယ် မဟုတ်လား။— ကလေးတို့ကို ဆေး​တိုက်မယ်၊ လိုအပ်တာတွေ လုပ်ပေးမှာ​ပဲ။ နေ​ပြန်ကောင်း​လာ​အောင် ကူညီ​ပေးလို့ ဝမ်းမသာ​ဘူး​လား။—

ရှမာရိ​လူက နေ​ပြန်ကောင်း​လာ​အောင် လုပ်ပေး​လို့ ကျေးဇူးတင်ကြောင်း ပြောတဲ့အခါ ယေရှု ဝမ်းသာတယ်။ ကလေးတို့​မေမေ၊ ဖေဖေ​က ကလေးတို့အတွက် တစ်ခုခု လုပ်ပေးတဲ့​အခါ ကျေးဇူးတင်ပါတယ်လို့ ပြောမယ်​ဆိုရင် သူတို့ ဝမ်းသာ​မယ် ထင်သလား။— ဝမ်းသာ​တာပေါ့။

ကျေးဇူးတင်ပါတယ်လို့ မမေ့​မ​လျော့ ပြောဖို့ ဘာကြောင့် အရေးကြီးသလဲ

တချို့လူတွေက ကလေးတို့အတွက် နေ့တိုင်း၊ အပတ်​တိုင်း အလုပ်လုပ်​ပေး​ကြတယ်။ ဒီလိုလုပ်​ရတာဟာ သူတို့ရဲ့​အလုပ် ဖြစ်ချင်​လည်း​ဖြစ်မယ်။ ဒီလိုလုပ်​ပေး​ရတာ ပျော်​တာ​လည်း ဖြစ်မယ်။ ဒါပေမဲ့ ကလေးတို့​က ကျေးဇူးတင်ပါတယ် ပြောဖို့ မေ့​ချင်​မေ့​နေမယ်။ ဆရာမက ကလေးတို့ ပညာ​တတ်အောင် စာသင်​ပေးမယ်။ ဒါက သူ့​အလုပ်ပဲ။ ဒါပေမဲ့ ပညာ​တတ်အောင် ခုလို သင်ပေးတဲ့​အတွက် ကျေးဇူးတင်​တယ်​ဆိုရင် ဆရာမ ဝမ်းသာ​မှာ​ပေါ့။

တစ်ခါတလေကျတော့ ကလေးတို့အတွက် အသေးအဖွဲ​လေး​တွေ လုပ်ပေး​ကြမယ်။ ကလေးတို့အတွက် တစ်ယောက်ယောက်​က တံခါး​ဖွင့်ပေး​ဖူးသလား။ ထမင်း​စားချိန်​မှာ ဟင်း​ခွက် လှမ်းပေး​ဖူးသလား။ ဒီလိုမျိုး​လေး​တွေ ကူညီ​ပေးတဲ့​အတွက်လည်း ကျေးဇူးတင်ပါတယ်လို့ ပြောတာ ကောင်းတယ်။

ကမ္ဘာပေါ်မှာ​ရှိတဲ့ လူတွေကို ကျေးဇူးတင်ပါတယ်လို့ ပြောဖို့ သတိရ​မယ်​ဆိုရင် ကောင်းကင်ပေါ်​က ဖခင်​ကို ကျေးဇူးတင်ပါတယ်လို့ ပြောဖို့ ပိုသတိ​ရကြမယ်။ ကောင်းကင်ဘုံစံ​ဖခင် ယေဟောဝါကို ကျေးဇူးတင်စရာ​တွေ အများကြီး​ပဲ။ တို့တစ်တွေကို အသက်​ပေးတဲ့​အပြင် ပျော်ပျော်ရွှင်ရွှင် အသက်ရှင်​နိုင်အောင်  လိုအပ်တာ​မှန်သမျှ ပေးထားတယ်။ ဒါကြောင့် ဘုရားသခင် ကောင်းမြတ်တဲ့ အကြောင်း​တွေကို ပြောဖို့၊ ဂုဏ်တင်​ချီးမွမ်းဖို့​အကြောင်း​တွေ အများကြီး​ပါပဲ။

ကျေးဇူးတင်​ခြင်းနဲ့ ပတ်သက်ပြီး ဆာလံ ၉၂:၁။ ဧဖက် ၅:၂၀။ ကောလောသဲ ၃:၁၇။ ၁ သက်သာလောနိတ် ၅:၁၈ တို့ကို ဖတ်ပါ။