အခန်း ၂၃
လူတွေ ဖျားနာရတဲ့ အကြောင်းရင်း
ဖျားနေသူ တစ်ယောက်ယောက်ကို ကလေးတို့ သိသလား။— ကလေးတို့ ကိုယ်တိုင်လည်း တစ်ခါတလေ ဖျားဖူးမှာပဲ။ အအေးမိတာတို့၊ ဗိုက်နာတာတို့ ဖြစ်ဖူးမှာပဲ။ တချို့ကျတော့ အကြီးအကျယ် ဖျားနာကြတယ်။ ကူပေးမယ့်သူ မရှိရင် မတ်တတ်တောင် မရပ်နိုင်ကြဘူး။ အသက်ကြီးလာရင် ဒီလိုပဲ ဖြစ်တတ်တယ်။
လူတိုင်း တစ်ခါမဟုတ် တစ်ခါတော့ ဖျားနာတတ်ကြတယ်။ လူတွေ ဘာဖြစ်လို့ ဖျားနာရ၊ အိုရ၊ သေရတယ်ဆိုတာ ကလေးတို့ သိသလား။— တစ်နေ့မှာ လမ်းမလျှောက်နိုင်တဲ့ လူတစ်ယောက်ကို ယေရှုဆီ ခေါ်လာတဲ့အခါ လူတွေ ဘာလို့ ဖျားနာပြီး သေရတဲ့အကြောင်း ရှင်းပြခဲ့တယ်။ အဲဒီအကြောင်းကို ပြောပြမယ်နော်။
ယေရှုဟာ ဂါလိလဲအိုင်နားက မြို့တစ်မြို့မှာရှိတဲ့ အိမ်တစ်အိမ်မှာ ခဏတစ်ဖြုတ် တည်းခိုနေတယ်။ လူတစ်အုပ်ကြီး ယေရှုဆီကို ရောက်လာကြတယ်။ လူတွေများလွန်းလို့ အိမ်ထဲကို ဝင်လို့တောင် မရတော့တဲ့အထိပဲ။ အိမ်တံခါးနားကိုတောင် သွားလို့မရဘူး။ ဒါပေမဲ့ လူတွေက တဖွဲဖွဲ လာနေတုန်းပဲ။ လူတစ်စုက လမ်းမလျှောက်နိုင်တဲ့ လေဖြတ်နေသူတစ်ယောက်ကို ထမ်းခေါ်လာကြတယ်။ လူလေးယောက်က ထမ်းစင်နဲ့ ထမ်းလာကြတာ။
ဒီလူနာကို ယေရှုဆီ ဘာလို့ခေါ်လာချင်ကြသလဲ၊ ကလေးတို့ သိသလား။— ဒီလူကို ယေရှု ကူညီပေးနိုင်တယ်၊ သူ့ရောဂါကို ယေရှု ကုသပေးနိုင်တယ်လို့ သူတို့ ယုံကြည်ကြလို့ပဲ။ လူတွေ ဒီလောက်ကြိတ်ကြိတ်တိုးနေတာ လေဖြတ်တဲ့လူနာကို ယေရှုဆီရောက်အောင် ဘယ်လို ပို့ခဲ့သလဲ၊ သိသလား။—
ဘယ်လို လုပ်တယ်ဆိုတာကို ပုံမှာ တွေ့နိုင်တယ်။ ဦးဆုံး၊ လူနာကို အိမ်ခေါင်မိုးပေါ် သယ်သွားကြတယ်။ အိမ်မိုးက အပြန့်မျိုးလေ။ အိမ်မိုးမှာ အပေါက်ကြီး တစ်ပေါက် ဖောက်လိုက်တယ်။ ပြီးတော့ အဲဒီအပေါက်ကနေ လူနာကို ထမ်းစင်နဲ့ အောက်ကို လျှောချလိုက်တယ်။ ယုံကြည်ခြင်း အဲဒီလောက်တောင် ခိုင်မာကြတာ။
အိမ်ထဲမှာရှိတဲ့ လူတွေလည်း အံ့သြကုန်ကြတာပေါ့။ ထမ်းစင်ပေါ်က လူနာဟာ သူတို့ အလယ်တည့်တည့်ကို ရောက်လာတာကိုး။ အဲဒီလို လုပ်ကြတာကိုတွေ့တော့ ယေရှု စိတ်ဆိုးသွားသလား။— ဘယ်စိတ်ဆိုးမလဲ။ သူတို့ ယုံကြည်ခြင်း ရှိတာကို မြင်ရလို့ ဝမ်းတောင်သာသွားတယ်။ ဒါနဲ့ လေဖြတ်တဲ့သူကို “မင်းရဲ့အပြစ်တွေကို ခွင့်လွှတ်လိုက်ပြီ” ဆိုပြီး ပြောလိုက်တယ်။
လေဖြတ်နေသူကို ယေရှု ဘာလုပ်ခိုင်းသလဲ
လူတချို့က ယေရှု ဒီလိုမပြောသင့်ဘူးလို့ ယူဆကြတယ်။ အပြစ်တွေကို ယေရှု ခွင့်လွှတ်နိုင်တယ်လို့ မထင်ကြဘူး။ ဒါကြောင့် ယေရှုက အပြစ်တွေကို ခွင့်လွှတ်နိုင်မှန်း လူတွေသိအောင် လူနာကို “ထပါ။ ထမ်းစင်ကို သယ်ပြီး အိမ်ပြန်တော့” လို့ ပြောလိုက်တယ်။
ယေရှု အဲဒီလို ပြောလိုက်တာနဲ့ လူနာရဲ့ ရောဂါ ပျောက်သွားတယ်။ ခြေလက်တွေ အကြော မသေတော့ဘူး။ ကိုယ့်ဘာသာမာကု ၂:၁-၁၂။
ကိုယ် မတ်တတ်ထပြီး လမ်းလျှောက်နိုင်ပြီ။ ဒီအံ့ဖွယ်ရာကို တွေ့မြင်သူတွေ အံ့ဩကုန်ကြတယ်။ ဒီလို အံ့သြစရာမျိုးကို သူတို့ တစ်သက်နဲ့ တစ်ကိုယ် တစ်ခါမှ မတွေ့ဖူးဘူး။ လူတွေရဲ့ အနာရောဂါတွေကို ပျောက်ကင်းစေနိုင်တဲ့ ဒီကြီးမြတ်တဲ့ဆရာကို ပေးတဲ့အတွက် ယေဟောဝါကို ချီးမွမ်းကြတယ်။—ဒီအံ့ဖွယ်အမှုကနေ တို့တစ်တွေ ဘာ သိရသလဲ
အဲဒီ အံ့ဖွယ်ရာကနေ ဘာသိရသလဲ။—ယေရှုမှာ အပြစ်လွှတ်နိုင်တဲ့တန်ခိုး၊ ဖျားနာတဲ့လူတွေကို ရောဂါပျောက်ကင်းစေနိုင်တဲ့တန်ခိုး ရှိတယ် ဆိုတာပဲ။ ဒါတင်မကဘူး သိပ်အရေးကြီးတဲ့ တခြားအကြောင်းတစ်ခုလည်း သိလိုက်ရတယ်။ လူတွေဟာ အပြစ်ကြောင့် ဖျားရ၊ နာရတယ် ဆိုတဲ့အကြောင်းပါပဲ။
တို့အားလုံး ဖျားနာတတ်ကြတယ်ဆိုတော့ တို့အားလုံး အပြစ်သားတွေ ဖြစ်တယ်လို့ ဆိုလိုတာလား။— ဟုတ်တာပေါ့၊ တို့အားလုံးဟာ အပြစ်နဲ့ မွေးလာကြတယ်လို့ ကျမ်းစာက ဆိုတယ်။ အပြစ်နဲ့ မွေးလာတယ်ဆိုတာ နားလည်ရဲ့လား။— မစုံမလင်နဲ့ မွေးလာတာကို ပြောတာ။ တစ်ခါတလေ တို့တစ်တွေ မလုပ်ချင်ဘဲနဲ့ အမှား လုပ်မိတတ်ကြတယ်။ တို့အားလုံးမှာ အပြစ် ဘယ်လို ပါလာသလဲဆိုတာ သိသလား။—
အဲဒီလို ဖြစ်ရတာဟာ ပထမလူသား အာဒံက ဘုရားသခင်ရဲ့စကားကို နားမထောင်ခဲ့လို့ပဲ။ သူဟာ ဘုရားသခင်ရဲ့ ပညတ်ကို ချိုးဖောက်တဲ့အခါ အပြစ်လုပ်မိခဲ့တယ်။ ဒီတော့ တို့အားလုံးလည်း အာဒံဆီကနေ အပြစ်ကို အမွေရခဲ့ကြတယ်။ အာဒံဆီကနေ အပြစ်ကို တို့တစ်တွေ ဘယ်လို ရခဲ့သလဲဆိုတာ သိသလား။ ကလေးတို့ နားလည်နိုင်တဲ့နည်းနဲ့ ရှင်းပြမယ်နော်။
တို့အားလုံး ဘယ်လိုလုပ်ပြီး အပြစ်သားတွေ ဖြစ်လာကြသလဲ
တစ်ယောက်ယောက်က ဒန်ခွက်တစ်ခုနဲ့ ပေါင်မုန့် ဖုတ်တာကို ကလေးတို့ တွေ့ဖူးရင် တွေ့ဖူးမယ်။ အဲဒီ ဒန်ခွက်မှာ ပိမ့်ချိုင့်ရာတစ်ခု ရှိရင် ပေါင်မုန့်တွေ ဘယ်လိုဖြစ်နေမလဲ။ ကလေးတို့
သိသလား။— အဲဒီ ဒန်ခွက်နဲ့ ဖုတ်တဲ့မုန့်အားလုံးမှာ အဲဒီ ပိမ့်ရာ၊ ချိုင့်ရာ ပါလာမှာပဲ။ ဟုတ်တယ် မဟုတ်လား။—အာဒံဟာ အဲဒီ ဒန်ခွက်နဲ့ တူပြီး တို့တစ်တွေကျတော့ မုန့်နဲ့ တူတယ်ကွဲ့။ ဘုရားရဲ့ ပညတ်ကို ချိုးဖောက်တဲ့အခါ မစုံမလင် ဖြစ်လာတယ်။ ချိုင့်ရာ ဒါမှမဟုတ် မစုံလင်တဲ့အမှတ် ရသွားတာနဲ့တူတယ်။ ဒီတော့ ကလေးတွေ ရတဲ့အခါမှာ ကလေးတွေ ဘယ်လို ဖြစ်မလဲ။— သူ့ကလေး အားလုံး အဲဒီ မစုံလင်တဲ့အမှတ် ရသွားတာပေါ့။
ကလေးအများဟာ သိသာမြင်သာလောက်တဲ့ မစုံမလင်အဖြစ်နဲ့ မွေးလာကြတာတော့ မဟုတ်ပါဘူး။ လက်တစ်ဖက်၊ ခြေတစ်ဖက် မပါတာတို့ မရှိကြပါဘူး။ ဒါပေမဲ့ ပြီးပြည့်စုံလင်မှု မရှိတဲ့အတွက် ဖျားနာပြီး သေရကြတယ်။
သိကြတဲ့အတိုင်းပါပဲ၊ တချို့လူတွေဟာ ချူချာပြီး သူများတွေထက် ခဏခဏ ဖျားနာကြတယ်။ ဘာကြောင့် ဒီလိုဖြစ်ရတာလဲ။ ပိုများတဲ့အပြစ်နဲ့ မွေးလာလို့လား။— မဟုတ်ပါဘူး။ လူတိုင်း အပြစ်ပမာဏ အတူတူနဲ့ မစုံမလင် မွေးလာကြတာ။ ဒါကြောင့် လူတိုင်းဟာ အနှေးနဲ့အမြန်ဆိုသလို ဖျားနာမှု တစ်မျိုးမျိုး ရလာကြမယ်။ ဘုရားရဲ့ ပညတ်တော်အားလုံးကို လိုက်နာတဲ့သူတွေ၊ မကောင်းတာဆို ဘာမှမလုပ်တဲ့ သူတွေလည်း ဖျားနာကြတာပဲ။
အပြစ် မရှိတော့တဲ့ အခါကျရင် တို့တစ်တွေ ဘယ်လို ကျန်းမာရေးမျိုး ရှိလာကြမလဲ
ဒီလိုဆိုရင် တချို့လူတွေက သူများထက် ဘာကြောင့် ပိုပြီး ဖျားနာကြတာလဲ။— ဖျားနာရတဲ့အကြောင်း အများကြီး ရှိတယ်။ အစာဝဝ မစားရလို့ ဖြစ်နိုင်တယ်။ ဒါမှမဟုတ် စားသင့်တဲ့အစာကို မစားလို့ ဖြစ်နိုင်တယ်။ မုန့်ပဲသွားရေစာတွေ၊ ကိတ်မုန့်နဲ့ သကြားလုံးတွေ သိပ်စားလို့လည်း ဖြစ်နိုင်တယ်။ ပြီးတော့ ညဉ့်နက်တဲ့အထိ မအိပ်တဲ့အတွက် အိပ်ရေးမဝလို့လည်း ဖြစ်နိုင်တယ်။ ဒါမှမဟုတ် ချမ်းအေးတဲ့ရာသီမှာ နွေးနွေးထွေးထွေး မဝတ်တဲ့အတွက်လည်း ဖြစ်နိုင်တယ်။ တချို့ကျတော့ ကိုယ်ခန္ဓာ သိပ်အားနည်းတဲ့အတွက် ဂရုစိုက်တဲ့ကြားထဲက ရောဂါကို တွန်းလှန်နိုင်တဲ့ ကိုယ်ခံစွမ်းအား မရှိကြဘူး။
တို့တစ်တွေ မဖျားမနာတဲ့ အချိန် ရောက်လာပါဦးမလား။ အပြစ်တရားကနေ လွတ်မြောက်ပါ့မလား။— လေဖြတ်တဲ့သူကို ယေရှု ဘာလုပ်ပေးခဲ့သလဲ။— ယေရှုက သူ့အပြစ်ကို ခွင့်လွှတ်ပြီး ရောဂါပျောက်အောင် လုပ်ပေးခဲ့တယ်။ မှန်တာကိုလုပ်ဖို့ ကြိုးစားသူအားလုံးအတွက် တစ်နေ့ကျရင် သူ ဘာလုပ်ပေးမယ်ဆိုတာကို အဲဒီနည်းနဲ့ ယေရှု ပြခဲ့တယ်။
တကယ်လို့ တို့တစ်တွေအနေနဲ့ အပြစ် မလုပ်ချင်ဘူး၊ မကောင်းမှုကို မုန်းမယ်ဆိုရင် ယေရှုဟာ တို့တစ်တွေကို ရောဂါပျောက်အောင် လုပ်ပေးမှာပဲ။ အခု တို့တစ်တွေမှာရှိတဲ့ မစုံလင်မှုကို နောင်တစ်ချိန်ကျရင် ယေရှု ဖယ်ရှားပေးမယ်။ ဘုရားသခင့် နိုင်ငံတော် ဘုရင်အနေနဲ့ အဲဒီလိုလုပ်ပေးမှာ။ အပြစ်တရားဟာ တို့တစ်တွေဆီကနေ ချက်ချင်းကြီး ပျောက်သွားမှာ မဟုတ်ဘူး။ အချိန်အတော်လေးယူပြီး ဖယ်ရှားရမှာ။ အဲဒီနောက် အပြစ်တရား လုံးဝ မရှိတော့တဲ့အခါ တို့တစ်တွေ ဘယ်တော့မှ ဖျားနာတော့မှာ မဟုတ်ဘူး။ တို့အားလုံး ကျန်းမာရေးကောင်းကြမယ်။ ဘယ်လောက် ပျော်စရာ ကောင်းလိုက်မလဲနော်။
အပြစ်တရားက လူတိုင်းကို ဘယ်လိုထိခိုက်တဲ့အကြောင်း ပိုသိရအောင် ယောဘ ၁၄:၄။ ဆာလံ ၅၁:၅။ ရောမ ၃:၂၃။ ၅:၁၂။ ၆:၂၃ တို့ကို ဖတ်ပါ။