မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၂၅

မကောင်းတာ လုပ်တဲ့သူတွေ ပြောင်းလဲနိုင်သလား

မကောင်းတာ လုပ်တဲ့သူတွေ ပြောင်းလဲနိုင်သလား

လူတိုင်းသာ ကောင်းတာ​လုပ်မယ်ဆိုရင် ပျော်စရာ သိပ်​ကောင်းမယ် မဟုတ်လား။—ဒါပေမဲ့ ဘယ်သူမှ အမြဲတမ်း ကောင်းတာ မလုပ်ကြဘူး။ တို့တစ်တွေ​အားလုံး ကောင်းတာကို လုပ်ချင်​ပါ​လျက်​နဲ့ တစ်ခါတလေ ဘာကြောင့် မကောင်းတာတွေကို လုပ်မိ​ကြသလဲ။— တို့​အားလုံးဟာ အပြစ်​ရှိသူတွေ​အဖြစ် မွေးဖွား​လာ​ကြ​လို့​ပေါ့။ ဒါပေမဲ့ တချို့က မကောင်းမှုတွေ အများကြီး လုပ်ကြတယ်။ တခြား​လူတွေကို မုန်း​ပြီး တမင်တကာ ထိခိုက်​နာကျင်အောင် လုပ်ကြတယ်။ သူတို့ ပြောင်းလဲ​လာမယ်၊ လူကောင်း​တွေ ဖြစ်လာ​နိုင်မယ်လို့ ထင်သလား။—

သတေဖန်​ကို ခဲ​နဲ့​ပေါက်​နေတဲ့ လူတွေရဲ့ ဝတ်ရုံတွေကို စောင့်​ပေးနေတဲ့ လူငယ်​ကို ကြည့်လိုက်ပါဦး။ ဟီဘရူး​နာမည်က ရှောလု၊ ရောမ​နာမည်က ပေါလု​လို့ ခေါ်တယ်။ ကြီးမြတ်တဲ့​ဆရာရဲ့ တပည့် သတေဖန် အသတ်​ခံရ​တာ​ကို သူ​ဝမ်းသာ​နေတယ်။ ရှောလု ဘာဖြစ်လို့ မကောင်းတာတွေ လုပ်ရသလဲဆိုတာ ကြည့်ရအောင်။

ရှောလုဟာ ဖာရိရှဲ​လို့​ခေါ်တဲ့ ဂျူး​ဘာသာရေး အုပ်စု​က​ပေါ့။ ဖာရိရှဲတွေ​မှာ ဘုရားရဲ့ တရား​စကားတော် ရှိပေမဲ့ ဘာသာရေး​ခေါင်းဆောင် တချို့ရဲ့ သွန်သင်ချက်တွေကို ပို​အလေးထား​ကြတယ်။ ဒါတွေကြောင့် ရှောလု မကောင်းတာတွေ လုပ်ခဲ့တာ။

ဂျေရုဆလင်​မြို့မှာ သတေဖန် အဖမ်းခံရ​ချိန်မှာ ရှောလုလည်း ရှိနေခဲ့တယ်။ သတေဖန်​ကို တရားရုံး​ဆီ ခေါ်သွား​ကြတယ်။ တရားရုံးမှာ​ရှိတဲ့ တရားသူကြီး​တချို့ဟာ ဖာရိရှဲတွေ ဖြစ်ကြတယ်။ သတေဖန်ဟာ သူ့​အကြောင်း လူတွေ မကောင်း​ပြော​ကြပေမဲ့ မကြောက်​ဘူး။ သတ္တိရှိရှိ ပြန်​ပြောခဲ့တယ်။ တရားသူကြီးတွေကို ယေဟောဝါ ဘုရားသခင်နဲ့ ယေရှု​အကြောင်း ကောင်းကောင်း​ကြီး သက်သေခံ​လိုက်တယ်။

တရားသူကြီးတွေ​ကတော့ ကြား​ရတာတွေကို သဘောမကျ​ဘူး။ ယေရှု​အကြောင်း တော်တော်လေး သိထားကြတယ်။ တကယ်​ဆိုရင် သိပ်​မကြာခင်​က​ပဲ ယေရှုကို သတ်ပစ်ဖို့ သူတို့ စီရင်ခဲ့​ကြတယ်​လေ။ အဲဒီနောက် ယေဟောဝါ​က ယေရှုကို ကောင်းကင်ဘုံ ပြန်​ခေါ်သွားတယ်။ အခု ဒီ​တရားသူကြီးတွေ​ဟာ အကျင့်​တွေ ပြောင်းလဲ​မယ့်​အစား ယေရှုရဲ့ တပည့်​တွေကို ဆန့်ကျင်​တိုက်ခိုက်​လာကြတယ်။

တရားသူကြီးတွေ​က သတေဖန်​ကို မြို့ပြင် ဆွဲထုတ်​သွားတယ်။ လဲကျ​နေတဲ့ သတေဖန်​ကို ကျောက်ခဲ​နဲ့ ပေါက်​ကြတယ်။ ပုံ​မှာ တွေ့ရတဲ့​အတိုင်း ရှောလု​က ရပ်ကြည့်​နေတယ်။ သတေဖန်​ကို သတ်သင့်တယ်လို့ သူ​ယူဆတယ်။

သတေဖန်​ကို သတ်သင့်တယ်လို့ ရှောလု ဘာကြောင့် ယူဆသလဲ

ရှောလု​က ဘာဖြစ်လို့ အဲဒီလို​ယူဆတယ်​ဆိုတာ သိသလား။— ဖာရိရှဲ​ဘဝနဲ့ ကြီးပြင်းလာတဲ့ ရှောလုဟာ ဖာရိရှဲတွေရဲ့ သွန်သင်ချက် မှန်တယ်လို့ ယုံကြည်ခဲ့​တယ်။ ဖာရိရှဲတွေကို စံနမူနာရှင်​အဖြစ်​ထားပြီး သူတို့ကို အတုယူ​တယ်​လေ။—တမန်တော် ၇:၅၄-၆၀

သတေဖန် အသတ်ခံရ​ပြီးနောက် ရှောလု ဘာ​လုပ်သလဲ။— ယေရှုရဲ့ ကျန်တဲ့ တပည့်​တွေကို သုတ်သင်​ဖို့​အထိ ကြိုးစား​လာ​ရော။ အမျိုးသား​အမျိုးသမီးတွေကို တစ်အိမ်​ဝင်​တစ်အိမ်​ထွက် ဆွဲထုတ်​ပြီး ထောင်ချ​တယ်။ တပည့် အတော်များများဟာ ဂျေရုဆလင်​မြို့က ထွက်ပြေးခဲ့​ကြရတယ်။ ဒါပေမဲ့ ယေရှု​အကြောင်းကို​တော့ မဟောဘဲ မနေ​ခဲ့​ကြဘူး။—တမန်တော် ၈:၁-၄

ဒါကြောင့် ယေရှုရဲ့ တပည့်​တွေကို ရှောလု မုန်းသည်​ထက် မုန်း​လာတယ်။ ဒါကြောင့် ပုရောဟိတ်မင်း ကယာဖ​ဆီ သွားပြီး ဒမတ်စကတ်​မြို့က ခရစ်ယာန်တွေကို ဖမ်းဖို့ ခွင့်ပြု​မိ​န့်​တောင်းတယ်။ ရှောလု​က သူတို့ကို ဂျေရုဆလင်​မြို့​ဆီ ဖမ်းခေါ်​လာပြီး အပြစ်ပေး​မ​လို့​လေ။ ဒါပေမဲ့ ဒမတ်စကတ်​မြို့ကို​အသွား လမ်းမှာ အံ့သြစရာ​တစ်ခု ဖြစ်လာတယ်။

ရှောလု​ကို ဘယ်သူ စကားပြော​နေသလဲ၊ ရှောလု​ကို ဘာလုပ်ဖို့ စေလွှတ်သလဲ

ကောင်းကင်က အလင်း​တစ်ခု ဝင်း​က​နဲ လက်​သွားပြီး “ရှောလု၊ ရှောလု၊ ငါ့ကို ဘာလို့ နှိပ်စက်​ညှဉ်းဆဲ​နေတာလဲ” ဆိုတဲ့​အသံကို ကြားလိုက်​ရတယ်။ ကောင်းကင်​ကနေ ယေရှု ပြော​နေတာ​လေ။ အဲဒီ​အလင်းဟာ တောက်ပ​လွန်း​အားကြီး​လို့ ရှောလု မျက်စိကွယ်​သွားပါ​လေ​ရော။ ဒါနဲ့ အတူ​ခရီးသွား​သူတွေက ရှောလု​ကို ဒမတ်စကတ်​မြို့​ဆီ တွဲခေါ်​သွားကြတယ်။

သုံးရက်ကြာ​တော့ ယေရှု​က ဒမတ်စကတ်​မြို့မှာ​ရှိတဲ့ တပည့် အာနနိ​ကို စိတ်အာရုံ​ထဲမှာ ထင်ရှားပြ​တယ်။ ရှောလု​ဆီ သွားပါ၊ သူ့​မျက်စိ အလင်း​ပြန်ရအောင် လုပ်​ပေးပါ၊ သူနဲ့ စကား​ပြောပါ​လို့ အာနနိ​ကို ခိုင်း​လိုက်တယ်။ အာနနိ စကားပြော​နေတုန်းမှာ ရှောလုဟာ ယေရှုနဲ့​ပတ်သက်တဲ့ အမှန်တရားကို လက်ခံ​လိုက်တယ်။ မျက်စိလည်း ပြန်မြင်​လာတယ်။ ဘဝ​တစ်ခုလုံး ပြောင်းလဲ​သွားပြီး ဘုရားသခင်ရဲ့ သစ္စာ​ရှိတဲ့ အမှုဆောင်​တစ်ယောက် ဖြစ်လာ​တော့​တယ်။—တမန်တော် ၉:၁-၂၂

ကဲ၊ ရှောလု ဘာဖြစ်လို့ မကောင်းတာတွေ လုပ်ခဲ့တယ်​ဆိုတာ ကလေးတို့ သိပြီ​လား။—​ အမှားတွေ အသင်​ခံခဲ့ရ​လို့​ပေါ့။ ဘုရား​အပေါ် သစ္စာ​မရှိတဲ့ လူတွေ​နောက်ကို လိုက်ခဲ့​မိတယ်။ ပြီးတော့ ဘုရားရဲ့ တရား​စကား​ထက် လူ့​အတွေးအခေါ်​တွေကို အလေးထား​တဲ့ လူစု​ထဲမှာ ပါဝင်ခဲ့တယ်။ ဒါပေမဲ့ တခြား​ဖာရိရှဲတွေက ဘုရားသခင်ကို ဆက်ပြီး ဆန့်ကျင်​ကြပေမဲ့ ရှောလု​ကျတော့ ဘာဖြစ်လို့ သူ့​ဘဝကို ပြောင်းလဲ​ပြီး ကောင်းတာတွေကို လုပ်​လာသလဲ။— အမှန်တရားကို တကယ် မမုန်း​လို့​ပေါ့။ ဒါကြောင့် မှန်တာကို သိလာတဲ့​အခါ လိုက်နာ​ဖို့ အသင့်​ရှိခဲ့တယ်။

ရှောလုဟာ နောက်ပိုင်းမှာ ဘယ်သူ ဖြစ်လာသလဲ သိသလား။— ဟုတ်တာပေါ့၊ ယေရှုရဲ့ တမန်တော်​တစ်ပါး​ဖြစ်တဲ့ တမန်တော်​ပေါလု ဖြစ်လာတယ်။ ပေါလုဟာ တခြားသူတွေ​ထက် ကျမ်းစာရဲ့ ကျမ်းစောင် အတော်များများ ရေးခဲ့​သူ​ဖြစ်တယ်ဆိုတာကို​လည်း မှတ်ထား​ရမယ်နော်။

ရှောလု​လို​ပဲ ပြောင်းလဲ​နိုင်တဲ့​လူတွေ အများကြီး​ရှိတယ်။ လွယ်​တော့ မလွယ်​ဘူး​ပေါ့။ လူတွေကို မကောင်းတာ လုပ်​အောင် အစွမ်းကုန် ကြိုးစား​နေ​သူ ရှိလို့ပါ​ပဲ။ ဘယ်သူ​လဲ သိသလား။— ဒမတ်စကတ်​မြို့ကို သွားတဲ့​လမ်းမှာ ရှောလု​ကို ယေရှု ကိုယ်ထင်ပြ​တဲ့အခါ သူ့​အကြောင်း ပြောခဲ့တယ်။ ယေရှု​က ကောင်းကင်​ကနေ ဒီလို​ပြောခဲ့တယ်– ‘မင်း​က လူတွေကို မျက်စိ ဖွင့်ပေး​ပြီး အမှောင်​ကနေ အလင်း​ဆီ၊ စာတန်ရဲ့ အခွင့်​အာဏာက​နေ ဘုရားသခင်ရဲ့ အခွင့်အာဏာ​ဆီ ပြန်​လှည့်လာ​အောင် လုပ်ပေး​ရမယ်။’—တမန်တော် ၂၆:၁၇၊ ၁၈

ဟုတ်​ပါတယ်၊ လူတွေ မကောင်းတာတွေ လုပ်ဖို့ အားပေးနေ​တဲ့​သူဟာ စာတန်​မာရ်နတ်ပါပဲ။ မှန်တာကို လုပ်ဖို့ ခက်ခဲ​တာ​မျိုး ကြုံဖူးသလား။— တို့အားလုံး ကြုံဖူး​ကြတယ်။ စာတန်​က ခက်​အောင် လုပ်​နေတာ။ မှန်တာကို လုပ်ဖို့ မလွယ်ကူ​ရတဲ့ အကြောင်းရင်း​တစ်ခု ရှိသေးတယ်။ အဲဒီ​အကြောင်းရင်းကို​ရော သိသလား။— အဲဒါကတော့ တို့အားလုံး အပြစ်​ရှိသူတွေ​အဖြစ် မွေးဖွား​လာလို့​ပါပဲ။

အဲဒီ​အပြစ်​တရား​က​ပဲ မှန်တာ လုပ်ဖို့​ထက် မှားတာ လုပ်ဖို့ ပို​လွယ်ကူ​စေ​တာ​လေ။ ဒီတော့ တို့တစ်တွေ ဘာလုပ်ရမလဲ။— ဟုတ်တာပေါ့၊ မှန်တာကို လုပ်ဖို့ တွန်းလှန်​တိုက်ခိုက်​ရမယ်။ အဲဒီလို​လုပ်မယ်ဆိုရင် တို့တစ်တွေကို ချစ်တဲ့ ယေရှု​က ကူညီ​ပေးမှာ သေချာတယ်။

မကောင်းတာတွေ လုပ်ခဲ့ပေမဲ့ ပြုပြင်​ပြောင်းလဲ​သူတွေကို ယေရှု ချစ်ခဲ့တယ်။ ပြောင်းလဲ​ရတာ ဘယ်လောက်​ခက်​မှန်း ယေရှု ကောင်းကောင်း​သိတယ်။ ဥပမာ၊ ယောက်ျား​အများကြီး​နဲ့ အတူ​အိပ်​ဖူး​တဲ့ မိန်းမ​တွေ ရှိခဲ့တယ်။ ဒါဟာ မကောင်းမှု​ပဲ။ အဲဒီလို​မိန်းမတွေကို ပြည့်တန်ဆာ​လို့ ကျမ်းစာက ခေါ်တယ်။

မကောင်းမှု လုပ်ခဲ့တဲ့ ဒီ​မိန်းမကို ယေရှု ဘာဖြစ်လို့ ခွင့်လွှတ်လိုက်သလဲ

တစ်ခါတုန်းက အဲဒီလိုမျိုး မိန်းမ​တစ်ယောက် ယေရှု​အကြောင်းကို ကြား​တော့ ယေရှု ရှိနေတဲ့ ဖာရိရှဲ​တစ်ယောက်ရဲ့ အိမ်ကို လိုက်​သွားတယ်။ အဲဒီ​မိန်းမ​က ယေရှုရဲ့​ခြေ​ပေါ် ဆီ​ကို လောင်း​ပြီး ခြေထောက်​ပေါ် ကျတဲ့ မျက်ရည်တွေ​ကို ဆံပင်​နဲ့ သုတ်​ပေးတယ်။ လုပ်ခဲ့တဲ့​အပြစ်​အတွက် တအား ဝမ်းနည်း​နေတာ​ဖြစ်လို့ သူ့ကို ယေရှု ခွင့်လွှတ်​လိုက်တယ်။ ဒါပေမဲ့ ဖာရိရှဲက အဲဒီ​မိန်းမကို ခွင့်မလွှတ်သင့်​ဘူးလို့ ယူဆတယ်။—လုကာ ၇:၃၆-၅၀

ဖာရိရှဲ​တချို့ကို ယေရှု ဘာ​ပြောခဲ့ဖူးသလဲ ကလေးတို့ သိသလား။— “ပြည့်တန်ဆာ​တွေ​က ခင်ဗျားတို့ထက်​အရင် ဘုရားသခင့် နိုင်ငံတော်ကို ဝင်​ကြ​လိမ့်မယ်” တဲ့။ (မဿဲ ၂၁:၃၁) အဲဒီ​ပြည့်တန်ဆာ​တွေ​က ယေရှုကို ယုံကြည်ပြီး မကောင်းတဲ့ အကျင့်​စရိုက်တွေကို ပြောင်းလဲလိုက်​လို့ ယေရှု အဲဒီလို​ပြောခဲ့တာ။ ဖာရိရှဲတွေ​ကျတော့ ယေရှုရဲ့ တပည့်​တွေ​အပေါ် မကောင်းတာတွေ ဆက်လုပ်​နေကြ​တယ်။

ဒါကြောင့်  တို့တစ်တွေ  လုပ်နေတာဟာ မကောင်း​ဘူးလို့ ကျမ်းစာက​ဆိုရင် လိုလိုလားလား ပြောင်းလဲသင့်တယ်။ ပြီးတော့ ယေဟောဝါ လုပ်စေချင်တာကို သိလာ​ရင်​လည်း အားတက်​သရော လုပ်သင့်တယ်။ အဲဒီလိုလုပ်ရင် တို့တစ်တွေကို ယေဟောဝါ နှစ်သက်​အားရ​ပြီး ထာဝရ​အသက် ပေးလိမ့်မယ်။

မကောင်းတာကို မလုပ်မိအောင် ရှောင်နိုင်ဖို့ ဆာလံ ၁၁၉:၉-၁၁။ ပညာအလိမ္မာ ၃:၅-၇။ ၁၂:၁၅ တို့ကို အတူတူ ဖတ်​ကြရအောင်။