မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၂၇

ကလေးတို့ရဲ့ ဘုရားသခင် ဘယ်သူလဲ

ကလေးတို့ရဲ့ ဘုရားသခင် ဘယ်သူလဲ

ကလေးတို့​ရဲ့ ဘုရားသခင် ဘယ်သူ​လဲ ဆိုတဲ့​မေးခွန်းဟာ ဘာကြောင့် အရေးကြီးသလဲ။— လူတွေက ဘုရား​အများကြီး​ကို ကိုးကွယ်​နေကြလို့ပဲ။ (၁ ကောရိန္သု ၈:၅) မွေး​ကတည်းက လမ်းမ​လျှောက်​ဖူး​တဲ့ လူတစ်ယောက်ကို တမန်တော်​ပေါလုက ယေဟောဝါ​ဆီကရတဲ့ တန်ခိုး​နဲ့ ရောဂါ​ပျောက်ကင်းစေတဲ့​အခါ “နတ်ဘုရား​တွေ လူ​ယောင်ဆောင်​ပြီး ငါ​တို့​ဆီ ဆင်းလာ​တာ​ပဲ” ဆိုပြီး လူတွေ အော်ကြတယ်။ လူတွေက ပေါလုနဲ့ သူ့​မိတ်ဆွေ ဗာနဗ​ကို ကိုးကွယ်​ချင်ကြတယ်။ သူတို့က ပေါလုကို ဟေ​ရ​မေ၊ ဗာနဗ​ကို ဇုသ​လို့ ခေါ်​ကြတယ်။ ဒီ​နာမည်​တွေဟာ မှောက်မှားတဲ့ နတ်ဘုရား​တွေရဲ့ နာမည်တွေပဲ​ကွဲ့။

ဒါပေမဲ့ ပေါလုနဲ့ ဗာနဗ​တို့​က လူတွေရဲ့ ကိုးကွယ်မှု​ကို မခံ​ဘူးကွဲ့။ လူအုပ်​ကြားထဲ ပြေးဝင်​ပြီး ‘အချည်းနှီး​ဖြစ်တဲ့ ဒီ​အရာတွေကို စွန့်လွှတ်​ပြီး အသက်ရှင်​နေတဲ့ ဘုရားသခင်ကို ဝတ်ပြု​ကိုးကွယ်ပါ’ ဆိုပြီး ပြော​လိုက်တယ်။ (တမန်တော် ၁၄:၈-၁၅) အရာခပ်သိမ်း​ကို ဖန်ဆင်းတဲ့အရှင် “အသက်ရှင်​နေတဲ့ ဘုရားသခင်” က ဘယ်သူ​လဲ။— ဟုတ်တယ်၊ “မြေတစ်ပြင်လုံးမှာ အမြင့်မြတ်ဆုံး​အရှင်” ယေဟောဝါပဲ​ပေါ့။ ယေရှု​က ယေဟောဝါကို “တစ်ဆူတည်းသော စစ်မှန်တဲ့ ဘုရားသခင်” ဆိုပြီး ခေါ်ထားတယ်။ ဒီတော့ ဘယ်သူကသာ ကိုးကွယ်မှု​ကို ရထိုက်သလဲ။— ယေဟောဝါ တစ်ပါးတည်း​ပဲ​ပေါ့။—ယေရမိ ၃၃:၂။ ဆာလံ ၈၃:၁၈။ ယောဟန် ၁၇:၃။ ဗျာဒိတ် ၄:၁၁

လူတွေ ပျပ်ဝပ်​ကိုးကွယ်တာကို ပေါလုနဲ့ ဗာနဗ​တို့ ဘာဖြစ်လို့ ခွင့်မပြု​တာလဲ

လူအများ​က “တစ်ဆူတည်းသော စစ်မှန်တဲ့ ဘုရားသခင်” ကို မကိုးကွယ်​ကြ​ဘဲ နတ်ဘုရား​တွေကို ကိုးကွယ်​ကြတယ်။ အများအားဖြင့် သစ်သား၊ ကျောက်၊ သတ္တု​တွေ​နဲ့​လုပ်တဲ့ အရာတွေကို ကိုးကွယ်​ကြတယ်။ (ထွက်မြောက်ရာ ၃၂:၄-၇။ ဝတ်ပြုရာ ၂၆:၁။ ဟေရှာယ ၄၄:၁၄-၁၇) နာမည်ကျော်​ကြားတဲ့ ယောက်ျား၊ မိန်းမတွေကိုတောင် ကြယ်ပွင့်၊ အသည်းကျော်၊ ဘုရား​လို သဘောထား​ပြီး ကိုးကွယ်​ကြ​သေးတာပဲ။ လူတွေကို ဒီလိုမျိုး ကြည်ညိုဂုဏ်​ပြု​တာ​ဟာ မှန်​ပါ့မလား။—

ရှောလုဟာ တမန်တော်​ပေါလု ဖြစ်လာပြီး​နောက်ပိုင်း “ဒီ​လောကစနစ်ရဲ့ ဘုရားက မယုံကြည်​သူတွေရဲ့ ဉာဏ်​မျက်စိ​ကို ကွယ်​စေ” တယ်လို့ ရေးခဲ့တယ်။ (၂ ကောရိန္သု ၄:၄) ဒီ​ဘုရားက ဘယ်သူ​လဲ။— ဟုတ်တယ်၊ စာတန်​မာရ်နတ်ပဲ​ပေါ့။ စာတန်​က လူတွေ၊ အရာဝတ္ထု​တွေကို ကိုးကွယ်​အောင် လူတွေကို လှည့်စား​နိုင်ခဲ့တယ်။

စာတန်​က ရှိခိုး​ဦးချဖို့ သွေးဆောင်တဲ့​အခါ ယေရှု ဘာ​ပြောခဲ့သလဲ။— “ယေဟောဝါ​ဘုရားကို ကိုးကွယ်​ရမယ်။ ကိုယ်တော်​တစ်ပါးတည်းကိုပဲ ဝတ်ပြု​ရမယ်။” (မဿဲ ၄:၁၀) ဝတ်ပြု​ကိုးကွယ်မှု​ကို ယေဟောဝါ တစ်ပါးတည်းသာ ရထိုက်​ကြောင်း ယေရှု ပြတ်ပြတ်သားသား ပြောခဲ့တယ်။ ဒါကို​သိတဲ့ လူငယ်​တချို့​အကြောင်း ဖတ်​ကြည့်ရအောင်။ သူတို့​နာမည်က​တော့ ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါ လို့​ခေါ်တယ်။

ဒီ​ဟီဘရူး​လူငယ်လေး​တွေဟာ အစ္စရေး နိုင်ငံသားတွေ ဖြစ်ပြီး ဗာဗုလုန်ပြည်​ကို သုံ့ပန်း​အဖြစ် ဖမ်းသွား​ခံရသူတွေ​ပေါ့။ ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ​က အင်မတန်​ကြီးတဲ့ ရွှေရုပ်​တု​တစ်ခု တည်ထား​တယ်။ တစ်နေ့မှာ တေးသံစုံ တီးမှုတ်​လိုက်တာနဲ့ အဲဒီ​ရွှေရုပ်​တု​ကြီး​ကို လူတိုင်း ဦးချ​ရှိခိုး​ရမယ်လို့ အမိန့်ထုတ်​တယ်။ ‘ဦး​မချ ဝတ်​မပြုတဲ့​သူကို တောက်လောင်​နေတဲ့ မီးဖို​ကြီး​ထဲ ပစ်ချ​မယ်’ ဆိုပြီး ကြေညာတယ်။ ကလေးတို့သာ​ဆိုရင် ဘာလုပ်မလဲ။—

ရုပ်တုကြီး​ကို သူတို့ ဘာဖြစ်လို့ ဦး​မချ ဝတ်​မပြု​ကြတာလဲ

ခါ​တိုင်း​ဆိုရင် ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါ​တို့ဟာ ဘုရင့်​အမိန့်တော်​အတိုင်း အမြဲတမ်း လိုက်နာ​ဆောင်ရွက်တယ်။ ဒီ​တစ်ခါ​တော့ မလိုက်နာ​ကြဘူး။ ဘာကြောင့်လဲ သိသလား။— ဘုရားရဲ့​ပညတ်​မှာ ‘ငါက​လွဲလို့ တခြား​ဘုရား​တွေကို မကိုးကွယ်​နဲ့။ ရုပ်တုဆင်းတု​ကို မလုပ်နဲ့။ အဲဒါတွေကို ဦး​မချ။ ဝတ်​မပြု​နဲ့’ ဆိုပြီး မှာ​ထားလို့ပါ​ပဲ။ (ထွက်မြောက်ရာ ၂၀:၃-၅) ဒါကြောင့် ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါ​တို့ဟာ ဘုရင့်​အမိန့်​ထက် ယေဟောဝါရဲ့ ပညတ်တော်ကို နာခံ​ကြတယ်။

ဘုရင်ကြီး​ဟာ အကြီးအကျယ် ဒေါသ​ထွက်ပြီး ဟီဘရူး​လူငယ် သုံးယောက်ကို ချက်ချင်း ရှေ့တော်သွင်း​ခိုင်းတယ်။ ‘မင်းတို့​က ငါ့​ဘုရား​တွေကို ဝတ်​မပြု​ကြဘူး​ဆို ဟုတ်​လား။ အခွင့်အရေး နောက်​တစ်ခါ ပေးမယ်။ တီးမှုတ်​သံ ကြား​တာ​နဲ့ ငါ​တည်ထားတဲ့ ရုပ်တုကို ဦးချ​ရှိခိုး​ရမယ်။ မဟုတ်​ရင်​တော့ တောက်လောင်​နေတဲ့ မီးဖို​ကြီး​ထဲ ပစ်ချ​မယ်။ ဘယ်​ဘုရားက ငါ့​လက်ကနေ မင်းတို့ကို ကယ်တင်​နိုင်မလဲ’ ဆိုပြီး မေးခွန်းထုတ်​လိုက်တယ်။

အဲဒီ​လူငယ်တွေ ဘာလုပ်ကြမလဲ။ ကလေးတို့သာ ဆိုရင်ကော ဘာလုပ်ကြမလဲ။— သူတို့က ‘ကျွန်တော်တို့ ကိုးကွယ်တဲ့ ဘုရားသခင်က ကျွန်တော်တို့ကို ကယ်တင်​နိုင်ပါတယ်။ မ​ကယ်တင်ခဲ့​ရင်တောင် မင်းကြီးရဲ့ ဘုရား​တွေကို ကျွန်တော်တို့ ကိုးကွယ်​မှာ မဟုတ်ဘူး။ မင်းကြီး တည်ထားတဲ့ ရွှေ​ရုပ်တုကို​လည်း ဝတ်ပြုမှာ မဟုတ်ဘူး’ ဆိုပြီး ပြန်​ပြော​ကြတယ်။

ဘုရင်ကြီး အကြီးအကျယ် ဒေါသ​ထွက်တာ​ပေါ့။ ‘မီးဖို​ကို အခု​ထက် ခုနစ်ဆ ပူ​အောင်​လုပ်’ လို့ အမိန့်​ပေးတယ်။ ပြီးတော့ ရှာဒရက်၊ မေရှက်​နဲ့ အဗေဒနေဂေါ​တို့ကို တုတ်​နှောင်​ပြီး မီးဖို​ကြီး​ထဲ ပစ်ချဖို့ ခွန်အားကြီး စစ်သည်​တချို့ကို အမိန့်​ပေးတယ်။ မီးဖို​ကြီး​က အပူရှိန်​ပြင်း​လွန်း​လို့ စစ်သည်​တချို့ မီး​ဟပ်​ပြီး သေကုန်ကြတယ်။ ဟီဘရူး​လူငယ် သုံးယောက်​ကော ဘယ်လို​ဖြစ်သွားသလဲ။

ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါ​တို့ဟာ မီးဖို​အလယ်​တည့်တည့်​ကို ကျသွား​ပေမဲ့ ပြန်ထ​လာကြတယ်။ အထိအခိုက် မရှိဘူး။ ကြိုး​တုတ်​နှောင်​ထားတာလည်း မရှိတော့ဘူး။ ဘယ်လို ဖြစ်နိုင်မှာလဲ။— ဘုရင်ကြီး​က မီးဖို​ထဲ​ကို ကြည့်ပြီး လန့်ဖျပ်​သွားတယ်။ ‘လူ​သုံးယောက်ကို မီး​ထဲ​ချ​လိုက်တာ မဟုတ်လား’ လို့ မေးလိုက်​တော့ မင်း​အရာရှိတွေ​က “မှန်လှပါ၊ အရှင်မင်းကြီး” ဆိုပြီး ဖြေကြတယ်။

ယေဟောဝါ​က သူ့​လူတွေကို တောက်လောင်​နေတဲ့ မီးဖို​ကြီး​ထဲ​ကနေ ဘယ်လို ကယ်တင်ခဲ့သလဲ

ဘုရင်ကြီး​က ‘ကြည့်ကြ​စမ်း။ မီး​ထဲမှာ လူ​လေးယောက် လမ်းလျှောက်​နေတာ ငါ​မြင်ရတယ်။ တစ်ယောက်ကို​မှ မီး​မထိ​ဘူး’ ဆိုပြီး ပြောတယ်။ စတုတ္ထ​လူဟာ ဘယ်သူ​လဲ သိသလား။— ယေဟောဝါရဲ့ ကောင်းကင်တမန်​ပဲ​ပေါ့။ ဟီဘရူး​လူငယ်​သုံးယောက် အနာတရ​မဖြစ်အောင် ကာကွယ်​ပေးခဲ့တာ။

ဒါကို​မြင်​တော့ ဘုရင်ကြီး​က မီးဖို​ကြီးရဲ့ တံခါး​နား​ကို သွားပြီး “ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါ​တို့၊ အမြင့်ဆုံး ဘုရားသခင်ရဲ့ ကျွန်​တို့၊ ထွက်လာ​ကြ” ဆိုပြီး ခေါ်​လိုက်တယ်။ ထွက်လာတဲ့​အခါ သူတို့ကို လုံးဝ မီး​မထိ​မှန်း လူတိုင်း တွေ့ရတယ်။ သူတို့​ကိုယ်​မှာ မီးသင်း​နံ့​တောင် မရကြဘူး။ အဲဒီအခါ ဘုရင်ကြီး​က ‘ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါ​တို့ရဲ့ ဘုရားသခင်ကို ချီးမွမ်းကြ။ အဲဒီ​ဘုရားက ကောင်းကင်တမန်​ကို လွှတ်​ပြီး သူ့​ကျွန်တွေကို ကယ်တင်​လိုက်တာပဲ။ သူတို့က တခြား​ဘုရားကို ကိုးကွယ်မယ့်​အစား ကိုယ့်​ဘုရားသခင်ကိုပဲ ကိုးကွယ်​ကြတယ်’ ဆိုပြီး ပြောခဲ့တယ်။—ဒံယေလ အခန်းကြီး ၃

ခု​ချိန်မှာ ဘယ်လို​ရုပ်တု တွေကို လူတွေ ကြည်ညို ဂုဏ်​ပြု​နေ ကြသလဲ

အဲဒီတုန်းက ဖြစ်ပျက်ခဲ့တာ​တွေ​ကနေ တို့တစ်တွေ သင်ခန်းစာ ယူ​နိုင်တယ်။ ခုခေတ်​မှာလည်း လူတွေက ကိုးကွယ်​စ​ရာ ရုပ်တုဆင်းတု​တွေကို တည်ထား​ကြတယ်။ “အလံသည် လက်ဝါးကပ်တိုင်​နည်းတူ အလေးအမြတ် ထား​အပ်သော​အရာ ဖြစ်သည်” ဆိုပြီး အမေရိကန် စွယ်စုံကျမ်း​က ဆိုတယ်။ ရုပ်တုဆင်းတု​တွေကို သစ်သား၊ ကျောက်၊ သတ္တု​တွေ​နဲ့ လုပ်နိုင်သလို အထည်​ပိတ်စ​နဲ့​လည်း လုပ်​နိုင်တယ်။ ယေရှုရဲ့ ကနဦး တပည့်တွေဟာ ရောမ ဧကရာဇ်မင်း​ကို ရှိခိုး​ကိုးကွယ်တဲ့ အပြုအမူတွေ လုံးဝ မ​လုပ်ခဲ့ကြ​ဘူး။ အဲဒီလို ငြင်းပယ်ခြင်း​ကို ဒီ​က​နေ့ “အလံ​ကို အလေးပြုခြင်း သို့​မဟုတ် တိုင်းပြည်​အပေါ် သစ္စာစောင့်သိ​ပါ​မည်​ဟု သစ္စာဆို​ခြင်း မပြုခြင်း” နဲ့ နှိုင်းယှဉ်နိုင်​တယ်လို့ သမိုင်း​ပညာရှင် ဒန်​နီ​ယယ် မန်​နစ်​က ဆိုတယ်။

ဒါကြောင့် ဘာသာရေး ရုပ်တု​တစ်ခုကို သစ်၊ ကျောက်၊ သတ္တု​နဲ့​ပဲ လုပ်​လုပ်၊ အထည်​စ​နဲ့​ပဲ လုပ်​လုပ် ဘုရားသခင့် အမြင်မှာ ခြားနားမှု ရှိတယ်လို့ ကလေးတို့ ထင်သလား။— ယေဟောဝါကို ဝတ်ပြုသူ​တစ်ဦး​အနေနဲ့ အဲဒီလိုမျိုး ရုပ်တု​ရှေ့ ရှိခိုး​ကိုးကွယ်တဲ့ အ​ပြု​အမူ​မျိုး လုပ်လို့​ရသလား။— ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါ​တို့ အဲဒီလို မ​လုပ်ကြ​လို့ ယေဟောဝါ စိတ်တော် ပျော်ရွှင်ခဲ့တယ်။ သူတို့ရဲ့ စံနမူနာကို ကလေးတို့ ဘယ်လို အတုယူ​နိုင်မလဲ။—

ယေဟောဝါကို ဝတ်ပြု​သူတွေဟာ လူ​ပုဂ္ဂိုလ် ဒါမှမဟုတ် တခြား​အရာတွေကို ကိုးကွယ်​လို့ မရဘူး။ ဒီအကြောင်း​နဲ့​ပတ်သက်ပြီး ယောရှု ၂၄:၁၄၊ ၁၅၊ ၁၉-၂၂။ ဟေရှာယ ၄၂:၈။ ၁ ယောဟန် ၅:၂၁။ ဗျာဒိတ် ၁၉:၁၀ တို့မှာ ဘယ်လို ပြော​ထားသလဲဆိုတာ ဖတ်ကြည့်ပါ။