မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၂၉

ပါတီပွဲအားလုံးကို ဘုရားသခင် ကြိုက်သလား

ပါတီပွဲအားလုံးကို ဘုရားသခင် ကြိုက်သလား

ဒီ​ပါတီပွဲ​ကို ဘုရားသခင် ဘာဖြစ်လို့ သဘောကျသလဲ

ကလေးတို့ ပါတီပွဲ တက်​ချင်​ကြသလား။— ပါတီပွဲ​တွေဟာ ပျော်စရာ သိပ်​ကောင်း​နိုင်တယ်။ ကြီးမြတ်တဲ့​ဆရာက တို့တစ်တွေကို ပါတီပွဲ တက်​စေချင်တယ်​လို့ ထင်သ​လား။— ပါတီပွဲ​လို့ ခေါ်​နိုင်တဲ့ မင်္ဂလာဆောင်ပွဲ​တစ်ခုကို ယေရှု​ကိုယ်တိုင် တက်ခဲ့တယ်။ ယေရှု​နဲ့အတူ တပည့်​တချို့လည်း တက်ခဲ့တယ်။ ယေဟောဝါဟာ “ပျော်ရွှင်တဲ့ ဘုရားသခင်” ဖြစ်တာမို့ သင့်မြတ်​လျော်​ကန်​တဲ့ ပါတီပွဲ​မျိုးမှာ ပျော်မွေ့ကြတာကို ဘုရားသခင် ကြိုက်​ပါတယ်။—၁ တိမောသေ ၁:၁၁။ ယောဟန် ၂:၁-၁၁

ဒီ​စာအုပ်ရဲ့ စာမျက်နှာ ၂၉ မှာ အစ္စရေး​လူမျိုး ဖြတ်သွား​ဖို့ ပင်လယ်နီ​ကို ယေဟောဝါ ခွဲ​လိုက်တဲ့​အကြောင်း ပြော​ထားတယ်။ အဲဒီ​အကြောင်း ဖတ်​ခဲ့တာကို မှတ်မိ​သေးသလား။— ပင်လယ်နီ​ကို ဖြတ်ပြီးနောက်​မှာ အစ္စရေး​လူမျိုးဟာ သီဆို​ကခုန်​ပြီး ယေဟောဝါရဲ့ ကျေးဇူးတော်ကို ချီးမွမ်းခဲ့​ကြတယ်။ ပါတီပွဲ တစ်ခု​လို​ပါပဲ။ လူတွေက သိပ်​ပျော်​ကြတယ်။ ဘုရားသခင်လည်း ပျော်မယ်ဆိုတာ သေချာတယ်။—ထွက်မြောက်ရာ ၁၅:၁၊ ၂၀၊ ၂၁

နှစ်ပေါင်း ၄၀ နီးပါး​လောက် ကြာ​တော့ အစ္စရေး​လူမျိုးဟာ တခြား ပါတီပွဲ​ကြီး​တစ်ခုကို သွား​တက်​ကြတယ်။ ဒီ​တစ်ခါ သူတို့ကို ဖိ​တ်​တဲ့ လူမျိုးဟာ ယေဟောဝါကို​တောင် ကိုးကွယ်​ကြ​တာ မဟုတ်ဘူး။ တကယ်​ဆိုရင် အဲဒီ​လူမျိုးဟာ တခြား နတ်ဘုရား​တွေကို ကိုးကွယ်တဲ့​အပြင် ကိုယ်​နဲ့ လက်မ​ထပ်​ထားတဲ့ လူတွေနဲ့​လည်း လိင်ဆက်ဆံ​ကြတယ်။ ဒီလိုမျိုး ပါတီပွဲ​ကို သွားသင့်တယ်လို့ ထင်သလား။— ဒီလို​သွားတာကို ယေဟောဝါ မကြိုက်​လို့ အစ္စရေး​လူမျိုးကို ဒဏ်ခတ်​ခဲ့​တယ်။—တောလည်ရာ ၂၅:၁-၉။ ၁ ကောရိန္သု ၁၀:၈

ကျမ်းစာမှာ မွေးနေ့​ပါတီပွဲ နှစ်ခု​အကြောင်းလည်း ပြော​ထားတယ်။ အဲဒီ​ထဲ​က​တစ်ခုဟာ ကြီးမြတ်​တဲ့​ဆရာရဲ့ မွေးနေ့​အတွက် ကျင်းပတာ​လား။— မဟုတ်ဘူး။ မွေးနေ့​ပါတီပွဲ နှစ်ခုစလုံး​ဟာ ယေဟောဝါကို ဝတ်​မပြုတဲ့ လူတွေ​အတွက် ကျင်းပတာ။ တစ်ခုက ဘုရင် ဟေရုဒ် အန္တိပ​အတွက် မွေးနေ့ပွဲ။ ဟေရုဒ် အန္တိပ​ဟာ ဂါလိလဲ​နယ်​မှာ ယေရှု နေထိုင်​တုန်း​က အဲဒီ​နယ်​ကို အုပ်ချုပ်တဲ့​မင်း ဖြစ်တယ်။

ဟေရုဒ်​ဘုရင်ဟာ မကောင်းမှုတွေ အများကြီး လုပ်ခဲ့တယ်။ သူ့​ညီ​ရဲ့​မိန်းမကို သိမ်းပိုက်​တယ်။ အဲဒီ​မိန်းမရဲ့ နာမည်က ဟေရောဒိ လို့​ခေါ်တယ်။ ဘုရားသခင်ကို ကိုးကွယ်တဲ့ နှစ်ခြင်း​ဆရာ ယောဟန်​က အဲဒီလိုလုပ်​တာ​ဟာ မကောင်း​ဘူးဆိုပြီး ဟေရုဒ်​ကို ပြောတယ်။ ဟေရုဒ်​က ယောဟန် ပြောတာကို မကြိုက်ဘူး။ ဒါကြောင့် ယောဟန်​ကို ထောင်​ထဲမှာ ချုပ်​ထား​လိုက်တယ်။—လုကာ ၃:၁၉၊ ၂၀

ယောဟန် ထောင်​ထဲမှာ ရှိနေတုန်း ဟေရုဒ်ရဲ့ မွေးနေ့ပွဲ ကျင်းပမယ့်​နေ့ ရောက်လာတယ်။ ဟေရုဒ်​လည်း ပါတီပွဲ အကြီးအကျယ် လုပ်တာ​ပေါ့။ ပြီးတော့ လူကုံထံ​တွေ အများကြီး ဖိတ်တယ်။ ဒါနဲ့ စား​ကြ၊ သောက်​ကြ၊ ပျော်ပါးကြတာပေါ့။ အဲဒီအခါ ဟေရောဒိ​ရဲ့ သမီး​က ထွက်လာပြီး က​ပြ​ဖျော်ဖြေ​တယ်။ သူက​တာ​ကို လူတိုင်း သဘောကျကြတယ်။ ဟေရုဒ်​ဘုရင်လည်း သိပ်သဘောကျ​တာ​နဲ့ အထူး​ဆု​ကြီး​တစ်ခု ပေးချင်​စိတ် ပေါက်​လာတယ်။ ဒါနဲ့ “ဘာပဲ​တောင်း​တောင်း နိုင်ငံ​တစ်ဝက်​အထိ ငါ​ပေးမယ်” ဆိုပြီး အဲဒီ​မိန်းကလေးကို ပြော​လိုက်တယ်။

သူ ဘာ​တောင်း​မလဲ။ ငွေ​လား။ အဝတ်အစား လှလှလေး​တွေ​လား။ ကိုယ်ပိုင်​နန်းတော် တစ်ဆောင်​လား။ မိန်းကလေး​က ဘာ​တောင်း​ရ​မှန်း မသိ​ဘူး။ ဒါနဲ့ သူ့​အမေ ဟေရောဒိ​ဆီ​သွားပြီး “ဘာ​တောင်း​ရင် ကောင်းမလဲ” ဆိုပြီး မေးတယ်။

ဟေရောဒိ​ဟာ နှစ်ခြင်း​ဆရာ ယောဟန်​ကို သိပ်​မုန်းတယ်။ ဒါကြောင့် သမီးကို ယောဟန်ရဲ့​ခေါင်း တောင်းခိုင်း​လိုက်တယ်​ကွဲ့။ မိန်းကလေး​က​လည်း ဘုရင်​ဆီ ပြန်သွားပြီး “နှစ်ခြင်း​ပေးသူ ယောဟန်ရဲ့​ခေါင်းကို အခုပဲ လင်ပန်း​ထဲ ထည့်ပေး​စေ​ချင်​ပါတယ်” ဆိုပြီး တောင်း​လိုက်တယ်။

ဟေရုဒ်​ဘုရင်​က ယောဟန်ဟာ သူတော်ကောင်း​ဖြစ်မှန်း သိတဲ့​အတွက် ယောဟန်​ကို မသတ်ချင်ဘူး။ ဒါပေမဲ့ ကတိ​ပေးပြီးသား ဖြစ်နေပြီ​လေ။ ပြီးတော့ သူ​စိတ်ပြောင်း​လိုက်ရင် ပါတီပွဲ​တက်​တဲ့​လူတွေက သူ့ကို ဘယ်လို ထင်​မလဲ​ဆိုတာကို စိုးရိမ်တယ်။ ဒါကြောင့် လူတစ်ယောက်ကို ထောင်​ထဲ​လွှတ်​ပြီး ယောဟန်ရဲ့​ခေါင်းကို ဖြတ်​ခိုင်း​လိုက်တယ်။ မကြာမီ အဲဒီ​လူ ပြန်​ရောက်လာတယ်။ ယောဟန်​ရဲ့​ခေါင်းကို လင်ပန်း​နဲ့ ယူလာ​ပြီး မိန်းကလေးကို ပေး​လိုက်တယ်။ မိန်းကလေး​က​လည်း သူ့​အမေကို သွား​ပေး​လိုက်တယ်။—မာကု ၆:၁၇-၂၉

ကျမ်းစာ ပြောတဲ့ မွေးနေ့​ပါတီပွဲ နောက်တစ်ခုလည်း ဒီ့ထက်ပိုပြီး မကောင်း​ပါဘူး။ အီဂျစ်​ဘုရင်​တစ်ပါးရဲ့ မွေးနေ့​ပါတီပွဲ​ပါ။ အဲဒီ​ပါတီပွဲမှာ​လည်း ရှင်ဘုရင်​က လူတစ်ယောက်ရဲ့​ခေါင်းကို ဖြတ်​ခဲ့​တယ်။ ပြီးတော့ အဲဒီ​လူကို ငှက်တွေ​စားဖို့ တိုင်​မှာ ချိတ်​ထား​လိုက်တယ်။ (ကမ္ဘာဦး ၄၀:၁၉-၂၂) ဒီ​ပါတီပွဲ​နှစ်ခု​ကို ဘုရားသခင် သဘောကျ​မယ်​လို့ ကလေးတို့ ထင်သလား။— အဲဒီလို​ပွဲတွေမှာ ပါဝင်ချင်​ကြသလား။—

ဟေရုဒ်​မင်းရဲ့ မွေးနေ့​ပါတီ​မှာ ဘာဖြစ်​ပျက်​ခဲ့သလဲ

ကျမ်းစာမှာ ရေးထားသမျှ​ဟာ သူ့​အကြောင်းရင်း​နဲ့​သူ ရှိတယ်။ မွေးနေ့​ပါတီပွဲ နှစ်ခု​အကြောင်း​ပဲ ဖော်ပြ​ထားတယ်။ ပြီးတော့ နှစ်ခုစလုံး​မှာ ပါတီပွဲ​ရဲ့ အစိတ်အပိုင်း​အနေနဲ့ မကောင်းမှုတွေ လုပ်ဆောင်ခဲ့တယ်။ ဒါကြောင့် မွေးနေ့​ပါတီပွဲ​တွေ အကြောင်း​နဲ့​ပတ်သက်ပြီး ဘုရားသခင်က တို့တစ်တွေကို ဘာ​ပြောပြ​နေတယ်လို့ ကလေးတို့ ပြောမလဲ။ ဘုရားသခင်က တို့တစ်တွေကို​လည်း မွေးနေ့ပွဲ​တွေ ကျင်းပ​စေ​ချင်သလား။—

ဒီ​က​နေ့ အဲဒီလို​ပါတီပွဲ​တွေ​မှာ လူတွေရဲ့​ခေါင်းကို မ​ဖြတ်​တာ​ကတော့ ဟုတ်​ပါတယ်။ ဒါပေမဲ့ မွေးနေ့​ပါတီ​လုပ်တဲ့ ဒီ​အယူအဆ​ဟာ မှန်တဲ့​ဘုရားသခင်ကို မကိုးကွယ်တဲ့ လူတွေဆီက စ​ခဲ့တာပါ။ ကျမ်းစာထဲမှာ ဖော်ပြ​ထားတဲ့ မွေးနေ့ပွဲတွေနဲ့​ပတ်သက်ပြီး ကက်သလစ် စွယ်စုံကျမ်း​က ဒီလို​ဆိုထားတယ်– “အပြစ်သား​များသာ . . . ၎င်း​တို့ မွေးဖွားသည့်​နေ့တွင် ပျော်ပွဲရွှင်ပွဲ ခမ်းခမ်းနားနား ကျင်းပ​ကြ​သည်။” တို့တစ်တွေလည်း အဲဒီ​အပြစ်သားတွေ​လို လိုက်လုပ်​ချင်သလား။—

ကြီးမြတ်တဲ့​ဆရာကော ဘယ်လို​လဲ။ သူ့​မွေးနေ့​ပွဲကို ကျင်းပခဲ့သလား။— မ​ကျင်းပ​ဘူးကွဲ့။ ကျမ်းစာ​က ယေရှုရဲ့ မွေးနေ့​ပါတီပွဲ​အကြောင်း ဘာမှ ပြော​မထားဘူး။ တကယ်​ဆိုရင် ယေရှုရဲ့ စောစော​ပိုင်း​က တပည့်တွေဟာ ယေရှုရဲ့​မွေးနေ့​ပွဲကို မကျင်းပခဲ့​ကြဘူး။ နောက်ပိုင်း​မှ လူတွေက ယေရှုရဲ့​မွေးနေ့ပွဲ ကျင်းပ​ဖို့ ဒီဇင်ဘာလ ၂၅ ရက်ကို ဘာဖြစ်လို့ ရွေးချယ်ခဲ့တယ်​ဆိုတာ ကလေးတို့ သိကြသလား။—

အဲဒီနေ့ကို ရွေး​ရတာက​တော့ ကမ္ဘာ့​စာအုပ် စွယ်စုံကျမ်း ပြောတဲ့​အတိုင်း “ထို​နေ့သည် ရောမတို့​၏ လယ်ယာ​စိုက်ပျိုး​မှု နတ်ဘုရား​၏ အထိမ်းအမှတ်ပွဲ ဖြစ်သည့်​အပြင် ရောမ​လူမျိုးသည် ထို​နေ့တွင် နေ​၏​မွေးနေ့​ပွဲကို ကျင်းပ​ကြသည်။” လက်​စသတ်​တော့ လူတွေက တိတ္ထိ​တွေရဲ့ အားလပ်ရက်​ကို ယေရှုရဲ့ မွေးနေ့​အဖြစ် ရွေးချယ်​ပြီး ပွဲ​လုပ်ကြ​တာ​ကိုး။

ယေရှုဟာ ဒီဇင်ဘာလ​ထဲမှာ မွေး​တာ မဖြစ်နိုင်ဘူး​ဆိုတာ ကလေးတို့ သိသလား။— ယေရှု​မွေး​တုန်း​က သိုးထိန်းတွေဟာ ည​အခါ ကွင်းပြင်မှာ သိုးကျောင်း​နေကြ​တယ်လို့ ကျမ်းစာက ဆို​ထားလို့​ပဲ။ (လုကာ ၂:၈-၁၂) ဒီဇင်ဘာလ​လို ချမ်း​က​လည်း ချမ်း၊ မိုးကလည်း​ရွာ​တဲ့ အချိန်​အခါမျိုးမှာ သိုးထိန်း​တွေဟာ ကွင်းပြင်မှာ ရှိနေကြမှာ မဟုတ်ဘူး။

ယေရှုရဲ့ မွေးနေ့​ဟာ ဘာဖြစ်လို့ ဒီဇင်ဘာလ ၂၅ ရက်​နေ့ မဖြစ်​နိုင်သလဲ

ခရစ္စမတ်နေ့​ဟာ ယေရှုရဲ့​မွေးနေ့ မဟုတ်ဘူးဆိုတာ လူ​တော်​တော်​များများ သိကြတယ်။ ပြီးတော့ တိတ္ထိ​တွေ​က အဲဒီ​နေ့မှာ ဘုရားသခင် မကြိုက်​တဲ့​ပွဲ ကျင်းပ​ကြတယ် ဆိုတာကို​တောင် သိကြ​တယ်။ ဒါပေမဲ့ ခရစ္စမတ်​ပွဲကို ဆက်လုပ်​ကြတယ်။ သူတို့ဟာ ဘုရားသခင် ကြိုက်သလား၊ မကြိုက်ဘူး​လား ဆိုတာ​ထက် ပါတီပွဲမှာ ပျော်​ဖို့​လောက်​ပဲ စဉ်းစား​ကြတယ်။ ဒါပေမဲ့ တို့တစ်တွေ​ကျတော့ ဘုရားသခင် ကြိုက်တာကို​ပဲ လုပ်ချင်ကြတယ်၊ ဟုတ်တယ် မဟုတ်လား။—

ဒီတော့ ပါတီပွဲ​တစ်ခု လုပ်​တော့​မယ်​ဆိုရင် ဘုရားသခင် ကြိုက်သလား၊ မကြိုက်ဘူး​လား​ဆိုတာ သေသေချာချာ အရင်​သိထားဖို့ လို​မယ်​နော်။ တစ်နှစ်​အတွင်း ဘယ်​ရက်မှာ​မဆို လုပ်​နိုင်တယ်။ နေ့ထူးနေ့မြတ်​တစ်ခုကို စောင့်နေစရာ မလိုဘူး။ အထူး​ချက်ပြုတ်​တဲ့ အစားအစာကို စားနိုင်သလို ပျော်ရွှင်​စရာတွေ ကစား​နိုင်တယ်။ အဲဒီလို​လုပ်တာ ကြိုက်သလား။— ကလေးတို့​ရဲ့ မိဘကို ပြောပြပြီး သူတို့​အကူအညီ​နဲ့ ပါတီပွဲ လုပ်ဖို့ စီစဉ်​နိုင်တယ်။ ဒါဆိုရင် သိပ်​ပျော်စရာ ကောင်းမှာ​ပဲ၊ ဟုတ်တယ် မဟုတ်လား။— ဒါပေမဲ့ ပါတီပွဲ​အတွက် အစီအစဉ် မ​လုပ်​ခင်မှာ ဘုရားသခင် ကြိုက်သလား၊ မကြိုက်ဘူး​လား ဆိုတာ သိအောင် လုပ်ရမယ်။

ဘုရား​ကြိုက်​တဲ့ ပါတီပွဲ ဟုတ်မဟုတ် ဘယ်လို သိနိုင်သလဲ

ဘုရားသခင် ကြိုက်တာကို အမြဲတမ်း လုပ်ဖို့ အရေးကြီးတဲ့​အကြောင်းကို ပညာအလိမ္မာ ၁၂:၂။ ယောဟန် ၈:၂၉။ ရောမ ၁၂:၂။ ၁ ယောဟန် ၃:၂၂ တို့မှာ​လည်း ဖော်ပြ​ထားတယ်။