မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၃၁

နှစ်သိမ့်မှု တွေ့နိုင်တဲ့နေရာ

နှစ်သိမ့်မှု တွေ့နိုင်တဲ့နေရာ

ကလေးတို့ တစ်ခါတလေ ဝမ်းနည်းပြီး အထီးကျန်​တာ​မျိုး ဖြစ်ဖူးသလား။— ကိုယ့်ကို ချစ်တဲ့​သူ​မှ ရှိရဲ့လား​လို့ တွေးမိ​ဖူးသလား။— တချို့က​လေး​တွေ ဒီလိုမျိုး ဖြစ်​ဖူး​ကြတယ်။ ဒါပေမဲ့ ဘုရားသခင်က “ငါကတော့ မင်းကို ဘယ်တော့မှ မမေ့ဘူး” ဆိုပြီး ကတိ​ပေးထားတယ်။ (ဟေရှာယ ၄၉:၁၅) ဒီ​ကတိ​ကို သိလိုက်​ရတော့ ဝမ်းမသာ​ဘူး​လား။— ယေဟောဝါ​ဘုရားဟာ တို့တစ်တွေကို တကယ်​ချစ်တာကွဲ့။

ပျောက်​နေတဲ့ ဒီ​သိုးကလေး ဘယ်လို​ခံစား​နေရမယ်​လို့ ထင်သလဲ

“မိရင်းဖရင်း​က ကျွန်တော့်ကို စွန့်ပစ်ခဲ့​ရင်တောင် ယေဟောဝါ လက်ခံ​ထား​မှာပါ” လို့ ကျမ်းစာ​ရေးသူ​တစ်ယောက် ပြောခဲ့တယ်။ (ဆာလံ ၂၇:၁၀) ဒါကို သိလိုက်​ရတော့ စိတ်ချမ်းသာ​သွားတယ် မဟုတ်လား။— ဟုတ်​ပါတယ်၊ ယေဟောဝါ​က “မကြောက်​နဲ့။ မင်းနဲ့​အတူ ငါ​ရှိတယ်။ . . . မင်းကို . . . ကူညီ​ပေးမယ်” ဆိုပြီး ပြော​ထားတယ်။—ဟေရှာယ ၄၁:၁၀

တစ်ခါတလေကျတော့ တို့တစ်တွေကို စာတန် နှောင့်ယှက်​တာ​ကို ယေဟောဝါ ခွင့်ပြု​ထားတယ်။ ယေဟောဝါ​က မိမိကို​ဝတ်ပြု​သူတွေကို စာတန် စမ်းသပ်​တာ​ကိုတောင် ခွင့်ပြု​ထားတယ်။ တစ်ခါ​က​ဆိုရင် ယေရှု​အကြီးအကျယ် ဝေဒနာ​ခံစား​ရအောင် မာရ်နတ် လုပ်လိုက်​လို့ ယေရှု​က “ကျွန်တော့်​ဘုရား၊ ကျွန်တော့်​ဘုရား၊ ကျွန်တော့်ကို ဘာလို့ စွန့်ပစ်​တာလဲ” ဆိုပြီး​တော့​တောင် ယေဟောဝါ​ဆီ အော်ဟစ်​ခဲ့​တယ်။ (မဿဲ ၂၇:၄၆) အဲဒီလို ဝေဒနာ ခံစား​နေ​ရပေမဲ့ သူ့ကို ယေဟောဝါ ချစ်တုန်း​ပဲ​ဆိုတာ ယေရှု သိတယ်။ (ယောဟန် ၁၀:၁၇) ပြီးတော့ ဘုရားသခင်က မိမိကို​ဝတ်ပြု​သူတွေကို စမ်းသပ်ဖို့ စာတန်ကို လွှတ်ထား​ပေးတဲ့​အပြင် ဒုက္ခ​ပေးဖို့​လည်း ခွင့်ပြု​ထားမှန်း ယေရှု သိတယ်။ ဘုရားသခင် ဘာဖြစ်လို့ အဲဒီလို ခွင့်ပြု​ထားရတဲ့​အကြောင်း နောက်​အခန်း​တစ်ခန်း​မှာ ရှင်းပြ​ပါမယ်။

တို့တစ်တွေ ငယ်​သေး​တဲ့အချိန်​မှာ​တော့ တစ်ခါတလေ ကြောက်​တတ်ကြတယ်။ ဥပမာ၊ ကလေးတို့ မျက်စိလည်​ပြီး လမ်းပျောက်​ဖူးသလား။— ကြောက်သလား။— ကလေး တော်​တော်​များများ ကြောက်​ကြတယ်။ ကြီးမြတ်တဲ့​ဆရာက လမ်းပျောက်​တဲ့​အကြောင်း​နဲ့ ပတ်သက်တဲ့ ပုံပြင်​တစ်ပုဒ် ပြောပြ​ဖူး​တယ်။ လမ်းပျောက်​တာ​က ကလေး​တစ်ယောက် မဟုတ်ဘူး။ သိုး​လေး​တစ်ကောင်​ဖြစ်တယ်။

ကလေးတို့လည်း သိုး​လေး​နဲ့​တူ​တာ​တွေ ရှိတယ်။ ဘယ်လို​တူ​တာလဲ။ ဒီလိုကွဲ့၊ သိုး​တွေဟာ အကောင် သိပ်​မကြီး​ဘူး၊ သန်မာ​တဲ့ တိရစ္ဆာန်​လည်း မဟုတ်ဘူး။ ဒီတော့ လူတွေရဲ့ ကာကွယ်​စောင့်ရှောက်မှု လိုအပ်တာ​ပေါ့။ သိုး​တွေကို ထိန်းကျောင်း​တဲ့​သူတွေကို သိုးထိန်း​လို့​ခေါ်တယ်။

သိုး​အကောင် တစ်​ရာ​ရှိတဲ့ သိုးထိန်း​တစ်ယောက်​အကြောင်း ယေရှု ပြောပြတယ်။ ဒါပေမဲ့ သိုး​တစ်ကောင် လမ်းပျောက်​သွားတယ်။ တောင်ကုန်း​တစ်ဖက်​မှာ ဘာများ​ရှိမလဲ​ဆိုပြီး သွား​ကြည့်ချင်​တာ ဖြစ်ရင်ဖြစ်မယ်။ မကြာခင်မှာပဲ အဲဒီ​သိုး​လေး​ဟာ ကျန်တဲ့​သိုးတွေနဲ့ ဝေးရာ​ကို ရောက်​သွားတယ်။ ပတ်လည်​ကို ကြည့်လိုက်​တော့ သူ​တစ်ကောင်​တည်း ရှိတာကို တွေ့ရတဲ့​အခါ အဲဒီ​သိုး​လေး ဘယ်လောက် ကြောက်​လိုက်မလဲ​ဆိုတာ စဉ်းစား​ကြည့်​နိုင်မလား။—

သိုး​တစ်ကောင် ပျောက်​နေမှန်း သိ​သွားတဲ့အခါ သိုးထိန်း ဘာလုပ်မလဲ။ ဒါက သိုး​လေး​ရဲ့ အပြစ်​ပဲ၊ စိတ်ပူ​စ​ရာ မလိုပါဘူး​ဆိုပြီး ပြော​မလား။ ဒါမှမဟုတ် သိုး ၉၉ ကောင်​ကို လုံခြုံတဲ့​နေရာမှာ ထားပြီး အဲဒီ​တစ်ကောင်​ကို သွား​ရှာ​မလား။ သိုး​လေး​တစ်ကောင်​အတွက် အဲဒီလောက် အပင်ပန်းခံသင့်သလား။— ကလေးတို့သာ အဲဒီ​ပျောက်​နေတဲ့ သိုး​လေး​ဖြစ်မယ်ဆိုရင် ကိုယ့်ကို သိုးထိန်း လာ​ရှာ​စေ​ချင်​မယ် မဟုတ်လား။—

သိုး​လေး​ကို ကယ်ဆယ်​တဲ့ ဒီ​သိုးထိန်း​နဲ့ ဘယ်သူ တူသလဲ

သိုးထိန်းဟာ ပျောက်သွားတဲ့​သိုး​လေး အပါအဝင် သူ့ရဲ့​သိုး အားလုံးကို ချစ်တယ်။ ဒါကြောင့် ပျောက်တဲ့​သိုး​လေး​ကို သွား​ရှာ​တာပေါ့။ သိုးထိန်း လာနေတာကို တွေ့​လိုက်ရ​တဲ့အခါ ပျောက်တဲ့​သိုး​လေး ဘယ်လောက် ဝမ်းသာ​သွားမယ်​ဆိုတာ စဉ်းစား​ကြည့်။ သိုးထိန်းဟာ သိုး​လေး​ကို​တွေ့​တော့ ဝမ်းသာ​သွားတယ်။ မ​ပျောက်တဲ့​သိုး ၉၉ ကောင်​ထက် ပြန်တွေ့​တဲ့ သိုး​လေး​အတွက် ပိုပြီး ဝမ်းသာတယ်​လို့ ယေရှု ပြောတယ်။ ကဲ၊ ယေရှုရဲ့ ပုံပြင်​ထဲ​က သိုးထိန်း​နဲ့ ဘယ်သူ​တူသလဲ။ အဲဒီ​သိုးထိန်း​က သိုး​တွေကို စောင့်ရှောက်သလို တို့တစ်တွေကို ဘယ်သူက စောင့်ရှောက်​သလဲ။— ကောင်းကင်မှာ စံမြန်းတဲ့ အဖ​လို့ ယေရှု ပြောတယ်။ သူ့​ဖေဖေ ယေဟောဝါပဲ​ပေါ့။

ယေဟောဝါ​ဘုရားဟာ သိုးထိန်းကြီးဖြစ်တယ်။ ကလေးတို့ အပါအဝင် သူ့ကို ဝတ်ပြုသူ​အားလုံးကို​ ချစ်​တယ်။ တို့တစ်တွေ တစ်ယောက်ကို​မှ ထိခိုက်​နစ်နာ​တာ၊ ပျက်စီး​တာ​တို့ မဖြစ်စေချင်ဘူး။ တို့တစ်​တွေ​ကို ဘုရား အဲဒီလောက် ဂရုစိုက်​မှန်း သိရတာ တကယ့်ကို ဝမ်းသာစရာ​ပါပဲ။—မဿဲ ၁၈:၁၂-၁၄

ကလေးတို့​ဖေဖေ ဒါမှမဟုတ် တခြား​တစ်ယောက်ယောက်​လို​မျိုး ယေဟောဝါဟာ ကလေးတို့အတွက် တကယ်​ရှိတဲ့ ပုဂ္ဂိုလ်​တစ်ပါး ဖြစ်သလား

ကလေးတို့ ယေဟောဝါ​ဘုရားကို တကယ်​ယုံကြည်သလား။— ဘုရားသခင်ကို တကယ်​ရှိတဲ့ ပုဂ္ဂိုလ်​တစ်ပါး​လို့ လက်ခံသလား။— ယေဟောဝါကို တို့တစ်တွေ မ​မြင်နိုင်​တာ မှန်တယ်။ ဒီလို မမြင်​နိုင်​တာ​က ဘုရား​သခင်ဟာ နာမ်ဝိညာဉ် ဖြစ်လို့​ပေါ့။ ဘုရားသခင်မှာ တို့​မျက်စိ​နဲ့ မမြင်နိုင်တဲ့ ခန္ဓာ​မျိုး​ရှိတယ်။ ဒါပေမဲ့ ဘုရားသခင်ဟာ တကယ်​ရှိတဲ့ ပုဂ္ဂိုလ်​ဖြစ်ပြီး တို့တစ်တွေကို မြင်​နိုင်တယ်ကွဲ့။ ဘယ်​အချိန်မှာ တို့တစ်တွေ အကူအညီ လိုတယ်​ဆို​တာ​လည်း သိတယ်။ ကမ္ဘာပေါ်မှာ​ရှိတဲ့ တခြား​လူတစ်ယောက်နဲ့ တို့တစ်တွေ စကားပြောသလို ယေဟောဝါကို ဆုတောင်းပြီး စကား​ပြော​နိုင်တယ်။ ယေဟောဝါလည်း တို့တစ်တွေကို အဲဒီလိုမျိုး လုပ်​စေ​ချင်​တယ်။

ဒါကြောင့် ဝမ်းနည်း​နေမယ်၊ အထီးကျန်​ဖြစ်နေမယ်ဆိုရင် ဘာလုပ်ရမလဲ။— ယေဟောဝါကို ပြောပြပါ။ ဘုရားသခင်​ဆီ ချဉ်းကပ်​ပြီး ခံစားရ​တာတွေကို ပြောပြမယ်​ဆိုရင် ဘုရားက ကလေးတို့ကို နှစ်သိမ့်​အားပေးပြီး ကူညီမစ​မှာ​ပေါ့။ တစ်ကိုယ်တည်း အဖော်​မဲ့နေတယ်လို့ ခံစား​နေရ​ရင်တောင် ကလေးတို့ကို ယေဟောဝါ ချစ်တယ်​ဆိုတာ သတိရပါ။ ကဲ၊ ကျမ်းစာ​ထုတ်ရ​အောင်။ ဆာလံ အခန်းကြီး ၂၃၊ အခန်းငယ် ၁၊ ၂ မှာ ဒီလို​ ဆိုထားတယ်– “ယေဟောဝါဟာ ငါ့​သိုးထိန်း​ပါ။ လို​လေ​သေး​မရှိ ငါ​ပြည့်စုံ​နေတာ။ ငါ့ကို စိမ်းစို​တဲ့ စားကျက်​တွေ​မှာ နား​နေ​စေတယ်။ ရေ​ပေါများ​တဲ့​နေရာဆီ ဦးဆောင်​ခေါ်သွားတယ်။”

ကျမ်း​ရေးသူက အခန်းငယ် ၄ မှာ ဒီလို​ ရေးထားတာကို သတိပြုပါ– “မှောင်မိုက်တဲ့ ချိုင့်ဝှမ်း​ထဲ လျှောက်​ရပေမဲ့ ကိုယ်တော်​ရှိနေလို့ ဘာ​အန္တရာယ်​မှ မကြောက်​ဘူး။ နှင်​တံ​နဲ့ တောင်ဝှေး​တော်​ကြောင့် ကျွန်တော် စိတ်အေး​လက်​အေး ဖြစ်နေတယ်။” ယေဟောဝါကို ဘုရားသခင်​အနေနဲ့ ကိုးကွယ်တဲ့​လူတွေ အဲဒီလို ခံစားရ​ကြတယ်။ ဒုက္ခ​ရောက်တဲ့အခါ​မှာ နှစ်သိမ့်မှု ရရှိ​ကြတယ်။ ကလေးတို့​ကော အဲဒီလိုပဲ ခံစားရသလား။—

မေတ္တာ​ရှိတဲ့ သိုးထိန်း​တစ်ယောက်က ကိုယ့်​သိုးစု​ကို ဂရုစိုက်​စောင့်ရှောက်သလို ယေဟောဝါကလည်း မိမိ​လူမျိုးကို ဂရုတစိုက် စောင့်ရှောက်တယ်။ သူတို့​သွားရမယ့် လမ်း​အမှန်​ကို ပြတယ်၊ သူတို့လည်း ဝမ်းမြောက်​ဝမ်းသာ​နဲ့ နောက်ကို​လိုက်ကြတယ်။ ပတ်ဝန်းကျင်မှာ မငြိမ်မသက် ဖြစ်နေရင်တောင် သူတို့ ကြောက်စရာ မလိုဘူး။ သိုးထိန်းဟာ အန္တရာယ်​ပေးမယ့် တိရစ္ဆာန်တွေ​ရန်​ကနေ သိုး​တွေကို နှင်​တံ ဒါမှမဟုတ် တောင်ဝှေး​နဲ့ ကာကွယ်​ပေးတယ်။ ကျမ်းစာမှာ သိုးထိန်း​လေး​ဒါဝိဒ်ဟာ ခြင်္သေ့​တစ်ကောင်​နဲ့ ဝက်ဝံ​တစ်ကောင်ရဲ့​ရန်​ကနေ သူ့​သိုး​တွေကို ကာကွယ်​ပေးခဲ့​ပုံ​အကြောင်း ပြောပြ​ထားတယ်။ (၁ ရှမွေလ ၁၇:၃၄-၃၆) ယေဟောဝါလည်း အဲဒီလိုပဲ ကာကွယ်​ပေးမယ်​ဆိုတာ ဘုရားရဲ့​လူမျိုး သိထားကြတယ်။ သူတို့နဲ့အတူ ဘုရားသခင် ရှိတဲ့​အတွက် လုံခြုံ​တယ်လို့ ခံစားရ​ကြတယ်။

သိုး​တွေကို ကာကွယ်​တဲ့ သိုးထိန်း​တစ်ယောက်လို တို့တစ်တွေ ဒုက္ခ​ရောက်တဲ့အခါ ဘယ်သူ ကူညီမစ​နိုင်သလဲ

ယေဟောဝါဟာ သူ့​သိုး​တွေကို တကယ်​ချစ်​ပြီး သူတို့ကို တယုတယ စောင့်ရှောက်တယ်။ “ဘုရားက သိုးတော်စု​ကို သိုးထိန်း​တစ်ယောက်လို ဂရုစိုက်​လိမ့်မယ်။ သိုးကလေးတွေကို ပွေ့ပိုက်​ပြီး ရင်ခွင်​ထဲ ချီပိုက်​ထား​လိမ့်မယ်” ဆိုပြီး ကျမ်းစာက ဆိုတယ်။—ဟေရှာယ ၄၀:၁၁

တို့တစ်တွေကို ယေဟောဝါ ဂရုစိုက်​တယ်​ဆိုတာ သိလိုက်​ရတော့ ကလေးတို့ စိတ်ချမ်းသာ​သွားတယ် မဟုတ်လား။— ဘုရားသခင်ရဲ့ သိုး​လေး​တစ်ကောင် မဖြစ်​ချင်ဘူး​လား။— သိုး​တွေဟာ သိုးထိန်း​ရဲ့ စကားသံ​ကို နားထောင်​ကြတယ်။ သိုးထိန်း​အနားမှာ​ပဲ နေကြ​တယ်။ ကလေး​တို့​ကော ယေဟောဝါရဲ့​စကားကို နားထောင်ကြသလား။— ယေဟောဝါ​အနားမှာ​ပဲ နေကြသလား။— ဒါဆိုရင် လုံးဝ ကြောက်စရာ မလို​တော့​ဘူး။ ကလေးတို့​နဲ့​အတူ ယေဟောဝါ ရှိနေမှာ။

ယေဟောဝါဟာ မိမိကို ဝတ်ပြုတဲ့​သူတွေကို မေတ္တာနဲ့ စောင့်ရှောက်တယ်။ ဒီ​အကြောင်း​နဲ့​ပတ်သက်ပြီး ကျမ်းစာ ပြောတာကို ဆာလံ ၃၇:၂၅။ ၅၅:၂၂လုကာ ၁၂:၂၉-၃၁ တို့မှာ အတူတူ ဖတ်​ကြည့်ရအောင်။