မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၃၆

ဘယ်သူတွေ ရှင်ပြန်ထမြောက်လာကြမလဲ၊ ဘယ်မှာ နေထိုင်ကြမလဲ

ဘယ်သူတွေ ရှင်ပြန်ထမြောက်လာကြမလဲ၊ ဘယ်မှာ နေထိုင်ကြမလဲ

ပြီး​​ခဲ့တဲ့​အခန်း နှစ်ခန်း​မှာ ရှင်ပြန်ထမြောက်​ခဲ့​သူ ဘယ်​နှစ်ယောက်​အကြောင်း ဖတ်ခဲ့ရသလဲ။— ငါးယောက်။ ကလေး ဘယ်​နှစ်ယောက် ပါသလဲ။— သုံးယောက်။ စတုတ္ထ​တစ်ယောက်ကို လူငယ်​လို့ ခေါ်ထားတယ်။ ဒီ​အချက်​ကနေ ဘာ​သိရသလဲ။—

ဘုရားသခင်က လူငယ်​လူရွယ်​တွေကို ချစ်တယ်​ဆိုတာ သိရတယ်။ ဒါပေမဲ့ တခြား​လူတွေ အများကြီး​ကိုလည်း ရှင်ပြန်ထမြောက်​စေ​ဦး​မှာ။ ကောင်းတာ​လုပ်တဲ့​သူတွေကို​ပဲ အသက်ပြန်ရှင်​စေမှာ​လား။— တို့တစ်တွေ အဲဒီလိုပဲ တွေးမိ​ကြ​မှာ။ ဒါပေမဲ့ ယေဟောဝါ​ဘုရားနဲ့ သားတော်​ယေရှု​တို့အကြောင်း အမှန်တရားကို လုံးဝ မကြား​ဖူး​သူတွေ အများကြီး​ရှိတယ်။ အမှားတွေ သင်ကြား​ခံရလို့ မကောင်းတာတွေကို လုပ်ခဲ့ကြတယ်။ အဲဒီလို​လူတွေကို ယေဟောဝါ ရှင်ပြန်ထမြောက်​စေမယ်လို့ ကလေးတို့ ထင်သလား။—

‘ဖြောင့်မတ်သူ​ရော မဖြောင့်မတ်​သူတွေပါ ရှင်ပြန်​ထမြောက်လာ​ကြမယ်’ ဆိုပြီး ကျမ်းစာ ဆိုထားတယ်။ (တမန်တော် ၂၄:၁၅) မဖြောင့်မတ်တဲ့​သူတွေ၊ မှန်တာကို မ​လုပ်တဲ့​သူတွေ​ကော ဘာကြောင့် ရှင်ပြန်ထမြောက် လာ​ကြ​မှာ​လဲ။— သူတို့ဟာ ယေဟောဝါ​ဘုရား အကြောင်း၊ လူတွေကို ဘုရား ဘာလုပ်​စေချင်တဲ့​အကြောင်း သိနိုင်တဲ့​အခွင့်အရေး လုံးဝ မရခဲ့​လို့​ပါပဲ။

မှန်တာကို မ​လုပ်တဲ့​သူတွေကို ဘုရားသခင် ဘာကြောင့် ရှင်ပြန်ထမြောက်​စေမှာ​လဲ

ဘယ်​အချိန်မှာ ရှင်ပြန်ထမြောက် လာ​ကြ​မလဲ။— လာဇရု သေတော့ အစ်မ မာသကို “ခင်ဗျားရဲ့​မောင် အသက်ပြန်ရှင်​လာမယ်” လို့ ယေရှု ကတိ​ပေးခဲ့​ချိန်​ကို ပြန်​စဉ်းစား​ကြည့်။ မာသက​လည်း “နောက်ဆုံးသော​နေ့၊ ရှင်ပြန်ထမြောက်​ရာ ကာလမှာ သူ အသက်ပြန်ရှင်​လာမယ်​ဆိုတာ ကျွန်မ သိပါတယ်” ဆိုပြီး ဖြေ​ခဲ့​တယ်။ (ယောဟန် ၁၁:၂၃၊ ၂၄) “နောက်ဆုံးသော​နေ့” မှာ လာဇရု အသက်ပြန်ရှင်​လာမယ်​ဆိုတာ မာသ ဘာကို ဆိုလို​တာလဲ။—

ဒီ​လူကို ယေရှု ပြောနေတဲ့ ပရဒိသု​ဟာ ဘယ်မှာ​ရှိသလဲ

‘သင်္ချိုင်းဂူ​တွေ​မှာ ရှိနေ​သူ​အားလုံး ထွက်လာ​ကြမယ်’ ဆိုတဲ့ ယေရှုရဲ့ ကတိ​ကို မာသ ကြားဖူး​တယ်။ (ယောဟန် ၅:၂၈၊ ၂၉) ဒါကြောင့် နောက်ဆုံးသော​နေ့​ဆိုတာ ဘုရားသခင် သတိရ​တဲ့​သူတွေ အသက်ပြန်ရှင်​လာတဲ့ အချိန်ကို ပြော​နေတာ။ ဒီ​နောက်ဆုံးသော​နေ့ဟာ ၂၄-နာရီ​နေ့ မဟုတ်ပါဘူး။ အနှစ်​တစ်ထောင် ကြာရှည်​မှာ ဖြစ်တယ်။ အဲဒီ​နေ့မှာ ‘ဘုရားသခင်က ကမ္ဘာပေါ်မှာ​ရှိတဲ့ လူတွေကို တရား​စီရင်​မယ်’ လို့ ကျမ်းစာက ဆိုထားတယ်။ တရား​စီရင်ခံ​ရမယ့် သူတွေထဲမှာ ရှင်ပြန်​ထမြောက်လာ​မယ့် သူတွေလည်း ပါဝင်​မယ်။—တမန်တော် ၁၇:၃၁။ ၂ ပေတရု ၃:၈

အဲဒီ​နေ့ဟာ ဘယ်လောက် ပျော်စရာ​ကောင်းမယ်​ဆိုတာ စဉ်းစား​ကြည့်ပါ။ အဲဒီ​အနှစ်​တစ်ထောင် တာရှည်တဲ့​နေ့​အတွင်း သေလွန်သူ သန်းပေါင်း​များစွာ အသက် ပြန်ရှင်​လာ​ကြမယ်။ သူတို့ ပြန်ရှင်​လာပြီး နေထိုင်ကြမယ့်​နေရာကို ယေရှု​က ပရဒိသု​လို့ ခေါ်တယ်။ ပရဒိသု​ဟာ ဘယ်​နေရာမှာ ရှိမယ်၊ ဘယ်လို​အခြေအနေ ရှိမယ်​ဆိုတာ ကြည့်ကြရအောင်။

ဒုက္ခသစ်တိုင်​ပေါ် အသက်​မထွက်ခင် သုံးနာရီ​အလိုမှာ ယေရှု​က သူ့​ဘေးနားက သစ်တိုင်တင်​ခံရသူ​တစ်ယောက်ကို ပရဒိသု​အကြောင်း ပြောပြ​ခဲ့​တယ်။ အဲဒီ​လူဟာ သူ​ကျူးလွန်ခဲ့တဲ့ အပြစ်​ကြောင့် သေဒဏ်​ပေးခံ​ရတာ ဖြစ်တယ်။ ဒါပေမဲ့ ဒီ​ရာဇဝတ်သားဟာ ယေရှုနဲ့​ပတ်သက်ပြီး မြင်ရ​ကြားရတာတွေကြောင့် ယေရှုကို ယုံကြည်​သွားတယ်။ ဒါကြောင့် “သခင်​ယေရှု၊ ဘုရင် ဖြစ်တဲ့အခါ ကျွန်တော့်ကို သတိရပါ” လို့ ပြောတယ်။ ယေရှု​က “ဒီနေ့ ကျွန်တော် မှန်တာကို ပြောမယ်။ ခင်ဗျားဟာ ကျွန်တော်​နဲ့​အတူ ပရဒိသုမှာ ရှိ​လိမ့်မယ်” ဆိုပြီး ဖြေလိုက်တယ်။—လုကာ ၂၃:၄၂၊ ၄၃

ပရဒိသု​အကြောင်း ဖတ်ရတဲ့​အခါ ဘာကို ပုံဖော်​ကြည့်သင့်သလဲ

ယေရှု ဘာကို ဆိုလိုသလဲ။ ပရဒိသု​က ဘယ်မှာ ရှိသလဲ။— ဒီ​အချက်ကို စဉ်းစား​ကြည့်။ အစ​တုန်း​က ပရဒိသု ဘယ်မှာ ရှိခဲ့သလဲ။— ပထမ​လူယောက်ျား အာဒံနဲ့ သူ့​မိန်းမ ဧဝတို့ကို ဘုရားသခင်က ဒီ​မြေကြီးပေါ် ပရဒိသုမှာ နေရာချ​ပေးခဲ့တာ မှတ်မိမှာပေါ့။ အဲဒီ​ပရဒိသုကို ဧဒင်ဥယျာဉ်​လို့ ခေါ်ခဲ့တယ်​လေ။ အဲဒီ​ဥယျာဉ်​ထဲမှာ တိရစ္ဆာန်​မျိုးစုံ နေထိုင်​ကျက်စား​ပေမဲ့ ဘယ်သူ့ကိုမှ အန္တရာယ် မပြု​ကြဘူး။ ပြီးတော့ အနံ့​အရသာ မျိုးစုံ​ရှိတဲ့ အသီး​ပင်​အမျိုးမျိုးနဲ့ မြစ်​ကြီး​တစ်စင်း​လည်း ရှိတယ်။ တကယ့်ကို နေလို့​ကောင်းတဲ့​နေရာ ဖြစ်တယ်။—ကမ္ဘာဦး ၂:၈-၁၀

ဒါကြောင့် အဲဒီ​ရာဇဝတ်သား ပရဒိသုမှာ ရှိမယ်​ဆိုတဲ့​အကြောင်း ဖတ်ရတဲ့​အခါ နေချင်​စ​ဖွယ် သာယာလှပ​နေတဲ့ ဒီ​ကမ္ဘာ​မြေကြီးကို စိတ်ကူး​ပုံဖော်​ကြည့်ပါ။ အရင်က ရာဇဝတ်သား​ဖြစ်ခဲ့တဲ့ အဲဒီ​လူနဲ့​အတူ ပရဒိသုမှာ ရှိဖို့ ဒီ​ကမ္ဘာပေါ်​ကို ယေရှု တကယ် ဆင်းလာ​မှာ​လား။— မဟုတ်​ဘူးကွဲ့။ ဘာကြောင့်လဲ သိသလား။—

ယေရှုဟာ ကောင်းကင်​ကနေ ကမ္ဘာပေါ်​က ဒီ​ပရဒိသုကို အုပ်ချုပ်​မှာ​ဖြစ်လို့ပါ။ ဒါကြောင့် အဲဒီ​လူနဲ့ ပရဒိသုမှာ အတူ​ရှိမယ်​ဆိုတာ သူ့ကို သေခြင်းကနေ အသက်ပြန်ရှင်​စေပြီး လိုအပ်သမျှ ဖြည့်ဆည်း​ပေးမယ်​ဆိုတဲ့သဘော​ပဲ။ ဒါပေမဲ့ ရာဇဝတ်သား ဖြစ်ခဲ့​သူတစ်ယောက်ကို ယေရှု​က ဘာဖြစ်လို့ ပရဒိသု​ဘုံမှာ နေခွင့်​ပေးမှာ​လဲ။— အဖြေ ရှာကြည့်​ကြရအောင်။

ဒီ​ရာဇဝတ်သားဟာ ယေရှုနဲ့ စကား​မပြော​ခင်​က ဘုရားရဲ့ ရည်ရွယ်ချက်​တွေကို သိခဲ့သလား။— မသိခဲ့ဘူး။ ဘုရားသခင်ကို မသိ​ခဲ့လို့​လည်း မကောင်းတာတွေ လုပ်ခဲ့တာ​ပေါ့။ ပရဒိသုမှာ သူဟာ ဘုရားရဲ့ ရည်ရွယ်ချက်​တွေ​အကြောင်း သင်ကြား​ခံရမယ်။ အဲဒီတော့​မှ သူဟာ ဘုရားရဲ့ အလိုတော်အတိုင်း လုပ်ဆောင်ခြင်း​အားဖြင့် ဘုရားကို တကယ်​ချစ်ကြောင်း သက်သေပြ​ခွင့် ရမှာ​ဖြစ်တယ်။

ရှင်ပြန်​ထမြောက်လာ​သူ အားလုံး မြေကြီး​ပရဒိသုမှာ နေထိုင်​ကြ​မှာ​လား။— မဟုတ်​ဘူးကွဲ့။ ဘာကြောင့်လဲ သိသလား။— တချို့ဟာ ယေရှုနဲ့အတူ ကောင်းကင်မှာ နေဖို့ ရှင်ပြန်ထမြောက်​ကြ​မှာ ဖြစ်လို့ပါပဲ။ သူတို့ဟာ ယေရှု​နဲ့အတူ ဘုရင်တွေ​အဖြစ် ဒီ​ပရဒိသု ကမ္ဘာ​မြေကြီးကို အုပ်ချုပ်​ကြ​မှာ။ ဒါကို ဘယ်လို သိရသလဲ ကြည့်ကြရအောင်။

မသေ​ခင်​ညမှာ ယေရှု​က ‘အဖရဲ့ အိမ်တော်မှာ နေစရာတွေ အများကြီး​ပဲ။ ခင်ဗျားတို့​အတွက် နေစရာ​ပြင်ဆင်​ဖို့ ကျွန်တော် သွားရမယ်’ လို့ တမန်တော်တွေကို ပြောတယ်။ အဲဒီနောက် “နေစရာ​ပြင်ဆင်​ပြီးရင် ပြန်လာ​ခဲ့​မယ်။ ကျွန်တော် ရှိတဲ့​နေရာမှာ ခင်ဗျားတို့လည်း ရှိနေဖို့ ပြန်လာ​ခေါ်​မယ်” ဆိုပြီး​တော့ ကတိ​ပေးခဲ့တယ်။—ယောဟန် ၁၄:၂၊ ၃

ယေရှု ရှင်ပြန်​ထမြောက်​ပြီးနောက် ဘယ်​ကို သွားသလဲ။— ဟုတ်တယ်၊ အဖ​ဘုရားနဲ့​အတူ​နေဖို့ ကောင်းကင်ကို ပြန်​သွားတယ်။ (ယောဟန် ၁၇:၄၊ ၅) ဒါကြောင့် ယေရှု​က တမန်တော်တွေ​နဲ့ တခြား​နောက်လိုက်​တွေကို ရှင်ပြန်ထမြောက်​စေပြီး ကောင်းကင်မှာ သူနဲ့အတူ​ရှိစေမယ်​လို့ ကတိ​ပေးခဲ့တာ​ဖြစ်တယ်။ ကောင်းကင်မှာ ယေရှုနဲ့အတူ ဘာတွေ​လုပ်ကြ​မှာ​လဲ။— “ပထမ ရှင်ပြန်ထမြောက်ခြင်း” မှာပါ​ဝင်​တဲ့ တပည့်​တွေ​က “ခရစ်တော်​နဲ့​အတူ ဘုရင်တွေ​အဖြစ် အနှစ် ၁,၀၀၀” ကမ္ဘာမြေကို အုပ်စိုးကြမယ်​လို့ ကျမ်းစာက ဆိုထားတယ်။—ဗျာဒိတ် ၅:၁၀။ ၂၀:၆။ ၂ တိမောသေ ၂:၁၂

“ပထမ ရှင်ပြန်ထမြောက်ခြင်း” မှာပါ​ဝင်​သူ၊ ယေရှုနဲ့အတူ ဘုရင်များ​အဖြစ် အုပ်စိုး​မယ့်​သူ ဘယ်လောက်​ရှိသလဲ။— ယေရှု​က တပည့်​တွေကို “သိုးစုငယ်၊ မကြောက်ပါနဲ့။ အဖ​ဘုရားက ခင်ဗျားတို့ကို နိုင်ငံတော် ပေးဖို့ ဆုံးဖြတ်​ပြီးပြီ” လို့ ပြောခဲ့တယ်။ (လုကာ ၁၂:၃၂) ကောင်းကင်​နိုင်ငံမှာ ယေရှုနဲ့အတူ ရှိဖို့ ရှင်ပြန်ထမြောက်​တဲ့ “သိုးစုငယ်” အရေအတွက်ဟာ အတိအကျ​ရှိတယ်။ “၁၄၄,၀၀၀” ဟာ ကမ္ဘာမြေပေါ်​ကနေ ရှင်ပြန်ထမြောက်​သူတွေ ဖြစ်တယ်လို့ ကျမ်းစာက ဖော်ပြ​ထားတယ်။—ဗျာဒိတ် ၁၄:၁၊ ၃

ရှင်ပြန်​ထမြောက်လာ​သူတွေ ဘယ်မှာ နေထိုင်​ကြ​မလဲ၊ ဘာလုပ်ကြမလဲ

ကမ္ဘာ့​ပရဒိသုမှာ နေထိုင်​မယ့်​သူတွေ ဘယ်လောက်​ရှိမလဲ။— ကျမ်းစာက ဘာမှ မပြော​ထားဘူး။ ဒါပေမဲ့ ဧဒင်​ဥယျာဉ်မှာ အာဒံနဲ့ ဧဝတို့ ရှိတုန်းက သားသမီးတွေ မွေးဖွားပြီး ကမ္ဘာမြေကို ပြည့်စေ​ကြ​လို့ ဘုရား ပြောခဲ့တယ်။ သူတို့ တာဝန် မ​ကျေ​ခဲ့​ကြဘူး။ ဒါပေမဲ့ ကမ္ဘာမြေကို လူကောင်း​တွေ ပြည့်စေဖို့​ဆိုတဲ့ ရည်ရွယ်ချက် ပြည့်စုံ​လာ​အောင် ဘုရား လုပ်ဆောင်​မှာ သေချာတယ်။—ကမ္ဘာဦး ၁:၂၈။ ဟေရှာယ ၄၅:၁၈။ ၅၅:၁၁

ပရဒိသုမှာ အသက်ရှင်​ရတာ ဘယ်လောက်​ပျော်စရာ ကောင်းမလဲ​ဆိုတာ စဉ်းစား​ကြည့်လိုက်ပါ။ တစ်​ကမ္ဘာလုံး​ဟာ ဥယျာဉ်​ကြီး​တစ်ခု​လို ဖြစ်လာမယ်။ ကျေးငှက်၊ တိရစ္ဆာန်​အမျိုးမျိုး၊ သစ်ပင် ပန်း​မန် အမျိုးမျိုးနဲ့ လှပ​ဝေဆာ​နေမှာ။ ဖျားနာ​ကိုက်ခဲ​တဲ့​သူ ရှိတော့မှာ မဟုတ်သလို သေတဲ့​သူလည်း ရှိတော့မှာ မဟုတ်ဘူး။ လူတိုင်းဟာ ချစ်ခင်​ရတဲ့ မိတ်ဆွေ​သူငယ်ချင်းတွေ ဖြစ်လာကြမယ်။ ပရဒိသုမှာ ထာဝစဉ် အသက်ရှင်​ချင်တယ်​ဆိုရင် အခု​ကတည်းက ပြင်ဆင်​ရမယ်ကွဲ့။

ကမ္ဘာမြေ​အတွက် ဘုရားသခင့် ရည်ရွယ်ချက်​အကြောင်း ပို​သိ​နိုင်အောင် ပညာအလိမ္မာ ၂:၂၁၊ ၂၂။ ဒေသနာ ၁:၄။ ဟေရှာယ ၂:၄။ ၁၁:၆-၉။ ၃၅:၅၊ ၆။ ၆၅:၂၁-၂၄ တို့ကို ဖတ်ပါ။