မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၄၀

ဘုရားသခင်ကို ပျော်ရွှင်စေနိုင်တဲ့အကြောင်း

ဘုရားသခင်ကို ပျော်ရွှင်စေနိုင်တဲ့အကြောင်း

ဘုရားသခင် ပျော်ရွှင်​အောင် တို့တစ်တွေ ဘာ​လုပ်နိုင်သလဲ။ ဘုရားသခင်ကို တစ်ခုခု ပေး​နိုင်သလား။— ‘တော​ထဲ​က သားရဲ​တိရစ္ဆာန်တွေ​အားလုံး ငါ့​ဥစ္စာ​ချည်း​ပဲ’ လို့ ယေဟော​ဝါ ပြောတယ်။ ပြီးတော့ “ငွေကို ငါ​ပိုင်တယ်။ ရွှေ​ကိုလည်း ပိုင်တယ်” လို့​လည်း ပြော​ထား​သေးတယ်။ (ဆာလံ ၂၄:၁။ ၅၀:၁၀။ ဟဂ္ဂဲ ၂:၈) ဒါပေမဲ့ တို့တစ်တွေ ဘုရားသခင်ကို ပေးနိုင်တဲ့​အရာ တစ်ခု​တော့ ရှိတယ်။ အဲဒါက ဘာလဲ။—

ယေဟောဝါဟာ သူ့ကို ဝတ်ပြု​မလား၊ ဝတ်​မပြုဘူး​လား​ဆိုတာ ရွေးချယ်ခွင့် ပေးထားတယ်။ သူ​လုပ်​စေ​ချင်သလို အတင်းအကျပ် မ​လုပ်​ခိုင်း​ဘူး။ ဘုရားသခင်ကို ဝတ်ပြုမယ် ဝတ်​မပြုဘူး​ဆိုတာ ရွေးချယ်​နိုင်အောင် တို့တစ်တွေကို ဘုရားသခင် ဘာကြောင့် ဖန်ဆင်းခဲ့သလဲ။ အဖြေရှာ​ကြည့်ရအောင်။

စက်ရုပ်​ကို ကလေးတို့ သိမှာပေါ့​နော်။ စက်ရုပ်​ဆိုတာ ထုတ်လုပ်သူက လုပ်စေချင်တာကို လုပ်ပေး​နိုင်အောင် တီထွင်​ပြုလုပ်​ထားတဲ့ စက်​တစ်မျိုး ဖြစ်တယ်။ ဒါကြောင့် စက်ရုပ်​မှာ ရွေးချယ်​နိုင်တဲ့​အခွင့် မရှိဘူး။ တို့​အားလုံးကိုလည်း စက်ရုပ်​လို​မျိုး​ဖြစ်အောင် ယေဟောဝါ လုပ်နိုင်တာ​ပဲ။ တို့တစ်တွေကို ဘုရား လုပ်စေချင်တာကို​ပဲ လုပ်နိုင်အောင် ဖန်ဆင်း​နိုင်တယ်။ ဒါပေမဲ့ ဘုရားသခင်က အဲဒီလိုမျိုး မ​လုပ်ခဲ့ဘူး။ ဘာကြောင့်လဲ သိသလား။— ကစားစရာ​တချို့ဟာ စက်ရုပ်​တွေ ဖြစ်တယ်။ ခ​လုပ်​နှိပ်​ထား​လိုက်ရင် ထုတ်လုပ်သူ ပုံစံထုတ်​ထားတဲ့​အတိုင်းပဲ အလုပ်​လုပ်ကြတယ်။ အဲဒီလိုမျိုး ကစားစရာ​အရုပ်​မျိုး တွေ့ဖူးသလား။— ပုံစံ​ချထားသလော​က်၊ ညွှန်ကြားချက်​ ပေး​ထား​သလော​က်​ပဲ အလုပ်​လုပ်တဲ့ စက်ရုပ်​မျိုးနဲ့ ကစား​ဖန်​များ​လာတဲ့အခါ လူတွေဟာ အီသွား​တတ်ကြ​တယ်။ ဘုရားသခင်ဟာ တို့တစ်တွေကို သူ့ကို​ဝတ်ပြုဖို့ ညွှန်ကြားချက်​သွင်းထား​တဲ့ စက်ရုပ်​လို​မျိုး သူ့​စကား နားထောင်တာ​ကို မလိုချင်ဘူး။ ယေဟောဝါဟာ တို့တစ်တွေ သူ့ကို ချစ်လို့၊ သူ့​စကားကို နားထောင်ချင်စိတ် ရှိလို့ သူ့ကို ဝတ်ပြု​တာ​ကိုပဲ လိုချင်​တယ်။

တို့တစ်တွေကို ဒီ​စက်ရုပ်​လို​မျိုး​ဖြစ်အောင် ဘာဖြစ်လို့ ဘုရားသခင် မဖန်ဆင်း​ခဲ့​တာလဲ

တို့တစ်တွေ စိတ်လိုကိုယ်လျောက် ဘုရားသခင့်​စကားကို နားထောင်​ရင် ကောင်းကင်ဘုံစံ ဖခင်​စိတ်ထဲမှာ ဘယ်လို​ခံစားရ​မယ် ထင်သလဲ။—​ကဲ၊ ကလေးတို့​ရဲ့  အ​ပြု​အမူ​ဟာ မိဘတို့​အပေါ် ဘယ်လို သက်ရောက်​တတ်သလဲ၊ ပြောပြပါ။— ပညာ​ရှိတဲ့သားဟာ “ဖခင်​ကို ဝမ်းမြောက်​စေတယ်။” သားမိုက်​ကတော့ “မိခင်​ကို ဝမ်းနည်း​စေတယ်” လို့ ကျမ်းစာမှာ ဆိုထားတယ်။ (ပညာအလိမ္မာ ၁၀:၁) ဖေဖေနဲ့ မေမေ ခိုင်းတဲ့အတိုင်း လုပ်တဲ့​အခါ သူတို့ ပျော်ရွှင်​ကြတာကို ကလေးတို့ သတိထား​မိသလား။— ဒါပေမဲ့ သူတို့​စကားကို နားမထောင်တဲ့​အခါ သူတို့ ဘယ်လို​ခံစား​ရသလဲ။—

ယေဟောဝါကို​ကော၊ မိဘတွေကိုပါ ပျော်ရွှင်​အောင် ကလေးတို့ ဘယ်လို လုပ်နိုင်သလဲ

ကဲ၊ အခု တို့တစ်တွေရဲ့ ကောင်းကင်ဘုံစံ​ဖခင် ယေဟောဝါ​အကြောင်း စဉ်းစား​ကြည့်ရအောင်။ ဘုရားသခင်က သူ့​စိတ်ပျော်​ရွှင်​အောင် တို့တစ်တွေ ဘယ်လို လုပ်ရမယ်​ဆိုတာ ပြောပြ​ထားတယ်။ ကျမ်းစာကို ယူပြီး ပညာအလိမ္မာ ၂၇:၁၁ ကို ဖွင့်လိုက်ပါ။ ဒီ​ကျမ်းချက်မှာ ဘုရားသခင်က “ငါ့သား၊ [ဒါမှမဟုတ် ငါ့သမီး​လို့​လည်း ပြော​နိုင်တယ်] ဉာဏ်ပညာ ရှိပါ။ ငါ့စိတ်ကို ရွှင်လန်း​စေပါ။ ဒါမှ ငါ့ကို ကဲ့ရဲ့​နေတဲ့​သူကို ငါ​ချေပ​နိုင်မယ်” လို့ ပြော​ထားတယ်။ လူတစ်ယောက်ကို ကဲ့ရဲ့​တယ်​ဆိုတာ ဘာကို ဆိုလိုသလဲ သိသလား။— လူတစ်ယောက်က ကလေးတို့ကို ဟားတိုက်​ပြီး ပြောတဲ့​အတိုင်း လုပ်လည်း မ​လုပ်နိုင်​ဘဲ​နဲ့ ဆိုပြီး ပြောမယ်​ဆိုရင် အဲဒါ ကဲ့ရဲ့တာ​ပဲ​ပေါ့။ စာတန်​က ယေဟောဝါကို ဘယ်လို​ ကဲ့ရဲ့သလဲ။— ကြည့်ရအောင်။

ဒီ​စာအုပ် အခန်း ၈ မှာ စာတန်ဟာ နံပါတ်​တစ် ဖြစ်ချင်တဲ့​အကြောင်း၊ သူ့​စကားကို လူတကာ နားထောင်စေချင်​တဲ့​အကြောင်း သိခဲ့ရတယ်။ စာတန် ဘာ​ပြောသလဲ​ဆိုတော့ လူတွေ ယေဟောဝါကို ကိုးကွယ်တာ​ဟာ ထာဝရ​အသက် ရမှာ​မို့​လို့​တဲ့။ အာဒံနဲ့ ဧဝကို ဘုရားသခင့်​စကား နားမထောင်​အောင် ဆွယ်​လို့ ရသွား​ပြီးနောက် စာတန်​က ဘုရားသခင်ကို စိန်ခေါ်​တော့​တယ်။ ဘုရားသခင်ကို စာတန်​က ‘လူတွေ ခင်ဗျားကို ဝတ်ပြု​နေတယ်​ဆိုတာ ခင်ဗျား​ဆီကနေ အကျိုး​တွေ ရ​နေလို့။ ကျုပ်​ကို အခွင့်ပေး​ကြည့်ပါ​လား။ ဘယ်သူ့ကိုမဆို ခင်ဗျားကို ကျောခိုင်း​သွား​အောင် လုပ်ပြ​မယ်’ လို့ ပြောခဲ့တယ်။

အာဒံနဲ့ ဧဝ အပြစ်​လုပ်ပြီးနောက် စာတန်​က ယေဟောဝါကို ဘယ်လို စိန်ခေါ်​ခဲ့သလဲ

ကျမ်းစာမှာ အဲဒီလို​စကား​မျိုး အတိအကျ​ကို မ​တွေ့ရတာ​တော့ မှန်ပါတယ်။ ဒါပေမဲ့ ယောဘ​အကြောင်း ဖတ်​ကြည့်ရင် အဲဒီသဘော​မျိုးနဲ့ ဘုရားသခင်ကို စာတန် ပြောခဲ့တာ ရှင်းရှင်း​လေး တွေ့နိုင်တယ်။ ဘုရားသခင်​အပေါ် ယောဘ သစ္စာ​ရှိမယ် မရှိဘူးဆိုတာ စာတန်​အတွက်​ကော၊ ဘုရားသခင်အတွက်​ပါ တကယ့်ကို အရေးကြီးတယ်။ ယောဘ​ကျမ်း အခန်းကြီး ၁ နဲ့ ကို ဖွင့်ပြီး ဖြစ်ပျက်ခဲ့တာ​တွေကို ကြည့်ကြရအောင်။

ကောင်းကင်မှာ ကောင်းကင်တမန်တွေ ယေဟောဝါ ရှေ့မှောက် အခစားဝင်​တဲ့အခါ စာတန်​လည်း ရောက်​နေတာကို ယောဘ​ကျမ်း အခန်းကြီး ၁ ထဲမှာ ဖော်ပြ​ထားတယ်။ ဒါနဲ့ ယေဟောဝါ​က “ဘယ်က လာတာလဲ” လို့ စာတန်ကို မေးတော့ ကမ္ဘာ​အနှံ့ လှည့်လည်​ပြီး လာ​ခဲ့​တာ​လို့ ပြန်​ဖြေတယ်။ ဒါနဲ့ ယေဟောဝါ​က ‘ယောဘ​ကို သတိထား​မိသလား။ သူဟာ ငါ့ကို​ဝတ်ပြု​ပြီး မကောင်းမှု ဘာတစ်ခုမှ မ​လုပ်​ဘူး’ ဆိုပြီး မေးလိုက်တယ်။—ယောဘ ၁:၆-၈

စာတန်​က ချက်ချင်းပဲ စောဒကတက်​တော့​တယ်။ ‘ယောဘဟာ ဘာ​ဒုက္ခ​မှ မရှိလို့သာ ခင်ဗျားကို ကိုးကွယ်​နေတာပေါ့။ သူ့ဆီကနေ ခင်ဗျားရဲ့ ကာကွယ်မှု​တွေ၊ ကောင်းချီးတွေကို ရုပ်သိမ်း​ကြည့်လိုက်ပါ​လား။ ခင်ဗျားကို ရှေ့မှာ​တင် ကျိန်းသေ ကျိန်ဆဲ​လိမ့်မယ်။’ ဒါနဲ့ ယေဟောဝါ​က ‘ကောင်းပြီ၊ စာတန်။ သူ့ကို လုပ်ချင်သလို လုပ်​နိုင်တယ်။ ဒါပေမဲ့ လူကို​တော့ မထိ​နဲ့’ လို့ ပြန်​ပြောတယ်။—ယောဘ ၁:၉-၁၂

ဒါနဲ့ စာတန် ဘာ​လုပ်သလဲ။— လူတွေကို ယောဘရဲ့ နွား​တိရစ္ဆာန်တွေနဲ့ မြည်း​တွေကို လုယူ​ခိုင်းတယ်။ ထိန်းကျောင်း​တဲ့​သူတွေကို သတ်ပစ်​ခိုင်းတယ်။ ပြီးတော့ မိုးကြိုး​ပစ်​ပြီး သိုးတွေနဲ့ သိုးထိန်းတွေကို သတ်ပစ်တယ်။ အဲဒီနောက် လူတွေကို ကုလားအုတ်​တွေ လုယူ​ခိုင်း​ပြီး ထိန်းကျောင်း​တဲ့​သူတွေကို သတ်ပစ်​ခိုင်းတယ်။ နောက်ဆုံး​အနေနဲ့ စာတန်​က ယောဘရဲ့ ကလေး​ဆယ်ယောက် ရှိနေတဲ့​အိမ်ကို လေပြင်း​မုန်တိုင်း​တစ်ခု တိုက်​ခိုင်း​ပြီး ကလေး​အားလုံးကို သတ်ပစ်​လိုက်တယ်။ ဒီလိုမျိုး ဖြစ်တာ​တောင်မှ ယေဟောဝါကို ယောဘ ဆက်​ဝတ်ပြု​ခဲ့​တယ်။—ယောဘ ၁:၁၃-၂၂

စာတန်ကို နောက်​တစ်ခေါက် တွေ့​တဲ့အခါ ယေဟောဝါ​က ယောဘ သစ္စာရှိ​မြဲ ရှိနေတာကို ထောက်ပြတယ်။ စာတန်​က​လည်း ‘သူ့​အရိုး​နဲ့​အသားကို ထိခိုက်​ကြည့်ပါ​လား။ ခင်ဗျားကို ကျိန်းသေ ကျိန်ဆဲ​လိမ့်မယ်’ လို့ စောဒကတက်​ပြန်တယ်။ ဒါနဲ့ ယေဟောဝါ​က ယောဘရဲ့​ကိုယ်ကို ထိခိုက်ခွင့် ပြု​လိုက်​ပေမဲ့ သူ့ကို မသတ်​ရ​ဘူးလို့ သတိ​ပေး​လိုက်တယ်။

ယောဘဟာ ဘာတွေကို ကြံ့ကြံ့ခံ​ခဲ့သလဲ။ သူ့ရဲ့ ကြံ့ကြံ့ခံ​ရပ်တည်မှုက ဘုရားသခင်ကို ဘာကြောင့် ပျော်ရွှင်​စေသလဲ

စာတန်​လည်း ယောဘ​ကို ရောဂါဆိုး​နဲ့ နှိပ်စက်​တဲ့​အတွက် ယောဘ​တစ်ကိုယ်လုံး အနာစိမ်း​တွေ ပေါက်​လာတယ်။ ဒီ​အနာတွေ​က အနံ့​သိပ်​ဆိုးတဲ့​အတွက် သူ့​အနားကို ဘယ်သူမှ မ​ကပ်​ချင်​ကြဘူး။ သူ့​မိန်းမ​တောင် သူ့ကို “ဘုရားသခင်ကို ကျိန်ဆဲ​ပြီး သေ​လိုက်ပါ​တော့” လို့ ပြောတယ်။ ယောဘရဲ့ အယောင်ဆောင် မိတ်ဆွေ​တွေ​က​လည်း သူ့ကို လာ​ကြည့်ပြီး အခုလို ဒုက္ခရောက်​ရတာ မကောင်းတာတွေ လုပ်ခဲ့လို့​ဆိုပြီး ပြောတော့ ယောဘ​ခမျာ ပို​ခံစားရ​တာပေါ့။ ဒီလိုမျိုး ဒုက္ခ​ဝေဒနာ​တွေ ခံစား​ရအောင် စာတန် လုပ်​ပေမဲ့ ယောဘ​ကတော့ ယေဟောဝါကို သစ္စာရှိ​ရှိ ဆက်​ဝတ်ပြု​ခဲ့​တယ်။—ယောဘ ၂:၁-၁၃။ ၇:၅။ ၁၉:၁၃-၂၀

ယောဘရဲ့ သစ္စာရှိ​မှု​ကြောင့် ယေဟောဝါ​စိတ်ထဲ ဘယ်လို နေမယ် ထင်သလဲ။— ပျော်​တာပေါ့။ ယေဟောဝါ​အနေနဲ့ ‘ယောဘ​ကို ကြည့်။ သူ ငါ့ကို ဝတ်ပြုတယ်​ဆိုတာ သူ့​ဆန္ဒ​အတိုင်း သူ​ဝတ်ပြု​တာ​ကွ’ လို့ စာတန်ကို ပြောနိုင်​လို့​ပါပဲ။ ကလေးတို့လည်း ယောဘ​လို စာတန်ကို လိမ်လည်​သူ​အဖြစ် သက်သေထူ​တဲ့​နေရာမှာ စံပြ​တစ်ဦး​အနေနဲ့ ယေဟောဝါ ညွှန်ပြ​နိုင်တဲ့​သူ​တစ်ဦး ဖြစ်ချင်သလား။— ယေဟောဝါကို ဝတ်​မပြု​အောင် ဘယ်သူ့ကိုမဆို လုပ်​နိုင်တယ်​ဆိုတဲ့ စာတန်ရဲ့​အဆိုကို ယေဟောဝါ ချေပ​တဲ့​နေရာမှာ ပါဝင်ခွင့်​ရတာဟာ အခွင့်ထူး​တစ်​ရပ် ဖြစ်တယ်။ ယေရှုလည်း ဒါကို အခွင့်ထူး​လို့ ကျိန်းသေ မှတ်ယူ​ခဲ့​မှာ​ပဲ။

ကြီးမြတ်တဲ့​ဆရာဟာ မကောင်းတာ​လုပ်ဖို့ စာတန် ဆင်​တဲ့ ထောင်ချောက်​ထဲ ဘယ်တော့မှ အကျ​မခံခဲ့​ဘူး။ သူ့ရဲ့​စံနမူနာ​က သူ့​ဖခင်​ကို ဘယ်လောက် ပျော်ရွှင်​စေမယ်​ဆိုတာ စဉ်းစား​ကြည့်ပါ။ ယေဟောဝါ​အနေနဲ့ ယေရှုကို ညွှန်ပြပြီး ‘ငါ့သားကို ကြည့်။ ငါ့ကို ချစ်တဲ့​အတွက် ငါ့​အပေါ် အပြည့်အဝ သစ္စာ​ရှိတယ်’ လို့ စာတန်ကို တုံ့ပြန်​နိုင်ခဲ့တယ်။ ဖခင်ရဲ့ စိတ်နှလုံးကို ရွှင်ပြုံး​အောင် လုပ်နိုင်​ခဲ့​တဲ့​အတွက် ယေရှု ဘယ်လောက် ဝမ်းသာ​မယ် ဆိုတာကို​လည်း စဉ်းစား​ကြည့်ပါ။ အဲဒီ​ဝမ်းမြောက်မှု​ကြောင့်လည်း ယေရှုဟာ ဒုက္ခ​သစ်တိုင်​ပေါ်မှာ အသေခံ​တဲ့​အထိ ကြံ့ကြံ့ခံ​နိုင်​ခဲ့​တာ ဖြစ်တယ်။—ဟီဘရူး ၁၂:၂

ကလေးတို့​ကော ကြီးမြတ်တဲ့​ဆရာ​ကို အတု​ယူပြီး ယေဟောဝါကို ပျော်ရွှင်​စေ​ချင်သ​လား။—​ဒါဆိုရင် ယေဟောဝါ လုပ်စေချင်တာတွေကို အဆက်မပြတ် သင်ယူပြီး ဘုရားသခင် ပျော်ရွှင်​အောင် အဲဒီအတိုင်း လုပ်​သွား​ကြပါ။

ဘုရားသခင် ပျော်ရွှင်​အောင် ယေရှု ဘာတွေ လုပ်ခဲ့တယ်၊ တို့တစ်တွေလည်း ဘာ​လုပ်ရမယ်​ဆိုတာ ပညာအလိမ္မာ ၂၃:၂၂-၂၅။ ယောဟန် ၅:၃၀။ ၆:၃၈။ ၈:၂၈။ ၂ ယောဟန် ၄ တို့မှာ ဖတ်ကြည့်ပါ။