မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၄၁

ဘုရားသခင်ကို ပျော်ရွှင်စေတဲ့ ကလေးများ

ဘုရားသခင်ကို ပျော်ရွှင်စေတဲ့ ကလေးများ

ကမ္ဘာပေါ်မှာ ယေဟောဝါကို အပျော်ရွှင်​စေ​ဆုံး ကလေးဟာ ဘယ်သူ ဖြစ်မယ် ထင်သလဲ။— ဘုရားရဲ့သား ယေရှု​ပဲ​ပေါ့။ ကောင်းကင်ဘုံစံ ဖခင်​ကို ပျော်ရွှင်​အောင် ယေရှု ဘာတွေ လုပ်ခဲ့တယ်​ဆိုတာ ကြည့်ကြရအောင်။

ယေရှုရဲ့ မိသားစုဟာ ယေဟောဝါရဲ့ လှပတဲ့​ဗိမာန်တော် တည်ရှိတဲ့ ဂျေရုဆလင်​မြို့​နဲ့ သုံးရက်​ခရီး ကွာဝေး​တဲ့​နေရာမှာ နေထိုင်​ကြတယ်။ အဲဒီ​ဗိမာန်တော်ကို ယေရှု​က “အဖရဲ့​အိမ်တော်” လို့​ခေါ်ခဲ့တယ်။ ယေရှုနဲ့ မိသားစုဟာ ပသခါပွဲ​တက်ဖို့ ဂျေရုဆလင်​မြို့ကို နှစ်​တိုင်း သွားကြတယ်။

ယေရှု အသက် ၁၂ နှစ်အရွယ်မှာ ယေရှုရဲ့ မိသားစုဟာ ပသခါပွဲ ပြီးတဲ့နောက် အိမ်ပြန်ကြ​တယ်။ ည တည်းခိုမယ့်​နေရာကျ​တော့​မှ ဆွေမျိုးတွေ၊ မိတ်ဆွေ​တွေ​ထဲမှာ ယေရှုကို ရှာမတွေ့​မှန်း သိ​ရတော့တယ်။ ဒါနဲ့ မာရိနဲ့ ယောသပ်တို့​ဟာ ယေရှုကို ရှာ​ဖို့ ဂျေရုဆလင်​မြို့ကို ချက်ချင်း ပြန်​သွားကြတယ်။ ယေရှု ဘယ်​ရောက်နေ​မယ် ထင်သလဲ။—

ယေရှုကို ဗိမာန်တော်​ထဲမှာ ရှာတွေ့ကြတယ်။ ယေရှုဟာ ဆရာတွေ​ရဲ့​စကားကို နားထောင်​နေတယ်၊ မေးခွန်းတွေ​လည်း မေးတယ်။ ပြီးတော့ ဆရာတွေ မေးသမျှကိုလည်း ဖြေနိုင်​တယ်။ ယေရှု​က ချက်ကျကျ ပြန်ဖြေ​တဲ့​အတွက် ဆရာတွေ အံ့သြ​ကြရတယ်။ သားတော်​ကြောင့် ဘုရားသခင် ပျော်ရွှင်​ရတဲ့ အကြောင်းရင်းကို သဘောပေါက်​ပြီလား။—

နောက်ဆုံးမှာ မာရိနဲ့ ယောသပ်တို့ ယေရှုကို ပြန်တွေ့​တော့ စိတ်အေး​သွားကြတယ်။ ဒါပေမဲ့ ယေရှု​ကျတော့ ဘာမှ မစိုးရိမ်​ဘူး။ ဗိမာန်တော်ဟာ လုံခြုံတဲ့​နေရာ​မှန်း သိထားတယ်​လေ။ ဒါကြောင့် ယေရှု​က “အဖရဲ့​အိမ်တော်မှာ သား​ရှိနေမယ်​ဆိုတာ မသိ​ဘူး​လား” ဆိုပြီး မေးလိုက်တယ်။ ဗိမာန်တော်ဟာ ဘုရားသခင်ရဲ့​အိမ်တော် ဆိုတာ​သိလို့ အဲဒီမှာ​နေရတာ သူ​သိပ်​ပျော်တယ်။

အဲဒီနောက် မာရိနဲ့ ယောသပ်တို့​က ၁၂-နှစ်အရွယ် သားလေး ယေရှုကို နာဇရက်​မြို့က အိမ်​ဆီ ပြန်​ခေါ်သွားတယ်။ ဒါပေမဲ့ ယေရှု​က မိဘတွေကို ဘယ်လို ပြုမူ​ဆက်ဆံသလဲ သိသလား။— ယေရှု​ဟာ “မိဘ​စကားကို အမြဲ​နာခံတယ်” ဆိုပြီး ကျမ်းစာက ဆိုတယ်။ အဲဒါ ဘာကို ဆိုလိုတယ် ထင်သလဲ။— မိဘ​စကားကို နာခံ​တာ​ကို ပြောတာ။ ဟုတ်​ပါတယ်၊ ရေတွင်း​က ရေခပ်​ခိုင်း​တာ​က​အစ မိဘ​ခိုင်းသမျှ​ကို လုပ်ခဲ့တယ်။—လုကာ ၂:၄၁-၅၂

လူငယ် ယေရှု​က ဘုရားသခင်ကို ဘယ်လို ပျော်ရွှင်​စေခဲ့သလဲ

ဒါကြောင့် ဒီ​အချက်ကို စဉ်းစား​ကြည့်ပါ– ယေရှုဟာ စုံလင်တဲ့​သူ ဖြစ်တာ​တောင်မှ မစုံလင်တဲ့ မိဘတို့​ရဲ့​စကားကို နားထောင်​ခဲ့​တယ်။ ဒီ့အတွက်​ကြောင့် ဘုရားသခင် ပျော်ရွှင်သလား။— သိပ်​ပျော်ရွှင်တာ​ပေါ့၊ ကျမ်းစာက “မိဘကို နာခံကြပါ” ဆိုပြီး ကလေးတို့ကို မှာ​ထားတယ်။ (ဧဖက် ၆:၁) ကလေးတို့လည်း ယေရှု​လုပ်သလို မိဘ​စကား နားထောင်မယ်​ဆိုရင် ဘုရားသခင်ကို ပျော်ရွှင်​စေမှာ​ပဲ။

ဘုရားကို ပျော်ရွှင်စေနိုင်​တဲ့ နောက်​တစ်နည်း​ကတော့ တခြား​လူတွေကို ဘုရားသခင်​အကြောင်း ပြောပြတာ ဖြစ်တယ်။ ဒီ​အလုပ်​မျိုး​ဟာ လူငယ်လေး​တွေ လုပ်​ရမယ့်​အလုပ် မဟုတ်ဘူးလို့ တချို့ ပြောရင်​ပြောမယ်။ ဒါပေမဲ့ ကလေးသူငယ်​တွေ ဒီလို​မ​လုပ်​ရအောင် လူတွေ တား​တဲ့အခါ ယေရှု​က ‘“ကလေးငယ်​တွေ​နဲ့ နို့စို့​ကလေးတွေရဲ့ နှုတ်​ကနေ ချီးမွမ်းစကား ထွက်​စေတယ်” ဆိုတဲ့​စကားကို ခင်ဗျားတို့ မဖတ်ဖူး​ဘူး​လား’ ဆိုပြီး ပြောခဲ့တယ်။ (မဿဲ ၂၁:၁၆) ဒါကြောင့် တို့အားလုံး တကယ်​ဆန္ဒရှိ​မယ်​ဆိုရင် ယေဟောဝါ​အကြောင်း၊ ယေဟောဝါဟာ ဘယ်​လောက်​ကောင်းတဲ့ ဘုရားသခင် ဖြစ်တယ်​ဆိုတဲ့​အကြောင်း တခြား​လူတွေကို ပြောပြ​နိုင်ပါတယ်။ ပြောပြမယ်​ဆိုရင် ဘုရားသခင်ကို ပျော်ရွှင်စေနိုင်​မယ်။

သူများ​ကို ပြောပြ​နိုင်အောင် ဘုရားသခင်​အကြောင်း ဘယ်​ကနေ သင်ယူ​နိုင်သလဲ။— အိမ်မှာ ကျမ်းစာ​လေ့လာ​ရာ​ကနေ သင်ယူနိုင်တယ်။ ဘုရားရဲ့ လူမျိုး ကျမ်းစာ​လေ့လာဖို့ စည်းဝေး​တဲ့​နေရာမှာ​ဆိုရင် ပိုသင်ယူ​လို့ ရတယ်။ ဒါပေမဲ့ ဘုရားရဲ့ လူမျိုးဟာ ဘယ်သူတွေ​ဖြစ်မှန်း ဘယ်လို သိနိုင်သလဲ။—

သူတို့ရဲ့ အစည်းအဝေး​မှာ ဘာတွေ လုပ်ကြသလဲ။ ကျမ်းစာမှာ ပါတဲ့​အတိုင်း တကယ်ပဲ သင်ပေး​သလား။ ကျမ်းစာ ဖတ်ပြီး ဆွေးနွေးသလား။ ဒါမှလည်း ဘုရားသခင်ရဲ့ တရားစကားကို တို့တစ်တွေ ကြားနာ​ရမယ် မဟုတ်လား။— ပြီးတော့ ခရစ်ယာန် အစည်းအဝေးတွေမှာ ဘုရားသခင်ရဲ့ တရားစကားကို ကြားနာ​ဖို့ မျှော်လင့်​ကြတယ် မဟုတ်လား။— ဒါပေမဲ့ လူတွေက ကျမ်းစာ ပြောတဲ့​အတိုင်း အသက်ရှင်ဖို့ မလိုဘူးလို့ ပြောရင် ဘယ်လို ပြောမလဲ။ ဒီ​လူတွေဟာ ဘုရားရဲ့ လူမျိုး ဖြစ်တယ်လို့ ဆို​မလား။—

စဉ်းစားစရာ နောက်​တစ်ချက် ရှိသေးတယ်။ ဘုရားသခင်ရဲ့ လူမျိုးဟာ ‘နာမတော်​အတွက် လူမျိုးတစ်မျိုး’ ဖြစ်မယ်လို့ ကျမ်းစာက ဆိုထားတယ်။ (တမန်တော် ၁၅:၁၄) ဘုရားရဲ့ နာမတော်​ဟာ ယေဟောဝါ ဖြစ်တဲ့အတွက် လူတွေကို သူတို့ရဲ့ ဘုရားသခင်ဟာ ယေဟောဝါ​လားလို့ မေးကြည့်​နိုင်တယ်။ မဟုတ်ဘူးလို့​ဖြေရင် သူတို့ဟာ ဘုရားသခင်ရဲ့ လူမျိုး မဟုတ်ဘူးဆိုတာ သိနိုင်တယ်။ ဘုရားရဲ့ လူမျိုး​ဆိုရင် ဘုရားသခင်ရဲ့ နိုင်ငံတော်​အကြောင်းကိုလည်း သူများ​ကို ပြောပြ​ကြ​မှာ။ ပြီးတော့ ဘုရားသခင်ကို ချစ်ကြောင်း ပြသတဲ့​အနေနဲ့ ပညတ်ချက်တွေကို လိုက်နာ​ကြမယ်။—၁ ယောဟန် ၅:၃

ဒါတွေ​အားလုံး လိုက်လုပ်​တဲ့​လူမျိုးကို ကလေးတို့ သိတယ်​ဆိုရင် အဲဒီ​လူတွေနဲ့​အတူ ဝတ်ပြု​စည်းဝေးသင့်တယ်။ အဲဒီ​အစည်းအဝေးတွေမှာ ဂရုတစိုက် နားထောင်ပြီး မေးခွန်း​မေး​ရင် အဖြေပေး​ရမယ်။ ဘုရား​အိမ်တော်မှာ ယေရှု ရှိတုန်းက အဲဒီလိုပဲ လုပ်ခဲ့တယ်။ ကလေးတို့လည်း အဲဒီလို လုပ်မယ်ဆိုရင် ယေရှု​လို​ပဲ ဘုရားသခင်ကို ပျော်ရွှင်​အောင် လုပ်နိုင်မှာ ဖြစ်တယ်။

ကျမ်းစာမှာ ဘုရားသခင်ကို ပျော်ရွှင်​စေခဲ့တဲ့ တခြား​ကလေးတွေကိုလည်း စဉ်းစားမိသလား။— တိမောသေ​လေး​ဟာ စံနမူနာကောင်း ပြခဲ့တယ်။ သူ့​အဖေဟာ ယေဟောဝါကို ယုံကြည်သူ မဟုတ်ဘူး။ သူ့​အမေ ဥနိတ်နဲ့ အဘွား လောအိတို့​ကျတော့ ယုံကြည်​ကြတယ်။ တိမောသေဟာ သူတို့ရဲ့​စကားကို နားထောင်ပြီး ယေဟောဝါ​အကြောင်း သင်ယူ​ခဲ့​တယ်။

တိမောသေရဲ့ အဖေဟာ မယုံကြည်သူ ဖြစ်ပေမဲ့ တိမောသေ​ကတော့ ဘာလုပ်ချင်ခဲ့သလဲ

တိမောသေ အရွယ်ရောက်​တော့ သူ​နေတဲ့​မြို့ကို တမန်တော်​ပေါလု အလည်အပတ် ရောက်လာတယ်။ တိမောသေဟာ ယေဟောဝါကို ဘယ်လောက် အမှုဆောင်​ချင်​မှန်း ပေါလု သတိထား​မိတယ်။ ဒါနဲ့ ဘုရား အမှုဆောင်​နိုင်အောင် တိမောသေကို အတူ​လိုက်​ဖို့ ဖိတ်ခေါ်ခဲ့​တယ်။ သူတို့ဟာ ရောက်တဲ့​နေရာတိုင်းမှာ ဘုရားသခင်ရဲ့ နိုင်ငံတော်​အကြောင်း၊ ယေရှု​အကြောင်း လူတွေကို ပြောပြ​ကြတယ်။—တမန်တော် ၁၆:၁-၅။ ၂ တိမောသေ ၁:၅။ ၃:၁၄၊ ၁၅

ဒါပေမဲ့ ကျမ်းစာထဲမှာ ဘုရားသခင်ကို ပျော်ရွှင်​စေခဲ့တဲ့ ယောက်ျား​ကလေးတွေရဲ့ စံနမူနာ​တွေ​လောက်​ပဲ ဖော်ပြ​ထားသလား။— မဟုတ်ပါဘူး။ ဘုရားသခင်ကို ပျော်​စေခဲ့တဲ့ အစ္စရေး မိန်းကလေး​တစ်ယောက်​အကြောင်း စဉ်းစား​ကြည့်ပါ။ သူ​အသက်ရှင်​တုန်း​က ဆီးရီးယား​နိုင်ငံနဲ့ အစ္စရေး​နိုင်ငံဟာ ရန်သူတွေ​ပေါ့။ တစ်နေ့မှာ ဆီးရီးယား​တွေ​က အစ္စရေးတွေကို စစ်တိုက်​ပြီး မိန်းကလေးကို ဖမ်းသွား​တယ်။ သူ့ကို နေမန်​လို့​ခေါ်တဲ့ စစ်သူကြီး​အိမ်ကို ပို့​လိုက်တယ်။ ဒီလိုနဲ့ အဲဒီ​မိန်းကလေး​က နေမန်​ရဲ့ ဇနီး​ဆီမှာ အစေခံ​ရတယ်။

နေမန်​မှာ နူနာ​လို့​ခေါ်တဲ့ အနာကြီး​ရောဂါ စွဲကပ်​နေတယ်။ သူ့​ရောဂါ​ပျောက်​အောင် ဘယ်သမားတော်​ကမှ မ​ကုပေး​နိုင်ဘူး။ ဒါပေမဲ့ အစ္စရေး​ပြည်​က အဲဒီ​မိန်းကလေးဟာ ဘုရားသခင်ရဲ့ အထူး​အစေခံ​ဖြစ်တဲ့ ပရောဖက်​တစ်ပါး​က နေမန်​ကို ကူညီ​ပေး​နိုင်မယ်လို့ ယုံကြည်တယ်။ ဒါပေမဲ့ နေမန်​နဲ့ သူ့​ဇနီး​တို့ဟာ ယေဟောဝါကို ကိုးကွယ်​သူတွေ မဟုတ်​ကြဘူး။ ဒီ​မိန်းကလေး​အနေနဲ့ သူ​သိထားတဲ့​အကြောင်းကို ပြောပြသင့်သလား။ ကလေးတို့သာ​ဆိုရင် ဘယ်လို​လုပ်မလဲ။—

ဒီ​အစ္စရေး​မိန်းကလေး​က ဘုရားသခင် ပျော်ရွှင်​အောင် ဘယ်လို လုပ်ခဲ့သလဲ

မိန်းကလေး​က ‘နေမန်​အနေနဲ့ အစ္စရေး​ပြည်မှာ​ရှိတဲ့ ယေဟောဝါရဲ့ ပရောဖက်​ဆီ​ကို သွားမယ်​ဆိုရင် အနာကြီး​ရောဂါ ပျောက်ကင်း​သွားမယ်’ လို့​ပြောပြတယ်။ နေမန်​ဟာ မိန်းကလေးရဲ့ စကားကို နားထောင်ပြီး ယေဟောဝါရဲ့ ပရောဖက်​ဆီ​ကို သွားတယ်။ ပရောဖက် ခိုင်းတဲ့အတိုင်း လုပ်လိုက်​တဲ့အခါ ရောဂါ ပျောက်​သွားပါ​ရော။ အဲဒီလိုနဲ့ နေမန်​ဟာ မှန်သော​ဘုရားသခင်ကို ကိုးကွယ်သူ​တစ်ယောက် ဖြစ်လာတယ်။—၂ ဘုရင်များ ၅:၁-၁၅

ကလေးတို့​ကော အဲဒီ​မိန်းကလေး​လို လူတစ်ယောက်ကို ယေဟောဝါ​အကြောင်း သိအောင်၊ ဘာ​လုပ်ရမယ်​ဆိုတာ သိအောင် ကူညီ​ပေးချင်သလား။— ကလေးတို့ ကူညီ​ပေးနိုင်တဲ့​သူ ရှိသလား။— အစမှာ​တော့ သူတို့က အကူအညီ လိုတယ်လို့ ထင်​ချင်​မှ ထင်​မယ်။ ဒါပေမဲ့ ယေဟောဝါ လုပ်ပေးတဲ့ ကောင်းတဲ့​အရာတွေ​အကြောင်း သူတို့ကို ပြောပြ​နိုင်တယ်။ သူတို့လည်း နားထောင်ချင် နားထောင်မယ်။ ဒီလိုလုပ်​မယ်​ဆိုရင် ဘုရားသခင် ကျိန်းသေ စိတ်ပျော်​ရွှင်​မှာပါ။

ဘုရား​အမှုတော်​ဆောင်ရာမှာ ပျော်ရွှင်ဖို့ လူငယ်လေး​တွေကို နောက်ထပ် အားပေး​ထားတာကို ဆာလံ ၁၂၂:၁။ ၁၄၈:၁၂၊ ၁၃ဒေသနာ ၁၂:၁။ ၁ တိမောသေ ၄:၁၂။ ဟီဘရူး ၁၀:၂၃-၂၅ တို့မှာ တွေ့​နိုင်ပါတယ်။