မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၄၅

ဘုရားနိုင်ငံတော်ဆိုတာ ဘာလဲ။ နိုင်ငံတော်ကို လိုလားကြောင်း ဘယ်လို ပြမလဲ

ဘုရားနိုင်ငံတော်ဆိုတာ ဘာလဲ။ နိုင်ငံတော်ကို လိုလားကြောင်း ဘယ်လို ပြမလဲ

နောက်လိုက်​တွေကို ယေရှု သင်ပေးခဲ့တဲ့ ဆုတောင်းချက်ကို ကလေးတို့ သိကြသလား။— မသိ​ရင် ကျမ်းစာမှာ မဿဲ ၆:၉-၁၃ ကို အတူတူ ဖတ်​ကြည့်နိုင်တယ်။ သခင့်​ဆုတောင်းချက်​လို့ လူ​အတော်များများ ခေါ်​ကြ​တဲ့ ဒီ​ဆုတောင်းချက်​ထဲမှာ “နိုင်ငံတော် လာပါစေ” ဆိုတဲ့ စကား​ပါတယ်။ ဘုရားသခင့် နိုင်ငံတော်ဟာ ဘာလဲ ဆိုတာ သိသလား။—

နိုင်ငံတော်​ဆိုတာ အစိုးရ​အုပ်ချုပ်မှု ပုံစံ​တစ်မျိုး ဖြစ်တယ်။ တခြား​အစိုးရ​ပုံစံ အမျိုးမျိုး​လည်း​ရှိပါတယ်။ တချို့​အစိုးရ​အဖွဲ့ရဲ့ အကြီးအကဲ​ကို သမ္မတ​လို့ ခေါ်​ကြတယ်။ ဒါပေမဲ့ ဘုရားသခင် ကတိ​ပေးထားတဲ့ အစိုးရကို​တော့ နိုင်ငံတော်​လို့ ခေါ်ပြီး အုပ်ချုပ်သူ​ကို​တော့ ဘုရင်​လို့ ခေါ်တယ်။

ယေဟောဝါ​ဘုရားက နိုင်ငံတော်ရဲ့ ဘုရင်အဖြစ် ဘယ်သူ့ကို ရွေးချယ်​ထားတယ်​ဆိုတာ ကလေးတို့ သိကြသလား။— သားတော် ယေရှု​ခရစ်ကို​ပဲ​ပေါ့။ ယေရှုဟာ လူသားတွေ ရွေးချယ်​တဲ့ ဘယ်​အုပ်ချုပ်သူ​ထက်​မဆို ဘာကြောင့် ပိုသာလွန်သလဲ။— ယေရှုဟာ ဖခင်​ယေဟောဝါကို တကယ်​ချစ်တဲ့​အတွက်​ကြောင့်ပါပဲ။ ဒါကြောင့်လည်း မှန်ရာကို ယေရှု အမြဲ​လုပ်ဆောင်တာ​ပေါ့။

ဘက်သလီဟင်​မြို့မှာ ယေရှု မမွေးခင် ရှေး​ရှေး​ကတည်းက သူ​မွေး​မယ့်​အကြောင်း၊ သူဟာ ဘုရားသခင် ရွေးချယ်​တဲ့ အုပ်ချုပ်သူ ဖြစ်မယ့်​အကြောင်း ကြိုပြောထားတယ်။ ဒီ​အကြောင်းကို ကျမ်းစာထဲက ဟေရှာယ ၉:၆၊ ၇ မှာ ဖတ်​ကြည့်ရအောင်။ “ငါ​တို့အတွက် ကလေး​တစ်ယောက် မွေးဖွား​လာတယ်။ ငါ​တို့အတွက် သားတစ်ယောက်​ကို ပေးသနား​တယ်။ အုပ်ချုပ်ခွင့်​အာဏာက သူ့​ပခုံး​ပေါ် ကျရောက်​လာမယ်။ သူ့​နာမည်ဟာ . . . ငြိမ်းချမ်းရေး​မင်းသား ဖြစ်လိမ့်မယ်။ သူ့ရဲ့ အုပ်ချုပ်ခွင့်​အာဏာနဲ့ ငြိမ်သက်ခြင်းဟာ​အဆုံးမရှိ တိုးများ​မယ်” လို့​ဆိုထားတယ်။—

ဘုရား​နိုင်ငံတော်ရဲ့ အုပ်စိုးသူ​ကို “မင်းသား” လို့ ဘာကြောင့် ခေါ်သလဲ​ဆိုတာ သိသ​လား။— မင်းသား​ဆိုတာ ဘုရင့်သားတော်​ပေါ့။ ယေရှုဟာ ဘုရင်ကြီး ယေဟောဝါရဲ့ သားတော် ဖြစ်တယ်။ ယေဟောဝါဟာ မြေကြီးကို အနှစ်​တစ်ထောင် အုပ်စိုး​မယ့် အစိုးရရဲ့ ရှင်ဘုရင်​အဖြစ် ယေရှုကို ခန့်အပ်​ထားတယ်။ (ဗျာဒိတ် ၂၀:၆) ယေရှု​က နှစ်ခြင်းခံ​ပြီးနောက် “‘နောင်တရ​ကြပါ။ ကောင်းကင်​နိုင်ငံ နီးနေပြီ’ လို့​ဟောပြောတယ်။”—မဿဲ ၄:၁၇

နိုင်ငံတော် နီးပြီလို့ ယေရှု ဘာကြောင့် ပြောတယ် ထင်သလဲ။— အနာဂတ်မှာ ကောင်းကင်​ကနေ အုပ်ချုပ်မယ့် ဘုရင်ဟာ ဒီ​လူတွေနဲ့​အတူ လူ့​လောကမှာ ရောက်ရှိနေ​လို့​ပါပဲ။ ဒါကြောင့်လည်း ယေရှု​က “ဘုရားသခင်ရဲ့ နိုင်ငံတော်ဟာ ခင်ဗျားတို့​အလယ်မှာ ရှိနေတယ်” ဆိုပြီး ပြောခဲ့တယ်။ (လုကာ ၁၇:၂၁) ယေဟောဝါ ခန့်အပ်တဲ့ ရှင်ဘုရင်​နဲ့ ဒီလို​နီးနီးကပ်ကပ် ထိတွေ့​နိုင်တာ​မျိုး မလိုချင်ဘူးလား။—

ကဲ၊ ပြောပါ​ဦး။ အရေးကြီးတဲ့ ဘယ်​အလုပ်လုပ်ဖို့ ယေရှု ကမ္ဘာပေါ် လာခဲ့သလဲ။— အဲဒီ​ မေးခွန်း​ကို ယေရှု​ကိုယ်တိုင် ဒီလို​ဖြေ​ခဲ့​တယ်– “ဘုရားသခင့်​နိုင်ငံတော် သတင်းကောင်းကို တခြား​မြို့ရွာ​တွေ​မှာလည်း ဟော​ရဦးမယ်။ အဲဒီ​အတွက် ကျွန်တော့်ကို စေလွှတ်​လိုက်တာ။” (လုကာ ၄:၄၃) ယေရှု​အနေနဲ့ ဒီ​ဟောပြောခြင်း​အလုပ်ကို သူ​တစ်ဦးတည်း လုပ်နိုင်မှာ မဟုတ်ဘူးဆိုတာ သိတယ်။ ဒါကြောင့် ယေရှု ဘာလုပ်​တယ်လို့ ထင်သလဲ။—

ယေရှုဟာ ဘာ​အလုပ်လုပ်ဖို့ ဒီ​ကမ္ဘာပေါ်​ကို လာခဲ့​တာလဲ

ယေရှုဟာ လူတွေကို သူနဲ့အတူ​ခေါ်သွားပြီး ဟောပြောခြင်း​လုပ်ငန်း ဘယ်လို လုပ်ရတယ်ဆိုတာ ပြ​ပေးတယ်။ သူ ပထမဆုံး သင်ကြား​လေ့ကျင့်ပေး​သူတွေကတော့ တမန်တော်တွေ​အဖြစ် ရွေးချယ်​ခံရတဲ့ ၁၂ ယောက် ဖြစ်တယ်။ (မဿဲ ၁၀:၅၊ ၇) တမန်တော်တွေကို​ပဲ ဒီ​အလုပ်လုပ်ဖို့ လေ့ကျင့်​ပေးခဲ့သလား။ မဟုတ်ဘူး။ တခြား​လူ အများကြီး​ကိုလည်း ဟောပြောဖို့ လေ့ကျင့်ပေး​ခဲ့​တယ်လို့ ကျမ်းစာက ဆိုတယ်။ နောက်တော့ ယေရှုဟာ တခြား​တပည့် ၇၀ ကို နှစ်ယောက်​စီ တွဲ​ပေးပြီး သူ့​ရှေ့မှာ ကြို​ပြီး စေလွှတ်ခဲ့တယ်။ သူတို့ လူတွေကို ဘာ​အကြောင်း သင်ပေးသလဲ။— ယေရှု​က “‘ဘုရားသခင့်​နိုင်ငံတော် နီးနေပြီ’ လို့​ဟောပါ” ဆိုပြီး ပြောတယ်။ (လုကာ ၁၀:၉) ဒီ​နည်းနဲ့ လူတွေက ဘုရားသခင့် အစိုးရ​အကြောင်း သိ​လာကြတယ်။

ဟိုး​ရှေးရှေးတုန်းက အစ္စရေးမှာ ဘုရင်သစ်​တွေဟာ ပြည်သူ​လူထုရှေ့ ထွက်​ပြဖို့ မြို့ထဲ​ကို မြည်း​ကလေး​စီး​ပြီး ဝင်​တဲ့​ထုံးစံ ရှိခဲ့တယ်။ ယေရှုဟာ နောက်ဆုံး​အကြိမ် ဂျေရုဆလင်​မြို့ကို သွားတဲ့အခါ အဲဒီအတိုင်းပဲ လုပ်ခဲ့တယ်။ ယေရှု​က ဘုရား​နိုင်ငံတော်ရဲ့ မင်းလောင်း​ပဲ​လေ။ သူ့ကို ရှင်ဘုရင်​အဖြစ် လူတွေ လက်ခံကြသလား။—

ယေရှု မြည်း​ကလေး​စီး​ပြီး ဝင်လာတဲ့​အခါ လူအများစုက သူတို့ရဲ့ ဝတ်ရုံတွေကို ယေရှု​ရှေ့ လမ်းပေါ်မှာ ဖြန့်​ခင်း​ကြတယ်။ တခြား​လူတွေက သစ်ကိုင်း​တွေကို ခုတ်​ပြီး လမ်းပေါ်မှာ ချထား​ကြတယ်။ ဒီလို​လုပ်ခြင်း​အားဖြင့် ယေရှုကို သူတို့ရဲ့ ရှင်ဘုရင်​အဖြစ် လိုလား​ကြောင်း ပြ​ကြတယ်။ “ယေဟောဝါရဲ့ နာမည်​နဲ့ ရောက်လာတဲ့​ဘုရင် ကောင်းချီး​ခံစားရ​ပါစေ” လို့ ကြွေးကြော်​ကြတယ်။ ဒါပေမဲ့ လူတိုင်း​တော့ ကြိုက်​တာ မဟုတ်ဘူး။ တကယ်​ဆိုရင် ဘာသာရေး​ခေါင်းဆောင်​တချို့က ယေရှုကို “တပည့်​တွေကို တိတ်​တိတ်​နေဖို့ ပြောပါ​ဦး” လို့​တောင် ပြောခဲ့​ကြတယ်။—လုကာ ၁၉:၂၈-၄၀

ယေရှုကို ရှင်ဘုရင်​အဖြစ်​ လိုလား​ကြပေမဲ့ နောက်ကျ​တော့​ ဘာကြောင့်​ စိတ်ပြောင်း​သွား​ကြတာလဲ

ငါး​ရက်​ကြာ​တော့ ယေရှု အဖမ်း​ခံရပြီး ဘုရင်ခံ ပုန္တိပိလတ်မင်း​ရဲ့​ရှေ့ နန်းတော်​ထဲ​ကို ခေါ်ဆောင်သွား​ခံရတယ်။ ယေရှုရဲ့ ရန်သူတွေက ယေရှုဟာ ကိုယ့်ကိုယ်ကိုယ် ဘုရင်​ဖြစ်တယ်လို့ ပြောပြီး ရောမ​အစိုးရကို ဆန့်ကျင်​ပုန်ကန်တယ်​လို့ စွပ်စွဲကြတယ်။ ဒါနဲ့ ပိလတ်မင်း​က ဒီ​စွဲချက်​နဲ့​ပတ်သက်ပြီး စစ်ဆေး​မေးမြန်းတယ်။ ယေရှု​က နိုင်ငံတော်​အာဏာကို သိမ်းယူ​ဖို့ မကြိုးစား​ကြောင်း ဖော်ပြ​ပြီးနောက် “ကျွန်တော့်​နိုင်ငံဟာ ဒီ​လောက​နဲ့ မပတ်သက်​ဘူး” လို့ ပိလတ်မင်းကို ပြောတယ်။—ယောဟန် ၁၈:၃၆

အဲဒီနောက် ပိလတ်မင်း​က အပြင်ထွက်ပြီး ယေရှုမှာ ဘာ​အပြစ်​မှ မ​တွေ့​တဲ့​အကြောင်း လူထု​ကို ပြောတယ်။ ဒါပေမဲ့ လူထု​က ယေရှုကို သူတို့ရဲ့ ဘုရင်အဖြစ် လက်မခံချင်​ကြဘူး။ ယေရှုကို လွှတ်​ပေးမှာ​ကိုလည်း မလိုချင်​ကြဘူး။ (ယောဟန် ၁၈:၃၇-၄၀) ပိလတ်မင်း​က ယေရှုနဲ့ နောက်​တစ်ခါ စကား​ပြော​ပြီးနောက် ယေရှုမှာ ဘာ​အပြစ်​မှ မရှိဘူးဆိုတာ အသေအချာ သိသွား​တယ်။ ဒါကြောင့် ယေရှုကို နောက်ဆုံး​အနေနဲ့ အပြင်​ကို​ထုတ်ပြီး “မင်းတို့ရဲ့ ဘုရင်ကို ကြည့်ကြ” လို့​ပြောတယ်။ ဒါပေမဲ့ လူထု​က “သူ့ကို ရှင်းပစ်​ပါ။ ရှင်းပစ်​ပါ။ သစ်တိုင်​ပေါ်​တင်​ပါ” လို့ အော်ဟစ်​ကြတယ်။

ပိလတ်မင်း​က “မင်းတို့ရဲ့​ဘုရင်ကို ကွပ်မျက်​ရမလား” လို့ မေးတဲ့အခါ ပုရောဟိတ်ကြီးတွေက “ကျွန်တော်တို့မှာ ဆီဇာ​က​လွဲလို့ တခြား​ဘုရင် မရှိဘူး” လို့ ပြန်​ပြော​ကြတယ်။ အဲဒီ​ပုရောဟိတ်တွေ ဘယ်လောက်တောင် ဆိုးသလဲ တွေ့သလား။ ယေရှုကို ဆန့်ကျင်​ဖို့ လူထု​ကို သိမ်းသွင်း​ထား​နိုင်ကြတယ်။—ယောဟန် ၁၉:၁-၁၆

ဒီနေ့လည်း အခြေအနေဟာ ယေရှု​လက်ထက်​က​နဲ့ ခပ်ဆင်ဆင်​ပါပဲ။ လူ​အများစုဟာ ယေရှုကို ဘုရင်အဖြစ် တကယ် လက်မခံချင်​ကြဘူး။ ဘုရားသခင်ကို ယုံကြည်တယ်​လို့ ပြောကောင်း​ပြောကြမယ်။ ဒါပေမဲ့ ဘာလုပ်၊ ဘာ​မလုပ်နဲ့လို့ ဘုရားသခင် ဒါမှမဟုတ် ယေရှု ပြောလာရင် မကြိုက်ကြဘူး။ မြေကြီးပေါ်​က လူ့​အစိုးရကို​ပဲ လိုချင်ကြတယ်။

တို့တစ်တွေ​ကော ဘယ်လို သဘောထား ရှိသလဲ။ ဘုရား​နိုင်ငံတော်​အကြောင်း၊ နိုင်ငံတော် လုပ်ဆောင်​ပေးမယ့် အံ့သြစရာ​ကောင်းတဲ့ အရာတွေ​အကြောင်း သိလာတဲ့​အခါ ဘုရားသခင်နဲ့​ပတ်သက်ပြီး စိတ်ထဲမှာ ဘယ်လို ခံစားချက် ဖြစ်လာသလဲ။— ဘုရားသခင်ကို ချစ်​လာတယ် မဟုတ်လား။— ဒီလို​ဆိုရင် ဘုရားသခင်ကို ချစ်ကြောင်း၊ နိုင်ငံတော် အုပ်စိုး​တာ​ကို လိုချင်​ကြောင်း ဘယ်လို ပြ​ကြ​မလဲ။—

ယေရှု ဘာကြောင့် နှစ်ခြင်းခံခဲ့သလဲ။၊ ဘုရားသခင်​ နှစ်သက်​ကြောင်း ဘယ်လို ပြခဲ့သလဲ

ယေရှုရဲ့ စံနမူနာကို လိုက်ခြင်း​အားဖြင့် ဘုရားသခင်ကို နှစ်နှစ်ကာကာ ချစ်ကြောင်း ပြ​နိုင်တယ်။ ယေရှု​က ယေဟောဝါကို ချစ်ကြောင်း ဘယ်လို ပြခဲ့သလဲ။— “သူ​နှစ်သက်တာကို​ပဲ အမြဲ​လုပ်” တယ် လို့ ယေရှု ပြောခဲ့တယ်။ (ယောဟန် ၈:၂၉) ဟုတ်​ပါတယ်။ ယေရှု ကမ္ဘာကို လာတာဟာ ‘ဘုရားသခင်ရဲ့ အလိုတော် ဆောင်ဖို့၊’ ဘုရား “ခိုင်း​ထားတဲ့ အလုပ်ကို ပြီးစီး​အောင် လုပ်” ဖို့​ဖြစ်တယ်။ (ဟီဘရူး ၁၀:၇။ ယောဟန် ၄:၃၄) ယေရှု ဟောပြောခြင်း​လုပ်ငန်း စ​မ​လုပ်​ခင် ဘာလုပ်ခဲ့​တယ်​ဆိုတာ သုံးသပ်​ကြည့်ပါ။

ယေရှုဟာ ဂျော်ဒန်​မြစ်​မှာ​ရှိတဲ့ ယောဟန်ဆီ သွားတယ်။ ရေ​ထဲ အတူ​ဆင်း​သွားပြီး ယောဟန်​က ယေရှုကို ရေ​ထဲမှာ လုံးလုံး နှစ်မြှုပ်​ပြီးနောက် ပြန်ထူ​ပေးခဲ့တယ်။ ယေရှုကို ယောဟန် ဘာကြောင့် နှစ်ခြင်း​ပေးခဲ့တာလဲ သိသလား။—

ဘုရားသခင့် နိုင်ငံတော်​အကြောင်း ဘယ်​နေရာတွေမှာ လူတွေကို ပြောပြ​နိုင်သလဲ

ယေရှု တောင်းဆိုလို့​ပါပဲ။ ယေရှုကို ဘုရားသခင် နှစ်ခြင်းခံ​စေချင်တယ်​ဆိုတာ ဘယ်လို​သိရသလဲ။— ယေရှု ရေ​ထဲ​က ပေါ်​ထတဲ့အခါမှာ “မင်းဟာ ငါ​မြတ်နိုးတဲ့ ငါ့ရဲ့​ချစ်သားပဲ” လို့ ကောင်းကင်က ဘုရားသခင်ရဲ့ အသံကို ကြားလိုက်​ရလို့ ဖြစ်တယ်။ ဘုရားသခင်က သန့်ရှင်းသော​ စွမ်းအားတော်ကို ချိုးငှက်​အသွင်​နဲ့ ယေရှု​အပေါ် ဆင်းသက်​စေခဲ့တယ်။ ဒါကြောင့် နှစ်ခြင်းခံခြင်း​အားဖြင့် ယေရှု​က ယေဟောဝါကို တစ်သက်လုံး၊ ထာဝစဉ် ဝတ်ပြု​သွား​လိုတယ်​ဆိုတာ ပြ​လိုက်တာပဲ။—မာကု ၁:၉-၁၁

အခု​ချိန်မှာတော့ ကလေးတို့ဟာ ငယ်​သေးတယ်။ ဒါပေမဲ့ ကြီးလာတဲ့​အခါ ဘာလုပ်ကြမလဲ။— ယေရှု​လုပ်ခဲ့သလို နှစ်ခြင်းခံ​ကြ​မလား။— ယေရှုကို အတုယူသင့်တယ်။ ဘာကြောင့်လဲ​ဆိုတော့ ယေရှုဟာ “သူ့​ခြေရာ​ကို ထက်ကြပ်မကွာ လိုက်လျှောက်​စေဖို့ စံနမူနာ​ထားခဲ့တယ်” လို့ ကျမ်းစာက ဆို​ထားလို့ ဖြစ်တယ်။ (၁ ပေတရု ၂:၂၁) ကလေးတို့ နှစ်ခြင်းခံ​ပြီဆို​ရင် ဘုရား​နိုင်ငံတော် အုပ်ချုပ်​တာ​ကို တကယ်​လိုလားတယ်​ဆိုတာ ပြရာ​ရောက်မယ်။ ဒါပေမဲ့ နှစ်ခြင်းခံ​ရုံ​နဲ့ မပြီးသေး​ဘူး။

ယေရှု သင်ပေးခဲ့သမျှကို လိုက်နာ​ဖို့ လိုသေးတယ်။ ယေရှု​က “ဒီ​လောက​နဲ့ မပတ်သက်” ရ​ဘူးလို့ မှာ​ထားတယ်။ ဒီ​လောကရဲ့ အ​ပြု​အမူ၊ အကျင့်အကြံ​တွေကို လိုက်မယ်​ဆိုရင် ယေရှုကို နာခံ​ရာ​ရောက်​မလား။ ယေရှုနဲ့ တမန်တော်တွေဟာ အဲဒီလို​အရာတွေနဲ့ ကင်းကင်းရှင်းရှင်း နေခဲ့​ကြတယ်။ (ယောဟန် ၁၇:၁၄) အဲဒီတော့ သူတို့ ဘာ​လုပ်ခဲ့ကြသလဲ။— သူတစ်ပါး​ကို ဘုရား​နိုင်ငံတော်​အကြောင်း ပြောခဲ့​ကြတယ်။ ဒီအလုပ်ဟာ သူတို့​ဘဝမှာ အရေး​အကြီးဆုံး​အလုပ် ဖြစ်ခဲ့တယ်။ တို့တစ်တွေလည်း ဒီလုပ်ငန်းမှာ ပါဝင်​နိုင်မလား။— ပါဝင်​နိုင်တာပေါ့။ ဘုရား​နိုင်ငံတော် လာပါစေ ဆိုတဲ့ ဆုတောင်းချက်ကို တကယ်​စိတ်ရင်းမှန်နဲ့ တောင်းမယ်​ဆိုရင် ဒီ​အလုပ်ကို တို့တစ်တွေ တစ်တပ်​တစ်​အား ပါဝင်​လုပ်ဆောင်​ကြမယ်။

ဘုရား​နိုင်ငံတော် လာတာကို လိုလား​ကြောင်း ပြသတဲ့​အနေနဲ့ တို့တစ်တွေ ဘာလုပ်နိုင်​တယ်​ဆိုတာကို ဒီကျမ်းချက်​တွေမှာ​ ဖတ်ကြည့်ပါ– မဿဲ ၆:၂၄-၃၃။ ၂၄:၁၄။ ၁ ယောဟန် ၂:၁၅-၁၇။ ၅:၃