မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၄၆

လောကတစ်ခုကို ရေလွှမ်းမိုး ဖျက်ဆီးခဲ့တယ်—နောက်တစ်ခါ ဖျက်ဆီးဦးမလား

လောကတစ်ခုကို ရေလွှမ်းမိုး ဖျက်ဆီးခဲ့တယ်—နောက်တစ်ခါ ဖျက်ဆီးဦးမလား

ကမ္ဘာကုန်​မယ့်​အကြောင်း လူတွေ ပြောတာ ကြားဖူးသလား။— ဒီနေ့ လူ​အတော်များများ ဒီ​အကြောင်း ပြော​လာကြတယ်။ တချို့လူတွေက ကမ္ဘာဟာ နျူကလီးယား​စစ်ပွဲမှာ ပျက်စီး​သွားမယ်လို့ ယူဆကြတယ်။ လှပတဲ့ ဒီ​ကမ္ဘာမြေကို လူတွေ ဖျက်ဆီး​ပစ်ဖို့ ဘုရားသခင် ခွင့်ပြု​မယ် ထင်သလား။—

တို့​သိခဲ့ရတဲ့​အတိုင်း ဒီလောကရဲ့ အဆုံး​ အကြောင်းကို ကျမ်းစာမှာ ပြော​ထားတယ်။ ‘ဒီ​လောက ရွေ့​သွား​ကွယ်ပျောက်​နေတယ်’ ဆိုပြီး ကျမ်းစာ ဆိုတယ်။ (၁ ယောဟန် ၂:၁၇) လောက​ကုန်ဆုံး​တာ​ဟာ ကမ္ဘာမြေကြီး ကုန်ဆုံး​တာ​ကို ဆိုလိုတာလား။— မဟုတ်ပါဘူး။ မြေကြီးကို ဘုရားသခင် ဖန်ဆင်းတာ​ဟာ လူတွေ “နေထိုင်ဖို့၊” ပျော်မွေ့​ဖို့ ဖြစ်တယ်လို့ ကျမ်းစာ ဆိုထားတယ်။ (ဟေရှာယ ၄၅:၁၈) ဆာလံ ၃၇:၂၉ က​လည်း “ဖြောင့်မတ်​သူတွေဟာ ကမ္ဘာမြေကို ပိုင်ဆိုင်​ပြီး ထာဝစဉ် နေထိုင်​ရလိမ့်မယ်” လို့ ပြော​ထားတယ်။ ဒါကြောင့် ကမ္ဘာမြေ အစဉ်အမြဲ တည်မယ်လို့ ကျမ်းစာ​ဆို​ထားတာ။—ဆာလံ​ ၁၀၄:၅။ ဒေသနာ ၁:၄

ဒီတော့ လောကရဲ့အဆုံး​ဟာ ကမ္ဘာမြေကြီး ကုန်ဆုံး​တာ​ကို မဆိုလို​ဘူးဆိုရင် ဘာကို ဆိုလိုသလဲ။— နောဧ​လက်ထက်​က အဖြစ်အပျက်​ကို အသေအချာ လေ့လာ​ကြည့်မယ်​ဆိုရင် အဖြေ​ရနိုင်ပါတယ်။ ‘ရေလွှမ်းမိုး​တုန်း​က အဲဒီခေတ်​ကလူ​တွေ ပျက်စီးခဲ့’ တယ်​ဆိုပြီး ကျမ်းစာ​က ရှင်းပြ​ထားတယ်။—၂ ပေတရု ၃:၆

နောဧ​လက်ထက် ရေလွှမ်းမိုး​ဘေး​ကြီး​မှာ လောက​ကုန်ဆုံး​တုန်း​က အသက်​မသေ​ဘဲ ကပ်ကျော်​တဲ့​သူတွေ ရှိခဲ့သလား။— ဘုရားသခင်က “ဘုရား​တရားမဲ့တဲ့ လူ့​လောက​ကို ရေလွှမ်းမိုး​ချိန်မှာ ဖြောင့်မတ်ခြင်း​တရား ဟောပြောတဲ့ နောဧ​နဲ့ လူ​ခုနစ်​ယောက်​ကို ကယ်တင်ခဲ့​တယ်” ဆိုပြီး ကျမ်းစာ ဆိုတယ်။—၂ ပေတရု ၂:၅

နောဧ​လက်ထက်မှာ ဖျက်ဆီး​ခံ​လိုက်ရ​တဲ့ လောကဟာ ဘာလဲ

ဒီလို​ဆိုရင် ကုန်ဆုံး​သွားတဲ့​လောကဟာ ဘာလဲ။ ကမ္ဘာမြေ​လား၊ ဆိုးတဲ့​လူတွေ​လား။—ကျမ်းစာက “ဘုရား​တရားမဲ့တဲ့ လူ့​လောက” လို့​ဆိုတယ်။ ပြီးတော့ နောဧကို ‘ဟောပြောသူ’ ဆိုပြီး ခေါ်​ထားတာ သတိပြုပါ။ သူ ဘာ​အကြောင်း ဟောခဲ့​မယ် ထင်သလဲ။—​နောဧက “အဲဒီခေတ်” ကုန်ဆုံး​မယ့်​အကြောင်း လူတွေကို သတိ​ပေးခဲ့တယ်။

ရေလွှမ်းမိုး​ဘေး​ကြီး​အကြောင်း ယေရှု ပြော​တုန်း​က ရေ​မလွှမ်းမိုး​ခင် လူတွေ ဘာလုပ်​နေကြ​တယ်​ဆိုတာလည်း တပည့်​တွေကို ပြောခဲ့တယ်။ ယေရှု ဒီလို​ပြောခဲ့တယ်– “ရေလွှမ်းမိုး​ဘေး မတိုင်ခင်​တုန်း​က လူတွေဟာ နောဧ သင်္ဘော​ထဲ​ဝင်​တဲ့​နေ့​အထိ စား​လိုက်၊ သောက်​လိုက်၊ ထိမ်းမြား​ပေး​စား​လိုက် လုပ်​နေကြ​တယ်။ ရေလွှမ်းမိုး​ဘေး ရောက်​ပြီး အားလုံးကို သုတ်သင်​ပယ်ရှင်း​လိုက်​ချိန်​အထိ သတိမဲ့​နေကြ​တယ်။” အဲဒီနောက် လက်ရှိ​လောက မကုန်ဆုံး​မီ လူတွေလည်း အဲဒီအတိုင်းပဲ ပြုမူ​ကြမယ်​လို့ ယေရှု ပြောခဲ့တယ်။—မဿဲ ၂၄:၃၇-၃၉

ရေ​မလွှမ်းမိုး​ခင်​က လူတွေ လုပ်ကိုင်​ခဲ့တာက​နေ အရေးကြီးတဲ့သင်ခန်းစာ ယူ​နိုင်တယ်ဆိုတာ ယေရှုရဲ့​စကားက ပြတယ်။ ဒီ​စာအုပ်ရဲ့ အခန်း ၁၀ ကို​ဖတ်​ခဲ့​တုန်း​က အဲဒီ​လူတွေ ဘာလုပ်ခဲ့​ကြတယ်ဆိုတာ မှတ်မိ​သေးသလား။— လူ​တချို့က ကြီး​နိုင်​ငယ်​ညှဉ်း လုပ်ကြတယ်၊ ရက်စက်​ကြမ်းကြုတ်​တာ​တွေ လုပ်ကြတယ်။ ကျန်တဲ့လူ​အများ​ကျတော့ မကောင်းတာ မ​လုပ်​ပေမဲ့ ဘုရားသခင် စေလွှတ်တဲ့ နောဧ ဟောပြောတာကို နားမထောင်​ကြဘူး​လို့ ယေရှု ပြောတယ်။

ဒါကြောင့် လူဆိုးတွေကို ရေလွှမ်းမိုး​ဘေး​နဲ့ ဖျက်ဆီးပစ်မယ်​လို့ နောဧကို ယေဟောဝါ ပြောတဲ့​အချိန် ရောက်လာတယ်။ ရေဟာ မြေကြီး​တစ်ပြင်လုံး​မ​က တောင်တွေကို​တောင် ဖုံးလွှမ်း​သွားမယ်။ ဒါကြောင့် ယေဟောဝါ​က နောဧကို သင်္ဘော​ကြီး ဆောက်​ခိုင်းတယ်။ စာမျက်နှာ ၂၃၈ က​ပုံကို ပြန်​ကြည့်မယ်​ဆိုရင် သင်္ဘောဟာ ရှည်လျား​တဲ့ ဧရာမ သေတ္တာ​ကြီး​နဲ့ တူတယ်။

နောဧကို ဘုရားသခင်က သူနဲ့ မိသားစု​ရယ်၊ တိရစ္ဆာန်​အများကြီး​ရယ် လုံလုံခြုံခြုံ နေနိုင်​လောက်​တဲ့ သင်္ဘော​ကြီး​ကို ဆောက်​ခိုင်းတယ်။ နောဧ​နဲ့ မိသားစုဟာ ပင်ပင်ပန်းပန်း လုပ်ကိုင်​ခဲ့​ရ​ကြတယ်။ သစ်ပင်​ကြီး​တွေ ခုတ်လှဲ​ပြီး အဲဒီသစ်သားနဲ့ သင်္ဘော​ကြီး​ကို ဆောက်ကြတယ်။ သင်္ဘော​က ကြီး​လွန်း​လို့ နှစ်ပေါင်းများစွာ ဆောက်​ခဲ့​ရတယ်။

သင်္ဘော​ဆောက်​နေတဲ့ အဲဒီ​နှစ်တွေမှာ နောဧ တခြား​ဘာလုပ်ခဲ့သလဲ မှတ်မိ​သေးသ​လား။—​သူ တရား​ဟောခဲ့တယ်။ ရောက်လာမယ့် ရေ​ဘေး​ကြီး​အကြောင်း လူတွေကို သတိ​ပေးတယ်။ နားထောင်တဲ့​သူတွေ ရှိခဲ့သလား။ နောဧရဲ့ မိသားစုက​လွဲလို့ တစ်ယောက်မှ နားမထောင်ခဲ့ဘူး။ ကျန်တဲ့လူ​တွေ​ကတော့ ကိုယ့်​အလုပ်နဲ့​ကိုယ် အလုပ်များ​နေကြ​တယ်။ သူတို့ ဘာတွေနဲ့ အလုပ်များ​နေတယ်လို့ ယေရှု ပြောခဲ့သလဲ။ မှတ်မိ​သေးသလား။— စား​လိုက်၊ သောက်​လိုက်၊ ထိမ်းမြား​ပေး​စား​လိုက်နဲ့​ပဲ အလုပ်များ​နေခဲ့​ကြတယ်။ ကိုယ့်ကိုယ်ကိုယ် လူဆိုးတွေ ဖြစ်တယ်လို့ မထင်ကြ​တဲ့​အပြင် နောဧရဲ့​စကားကို နားထောင်ဖို့​လည်း အချိန်​မပေး​ကြဘူး။ ဒီတော့ သူတို့ ဘာဖြစ်​သွား​ကြသလဲ ကြည့်ရအောင်။

နောဧ​နဲ့ မိသားစု သင်္ဘော​ထဲ ဝင်ပြီး​တဲ့​နောက် ယေဟောဝါ​က သင်္ဘော​တံခါး​ကို ပိတ်​လိုက်တယ်။ ဒါတောင် အပြင်မှာ​ရှိတဲ့ လူတွေက ရေလွှမ်းမိုး​မယ်​ဆိုတာ မယုံကြည်​ကြ​သေး​ဘူး။ ဒါပေမဲ့ ဗြုန်းကနဲ မိုးရွာ​ချပါ​လေ​ရော။ ပုံမှန်​ရွာ​တဲ့​မိုး​မျိုး မဟုတ်​ဘူးကွဲ့။ သည်းသည်း​မည်း​မည်း ရွာ​တဲ့​မိုး​မျိုး​ဖြစ်တယ်။ သိပ်​မကြာ​ပါဘူး။ ရေ​တွေဟာ မြစ်​ကြီး​တွေ ဖြစ်လာပြီး တ​ဝေါ​ဝေါ​နဲ့ အသံမြည်​လာတော့​တယ်။ ရေ​တွေဟာ သစ်ပင်​ကြီး​တွေကို အမြစ်​ကနေ ကျွတ်ထွက်​စေတဲ့​အပြင် ကျောက်တုံး​ကြီး​တွေကို​လည်း ကျောက်စရစ်ခဲ​လေး​တွေ​လို တိုက်စား​သွားတယ်။ သင်္ဘော​အပြင်မှာ​ရှိတဲ့ လူတွေ​ကော ဘာဖြစ်​သွား​ကြသလဲ။— “ရေလွှမ်းမိုး​ဘေး ရောက်​ပြီး အားလုံးကို သုတ်သင်​ပယ်ရှင်း” လိုက်တယ်လို့ ယေရှု ပြောတယ်။ သင်္ဘော​အပြင်မှာ​ရှိတဲ့ လူတွေ​အားလုံး သေကုန်ကြတယ်။ ဘာကြောင့်လဲ။— ယေရှု ပြောသလို​ပါပဲ။ သူတို့ ‘သတိမဲ့​နေကြ​တယ်။’ သတိပေး​စကားကို နားမထောင်​ခဲ့​ကြဘူး။—မဿဲ ၂၄:၃၉။ ကမ္ဘာဦး ၆:၅-၇

တစ်ချိန်လုံး ပျော်​ဖို့​ပါး​ဖို့​လောက်​ပဲ ဘာကြောင့် မစဉ်းစားသင့်သလဲ

အဲဒီ​လူတွေ​ပေါ်မှာ ဖြစ်ပျက်ခဲ့တာ​တွေဟာ ဒီ​က​နေ့ တို့အတွက် သင်ခန်းစာ ဖြစ်တယ်လို့ ယေရှု ပြောခဲ့တာကို သတိရပါ။ ဘာသင်ခန်းစာ ယူ​နိုင်သလဲ။— လူတွေ ဖျက်ဆီး​ခံရ​တာ​ဟာ ဆိုး​တာ​တစ်ခုတည်း​ကြောင့် မဟုတ်ဘူး။ လူအများ​ဟာ ဘုရားသခင်နဲ့ ဘုရားသခင် လုပ်မယ့်​အရာတွေ​အကြောင်း လေ့လာဖို့​အချိန် မပေးနိုင်​လောက်​အောင် အလုပ်များ​နေခဲ့​ကြလို့ပဲ။ သူတို့နဲ့ မတူ​အောင် သတိထား​ကြရမယ် မဟုတ်လား။—

ဘုရားသခင်ဟာ ရေလွှမ်းမိုး​ဘေး​ကြီး​နဲ့ လောက​ကို နောက်​တစ်ခါ ဖျက်ဆီး​ဦး​မ​လား။— မဖျက်ဆီး​တော့​ဘူးလို့ ဘုရားသခင် ကတိ​ပေးခဲ့တယ်။ ‘မိုးတိမ်​မှာ ငါ​ထားတဲ့ သက်တံ​ဟာ ကမ္ဘာမြေကို ပေးထားတဲ့​ ကတိ​အတွက် အထောက်အထား ဖြစ်လိမ့်မယ်’ လို့ ဘုရား​သခင် ပြောခဲ့တယ်။ သက်တံ​က “သက်ရှိတွေ​ဟာ ရေလွှမ်းမိုး​ဘေး​ကြောင့် ဘယ်တော့မှ မပျက်စီး​ရတော့ဘူး” ဆိုတဲ့ အထောက်အထား​ ဖြစ်​ရမယ်လို့ ယေဟောဝါ ပြောခဲ့တယ်။—ကမ္ဘာဦး ၉:၁၁-၁၇

ဒါကြောင့် ဘုရားသခင်ဟာ ကမ္ဘာကို နောက်​တစ်ခါ ဘယ်တော့မှ ရေ​ဘေး​နဲ့ ဖျက်ဆီး​တော့​မှာ မဟုတ်ဘူး​ဆိုတာ သေသေချာချာ သိနိုင်တယ်။ ဒါပေမဲ့ တို့တစ်တွေ သိတဲ့​အတိုင်း ကျမ်းစာက လောက​ရဲ့အဆုံး​အကြောင်း ပြော​ထားတယ်။ ဒီ​လောက​ကို ဘုရား​သခင် ဖျက်ဆီး​တဲ့အခါ​မှာ ဘယ်သူတွေကို ဘုရားသခင် အသက်ချမ်းသာ​ပေး​မလဲ။— ​တခြား​အရာတွေကိုပဲ စိတ်ဝင်စား​ပြီး ဘုရားသခင်​အကြောင်းကို​တော့ လုံးဝ​မသိ​ချင်တဲ့​လူတွေကို​လား။ ကျမ်းစာ​လေ့လာဖို့ အချိန်​မပေးနိုင်​တဲ့​အထိ အမြဲတမ်း အလုပ်​များနေ​တဲ့​သူတွေကို​လား။ ကလေးတို့ ဘယ်လို​ထင်သလဲ။—

တို့တစ်တွေဟာ အသက်ရှင်ဖို့ ဘုရားသခင် ကာကွယ်​စောင့်ရှောက်​ပေးတဲ့ လူတွေ​ထဲမှာ ပါချင်ကြတယ် မဟုတ်လား။— တို့ရဲ့​မိသားစုဟာ နောဧရဲ့​မိသားစု​လို ဖြစ်ပြီး ဘုရားသခင်ရဲ့ ကယ်တင်ခြင်း​ခံရ​ရင် သိပ်​ကောင်းမှာ​ပဲ မဟုတ်လား။— လောက​ ကုန်​ဆုံး​တဲ့အခါ​မှာ ကပ်ကျော်​နိုင်ဖို့​ဆိုရင် ဒီလောကကို ဘုရားသခင် ဘယ်လို ဖျက်ဆီးမယ်၊ ဖြောင့်မတ်တဲ့ ကမ္ဘာသစ်​ကို ဘယ်လို တည်ထောင်​မယ်​ဆိုတာကို သိဖို့​လိုတယ်။ ဘုရားသခင် ဘယ်လို လုပ်မယ်​ဆိုတာ ကြည့်ရအောင်။

ဒံယေလ အခန်းကြီး ၂၊ အခန်းငယ် ၄၄ မှာ ကျမ်းစာက အဖြေ​ပေးထားတယ်။ ဒီ​ကျမ်းချက်​က တို့​ခေတ်​နဲ့​ပတ်သက်ပြီး ဒီလို​ပြော​ထားတယ်– “ဘယ်တော့မှ မပျက်စီးမယ့် နိုင်ငံ​တစ်ခုကို တည်ထောင်​လိမ့်မယ်။ အဲဒီ​နိုင်ငံဟာ တခြား​လူတွေ​လက်ထဲ ရောက်မှာ မဟုတ်ဘူး။ အထက်မှာ​ပြောခဲ့တဲ့ နိုင်ငံ​အားလုံးကို ခြေမွှ​ဖျက်ဆီးလိမ့်မယ်။ ပြီးတဲ့နောက် အဲဒီ​နိုင်ငံ​တစ်ခု​ပဲ ထာဝစဉ် တည်တံ့​နေမယ်။”

ဒီ​ကျမ်းချက်ရဲ့ အဓိပ္ပာယ်​ကို နားလည်သလား။— ဘုရား​နိုင်ငံတော်​အစိုးရ​က လူ့​အစိုးရ​အားလုံးကို ဖျက်ဆီးပစ်မယ်​လို့ ကျမ်းစာက ဆိုတယ်။ ဘာကြောင့်လဲ။— ဘုရင်အဖြစ် ဘုရားသခင် ခန့်အပ်တဲ့​အရှင်ကို မနာခံ​လို့ ဖြစ်တယ်။ အဲဒီ​အရှင်ဟာ ဘယ်သူ​လဲ။— ဟုတ်​ပါတယ်၊ ယေရှု​ခရစ်ပဲ​ပေါ့။

ဘုရားသခင် ရွေးချယ်​တဲ့​ဘုရင် ယေရှုခရစ်ဟာ အာမဂေဒုန်​မှာ ဒီ​လောက​ကို ဖျက်ဆီးပစ်မယ်

ယေဟောဝါ​ဘုရားမှာ အုပ်ချုပ်မယ့်​အစိုးရကို ရွေးချယ်ပိုင်ခွင့် ရှိတဲ့​အတွက် သားတော်​ ယေရှုကို ရှင်ဘုရင်​အဖြစ် ရွေးချယ်ခဲ့တယ်။ မကြာခင်​မှာ ဘုရားသခင် ရွေးချယ်​တဲ့​မင်း၊ ယေရှု​ခရစ်ဟာ ဒီ​လောကရဲ့ အစိုးရ​အားလုံးကို ဖျက်ဆီး​ရာ​မှာ ဦးဆောင်​သွားမယ်။ ကျမ်းစာက ဗျာဒိတ်ကျမ်း အခန်းကြီး ၁၉၊ အခန်းငယ် ၁၁ ကနေ ၁၆ မှာ ယေရှု​ခရစ် အဲဒီလိုလုပ်​မယ့်​အကြောင်း သရုပ်ဖော်​ထားတယ်။ ဒီ​ပုံ​မှာ ဖော်ပြ​ထားတဲ့​အတိုင်း​ပါပဲ။ ကျမ်းစာထဲမှာ ဒီ​လောက​အစိုးရ​အားလုံးကို ဖျက်ဆီးမယ့် ဘုရားသခင့်​စစ်ပွဲကို အာမဂေဒုန်​လို့ ခေါ်ထားတယ်။

ဘုရား​နိုင်ငံတော်​က လူ့​အစိုးရများ​ကို ဖျက်ဆီးပစ်မယ်​လို့ ဘုရားသခင် ပြော​ထားတဲ့​အတွက် လူ့​အစိုးရတွေကို ဖျက်ဆီးဖို့ တို့တစ်တွေကို ဘုရားသခင် ခိုင်း​မှာ​လား။— ခိုင်း​မှာ မဟုတ်ဘူး။ ကျမ်းစာထဲမှာ အာမဂေဒုန်​ကို ‘အနန္တ​တန်ခိုးရှင် ဘုရားသခင်ရဲ့ နေ့ကြီး​မှာ တိုက်မယ့်​စစ်ပွဲ’ လို့​ခေါ်ထားတယ်။ (ဗျာဒိတ် ၁၆:၁၄၊ ၁၆) ဟုတ်တယ်။ အာမဂေဒုန်​ဟာ ဘုရားသခင် တိုက်မယ့်​စစ်ပွဲ ဖြစ်တယ်။ အဲဒီ​တိုက်ပွဲ​မှာ ကောင်းကင်​ဗိုလ်ခြေ​တွေကို ဦးဆောင်ဖို့ ယေရှု​ခရစ်ကို ဘုရားသခင် သုံး​မှာ​ဖြစ်တယ်။ အာမဂေဒုန်​စစ်ပွဲ နီးပြီလား။ အဖြေ ရှာကြည့်​ရအောင်။

လူဆိုးတွေကို ပယ်ရှင်း​ပြီး ဘုရားသခင်ကို ဝတ်ပြုတဲ့​သူတွေကို ကယ်တင်မယ့်​အချိန်နဲ့ ပတ်သက်ပြီး ပညာအလိမ္မာ ၂:၂၁၊ ၂၂။ ဟေရှာယ ၂၆:၂၀၊ ၂၁။ ယေရမိ ၂၅:၃၁-၃၃။ မဿဲ ၂၄:၂၁၊ ၂၂ မှာ အတူတူ ဖတ်​ကြည့်ရအောင်။