မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၄၇

အာမဂေဒုန် နီးပြီလို့ ဘယ်လို ပြောနိုင်သလဲ

အာမဂေဒုန် နီးပြီလို့ ဘယ်လို ပြောနိုင်သလဲ

ကလေးတို့ နိမိတ်​လက္ခဏာကို သိတယ် မဟုတ်လား။— အခန်း ၄၆ မှာ ဒီ​ကမ္ဘာကို ဘုရားသခင် ရေလွှမ်းမိုး​ဘေး​နဲ့ နောက်​တစ်ခါ ဘယ်တော့မှ မဖျက်ဆီး​တော့​ဘူးဆိုတဲ့ အထောက်အထား​အကြောင်း ဖတ်ခဲ့ရ​တယ်။ ပြီးတော့ တမန်တော်တွေက​လည်း ယေရှု ပြန်​ရောက်နေပြီ ဆိုတာ​ရယ်၊ ဒီ​လောက​စနစ် ကုန်ဆုံးခါနီး​ပြီ ဆိုတာ​ရယ် သိ​နိုင်အောင် နိမိတ်​လက္ခဏာ​တစ်ခု တောင်း​ခဲ့​ကြတယ်။—မဿဲ ၂၄:၃

ယေရှုဟာ ကောင်းကင်ဘုံမှာ ရှိပြီး လူ့​မျက်စိ​နဲ့ မမြင်နိုင်တဲ့​အတွက် စတင်​အုပ်စိုး​နေပြီဆိုတာ လူတွေ သိဖို့ မြင်နိုင်တဲ့ နိမိတ်​လက္ခဏာ​တစ်ခု လိုအပ်တာ​ပေါ့။ ဒါကြောင့် ယေရှု​က ဒီ​ကမ္ဘာပေါ်မှာ သူ့​တပည့်တွေ သတိထား​ကြည့်ရ​မယ့် အရာတွေကို ပြောပြ​ခဲ့​တယ်။ အဲဒီအရာတွေ ဖြစ်ပျက်လာ​ပြီဆို​ရင် ယေရှု ပြန်​ရောက်နေပြီ၊ ပြီးတော့ ကောင်းကင်ဘုံမှာ ရှင်ဘုရင်​အနေနဲ့ စတင်​အုပ်စိုး​နေပြီဆိုတာ သိနိုင်တယ်။

တပည့်​တွေ သတိနဲ့ စောင့်နေဖို့ အရေးကြီးတဲ့​အကြောင်း သင်ပေးတဲ့​အနေနဲ့ ယေရှု​က ဒီလို​ပြောခဲ့တယ်– “သဖန်းပင်​က​အစ အပင်​အားလုံးကို သတိပြု​ကြည့်ပါ။ ရွက်​နု​ပေါက်​လာတာကို မြင်ရ​ရင် နွေရာသီ ရောက်တော့​မယ်​ဆိုတာ ခင်ဗျားတို့ သိတယ်။” သဘာဝရဲ့ ပြောင်းလဲမှု​တွေကို ကြည့်ပြီး နွေရာသီ နီးပြီ​ဆိုတာ တို့​သိနိုင်တယ်။ ဒီလို​ပါပဲ ယေရှု​ပြောခဲ့တဲ့ အမှုအရာ​တွေ ဖြစ်ပျက်လာ​တာ​ကို တွေ့​တဲ့အခါ အာမဂေဒုန် နီးပြီ​ဆိုတာ ပြော​နိုင်တာပေါ့။—လုကာ ၂၁:၂၉၊ ၃၀

ယေရှု​က သဖန်း​ပင်​အကြောင်း ပြော​တုန်း​က ဘာသင်ခန်းစာ​ကို သင်ပေး​နေတာလဲ

ဒီ​စာမျက်နှာ​နဲ့ နောက်​စာမျက်နှာမှာ ပါတဲ့ ပုံတွေကို ကြည့်ရအောင်။ ဒီ​ပုံ​တွေ​က ဘုရားသခင့် နိုင်ငံတော် နီး​လာပြီ​ဆိုတဲ့ နိမိတ်​လက္ခဏာ​ရဲ့ အစိတ်အပိုင်း ဖြစ်မယ်​ဆိုပြီး ယေရှု ပြောခဲ့တဲ့ အမှုအရာ​တွေကို ဖော်ပြ​ထားတယ်။ အခန်း ၄၆ မှာ ဖတ်ခဲ့ရ​တဲ့​အတိုင်းပဲ ဒီ​အမှုအရာ​တွေ​အားလုံး ဖြစ်ပျက်လာ​ပြီဆို​ရင် ခရစ်တော်​အုပ်စိုးတဲ့ ဘုရား​နိုင်ငံတော်​က ကျန်တဲ့​အစိုးရ​အားလုံးကို ချေမှုန်း​ဖျက်ဆီး​ပါလိမ့်မယ်။

ဒါကြောင့် ရှေ့​စာမျက်နှာ နှစ်မျက်နှာ​က​ပုံတွေကို သေသေချာချာ​ကြည့်ပြီး အဓိပ္ပာယ် ဖော်ကြည့်​ရအောင်။ မဿဲ ၂၄:၆-၁၄ နဲ့ လုကာ ၂၁:၉-၁၁ မှာ ဒီ​ပုံ​တွေ​မှာ တွေ့ရတဲ့​အကြောင်း​တွေကို ဖတ်လို့​ရတယ်။ ပြီးတော့ ပုံ​တစ်​ပုံ​ချင်း​မှာပါတဲ့ နံပါတ်​လေး​တွေကို မှတ်ထားပါ။ အဲဒီ​ပုံ​အကြောင်း ဖော်ပြတဲ့ စာပိုဒ်​အစမှာ နံပါတ်​တူ​ကို တွေ့ရမယ်။ အခု ယေရှု​ပေးခဲ့တဲ့ နိမိတ်​လက္ခဏာ​ရဲ့ အစိတ်အပိုင်း​တွေဟာ အခုခေတ်မှာ ပြည့်စုံ​နေ​မနေ ကြည့်ကြရအောင်။

(၁) ယေရှု​က “ရပ်​နီး​ရပ်​ဝေး​က စစ်မက်သတင်းတွေကို ခင်ဗျားတို့ ကြားရလိမ့်မယ်။ . . . လူ​တစ်မျိုးနဲ့ တစ်မျိုး၊ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ တိုက်ခိုက်​ကြ​လိမ့်မယ်” ဆိုပြီး ပြောခဲ့တယ်။ စစ်တိုက်​တဲ့သတင်းတွေကို ကလေးတို့ ကြားဖူးသလား။— ပထမ ကမ္ဘာစစ်​ဟာ ၁၉၁၄ ခုနှစ်​ကနေ ၁၉၁၈ ခုနှစ်​အထိ တိုက်ခိုက်​ခဲ့​တယ်၊ ပြီးတော့ ၁၉၃၉ ခုနှစ်​ကနေ ၁၉၄၅ ခုနှစ်​အထိ ဒုတိယ ကမ္ဘာစစ် ဖြစ်ခဲ့တယ်။ ဒီ့​အရင်က အဲဒီလို ကမ္ဘာစစ်​မျိုး မဖြစ်ခဲ့​ဖူး​ဘူး။ အခု​ဆိုရင် ကမ္ဘာ​တစ်ဝန်းလုံးမှာ စစ်ပွဲတွေ ဖြစ်နေကြတယ်။ တီဗွီမှာ၊ ရေဒီယို​မှာ၊ သတင်းစာမှာ စစ်သတင်းတွေကို နေ့တိုင်း​လို​လို ကြားနေ​ရတယ်။

(၂) ယေရှု​က “အစာ​ခေါင်းပါးတာ . . . တစ်​နေရာ​ပြီး တစ်​နေရာ ဖြစ်​လိမ့်​မယ်” လို့​လည်း ပြောခဲ့တယ်။ လူတိုင်း​လူတိုင်း အစာရေစာ ဝဝလင်လင် မစားရဘူး​ဆိုတာ ကလေးတို့ သိ​ကြ​မှာပါ။ အစာရေစာ​ဝ​အောင် မစား​ရလို့ ထောင်နဲ့​ချီတဲ့​လူတွေ နေ့တိုင်း​လို​လို သေဆုံး​နေရ​ကြတယ်။

(၃) ယေရှု​က ‘ကပ်ရောဂါဘေး​တွေ တစ်​နေရာ​ပြီး တစ်​နေရာ ဖြစ်လိမ့်မယ်’ ဆိုပြီး​တော့​လည်း ပြော​ထား​သေးတယ်။ ကပ်ရောဂါဘေး​ဆိုတာ ဘာလဲ သိသလား။— လူအများကြီးကို သေစေတဲ့ အဖျား​အနာ​တို့၊ ရောဂါ​တို့ကို ပြောတာ။ စပိန်​တုပ်ကွေး​လို့​ခေါ်တဲ့ ကပ်ရောဂါဘေး​ကြီး​ဟာ တစ်နှစ်​အတွင်းမှာ လူသန်းပေါင်း ၂၀ လောက်​ကို သေဆုံး​စေခဲ့တယ်။ အခုခေတ်မှာ အေအိုင်​ဒီအက်စ်​ရောဂါ​နဲ့ သေဆုံးမယ့်​လူတွေဟာ အဲဒီ​အရေအတွက်​ထက်မက များ​လိမ့်မယ်။ ပြီးတော့ ကင်ဆာ​ရောဂါ၊ နှလုံး​ရောဂါ​နဲ့ တခြား​တခြား ဖျားနာမှု​တို့​က​လည်း နှစ်စဉ်​နှစ်​တိုင်း လူထောင်ပေါင်း​များစွာကို သေဆုံး​နေ​စေတယ်။

(၄) ယေရှု​က နိမိတ်​လက္ခဏာ​ရဲ့ တခြား​အစိတ်အပိုင်း​နဲ့ ပတ်သက်ပြီး ဒီလို​ပြောခဲ့တယ်– ‘တစ်​နေရာ​ပြီး တစ်​နေရာ ငလျင်တွေ အကြီးအကျယ် လှုပ်လိမ့်မယ်။’ မြေငလျင်​ဆိုတာ ဘာလဲ သိသလား။— မြေငလျင်​က မြေကြီး လှုပ်ခါ​တာ​ကို ပြောတာ။ အိမ်တွေ ပြိုကျပြီး လူတွေ သေကြ​ရတယ်။ ၁၉၁၄ ခုနှစ်​က​စပြီး နှစ်​တိုင်း​လို​လို မြေငလျင် လှုပ်​လာခဲ့တယ်။ ငလျင်​လှုပ်​တဲ့သတင်းတွေ ကြားဖူးသလား။—

(၅) နိမိတ်​လက္ခဏာ​ရဲ့ အစိတ်အပိုင်း နောက်​တစ်ခု​အနေနဲ့ ‘ဆိုးညစ်​မှု​တွေ ပို​များ​လာမယ်’ လို့ ယေရှု ပြောခဲ့တယ်။ ဒါကြောင့်မို့လို့ ခိုးမှုတွေ၊ အကြမ်းဖက်မှု​တွေ ဒီလောက်တောင် များ​လာတာ​ကိုး။ နေရာတကာမှာ လူတွေက သူတို့​အိမ် ဖောက်ထွင်း​ခံရမှာ ကြောက်​နေကြ​တယ်။ ဒီ​က​နေ့​လို ကမ္ဘာ့​ဒေသ​အားလုံးမှာ ရာဇဝတ်မှု​တွေ၊ အကြမ်းဖက်မှု​တွေ များပြားနေ​တာ​မျိုး အရင်တုန်းက တစ်ခါ​မှ မရှိခဲ့​ဖူး​ဘူး။

(၆) ယေရှု​က နိမိတ်​လက္ခဏာ​ရဲ့ သိပ်​အရေးကြီးတဲ့ အစိတ်အပိုင်း​တစ်ခု​အကြောင်းကို ဒီလို​ပြောခဲ့တယ်– “နိုင်ငံတော်သတင်းကောင်းကို လူ​နေထိုင်​ရာ မြေတစ်ခွင်လုံးမှာ ဟောပြော​ရလိမ့်မယ်။ ပြီးမှ အဆုံး​ရောက်လာ​လိမ့်မယ်။” (မဿဲ ၂၄:၁၄) ကလေးတို့ ‘သတင်းကောင်း’ ကို ယုံကြည်တယ်​ဆိုရင် ဒီ​အကြောင်းကို တခြား​လူတွေကို ပြောပြ​ရမှာ​ပေါ့။ ဒီ​နည်းနဲ့ နိမိတ်​လက္ခဏာ​ရဲ့ ဒီ​အပိုင်းကို ပြည့်စုံ​စေတဲ့​နေရာမှာ ကလေးတို့လည်း ပါဝင်​နိုင်တာပေါ့။

ယေရှု ကြို​ပြောခဲ့တဲ့ အမှုအရာ​တွေဟာ အမြဲလို​လို ရှိခဲ့တာပဲလို့ တချို့လူတွေ ပြောရင်​ပြောမယ်။ ဒါပေမဲ့ ကမ္ဘာ့​ဒေသ ဒီလောက်​များများ​မှာ အဲဒီ​အမှုအရာ​တွေ အားလုံး တစ်ချိန်တည်းမှာ ဖြစ်ခဲ့တာမျိုး တစ်ခါ​မှ မရှိခဲ့​ဖူး​ဘူး။ ဒီတော့ ဒီ​နိမိတ်​လက္ခဏာ​ရဲ့ အဓိပ္ပာယ်ဟာ ဘာလဲ​ဆိုတာ သိသလား။— အဲဒါတွေ​အာ​လုံး ဖြစ်ပျက်​နေတာကို တွေ့ရ​ပြီဆို​ရင် မကြာခင် ဆိုးညစ်​တဲ့​ ဒီလောက​ ကုန်ဆုံး​ပြီး ဘုရားသခင်ရဲ့​ကမ္ဘာသစ် ရောက်လာတော့မယ်​ဆိုတဲ့ အဓိပ္ပာယ်ပဲ။

ဒီ​နိမိတ်​လက္ခဏာကို ပေးတဲ့​အခါမှာ ယေရှု​က တစ်နှစ်တာရဲ့ အထူး​ရာသီ​တစ်ခု​အကြောင်းလည်း ပြောခဲ့တယ်။ ‘ခင်ဗျားတို့ ထွက်ပြေး​ရမယ့် အချိန်ဟာ ဆောင်း​ရာသီ . . . မကျ​ဖို့ ဆုတောင်း​နေကြပါ’ လို့​ပြောခဲ့တယ်။ (မဿဲ ၂၄:၂၀) ယေရှုရဲ့​စကားက ဘာကို ဆိုလိုတယ်လို့ ထင်သလဲ။—

ရာသီဥတု​ကြောင့် ခရီးသွား​လာ​ရတာ ခက်ခဲ​ရုံ​မ​က အန္တရာယ်​တောင် ရှိ​တတ်တဲ့​ဆောင်းတွင်း​မှာ ကပ်ဘေး​တစ်ခုခု​ကြောင့် လူတစ်ယောက် ထွက်ပြေး​ရမယ်​ဆိုရင် ဘာဖြစ်​နိုင်သလဲ။— နောက်ဆုံး ထွက်ပြေး​လွတ်မြောက်​ရင်တောင် အခက်အခဲ​အများကြီး ကျော်ဖြတ်​ခဲ့​ရမှာပဲ။ တကယ်လို့ သူဟာ စောစောစီးစီး ခရီးထွက်​ဖို့ မလုပ်ဘဲ အရေး​မကြီးတဲ့ တခြား​ဟာ​တွေ​နဲ့ အလုပ်​များနေ​တဲ့​အတွက် ဆောင်း​မုန်တိုင်း မိ​ပြီး သေသွား​မယ်​ဆိုရင် ဝမ်းနည်းစရာ မကောင်း​ဘူး​လား။—

ယေရှု​က ဆောင်း​ရာသီ​ကျ​မှ ထွက်ပြေးဖို့ ကြိုးစားခြင်း​အကြောင်း ပြောတဲ့အခါမှာ ဘာသင်ခန်းစာ​ကို သင်ပေး​နေသလဲ

ထွက်ပြေးဖို့ ဆောင်း​ရာသီ​အထိ မ​စောင့်ပါ​နဲ့​လို့ ယေရှု ပြောခဲ့တဲ့​စကားရဲ့ လို​ရင်းသဘောကို နားလည်​ရဲ့​လား။— တို့တစ်တွေ အာမဂေဒုန် နီးနေပြီ​ဆိုတာ သိထားတဲ့​အတွက် ဘုရားသခင်ကို ချစ်ကြောင်း အမှုတော်ကို ထမ်းဆောင်ခြင်း​အားဖြင့် အလုပ်နဲ့ သက်သေ​ပြဖို့ အချိန်​မ​ဆွဲပါ​နဲ့​လို့ ယေရှု ပြော​နေတာ ဖြစ်တယ်။ အချိန်ဆွဲ​မယ်​ဆိုရင် သိပ်​နောက်ကျ​သွားမယ်။ အဲဒီလို​ဆိုရင် တို့တစ်တွေလည်း ရေလွှမ်းမိုး​ဘေး​ကြီး ကျရောက်​တုန်း​က နောဧရဲ့ သတိပေး​စကားကို ကြား​ရပေမဲ့ သင်္ဘော​ထဲ​ကို မဝင်ခဲ့တဲ့​လူတွေနဲ့ တူ​သွားမှာ​ပေါ့။

နောက်​အခန်းကျ​ရင် အာမဂေဒုန်​စစ်ပွဲကြီး ပြီးတဲ့နောက်မှာ အခြေအနေ ဘယ်လို ဖြစ်လာမယ် ဆိုတဲ့​အကြောင်း ပြောကြရအောင်။ အခုပဲ ဘုရားသခင်ကို ချစ်​ပြီး ဝတ်ပြု​ကြ​သူတွေ အားလုံး​အတွက် ဘုရားသခင် အသင့်ပြင်​ဆင်​ပေးထားတဲ့ အရာတွေ​အကြောင်း သိရ​ပါ​မယ်။

အောက်ပါ​ကျမ်းချက်တွေ​ဟာ အာမဂေဒုန် နီးပြီ​ဆိုတာ​ပြ​တဲ့ နောက်ထပ်​ကျမ်းချက်တွေ ဖြစ်တယ်– ၂ တိမောသေ ၃:၁-၅။ ၂ ပေတရု ၃:၃၊ ၄