မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း သုံး

ကမ္ဘာမြေကြီးနဲ့ပတ်သက်တဲ့ ဘုရားသခင့်ရည်ရွယ်ချက်က ဘာလဲ

ကမ္ဘာမြေကြီးနဲ့ပတ်သက်တဲ့ ဘုရားသခင့်ရည်ရွယ်ချက်က ဘာလဲ
  • လူသားတွေနဲ့ပတ်သက်တဲ့ ဘုရားသခင့်ရည်ရွယ်ချက်က ဘာလဲ။

  • ဘုရားသခင်ကို ဘယ်လို ဆန့်ကျင်ပုန်ကန်ခဲ့ကြသလဲ။

  • အနာဂတ်မှာ မြေကြီးပေါ် ဘယ်လိုအသက်တာမျိုးနဲ့ နေထိုင်ရမလဲ။

၁။ ကမ္ဘာမြေနဲ့ပတ်သက်တဲ့ ဘုရားသခင့်ရည်ရွယ်ချက်က ဘာလဲ။

ကမ္ဘာမြေနဲ့ပတ်သက်တဲ့ ဘုရားသခင့်ရည်ရွယ်ချက်က အရမ်းကောင်းပါတယ်။ ကမ္ဘာပေါ်မှာ ကျန်းမာပျော်ရွှင်တဲ့ လူသားတွေနဲ့ပြည့်နေဖို့ ယေဟောဝါ အလိုရှိတယ်။ သမ္မာကျမ်းစာမှာ ဒီလိုဖော်ပြထားတယ်– “ထာဝရအရှင် ဘုရားသခင်သည်လည်း . . . ဧဒင်အရပ်၌ ဥယျာဉ်ကိုစိုက်ပျိုးပြီးလျှင် . . . အဆင်းလှ၍ စားဖွယ်ကောင်းသောအပင်အမျိုးမျိုးကို . . . ပေါက်စေတော်မူ၏။” ဘုရားသခင်ဟာ ပထမဆုံးလူယောက်ျားနဲ့ မိန်းမဖြစ်တဲ့ အာဒံနဲ့ဧဝကိုဖန်ဆင်းပြီး အဲဒီသာယာလှပတဲ့ဥယျာဉ်မှာထားတယ်၊ ပြီးတော့ သူတို့ကို “များပြားစွာမွေးဖွားကြလော့။ မြေကြီးကိုပြည့်စေ၍ နိုင်ကြလော့” လို့ပြောခဲ့တယ်။ (ကမ္ဘာဦး ၁:၂၈; ၂:၈၊ ၉၊ ၁၅) ဘုရားသခင့်ရည်ရွယ်ချက်က အာဒံနဲ့ဧဝ သားသမီးတွေမွေးဖွားပြီး သူတို့နေထိုင်နေတဲ့ သာယာလှပတဲ့ ဥယျာဉ်နယ်နိမိတ်ကို တစ်ကမ္ဘာလုံးအထိ တိုးချဲ့ဖို့၊ တိရစ္ဆာန်တွေကို ကြည့်ရှုစောင့်ရှောက်ဖို့ဖြစ်တယ်။

၂။ (က) ကမ္ဘာမြေကြီးနဲ့ပတ်သက်တဲ့ ဘုရားသခင့်ရည်ရွယ်ချက် ပြည့်စုံလာမယ်ဆိုတာ ကျွန်ုပ်တို့ ဘယ်လိုသိရသလဲ။ (ခ) လူသားတွေ ထာဝစဉ်အသက်ရှင်ခြင်းနဲ့ပတ်သက်ပြီး သမ္မာကျမ်းစာမှာ ဘာပြောထားသလဲ။

သာယာလှပတဲ့မြေကြီးမှာ လူတွေအသက်ရှင်နေထိုင်ကြမယ်ဆိုတဲ့ ယေဟောဝါဘုရားသခင်ရဲ့ရည်ရွယ်ချက် တကယ်ဖြစ်လာမယ်လို့ သင် ထင်ပါသလား။ ဘုရားသခင်က “ငါ၏နှုတ်ကပါဌ်စကားသည် ဖြစ်လိမ့်မည်” လို့ ကြေညာခဲ့တယ်။ (ဟေရှာယ ၄၆:၉-၁၁; ၅၅:၁၁) ဘုရားသခင်က သူကြံရွယ်ထားတဲ့အတိုင်း တကယ်လုပ်မယ်။ မြေကြီးကို “အချည်းနှီးဖန်ဆင်းသည်မဟုတ်။ သတ္တဝါနေစရာဖို့ ဖန်ဆင်း” ထားတာဖြစ်တယ်လို့ ကိုယ်တော်ပြောခဲ့တယ်။ (ဟေရှာယ ၄၅:၁၈) ဘုရားသခင်ဟာ ဘယ်လိုလူတွေကို မြေကြီးပေါ်မှာ အသက်ရှင်နေထိုင်စေလိုပါသလဲ။ အချိန်ဘယ်လောက်ကြာကြာ နေထိုင်စေလိုသလဲ။ သမ္မာကျမ်းစာက ဒီလိုအဖြေပေးတယ်– “ဖြောင့်မတ်သောသူတို့သည် ပြည်တော်ကိုအမွေခံ၍ အစဉ်အမြဲနေရကြလိမ့်မည်။”—ဆာလံ ၃၇:၂၉; ဗျာဒိတ် ၂၁:၃၊ ၄

၃။ ယနေ့ကမ္ဘာပေါ်မှာ ဘယ်ဝမ်းနည်းဖွယ်အခြေအနေတွေ ရှိနေသလဲ၊ ဘယ်မေးခွန်းတွေ ပေါ်လာသလဲ။

အခုအချိန်မှာတော့ အဲဒီလိုမဖြစ်သေးဘူးဆိုတာ ရှင်းနေပါတယ်။ လူတွေဟာ ဖျားနာ၊ သေဆုံးနေကြတယ်၊ အချင်းချင်း တိုက်ခိုက်၊ သတ်ဖြတ်နေကြတယ်။ တစ်ခုခုတော့ မှားနေပြီ။ ဒါပေမဲ့ ကမ္ဘာမြေကြီးကို ကျွန်ုပ်တို့မြင်တွေ့နေရတဲ့ အခုလိုပုံစံမျိုးဖြစ်ဖို့ ဘုရားသခင် မရည်ရွယ်ခဲ့ဘူးဆိုတာ သေချာတယ်။ ဘာဖြစ်ခဲ့လို့လဲ။ ဘုရားသခင့်ရည်ရွယ်ချက် ဘာကြောင့်မပြည့်စုံခဲ့တာလဲ။ ဒီအကြောင်းကို လူတွေရေးတဲ့ ဘယ်သမိုင်းစာအုပ်ကမှ မဖော်ပြနိုင်ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ပြဿနာက ကောင်းကင်မှာ စဖြစ်ခဲ့လို့ပဲ။

ရန်သူပေါ်လာ

၄၊ ၅။ (က) မြွေတစ်ကောင်ကိုသုံးပြီး ဧဝကို စကားပြောခဲ့တဲ့သူက ဘယ်သူလဲ။ (ခ) တစ်ချိန်က ရိုးသားဖြူစင်သူတစ်ဦးဟာ ဘယ်လိုလုပ်ပြီး သူခိုး ဖြစ်သွားနိုင်သလဲ။

ကျမ်းစာရဲ့ ဦးဆုံးကျမ်းမှာ ဧဒင်ဥယျာဉ်မှာ ဘုရားသခင်ကို ဆန့်ကျင်သူတစ်ဦးပေါ်လာတဲ့အကြောင်း ဖော်ပြထားတယ်။ သူ့ကို “မြွေ” လို့ဖော်ပြထားပေမဲ့ သူက တိရစ္ဆာန်တစ်ကောင်တော့ မဟုတ်ဘူး။ သမ္မာကျမ်းစာရဲ့ နောက်ဆုံးကျမ်းမှာ သူ့ကို “လူနေထိုင်ရာမြေတစ်ပြင်လုံးကို လှည့်စားသူ၊ မာရ်နတ်၊ စာတန်ခေါ် မူလမြွေ” လို့ခေါ်ထားတယ်။ (ကမ္ဘာဦး ၃:၁; ဗျာဒိတ် ၁၂:၉) ဒီတန်ခိုးကြီးတဲ့ကောင်းကင်တမန်က ဧဝကိုစကားပြောဖို့ မြွေတစ်ကောင်ကို အသုံးပြုခဲ့တယ်၊ မြွေကနေ စကားသံထွက်လာတဲ့ပုံစံမျိုးဖြစ်အောင် သူလုပ်ခဲ့တယ်။ လူသားတွေနေဖို့အတွက် ကမ္ဘာမြေကြီးကို ဘုရားသခင်ပြင်ဆင်ခဲ့ချိန်တုန်းက ဒီဝိညာဉ်သတ္တဝါရှိနေခဲ့မှာ သေချာတယ်။—ယောဘ ၃၈:၄၊

ယေဟောဝါ ဖန်ဆင်းတဲ့အရာအားလုံးဟာ အပြစ်အနာအဆာကင်းတယ်၊ မကောင်းတာမရှိဘူး၊ ဒါဆိုရင် “စာတန်မာရ်နတ်” ကို ဘယ်သူ ဖန်ဆင်းခဲ့တာလဲ။ ရိုးရိုးလေးပြောရရင် ဘုရားသခင် ဖန်ဆင်းထားတဲ့ တန်ခိုးကြီးဝိညာဉ်သတ္တဝါတွေထဲက တစ်ပါးဟာ သူ့ကိုယ်သူ စာတန်မာရ်နတ် ဖြစ်စေခဲ့တယ်။ ဘယ်လိုဖြစ်ခဲ့တာလဲ။ တစ်ချိန်က အကျင့်ကောင်းပြီး ရိုးသားသူတစ်ဦးဟာ အခု သူခိုးဖြစ်နိုင်တယ်။ ဘယ်လိုဖြစ်လာသလဲ။ သူ့စိတ်ထဲမှာ မကောင်းတဲ့ဆန္ဒ ကြီးထွားလာပြီး အဲဒါကိုပဲ ဆက်စဉ်းစားတွေးတောနေမယ်ဆိုရင် အဲဒီမကောင်းတဲ့ဆန္ဒက ပိုပြင်းထန်လာမှာဖြစ်တယ်။ အဲဒီနောက် အခွင့်အရေးရလာတဲ့အခါ စဉ်းစားထားတဲ့ မကောင်းတဲ့ဆန္ဒအတိုင်း လုပ်တော့တာပဲ။ယာကုပ် ၁:၁၃-၁၅ ကိုဖတ်ပါ။

၆။ ဘုရားသခင်ရဲ့ တန်ခိုးကြီးတဲ့ဝိညာဉ်သတ္တဝါတစ်ဦးက ဘယ်လိုလုပ်ပြီး စာတန်မာရ်နတ် ဖြစ်သွားသလဲ။

စာတန်မာရ်နတ်ရဲ့ အဖြစ်ကလည်း အဲဒီလိုပဲ။ ဘုရားသခင်က အာဒံနဲ့ဧဝကို သားသမီးတွေမွေးဖွားခိုင်းပြီး မြေကြီးပေါ်မှာ လူတွေပြည့်နေအောင်လုပ်ဖို့ ပြောခဲ့တာကို သူကြားသွားပုံရတယ်။ (ကမ္ဘာဦး ၁:၂၇၊ ၂၈) ‘ဒီလူတွေအားလုံး ဘုရားသခင်ကို မကိုးကွယ်ဘဲ ငါ့ကိုသာကိုးကွယ်ရင် ဘယ်လောက်ကောင်းလိုက်မလဲ’ လို့စာတန်မာရ်နတ်စဉ်းစားခဲ့တာ ထင်ရှားတယ်။ ဒါနဲ့ သူ့စိတ်ထဲမှာ အဲဒီမကောင်းတဲ့ဆန္ဒ ကြီးထွားလာခဲ့တယ်။ နောက်ဆုံး ဘုရားသခင်အကြောင်း မဟုတ်မမှန်ပြောပြီး ဧဝကိုလိမ်ညာတော့တယ်။ (ကမ္ဘာဦး ၃:၁-၅ ကိုဖတ်ပါ။) ဒါကြောင့် သူဟာ “ရှုတ်ချဂုဏ်ဖျက်သူ” လို့အဓိပ္ပာယ်ရှိတဲ့ “မာရ်နတ်၊” “ဆန့်ကျင်သူ” လို့အဓိပ္ပာယ်ရှိတဲ့ “စာတန်” ဖြစ်လာတယ်။

၇။ (က) အာဒံနဲ့ဧဝ ဘာကြောင့် သေရသလဲ။ (ခ) အာဒံရဲ့သားသမီးအားလုံး ဘာကြောင့် အိုမင်းပြီး သေကြရတာလဲ။

စာတန်မာရ်နတ်ဟာ အာဒံနဲ့ဧဝကို လိမ်ညာ၊ လှည့်ဖြားပြီး ဘုရားသခင်စကား နားမထောင်အောင် လုပ်ခဲ့တယ်။ (ကမ္ဘာဦး ၂:၁၇; ၃:၆) ဘုရားသခင့်စကားနားမထောင်ရင် သေမယ်လို့ပြောထားတဲ့အတိုင်းပဲ နောက်ဆုံးမှာ သူတို့သေကြရတယ်။ (ကမ္ဘာဦး ၃:၁၇-၁၉) အာဒံဟာ အပြစ်လုပ်လိုက်တဲ့အချိန်မှာ အပြစ်သားဖြစ်သွားလို့ သူ့ရဲ့သားသမီးအားလုံး သူ့ဆီကနေ အပြစ်ကို အမွေခံခဲ့ရတယ်။ (ရောမ ၅:၁၂ ကိုဖတ်ပါ။) ဒီအခြေအနေကို ပုံစံခွက်သုံးပြီး မုန့်ဖုတ်တာနဲ့ သရုပ်ဖော်နိုင်တယ်။ မုန့်က ပုံစံခွက်အတိုင်း ထွက်လာမှာဖြစ်တယ်။ အဲဒီလိုပဲ လူသားတွေဟာ အာဒံကနေ ဆင်းသက်လာတဲ့အတွက် လူတိုင်းမှာ အာဒံလုပ်ခဲ့တဲ့အပြစ် ပါလာတယ်။ ဒါကြောင့် လူတွေက အိုမင်းပြီး သေကြရတယ်။—ရောမ ၃:၂၃

၈၊ ၉။ (က) စာတန် ဘယ်လို ဆန့်ကျင်ပုန်ကန်ခဲ့သလဲ။ (ခ) ပုန်ကန်သူတွေကို ဘုရားသခင် ဘာကြောင့် ချက်ချင်းမဖျက်ဆီးခဲ့သလဲ။

ဘုရားသခင့်စကားနားမထောင်ဖို့ အာဒံနဲ့ဧဝကို လိမ်ပြောခဲ့တုန်းက စာတန်ဟာ တကယ်ပဲ ဆန့်ကျင်ပုန်ကန်မှုကို ဦးဆောင်နေတာဖြစ်တယ်။ ဒါက ယေဟောဝါရဲ့ အုပ်ချုပ်ပုံနည်းလမ်းကို ဆန့်ကျင်ပုန်ကန်နေတာပဲ။ တကယ်တော့ စာတန် ဒီလိုပြောနေတာ– ‘ဘုရားသခင်ဟာ မတရားအုပ်ချုပ်တဲ့သူပဲ။ သူက လိမ်ညာပြီး သူ့လက်အောက်ခံတွေကို ကောင်းတာတွေမပေးဘဲ ချန်ထားတယ်။ လူတွေဟာ ဘုရားသခင်ရဲ့အုပ်ချုပ်မှုကို လက်အောက်ခံနေစရာ မလိုဘူး။ ဘယ်ဟာ ကောင်းတယ်၊ မကောင်းဘူးဆိုတာကို သူတို့ကိုယ်တိုင် ဆုံးဖြတ်နိုင်တယ်။ သူတို့ကို ငါအုပ်ချုပ်တာကမှ ပိုကောင်းဦးမယ်။’ အဲဒီလိုမဟုတ်မမှန် စွပ်စွဲပြောဆိုတာကို ဘုရားသခင် ဘယ်လို ကိုင်တွယ်ဖြေရှင်းမလဲ။ အဲဒီသူပုန်တွေကို ဘုရားသခင် တစ်ခါတည်း ဖျက်ဆီးပစ်လိုက်ဖို့ကောင်းတယ်လို့ တချို့က ပြောကြတယ်။ အဲဒီလိုလုပ်လိုက်ရင် စာတန်ရဲ့ပုန်ကန်မှုကို ဖြေရှင်းနိုင်ပါ့မလား။ ဘုရားသခင်ရဲ့အုပ်ချုပ်နည်းက မှန်ကန်တယ်ဆိုတာ သက်သေထူနိုင်ပါ့မလား။

ယေဟောဝါရဲ့ အပြစ်ပြောစရာမရှိတဲ့ တရားမျှတမှုကြောင့် အဲဒီသူပုန်တွေကို ချက်ချင်းမဖျက်ဆီးခဲ့ဘူး။ စာတန်ရဲ့ပုန်ကန်မှုကို အမှန်ကန်ဆုံးနည်းနဲ့ ဖြေရှင်းဖို့၊ စာတန်ဟာ လိမ်ညာသူဖြစ်ကြောင်း သက်သေထူဖို့ အချိန်ပေးရမယ်လို့ ဘုရားသခင် ဆုံးဖြတ်ခဲ့တယ်။ ဒါကြောင့် စာတန့်သြဇာလွှမ်းမိုးမှုအောက်မှာ လူသားအချင်းချင်းအုပ်ချုပ်ဖို့အတွက် အချိန်အတော်အတန်ခွင့်ပြုဖို့ ဘုရားသခင် ဆုံးဖြတ်ခဲ့တယ်။ ယေဟောဝါ အဲဒီလိုဆုံးဖြတ်ရတဲ့အကြောင်းနဲ့ ဒီအရေးကိစ္စကိုဖြေရှင်းဖို့ ဘာကြောင့် ဒီလောက်ကြာကြာ အချိန်ပေးရတယ်ဆိုတဲ့အကြောင်းကို ဒီစာအုပ်ရဲ့ အခန်း ၁၁ မှာ ဆွေးနွေးပါမယ်။ ဒါပေမဲ့ အခု ဒီအချက်တွေကို စဉ်းစားသုံးသပ်သင့်တယ်– အာဒံနဲ့ဧဝဟာ သူတို့အတွက် ကောင်းကျိုးတစ်ခုမှ မပြုလုပ်ပေးဖူးတဲ့ စာတန်ရဲ့စကားကို နားထောင်သင့်သလား။ သူတို့ပိုင်ဆိုင်ထားရာမှန်သမျှကို ပေးထားတဲ့ ယေဟောဝါကို ကောက်ကျစ်လိမ်ညာသူအဖြစ် ယူမှတ်တာက သင့်လျော်သလား။ သင်သာဆိုရင် ဘယ်လိုလုပ်မလဲ။

၁၀။ စာတန်ရဲ့ပုန်ကန်မှုကိုဖြေရှင်းရာမှာ သင် ယေဟောဝါဘက် ဘယ်လို ရပ်တည်ထောက်ခံနိုင်သလဲ။

၁၀ ယနေ့ ကျွန်ုပ်တို့တစ်ဦးစီလည်း အလားတူအရေးကိစ္စတွေကို ရင်ဆိုင်နေရတဲ့အတွက်ကြောင့် အဲဒီမေးခွန်းတွေကို စဉ်းစားသုံးသပ်သင့်တယ်။ စာတန်ရဲ့ဆန့်ကျင်ပုန်ကန်မှုကို ဖြေရှင်းရာမှာ ယေဟောဝါဘက် ရပ်တည်ထောက်ခံဖို့ သင့်မှာ အခွင့်အရေးရှိတယ်။ ယေဟောဝါကို သင့်ရဲ့အုပ်စိုးရှင်အဖြစ်လက်ခံပြီး စာတန်ကို လိမ်ညာသူအဖြစ် ဖော်ထုတ်ရာမှာ သင် ကူညီပေးနိုင်တယ်။ (ဆာလံ ၇၃:၂၈; သုတ္တံ ၂၇:၁၁ ကိုဖတ်ပါ။) ဝမ်းနည်းစရာက ကမ္ဘာပေါ်မှာရှိတဲ့ သန်းထောင်နဲ့ချီတဲ့လူတွေထဲမှာ လူနည်းနည်းလောက်ပဲ အဲဒီလိုလုပ်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ ဒီလိုဆိုရင် လောကကိုအုပ်ချုပ်နေတာက စာတန်ပဲဖြစ်ရမယ်။ ဒါနဲ့ပတ်သက်ပြီး သမ္မာကျမ်းစာ ဘယ်လိုသွန်သင်သလဲ။

ဒီလောကကို ဘယ်သူ အုပ်ချုပ်နေသလဲ

စာတန်က ဒီလောကမှာရှိတဲ့နိုင်ငံအားလုံးကို မပိုင်ဆိုင်ဘူးဆိုရင် ယေရှုကိုပေးမယ်လို့ ပြောနိုင်ပါ့မလား

၁၁၊ ၁၂။ (က) ယေရှုကို စာတန် သွေးဆောင်တဲ့ဖြစ်ရပ်ကနေ စာတန်ဟာ ဤလောကကို အုပ်ချုပ်သူဖြစ်တယ်ဆိုတာ ဘယ်လိုသိရသလဲ။ (ခ) စာတန်ဟာ ဒီလောကကို အုပ်ချုပ်သူဖြစ်တယ်ဆိုတာ တခြားဘယ်အချက်တွေကလည်း သက်သေထူသလဲ။

၁၁ ဒီလောကကို စာတန်အုပ်ချုပ်နေတယ်ဆိုတဲ့အချက်ကို ယေရှု တစ်ခါမှသံသယမဝင်ခဲ့ဘူး။ တစ်ကြိမ်မှာ စာတန်ဟာ ယေရှုကို “လောကတိုင်းနိုင်ငံရှိသမျှနှင့် ယင်းတို့၏ ဘုန်းစည်းစိမ်ကို” အံ့ဖွယ်နည်းနဲ့ပြခဲ့တယ်။ အဲဒီနောက် စာတန်က ယေရှုကို “သင်သည် ငါ့ကို တစ်ကြိမ်သာပျပ်ဝပ်၍ ကိုးကွယ်လျှင် ဤအရာရှိသမျှတို့ကို ငါပေးမည်” လို့ကတိပေးခဲ့တယ်။ (မဿဲ ၄:၈၊ ၉; လုကာ ၄:၅၊ ၆) ဒီအချက်ကို စဉ်းစားကြည့်ပါ။ စာတန်သာ ဒီအရာတွေကို မပိုင်ရင် ယေရှုကို ပေးမယ်လို့ သူပြောနိုင်ပါ့မလား။ အဲဒီ ကမ္ဘာ့တိုင်းနိုင်ငံတွေကို စာတန်မပိုင်ဘူးလို့ ယေရှုမပြောခဲ့ဘူး။ စာတန်သာ ဒီအရာတွေကို နောက်ကွယ်ကနေ ချုပ်ကိုင်ထားတာမဟုတ်ဘူးဆိုရင် ဒါတွေကို စာတန်မပိုင်ဘူးလို့ ယေရှုပြောခဲ့မှာ သေချာတယ်။

၁၂ ယေဟောဝါဟာ အနန္တတန်ခိုးရှင် ဘုရားသခင်၊ အံ့ဖွယ်ကောင်းလှတဲ့ စကြဝဠာကြီးရဲ့ ဖန်ဆင်းရှင်ဖြစ်တယ်။ (ဗျာဒိတ် ၄:၁၁) ဒါပေမဲ့ ယေဟောဝါဘုရားသခင် ဒါမှမဟုတ် ယေရှုခရစ်ဟာ ဒီလောကကို အုပ်ချုပ်သူဖြစ်တယ်လို့ သမ္မာကျမ်းစာရဲ့ ဘယ်နေရာမှာမှ မဖော်ပြထားဘူး။ ယေရှုက စာတန်ကို “ဤလောကကိုအစိုးရသောမင်း” လို့ခေါ်ခဲ့တယ်။ (ယောဟန် ၁၂:၃၁; ၁၄:၃၀; ၁၆:၁၁) ကျမ်းစာမှာ စာတန်မာရ်နတ်ကို “ဤလောကစနစ်၏ဘုရား” လို့တောင် ဖော်ပြထားတယ်။ (၂ ကောရိန္သု ၄:၃၊ ၄) ဒီဆန့်ကျင်သူ၊ ဒါမှမဟုတ် စာတန်နဲ့ပတ်သက်ပြီး ခရစ်ယာန်တစ်ဦးဖြစ်တဲ့ တမန်တော်ယောဟန်က ဒီလိုရေးခဲ့တယ်– “တစ်လောကလုံးသည် ဆိုးညစ်သူ၏ဩဇာအောက်တွင် ရှိနေကြောင်း ငါတို့သိကြ၏။”—၁ ယောဟန် ၅:၁၉

စာတန့်လောက ဘယ်လို ဖယ်ရှားခံရမလဲ

၁၃။ ကမ္ဘာသစ်တစ်ခု ဘာကြောင့် လိုအပ်လာသလဲ။

၁၃ တစ်နှစ်ပြီးတစ်နှစ် ကုန်လွန်သွားတိုင်း ဒီလောက,က ပိုပိုပြီး အန္တရာယ်များလာတယ်။ စစ်တိုက်နေတဲ့စစ်တပ်တွေ၊ မရိုးသားတဲ့နိုင်ငံရေးသမားတွေ၊ သူတော်ကောင်းယောင်ဆောင်တဲ့ ဘာသာရေးခေါင်းဆောင်တွေ၊ ရက်စက်တဲ့ ရာဇဝတ်ကောင်တွေကို နေရာအနှံ့မှာ တွေ့နေရတယ်။ ကမ္ဘာကြီးတစ်ခုလုံးက ဘယ်လိုမှပြုပြင်လို့မရတဲ့ အခြေအနေဖြစ်နေပြီ။ သမ္မာကျမ်းစာမှာ အာမဂေဒုန်စစ်ပွဲအားဖြင့် ဆိုးသွမ်းမှုတွေကိုဖယ်ရှားပစ်မယ့်အချိန် နီးနေပြီလို့ ဖော်ပြထားတယ်။ ဒီနည်းအားဖြင့် ဖြောင့်မတ်တဲ့ကမ္ဘာသစ်တစ်ခု ပေါ်ပေါက်လာမယ်။—ဗျာဒိတ် ၁၆:၁၄-၁၆

၁၄။ (က) ဒီဆိုးသွမ်းတဲ့စနစ်ကို ဖျက်ဆီးဖို့ ဘုရားသခင် ဘာကို အသုံးပြုမလဲ။ (ခ) ဘုရားသခင်က မိမိရဲ့နိုင်ငံတော်ကိုအုပ်ချုပ်ဖို့ ဘယ်သူ့ကို ရွေးချယ်ထားသလဲ။

၁၄ ယေဟောဝါဘုရားသခင်က မိမိရဲ့ထိန်းချုပ်မှုအောက်မှာရှိတဲ့ ကောင်းကင်အစိုးရတစ်ခုကို အသုံးပြုပြီး ဒီဆိုးသွမ်းတဲ့စနစ်ကို ဖျက်ဆီးမှာဖြစ်တယ်။ ကျမ်းစာမှာ ဒီအစိုးရကို ဘုရားသခင့်နိုင်ငံတော်လို့ခေါ်တယ်။ ယေရှုက သူ့နောက်လိုက်တွေကို ဒီနိုင်ငံတော်နဲ့ပတ်သက်ပြီး ဒီလို ဆုတောင်းဖို့သင်ပေးခဲ့တယ်– “နိုင်ငံတော်လာပါစေ။ အလိုတော်သည် ကောင်းကင်ဘုံ၌ ပြည့်စုံသကဲ့သို့ မြေကြီးပေါ်၌လည်း ပြည့်စုံပါစေ။” (မဿဲ ၆:၁၀) ဘုရားသခင်က မိမိရဲ့ကောင်းကင်နိုင်ငံတော်ကို အုပ်ချုပ်ဖို့ ယေရှုခရစ်ကို ရွေးချယ်ခဲ့တယ်။ သမ္မာကျမ်းစာမှာ အချိန်အတော်ကြာကတည်းက ဒီလိုကြိုဟောထားတယ်– “ငါတို့အဖို့ သူငယ်ကိုဖွားမြင်၏။ ငါတို့အား သားကိုသနားတော်မူ၏။ ထိုသူသည် အုပ်စိုးခြင်းအာဏာစက်ရှိလိမ့်မည်။ နာမတော်ကား . . . ငြိမ်သက်ခြင်းအရှင်ဟု ခေါ်ဝေါ်သမုတ်ခြင်းကို ခံတော်မူလိမ့်မည်။ . . . အာဏာတော်တိုးတက်ခြင်းနှင့် ငြိမ်သက်တော်မူခြင်းသည် . . . အမြဲရှိလိမ့်မည်။” (ဟေရှာယ ၉:၆၊ ၇) ဒီစာအုပ်ရဲ့နောက်ပိုင်းမှာ ကျွန်ုပ်တို့တွေ့ရမယ့်အတိုင်း မကြာခင်မှာ ဘုရားသခင့်နိုင်ငံတော်ဟာ ဒီကမ္ဘာပေါ်မှာရှိတဲ့ အစိုးရအားလုံးကို ဖယ်ရှားပစ်ပြီး အဲဒီနေရာမှာ အစားဝင်မှာဖြစ်တယ်။ (ဒံယေလ ၂:၄၄၊ ၄၅ ကိုဖတ်ပါ။) အဲဒီအခါ ဘုရားသခင့်နိုင်ငံတော်က ကမ္ဘာမြေကြီးကို ငြိမ်းချမ်းသာယာတဲ့ပရဒိသု ဖြစ်စေပါလိမ့်မယ်။

ကမ္ဘာသစ် နီးပြီ!

၁၅။ “မြေကြီးသစ်” ဆိုတာ ဘာလဲ။

၁၅ သမ္မာကျမ်းစာမှာ ဒီလိုအာမခံထားတယ်– “ငါတို့သည် ဖြောင့်မတ်ခြင်းတည်နေရာ မိုးကောင်းကင်သစ်နှင့် မြေကြီးသစ်ကို ကတိတော်နှင့်အညီ စောင့်မျှော်လျက်ရှိကြ၏။” (၂ ပေတရု ၃:၁၃; ဟေရှာယ ၆၅:၁၇) ကျမ်းစာမှာပါတဲ့ “မြေကြီး” ဆိုတဲ့အသုံးအနှုန်းက တစ်ခါတလေ မြေကြီးပေါ်မှာနေထိုင်တဲ့လူတွေကို ဆိုလိုတယ်။ (ဆာလံ ၃၃:၈) ဒါကြောင့် ဖြောင့်မတ်ခြင်းတည်နေရာ “မြေကြီးသစ်” ဆိုတာက ဘုရားသခင် နှစ်သက်လက်ခံတဲ့ လူ့ဘောင်အဖွဲ့အစည်းဖြစ်တယ်။

၁၆။ ဘုရားသခင်ရဲ့ မျက်နှာသာရသူတွေဟာ ဘယ် အဖိုးမဖြတ်နိုင်တဲ့ ဆုကျေးဇူးရရှိကြမလဲ။ ဒီဆုကိုရဖို့ ကျွန်ုပ်တို့ ဘာလုပ်ရမလဲ။

၁၆ ဘုရားသခင့်မျက်နှာသာရသူတွေဟာ လာမယ့်ကမ္ဘာသစ်မှာ “ထာဝရအသက်” ဆုကျေးဇူးကို ရရှိကြမယ်လို့ ယေရှုကတိပြုခဲ့တယ်။ (မာကု ၁၀:၃၀) ကျေးဇူးပြု၍ သင့်ကျမ်းစာမှာပါတဲ့ ယောဟန် ၃:၁၆ နဲ့ ၁၇:၃ ကိုဖွင့်ပြီး ထာဝရအသက်ရဖို့ ဘာလုပ်ရမယ်ဆိုတာ ဖတ်ကြည့်ပါ။ ရောက်လာတော့မယ့် ငြိမ်းချမ်းသာယာတဲ့ မြေကြီးပရဒိသုမှာ ဘုရားသခင်ပေးမယ့် အံ့ဖွယ်ဆုကျေးဇူးကို ရထိုက်သူတွေ ခံစားရမယ့် ကောင်းချီးတွေအကြောင်း သမ္မာကျမ်းစာမှာ သုံးသပ်ကြည့်ပါ။

၁၇၊ ၁၈။ ကမ္ဘာတစ်ဝန်းလုံးမှာ ငြိမ်သက်မှု၊ လုံခြုံမှုရှိမယ်လို့ ကျွန်ုပ်တို့ ဘာကြောင့် ယုံကြည်စိတ်ချနိုင်သလဲ။

၁၇ ဆိုးသွမ်းမှု၊ စစ်မှု၊ ရာဇဝတ်မှုနဲ့ အကြမ်းဖက်မှုတွေ ရှိတော့မှာမဟုတ်ဘူး။ “မတရားသောသူသည်မရှိရ။ . . . စိတ်နှိမ့်ချသောသူတို့မူကား ပြည်တော် [“မြေကြီး၊” ကဘ] ကိုအမွေခံ . . . ကြလိမ့်မည်။” (ဆာလံ ၃၇:၁၀၊ ၁၁; မဿဲ ၅:၅) ဘုရားသခင်က “မြေကြီးစွန်းတိုင်အောင် စစ်မှုကိုငြိမ်းစေ” မှာဖြစ်လို့ ငြိမ်သက်အေးချမ်းမယ်။ (ဆာလံ ၄၆:၉; ဟေရှာယ ၂:၄) အဲဒီနောက် “လက်ထက်တော်၌ လသည် ပပျောက်ခြင်းသို့မရောက်မီတိုင်အောင် တရားသောသူသည် ပွင့်လန်း၍ ချမ်းသာ [“ငြိမ်သက်ခြင်း၊” ကဘ] များပြားလိမ့်” မယ်၊ ဆိုလိုတာက အဆုံးမရှိ အေးချမ်းငြိမ်သက်မှာဖြစ်တယ်။—ဆာလံ ၇၂:၇

၁၈ ယေဟောဝါကို ဝတ်ပြုကိုးကွယ်သူတွေ လုံခြုံစွာနေရမယ်။ ရှေးခေတ်အစ္စရေးလူတွေဟာ ဘုရားသခင့်စကားကို နားထောင်နေသမျှကာလပတ်လုံး ဘေးကင်းလုံခြုံစွာ နေထိုင်ခဲ့ကြရတယ်။ (ဝတ်ပြုရာ ၂၅:၁၈၊ ၁၉) လာမယ့် ငြိမ်းချမ်းသာယာတဲ့ မြေကြီးပရဒိသုမှာ အဲဒီလိုလုံခြုံမှုမျိုး ရှိမှာဖြစ်လို့ ဘယ်လောက်တောင် ကောင်းလိုက်သလဲ။—ဟေရှာယ ၃၂:၁၈ ကိုဖတ်ပါ; မိက္ခာ ၄:၄

၁၉။ ဘုရားသခင့်ကမ္ဘာသစ်မှာ အစားအစာ ပေါများကြွယ်ဝမယ်ဆိုတာ ဘယ်လိုသိရသလဲ။

၁၉ အစားအစာရှားပါးတယ်ဆိုတာ ရှိတော့မှာမဟုတ်ဘူး။ “ပြည်တော် [“မြေကြီး၊” ကဘ] ၌ များစွာသောစပါးရှိ၍ အသီးအနှံသည် . . . တောင်ထိပ်ပေါ်မှာ လှုပ်ရှားလိမ့်” မယ်လို့ ဆာလံဆရာ ရေးဖွဲ့သီဆိုခဲ့တယ်။ (ဆာလံ ၇၂:၁၆; ဗျာဒိတ် ၇:၁၆) ယေဟောဝါဘုရားသခင်က ဖြောင့်မတ်သူတွေကို ကောင်းချီးပေးပြီး “မြေသည် မိမိဘဏ္ဍာကိုပေး” လိမ့်မယ်။—ဆာလံ ၆၇:၆

၂၀။ ကမ္ဘာတစ်ခုလုံး ငြိမ်းချမ်းသာယာတဲ့ ပရဒိသုဖြစ်လာမယ်လို့ ကျွန်ုပ်တို့ ဘာကြောင့် ယုံကြည်စိတ်ချနိုင်သလဲ။

၂၀ ကမ္ဘာမြေတစ်ခုလုံး ငြိမ်းချမ်းသာယာတဲ့ ပရဒိသုဖြစ်လာမယ်။ အပြစ်သားတွေကြောင့် ပျက်စီးယိုယွင်းခဲ့ဖူးတဲ့ မြေကြီးပေါ်မှာ နေချင်စရာကောင်းတဲ့ အိမ်အသစ်တွေ၊ ပန်းဥယျာဉ်တွေ တည်ဆောက်ကြမယ်။ (ဟေရှာယ ၆၅:၂၁-၂၄ ကိုဖတ်ပါ; ဗျာဒိတ် ၁၁:၁၈) အချိန်ကုန်လွန်လာတာနဲ့အမျှ ကမ္ဘာကြီးဟာ ဧဒင်ဥယျာဉ်လို သာယာလှပပြီး သီးပွင့်ဖြစ်ထွန်းတဲ့နေရာ ဖြစ်သွားမယ်။ ဘုရားသခင်က “လက်တော်ကိုဖွင့်၍ အသက်ရှင်သော သတ္တဝါအပေါင်းတို့ကို ရောင့်ရဲစေ” မယ်။—ဆာလံ ၁၄၅:၁၆

၂၁။ လူနဲ့တိရစ္ဆာန် ငြိမ်းချမ်းစွာ အတူနေကြမယ်လို့ ဘာကြောင့်ပြောနိုင်သလဲ။

၂၁ လူနဲ့တိရစ္ဆာန်တွေ ငြိမ်းချမ်းစွာအတူနေကြမယ်။ တောရိုင်းတိရစ္ဆာန်တွေနဲ့ အိမ်မွေးတိရစ္ဆာန်တွေ အတူတူ နေထိုင်ကျက်စားမယ်။ အခုအချိန်မှာအန္တရာယ်ပြုတတ်တဲ့ တိရစ္ဆာန်တွေကို ကလေးတွေတောင် ကြောက်တော့မှာမဟုတ်ဘူး။—ဟေရှာယ ၁၁:၆-၉ ကိုဖတ်ပါ; ၆၅:၂၅။

၂၂။ ဖျားနာတာတွေ ဘာဖြစ်သွားမလဲ။

၂၂ ဖျားနာတာတွေ မရှိတော့ဘူး။ ဘုရားသခင့်ကောင်းကင်နိုင်ငံတော်ရဲ့ အုပ်ချုပ်သူအနေနဲ့ ယေရှုဟာ မြေကြီးပေါ်မှာရှိတုန်းကထက် ပိုပြီးကြီးကျယ်တဲ့ အတိုင်းအတာနဲ့ ကုသပေးမယ်။ (မဿဲ ၉:၃၅; မာကု ၁:၄၀-၄၂; ယောဟန် ၅:၅-၉) အဲဒီအခါ “မြို့သားကလည်း ‘ငါနာသည်’ ဟုမဆို” ရတော့ဘူး။—ဟေရှာယ ၃၃:၂၄; ၃၅:၅၊ ၆

၂၃။ ရှင်ပြန်ထမြောက်ခြင်းက ကျွန်ုပ်တို့ကို ဘာကြောင့် ပျော်ရွှင်စေမလဲ။

၂၃ ချစ်မြတ်နိုးရတဲ့ သေလွန်သူတွေလည်း ပြန်အသက်ရှင်လာကြမယ်။ သူတို့ဟာ ဘုရားသခင့်စကားနားထောင်မယ်ဆိုရင် နောက် ဘယ်တော့မှ ပြန်သေရတော့မှာ မဟုတ်ဘူး။ ဘုရားသခင့်မှတ်ဉာဏ်မှာရှိတဲ့ သေခြင်းမှာအိပ်ပျော်သွားသူအားလုံး ပြန်အသက်ရှင်လာကြမယ်။ “ဖြောင့်မတ်သောသူ၊ မဖြောင့်မတ်သောသူတို့သည် ရှင်ပြန်ထမြောက်ကြလိမ့်မည်။”—တမန်တော် ၂၄:၁၅; ယောဟန် ၅:၂၈၊ ၂၉ ကိုဖတ်ပါ

၂၄။ ငြိမ်းချမ်းသာယာတဲ့ မြေကြီးပရဒိသုမှာ နေထိုင်ခြင်းနဲ့ပတ်သက်ပြီး သင် ဘယ်လိုခံစားရသလဲ။

၂၄ ကျွန်ုပ်တို့ရဲ့ မဟာဖန်ဆင်းရှင်၊ ယေဟောဝါဘုရားသခင်အကြောင်း သင်ယူပြီး ကိုယ်တော့်ကိုကိုးကွယ်ဖို့ ရွေးချယ်သူတွေအတွက် တကယ်အံ့သြဖို့ကောင်းတဲ့ အနာဂတ်စောင့်ကြိုနေပါတယ်။ ဒါက ယေရှုရဲ့ဘေးမှာ သေဒဏ်ပေးခံရတဲ့လူဆိုးကို ယေရှု ကတိပေးခဲ့တဲ့ ငြိမ်းချမ်းသာယာတဲ့မြေကြီး ပရဒိသုဖြစ်တယ်၊ ယေရှုက “သင်သည် ငါနှင့်အတူ ပရဒိသု၌ရှိလိမ့်မည်” လို့ ကတိပေးခဲ့တယ်။ (လုကာ ၂၃:၄၃) ဒီကောင်းချီးအားလုံးက ယေရှုခရစ်အားဖြင့် ရရှိမှာဖြစ်လို့ ယေရှုအကြောင်း ထပ်လေ့လာသင်ယူဖို့ အရေးကြီးတယ်။