မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း လေး

ယေရှုခရစ်က ဘယ်သူလဲ

ယေရှုခရစ်က ဘယ်သူလဲ
  • ယေရှုရဲ့အထူးအခန်းကဏ္ဍက ဘာလဲ။

  • ယေရှု ဘယ်နေရာက လာသလဲ။

  • သူက ဘယ်လိုပုဂ္ဂိုလ်မျိုးလဲ။

၁၊ ၂။ (က) နာမည်ကျော်တစ်ဦးကို သိတယ်ဆိုရုံနဲ့ အဲဒီလူကို တကယ်သိတယ်လို့ ဘာကြောင့် မပြောနိုင်သလဲ။ (ခ) ယေရှုနဲ့ပတ်သက်ပြီး အယူအဆတွေ ဘယ်လိုကွဲပြားနေသလဲ။

ကမ္ဘာပေါ်မှာ နာမည်ကျော်ပုဂ္ဂိုလ်တွေ အများကြီးရှိပါတယ်။ တချို့က သူတို့ရဲ့မြို့ရွာ ဒါမှမဟုတ် နိုင်ငံမှာ ထင်ပေါ်သူတွေဖြစ်တယ်။ တချို့ကျတော့ ကမ္ဘာကျော်ပုဂ္ဂိုလ်တွေဖြစ်တယ်။ ဒါပေမဲ့ နာမည်ကြီးသူတစ်ဦးရဲ့ နာမည်ကိုသိရုံလောက်နဲ့ အဲဒီလူကို တကယ်သိတယ်လို့ ပြောလို့မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူ့ရဲ့နောက်ခံအကြောင်းနဲ့ သူက ဘယ်လိုလူစားလဲဆိုတဲ့ အသေးစိတ်အချက်အလက်တွေကို မသိတဲ့အတွက်ကြောင့်ပဲ။

ယေရှုခရစ်ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၂,၀၀၀ ခန့်က ကမ္ဘာပေါ်မှာ အသက်ရှင်ခဲ့သူဖြစ်ပေမဲ့ ကမ္ဘာတစ်ဝန်းက လူတွေဟာ ကိုယ်တော့်အကြောင်း ကြားဖူးနားဝရှိကြတယ်။ ဒါပေမဲ့ ယေရှု အမှန်တကယ် ဘယ်သူလဲဆိုတဲ့အချက်နဲ့ပတ်သက်ပြီး လူများစွာက အယူအဆအမျိုးမျိုးနဲ့ ရှုပ်ထွေးနေကြတယ်။ တချို့က ယေရှုကို လူကောင်းတစ်ဦးလောက်ပဲလို့ ပြောကြတယ်။ တချို့ကျတော့ ပရောဖက်ဖြစ်တယ်လို့ ဆိုကြတယ်။ တချို့ကျပြန်တော့ ယေရှုဟာ ဘုရားသခင်ဖြစ်တယ်၊ သူ့ကို ကိုးကွယ်သင့်တယ်လို့ ယုံကြည်ကြတယ်။ ဒါဆိုရင် ယေရှုကို ကိုးကွယ်သင့်သလား။

၃။ ယေရှုနဲ့ပတ်သက်တဲ့ အမှန်တရားကိုသိဖို့ ဘာကြောင့်အရေးကြီးသလဲ။

ယေရှုနဲ့ပတ်သက်တဲ့ အမှန်တရားကို သင် သိဖို့ အရေးကြီးတယ်။ ဘာကြောင့်လဲ။ သမ္မာကျမ်းစာ ဒီလိုပြောတယ်– “ထာဝရအသက်ရရန် မှန်သောဘုရားသခင် တစ်ဆူတည်းဖြစ်တော်မူသော ကိုယ်တော်နှင့် စေလွှတ်ခြင်းခံရသောယေရှုခရစ် တို့နှင့်ဆိုင်သည့် အသိပညာကို သူတို့ဆည်းပူးနေရမည်။” (ယောဟန် ၁၇:၃) ယေဟောဝါဘုရားသခင်၊ ယေရှုခရစ်နဲ့ပတ်သက်တဲ့ အမှန်တရားကိုသိရှိခြင်းက ငြိမ်းချမ်းသာယာတဲ့မြေကြီးပရဒိသုမှာ ထာဝရအသက်ရရှိစေနိုင်တယ်။ (ယောဟန် ၁၄:၆) ဒါ့အပြင် ကျွန်ုပ်တို့ ဘယ်လိုအသက်ရှင်နေထိုင်ရမယ်၊ တခြားသူတွေကို ဘယ်လိုပြုမူဆက်ဆံရမယ် ဆိုတာနဲ့ပတ်သက်ပြီး ယေရှုက အကောင်းဆုံးပုံသက်သေပြခဲ့တယ်။ (ယောဟန် ၁၃:၃၄၊ ၃၅) ဒီစာအုပ်ရဲ့ ဦးဆုံးအခန်းမှာ ဘုရားသခင်နဲ့ပတ်သက်တဲ့ အမှန်တရားကို လေ့လာဆွေးနွေးခဲ့ပြီးပြီ။ အခု ယေရှုခရစ်နဲ့ပတ်သက်တဲ့ သမ္မာကျမ်းစာ အမှန်တကယ်သွန်သင်ရာကို လေ့လာကြည့်ကြစို့။

ပေါ်ထွန်းလာမယ့်မေရှိယ

၄။ “မေရှိယ” နဲ့ “ခရစ်တော်” ဆိုတဲ့အသုံးအနှုန်းတွေက ဘာအဓိပ္ပာယ်ရှိသလဲ။

ယေရှုမမွေးဖွားမီ ကြာမြင့်စွာကတည်းက မေရှိယ၊ ဒါမှမဟုတ် ခရစ်တော်အဖြစ် ဘုရားသခင်စေလွှတ်မယ့် ပုဂ္ဂိုလ်တစ်ဦး ပေါ်ထွန်းမယ့်အကြောင်းကို သမ္မာကျမ်းစာမှာ ကြိုဟောထားတယ်။ “မေရှိယ” (ဟေဗြဲစကား) နဲ့ “ခရစ်တော်” (ဂရိစကား) ဆိုတဲ့ အသုံးအနှုန်းနှစ်ခုစလုံးရဲ့ အဓိပ္ပာယ်က ‘ခန့်အပ်ခြင်းခံရသူ’ ဖြစ်တယ်။ ဒီပေါ်ထွန်းလာမယ့်ပုဂ္ဂိုလ်ဟာ ခန့်အပ်ခြင်းခံရမယ်၊ အဓိပ္ပာယ်ကတော့ ဘုရားသခင်က သူ့ကို အထူးရာထူးတစ်ခုခန့်အပ်မယ်။ ဒီစာအုပ်ရဲ့ နောက်ပိုင်းအခန်းတွေမှာ ဘုရားသခင့်ကတိတွေပြည့်စုံမှုမှာ မေရှိယရဲ့အရေးပါတဲ့ကဏ္ဍအကြောင်းကို ပိုသိရှိရဦးမယ်။ ယခုအချိန်မှာတောင် ယေရှုအားဖြင့်ရရှိနိုင်တဲ့ ကောင်းချီးတွေအကြောင်းကိုလည်း သိရှိရပါလိမ့်မယ်။ ဒါပေမဲ့ ယေရှုမမွေးဖွားခင်မှာ လူများစွာက “မေရှိယဟာ ဘယ်သူများဖြစ်မလဲ” ဆိုပြီး ဇဝေဇဝါဖြစ်ခဲ့ကြတယ်။

၅။ ယေရှုရဲ့တပည့်တွေက ကိုယ်တော်နဲ့ပတ်သက်ပြီး ဘယ်အရာကို အပြည့်အဝ ယုံကြည်စိတ်ချခဲ့ကြသလဲ။

အေဒီ ပထမရာစုမှာ နာဇရက်မြို့သားယေရှုရဲ့တပည့်တွေက ယေရှုဟာ ကြိုဟောထားတဲ့ မေရှိယဖြစ်ကြောင်း အပြည့်အဝ ယုံကြည်စိတ်ချခဲ့ကြတယ်။ (ယောဟန် ၁:၄၁) တပည့်တွေထဲကတစ်ဦးဖြစ်တဲ့ ရှိမုန်ပေတရုဆိုသူက ယေရှုဟာ “ခရစ်တော်ဖြစ်” တယ်လို့ ပွင့်ပွင့်လင်းလင်းပြောခဲ့တယ်။ (မဿဲ ၁၆:၁၆) ဒါပေမဲ့ ယေရှုဟာ ပေါ်ထွန်းလာမယ့်မေရှိယ အစစ်အမှန်ဖြစ်ကြောင်း အဲဒီတပည့်တွေနဲ့ ကျွန်ုပ်တို့ ဘယ်လိုယုံကြည်စိတ်ချနိုင်သလဲ။

၆။ သစ္စာရှိသူတွေ မေရှိယကို ခွဲခြားသိမြင်စေဖို့ ယေဟောဝါကူညီပေးပုံကို ဥပမာပေးပါ။

ယေရှုမတိုင်မီအသက်ရှင်ခဲ့တဲ့ ဘုရားသခင့်ပရောဖက်တွေက မေရှိယနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို ကြိုဟောခဲ့ကြတယ်။ ဒီအသေးစိတ်အချက်အလက်တွေက မေရှိယကိုခွဲခြားသိမြင်စေဖို့ အထောက်အကူပြုမှာဖြစ်တယ်။ ဒီအကြောင်းအရာကို ဒီလိုဥပမာပေးနိုင်တယ်– သင်တစ်ခါမှ မမြင်ဖူးတဲ့လူတစ်ယောက်ကို လူစည်ကားတဲ့ကားဂိတ်၊ ဘူတာရုံ၊ ဒါမှမဟုတ် လေဆိပ်မှာ သွားကြိုပေးဖို့ တစ်ယောက်ယောက်က သင့်ကို အကူအညီတောင်းတယ်ဆိုပါစို့။ သင့်ကို အဲဒီလူနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်တချို့ ပြောပြထားတယ်ဆိုရင် အထောက်အကူရမယ်မဟုတ်လား။ ဒီလိုပါပဲ၊ ယေဟောဝါက ပရောဖက်တွေအားဖြင့် မေရှိယလုပ်ဆောင်မယ့်အရာ၊ သူကြုံတွေ့ရမယ့်အရာ အသေးစိတ်အချက်အလက် အတော်များများကို ဖော်ပြခဲ့တယ်။ အဲဒီကြိုတင်ဟောကြားချက်တွေ ပြည့်စုံခြင်းက မေရှိယ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ သစ္စာရှိသူတွေ ရှင်းရှင်းလင်းလင်း ခွဲခြားသိမြင်နိုင်ဖို့ ကူညီပေးတယ်။

၇။ ယေရှုနဲ့ပတ်သက်တဲ့ ဘယ်ကြိုတင်ဟောကြားချက်နှစ်ခု ပြည့်စုံခဲ့သလဲ။

ဥပမာနှစ်ခုကို သုံးသပ်ကြည့်ပါ။ ဦးဆုံးအနေနဲ့ မေရှိယ ဒါမှမဟုတ် ခရစ်တော်ဟာ ယုဒပြည်၊ ဗက်လင်မြို့ငယ်လေးမှာ မွေးဖွားမယ်ဆိုတာကို ပရောဖက်မိက္ခာက နှစ်ပေါင်း ၇၀၀ ကျော် ကြိုပြောခဲ့တယ်။ (မိက္ခာ ၅:၂) ယေရှု ဘယ်နေရာမှာ တကယ် မွေးဖွားခဲ့သလဲ။ အဲဒီမြို့မှာပဲ။ (မဿဲ ၂:၁၊ ၃-၉) ဒုတိယတစ်ခုက နှစ်ပေါင်း ၅၀၀ ကျော်ကြိုပြီး မှတ်တမ်းတင်ထားတဲ့ ဒံယေလ ၉:၂၅ ပါ ကြိုတင်ဟောကြားချက်က မေရှိယပေါ်ထွန်းမယ့်အချိန် အေဒီ ၂၉ ကို ညွှန်ပြပေးတယ်။ * ဒီအချက်တွေအပါအဝင် တခြားကြိုတင်ဟောကြားချက်တွေ ပြည့်စုံခြင်းက ယေရှုဟာ ပေါ်ထွန်းလာမယ့်မေရှိယဖြစ်ကြောင်း သက်သေထူတယ်။

ယေရှုနှစ်ခြင်းခံချိန်မှာ မေရှိယ ဒါမှမဟုတ် ခရစ်တော်ဖြစ်လာ

၈၊ ၉။ ယေရှုနှစ်ခြင်းခံချိန်မှာ ဘယ်သက်သေအထောက်အထားက မေရှိယဖြစ်ကြောင်း ဖော်ပြသလဲ။

အေဒီ ၂၉ ကုန်ခါနီးမှာ ယေရှုဟာ မေရှိယဖြစ်တယ်ဆိုတဲ့ နောက်ထပ်အထောက်အထား ပေါ်လာခဲ့တယ်။ အဲဒီနှစ်က ယေရှု နှစ်ခြင်းဆရာယောဟန်ဆီသွားပြီး ယော်ဒန်မြစ်မှာ နှစ်ခြင်းခံတဲ့နှစ်ဖြစ်တယ်။ မေရှိယကို ခွဲခြားသိမြင်နိုင်ဖို့ ယောဟန်ကို နိမိတ်တစ်ခုပေးမယ်လို့ ယေဟောဝါ ကတိပြုခဲ့တယ်။ ယောဟန် ယေရှုကိုနှစ်ခြင်းပေးချိန်မှာ အဲဒီနိမိတ်ကို မြင်တွေ့ခဲ့ရတယ်။ ဖြစ်ပျက်ခဲ့ရာကို သမ္မာကျမ်းစာက ဒီလိုဖော်ပြတယ်– “ယေရှုသည် နှစ်ခြင်းခံပြီး ရေထဲမှပေါ်ထသည်နှင့် ကောင်းကင်ပွင့်လျက် ဘုရားသခင်၏စွမ်းအားတော်သည် ချိုးငှက်ကဲ့သို့ မိမိအပေါ်ဆင်းသက်သည်ကို မြင်လေ၏။ ထို့ပြင် ‘ဤသူသည် ငါနှစ်သက်မြတ်နိုးသော ငါ၏ချစ်သားဖြစ်၏’ ဟု ကောင်းကင်မှအသံတော်ကိုလည်း ကြားရ၏။” (မဿဲ ၃:၁၆၊ ၁၇) ဖြစ်ပျက်ရာကို ယောဟန် မြင်ရကြားရပြီးနောက်မှာတော့ ယေရှုဟာ ဘုရားသခင်စေလွှတ်သူဖြစ်တယ်ဆိုတာကို ယုံကြည်စိတ်ချခဲ့တယ်။ (ယောဟန် ၁:၃၂-၃၄) ဘုရားသခင့်စွမ်းအားတော် ဒါမှမဟုတ် ဘုရားသခင့်အသုံးတော်ခံစွမ်းအား ယေရှုအပေါ်သွန်းလောင်းတဲ့ အဲဒီနေ့မှာ သူဟာ မေရှိယ ဒါမှမဟုတ် ခရစ်တော်ဖြစ်လာတယ်။ သူဟာ ခေါင်းဆောင်နဲ့ ဘုရင်အဖြစ် ခန့်အပ်ခံခဲ့ရတယ်။—ဟေရှာယ ၅၅:၄

သမ္မာကျမ်းစာကြိုတင်ဟောကြားချက် ပြည့်စုံမှုအပြင် ယေဟောဝါဘုရားသခင်ကိုယ်တော်တိုင်ရဲ့ သက်သေခံချက်က ယေရှုဟာ မေရှိယဖြစ်ကြောင်း အတိအလင်းဖော်ပြတယ်။ ဒါပေမဲ့ ကျမ်းစာမှာ ယေရှုခရစ်နဲ့ပတ်သက်တဲ့ တခြားအရေးကြီးတဲ့ မေးခွန်းတွေကိုလည်း အဖြေပေးထားတယ်။ အဲဒီမေးခွန်းတွေထဲက နှစ်ခုကို လေ့လာကြမယ်။ ပထမတစ်ခုက ယေရှု ဘယ်နေရာက လာသလဲ။ ဒုတိယတစ်ခုက ယေရှုဟာ ဘယ်လိုပုဂ္ဂိုလ်မျိုးလဲ။ အခု ယေရှု ဘယ်နေရာက လာသလဲဆိုတဲ့ ပထမမေးခွန်းကို လေ့လာကြည့်ကြစို့။

ယေရှု ဘယ်နေရာက လာသလဲ

၁၀။ ယေရှု မြေကြီးပေါ်မကြွလာခင်က တည်ရှိမှုနဲ့ပတ်သက်ပြီး သမ္မာကျမ်းစာ ဘယ်လိုဖော်ပြသလဲ။

၁၀ ယေရှု မြေကြီးပေါ်မလာခင်တုန်းက ကောင်းကင်မှာနေခဲ့တယ်လို့ သမ္မာကျမ်းစာက သွန်သင်တယ်။ မိက္ခာက မေရှိယဟာ ဗက်လင်မြို့မှာဖွားမြင်မယ်လို့ ကြိုဟောခဲ့တဲ့အပြင် သူ့ရဲ့မူလအစကို “ရှေးကပ်ကမ္ဘာမှစ၍” ဆိုပြီးတော့လည်း ဖော်ပြခဲ့တယ်။ (မိက္ခာ ၅:၂) ယေရှု လူသားအဖြစ် မမွေးဖွားခင်က ကောင်းကင်မှာနေထိုင်ခဲ့တယ်ဆိုတာ သူကိုယ်တိုင် မကြာခဏ ပြောခဲ့တယ်။ (ယောဟန် ၃:၁၃; ၆:၃၈၊ ၆၂ ကိုဖတ်ပါ; ယောဟန် ၁၇:၄၊ ၅) ယေရှုဟာ ကောင်းကင်မှာ နာမ်ဝိညာဉ်ပုဂ္ဂိုလ်အနေနဲ့ ယေဟောဝါနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိခဲ့တယ်။

၁၁။ ယေရှုဟာ ယေဟောဝါတန်ဖိုးအထားဆုံး သားတော်ဖြစ်ကြောင်း သမ္မာကျမ်းစာက ဘယ်လိုဖော်ပြသလဲ။

၁၁ ယေရှုဟာ ယေဟောဝါတန်ဖိုးအထားဆုံး သားတော်ဖြစ်တယ်၊ အဲဒီလိုဖြစ်ရတဲ့ အကြောင်းရင်းရှိတယ်။ ယေရှုဟာ ဘုရားသခင် ဦးဆုံးဖန်ဆင်းသူဖြစ်တဲ့အတွက် “ဖန်ဆင်းရာအပေါင်းတို့တွင် သားဦး” အဖြစ် အခေါ်ခံရတယ်။ * (ကောလောသဲ ၁:၁၅) ဒီသားတော်ကို ထူးခြားစေတဲ့ တခြားအကြောင်းရင်းလည်း ရှိသေးတယ်။ သူဟာ “တစ်ပါးတည်းသောသားတော်” ဖြစ်တယ်။ (ယောဟန် ၃:၁၆) ဆိုလိုတာက ယေရှုဟာ ဘုရားသခင် တိုက်ရိုက်ဖန်ဆင်းခဲ့တဲ့ တစ်ဦးတည်းသောပုဂ္ဂိုလ်ဖြစ်တယ်။ တခြားအရာအားလုံးကို ဘုရားသခင်ဖန်ဆင်းတဲ့အခါမှာ ပါဝင်ကူညီပေးခဲ့တဲ့ တစ်ဦးတည်းသောသူလည်း ဖြစ်တယ်။ (ကောလောသဲ ၁:၁၆) ဒါ့အပြင် ယေရှုဟာ ဘုရားသခင့်ကိုယ်စား ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်တယ်။ (ယောဟန် ၁:၁၄) ဒီအချက်က ယေရှုဟာ ခမည်းတော်ရဲ့ တခြားနာမ်ဝိညာဉ်သားတွေနဲ့ လူသားတွေကို သတင်းစကားတွေ၊ ညွှန်ကြားချက်တွေ ပြောဆိုပေးမယ်ဆိုတာ သေချာတယ်။

၁၂။ ဘုရားသခင့်သားဦးက ဘုရားသခင်နဲ့တန်းတူမဟုတ်ဘူးဆိုတာ ကျွန်ုပ်တို့ ဘယ်လိုသိရသလဲ။

၁၂ တချို့သူတွေယုံကြည်သလို ဘုရားသခင့်သားဦးက ဘုရားသခင်နဲ့ တန်းတူဖြစ်သလား။ သမ္မာကျမ်းစာက အဲဒီလိုမသွန်သင်ပါဘူး။ သားတော်ဟာ ဖန်ဆင်းခံရသူဖြစ်တယ်ဆိုတာ ရှေ့အပိုဒ်မှာ ကျွန်ုပ်တို့သိရှိခဲ့ရတယ်။ ဒါကြောင့် ရှင်းနေတာက ယေရှုမှာ အစရှိတယ်၊ ယေဟောဝါဘုရားသခင်မှာတော့ အစမရှိ၊ အဆုံးမရှိဘူး။ (ဆာလံ ၉၀:၂) တစ်ပါးတည်းသောသားတော်ဟာ မိမိရဲ့ခမည်းတော်နဲ့တန်းတူဖြစ်ဖို့ တစ်ခါမှမကြိုးစားခဲ့ဘူး။ ကျမ်းစာမှာ ခမည်းတော်က သားတော်ထက်ကြီးမြတ်တယ်လို့ ရှင်းရှင်းလင်းလင်း သွန်သင်ထားတယ်။ (ယောဟန် ၁၄:၂၈; ၁ ကောရိန္သု ၁၁:၃) ယေဟောဝါတစ်ပါးတည်းသာ “အနန္တတန်ခိုးရှင် ဘုရားသခင်” ဖြစ်တယ်။ (ကမ္ဘာဦး ၁၇:၁) ဒါကြောင့် ကိုယ်တော်နဲ့ ဂုဏ်ရည်တူသူမရှိဘူး။ *

၁၃။ သမ္မာကျမ်းစာမှာ သားတော်ကို “မျက်မြင်မရသော ဘုရားသခင်၏ပုံသဏ္ဌာန်တော်” အဖြစ် ဖော်ပြခြင်းက ဘာကိုဆိုလိုသလဲ။

၁၃ ယေဟောဝါနဲ့ကိုယ်တော့်သားဦးက ကြယ်အပြည့်ရှိတဲ့ကောင်းကင်နဲ့ ကမ္ဘာမြေကြီးကို မဖန်ဆင်းခင် နှစ်သန်းထောင်ချီကြာမြင့်စွာကတည်းက ရင်းနှီးတဲ့ဆက်ဆံရေးရှိခဲ့ကြတယ်။ သူတို့ တစ်ဦးနဲ့တစ်ဦး ဘယ်လောက်တောင် ချစ်ခင်လိုက်ကြမလဲ။ (ယောဟန် ၃:၃၅; ၁၄:၃၁) ဒီချစ်လှစွာသောသားက အဖေတူသားဖြစ်တယ်။ ဒါကြောင့် ကျမ်းစာမှာ သားတော်ကို “မျက်မြင်မရသော ဘုရားသခင်၏ပုံသဏ္ဌာန်တော်ဖြစ်၏” လို့ဖော်ပြထားတယ်။ (ကောလောသဲ ၁:၁၅) လူသားတွေမှာတောင် သားဖြစ်သူက အဖေနဲ့ အဘက်ဘက်ကနေ ဆင်တူနိုင်သလို ကောင်းကင်က ဒီသားတော်ဟာ ဖခင်ရဲ့ဂုဏ်ရည်တော်နဲ့ ကိုယ်ရည်ကိုယ်သွေးတွေကို တုပပြီး တင်ပြခဲ့တယ်။

၁၄။ ယေဟောဝါရဲ့တစ်ပါးတည်းသော သားတော်ဟာ လူသားတစ်ဦးအဖြစ် ဘယ်လိုမွေးဖွားလာခဲ့သလဲ။

၁၄ ယေဟောဝါရဲ့ တစ်ပါးတည်းသောသားတော်ဟာ ကောင်းကင်ကို တလိုတလားစွန့်ပြီး လူသားတစ်ဦးအနေနဲ့ အသက်ရှင်ဖို့ မြေကြီးပေါ်ကို လာခဲ့တယ်။ ဒါပေမဲ့ ‘ကောင်းကင်မှာနေတဲ့သူတစ်ဦးက လူသားတစ်ဦးအနေနဲ့ မွေးဖွားလာတယ်ဆိုတာ ဘယ်လိုဖြစ်နိုင်မှာလဲ’ လို့ သင်တွေးမိပါလိမ့်မယ်။ ဒီလိုဖြစ်လာဖို့ ယေဟောဝါ အံ့ဖွယ်နည်းနဲ့ လုပ်ဆောင်ခဲ့တယ်။ ကိုယ်တော်ဟာ ကောင်းကင်မှာရှိတဲ့ မိမိသားဦးရဲ့အသက်ကို မာရိအမည်ရှိတဲ့ ဂျူးအပျိုတစ်ဦးရဲ့ သားအိမ်ထဲ ပြောင်းရွှေ့ပေးခဲ့တယ်။ လူသားဖခင်တစ်ဦး ပါဝင်ပတ်သက်မှုမရှိခဲ့ဘူး။ ဒီလိုနည်းအားဖြင့် မာရိဟာ အပြစ်မပါ၊ စုံလင်တဲ့သားကို မွေးဖွားခဲ့ပြီး ယေရှုလို့ အမည်ပေးခဲ့တယ်။ အခု ယေရှုက ဘယ်လိုပုဂ္ဂိုလ်မျိုးလဲဆိုတဲ့ ဒုတိယမေးခွန်းကို လေ့လာကြည့်ကြစို့။—လုကာ ၁:၃၀-၃၅

ယေရှုက ဘယ်လိုပုဂ္ဂိုလ်မျိုးလဲ

၁၅။ ယေရှုခရစ်ကနေတစ်ဆင့် ယေဟောဝါအကြောင်း ပိုသိရှိလာနိုင်တယ်လို့ ဘာကြောင့် ပြောနိုင်သလဲ။

၁၅ ယေရှု ကမ္ဘာပေါ်မှာရှိတုန်းက ပြောဆို၊ လုပ်ဆောင်ခဲ့တာတွေဟာ သူ့အကြောင်း ကောင်းကောင်းသိရှိဖို့ အထောက်အကူပြုတယ်။ ဒါ့အပြင် ယေရှုကတစ်ဆင့် ယေဟောဝါအကြောင်း ကျွန်ုပ်တို့ ပိုပြီးသိရှိလာကြတယ်။ ဘာကြောင့်လဲ။ ဒီသားတော်က ခမည်းတော်ရဲ့ဂုဏ်ရည်တော်နဲ့ ကိုယ်ရည်ကိုယ်သွေးတွေကို အတိအကျ တုပ၊ တင်ပြတယ်ဆိုတာ သတိရပါ။ ဒါကြောင့် ယေရှုက တပည့်တစ်ယောက်ကို “ငါ့ကိုမြင်သောသူသည် ခမည်းတော်ကိုလည်း မြင်ပြီ” လို့ ပြောခဲ့တာဖြစ်တယ်။ (ယောဟန် ၁၄:၉) ခရစ်ဝင်ကျမ်းတွေအဖြစ် လူသိများတဲ့ မဿဲ၊ မာကု၊ လုကာ၊ ယောဟန် ကျမ်းလေးစောင်က ယေရှုခရစ်ရဲ့အသက်တာ၊ လုပ်ဆောင်မှုတွေနဲ့ သူ့ရဲ့အရည်အသွေးတွေအကြောင်း အများကြီးဖော်ပြပေးတယ်။

၁၆။ ယေရှု ဘာအကြောင်း အဓိကဟောပြောခဲ့သလဲ၊ ယေရှုရဲ့သွန်သင်ချက်တွေက ဘယ်သူ့ဆီကလာတဲ့ သွန်သင်ချက်လဲ။

၁၆ ယေရှုကို “ဆရာ” အနေနဲ့ လူသိများကြတယ်။ (ယောဟန် ၁:၃၈; ၁၃:၁၃) သူ ဘာတွေ သွန်သင်ပေးခဲ့သလဲ။ ယေရှု အဓိကဟောပြောခဲ့တာက “နိုင်ငံတော်သတင်းကောင်း” ဖြစ်တယ်။ အဲဒီသတင်းက ဘုရားသခင့်နိုင်ငံတော်၊ ကောင်းကင်အစိုးရဟာ ကမ္ဘာမြေတစ်ခုလုံးကိုအုပ်စိုးပြီး နာခံမှုရှိတဲ့လူသားတွေအတွက် မကုန်ဆုံးနိုင်တဲ့ကောင်းချီးတွေကို ဆောင်ကြဉ်းပေးမယ်ဆိုတဲ့ သတင်းဖြစ်တယ်။ (မဿဲ ၄:၂၃) ဒီသတင်းက ဘယ်သူ့ဆီကလာတဲ့သတင်းလဲ။ ယေရှုကိုယ်တိုင် ဒီလိုပြောခဲ့တယ်– “ငါသွန်သင်သောတရားသည် ငါ၏တရားမဟုတ်၊ ငါ့ကိုစေလွှတ်တော်မူသောအရှင်၏ တရားတော်ဖြစ်၏၊” နောက်တစ်နည်းနဲ့ပြောရရင် ယေဟောဝါရဲ့တရားတော်ဖြစ်တယ်။ (ယောဟန် ၇:၁၆) မိမိရဲ့ဖခင်ဟာ ဘုရားသခင့်နိုင်ငံတော်နဲ့ဆိုင်တဲ့ သတင်းကောင်းကို လူသားတွေကို ကြားစေလိုတယ်ဆိုတာ ယေရှုသိခဲ့တယ်။ အခန်း ၈ မှာ ဘုရားသခင့်နိုင်ငံတော်နဲ့ နိုင်ငံတော်ကလုပ်ဆောင်ပေးမယ့် အရာတွေအကြောင်း ပိုလေ့လာသိရှိရဦးမှာဖြစ်တယ်။

၁၇။ ယေရှု ဘယ်နေရာတွေမှာ သွန်သင်ခဲ့သလဲ၊ တခြားသူတွေကို သွန်သင်ပေးဖို့ ယေရှု ဘာကြောင့် ကြိုးစားပမ်းစား သွားလာခဲ့သလဲ။

၁၇ ယေရှု ဘယ်နေရာတွေမှာ သွန်သင်ခဲ့သလဲ။ လူတွေကိုတွေ့ရတဲ့နေရာတွေဖြစ်တဲ့ မြို့တွေ၊ ရွာတွေ၊ ဈေးတွေနဲ့ အိမ်တွေအပြင် ကျေးလက်တောရွာတွေမှာ ဖြစ်တယ်။ ယေရှုက လူတွေ သူ့ဆီလာဖို့ စောင့်မနေခဲ့ဘူး။ သူကိုယ်တိုင် လူတွေဆီ သွားခဲ့တယ်။ (မာကု ၆:၅၆; လုကာ ၁၉:၅၊ ၆) ယေရှုက ဟောပြောခြင်းနဲ့ သွန်သင်ခြင်းအတွက် ကြိုးစားပမ်းစား၊ အချိန်ကုန်ခံပြီး သွားလာခဲ့တာ ဘာကြောင့်လဲ။ အဲဒီလိုလုပ်ဖို့ ဘုရားသခင်အလိုရှိလို့ပဲ။ ယေရှုဟာ ဖခင်ရဲ့အလိုတော်ကို အမြဲဆောင်ရွက်ခဲ့တယ်။ (ယောဟန် ၈:၂၈၊ ၂၉) ဒါပေမဲ့ ယေရှုဟောပြောရတဲ့ နောက်ထပ်အကြောင်းရင်းရှိသေးတယ်။ အဲဒါကတော့ သူ့ကိုလာတွေ့တဲ့လူအုပ်ကို သနားလို့ပဲ။ (မဿဲ ၉:၃၅၊ ၃၆ ကိုဖတ်ပါ) ဘာသာရေးခေါင်းဆောင်တွေက သူတို့ကို ဘုရားသခင်နဲ့ ကိုယ်တော့်ရည်ရွယ်ချက်တွေအကြောင်း မသွန်သင်ပေးဘဲ လျစ်လျူရှုထားကြတယ်။ ဘုရားသခင့်နိုင်ငံတော်သတင်းစကားကို အဲဒီလူတွေကြားသိဖို့ ဘယ်လောက်ထိ လိုအပ်နေတယ်ဆိုတာ ယေရှုသိတယ်။

၁၈။ ယေရှုရဲ့ ဘယ်အရည်အသွေးတွေကို သင်အနှစ်သက်ဆုံးလဲ။

၁၈ ယေရှုဟာ နွေးထွေးကြင်နာတတ်ပြီး ခံစားချက်အပြည့်ရှိသူဖြစ်တယ်။ ဒါကြောင့် တခြားသူတွေက သူ့ကို ချဉ်းကပ်ရလွယ်သူ၊ ကြင်နာမှုရှိသူအဖြစ် တွေ့မြင်ခဲ့ကြတယ်။ ကလေးငယ်တွေတောင် သူနဲ့ ရင်းရင်းနှီးနှီးရှိကြတယ်။ (မာကု ၁၀:၁၃-၁၆) ယေရှုက မျက်နှာမလိုက်ဘူး၊ ယိုယွင်းဖောက်ပြန်မှုနဲ့ မတရားမှုကို မုန်းတယ်။ (မဿဲ ၂၁:၁၂၊ ၁၃) အမျိုးသမီးတွေကိုနှိမ်ပြီး အခွင့်အရေးနည်းနည်းပဲပေးတဲ့ခေတ်မှာ ယေရှုက သူတို့ကို တလေးတစားဆက်ဆံခဲ့တယ်။ (ယောဟန် ၄:၉၊ ၂၇) ယေရှုဟာ တကယ်နှိမ့်ချတဲ့သူဖြစ်တယ်။ တစ်ခါကဆိုရင် တမန်တော်တွေရဲ့ခြေကို ဆေးပေးခဲ့တယ်၊ ဒါက နိမ့်ကျတဲ့အစေခံတစ်ဦး လုပ်တဲ့အလုပ်ပဲ။

လူတွေကို တွေ့တဲ့နေရာတိုင်းမှာ ယေရှုဟောပြောခဲ့

၁၉။ ယေရှုက တခြားသူတွေရဲ့လိုအပ်ရာတွေကို အလွယ်တကူသိမြင်တယ်ဆိုတာ ဘယ်ပုံနမူနာက ဖော်ပြသလဲ။

၁၉ ယေရှုက တခြားသူတွေရဲ့လိုအပ်ရာတွေကို အလွယ်တကူသိမြင်တယ်။ ဘုရားသခင့်စွမ်းအားတော်တန်ခိုးကိုသုံးပြီး ဖျားနာမှုတွေကို ကုသပေးချိန်မှာ အထူးသဖြင့် အဲဒီအချက် ထင်ရှားခဲ့တယ်။ (မဿဲ ၁၄:၁၄) ဥပမာ၊ အနူရောဂါသည်တစ်ဦးက ယေရှုဆီလာပြီး “ကိုယ်တော်အလိုရှိလျှင် ကျွန်ုပ်ကို သန့်ရှင်းစေနိုင်သည်” လို့ ပြောတယ်။ အဲဒီလူရဲ့ စိတ်ဒုက္ခနဲ့ ခံစားနေရတဲ့ဝေဒနာအတွက် ကိုယ်တော်စိတ်ထိခိုက်ခဲ့တယ်။ သနားစိတ်ကြောင့် အဲဒီလူကိုလက်နဲ့တို့ပြီး “ငါအလိုရှိ၏။ သန့်ရှင်းခြင်းသို့ရောက်စေ” လို့ပြောခဲ့တယ်။ အဲဒီလူနာ ရောဂါပျောက်ကင်းသွားတယ်။ (မာကု ၁:၄၀-၄၂) အဲဒီလူ ဘယ်လိုခံစားရမယ်ဆိုတာ သင် မြင်ယောင်နိုင်သလား။

အဆုံးတိုင်အောင်တည်ကြည်

၂၀၊ ၂၁။ ဘုရားသခင်အပေါ် သစ္စာရှိရှိနာခံတဲ့ပုံသက်သေကို ယေရှု ဘယ်လိုတင်ပြခဲ့သလဲ။

၂၀ ယေရှုက ဘုရားသခင်ကို သစ္စာရှိရှိနာခံရာမှာ အကောင်းဆုံးပုံသက်သေ ပြခဲ့တယ်။ ဘယ်လိုအခြေအနေမျိုးမှာမဆို ဆန့်ကျင်မှုအမျိုးမျိုး၊ ဆင်းရဲဝေဒနာအမျိုးမျိုးကြုံရပေမဲ့ ကောင်းကင်ဖခင်အပေါ် ဆက်သစ္စာရှိခဲ့တယ်။ ယေရှုဟာ စာတန်ရဲ့သွေးဆောင်မှုတွေကို ပြတ်သားစွာ၊ အောင်မြင်စွာ တိုက်လှန်ခဲ့တယ်။ (မဿဲ ၄:၁-၁၁) တစ်ခါကဆိုရင် ယေရှုရဲ့ဆွေမျိုးတချို့ဟာ သူ့ကိုမယုံကြည်တဲ့အတွက် သူ “ရူး” နေပြီလို့တောင် ပြောခဲ့ကြတယ်။ (မာကု ၃:၂၁) ဒါပေမဲ့ ယေရှုက သူတို့ရဲ့လွှမ်းမိုးမှုကို မခံခဲ့ဘူး၊ ဘုရားသခင့်အမှုတော်ကို ဆက်လုပ်ဆောင်ခဲ့တယ်။ စော်ကားပြောဆိုခံရ၊ မတရားဆက်ဆံခံရပေမဲ့ ယေရှုဟာ ဆန့်ကျင်သူတွေကို ထိခိုက်နစ်နာအောင်လုပ်ဖို့ မကြိုးစားဘဲ ချုပ်တည်းခြင်းကို ဆက်တင်ပြခဲ့တယ်။—၁ ပေတရု ၂:၂၁-၂၃

၂၁ ယေရှုဟာ ရန်သူတွေလက်ချက်နဲ့ ရက်ရက်စက်စက်၊ နာနာကျင်ကျင် ခံစားခဲ့ရပေမဲ့ သေတဲ့အထိ သစ္စာတည်ကြည်ခဲ့တယ်။ (ဖိလိပ္ပိ ၂:၈ ကိုဖတ်ပါ) လူသားတစ်ဦးအနေနဲ့ သူ့ရဲ့အသက်တာနောက်ဆုံးနေ့မှာ ခံစားခဲ့ရတာတွေကို စဉ်းစားကြည့်ပါ။ အဖမ်းခံခဲ့ရပြီး မမှန်တဲ့သက်သေတွေရဲ့ စွပ်စွဲမှု၊ ဆိုးညစ်တဲ့ တရားသူကြီးတွေရဲ့ အပြစ်စီရင်မှု၊ လူအုပ်ရဲ့ပြောင်လှောင်မှု၊ စစ်သားတွေရဲ့ညှဉ်းဆဲမှုတွေကို ခံခဲ့ရတယ်။ နှက်တိုင်မှာ သံနဲ့ရိုက်ခံခဲ့ရတယ်၊ နောက်ဆုံးအသက်ကိုရှူပြီး “အမှုပြီးပြီ” လို့ကြွေးကြော်ခဲ့တယ်။ (ယောဟန် ၁၉:၃၀) ဒါပေမဲ့ ယေရှုသေဆုံးပြီး တတိယနေ့မှာ ကောင်းကင်ဖခင်က သူ့ကို နာမ်ဝိညာဉ်အသက်တာနဲ့ အသက်ပြန်ရှင်အောင် လုပ်ပေးခဲ့တယ်။ (၁ ပေတရု ၃:၁၈) ရက် ၄၀ ကြာပြီးတဲ့နောက် ကောင်းကင်ကို ပြန်တက်သွားခဲ့တယ်။ ကောင်းကင်မှာ ယေရှုက ဘုရားသခင်ရဲ့ “လက်ယာတော်ဘက်တွင် ထိုင်ပြီး” ဘုရင့်အာဏာရရှိမယ့်အချိန်ကို စောင့်ဆိုင်းနေခဲ့တယ်။—ဟေဗြဲ ၁၀:၁၂၊ ၁၃

၂၂။ ယေရှု သေတဲ့အထိ သစ္စာတည်ကြည်ခဲ့လို့ ဘာအတွက် လမ်းပွင့်သွားသလဲ။

၂၂ ယေရှု သေတဲ့အထိ သစ္စာတည်ကြည်ခဲ့လို့ ဘာအတွက် လမ်းပွင့်သွားသလဲ။ ယေရှုရဲ့သေခြင်းကြောင့် ယေဟောဝါရဲ့မူလရည်ရွယ်ချက်အတိုင်း ငြိမ်းချမ်းသာယာတဲ့ မြေကြီးပရဒိသုမှာ ကျွန်ုပ်တို့ ထာဝစဉ်အသက်ရှင်ဖို့ လမ်းပွင့်သွားတယ်။ ယေရှုရဲ့သေခြင်းက အဲဒီလိုဖြစ်စေတဲ့အကြောင်း နောက်အခန်းမှာ လေ့လာကြပါမယ်။

^ စာပိုဒ်၊ 7 ယေရှုနဲ့ပတ်သက်ပြီး အမှန်တကယ်ဖြစ်လာခဲ့တဲ့ ဒံယေလရဲ့ ကြိုတင်ဟောကြားချက်အတွက် ရှင်းပြချက်ကို နောက်ဆက်တွဲ “ဒံယေလရဲ့ကြိုတင်ဟောကြားချက်မှာ မေရှိယပေါ်ထွန်းခြင်းအကြောင်း ကြိုဟောထားပုံ” ကိုကြည့်ပါ။

^ စာပိုဒ်၊ 11 ယေဟောဝါဟာ ဖန်ဆင်းရှင်ဖြစ်တဲ့အတွက် ကိုယ်တော့်ကို အဖလို့ ခေါ်နိုင်တယ်။ (ဟေရှာယ ၆၄:၈) ယေရှုကို ဘုရားသခင်ဖန်ဆင်းတဲ့အတွက် သူ့ကို ဘုရားသခင်ရဲ့သားတော်လို့ ခေါ်ဆိုတယ်။ အလားတူပဲ တခြားနာမ်ဝိညာဉ်သတ္တဝါတွေနဲ့ လူသားအာဒံကိုတောင် ဘုရားသခင်ရဲ့သားလို့ ခေါ်ထားတယ်။—ယောဘ ၁:၆; လုကာ ၃:၃၈

^ စာပိုဒ်၊ 12 ဘုရားသခင့်သားဦးက ဘုရားသခင်နဲ့တန်းတူမဟုတ်ဘူးဆိုတဲ့ ထပ်ဆင့်အထောက်အထားအတွက် နောက်ဆက်တွဲ “ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်နဲ့ပတ်သက်တဲ့ အမှန်တရား” ကိုကြည့်ပါ။