မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ခြောက်

သေဆုံးသွားတဲ့သူတွေ ဘယ်နေရာမှာ ရှိနေကြသလဲ

သေဆုံးသွားတဲ့သူတွေ ဘယ်နေရာမှာ ရှိနေကြသလဲ
  • ကျွန်ုပ်တို့ သေဆုံးသွားတဲ့အခါ ဘာဖြစ်သွားသလဲ။

  • ကျွန်ုပ်တို့ ဘာကြောင့် သေရတာလဲ။

  • သေခြင်းနဲ့ပတ်သက်တဲ့ အမှန်တရားကို သိရှိခြင်းက ဘာကြောင့် စိတ်သက်သာရာရစေသလဲ။

၁-၃။ သေခြင်းနဲ့ပတ်သက်ပြီး လူတွေ ဘယ်မေးခွန်းတွေ မေးကြသလဲ၊ ဘာသာတရား အမျိုးမျိုးက ဘယ်လိုအဖြေပေးကြသလဲ။

အဲဒီမေးခွန်းတွေကို ရှေးနှစ်ပေါင်းထောင်ချီကတည်းက လူတွေ စဉ်းစားခဲ့ကြပါတယ်။ အဲဒါတွေက အရေးကြီးတဲ့မေးခွန်းတွေဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်ုပ်တို့အားလုံးဟာ မွေးလာတဲ့နေ့ကစပြီး သေခြင်းကို အချိန်မရွေးကြုံတွေ့ရနိုင်တဲ့သူတွေဖြစ်တယ်၊ ကျွန်ုပ်တို့ချစ်မြတ်နိုးရသူတွေလည်း သေဆုံးသွားကြတယ်။

ရှေ့အခန်းမှာ ယေရှုရဲ့ရွေးနုတ်ဖိုးပူဇော်သက္ကာက ကျွန်ုပ်တို့ ထာဝစဉ်အသက်ရှင်ဖို့ လမ်းဖွင့်ပေးခဲ့တယ်ဆိုတဲ့အကြောင်း ဆွေးနွေးခဲ့ပြီးပြီ။ သမ္မာကျမ်းစာမှာ “သေခြင်း” မရှိတော့မယ့်အချိန်အကြောင်း ကြိုဟောထားတယ်ဆိုတာကိုလည်း ကျွန်ုပ်တို့ သိခဲ့ကြတယ်။ (ဗျာဒိတ် ၂၁:၄) အခုလောလောဆယ်မှာ ကျွန်ုပ်တို့အားလုံး သေကြရတယ်။ ပညာရှိရှောလမုန်မင်းကြီးက “အသက်ရှင်သောသူသည် မိမိသေရမည်ကိုသိ၏” လို့ပြောခဲ့တယ်။ (ဒေသနာ ၉:၅) ကျွန်ုပ်တို့က ဖြစ်နိုင်သရွေ့ အသက်ရှည်ရှည်နေနိုင်ဖို့ ကြိုးစားကြတယ်။ ဒါပေမဲ့ ကျွန်ုပ်တို့သေဆုံးသွားတဲ့အခါ ဘာဖြစ်သွားမလဲဆိုတာကို သိချင်ကြတယ်။

ကျွန်ုပ်တို့ချစ်မြတ်နိုးရသူတွေ သေဆုံးသွားတဲ့အခါ ကျွန်ုပ်တို့ ဝမ်းနည်းပူဆွေးကြရတယ်။ ပြီးတော့ ကျွန်ုပ်တို့ ဒီလိုမေးကြတယ်– ‘သူတို့ ဘယ်ရောက်သွားသလဲ။ ဝေဒနာခံစားနေကြရသလား။ သူတို့က ငါတို့ကို စောင့်ရှောက်ပေးသလား။ ငါတို့က သူတို့ကို ကူညီပေးနိုင်သလား။ သူတို့နဲ့ ပြန်တွေ့နိုင်ဦးမလား။’ အဲဒီမေးခွန်းတွေအတွက် ကမ္ဘာ့ဘာသာတရားတွေက အဖြေအမျိုးမျိုး ပေးကြပါတယ်။ တချို့က သင်ဟာ လူကောင်းအနေနဲ့ အသက်ရှင်ခဲ့မယ်ဆိုရင် ကောင်းကင်ကိုသွားရမှာဖြစ်ပြီး လူဆိုးအနေနဲ့အသက်ရှင်ခဲ့မယ်ဆိုရင် မီးနဲ့ညှဉ်းဆဲခံရမယ်ဆိုပြီး သွန်သင်ကြတယ်။ တချို့ဘာသာတရားတွေကျတော့ သေသွားတဲ့လူတွေက ဘိုးဘေးတွေနဲ့အတူနေဖို့ ဝိညာဉ်ဘုံကို ကူးပြောင်းသွားကြတယ်ဆိုပြီး သွန်သင်ကြတယ်။ တခြားဘာသာတရားတွေကလည်း သေဆုံးသွားသူတွေဟာ တရားစီရင်ခံရဖို့ သေမင်းနိုင်ငံကို ရောက်သွားကြတယ်၊ ပြီးတဲ့နောက် တခြားသူတစ်ယောက်ယောက်ဆီမှာ ပြန်ဝင်စားပြီး မွေးဖွားလာတယ်လို့ သွန်သင်တယ်။

၄။ သေခြင်းနဲ့ပတ်သက်ပြီး ဘာသာတရားများစွာမှာ ဘယ်အခြေခံအယူအဆ ရှိကြသလဲ။

အဲဒီဘာသာရေးသွန်သင်ချက်အားလုံးမှာ အခြေခံအယူအဆတစ်မျိုးပဲ ရှိပါတယ်။ အဲဒါကတော့ လူသေသွားပေမဲ့ ဝိညာဉ်မသေဘူးဆိုတဲ့ အယူအဆပဲ။ ကျွန်ုပ်တို့ဟာ တစ်နည်းနည်းနဲ့ မြင်နိုင်၊ ကြားနိုင်၊ စဉ်းစားနိုင်တဲ့စွမ်းရည်နဲ့ အမြဲအသက်ရှင်နေကြတယ်လို့ ရှေးခေတ်နဲ့ အခုခေတ် ဘာသာတရားတိုင်းလိုလိုက သွန်သင်တယ်။ ဒါပေမဲ့ ဒါက ဘယ်လိုဖြစ်နိုင်ပါ့မလဲ။ ကျွန်ုပ်တို့ ကြားနိုင်၊ မြင်နိုင်ပြီး စဉ်းစားတွေးခေါ်နိုင်တာက ကျွန်ုပ်တို့ရဲ့ ဦးနှောက်အလုပ်လုပ်နေလို့ဖြစ်တယ်။ လူသေသွားတဲ့အခါမှာ ဦးနှောက်က အလုပ်မလုပ်တော့ဘူး။ ဦးနှောက်အလုပ်မလုပ်တော့ဘူးဆိုရင် ကျွန်ုပ်တို့ ဘာကိုမှ မမှတ်မိနိုင်၊ မခံစားနိုင်၊ မကြားနိုင်၊ မမြင်နိုင်တော့ဘူး။

လူသေသွားတဲ့အခါ အမှန်တကယ် ဘာဖြစ်သွားသလဲ

၅၊ ၆။ သမ္မာကျမ်းစာက လူသေတွေရဲ့အခြေအနေနဲ့ပတ်သက်ပြီး ဘာသွန်သင်သလဲ။

လူသေသွားတဲ့အခါ ဘာဖြစ်သွားသလဲဆိုတာက ဉာဏ်ပညာကြီးမားတဲ့ ဖန်ဆင်းရှင် ယေဟောဝါအတွက် နားလည်ရခက်တဲ့အရာ မဟုတ်ပါဘူး။ ကိုယ်တော်က အမှန်တရားကို သိတဲ့အတွက် ကိုယ်တော်ရဲ့စကားတော် သမ္မာကျမ်းစာမှာ လူသေတွေရဲ့အခြေအနေကို ရှင်းပြထားတယ်။ ကျမ်းစာရဲ့သွန်သင်ချက်ကတော့ လူတစ်ဦးသေသွားတဲ့အခါ အဲဒီလူမတည်ရှိတော့ဘူး ဆိုတာပါပဲ။ သေခြင်းဟာ အသက်ရှင်ခြင်းရဲ့ ဆန့်ကျင်ဘက်ဖြစ်တယ်။ သေနေတဲ့သူက မမြင်၊ မကြား၊ မစဉ်းစားနိုင်တော့ဘူး။ သေသွားတဲ့အခါ ဘယ်အရာမှ အသက်ရှင်ကျန်မနေတော့ပါဘူး။ ကျွန်ုပ်တို့မှာ မသေနိုင်တဲ့ဝိညာဉ်ဆိုတာ မရှိဘူး။ *

မီးတောက် ဘယ်နေရာကို ရောက်သွားသလဲ

အသက်ရှင်တဲ့သူက သေရမှာကိုသိတယ်လို့ ပြောပြီးတဲ့နောက်မှာ “သေသောသူမူကား အဘယ်အရာကိုမျှမသိ” လို့ ရှောလမုန် ဆက်ရေးခဲ့တယ်။ ပြီးတဲ့နောက် သေတဲ့သူမှာ ချစ်ခြင်း၊ မုန်းခြင်းမရှိကြောင်း၊ “မရဏာနိုင်ငံ [သင်္ချိုင်း] ၌ လုပ်ဆောင်ခြင်းမရှိ။ ကြံစည်ခြင်းမရှိ။ သိပ္ပံအတတ်မရှိ။ ပညာမရှိ” ကြောင်း ပြောဆိုခြင်းဖြင့် အဲဒီအခြေခံအမှန်တရားကို အကျယ်တဝင့် ရှင်းပြခဲ့တယ်။ (ဒေသနာ ၉:၅၊ ၆၊ ၁၀ ကိုဖတ်ပါ။) အလားတူပဲ ဆာလံ ၁၄၆:၄ မှာလည်း လူတစ်ဦးသေဆုံးသွားတဲ့အခါ “သူ၏အကြံအစည်တို့သည် ပျက်စီးကြ၏” လို့ဖော်ပြထားတယ်။ ကျွန်ုပ်တို့ဟာ သေဆုံးနိုင်တယ်၊ ကျွန်ုပ်တို့ရဲ့ခန္ဓာကိုယ် သေဆုံးသွားပြီးတဲ့နောက် ဆက်အသက်ရှင်ကျန်နေတဲ့အရာ ဘာတစ်ခုမှမရှိပါဘူး။ ကျွန်ုပ်တို့ရဲ့အသက်က ဖယောင်းတိုင်မီးနဲ့ တူတယ်။ မီးငြိမ်းလိုက်တဲ့အခါ မီးတောက် ဘယ်နေရာကိုမှ ရောက်မသွားဘူး။ အဲဒီမီးတောက် လုံးဝမရှိတော့ဘူး။

သေခြင်းနဲ့ပတ်သက်တဲ့ ယေရှုရဲ့ပြောဆိုချက်

၇။ သေခြင်းဟာ ဘယ်အရာနဲ့တူတယ်လို့ ယေရှုရှင်းပြခဲ့သလဲ။

ယေရှုခရစ်က လူသေတွေရဲ့အခြေအနေအကြောင်း ပြောခဲ့တယ်။ တစ်ကြိမ်မှာ သူဟာ သူ့ရဲ့မိတ်ဆွေလာဇရု သေဆုံးသွားပြီဆိုတာ သိလိုက်ရတယ်။ အဲဒီအချိန်မှာ ယေရှုက တပည့်တွေကို “ငါတို့အဆွေလာဇရုသည် အိပ်ပျော်ပြီ” လို့ ပြောခဲ့တယ်။ လာဇရုဟာ အိပ်စက်အနားယူနေပြီး ဖျားနာရာကနေ ပြန်ကျန်းမာလာမှာကို ယေရှုဆိုလိုနေတယ်လို့ တပည့်တွေ ယူဆခဲ့ကြတယ်။ သူတို့ရဲ့ယူဆချက် မှားသွားတယ်။ ဒါနဲ့ ယေရှုက “လာဇရုသေပြီ” ဆိုပြီးပြောခဲ့တယ်။ (ယောဟန် ၁၁:၁၁-၁၄ ကိုဖတ်ပါ။) ယေရှုက သေခြင်းကို အိပ်စက်အနားယူခြင်းနဲ့ နှိုင်းယှဉ်ခဲ့တယ်ဆိုတာ သတိပြုပါ။ လာဇရုက ကောင်းကင်ကိုမရောက်ခဲ့သလို မီးတောက်ငရဲကိုလည်း မရောက်ခဲ့ပါဘူး။ သူဟာ ကောင်းကင်တမန်တွေနဲ့ ဒါမှမဟုတ် ဘိုးဘေးတွေနဲ့ မတွေ့ဆုံခဲ့ဘူး။ လာဇရုဟာ တခြားလူတစ်ဦးအနေနဲ့လည်း ပြန်လည်မွေးဖွားခဲ့ခြင်း မရှိဘူး။ သူဟာ သေခြင်းမှာအိပ်ပျော်နေခဲ့တယ်၊ အိပ်မက်မမက်ဘဲ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသလို ဖြစ်ခဲ့တယ်။ တခြားကျမ်းချက်တွေမှာလည်း သေခြင်းကို အိပ်ပျော်ခြင်းနဲ့ နှိုင်းယှဉ်ထားပါတယ်။ ဥပမာ၊ တပည့်တစ်ဦးဖြစ်သူ သတေဖန် ကျောက်ခဲနဲ့ပေါက်သတ်ခံရလို့ သေဆုံးသွားတာကို သမ္မာကျမ်းစာက သူသည် “အိပ်ပျော်လေ၏” လို့ ပြောတယ်။ (တမန်တော် ၇:၆၀) အလားတူပဲ တမန်တော်ပေါလုက သေခြင်း၌ “အိပ်ပျော်” သွားတဲ့သူတချို့အကြောင်း ရေးသားခဲ့တယ်။—၁ ကောရိန္သု ၁၅:၆

ယေဟောဝါက လူသားတွေကို မြေကြီးပေါ် ထာဝစဉ်နေထိုင်ဖို့ ဖန်ဆင်းခဲ့

၈။ လူတွေကိုသေစေဖို့ ဘုရားသခင် မရည်ရွယ်ခဲ့ဘူးဆိုတာ ကျွန်ုပ်တို့ ဘယ်လိုသိရသလဲ။

ဘုရားသခင်ရဲ့ မူလရည်ရွယ်ချက်က လူတွေကိုသေစေဖို့လား။ လုံးဝမဟုတ်ပါဘူး။ ယေဟောဝါက လူကို မြေကြီးပေါ်ထာဝစဉ်အသက်ရှင်ဖို့ ဖန်ဆင်းခဲ့တယ်။ ဘုရားသခင်ဟာ ပထမလူသားမောင်နှံကို အရမ်းပျော်စရာကောင်းတဲ့ ပရဒိသုမှာ နေရာချပေးခဲ့တယ်လို့ ဒီစာအုပ်ရဲ့အစပိုင်းမှာ ကျွန်ုပ်တို့လေ့လာခဲ့တယ်။ ကိုယ်တော်က သူတို့ကို ပြည့်ဝစုံလင်တဲ့ကျန်းမာရေးနဲ့ အသက်ရှင်စေခဲ့တယ်။ ယေဟောဝါက သူတို့ရဲ့ကောင်းကျိုးကိုပဲ လိုလားခဲ့တယ်။ မေတ္တာပြည့်ဝတဲ့မိဘတွေက သူတို့ရဲ့သားသမီးတွေကို အိုမင်းမှုနဲ့ သေခြင်းတို့ကြောင့်ဖြစ်တဲ့ စိတ်နာကျင်မှုကို ခံစားစေချင်ပါ့မလား။ ခံစားစေချင်မှာ မဟုတ်ပါဘူး။ ယေဟောဝါက မိမိရဲ့သားသမီးတွေကိုချစ်ပြီး မြေကြီးပေါ်မှာ အဆုံးမရှိပျော်ရွှင်မှု ခံစားစေလိုတယ်။ လူသားတွေနဲ့ပတ်သက်ပြီး “ကိုယ်တော်က လူသားတွေရဲ့စိတ်နှလုံးထဲမှာ ထာဝရကာလကို ထည့်သွင်းထားတယ်” လို့ ကျမ်းစာမှာဖော်ပြထားတယ်။ (ဒေသနာ ၃:၁၁ကဘ) ဘုရားသခင်က ကျွန်ုပ်တို့ကို ထာဝစဉ်အသက်ရှင်လိုတဲ့စိတ်ဆန္ဒထည့်ပြီး ဖန်ဆင်းခဲ့တယ်။ ဒါကြောင့် ကျွန်ုပ်တို့ ထာဝရအသက်ရဖို့ ဘုရားသခင်က မိမိရဲ့သားကို မြေကြီးပေါ်စေလွှတ်ပေးခဲ့တယ်။

လူတွေသေရတဲ့အကြောင်းရင်း

၉။ ယေဟောဝါက အာဒံအပေါ် ဘယ်ကန့်သတ်ချက် ထုတ်ပြန်ခဲ့သလဲ၊ ဒီအမိန့်ကိုနာခံဖို့ ဘာကြောင့်မခက်သလဲ။

ဒါဆိုရင် လူတွေ ဘာကြောင့် သေကြရတာလဲ။ အဲဒီအဖြေရဖို့ ကမ္ဘာပေါ်မှာ လူယောက်ျားတစ်ဦးနဲ့ လူမိန်းမတစ်ဦးပဲရှိခဲ့တဲ့အချိန်တုန်းက ဘာဖြစ်ခဲ့သလဲဆိုတာကို ပြန်လေ့လာရမှာဖြစ်တယ်။ “မြေထဲကအဆင်းလှ၍ စားဖွယ်ကောင်းသောအပင်အမျိုးမျိုးကို ထာဝရအရှင်ဘုရားသခင် ပေါက်စေတော်မူ၏” လို့သမ္မာကျမ်းစာမှာ ရှင်းပြထားတယ်။ (ကမ္ဘာဦး ၂:၉) ဒါပေမဲ့ ကန့်သတ်ချက်တစ်ခုတော့ ရှိတယ်။ ယေဟောဝါက အာဒံကို ဒီလိုပြောခဲ့တယ်– “ကောင်းမကောင်းကိုသိကျွမ်းရာအပင်မှတစ်ပါး ထိုဥယျာဉ်၌ရှိသမျှသော အပင်တို့၏အသီးကို သင်သည် စားရသောအခွင့်ရှိ၏။ ထိုအပင်၏အသီးကိုကား မစားရ။ စားသောနေ့တွင် ဧကန်အမှန်သေရမည်။” (ကမ္ဘာဦး ၂:၁၆၊ ၁၇) ဒီအမိန့်က နာခံဖို့မခက်ပါဘူး။ အာဒံနဲ့ဧဝ စားသုံးနိုင်တဲ့ တခြားအပင်တွေ အများကြီးရှိတယ်။ အခု သူတို့မှာ ပြည့်ဝစုံလင်တဲ့အသက် အပါအဝင် အရာခပ်သိမ်းကိုပေးတဲ့အရှင်ကို ကျေးဇူးတင်ကြောင်းဖော်ပြဖို့ အထူးအခွင့်အရေး ရရှိထားတယ်။ သူတို့ဟာ ဘုရားသခင့်စကားနားထောင်မယ်ဆိုရင် ကောင်းကင်ဖခင်ရဲ့အခွင့်အာဏာကို လေးစားကြောင်း၊ ကိုယ်တော်ရဲ့ မေတ္တာပြည့်ဝတဲ့လမ်းညွှန်ချက်ကို လိုလားကြောင်းလည်း ဖော်ပြရာရောက်တယ်။

၁၀၊ ၁၁။ (က) ပထမလူသားမောင်နှံက ဘုရားသခင်ကို ဘယ်လိုမနာခံခဲ့ကြသလဲ။ (ခ) အာဒံနဲ့ဧဝတို့ရဲ့ မနာခံမှုက ဘာကြောင့် ကြီးလေးတဲ့ကိစ္စဖြစ်သလဲ။

၁၀ ဝမ်းနည်းစရာက ပထမလူသားမောင်နှံဟာ ယေဟောဝါရဲ့စကားကို နားမထောင်ဖို့ ဆုံးဖြတ်ခဲ့တယ်။ စာတန်က မြွေတစ်ကောင်ကိုသုံးပြီး ဧဝကို ဒီလိုမေးခဲ့တယ်– “သင်တို့သည် ဥယျာဉ်၌ရှိသမျှသော အပင်တို့၏အသီးကိုမစားရဟု ဧကန်စင်စစ် ဘုရားသခင်မိန့်တော်မူသလော။” ဧဝ ဒီလိုပြန်ဖြေခဲ့တယ်– “ငါတို့သည် ဥယျာဉ်၌ရှိသော အပင်တို့၏အသီးကို စားရသောအခွင့်ရှိ၏။ ‘ဥယျာဉ်အလယ်၌ရှိသော အပင်၏အသီးကိုကား သင်တို့သည် မကိုင်မစားဘဲနေကြလော့။ သို့မဟုတ် သေမည်’ ဟုဘုရားသခင်အမိန့်တော်ရှိသည်။”—ကမ္ဘာဦး ၃:၁-၃

၁၁ စာတန် ဒီလိုပြန်ပြောခဲ့တယ်– “သင်တို့သည် ဧကန်အမှန် သေရမည်မဟုတ်။ အကြောင်းမူကား ထိုအသီးကိုစားသောနေ့၌ သင်တို့သည် မျက်စိပွင့်လင်းလျက် ကောင်းမကောင်းကိုသိ၍ ဘုရားသခင်ကဲ့သို့ ဖြစ်ကြလတ္တံ့သည်ကို ဘုရားသခင်သိတော်မူသည်။” (ကမ္ဘာဦး ၃:၄၊ ၅) တားမြစ်ထားတဲ့အသီးကိုစားရင် အကျိုးခံစားရမယ်လို့ ဧဝယုံကြည်ဖို့ စာတန်လိုလားတယ်။ သူ့စကားအရ ဧဝဟာ အမှား၊ အမှန်ကို ကိုယ်တိုင်ဆုံးဖြတ်နိုင်တယ်၊ သူ့စိတ်ကြိုက်လုပ်နိုင်တယ်။ အသီးကိုစားလိုက်ခြင်းအားဖြင့် ရရှိလာမယ့်ကောင်းကျိုးတွေကို ယေဟောဝါ လိမ်လည်ဖုံးကွယ်ထားတယ်လို့လည်း စာတန်စွပ်စွဲခဲ့တယ်။ ဧဝက စာတန်ကို ယုံကြည်ခဲ့တယ်။ ဒါကြောင့် အသီးကို ခူးစားလိုက်တယ်။ ပြီးတဲ့နောက် သူ့ခင်ပွန်းကိုလည်း ကျွေးလိုက်တယ်၊ သူ့ခင်ပွန်းလည်း စားခဲ့တယ်။ သူတို့က မသိလို့ ဒီလိုလုပ်ခဲ့ကြတာ မဟုတ်ဘူး။ ဘုရားသခင်က မလုပ်နဲ့လို့ပြောတဲ့အရာကို လုပ်နေတယ်ဆိုတာ သူတို့သိတယ်။ သူတို့က အသီးစားလိုက်ခြင်းအားဖြင့် ရိုးရှင်းပြီး ဆင်ခြင်တုံတရားနဲ့ညီတဲ့ အမိန့်တော်ကို တမင်တကာ မနာခံခဲ့တာပဲ။ သူတို့ဟာ ကောင်းကင်ဖခင်နဲ့ ကိုယ်တော့်အခွင့်အာဏာကို မထီမဲ့မြင်ပြုခဲ့ကြတယ်။ မေတ္တာရှင်ဖန်ဆင်းရှင်ကို ဒီလိုမလေးမစားလုပ်တာက ခွင့်လွှတ်နိုင်စရာအကြောင်း မရှိဘူး။

၁၂။ အာဒံနဲ့ဧဝ ယေဟောဝါကို ဆန့်ကျင်တဲ့လမ်းစဉ် လိုက်သွားတဲ့အခါ ကိုယ်တော် ဘယ်လောက်စိတ်ထိခိုက်မလဲဆိုတာကို နားလည်ဖို့ ဘယ်အရာက အထောက်အကူပြုနိုင်သလဲ။

၁၂ ဥပမာအနေနဲ့ သင်ကျွေးမွေး၊ ပြုစုစောင့်ရှောက်လာခဲ့တဲ့ သား၊ ဒါမှမဟုတ် သမီးတစ်ယောက်က သင့်ကို မလေးစား၊ မေတ္တာမထားဘဲ သင့်စကားကို နားမထောင်ဘူးဆိုရင် သင်ဘယ်လိုခံစားရမလဲ။ သင် စိတ်ထိခိုက်မှာပဲ။ ဒါဆိုရင် အာဒံနဲ့ဧဝနှစ်ဦးစလုံး ယေဟောဝါကို ဆန့်ကျင်တဲ့လမ်းစဉ်လိုက်သွားတဲ့အခါ ကိုယ်တော့်စိတ်တော် ဘယ်လောက်ထိ ထိခိုက်နာကျင်မလဲဆိုတာ စဉ်းစားကြည့်ပါ။

အာဒံကို မြေမှုန့်ကနေဖန်ဆင်းတယ်၊ သူဟာ မြေမှုန့်ကို ပြန်သွားတယ်

၁၃။ အာဒံသေဆုံးတဲ့အခါ ဘာဖြစ်သွားမယ်ဆိုတာနဲ့ပတ်သက်ပြီး ယေဟောဝါ ဘာပြောခဲ့သလဲ၊ ဒါက ဘာအဓိပ္ပာယ်ရှိသလဲ။

၁၃ ယေဟောဝါက စကားနားမထောင်တဲ့ အာဒံနဲ့ဧဝကို ဆက်ပြီးထာဝစဉ်အသက်ရှင်ခွင့်ပေးစရာ ဘာအကြောင်းမှ မရှိပါဘူး။ ကိုယ်တော်ပြောခဲ့သလိုပဲ သူတို့သေဆုံးခဲ့ကြရတယ်။ အာဒံနဲ့ဧဝတို့ မတည်ရှိကြတော့ဘူး။ သူတို့ဟာ ဝိညာဉ်ဘုံကို ကူးပြောင်းသွားကြတာ မဟုတ်ပါဘူး။ အဲဒီအချက်ကို အာဒံရဲ့မနာခံမှုကြောင့် ယေဟောဝါ သူနဲ့တွေ့ဆုံပြီး ပြောခဲ့တဲ့စကားကနေ ကျွန်ုပ်တို့သိကြရတယ်။ ဘုရားသခင် ဒီလိုပြောခဲ့တယ်– “သင်ထွက်ရာမြေသို့မပြန်မီတိုင်အောင် သင်၏မျက်နှာမှချွေးထွက်လျက် အစာကိုစားရမည်။ အကြောင်းမူကား သင်သည် မြေမှုန့်ဖြစ်၍ မြေမှုန့်သို့ပြန်ရမည်။” (ကမ္ဘာဦး ၃:၁၉) ဘုရားသခင်က အာဒံကို မြေမှုန့်နဲ့ ဖန်ဆင်းခဲ့တယ်။ (ကမ္ဘာဦး ၂:၇) အာဒံကိုမဖန်ဆင်းခင်က အာဒံဆိုတာ မရှိခဲ့ပါဘူး။ ဒါကြောင့် အာဒံကို မြေမှုန့်သို့ပြန်ရမယ်လို့ ယေဟောဝါပြောတဲ့အခါ အာဒံဟာ ဘာမှမတည်ရှိတဲ့အခြေအနေ ပြန်ရောက်သွားမယ်လို့ ဆိုလိုခြင်းဖြစ်တယ်။

၁၄။ ကျွန်ုပ်တို့ ဘာကြောင့်သေကြရတာလဲ။

၁၄ တကယ်ဆိုရင် အာဒံနဲ့ဧဝဟာ ဒီနေ့အချိန်ထိ အသက်ရှင်လျက် ရှိနေနိုင်ပါတယ်၊ ဒါပေမဲ့ ဘုရားသခင့်စကားနားမထောင်ဘဲ အပြစ်လုပ်ဖို့ ရွေးချယ်ခဲ့တဲ့အတွက် သေဆုံးခဲ့ကြရတယ်။ ကျွန်ုပ်တို့သေဆုံးကြရတဲ့ အကြောင်းရင်းကတော့ အာဒံဟာ သူ့ရဲ့သားစဉ်မြေးဆက်အားလုံးထံ အပြစ်ရှိအခြေအနေအပြင် သေခြင်းကိုပါ လက်ဆင့်ကမ်းပေးခဲ့လို့ပဲ။ (ရောမ ၅:၁၂ ကိုဖတ်ပါ။) အဲဒီအပြစ်က ဘယ်လူသားမှ မလွတ်ကင်းနိုင်တဲ့ ဆိုးရွားတဲ့မျိုးရိုးလိုက်ရောဂါနဲ့ တူတယ်။ အပြစ်ရဲ့ဆိုးကျိုးဖြစ်တဲ့ သေခြင်းက ကျိန်စာတစ်ခုဖြစ်တယ်။ သေခြင်းဟာ ရန်သူပဲ၊ မိတ်ဆွေမဟုတ်ဘူး။ (၁ ကောရိန္သု ၁၅:၂၆) ယေဟောဝါက ကြောက်စရာကောင်းတဲ့ ဒီရန်သူရဲ့လက်ကနေ ကျွန်ုပ်တို့လွတ်မြောက်ဖို့ ရွေးနုတ်ဖိုး ပြင်ဆင်ပေးထားတဲ့အတွက် အရမ်းကျေးဇူးတင်ဖို့ ကောင်းပါတယ်။

သေခြင်းနဲ့ပတ်သက်တဲ့ အမှန်တရားကို သိရှိထားခြင်းက အကျိုးရှိ

၁၅။ သေခြင်းနဲ့ပတ်သက်တဲ့အမှန်တရားကို သိရှိထားခြင်းက ဘာကြောင့် စိတ်သက်သာရာရစေသလဲ။

၁၅ လူသေတွေရဲ့အခြေအနေနဲ့ပတ်သက်တဲ့ သမ္မာကျမ်းစာသွန်သင်ချက်က စိတ်သက်သာရာရစေပါတယ်။ ကျွန်ုပ်တို့သိခဲ့ပြီးတဲ့အတိုင်း လူသေတွေဟာ နာကျင်မှု၊ ဝမ်းနည်းမှု မခံစားရတော့ပါဘူး။ သူတို့က ကျွန်ုပ်တို့ကို အန္တရာယ်မပေးနိုင်တဲ့အတွက် သူတို့ကိုကြောက်ဖို့မလိုပါဘူး။ သူတို့က ကျွန်ုပ်တို့ရဲ့အကူအညီကို မလိုအပ်ကြဘူး၊ ကျွန်ုပ်တို့ကိုလည်း သူတို့ မကူညီနိုင်ကြဘူး။ ကျွန်ုပ်တို့က သူတို့နဲ့စကားမပြောနိုင်ဘူး၊ သူတို့ကလည်း ကျွန်ုပ်တို့နဲ့ စကားမပြောနိုင်ဘူး။ ဘာသာရေးခေါင်းဆောင်အတော်များများက သူတို့ဟာ သေဆုံးသွားသူတွေကို ကူညီပေးနိုင်တယ်လို့ လိမ်ညာပြောဆိုကြတယ်၊ အဲဒီစကားတွေကို ယုံကြည်သူတွေက သူတို့ကို ငွေပေးကြရတယ်။ ဒါပေမဲ့ ကျွန်ုပ်တို့က အမှန်တရားကို သိထားတဲ့အတွက် အဲဒီလို လိမ်လည်သွန်သင်သူတွေရဲ့ လှည့်စားမှုကို မခံရတော့ဘူး။

၁၆။ ဘာသာတရားများစွာရဲ့ သွန်သင်ချက်တွေကို ဘယ်သူက ဩဇာလွှမ်းမိုးထားသလဲ၊ ဘယ်နည်းနဲ့လဲ။

၁၆ လူသေတွေနဲ့ပတ်သက်တဲ့ ဘာသာတရားအများစုရဲ့သွန်သင်ချက်က သမ္မာကျမ်းစာသွန်သင်ချက်နဲ့ ကိုက်ညီရဲ့လား။ မကိုက်ညီဘူး။ ဘာကြောင့်လဲ။ အကြောင်းကတော့ သူတို့ရဲ့သွန်သင်ချက်တွေအပေါ် စာတန်သြဇာလွှမ်းမိုးထားလို့ပဲ။ လူက တကယ်မသေဘူး၊ ခန္ဓာကိုယ် သေဆုံးသွားပြီးတဲ့နောက် နာမ်ဝိညာဉ်ဘုံမှာ ဆက်အသက်ရှင်နေတယ်လို့ အယူမှားဘာသာတရားအများစုက သွန်သင်တယ်။ စာတန်က ဒီအလိမ်အညာစကားနဲ့ တခြားမဟုတ်မမှန်တဲ့ အယူဝါဒတွေကိုသုံးပြီး လူတွေ ယေဟောဝါဘုရားသခင်နဲ့ ဝေးကွာသွားအောင်လုပ်တယ်။ ဘယ်လိုနည်းနဲ့လဲ။

၁၇။ ထာဝစဉ်နှိပ်စက်ညှဉ်းဆဲခြင်း သွန်သင်ချက်က ဘာကြောင့် ယေဟောဝါရဲ့ဂုဏ်တော်ကို ထိခိုက်ညှိုးနွမ်းစေသလဲ။

၁၇ အစပိုင်းမှာ လေ့လာခဲ့ပြီးတဲ့အတိုင်း လူတစ်ဦးဟာ မကောင်းတဲ့အသက်တာနဲ့ နေထိုင်ခဲ့ပြီး သေဆုံးသွားမယ်ဆိုရင် ထာဝစဉ်ညှဉ်းဆဲခံဖို့ မီးငရဲကိုသွားရလိမ့်မယ်လို့ ဘာသာတရားတချို့က သွန်သင်ကြတယ်။ အဲဒီသွန်သင်ချက်က ဘုရားသခင့်ဂုဏ်တော်ကို ထိခိုက်၊ ညှိုးနွမ်းစေပါတယ်။ ယေဟောဝါက မေတ္တာရှင်ဘုရားသခင်ဖြစ်တဲ့အတွက် ဘယ်သူ့ကိုမှ နှိပ်စက်ညှဉ်းဆဲမှာမဟုတ်ဘူး။ (၁ ယောဟန် ၄:၈ ကိုဖတ်ပါ။) ပြောစကားနားမထောင်တဲ့ ကလေးရဲ့လက်ကို မီးရှို့ဒဏ်ပေးနေတဲ့လူတစ်ဦးကို သင် ဘယ်လိုယူမှတ်မလဲ။ အဲဒီလိုလူကို သင်လေးစားပါ့မလား။ အဲဒီလိုလူမျိုးနဲ့ သင် ရင်းနှီးသိကျွမ်းလိုစိတ် ရှိပါ့မလား။ လုံးဝရှိမှာမဟုတ်ပါဘူး။ တော်တော့်ကိုရက်စက်တဲ့သူပဲလို့ သင်ယူဆမှာဖြစ်တယ်။ ဒါပေမဲ့ စာတန်က ယေဟောဝါဟာ လူတွေကို မီးနဲ့ ထာဝစဉ် နှိပ်စက်ညှဉ်းဆဲတဲ့သူဖြစ်တယ်လို့ ကျွန်ုပ်တို့ကို ယုံကြည်စေလိုတယ်။

၁၈။ လူတချို့ ဘာကြောင့် လူသေတွေကို ကိုးကွယ်ကြသလဲ၊ ဒါပေမဲ့ သမ္မာကျမ်းစာက ဘယ်လိုသွန်သင်သလဲ။

၁၈ လူတစ်ယောက်သေသွားပြီးနောက်မှာ အဲဒီပုဂ္ဂိုလ်ဟာ အသက်ရှင်သူတွေရဲ့ ရိုသေလေးစား၊ ဂုဏ်တင်ခံရတဲ့ ဝိညာဉ်ဖြစ်သွားတယ်လို့ သွန်သင်ဖို့ ဘာသာတရားတချို့ကိုလည်း စာတန်အသုံးပြုပါတယ်။ အဲဒီသွန်သင်ချက်အရ သေဆုံးသွားသူတွေရဲ့ ဝိညာဉ်တွေဟာ တန်ခိုးကြီးတဲ့မိတ်ဆွေတွေ ဒါမှမဟုတ် ကြောက်စရာကောင်းတဲ့ ရန်သူတွေ ဖြစ်လာနိုင်တယ်။ အဲဒီလိုမဟုတ်မမှန်တဲ့ သွန်သင်ချက်တွေကို လူများစွာက ယုံကြည်ကြတယ်။ သူတို့က လူသေတွေကိုကြောက်တဲ့အတွက် လူသေတွေကိုဂုဏ်တင်ပြီး ကိုးကွယ်ကြတယ်။ ဒါပေမဲ့ သမ္မာကျမ်းစာမှာတော့ လူသေတွေဟာ အိပ်ပျော်နေကြတာဖြစ်ကြောင်း၊ ဖန်ဆင်းရှင်၊ ထောက်ပံ့ပေးရှင်ဖြစ်တဲ့ စစ်မှန်တဲ့ဘုရားသခင် ယေဟောဝါတစ်ပါးတည်းကိုသာ ကိုးကွယ်သင့်ကြောင်း သွန်သင်တယ်။—ဗျာဒိတ် ၄:၁၁

၁၉။ သေခြင်းနဲ့ပတ်သက်တဲ့ အမှန်တရားကိုသိထားခြင်းက တခြား ဘယ်ကျမ်းစာသွန်သင်ချက်ကို နားလည်ဖို့ အထောက်အကူပြုသလဲ။

၁၉ လူသေတွေနဲ့ပတ်သက်တဲ့ အမှန်တရားကို သိထားတာက ဘာသာရေးလိမ်ညာမှုတွေရဲ့ လှည့်ဖြားခြင်းမခံရဖို့ အကာအကွယ်ပေးပါတယ်။ တခြားကျမ်းစာသွန်သင်ချက်တွေကိုလည်း နားလည်ဖို့ အထောက်အကူပြုတယ်။ ဥပမာ၊ သေခြင်းဟာ ဝိညာဉ်ဘုံကို ကူးပြောင်းသွားတာမဟုတ်ဘူးဆိုတာ သိလာတဲ့အခါ ငြိမ်းချမ်းသာယာတဲ့ မြေကြီးပရဒိသုမှာ ထာဝစဉ်အသက်ရှင်ရမယ်ဆိုတဲ့ ကတိတော်က သင့်အတွက် တကယ်အဓိပ္ပာယ်ရှိလာတယ်။

၂၀။ နောက်အခန်းမှာ ဘယ်မေးခွန်းကို သုံးသပ်ကြမလဲ။

၂၀ ရှေးခေတ်က ဖြောင့်မတ်သူယောဘဟာ “လူသည် သေလျှင် အသက်ရှင်ပြန်ပါလိမ့်မည်လော” ဆိုပြီး မေးခွန်းထုတ်ခဲ့တယ်။ (ယောဘ ၁၄:၁၄) သေခြင်းမှာအိပ်ပျော်နေတဲ့ သက်မဲ့လူတစ်ဦးဟာ အသက်ပြန်ရှင်နိုင်ပါသလား။ ဒီအချက်နဲ့ပတ်သက်ပြီး သမ္မာကျမ်းစာသွန်သင်ချက်က တကယ့်နှစ်သိမ့်မှုဖြစ်စေတယ်ဆိုတာ နောက်အခန်းမှာ ဖော်ပြပေးသွားမှာဖြစ်တယ်။

^ စာပိုဒ်၊ 5 ဝိညာဉ်ဆိုတဲ့စကားလုံးရဲ့ ဆွေးနွေးချက်ကို နောက်ဆက်တွဲ “လူမှာ တကယ်ပဲ မသေနိုင်တဲ့ဝိညာဉ် ရှိသလား” ကိုကြည့်ပါ။