မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ခုနစ်

သေဆုံးသွားတဲ့ သင်ချစ်မြတ်နိုးရသူတွေအတွက် စစ်မှန်တဲ့မျှော်လင့်ချက်

သေဆုံးသွားတဲ့ သင်ချစ်မြတ်နိုးရသူတွေအတွက် စစ်မှန်တဲ့မျှော်လင့်ချက်
  • သေသွားတဲ့သူတွေ တကယ် ပြန်အသက်ရှင်လာမယ်ဆိုတာ ကျွန်ုပ်တို့ ဘယ်လိုသိရသလဲ။

  • လူသေတွေကို ယေဟောဝါ ပြန်အသက်ရှင်စေချင်တယ်ဆိုတာ ဘယ်အချက်က ဖော်ပြသလဲ။

  • ဘယ်သူတွေ အသက်ပြန်ရှင်လာကြမလဲ။

၁-၃။ ကျွန်ုပ်တို့အားလုံး ဘယ်အရာကြောင့် ဝမ်းနည်းပူဆွေးကြရသလဲ၊ ကျမ်းစာသွန်သင်ရာကို သုံးသပ်ခြင်းက ဘာကြောင့် စိတ်သက်သာမှုအတော်အတန် ရရှိစေသလဲ။

ကျွန်ုပ်တို့ချစ်ရတဲ့ မိသားစုဝင်တစ်ယောက် ဒါမှမဟုတ် ရင်းနှီးတဲ့မိတ်ဆွေတစ်ယောက် သေဆုံးသွားတဲ့အခါ ကျွန်ုပ်တို့ အရမ်းဝမ်းနည်းကြေကွဲကြရတယ်။ သေခြင်းတရားကို လူသားတွေ ကြောက်ခဲ့ရတာ နှစ်ထောင်ပေါင်းများစွာ ကြာခဲ့ပြီ။ ကျွန်ုပ်တို့ချစ်ရသူတစ်ယောက်ယောက် သေဆုံးသွားတဲ့အခါ ဘာဆိုဘာမှမတတ်နိုင်ဘူးလို့ ခံစားကြရတယ်။ ဖြေမဆည်နိုင်အောင် ဝမ်းနည်းကြရတယ်။ ဘယ်သူမှ သေခြင်းနဲ့ မလွတ်ကင်းနိုင်ဘူး။ ဘယ်စည်းစိမ်ချမ်းသာ၊ ဘယ်သြဇာအာဏာကမှ ဒါကို မဖယ်ရှားပစ်နိုင်ဘူး။ ပညာရှင်တွေမှာလည်း ဖြေရှင်းနည်းမရှိဘူး။ အားကြီးသူ၊ အားနည်းသူ အားလုံး ငိုကြွေးကြရတယ်။ ဒါပေမဲ့ တန်ခိုးရှင်တစ်ပါးတော့ရှိတယ်၊ သူက သင့်ကိုကူညီမယ်လို့ ကတိပေးတယ်။ ဘယ်လောက်တောင် စိတ်ချမ်းသာစရာ ကောင်းလိုက်သလဲ။

အဲဒီတန်ခိုးရှင်ကတော့ ယေဟောဝါဘုရားပါပဲ။ သူက မေတ္တာရှိတဲ့ကယ်တင်ရှင်ဖြစ်ပြီး သူ့မှာ သေခြင်းကို အောင်မြင်နိုင်တဲ့အစွမ်းတန်ခိုးရှိကြောင်း ဖော်ပြပြီးဖြစ်တယ်။ သေခြင်းကို တစ်ခါတည်းနဲ့အပြီး ဖယ်ရှားပစ်မယ်လို့ ကတိပေးတယ်။ “သေခြင်းသည် ဆုံးၡုံးခြင်းသို့ရောက်ရလိမ့်မည်” လို့ သမ္မာကျမ်းစာက သွန်သင်တယ်။ (၁ ကောရိန္သု ၁၅:၂၆) ဒါ တကယ့်သတင်းကောင်းပဲ။

ကျွန်ုပ်တို့သိတဲ့လူတစ်ယောက်ယောက် သေဆုံးသွားတဲ့အခါ ဘယ်လိုခံစားရတယ်ဆိုတာ သုံးသပ်ကြည့်ကြစို့။ ဒီလိုသုံးသပ်တာက ကျွန်ုပ်တို့ကိုပျော်ရွှင်စေတဲ့ကတိတော်ကို နားလည်ဖို့ အထောက်အကူပြုမှာဖြစ်တယ်။ လူသေတွေ ပြန်အသက်ရှင်လာမယ်လို့ ယေဟောဝါ ကတိပြုတယ်။ (ဟေရှာယ ၂၆:၁၉) လူသေတွေ ပြန်အသက်ရှင်လာမှာဖြစ်တယ်။ ဒါက သေဆုံးသွားသူတွေအတွက် မျှော်လင့်ချက်ပဲ။

ချစ်မြတ်နိုးရသူတစ်ဦး သေဆုံးသွားတဲ့အခါ

၄။ (က) လူတစ်ယောက်သေသွားတဲ့အခါ ယေဟောဝါ ဘယ်လိုခံစားရတယ်ဆိုတာကို ဘယ်လိုသိနိုင်သလဲ။ (ခ) ယေရှုရဲ့ရင်းနှီးတဲ့မိတ်ဆွေတွေက ဘယ်သူတွေလဲ။

ချစ်မြတ်နိုးရသူတစ်ဦးဦး သေဆုံးသွားတာကို သင်ကြုံဖူးသလား။ ဝမ်းနည်းကြေကွဲပြီး ဘာမှမတတ်နိုင်ဘူးဆိုတဲ့ ခံစားချက်က မခံမရပ်နိုင်အောင်ဖြစ်စေတယ်။ ဒီလိုအချိန်မှာ ကျွန်ုပ်တို့ဟာ ကျမ်းစာပေးတဲ့နှစ်သိမ့်မှု လိုအပ်တယ်။ (၂ ကောရိန္သု ၁:၃၊ ၄ ကိုဖတ်ပါ။) သေခြင်းနဲ့ပတ်သက်ပြီး ယေဟောဝါနဲ့ယေရှု ဘယ်လိုခံစားရတယ်ဆိုတာ နားလည်ဖို့ သမ္မာကျမ်းစာက ကျွန်ုပ်တို့ကို ကူညီပေးပါတယ်။ ယေရှုမှာ အမြဲပဲ သူ့ဖခင်ရဲ့ခံစားချက်မျိုးရှိတယ်။ တစ်ယောက်ယောက်သေဆုံးသွားတဲ့အခါ ယေရှု ဘယ်လိုခံစားရတယ်ဆိုတာကို ဖော်ပြတဲ့မှတ်တမ်းတစ်ခု ရှိတယ်။ (ယောဟန် ၁၄:၉) ယေရှုဟာ ဂျေရုဆလင်မြို့ကိုရောက်တိုင်း အဲဒီမြို့နားက ဗေသနိရွာမှာနေတဲ့ လာဇရုနဲ့ လာဇရုရဲ့အစ်မတွေဖြစ်တဲ့ မာရိ၊ မာသတို့ဆီမှာ တည်းခိုလေ့ရှိတယ်။ သူတို့က ရင်းနှီးတဲ့မိတ်ဆွေတွေ ဖြစ်လာကြတယ်။ “ယေရှုသည် မာသ၊ သူ၏ညီမနှင့် လာဇရုတို့ကို ချစ်တော်မူ၏” လို့ ကျမ်းစာမှာဖော်ပြထားတယ်။ (ယောဟန် ၁၁:၅) ဒါပေမဲ့ လာဇရု သေဆုံးသွားတယ်ဆိုတာကို ပြီးခဲ့တဲ့အခန်းမှာ ကျွန်ုပ်တို့ သိရှိခဲ့ရတယ်။

၅၊ ၆။ (က) ဝမ်းနည်းပူဆွေးနေတဲ့ လာဇရုရဲ့မိသားစု၊ လာဇရုရဲ့မိတ်ဆွေတွေနဲ့အတူ ရှိနေချိန်မှာ ယေရှု ဘယ်လိုဖြစ်ခဲ့သလဲ။ (ခ) ယေရှုရဲ့ဝမ်းနည်းပူဆွေးမှုက ကျွန်ုပ်တို့ကို ဘာကြောင့် အားရှိစေသလဲ။

မိတ်ဆွေတစ်ယောက် သေဆုံးသွားတဲ့အတွက် ယေရှု ဘယ်လိုခံစားခဲ့ရသလဲ။ ဝမ်းနည်းပူဆွေးနေကြတဲ့ လာဇရုရဲ့ဆွေမျိုးတွေ၊ မိတ်ဆွေတွေဆီ ယေရှုသွားခဲ့တယ်လို့ ကျမ်းစာမှတ်တမ်းက ဖော်ပြတယ်။ သူတို့ကို တွေ့တဲ့အခါ ယေရှု အရမ်းဝမ်းနည်းခဲ့တယ်။ ယေရှု “အလွန်စိတ်ညှိုးငယ်ခြင်း၊ စိတ်ပူပန်ခြင်း” ဖြစ်ခဲ့တယ်။ အဲဒီနောက် ကျမ်းစာမှာ “ယေရှုသည် မျက်ရည်ကျတော်မူ၏” လို့ပြောတယ်။ (ယောဟန် ၁၁:၃၃၊ ၃၅) ယေရှု ဘာမှမတတ်နိုင်လို့ ဝမ်းနည်းပူဆွေးတာလား။ မဟုတ်ပါဘူး။ မကြာခင်မှာ အံ့ဖွယ်အမှုတစ်ခု ဖြစ်ပျက်တော့မယ်ဆိုတာကို သူသိတယ်။ (ယောဟန် ၁၁:၃၊ ၄) ဒါပေမဲ့ ယေရှုက သူ့မိတ်ဆွေသေဆုံးသွားလို့ ဝမ်းနည်းပူဆွေးခဲ့တယ်။

ယေရှုရဲ့ဝမ်းနည်းပူဆွေးမှုက ကျွန်ုပ်တို့ကို တစ်နည်းနည်းနဲ့ အားရှိစေတယ်။ ယေရှုနဲ့ ယေဟောဝါက သေခြင်းကိုမုန်းတယ်ဆိုတာ ဒီအချက်က ဖော်ပြတယ်။ ဒါပေမဲ့ ယေဟောဝါဘုရားသခင်က အဲဒီရန်သူသေခြင်းကို တိုက်ခိုက်အောင်မြင်နိုင်ပါတယ်။ ယေရှုကို ဘုရားသခင် ဘာလုပ်စေခဲ့တယ်ဆိုတာ ကြည့်ကြစို့။

“လာဇရု၊ ထွက်လာလော့”

၇၊ ၈။ လာဇရုကိစ္စကို လူ့အမြင်ကနေကြည့်ရင် ဘာကြောင့် မျှော်လင့်ချက်မရှိပုံပေါက်သလဲ၊ ဒါပေမဲ့ ယေရှုဘာလုပ်ခဲ့သလဲ။

လာဇရုကို ဂူသွင်းသင်္ဂြိုဟ်ပြီးနေပြီ၊ ယေရှုက ဂူဝမှာ ပိတ်ထားတဲ့ကျောက်ကိုဖယ်ဖို့ ပြောလိုက်တယ်။ သေနေတာ လေးရက်ရှိနေပြီဆိုတော့ လာဇရုရဲ့အလောင်းက ပုပ်ပွနေလောက်ပြီဖြစ်လို့ မာသက မဖွင့်ဖို့ပြောခဲ့တယ်။ (ယောဟန် ၁၁:၃၉) လူ့အမြင်ကနေကြည့်ရင်တော့ ဘာမျှော်လင့်ချက်မှ မရှိတော့ဘူး။

လာဇရု အသက်ပြန်ရှင်လာလို့ လူတွေ အရမ်းဝမ်းသာခဲ့ကြ။​—ယောဟန် ၁၁:၃၈-၄၄

ကျောက်တုံးကို လှိမ့်ဖယ်လိုက်ပြီးတဲ့နောက် ယေရှုက “လာဇရု၊ ထွက်လာလော့” ဆိုပြီး အသံအကျယ်ကြီးနဲ့ အော်ခေါ်လိုက်တယ်။ ဘာဖြစ်ပျက်ခဲ့သလဲ။ “သေလွန်သူသည် . . . ထွက်လာ၏။” (ယောဟန် ၁၁:၄၃၊ ၄၄) အဲဒီမှာရှိနေတဲ့လူတွေ ဘယ်လောက်ပျော်သွားမလဲဆိုတာ မြင်ယောင်ကြည့်ပါ။ လာဇရုက သူတို့ရဲ့မောင် တော်သည်ဖြစ်စေ၊ ဆွေမျိုး တော်သည်ဖြစ်စေ၊ မိတ်ဆွေ၊ ဒါမှမဟုတ် အိမ်နီးချင်းပဲဖြစ်စေ သူသေသွားပြီလို့ပဲ သူတို့သိထားကြတယ်။ ဒါပေမဲ့ အခု သူတို့ချစ်တဲ့သူက သူတို့နဲ့အတူ အသက်ရှင်လျက်ရှိနေပြန်ပြီ။ ဒါက မဖြစ်နိုင်ပုံပေါက်နေတယ်။ ဒါကြောင့် လူတွေက လာဇရုကို ဝမ်းသာအားရပွေ့ဖက်ခဲ့ကြမှာ သေချာပါတယ်။ ဒီအဖြစ်အပျက်ကနေ ယေဟောဝါမှာ သေခြင်းကိုအောင်မြင်နိုင်တဲ့ တန်ခိုးရှိတယ်ဆိုတာ သိရတယ်။

ဧလိယက မုဆိုးမရဲ့သားကို အသက်ပြန်ရှင်အောင် လုပ်ပေးခဲ့။​—၃ ဓမ္မရာဇဝင် ၁၇:၁၇-၂၄

၉၊ ၁၀။ (က) လာဇရုကို အသက်ပြန်ရှင်အောင် လုပ်ပေးခဲ့တဲ့တန်ခိုးကို ဘယ်ကရတယ်ဆိုတာ ယေရှု ဘယ်လိုဖော်ပြခဲ့သလဲ။ (ခ) သမ္မာကျမ်းစာပါ ရှင်ပြန်ထမြောက်ခြင်း မှတ်တမ်းတွေကို ဖတ်ရှုခြင်းကနေရရှိတဲ့ အကျိုးကျေးဇူးတချို့က ဘာတွေလဲ။

ယေရှုက အဲဒီအံ့ဖွယ်အမှုကို သူ့အစွမ်းတန်ခိုးနဲ့လုပ်တာပါလို့ မပြောခဲ့ဘူး။ လာဇရုကိုမခေါ်ထုတ်ခင် ယေရှုဆုတောင်းတဲ့အခါမှာ လူကိုပြန်အသက်ရှင်အောင် အဓိကလုပ်ပေးသူဟာ ယေဟောဝါဖြစ်တယ်ဆိုတာ အထင်အရှားဖော်ပြတယ်။ (ယောဟန် ၁၁:၄၁၊ ၄၂ ကိုဖတ်ပါ။) ယေဟောဝါက လူသေကိုပြန်ရှင်အောင်လုပ်ပေးဖို့ မိမိရဲ့တန်ခိုးကို ဒီတစ်ကြိမ်ပဲ သုံးခဲ့တာမဟုတ်ဘူး။ ဘုရားသခင်က သူ့ရဲ့တန်ခိုးကိုသုံးပြီး လူသေတွေကို ပြန်ရှင်အောင်လုပ်ပေးခဲ့တဲ့မှတ်တမ်း နောက်ထပ်ရှစ်ခုအကြောင်း သမ္မာကျမ်းစာက သွန်သင်တယ်။ * အဲဒီမှတ်တမ်းတွေကို ဖတ်ရှုလေ့လာရတာ နှစ်သက်စရာဖြစ်တယ်။ အသက်ပြန်ရှင်လာကြသူတွေထဲမှာ လူကြီး၊ လူငယ်၊ ယောက်ျား၊ မိန်းမ၊ အစ္စရေးလူမျိုးနဲ့ အစ္စရေးလူမျိုးမဟုတ်သူတွေပါ ပါတဲ့အတွက် ဘုရားသခင်က မျက်နှာမလိုက်ဘူးဆိုတဲ့အချက်ကို သွန်သင်ပေးတယ်။ အဲဒီမှတ်တမ်းတွေက တကယ်ဝမ်းသာစရာကောင်းတဲ့ ဖြစ်ရပ်တွေပဲ။ ဥပမာ၊ ကလေးမလေးတစ်ယောက်ကို အသက်ပြန်ရှင်အောင် ယေရှုလုပ်ပေးတဲ့အခါ သူ့မိဘတွေ “အလွန်အံ့သြမိန်းမော” ခဲ့ကြတယ်။ (မာကု ၅:၄၂) ယေဟောဝါက သူတို့ ဘယ်တော့မှမေ့မှာမဟုတ်တဲ့ ပျော်ရွှင်မှုကို ခံစားစေခဲ့တယ်။

တမန်တော်ပေတရုက ခရစ်ယာန်အမျိုးသမီး ဒေါ်ကာကို အသက်ပြန်ရှင်အောင်လုပ်ပေးခဲ့။​—တမန်တော် ၉:၃၆-၄၂

၁၀ အသက်ပြန်ရှင်အောင် ယေရှု လုပ်ပေးခဲ့သူတွေဟာ နောက်ပိုင်းမှာ ပြန်သေဆုံးသွားကြတာတော့ မှန်ပါတယ်။ အဲဒါကြောင့် သူတို့ကို ပြန်အသက်ရှင်အောင် လုပ်ပေးခဲ့တာက အကျိုးမရှိဘူးလို့ ဆိုလိုသလား။ မဆိုလိုပါဘူး။ အဲဒီကျမ်းစာမှတ်တမ်းတွေက ကျွန်ုပ်တို့ကို အရေးကြီးတဲ့အမှန်တရားတွေကို ယုံကြည်စိတ်ချစေတဲ့အပြင် မျှော်လင့်ချက်ပေးတယ်။

ရှင်ပြန်ထမြောက်ခြင်းမှတ်တမ်းတွေကနေ သင်ယူပါ

၁၁။ လာဇရု အသက်ပြန်ရှင်လာတဲ့မှတ်တမ်းက ဒေသနာ ၉:၅ မှာ ဖော်ပြထားတဲ့အချက် မှန်ကန်တယ်ဆိုတာကို ဘယ်လို အခိုင်အမာဖော်ပြသလဲ။

၁၁ သေနေတဲ့သူဟာ “အဘယ်အရာကိုမျှမသိ” ဘူးဆိုပြီး သမ္မာကျမ်းစာက သွန်သင်ပါတယ်။ ဒီအချက်ကို လာဇရုရဲ့မှတ်တမ်းက အခိုင်အမာဖော်ပြတယ်။ လာဇရု အသက်ပြန်ရှင်လာတဲ့အခါ စိတ်လှုပ်ရှားစရာကောင်းတဲ့ ကောင်းကင်အကြောင်း ပြောပြခဲ့သလား။ မီးငရဲနဲ့ပတ်သက်တဲ့ ကြောက်စရာဇာတ်လမ်းတွေကို ပြောပြပြီး လူတွေကို ထိတ်လန့်စေခဲ့သလား။ အဲဒီအကြောင်းတွေကို ကျမ်းစာမှာမတွေ့ရဘူး။ သေဆုံးနေတဲ့လေးရက်အတွင်းမှာ သူ “အဘယ်အရာကိုမျှမသိ” ခဲ့ဘူး။ (ဒေသနာ ၉:၅) လာဇရုဟာ သေခြင်းမှာ အိပ်ပျော်နေခဲ့ခြင်းသာဖြစ်တယ်။—ယောဟန် ၁၁:၁၁

၁၂။ လာဇရုရှင်ပြန်ထမြောက်ခြင်းက တကယ့်ဖြစ်ရပ်မှန်ဆိုတာကို ကျွန်ုပ်တို့ ဘာကြောင့် စိတ်ချနိုင်သလဲ။

၁၂ လာဇရု အသက်ပြန်ရှင်လာတယ်ဆိုတဲ့မှတ်တမ်းက ပုံပြင်တစ်ပုဒ်လောက်သာမဟုတ်ဘဲ တကယ့်ဖြစ်ရပ်မှန်ဆိုတာကိုလည်း သွန်သင်ပေးတယ်။ ယေရှုက လာဇရုကို မျက်မြင်သက်သေလူအုပ်ရှေ့မှာ အသက်ပြန်ရှင်အောင် လုပ်ပေးခဲ့တယ်။ ယေရှုကိုမုန်းတဲ့ ဘာသာရေးခေါင်းဆောင်တွေတောင် ဒီအံ့ဖွယ်အမှု တကယ်ဖြစ်ခဲ့တယ်ဆိုတာကို မငြင်းခဲ့ဘူး။ အဲဒီအစား သူတို့က “ငါတို့သည် အဘယ်သို့ပြုကြမည်နည်း။ ထိုသူ [ယေရှု] သည် နိမိတ်လက္ခဏာများစွာကို ပြ၏” လို့ပြောခဲ့ကြတယ်။ (ယောဟန် ၁၁:၄၇) လူများစွာက အသက်ပြန်ရှင်လာသူကို သွားကြည့်ခဲ့ကြတယ်။ ရလဒ်အနေနဲ့ သူတို့ထဲကအများစုဟာ ယေရှုကို ယုံကြည်လာကြတယ်။ ယေရှုဟာ ဘုရားသခင်စေလွှတ်သူဖြစ်ကြောင်းဖော်ပြတဲ့ သက်ရှိအထောက်အထား လာဇရုကို မြင်တွေ့ကြရလို့ပဲ။ အဲဒီအထောက်အထားက အရမ်းခိုင်လုံတဲ့အတွက် ထောက်ထားညှာတာမှုမရှိတဲ့ ဂျူးဘာသာရေးခေါင်းဆောင်တချို့က ယေရှုနဲ့ လာဇရုတို့နှစ်ယောက်စလုံးကို သတ်ပစ်ဖို့ကြံစည်တဲ့အထိ ဖြစ်ခဲ့တယ်။—ယောဟန် ၁၁:၅၃; ၁၂:၉-၁၁

၁၃။ သေဆုံးသွားတဲ့သူတွေကို တကယ်အသက်ပြန်ရှင်အောင် ယေဟောဝါ လုပ်ပေးနိုင်တယ်ဆိုတာ ယုံကြည်ဖို့ ဘယ်အခြေခံအကြောင်းရင်း ရှိသလဲ။

၁၃ ရှင်ပြန်ထမြောက်ခြင်းကို တကယ့်ဖြစ်ရပ်မှန်အဖြစ် လက်ခံတာက လက်တွေ့မကျရာ ရောက်ပါသလား။ မရောက်ပါဘူး၊ တစ်နေ့ကျရင် “သင်္ချိုင်းများမှာရှိသောသူအပေါင်း” အသက်ပြန်ရှင်လာကြလိမ့်မယ်လို့ ယေရှု သွန်သင်ခဲ့တယ်။ (ယောဟန် ၅:၂၈) ယေဟောဝါက သက်ရှိအားလုံးရဲ့ ဖန်ဆင်းရှင်ဖြစ်တယ်။ ကိုယ်တော်က အသက်ကို နောက်တစ်ကြိမ် ပြန်ဖန်ဆင်းနိုင်တယ်ဆိုတာ ယုံဖို့ခက်ပါသလား။ ယေဟောဝါရဲ့မှတ်ဉာဏ်ပေါ်မှာ မူတည်နေတယ်ဆိုတာတော့ မှန်ပါတယ်။ ကျွန်ုပ်တို့ချစ်မြတ်နိုးရတဲ့ သေလွန်သွားသူတွေကို ယေဟောဝါမှတ်မိနိုင်ပါသလား။ စကြဝဠာမှာ ရေတွက်လို့မကုန်နိုင်အောင် များပြားလှတဲ့ ကြယ်တွေရှိတယ်၊ ဒါပေမဲ့ အဲဒီကြယ်တစ်လုံးစီကို ဘုရားသခင် နာမည်ပေးထားတယ်။ (ဟေရှာယ ၄၀:၂၆) ဒါကြောင့် ယေဟောဝါဘုရားသခင်ဟာ သေဆုံးသွားတဲ့ ကျွန်ုပ်တို့ချစ်မြတ်နိုးရသူတွေအကြောင်း အသေးစိတ်ကအစမှတ်မိပြီး သူတို့ပြန်အသက်ရှင်လာအောင် လုပ်ပေးနိုင်ပါတယ်။

၁၄၊ ၁၅။ ယောဘပြောတဲ့စကားအရ သေဆုံးသွားသူတွေကို ယေဟောဝါ ပြန်အသက်ရှင်စေချင်တယ်ဆိုတာ ဘယ်လိုသိရသလဲ။

၁၄ ယေဟောဝါက သေဆုံးသွားတဲ့သူတွေကို အသက်ပြန်ရှင်စေချင်တဲ့ဆန္ဒ ပြင်းပြတယ်လို့ ကျမ်းစာကသွန်သင်တယ်။ ဒါကို ကျွန်ုပ်တို့ ဘယ်လိုသိရသလဲ။ “လူက သေရင် ပြန်အသက်ရှင်နိုင်ဦးမလား” လို့ သစ္စာရှိယောဘ မေးခွန်းထုတ်ခဲ့တယ်။ ယေဟောဝါ သူ့ကိုသတိရပြီး ပြန်အသက်ရှင်စေမယ့်အချိန်အထိ သင်္ချိုင်းထဲမှာစောင့်နေမယ့်အကြောင်း ယောဘ ပြောနေတာဖြစ်တယ်။ သူ ယေဟောဝါကို ဒီလိုပြောခဲ့တယ်– “ကိုယ်တော်ခေါ်တဲ့အခါ ကျွန်တော် ပြန်ထူးပါ့မယ်။ ကိုယ်တော်က ကိုယ့်လက်နဲ့လုပ်ထားတဲ့အရာကို ပြန်မြင်လိုစိတ် ပြင်းပြနေပါလိမ့်မယ်။”—ယောဘ ၁၄:၁၃-၁၅ကဘ

၁၅ စဉ်းစားကြည့်လိုက်ပါ။ ယေဟောဝါက သေဆုံးသွားသူတွေကို တကယ် အသက်ပြန်ရှင်စေချင်တယ်။ ယေဟောဝါမှာ အဲဒီလိုဆန္ဒရှိတယ်ဆိုတာသိရလို့ ကြည်နူးအားရဖြစ်မိတယ်။ ဒါပေမဲ့ သေဆုံးသွားသူတွေ ပြန်အသက်ရှင်ခြင်းက အနာဂတ်မှာ ဘယ်လိုဖြစ်လာမလဲ။ ဘယ်သူတွေ ပြန်အသက်ရှင်လာကြမလဲ၊ ဘယ်နေရာမှာလဲ။

“သင်္ချိုင်းများမှာရှိသောသူအပေါင်းတို့”

၁၆။ သေဆုံးသွားသူတွေဟာ ဘယ်အခြေအနေမျိုးမှာ ပြန်အသက်ရှင်လာကြရမလဲ။

၁၆ ကျမ်းစာမှတ်တမ်းတွေက အနာဂတ်မှာ သေဆုံးသွားသူတွေ အသက်ပြန်ရှင်လာမယ်ဆိုတဲ့အကြောင်း အများကြီးသင်ပေးတယ်။ အရင်က အသက်ပြန်ရှင်လာသူတွေဟာ ဒီကမ္ဘာမြေကြီးပေါ်မှာပဲ သူတို့ချစ်မြတ်နိုးရသူတွေနဲ့ ပြန်ဆုံတွေ့ခဲ့ကြတယ်။ အနာဂတ်မှာလည်း အဲဒီအတိုင်းပဲဖြစ်မယ်။ ဒါပေမဲ့ အဲဒီထက် အဆပေါင်းများစွာ ပိုကောင်းမှာဖြစ်တယ်။ အခန်း ၃ မှာ လေ့လာခဲ့ပြီးတဲ့အတိုင်း ဘုရားသခင့်ရည်ရွယ်ချက်က ကမ္ဘာတစ်ခုလုံးကို ငြိမ်းချမ်းသာယာတဲ့နေရာဖြစ်စေဖို့ပါ။ ဒါကြောင့် သေဆုံးသွားသူတွေဟာ စစ်၊ ရာဇဝတ်မှု၊ ဖျားနာမှုနဲ့ ပြည့်နေတဲ့ကမ္ဘာမှာ အသက်ပြန်ရှင်လာကြမှာ မဟုတ်ဘူး။ ငြိမ်းချမ်းပြီး ပျော်ရွှင်စရာကောင်းတဲ့ ဒီကမ္ဘာမြေကြီးပေါ် အမြဲထာဝစဉ် အသက်ရှင်ခွင့်ရကြမှာဖြစ်တယ်။

၁၇။ ရှင်ပြန်ထမြောက်ခြင်းက ဘယ်လောက်ထိ ကျယ်ပြန့်မလဲ။

၁၇ ဘယ်သူတွေ ပြန်အသက်ရှင်လာကြမလဲ။ “သင်္ချိုင်းများမှာရှိသောသူအပေါင်းတို့ [ဘုရားသခင့်မှတ်ဉာဏ်ထဲမှာရှိသူတို့] သည် သားတော် [ယေရှု] ၏စကားသံကိုကြား၍ ထွက်ရ” ကြမယ်လို့ ယေရှုပြောခဲ့တယ်။ (ယောဟန် ၅:၂၈၊ ၂၉) ဗျာဒိတ် ၂၀:၁၃ မှာလည်း “ပင်လယ်သည် မိမိ၌ရှိသောသေလွန်သူများကို ပေးအပ်၏။ သေခြင်းနှင့် သင်္ချိုင်းတို့လည်း မိမိတို့၌ရှိသော သေလွန်သူများကို ပေးအပ်ကြ၏” လို့ပြောတယ်။ (နောက်ဆက်တွဲ “ရှီးအိုးလ်နဲ့ ဟေးဒီးစ်ဆိုတာ ဘာလဲ” ကိုကြည့်ပါ။) အဲဒီအချိန်ကျရင် သင်္ချိုင်းအားလုံးမှာ ဘာမှရှိတော့မှာမဟုတ်ဘူး။ အဲဒီမှာရှိတဲ့ သန်းထောင်နဲ့ချီတဲ့ သေဆုံးသူတွေ အသက်ပြန်ရှင်လာကြပါလိမ့်မယ်။ တမန်တော်ပေါလုက “ဖြောင့်မတ်သောသူ၊ မဖြောင့်မတ်သောသူတို့သည် ရှင်ပြန်ထမြောက်ကြလိမ့်မည်” လို့ပြောခဲ့တယ်။ (တမန်တော် ၂၄:၁၅) ဒါက ဘာကိုဆိုလိုတာလဲ။

သေဆုံးသွားသူတွေဟာ ငြိမ်းချမ်းသာယာတဲ့ ကမ္ဘာမြေကြီးမှာ ပြန်အသက်ရှင်လာပြီး သူတို့ချစ်မြတ်နိုးရသူတွေနဲ့ ပြန်လည်ပေါင်းစည်းကြမယ်

၁၈။ ပြန်အသက်ရှင်လာမယ့် “ဖြောင့်မတ်သောသူ” တွေထဲမှာ ဘယ်သူတွေ ပါဝင်သလဲ၊ ဒီမျှော်လင့်ချက်က သင့်အပေါ် ဘယ်လိုအကျိုးသက်ရောက်သလဲ။

၁၈ ကျမ်းစာမှာ ကျွန်ုပ်တို့ဖတ်ရတဲ့အတိုင်း “ဖြောင့်မတ်သောသူ” တွေထဲမှာ ယေရှုကမ္ဘာပေါ်မကြွလာခင် အသက်ရှင်ခဲ့ကြသူတွေ ပါဝင်တယ်။ နောဧ၊ အာဗြဟံ၊ စာရာ၊ မောရှေ၊ ရုသ၊ ဧသတာနဲ့ တခြားသူများစွာကို သင်သတိရမှာဖြစ်တယ်။ ဘုရားသခင်ကိုယုံကြည်တဲ့ အမျိုးသား၊ အမျိုးသမီးတချို့အကြောင်းကို ဟေဗြဲအခန်းကြီး ၁၁ မှာ ဆွေးနွေးထားပါတယ်။ “ဖြောင့်မတ်သောသူ” တွေထဲမှာ ကျွန်ုပ်တို့ခေတ်မှာ သေဆုံးသွားတဲ့ ယေဟောဝါရဲ့ကျေးကျွန်တွေလည်း ပါတယ်။ သေဆုံးသွားသူတွေ အသက်ပြန်ရှင်လာမယ်ဆိုတဲ့ မျှော်လင့်ချက်ကြောင့် သေခြင်းကိုလည်း ကြောက်စရာမလိုတော့ဘူး။—ဟေဗြဲ ၂:၁၅

၁၉။ “မဖြောင့်မတ်သောသူ” တွေက ဘယ်သူတွေလဲ၊ သူတို့ကို ယေဟောဝါ ဘာအခွင့်အရေးပေးသလဲ။

၁၉ ယေဟောဝါအကြောင်း တစ်ခါမှမကြားဖူးလို့ ကိုယ်တော့်ကို ကိုးကွယ်ခွင့်မရဘဲ သေဆုံးသွားတဲ့သူတွေကော ဘယ်လိုလဲ။ သူတို့က “မဖြောင့်မတ်သောသူ” တွေဖြစ်တယ်၊ သူတို့ကိုလည်း မေ့မထားပါဘူး။ သူတို့လည်း အသက်ပြန်ရှင်လာကြမယ်၊ စစ်မှန်တဲ့ဘုရားသခင်အကြောင်း သင်ယူပြီး ကိုယ်တော့်ကို ဝတ်ပြုကိုးကွယ်ဖို့ သူတို့ကို အချိန်ပေးမှာဖြစ်တယ်။ သေဆုံးသွားသူတွေဟာ အနှစ်တစ်ထောင်ကာလအတွင်းမှာ အသက်ပြန်ရှင်လာကြမယ်၊ သူတို့က မြေကြီးပေါ်မှာရှိတဲ့ သစ္စာရှိသူတွေနဲ့ပူးပေါင်းပြီး ယေဟောဝါကို ဝတ်ပြုကိုးကွယ်ဖို့ အခွင့်အရေးရပါလိမ့်မယ်။ တကယ့်ကိုအံ့သြစရာကောင်းတဲ့ အချိန်ဖြစ်ပါလိမ့်မယ်။ အဲဒီအချိန်ကာလကို သမ္မာကျမ်းစာက တရားစီရင်ရာနေ့လို့ ခေါ်တယ်။ *

၂၀။ ဂေဟင်နာဆိုတာ ဘာလဲ၊ ဘယ်သူတွေ အဲဒီနေရာကိုသွားသလဲ။

၂၀ သေဆုံးသွားတဲ့သူတိုင်း အသက်ပြန်ရှင်လာမယ်လို့ ဆိုလိုပါသလား။ မဟုတ်ပါဘူး။ သေလွန်သူတချို့ဟာ “ဂေဟင်နာ” မှာရှိနေကြတယ်လို့ ကျမ်းစာကဖော်ပြထားတယ်။ မြန်မာယုဒသန်ကျမ်းစာမှာ ဂေဟင်နာကို “ငရဲ” လို့ဘာသာပြန်ထားတယ်။ (လုကာ ၁၂:၅) ဂေဟင်နာဆိုတာ ရှေးခေတ်ဂျေရုဆလင်မြို့ပြင်မှာရှိတဲ့ အမှိုက်ကျင်းရဲ့အမည်ဖြစ်တယ်။ လူသေအလောင်းတွေနဲ့ အမှိုက်တွေကို အဲဒီနေရာမှာ မီးရှို့ကြတယ်။ မသင်္ဂြိုဟ်ထိုက်ဘူး၊ အသက်ပြန်မရှင်ထိုက်ဘူးလို့ သတ်မှတ်ခံရတဲ့ လူသေအလောင်းတွေကို ဂျူးတွေက အဲဒီနေရာမှာ ပစ်ချခဲ့ကြတယ်။ အသက်ပြန်ရှင်လာမှာမဟုတ်သူတွေအကြောင်းပြောဖို့ ယေရှုက ဒီနေရာကို ဥပမာအဖြစ် အသုံးပြုခဲ့တယ်။ အဲဒီနေရာမှာရှိနေတဲ့သူတွေက ထာဝရဖျက်ဆီးခံရမယ့်သူတွေပဲ။ ဒါကြောင့် ဂေဟင်နာဆိုတာ ထာဝရပျက်စီးခြင်းရဲ့ သင့်လျော်တဲ့အမှတ်သေင်္ကတဖြစ်တယ်။ ယေရှုက အသက်ရှင်သူတွေနဲ့ သေလွန်သူတွေကို တရားစီရင်ဖို့ တာဝန်ရရှိမှာဖြစ်ပေမဲ့ အပြီးသတ်တရားစီရင်မယ့်သူက ယေဟောဝါဘုရားပဲ။ (တမန်တော် ၁၀:၄၂) လူဆိုးတွေ၊ ပြောင်းလဲလိုစိတ်မရှိသူတွေအဖြစ် ဘုရားသခင်သတ်မှတ်တဲ့သူတွေကို ကိုယ်တော် အသက်ပြန်ရှင်အောင် လုပ်ပေးမှာမဟုတ်ဘူး။

ကောင်းကင်ဆိုင်ရာထမြောက်ခြင်း

၂၁၊ ၂၂။ (က) ဘယ်လို အသက်ပြန်ရှင်ခြင်းနောက်တစ်မျိုး ရှိသေးသလဲ။ (ခ) နာမ်ဝိညာဉ်အသက်နဲ့ ဦးဆုံး အသက်ပြန်ရှင်ခဲ့သူက ဘယ်သူလဲ။

၂၁ အသက်ပြန်ရှင်ခြင်း နောက်တစ်မျိုးဖြစ်တဲ့ နာမ်ဝိညာဉ်သတ္တဝါအဖြစ် ကောင်းကင်အသက်တာကို အသက်ရှင်ထမြောက်ခြင်းအကြောင်းလည်း ကျမ်းစာထဲမှာ ဖော်ပြထားတယ်။ အဲဒါနဲ့ပတ်သက်တဲ့ တစ်ခုတည်းသောပုံနမူနာဖြစ်တဲ့ ယေရှုခရစ်အသက်ပြန်ရှင်ခြင်းအကြောင်းကို ကျမ်းစာမှာ မှတ်တမ်းတင်ထားပါတယ်။

၂၂ လူသားတစ်ဦးအနေနဲ့ ယေရှုသေဆုံးပြီးတဲ့နောက် ယေဟောဝါက မိမိရဲ့သစ္စာရှိသားတော်ကို သင်္ချိုင်းမှာဆက်ရှိနေဖို့ ခွင့်မပြုခဲ့ဘူး။ (ဆာလံ ၁၆:၁၀; တမန်တော် ၁၃:၃၄၊ ၃၅) ဘုရားသခင်က ယေရှုကို အသက်ပြန်ရှင်အောင် လုပ်ပေးခဲ့တယ်၊ ဒါပေမဲ့ လူသားတစ်ဦးအနေနဲ့တော့ မဟုတ်ဘူး။ တမန်တော်ပေတရုက ခရစ်တော်သည် “ခန္ဓာကိုယ်၌ အသေခံတော်မူပြီး နာမ်ဝိညာဉ်အဖြစ် အသက်ရှင်တော်မူ၏” လို့ရှင်းပြတယ်။ (၁ ပေတရု ၃:၁၈) ဒါက တကယ့်အံ့ဖွယ်အမှုကြီးတစ်ခု ဖြစ်တယ်။ ယေရှုက တန်ခိုးကြီးတဲ့ နာမ်ဝိညာဉ်တစ်ပါးအဖြစ် အသက်ပြန်ရှင်ခဲ့တယ်။ (၁ ကောရိန္သု ၁၅:၃-၆ ကိုဖတ်ပါ။) ယေရှုဟာ ဘုန်းကျက်သရေနဲ့ပြည့်စုံတဲ့ အဲဒီလို အသက်ပြန်ရှင်ခြင်းမျိုးကို ဦးဆုံးရရှိသူဖြစ်တယ်။ (ယောဟန် ၃:၁၃) ဒါပေမဲ့ နောက်ဆုံးတစ်ဦးတော့ မဟုတ်ဘူး။

၂၃၊ ၂၄။ ယေရှုရဲ့ “သိုးစုငယ်” ထဲမှာ ဘယ်သူတွေပါသလဲ၊ အရေအတွက် ဘယ်လောက်ရှိသလဲ။

၂၃ ယေရှုက သူ မကြာခင် ကောင်းကင်ပြန်တက်ရတော့မယ်ဆိုတာသိလို့ သူ့ရဲ့သစ္စာရှိနောက်လိုက်တွေအတွက် “နေစရာအရပ်ကိုပြင်ဆင်” ပေးမယ်ဆိုပြီး ပြောခဲ့တယ်။ (ယောဟန် ၁၄:၂) ယေရှုက ကောင်းကင်သွားမယ့်သူတွေကို “သိုးစုငယ်” လို့ခေါ်ခဲ့တယ်။ (လုကာ ၁၂:၃၂) ဒီသစ္စာရှိခရစ်ယာန် အုပ်စုငယ်ရဲ့ အရေအတွက်က ဘယ်လောက်ရှိသလဲ။ ဗျာဒိတ် ၁၄:၁ မှာ တမန်တော်ယောဟန် ဒီလိုပြောတယ်– “ထို့နောက် ငါကြည့်လိုက်သော် ဇိအုန်တောင်ပေါ်တွင် သိုးသငယ် [ယေရှုခရစ်] ရပ်နေသည်ကို ငါမြင်၏။ သူ၏နာမနှင့် ခမည်းတော်၏နာမတော်ကို နဖူးပေါ်ရေးမှတ်ထားသူ တစ်သိန်းလေးသောင်းလေးထောင်သည် သူနှင့်အတူရှိ၏။”

၂၄ ယေရှုရဲ့သစ္စာရှိတမန်တော်တွေပါဝင်တဲ့ ဒီ ၁၄၄,၀၀၀ ခရစ်ယာန်တွေဟာ အသက်ပြန်ရှင်ပြီး ကောင်းကင်ကို သွားကြမှာဖြစ်တယ်။ သူတို့ ဘယ်အချိန်မှာ ပြန်အသက်ရှင်လာကြမလဲ။ ခရစ်တော်ရောက်ရှိချိန်အတွင်းဖြစ်မယ်လို့ တမန်တော်ပေါလု ရေးခဲ့တယ်။ (၁ ကောရိန္သု ၁၅:၂၃) ကျွန်ုပ်တို့ဟာ အဲဒီအချိန်ကာလမှာ အသက်ရှင်နေတယ်ဆိုတဲ့အကြောင်းကို အခန်း ၉ မှာ လေ့လာသိရှိရမှာဖြစ်တယ်။ ဒါကြောင့် ၁၄၄,၀၀၀ ထဲက ကျန်နေသေးတဲ့ အရေအတွက်အနည်းငယ်ဟာ ယနေ့ ကျွန်ုပ်တို့အချိန်မှာ သေဆုံးသွားပြီးနောက် ချက်ချင်းအသက်ပြန်ရှင်ပြီး ကောင်းကင်ကို သွားကြမှာဖြစ်တယ်။ (၁ ကောရိန္သု ၁၅:၅၁-၅၅) ဒါပေမဲ့ လူအများစုက ငြိမ်းချမ်းသာယာတဲ့ ကမ္ဘာမြေကြီးမှာ အသက်ရှင်ဖို့ အနာဂတ်မှာ အသက်ပြန်ရှင်လာကြမှာဖြစ်တယ်။

၂၅။ နောက်အခန်းမှာ ဘယ်အကြောင်း သုံးသပ်ကြမလဲ။

၂၅ ယေဟောဝါက ရန်သူသေခြင်းကို အမှန်တကယ် ဖယ်ရှားပစ်မှာဖြစ်ပြီး သေခြင်းက ထာဝစဉ်ပျောက်ကွယ်သွားမယ်။ (ဟေရှာယ ၂၅:၈ ကိုဖတ်ပါ။) ဒါပေမဲ့ ‘အသက်ပြန်ရှင်ပြီး ကောင်းကင်သွားမယ့်သူတွေက အဲဒီမှာ ဘာလုပ်ကြမလဲ’ ဆိုပြီး သင်စဉ်းစားမိနိုင်တယ်။ သူတို့တွေဟာ ကောင်းကင်မှာတည်ရှိတဲ့ အကောင်းဆုံး နိုင်ငံတော်အစိုးရရဲ့ အဖွဲ့ဝင်တွေဖြစ်ကြပါလိမ့်မယ်။ နောက်အခန်းမှာ အဲဒီအစိုးရအကြောင်း ထပ်လေ့လာကြပါမယ်။

^ စာပိုဒ်၊ 19 တရားစီရင်ရာနေ့နဲ့ ဘယ်အရာပေါ်မူတည်ပြီး တရားစီရင်မယ်ဆိုတာတွေနဲ့ပတ်သက်တဲ့ ထပ်ဆင့်အချက်အလက်တွေအတွက် နောက်ဆက်တွဲ “တရားစီရင်ရာနေ့ဆိုတာ ဘာလဲ” ကိုကြည့်ပါ။