မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ရှစ်

ဘုရားသခင့်နိုင်ငံတော်ဆိုတာ ဘာလဲ

ဘုရားသခင့်နိုင်ငံတော်ဆိုတာ ဘာလဲ
  • သမ္မာကျမ်းစာမှာ ဘုရားသခင့်နိုင်ငံတော်အကြောင်း ဘယ်လိုဖော်ပြထားသလဲ။

  • ဘုရားသခင့်နိုင်ငံတော်က ဘာကို လုပ်ဆောင်ပေးမလဲ။

  • နိုင်ငံတော်က ဘယ်အချိန်မှာ ဘုရားသခင့်အလိုတော်ကို မြေကြီးပေါ်ပြည့်စုံစေမလဲ။

၁။ အခု ဘယ်ဆုတောင်းချက်ကို ဆွေးနွေးကြမလဲ။

ယေရှုခရစ်ဟာ အဓိပ္ပာယ်ရှိတဲ့ဆုတောင်းချက်တစ်ခုကို နမူနာအဖြစ် သင်ပေးခဲ့တယ်။ ဒီဆုတောင်းချက်ထဲက ပထမအချက်သုံးချက်ကို လေ့လာသုံးသပ်ခြင်းက သမ္မာကျမ်းစာ အမှန်တကယ်သွန်သင်ရာတွေကို ပိုသိရှိဖို့ ထောက်ကူပေးမှာဖြစ်တယ်။

၂။ မိမိရဲ့တပည့်တွေကို ဆုတောင်းဖို့ ယေရှုသင်ပေးခဲ့တဲ့ အချက်သုံးချက်က ဘာလဲ။

ဒီနမူနာဆုတောင်းချက်ရဲ့ အစနဲ့ပတ်သက်ပြီး နားထောင်နေသူတွေကို ယေရှု ဒီလိုသင်ပေးခဲ့တယ်– “သင်တို့ ဤသို့ဆုတောင်းရမည်။ ‘ကောင်းကင်ဘုံရှိ ကျွန်ုပ်တို့အဖ၊ ကိုယ်တော်၏နာမတော်သည် သန့်ရှင်းမြင့်မြတ်ခြင်းရှိပါစေ။ နိုင်ငံတော်လာပါစေ။ အလိုတော်သည် ကောင်းကင်ဘုံ၌ပြည့်စုံသကဲ့သို့ မြေကြီးပေါ်၌လည်း ပြည့်စုံပါစေ။’” (မဿဲ ၆:၉-၁၃) ဒီဆုတောင်းချက်ထဲမှာပါတဲ့ အချက်သုံးချက်ရဲ့ ဆိုလိုရင်းအဓိပ္ပာယ်က ဘာလဲ။

၃။ ဘုရားသခင့်နိုင်ငံတော်နဲ့ပတ်သက်ပြီး ဘာကိုသိရှိဖို့ လိုသလဲ။

ယေဟောဝါဆိုတဲ့ ဘုရားသခင့်နာမတော်အကြောင်း ကျွန်ုပ်တို့ အတော်များများ လေ့လာခဲ့ပြီးပြီ။ လူသားတွေအတွက် ကိုယ်တော်လုပ်ဆောင်ပေးခဲ့တာတွေ၊ လုပ်ဆောင်ပေးဦးမယ့်အရာတွေနဲ့ပတ်သက်တဲ့ ဘုရားသခင့်အလိုတော်အကြောင်း အတော်အတန် လေ့လာခဲ့ပြီးဖြစ်တယ်။ ဒါပေမဲ့ “နိုင်ငံတော်လာပါစေ” လို့ဆုတောင်းဖို့ ယေရှုပြောတဲ့အခါ ဘာကိုဆိုလိုတာလဲ။ ဘုရားသခင့်နိုင်ငံတော်ဆိုတာ ဘာလဲ။ နိုင်ငံတော်တည်ထောင်ခြင်းက ဘုရားသခင့်နာမတော်ကို ဘယ်လိုသန့်ရှင်းမြင့်မြတ်စေမလဲ။ နိုင်ငံတော်တည်ထောင်ခြင်းနဲ့ ဘုရားသခင့်အလိုတော်ပြည့်စုံခြင်းက ဘယ်လိုဆက်စပ်နေသလဲ။

ဘုရားသခင့်နိုင်ငံတော်ဆိုတာ ဘာလဲ

၄။ ဘုရားသခင့်နိုင်ငံတော်ဆိုတာ ဘာလဲ၊ နိုင်ငံတော်ရဲ့ဘုရင်က ဘယ်သူလဲ။

ဘုရားသခင့်နိုင်ငံတော်ဆိုတာ ယေဟောဝါဘုရားသခင်တည်ထောင်တဲ့ အစိုးရတစ်ခုဖြစ်တယ်၊ အဲဒီနိုင်ငံတော်ကို ဘုရားသခင်ရွေးချယ်တင်မြှောက်တဲ့ဘုရင်က အုပ်ချုပ်မယ်။ အဲဒီဘုရင်က ဘယ်သူလဲ။ ယေရှုခရစ်ပဲ။ ဘုရင်ဖြစ်တဲ့ယေရှုက လူ့အုပ်စိုးရှင်အားလုံးထက် ကြီးမြတ်ပြီး “ဘုရင်တကာတို့၏ဘုရင်၊ သခင်တကာတို့၏သခင်” အဖြစ် ခေါ်ဆိုခံရတယ်။ (၁ တိမောသေ ၆:၁၅) ယေရှုမှာ ဘယ်လူသားအုပ်စိုးရှင်ထက်မဆို များစွာသာလွန်တဲ့ကောင်းမှုတွေကို လုပ်ဆောင်နိုင်တဲ့တန်ခိုး ရှိတယ်။

၅။ ဘုရားသခင့်နိုင်ငံတော်က ဘယ်နေရာကနေ အုပ်ချုပ်မလဲ၊ ဘာကိုအုပ်ချုပ်မလဲ။

ဘုရားသခင့်နိုင်ငံတော်က ဘယ်နေရာကနေ အုပ်ချုပ်မလဲ။ ဒါဆိုရင် ယေရှု ဘယ်နေရာမှာရှိသလဲ။ ယေရှုဟာ ညှဉ်းဆဲရာနှက်တိုင်ပေါ်မှာ အသတ်ခံရပြီး အသက်ပြန်ရှင်ခဲ့တဲ့အကြောင်း လေ့လာပြီးခဲ့တာကို သင်သတိရပါလိမ့်မယ်။ အသက်ပြန်ရှင်ပြီး သိပ်မကြာခင်မှာပဲ သူကောင်းကင်ကို တက်ကြွသွားတယ်။ (တမန်တော် ၂:၃၃) ဒါကြောင့် ဘုရားသခင့်နိုင်ငံတော်က ကောင်းကင်မှာ တည်ရှိတယ်။ သမ္မာကျမ်းစာက ဘုရားသခင့်နိုင်ငံတော်ကို “ကောင်းကင်နိုင်ငံတော်” လို့ခေါ်တယ်။ (၂ တိမောသေ ၄:၁၈) ဘုရားသခင့်နိုင်ငံတော်က ကောင်းကင်မှာရှိပေမဲ့ မြေကြီးကို အုပ်ချုပ်မှာဖြစ်တယ်။—ဗျာဒိတ် ၁၁:၁၅ ကိုဖတ်ပါ

၆၊ ၇။ ယေရှုဟာ ဘာကြောင့် ထူးခြားတဲ့ဘုရင်တစ်ပါး ဖြစ်သလဲ။

ဘယ်အချက်တွေကြောင့် ယေရှုက ထူးခြားတဲ့ဘုရင်ဖြစ်သလဲ။ ပထမအချက်ကတော့ သူဟာ ဘယ်တော့မှ သေမှာမဟုတ်ဘူး။ သမ္မာကျမ်းစာက ယေရှုနဲ့ လူသားဘုရင်တွေကိုနှိုင်းယှဉ်ပြီး ယေရှုကို “မချဉ်းကပ်နိုင်သော အလင်း၌စံတော်မူ၍ မသေနိုင်သောအဖြစ်ကို တစ်ပါးတည်းရထားသောသူ” လို့ခေါ်ထားတယ်။ (၁ တိမောသေ ၆:၁၆) ဒါက ယေရှုပြုလုပ်တဲ့ကောင်းမှုအားလုံး အမြဲထာဝစဉ်တည်ရှိမယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်တယ်။ ဒါ့အပြင် သူ့ရဲ့အုပ်ချုပ်မှုကို လက်အောက်ခံတဲ့လူတွေ အကျိုးခံစားရမယ့်အရာတွေကို လုပ်ဆောင်မှာဖြစ်တယ်။

ယေရှုနဲ့ပတ်သက်တဲ့ ဒီကျမ်းစာကြိုတင်ဟောကြားချက်ကို သုံးသပ်ကြည့်ပါ– “ဉာဏ်ပညာနဲ့ သိနားလည်မှုကိုပေးတဲ့စွမ်းအား၊ အကြံဉာဏ်နဲ့ ခွန်အားကိုပေးတဲ့စွမ်းအား၊ ယေဟောဝါကို ကြောက်ရွံ့ခြင်းသဘောနဲ့ အသိပညာကိုပေးတဲ့စွမ်းအားဖြစ်တဲ့ ယေဟောဝါရဲ့စွမ်းအားတော်က သူ့အပေါ် တည်နေလိမ့်မယ်။ သူက ယေဟောဝါကိုကြောက်ရွံ့ခြင်းမှာ ပျော်မွေ့လိမ့်မယ်။ မျက်စိနဲ့မြင်ရတဲ့အတိုင်း တရားစီရင်မှာမဟုတ်ဘူး။ နားနဲ့ကြားတဲ့အတိုင်းပဲ ပဲ့ပြင်မှာမဟုတ်ဘူး။ သူက နိမ့်ကျသူတွေကို မျှမျှတတ တရားစီရင်လိမ့်မယ်။ မြေကြီးပေါ်က စိတ်နူးညံ့သူတွေရဲ့အကျိုးအတွက် ဖြောင့်မှန်ခြင်းနဲ့အညီ ပဲ့ပြင်လိမ့်မယ်။” (ဟေရှာယ ၁၁:၂-၄ကဘ) ဒီစကားတွေက ယေရှုဟာ ဖြောင့်မတ်ပြီး ထောက်ထားညှာတာတဲ့ဘုရင် ဖြစ်တယ်ဆိုတာ ဖော်ပြတယ်။ အဲဒီလိုအုပ်စိုးရှင်မျိုးကို သင် လိုချင်တယ်မဟုတ်လား။

၈။ ယေရှုနဲ့အတူ ဘယ်သူတွေ အုပ်ချုပ်ကြမလဲ။

ဘုရားသခင့်နိုင်ငံတော်နဲ့ပတ်သက်တဲ့ နောက်ထပ်အမှန်တရားတစ်ခုက ယေရှုတစ်ပါးတည်းပဲ အုပ်ချုပ်မှာမဟုတ်ဘူး ဆိုတဲ့အချက်ပဲ။ သူနဲ့အတူ ပူးတွဲအုပ်ချုပ်မယ့်သူတွေ ရှိတယ်။ ဥပမာ၊ တမန်တော်ပေါလုက တိမောသေကို “ငါတို့သည် ဆက်၍ခံရပ်လျှင် ကိုယ်တော်နှင့်အတူ ဘုရင်များအဖြစ် အုပ်ချုပ်ရလိမ့်မည်” လို့ပြောခဲ့တယ်။ (၂ တိမောသေ ၂:၁၂) ဘုရားသခင်ရွေးချယ်ထားတဲ့ ပေါလု၊ တိမောသေနဲ့ တခြားသစ္စာရှိသူတွေဟာ ကောင်းကင်နိုင်ငံတော်မှာ ယေရှုနဲ့အတူ အုပ်ချုပ်ကြမှာဖြစ်တယ်။ အဲဒီအထူးအခွင့်အရေးကို ရမယ့်သူအရေအတွက် ဘယ်လောက်ရှိမလဲ။

၉။ ယေရှုနဲ့အတူအုပ်ချုပ်မယ့်သူတွေ အရေအတွက် ဘယ်လောက်ရှိသလဲ၊ ဘုရားသခင်က သူတို့ကို ဘယ်အချိန်ကစပြီး ရွေးချယ်ခဲ့တာလဲ။

ဒီစာအုပ်ရဲ့ အခန်း ၇ မှာ ဖော်ပြခဲ့ပြီးတဲ့အတိုင်း တမန်တော်ယောဟန်က ရူပါရုံတစ်ခုမှာ ဒီလိုမြင်တွေ့ခဲ့တယ်– “ဇိအုန်တောင် [ကောင်းကင်မှာ ယေရှုရဲ့ဘုရင်အဖြစ်ကို ဖော်ပြတဲ့နေရာ] ပေါ်တွင် သိုးသငယ် [ယေရှုခရစ်] ရပ်နေသည်ကို ငါမြင်၏။ သူ၏နာမနှင့် ခမည်းတော်၏နာမကို နဖူးပေါ်ရေးမှတ်ထားသူ တစ်သိန်းလေးသောင်းလေးထောင်သည် သူနှင့်အတူရှိ၏။” အဲဒီ ၁၄၄,၀၀၀ က ဘယ်သူတွေလဲ။ ယောဟန်ကိုယ်တိုင် ဒီလိုဖော်ပြတယ်– “ထိုသူတို့သည် . . . သိုးသငယ် သွားလေရာရာနောက်သို့ အစဉ်တစိုက် လိုက်ပါသူများဖြစ်ကြ၏။ ဘုရားသခင်နှင့် သိုးသငယ်အတွက် အဦးသီးသောအသီးများအဖြစ် လူသားတို့ထဲမှ ဝယ်ယူသောသူများဖြစ်ကြ၏။” (ဗျာဒိတ် ၁၄:၁၊) သူတို့တွေဟာ ကောင်းကင်မှာ ယေရှုခရစ်နဲ့အတူအုပ်ချုပ်ဖို့ အထူးရွေးချယ်ထားတဲ့ သစ္စာရှိနောက်လိုက်တွေ ဖြစ်တယ်။ သူတို့သေဆုံးပြီးနောက် ကောင်းကင်အသက်တာကို ရှင်ပြန်ထမြောက်သွားကြပြီး ယေရှုနဲ့အတူ “မြေကြီးကို အုပ်စိုး” ကြမှာဖြစ်တယ်။ (ဗျာဒိတ် ၅:၁၀) အရေအတွက် ၁၄၄,၀၀၀ ပြည့်ဖို့ ဘုရားသခင်က အေဒီ ၃၃ ခုနှစ်ကစပြီး သစ္စာရှိခရစ်ယာန်တွေကို ရွေးချယ်ခဲ့တယ်။

၁၀။ လူသားတွေကိုအုပ်ချုပ်ဖို့ ယေရှုနဲ့ ၁၄၄,၀၀၀ ကို စီစဉ်ပေးတာက ဘာကြောင့် မေတ္တာပါတဲ့အစီအစဉ်ဖြစ်သလဲ။

၁၀ လူသားတွေကိုအုပ်ချုပ်ဖို့ ယေရှုနဲ့ ၁၄၄,၀၀၀ ကို စီစဉ်ပေးတာက တကယ့်ကိုမေတ္တာပါတယ်။ ယေရှုဟာ လူသားတစ်ဦးဖြစ်ရတဲ့ အခြေအနေနဲ့ ဆင်းရဲဒုက္ခတွေကို သိရှိခဲ့တယ်။ ပေါလုက ယေရှုဟာ “ငါတို့၏အားနည်းချက်များကို မစာနာနိုင်သောသူမဟုတ်။ ငါတို့ကဲ့သို့ အဘက်ဘက်တွင် စမ်းသပ်ခံရသူဖြစ်၏။ သို့သော် အပြစ်ကင်းတော်မူ၏” လို့ပြောခဲ့တယ်။ (ဟေဗြဲ ၄:၁၅; ၅:၈) ကိုယ်တော်နဲ့အတူ ပူးတွဲအုပ်ချုပ်မယ့်သူတွေဟာလည်း လူသားတွေအနေနဲ့ ဆင်းရဲခက်ခဲမှု ကြုံခဲ့ကြ၊ ခံရပ်ခဲ့ကြရသူတွေဖြစ်တယ်။ ဒါ့အပြင် သူတို့က လူတွေမှာရှိတတ်တဲ့ အားနည်းချက်တွေကို တိုက်လှန်ခဲ့ရပြီး အနာရောဂါအမျိုးမျိုးကို ခံရပ်ခဲ့ကြသူတွေ ဖြစ်တယ်။ သူတို့က လူသားတွေရင်ဆိုင်ရတဲ့ ပြဿနာတွေကို ကောင်းကောင်း ကိုယ်ချင်းစာ နားလည်ပေးမှာဖြစ်တယ်။

ဘုရားသခင့်နိုင်ငံတော်က ဘာလုပ်ပေးမလဲ

၁၁။ ဘုရားသခင့်အလိုတော် ကောင်းကင်ဘုံမှာပြည့်စုံဖို့ ဘုရားသခင့်နိုင်ငံတော် ဘာကြောင့် လိုအပ်သလဲ။

၁၁ ယေရှုရဲ့တပည့်တွေဟာ ဘုရားသခင့်နိုင်ငံတော်တည်ထောင်ဖို့ ဆုတောင်းသင့်တဲ့အပြင် ဘုရားသခင့်အလိုတော် “ကောင်းကင်ဘုံ၌ပြည့်စုံသကဲ့သို့ မြေကြီးပေါ်၌လည်း ပြည့်စုံ” ဖို့လည်း ဆုတောင်းသင့်တယ်လို့ ယေရှုပြောခဲ့တယ်။ ဘုရားသခင်ဟာ ကောင်းကင်မှာရှိပြီး သစ္စာရှိတဲ့ကောင်းကင်တမန်တွေက ကိုယ်တော့်အလိုတော်ကို အမြဲလုပ်ဆောင်ကြတယ်။ ဒါပေမဲ့ ကောင်းကင်တမန်ဆိုးတစ်ပါးက ဘုရားသခင့်အလိုတော်ကို မလုပ်ဆောင်တော့ဘဲ အာဒံနဲ့ဧဝ အပြစ်ကျူးလွန်အောင် လုပ်ခဲ့တယ်ဆိုတာကို ဒီစာအုပ်ရဲ့ အခန်း ၃ မှာ ကျွန်ုပ်တို့သိရှိခဲ့ကြရတယ်။ စာတန်အဖြစ် ကျွန်ုပ်တို့သိထားတဲ့ ကောင်းကင်တမန်ဆိုးနဲ့ပတ်သက်တဲ့ ကျမ်းစာသွန်သင်ချက်ကို အခန်း ၁၀ မှာ နောက်ထပ်သိရဦးမှာဖြစ်တယ်။ စာတန်နဲ့ စာတန့်နောက်လိုက်ဖို့ ရွေးချယ်ခဲ့တဲ့ ကောင်းကင်သတ္တဝါတွေဖြစ်တဲ့ နတ်ဆိုးတွေကို ကောင်းကင်မှာ အခိုက်အတန့်ဆက်နေဖို့ ဘုရားသခင်ခွင့်ပြုခဲ့တယ်။ ဒါကြောင့် ကောင်းကင်မှာရှိသူတိုင်းက ဘုရားသခင့်အလိုတော်ဆောင်သူတွေ မဟုတ်ကြဘူး။ ဘုရားသခင့်နိုင်ငံတော် စတင်အုပ်ချုပ်ချိန်မှာ အပြောင်းအလဲဖြစ်ခဲ့တယ်။ နန်းတက်ခါစဘုရင် ယေရှုခရစ်ဟာ စာတန်နဲ့ စစ်တိုက်ခဲ့တယ်။ဗျာဒိတ် ၁၂:၇-၉ ကိုဖတ်ပါ။

၁၂။ ဗျာဒိတ် ၁၂:၁၀ မှာ အရေးကြီးတဲ့ ဘယ်အဖြစ်အပျက်နှစ်ခုကို ဖော်ပြထားသလဲ။

၁၂ အောက်ပါကြိုတင်ဟောကြားချက်က ဘာဖြစ်ပျက်ခဲ့သလဲဆိုတာ ဖော်ပြတယ်– “ကောင်းကင်၌ကျယ်သောအသံက ဤသို့ဆိုသည်ကို ငါကြား၏။ ‘ယခုအခါ ငါတို့ဘုရားသခင်၏ ကယ်တင်ခြင်း၊ တန်ခိုးတော်၊ နိုင်ငံတော်နှင့် ကိုယ်တော့်ခရစ်တော်၏ အာဏာတော်သက်ရောက်လေပြီ။ အကြောင်းမူကား ငါတို့၏ညီအစ်ကိုများကို ငါတို့၏ဘုရားသခင်ရှေ့တော်တွင် နေ့ညမပြတ် စွပ်စွဲသူသည် ပစ်ချခံရပြီ။’” (ဗျာဒိတ် ၁၂:၁၀) ဒီအခန်းငယ်မှာ အရမ်းအရေးကြီးတဲ့ အဖြစ်အပျက်နှစ်ခုဖော်ပြထားတာကို သတိထားမိပါသလား။ ပထမ၊ ယေရှုခရစ်အုပ်စိုးတဲ့ ဘုရားသခင့်နိုင်ငံတော် စတင်အုပ်ချုပ်ခြင်းဖြစ်တယ်။ ဒုတိယ၊ စာတန်ကို ကောင်းကင်ကနေ မြေကြီးပေါ် ပစ်ချခြင်းဖြစ်တယ်။

၁၃။ စာတန်ကို ကောင်းကင်ကနေ ပစ်ချလိုက်ပြီးနောက် ဘာရလဒ်ဖြစ်ပေါ်ခဲ့သလဲ။

၁၃ အဲဒီအဖြစ်အပျက်နှစ်ခုကြောင့် ဘာရလဒ် ဖြစ်ပေါ်ခဲ့သလဲ။ ကောင်းကင်မှာ ဖြစ်ပျက်ခဲ့ရာနဲ့ပတ်သက်ပြီး “ကောင်းကင်နှင့်ကောင်းကင်သားတို့ ဝမ်းမြောက်ကြလော့” လို့ဖတ်ရတယ်။ (ဗျာဒိတ် ၁၂:၁၂) ကောင်းကင်မှာရှိတဲ့ သစ္စာရှိကောင်းကင်တမန်တွေ ဝမ်းမြောက်ကြတယ်၊ အကြောင်းကတော့ ကောင်းကင်မှာ စာတန်နဲ့သူ့ရဲ့နတ်ဆိုးတွေ မရှိတော့ဘဲ ယေဟောဝါဘုရားသခင်အပေါ် သစ္စာရှိသူတွေပဲ ရှိတော့တယ်။ ကောင်းကင်မှာ လုံးဝ အေးချမ်းငြိမ်သက်သွားပြီ။ ဘုရားသခင့်အလိုတော် ကောင်းကင်မှာပြည့်စုံပြီ။

စာတန်နဲ့နတ်ဆိုးတွေကို ကောင်းကင်ကနေ နှင်ချလိုက်တဲ့အတွက် မြေကြီးပေါ်မှာ အမင်္ဂလာဖြစ်ခဲ့တယ်။ အဲဒီပြဿနာတွေ မကြာခင် အဆုံးတိုင်ပါတော့မယ်

၁၄။ စာတန်ကို မြေကြီးပေါ်ပစ်ချလိုက်တဲ့အတွက် ဘာဖြစ်ပျက်ခဲ့သလဲ။

၁၄ ဒါပေမဲ့ မြေကြီးရဲ့အခြေအနေကော။ ကျမ်းစာက ဒီလိုပြောတယ်– “မြေကြီးနှင့်ပင်လယ်သည် အမင်္ဂလာရှိ၏။ အကြောင်းမူကား၊ မာရ်နတ်သည် မိမိအချိန်တိုတောင်းသည်ကိုသိ၍ ဒေါသကြီးစွာဖြင့် သင်တို့ထံသို့ ဆင်းလေပြီ။” (ဗျာဒိတ် ၁၂:၁၂) စာတန်ဟာ ကောင်းကင်ကနေ နှင်ချခံရပြီးနောက် သူ့အချိန်နည်းနည်းပဲ ကျန်တော့တဲ့အတွက် ဒေါသထွက်နေတယ်။ သူ့ဒေါသကြောင့် မြေကြီးပေါ်မှာ စိတ်မချမ်းသာစရာတွေ၊ ဒါမှမဟုတ် “အမင်္ဂလာ” တွေ ဖြစ်ပေါ်နေတယ်။ နောက်အခန်းမှာ အဲဒီ “အမင်္ဂလာ” တွေအကြောင်း ပိုလေ့လာရဦးမှာဖြစ်တယ်။ ဒါပေမဲ့ အဲဒီအချက်ကိုစိတ်ထဲထားပြီး ဘုရားသခင့်နိုင်ငံတော်ဟာ ဘုရားသခင့်အလိုတော် မြေကြီးပေါ်မှာပြည့်စုံဖို့ ဘယ်လိုလုပ်ဆောင်မလဲလို့ ကျွန်ုပ်တို့မေးနိုင်တယ်။

၁၅။ မြေကြီးနဲ့ပတ်သက်တဲ့ ဘုရားသခင့်အလိုတော်က ဘာလဲ။

၁၅ ကမ္ဘာမြေကြီးနဲ့ပတ်သက်တဲ့ ဘုရားသခင့်အလိုတော်က ဘာလဲဆိုတာကို သတိရပါ။ ဒီအကြောင်းကို အခန်း ၃ မှာ လေ့လာခဲ့ပြီးပြီ။ ဧဒင်ဥယျာဉ်မှာ ဘုရားသခင်ဖော်ပြခဲ့တဲ့အတိုင်း ကမ္ဘာမြေအတွက် ဘုရားသခင့်အလိုတော်က ငြိမ်းချမ်းသာယာတဲ့ ကမ္ဘာမြေကြီးမှာ မသေနိုင်တဲ့၊ ဖြောင့်မတ်တဲ့လူသားတွေ နေထိုင်ဖို့ဖြစ်တယ်။ စာတန်က အာဒံနဲ့ဧဝ အပြစ်ကျူးလွန်အောင် လုပ်ခဲ့တဲ့အတွက် မြေကြီးနဲ့ပတ်သက်တဲ့ ဘုရားသခင့်အလိုတော်ပြည့်စုံဖို့ နှောင့်နှေးခဲ့ရတယ်၊ ဒါပေမဲ့ အဲဒီအလိုတော်က မပြောင်းလဲခဲ့ပါဘူး။ “ဖြောင့်မတ်သောသူတို့သည် ပြည်တော် [မြေကြီး] ကိုအမွေခံ၍ အစဉ်အမြဲနေ” ဖို့ဆိုတဲ့ ယေဟောဝါရဲ့ရည်ရွယ်ချက် ဆက်ရှိခဲ့ပါတယ်။ (ဆာလံ ၃၇:၂၉) ဒါ့အပြင် ဘုရားသခင့်နိုင်ငံတော်က အဲဒီရည်ရွယ်ချက်ကို ဖြစ်မြောက်စေပါလိမ့်မယ်။ ဘယ်နည်းနဲ့လဲ။

၁၆၊ ၁၇။ ဒံယေလ ၂:၄၄၊ ၄၅ က ဘုရားသခင့်နိုင်ငံတော်အကြောင်း ဘာဖော်ပြသလဲ။

၁၆ ဒံယေလ ၂:၄၄၊ ၄၅ မှာတွေ့ရတဲ့ ကြိုတင်ဟောကြားချက်ကို သုံးသပ်ကြည့်ပါ။ အဲဒီမှာဒီလိုဖတ်ရတယ်– “ပျက်စီးခြင်းသို့မရောက်နိုင်သော နိုင်ငံတစ်ခုကို ထိုမင်းကြီးများလက်ထက်၌ ကောင်းကင်ဘုံရှင်ဘုရားသခင်သည် တည်ထောင်စေတော်မူမည်။ ထိုနိုင်ငံသည် အခြားသောလူမျိုးလက်သို့မရောက်ရဘဲ အထက်ဆိုခဲ့ပြီးသောနိုင်ငံရှိသမျှတို့ကို ချိုးဖဲ့ဖျက်ဆီး၍ အစဉ်အမြဲတည်လိမ့်မည်။” ဒီကျမ်းချက်က ဘုရားသခင့်နိုင်ငံတော်နဲ့ပတ်သက်ပြီး ဘာပြောသလဲ။

၁၇ ဦးဆုံး၊ ဘုရားသခင့်နိုင်ငံတော်ဟာ “ထိုမင်းကြီးများလက်ထက်၌” နောက်တစ်မျိုးပြောရင် တခြားနိုင်ငံတွေ တည်ရှိနေဆဲအချိန်မှာ တည်ထောင်မယ်လို့ပြောတယ်။ ဒုတိယ၊ ဘုရားသခင့်နိုင်ငံတော်က အမြဲတည်ရှိသွားမယ်လို့ပြောတယ်။ ဘယ်အစိုးရကမှ အဲဒီနိုင်ငံကို အနိုင်ယူ၊ အစားထိုးမှာ မဟုတ်ဘူး။ တတိယ၊ ဘုရားသခင့်နိုင်ငံတော်နဲ့ ဒီလောကမှာရှိတဲ့နိုင်ငံတွေ စစ်ဖြစ်မယ်ဆိုတာ သိရတယ်။ ဘုရားသခင့်နိုင်ငံတော်က အောင်ပွဲခံပါလိမ့်မယ်။ နောက်ဆုံးမှာ ဒီနိုင်ငံတော်ဟာ လူသားတွေကိုအုပ်ချုပ်မယ့် တစ်ခုတည်းသောအစိုးရ ဖြစ်ပါလိမ့်မယ်။ အဲဒီနောက် လူသားတွေဟာ အကောင်းဆုံးအုပ်ချုပ်မှုအောက်မှာ ပျော်ရွှင်မှုခံစားကြရမှာဖြစ်တယ်။

၁၈။ ဘုရားသခင့်နိုင်ငံတော်နဲ့ ဒီလောကအစိုးရတွေ တိုက်ခိုက်ကြမယ့် နောက်ဆုံးစစ်ပွဲအမည်က ဘာလဲ။

၁၈ သမ္မာကျမ်းစာမှာ ဘုရားသခင့်နိုင်ငံတော်နဲ့ ဒီလောကအစိုးရတွေတိုက်ခိုက်မယ့် နောက်ဆုံးစစ်ပွဲအကြောင်း အများကြီးဖော်ပြထားတယ်။ ဥပမာ၊ အဆုံးနီးလာတာနဲ့အမျှ နာမ်ဝိညာဉ်ဆိုးတွေဟာ “မြေတစ်ပြင်လုံးရှိ ဘုရင်များ” ကိုလှည့်စားဖို့ အလိမ်အညာစကားတွေကို ဖြန့်မယ်လို့ ကျမ်းစာမှာသွန်သင်တယ်။ ဘာရည်ရွယ်ချက်အတွက်လဲ။ “အနန္တတန်ခိုးရှင် ဘုရားသခင်၏နေ့ကြီးတွင် တိုက်မည့်စစ်ပွဲသို့ [ရှင်ဘုရင်တွေကို] စုရုံးစေ” ဖို့ဖြစ်တယ်။ မြေကြီးဘုရင်တွေဟာ “ဟေဗြဲဘာသာအားဖြင့် ဟာ-မေဂဒုန်ဟုခေါ်ဆိုသောအရပ်သို့ စုရုံး” ကြမှာဖြစ်တယ်။ (ဗျာဒိတ် ၁၆:၁၄၊ ၁၆) အဲဒီအခန်းငယ်နှစ်ခုမှာ ဖော်ပြထားချက်အရ လူ့အစိုးရတွေနဲ့ ဘုရားသခင့်နိုင်ငံတော်ရဲ့ နောက်ဆုံးတိုက်ပွဲကို ဟာ-မေဂဒုန် ဒါမှမဟုတ် အာမဂေဒုန်လို့ခေါ်တယ်။

၁၉၊ ၂၀။ အခုအချိန်မှာ မြေကြီးပေါ် ဘုရားသခင့်အလိုတော် မပြည့်စုံစေဖို့ ဘယ်အရာတွေက တားဆီးနေသလဲ။

၁၉ အာမဂေဒုန်အားဖြင့် ဘုရားသခင့်နိုင်ငံတော်က ဘယ်အရာကို ဖြစ်မြောက်စေမလဲ။ ကမ္ဘာမြေကြီးနဲ့ပတ်သက်တဲ့ ဘုရားသခင့်အလိုတော်ကို ပြန်စဉ်းစားကြည့်ပါ။ ယေဟောဝါဘုရားသခင်က ငြိမ်းချမ်းသာယာတဲ့ကမ္ဘာပေါ်မှာ ကိုယ်တော့်ကိုဝတ်ပြုတဲ့ ဖြောင့်မတ်ပြီး စုံလင်တဲ့လူသားမျိုးနွယ်နဲ့ ပြည့်နေစေဖို့ ရည်ရွယ်ခဲ့တယ်။ အခုအချိန်မှာ အဲဒီလိုမဖြစ်အောင် ဘာကတားဆီးနေသလဲ။ ပထမတစ်ချက်က ကျွန်ုပ်တို့အပြစ်ရှိတဲ့အတွက် ဖျားနာပြီး သေဆုံးကြရတယ်။ ဒါပေမဲ့ အခန်း ၅ မှာ လေ့လာသိရှိခဲ့ပြီးတဲ့အတိုင်း ကျွန်ုပ်တို့ အမြဲထာဝစဉ်အသက်ရှင်နိုင်ဖို့ ယေရှု အသေခံပေးခဲ့တယ်။ ယောဟန်ခရစ်ဝင်ကျမ်းမှာ မှတ်တမ်းတင်ထားတဲ့ ဒီစကားတွေကို သင်သတိရမှာဖြစ်တယ်– “ဘုရားသခင်၏သားတော်ကို ယုံကြည်ကြောင်း တင်ပြသူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်ဘဲ ထာဝရအသက်ကိုရစေရန် ဘုရားသခင်သည် မိမိ၏တစ်ပါးတည်းသောသားတော်ကို စွန့်တော်မူသည်တိုင်အောင် ဤလောကကိုချစ်တော်မူ၏။”—ယောဟန် ၃:၁၆

၂၀ အတားအဆီးနောက်တစ်ခုက လူများစွာဟာ မကောင်းတာတွေကို လုပ်ကြလို့ဖြစ်တယ်။ လိမ်လည်၊ လှည့်ဖြားကြတယ်၊ အကျင့်ပျက်ကြတယ်။ သူတို့က ဘုရားသခင့်အလိုတော်ကို မလုပ်ချင်ကြဘူး။ မကောင်းတာတွေကို လုပ်တဲ့သူတွေဟာ ဘုရားသခင်တိုက်မယ့်စစ်ပွဲ အာမဂေဒုန်မှာ ဖျက်ဆီးခံရမှာဖြစ်တယ်။ (ဆာလံ ၃၇:၁၀ ကိုဖတ်ပါ) မြေကြီးပေါ်မှာ ဘုရားသခင့်အလိုတော် မပြည့်စုံရတဲ့ နောက်ထပ်အကြောင်းရင်းတစ်ခုက အစိုးရတွေဟာ ဘုရားသခင့်အလိုတော်ဆောင်ဖို့ အားမပေးကြဘူး။ အစိုးရများစွာမှာ အုပ်ချုပ်မှုအာဏာ လျော့နည်းလာတယ်၊ ရက်စက်ကြမ်းကြုတ်တယ်၊ အကျင့်ပျက်ကြတယ်။ “မိမိအကျိုးပျက်အောင် တစ်ယောက်ကိုတစ်ယောက် အုပ်စိုး” ကြတယ်လို့ သမ္မာကျမ်းစာမှာ ပွင့်ပွင့်လင်းလင်း ပြောထားတယ်။—ဒေသနာ ၈:၉

၂၁။ ဘုရားသခင့်နိုင်ငံတော်ဟာ ဘုရားသခင့်အလိုတော်ကို မြေကြီးပေါ်မှာ ဘယ်လိုပြည့်စုံစေမလဲ။

၂၁ အာမဂေဒုန်ပြီးတဲ့နောက်မှာ လူသားတွေဟာ တစ်ခုတည်းသောအစိုးရဖြစ်တဲ့ ဘုရားသခင့်နိုင်ငံတော်အောက်မှာ ရှိကြမှာဖြစ်တယ်။ အဲဒီနိုင်ငံတော်က ဘုရားသခင့်အလိုတော်ကို ဆောင်ရွက်ပြီး အံ့ဖွယ်ကောင်းချီးတွေ ခံစားရအောင်လုပ်ပေးမှာဖြစ်တယ်။ ဥပမာ၊ စာတန်နဲ့ သူ့ရဲ့နတ်ဆိုးတွေကို ဖယ်ရှားပစ်ပါလိမ့်မယ်။ (ဗျာဒိတ် ၂၀:၁-၃ ကိုဖတ်ပါ) သစ္စာရှိတဲ့လူသားတွေ ဖျားနာပြီး သေဆုံးတာမျိုးမရှိတော့အောင် ယေရှုရဲ့ရွေးနုတ်ဖိုး အစွမ်းတန်ခိုးကို အသုံးပြုသွားမှာဖြစ်တယ်။ သူတို့တွေဟာ ဘုရားသခင့်နိုင်ငံတော် အုပ်ချုပ်မှုအောက်မှာ အမြဲထာဝစဉ် အသက်ရှင်သွားမှာဖြစ်တယ်။ (ဗျာဒိတ် ၂၂:၁-၃) ကမ္ဘာမြေကြီးကို ငြိမ်းချမ်းသာယာတဲ့နေရာဖြစ်အောင် လုပ်ကြမယ်။ ဒါကြောင့် ဘုရားသခင့်နိုင်ငံတော်ဟာ ဘုရားသခင့်အလိုတော်ကို မြေကြီးပေါ်မှာပြည့်စုံစေပြီး ဘုရားသခင့်နာမတော်ကို သန့်ရှင်းမြင့်မြတ်စေမှာဖြစ်တယ်။ ဒါ ဘာကိုဆိုလိုသလဲ။ နောက်ဆုံးမှာ ဘုရားသခင့်နိုင်ငံတော်အုပ်ချုပ်မှုအောက်မှာရှိတဲ့ လူတိုင်းက ယေဟောဝါရဲ့နာမတော်ကို ဂုဏ်တင်ကြမှာကို ဆိုလိုပါတယ်။

ဘုရားသခင့်အလိုတော် ဘယ်အချိန်မှာပြည့်စုံမလဲ

၂၂။ ဘုရားသခင့်နိုင်ငံတော်ဟာ ယေရှု မြေကြီးပေါ်ရှိနေချိန်၊ ဒါမှမဟုတ် ပြန်အသက်ရှင်ပြီးပြီးချင်းမှာ မတည်ထောင်ခဲ့ဘူးဆိုတာ ကျွန်ုပ်တို့ ဘယ်လိုသိရသလဲ။

၂၂ ယေရှုက မိမိရဲ့နောက်လိုက်တွေကို “နိုင်ငံတော်လာပါစေ” လို့ ဆုတောင်းဖို့ ပြောခဲ့တဲ့အချိန်တုန်းက နိုင်ငံတော် မတည်ထောင်သေးဘူးဆိုတာ ထင်ရှားတယ်။ ယေရှု ကောင်းကင်ကို ပြန်တက်ကြွသွားချိန်မှာ တည်ထောင်ခဲ့သလား။ မတည်ထောင်ခဲ့ပါဘူး၊ ယေရှု ပြန်အသက်ရှင်ပြီး နောက်ပိုင်းမှာ ပေတရုနဲ့ ပေါလုနှစ်ဦးစလုံးက ဆာလံ ၁၁၀:၁ မှာပါတဲ့ ‘ယေဟောဝါက “သင်၏ရန်သူတို့ကို သင်၏ခြေတင်ရာ ငါမချမထားမီတိုင်အောင် ငါ့လက်ယာဘက်၌ထိုင်နေလော့” ဟု ငါ၏သခင်အားမိန့်တော်မူ၏’ ဆိုတဲ့ ကြိုတင်ဟောကြားချက်က ယေရှုမှာပြည့်စုံတယ်ဆိုတာ ဖော်ပြခဲ့ကြတယ်။ (တမန်တော် ၂:၃၂-၃၅; ဟေဗြဲ ၁၀:၁၂၊ ၁၃) ဒါကြောင့် စောင့်ဆိုင်းရမယ့်အချိန်ကာလ ရှိခဲ့တယ်။

ဘုရားသခင့်နိုင်ငံတော် အုပ်ချုပ်မှုအောက်မှာ ဘုရားသခင့်အလိုတော်ဟာ ကောင်းကင်မှာပြည့်စုံသလို မြေကြီးပေါ်မှာ ပြည့်စုံမှာဖြစ်တယ်

၂၃။ (က) ဘုရားသခင့်နိုင်ငံတော်က ဘယ်အချိန်မှာ စတင်အုပ်ချုပ်ခဲ့သလဲ။ (ခ) နောက်အခန်းမှာ အဘယ်အကြောင်းကို ဆွေးနွေးကြမလဲ။

၂၃ ဘယ်လောက်ကြာကြာ စောင့်ရမလဲ။ ၁၉ ရာစုမှာ စိတ်ရင်းမှန်တဲ့ ကျမ်းစာကျောင်းသားတွေက အဲဒီစောင့်ရတဲ့အချိန်ကာလဟာ ၁၉၁၄ ခုနှစ်မှာ ကုန်ဆုံးမယ်ဆိုတာ တဖြည်းဖြည်း သိမြင်လာခဲ့ကြတယ်။ (ဒီရက်စွဲနဲ့ပတ်သက်ပြီး နောက်ဆက်တွဲ ၁၉၁၄ ခုနှစ်—ကျမ်းစာကြိုတင်ဟောကြားချက်မှာ ထူးခြားတဲ့နှစ်တစ်နှစ်” ကိုကြည့်ပါ။) ၁၉၁၄ ခုနှစ်မှာစတင်တဲ့ အဖြစ်အပျက်တွေက အဲဒီ စိတ်ရင်းမှန်တဲ့ကျမ်းစာကျောင်းသားတွေရဲ့ နားလည်မှု မှန်ကန်တယ်ဆိုတာ ဖော်ပြတယ်။ ၁၉၁၄ ခုနှစ်မှာ ကျမ်းစာကြိုတင်ဟောကြားချက်တွေ ပြည့်စုံခြင်းက အဲဒီနှစ်မှာ ခရစ်တော်ဟာ ဘုရင်ဖြစ်လာပြီး ဘုရားသခင့်ကောင်းကင်နိုင်ငံတော် စတင်အုပ်ချုပ်နေပြီဆိုတာ ဖော်ပြတယ်။ ဒါကြောင့် ကျွန်ုပ်တို့ဟာ စာတန်အတွက်ကျန်ရှိတဲ့ “တိုတောင်း” တဲ့အချိန်ကာလအတွင်းမှာ အသက်ရှင်နေကြရတယ်။ (ဗျာဒိတ် ၁၂:၁၂; ဆာလံ ၁၁၀:၂) ဘုရားသခင့်နိုင်ငံတော်ဟာ မကြာမီ ဘုရားသခင့်အလိုတော် မြေကြီးပေါ်ပြည့်စုံစေဖို့ လုပ်ဆောင်မယ်ဆိုတာ အသေအချာပြောနိုင်ပါတယ်။ ဒါက တကယ့်သတင်းကောင်းပဲလို့ သင် ခံစားရပါသလား။ အမှန်တရားဖြစ်တယ်လို့ သင်ယုံကြည်ပါသလား။ ဒီအကြောင်းတွေနဲ့ပတ်သက်ပြီး သမ္မာကျမ်းစာ အမှန်တကယ်သွန်သင်ရာကို သိမြင်ဖို့ နောက်အခန်းက ကူညီပေးပါလိမ့်မယ်။