မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ကိုး

“နောက်ဆုံးသောနေ့ရက်များ” မှာ ကျွန်ုပ်တို့ အသက်ရှင်နေကြပါသလား

“နောက်ဆုံးသောနေ့ရက်များ” မှာ ကျွန်ုပ်တို့ အသက်ရှင်နေကြပါသလား
  • ကျွန်ုပ်တို့ခေတ်မှာ ဘယ်အရာတွေ ဖြစ်ပျက်မယ်ဆိုပြီး သမ္မာကျမ်းစာမှာ ကြိုဟောထားသလဲ။

  • “နောက်ဆုံးသောနေ့ရက်များ” မှာ လူတွေဟာ ဘယ်လိုလူစားတွေ ဖြစ်မယ်လို့ သမ္မာကျမ်းစာက ဖော်ပြထားသလဲ။

  • “နောက်ဆုံးသောနေ့ရက်များ” မှာ ကောင်းတဲ့ဘယ်အဖြစ်အပျက်တွေကို တွေ့ရမယ်လို့ သမ္မာကျမ်းစာမှာ ကြိုဟောထားသလဲ။

၁။ အနာဂတ်အကြောင်းကို ဘယ်ကနေသိနိုင်သလဲ။

ရုပ်မြင်သံကြားသတင်းတွေကိုကြည့်ပြီး ‘ဒီကမ္ဘာကြီး ဘယ်လိုများဖြစ်သွားမလဲ’ လို့ စဉ်းစားဖူးသလား။ ဝမ်းနည်းစရာအဖြစ်ဆိုးတွေက ရုတ်တရက်ဆိုသလို အမှတ်မထင်ဖြစ်ပျက်တတ်လို့ မနက်ဖြန်ဘာဖြစ်မယ်ဆိုတာ ဘယ်သူကမှ ကြိုတင်မခန့်မှန်းနိုင်ဘူး။ (ယာကုပ် ၄:၁၄) ဒါပေမဲ့ ယေဟောဝါက အနာဂတ်မှာ ဘာတွေဖြစ်ပျက်လာမယ်ဆိုတာကို သိတယ်။ (ဟေရှာယ ၄၆:၁၀) သမ္မာကျမ်းစာက ကျွန်ုပ်တို့အချိန်မှာ ဖြစ်ပျက်မယ့် ဝမ်းနည်းစရာအဖြစ်အပျက်တွေကိုသာမက မဝေးတော့တဲ့အနာဂတ်မှာ ဖြစ်လာမယ့် အရမ်းကောင်းတဲ့အဖြစ်အပျက်တွေကိုပါ ရှေးအချိန်ကတည်းက ကြိုပြီးဖော်ပြခဲ့တယ်။

၂၊ ၃။ တပည့်တွေက ယေရှုကို ဘာမေးခွန်းမေးခဲ့ကြသလဲ၊ ယေရှု ဘယ်လိုအဖြေပေးခဲ့သလဲ။

ဆိုးသွမ်းမှုကိုဖယ်ရှားပြီး ကမ္ဘာမြေကြီးကို ငြိမ်းချမ်းသာယာတဲ့နေရာဖြစ်စေမယ့် ဘုရားသခင့်နိုင်ငံတော်အကြောင်း ယေရှုခရစ် ပြောခဲ့တယ်။ (လုကာ ၄:၄၃) ဘုရားသခင့်နိုင်ငံတော် ဘယ်အချိန်မှာ အုပ်ချုပ်မယ်ဆိုတာ လူတွေသိချင်ခဲ့ကြတယ်။ ယေရှုရဲ့တပည့်တွေက “ကိုယ်တော်ရောက်ရှိနေခြင်းနှင့် ဤလောကစနစ် နိဂုံးပိုင်း၏နိမိတ်သည် အဘယ်နိမိတ်ဖြစ်မည်ကို အမိန့်ရှိတော်မူပါ” လို့မေးခဲ့ကြတယ်။ (မဿဲ ၂၄:၃) ယေရှုက ဒီလောကစနစ် အဆုံးတိုင်မယ့်အချိန် အတိအကျကို ယေဟောဝါဘုရားသခင်တစ်ပါးတည်းသာ သိတယ်လို့ ပြန်ဖြေခဲ့တယ်။ (မဿဲ ၂၄:၃၆) ဒါပေမဲ့ လူသားတွေအတွက် နိုင်ငံတော်ကလုပ်ဆောင်ပေးမယ့် တကယ့်ငြိမ်သက်မှုနဲ့လုံခြုံမှု မခံစားရခင်မှာ မြေကြီးပေါ်မှာ ဖြစ်ပျက်မယ့်အရာတွေအကြောင်း ယေရှုကြိုပြောခဲ့တယ်။ ကိုယ်တော် ကြိုပြောခဲ့တာတွေက အခုအချိန်မှာ ဖြစ်ပျက်နေပါတယ်။

“ဤလောကစနစ်နိဂုံးပိုင်း” မှာ ကျွန်ုပ်တို့အသက်ရှင်နေတယ်ဆိုတာ ဖော်ပြတဲ့ အထောက်အထားတွေကို မဆန်းစစ်ခင် ဘယ်လူသားမှ မတွေ့မြင်လိုက်ရတဲ့ စစ်ပွဲတစ်ခုအကြောင်း အကျဉ်းချုပ် သုံးသပ်ကြည့်ကြစို့။ အဲဒီစစ်ပွဲက ကောင်းကင်မှာဖြစ်ပျက်ခဲ့ပြီး အဲဒါရဲ့အကျိုးဆက်က ကျွန်ုပ်တို့ကို ထိခိုက်နေပါတယ်။

ကောင်းကင်စစ်ပွဲ

၄၊ ၅။ (က) ယေရှု ကောင်းကင်မှာ ဘုရင်အဖြစ် နန်းတင်ခံရပြီးနောက် မကြာမီမှာ ဘာဖြစ်ပျက်ခဲ့သလဲ။ (ခ) ဗျာဒိတ် ၁၂:၁၂ အရ ကောင်းကင်မှာစစ်ဖြစ်တဲ့အတွက် ဘာအကျိုးဆက် ဖြစ်ပေါ်ခဲ့သလဲ။

၁၉၁၄ ခုနှစ်မှာ ယေရှုခရစ် ကောင်းကင်မှာ ဘုရင်ဖြစ်လာတယ်ဆိုတဲ့အကြောင်းကို ဒီစာအုပ်ရဲ့ရှေ့အခန်းမှာ ရှင်းပြခဲ့တယ်။ (ဒံယေလ ၇:၁၃၊ ၁၄ ကိုဖတ်ပါ။) ယေရှုဘုရင်ဖြစ်ပြီး မကြာခင်မှာ လုပ်စရာရှိတာတွေကို လုပ်ဆောင်ခဲ့တယ်။ “ကောင်းကင်၌စစ်ဖြစ်၏” လို့ သမ္မာကျမ်းစာက ပြောတယ်။ “မိက္ခေလ [ယေရှုရဲ့နာမည် နောက်တစ်မျိုး] နှင့် သူ၏ကောင်းကင်တမန်တို့သည် နဂါး [စာတန်] နှင့်တိုက်ခိုက်ကြ၏။” * စာတန်နဲ့ သူ့ရဲ့ကောင်းကင်တမန်ဆိုးတွေဖြစ်တဲ့ နတ်ဆိုးတွေ စစ်ၡုံးတဲ့အတွက် ကောင်းကင်ကနေ မြေကြီးပေါ်ကို ပစ်ချခံခဲ့ကြရတယ်။ ကောင်းကင်မှာ စာတန်နဲ့ သူ့ရဲ့နတ်ဆိုးတွေ မရှိတော့တဲ့အတွက် ဘုရားသခင်ရဲ့ သစ္စာရှိကောင်းကင်တမန်တွေ ဝမ်းသာကြတယ်။ ဒါပေမဲ့ လူသားတွေကတော့ ဝမ်းမသာကြဘူး။ “မြေကြီးနှင့်ပင်လယ်သည် အမင်္ဂလာရှိ၏။ အကြောင်းမူကား စာတန်သည် မိမိအချိန်တိုတောင်းသည်ကိုသိ၍ ဒေါသကြီးစွာဖြင့် သင်တို့ထံသို့ ဆင်းလေပြီ” ဆိုပြီး ကျမ်းစာမှာကြိုဟောထားတယ်။—ဗျာဒိတ် ၁၂:၇၊ ၉၊ ၁၂

ကောင်းကင်မှာဖြစ်တဲ့စစ်ပွဲကြောင့် ဘာအကျိုးဆက် ဖြစ်ပေါ်ခဲ့တယ်ဆိုတာကို ကျေးဇူးပြု၍ သတိပြုကြည့်ပါ။ စာတန်ရဲ့ဒေါသအမျက်ကြောင့် မြေကြီးပေါ်မှာရှိတဲ့သူတွေဟာ အမင်္ဂလာ ဒါမှမဟုတ် ဆင်းရဲဒုက္ခတွေ ခံစားကြရမှာဖြစ်တယ်။ သင်တွေ့ရမယ့်အတိုင်း ကျွန်ုပ်တို့ဟာ ဆင်းရဲဒုက္ခများတဲ့အချိန်ကာလမှာ အသက်ရှင်နေကြရတယ်။ ဒါပေမဲ့ ဒါက “တိုတောင်း” တဲ့အချိန် ခဏလေးသာဖြစ်မယ်။ ဒါကို စာတန်သိတယ်။ သမ္မာကျမ်းစာက အဲဒီအချိန်ကာလကို “နောက်ဆုံးသောနေ့ရက်များ” လို့ဖော်ပြထားတယ်။ (၂ တိမောသေ ၃:၁) မကြာခင်မှာ ဘုရားသခင်က စာတန်ရဲ့သြဇာလွှမ်းမိုးမှုကို မြေကြီးပေါ်ကနေ ဖယ်ရှားပစ်တော့မှာဖြစ်တဲ့အတွက် ကျွန်ုပ်တို့ တကယ်ဝမ်းသာနိုင်ကြပါတယ်။ ယခုအချိန်မှာဖြစ်ပျက်နေတဲ့ ကျမ်းစာကြိုဟောထားချက်တချို့ကို သုံးသပ်ကြည့်ကြစို့။ ဒီကြိုဟောထားချက်တွေက ကျွန်ုပ်တို့ဟာ နောက်ဆုံးသောနေ့ရက်များမှာ အသက်ရှင်နေရကြောင်း၊ ဘုရားသခင့်နိုင်ငံတော်ဟာ မကြာမီ ယေဟောဝါကို ချစ်မြတ်နိုးသူတွေကို ထာဝရကောင်းချီးတွေ ခံစားရအောင် လုပ်ပေးတော့မှာဖြစ်ကြောင်း သက်သေထူတယ်။ ဦးဆုံး၊ ကျွန်ုပ်တို့အသက်ရှင်နေရတဲ့ အချိန်ကာလရဲ့အမှတ်အသားအဖြစ် ယေရှုပြောခဲ့တဲ့နိမိတ်တွေထဲက လေးခုကို သုံးသပ်ကြည့်ကြစို့။

နောက်ဆုံးသောနေ့ရက်များရဲ့ အဓိကအဖြစ်အပျက်များ

၆၊ ၇။ စစ်ပွဲတွေ၊ အစာခေါင်းပါးမှုတွေနဲ့ပတ်သက်တဲ့ ယေရှုရဲ့ကြိုတင်ဟောကြားချက်က ယနေ့ ဘယ်လိုပြည့်စုံနေသလဲ။

“လူတစ်မျိုးနှင့်တစ်မျိုး၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံ တိုက်ခိုက်ကြလိမ့်မည်။” (မဿဲ ၂၄:၇) လွန်ခဲ့တဲ့ရာစုနှစ်အတွင်းမှာ စစ်ပွဲကြောင့် လူသန်းပေါင်းများစွာ သေဆုံးခဲ့ကြတယ်။ ဗြိတိသျှသမိုင်းပညာရှင်တစ်ဦး ဒီလိုရေးခဲ့တယ်– “နှစ်ဆယ်ရာစုဟာ သမိုင်းမှာ လူ့အသက် အသတ်ဖြတ်ဆုံးရာစုနှစ် ဖြစ်တယ်။ . . . စစ်ပွဲတွေ အဆက်မပြတ်တိုက်ခိုက်ခဲ့ပြီး စစ်မတိုက်တဲ့အချိန်ကာလ ခဏတစ်ဖြုတ်သာရှိတဲ့ ရာစုနှစ်တစ်ခုဖြစ်ခဲ့တယ်။” ကမ္ဘာ့စောင့်ကြည့်ရေးအဖွဲ့ရဲ့ မှတ်တမ်းမှာ ဒီလိုဖော်ပြတယ်– “[၂၀ ရာစု] အတွင်းမှာ စစ်ကြောင့်သေဆုံးခဲ့သူဦးရေဟာ အေဒီပထမရာစုကနေစပြီး ၁၈၉၉ ခုနှစ်အထိ ဖြစ်ခဲ့တဲ့ စစ်ပွဲအားလုံးကြောင့် သေဆုံးခဲ့သူဦးရေထက် သုံးဆပိုများတယ်။” ၁၉၁၄ ခုနှစ်ကနေစတဲ့ စစ်ပွဲတွေကြောင့် လူသန်းပေါင်း ၁၀၀ ကျော်သေဆုံးခဲ့တယ်။ ကျွန်ုပ်တို့ဟာ စစ်ကြောင့် ချစ်မြတ်နိုးရသူတစ်ဦး သေဆုံးသွားလို့ ခံစားရတဲ့ ဝမ်းနည်းမှုကို နားလည်ရင်တောင် ချစ်ရသူတွေကိုဆုံးၡုံးခဲ့ရတဲ့ သန်းနဲ့ချီတဲ့သူတွေရဲ့ စိတ်ဆင်းရဲမှုနဲ့ နာကျင်မှုတွေကို အပြည့်အဝနားလည်နိုင်မှာ မဟုတ်ဘူး။

‘အစာခေါင်းပါးခြင်း ဖြစ်လိမ့်မည်။’ (မဿဲ ၂၄:၇) လွန်ခဲ့တဲ့အနှစ် ၃၀ အတွင်း အစားအစာထုတ်လုပ်မှု အကြီးအကျယ်တိုးတက်ခဲ့တယ်လို့ ပညာရှင်တွေက ပြောကြတယ်။ ဒါပေမဲ့ လူများစွာက အစားအစာဝယ်ယူဖို့ငွေ ဒါမှမဟုတ် စိုက်ပျိုးဖို့မြေ အလုံအလောက်မရှိတဲ့အတွက် အစာရှားပါးမှု ရှိမြဲရှိနေတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ လူသန်းတစ်ထောင်ကျော်ဟာ ဆာလောင်မှုကို နှစ်ရှည်လများ ခံစားကြရတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က နှစ်စဉ် ကလေးငယ် ငါးသန်းကျော်သေဆုံးရခြင်းရဲ့ အဓိကအကြောင်းရင်းက အာဟာရချို့တဲ့ခြင်းကြောင့်ဖြစ်တယ်လို့ ခန့်မှန်းကြတယ်။

၈၊ ၉။ မြေငလျင်၊ ကပ်ရောဂါတွေနဲ့ပတ်သက်တဲ့ ယေရှုရဲ့ကြိုတင်ဟောကြားချက်ပြည့်စုံကြောင်း ဘယ်အရာက ဖော်ပြသလဲ။

“ကြီးစွာသောငလျင်လှုပ်ခြင်း ဖြစ်လိမ့်မည်။” (လုကာ ၂၁:၁၁) ယူအက်စ် ဘူမိဗေဒစစ်တမ်းအဆိုအရ အဆောက်အအုံတွေကိုပျက်စီးစေတဲ့၊ မြေကြီးကို အက်ကွဲစေနိုင်လောက်တဲ့ငလျင်ကြီးတွေ တစ်နှစ်ကို ပျမ်းမျှ ၁၉ ကြိမ်လှုပ်ခဲ့တယ်လို့ ခန့်မှန်းရတယ်။ ဒါ့အပြင် အဆောက်အအုံတွေကို လုံးလုံးပျက်စီးစေတဲ့ ငလျင်ကြီးတွေ ပျမ်းမျှအားဖြင့် တစ်နှစ်တစ်ကြိမ်လှုပ်တယ်။ ၁၉၀၀ ပြည့်နှစ်တွေကစပြီး လှုပ်ခဲ့တဲ့ငလျင်တွေကြောင့် လူနှစ်သန်းကျော် သေကျေပျက်စီးခဲ့ရတယ်ဆိုတာကို မှတ်တမ်းတွေက ဖော်ပြတယ်။ “စက်မှုနည်းပညာတိုးတက်မှုတွေက အသေအပျောက်နှုန်းကို မဆိုစလောက်ပဲ ကျဆင်းစေတယ်” လို့ သတင်းတစ်ပုဒ်က ဖော်ပြတယ်။

‘ကပ်ရောဂါများ ဖြစ်လိမ့်မည်။’ (လုကာ ၂၁:၁၁) ဆေးပညာတိုးတက်ပေမဲ့ ရောဂါဟောင်းတွေနဲ့ ရောဂါအသစ်အဆန်းတွေက လူတွေကို ဒုက္ခပေးနေတုန်းပဲ။ တီဘီရောဂါ၊ ငှက်ဖျားနဲ့ ကာလဝမ်းရောဂါအပါအဝင် လူသိများတဲ့ရောဂါအမျိုးပေါင်း ၂၀ ဟာ မကြာသေးမီ ဆယ်စုနှစ်များအတွင်း အဖြစ်များလာပြီး တချို့ရောဂါတွေဟာ ကုသဖို့ ပိုခက်ခဲလာတယ်လို့ မှတ်တမ်းတစ်ခုမှာ ဖော်ပြတယ်။ တကယ်တော့ ရောဂါအသစ်အဆန်း အနည်းဆုံးအမျိုး ၃၀ ပေါ်လာခဲ့တယ်။ အဲဒီရောဂါတွေထဲက တချို့ဟာ ကုသနည်းမရှိသေးဘူး၊ သေစေနိုင်တဲ့ရောဂါတွေ ဖြစ်တယ်။

နောက်ဆုံးသောနေ့ရက်များမှ လူတွေ

၁၀။ ၂ တိမောသေ ၃:၁-၅ မှာကြိုဟောထားတဲ့ ဘယ်အကျင့်စရိုက်တွေကို ယနေ့လူတွေမှာ တွေ့နေရသလဲ။

၁၀ နောက်ဆုံးသောနေ့ရက်တွေဖြစ်ကြောင်း ဖော်ပြတဲ့အမှတ်အသားထဲမှာ ကမ္ဘာ့အဖြစ်အပျက်တွေသာမက လူတွေရဲ့ပြောင်းလဲမှုလည်း ပါတယ်လို့ သမ္မာကျမ်းစာကဖော်ပြတယ်။ တမန်တော်ပေါလုက လူအများစုရဲ့ အခြေအနေကို ဖော်ပြခဲ့တယ်။ ၂ တိမောသေ ၃:၁-၅ (ဖတ်ပါ) မှာ “နောက်ဆုံးသောနေ့ရက်များသည် ခက်ခဲကျပ်တည်းသောကာလ ဖြစ်မည်ကို သိမှတ်လော့” လို့ဖတ်ရတယ် ။ လူတွေဟာ ဒီလိုလူမျိုးတွေဖြစ်ကြမယ်လို့ ပေါလုပြောခဲ့တယ်–

  • ကိုယ့်ကိုယ်ကိုချစ်သူ

  • ငွေကိုတပ်မက်သူ

  • မိဘစကားနားမထောင်သူ

  • သစ္စာမရှိသူ

  • မိသားစုချစ်ခင်စုံမက်ခြင်းမရှိသူ

  • ချုပ်တည်းခြင်းမရှိသူ

  • ကြမ်းကြုတ်သူ

  • ဘုရားသခင်ကိုချစ်သည်ထက် အပျော်အပါးကို သာ၍နှစ်သက်သူ

  • ဘုရားတရားဆည်းကပ်ဟန်ရှိသော်လည်း ထိုသို့ဆည်းကပ်ခြင်း၏အကျိုးကို ငြင်းပယ်သူ

၁၁။ ဆာလံ ၉၂:၇ မှာ လူဆိုးတွေ ဘယ်လိုဖြစ်သွားမယ်လို့ ဖော်ပြထားသလဲ။

၁၁ သင့်အရပ်ဒေသမှာရှိတဲ့လူတွေဟာ အဲဒီလိုလူစားတွေ ဖြစ်လာကြသလား။ ဖြစ်ကြမှာ သေချာပါတယ်။ စရိုက်ကြမ်းသူတွေ နေရာတိုင်းမှာရှိတယ်။ ဒါက မကြာမီ ဘုရားသခင် အရေးယူလုပ်ဆောင်တော့မယ်ဆိုတာ ဖော်ပြတယ်၊ သမ္မာကျမ်းစာက ဒီလိုပြောတယ်– “မတရားသောသူတို့သည် မြက်ပင်ကဲ့သို့ပေါက်၍ အဓမ္မအမှုကိုပြုသောသူတို့သည် ပွင့်လန်းကြသောအခါ ထာဝရပျက်စီးခြင်းသို့ရောက်ရသော အကြောင်းပေတည်း။”—ဆာလံ ၉၂:၇

ကောင်းတဲ့ အဖြစ်အပျက်တွေ

၁၂၊ ၁၃။ ဒီ “အဆုံးပိုင်းကာလ” မှာ “စစ်မှန်တဲ့အသိပညာ” ဘယ်လိုတိုးပွားနေသလဲ။

၁၂ သမ္မာကျမ်းစာကြိုဟောထားတဲ့အတိုင်း နောက်ဆုံးသောနေ့ရက်တွေမှာ စိတ်မချမ်းသာစရာတွေနဲ့ တကယ်ပဲပြည့်နှက်နေတယ်။ ဒါပေမဲ့ ဆင်းရဲခက်ခဲတဲ့ ဒီကမ္ဘာပေါ်က ယေဟောဝါကိုဝတ်ပြုကိုးကွယ်သူတွေအလယ်မှာတော့ ကောင်းတဲ့အဖြစ်အပျက်တွေရှိပါတယ်။

၁၃ “စစ်မှန်တဲ့အသိပညာ တိုးများလာလိမ့်မယ်” ဆိုပြီး ဒံယေလကျမ်းမှာ ကြိုဟောထားပါတယ်။ ဘယ်အချိန်မှာ ဖြစ်မှာလဲ။ “အဆုံးပိုင်းကာလ” မှာဖြစ်တယ်။ (ဒံယေလ ၁၂:၄ကဘ) အထူးသဖြင့် ၁၉၁၄ ခုနှစ်ကစပြီး ယေဟောဝါကို အမှန်တကယ်ဝတ်ပြုလိုသူတွေ သမ္မာကျမ်းစာအကြောင်း ပိုသိရှိနားလည်ဖို့ ကိုယ်တော်ကူညီပေးခဲ့တယ်။ သူတို့တွေဟာ ဘုရားသခင့်နာမတော်၊ ရည်ရွယ်ချက်၊ ယေရှုခရစ်ရဲ့ရွေးနုတ်ဖိုး၊ သေလွန်သူတွေရဲ့အခြေအနေ၊ အသက်ပြန်ရှင်ခြင်းနဲ့ပတ်သက်တဲ့ အဖိုးတန်အမှန်တရားတွေကို ပိုသဘောပေါက် နားလည်လာခဲ့ကြတယ်။ ဒါ့အပြင် ယေဟောဝါကို ဝတ်ပြုကိုးကွယ်သူတွေဟာ သူတို့ရဲ့ဘဝကို အကျိုးပြုပြီး ဘုရားသခင်ကို ချီးမွမ်းမှုဖြစ်စေဖို့ ဘယ်လို အသက်ရှင်နေထိုင်ရမယ်ဆိုတာကိုလည်း သိရှိခဲ့ကြတယ်။ ဘုရားသခင့်နိုင်ငံတော်ရဲ့အခန်းကဏ္ဍနဲ့ အဲဒီနိုင်ငံတော်က မြေကြီးပေါ်မှာ ဘာတွေ လုပ်ဆောင်မယ်ဆိုတာတွေကိုလည်း ပိုပြီးရှင်းရှင်းလင်းလင်း နားလည်လာခဲ့ကြတယ်။ အဲဒီသိရှိနားလည်မှုနဲ့အညီ သူတို့ဘာလုပ်ကြသလဲ။ အဲဒီမေးခွန်းက နောက်ဆုံးသောနေ့ရက်များမှာ ပြည့်စုံလျက်ရှိတဲ့ နောက်ထပ်ကြိုတင်ဟောကြားချက်ကို သိရှိစေတယ်။

“နိုင်ငံတော်နှင့်ဆိုင်သော ဤသတင်းကောင်းကို လူနေရာ မြေတစ်ပြင်လုံး၌ ဟောပြောရလိမ့်မည်။”—မဿဲ ၂၄:၁၄

၁၄။ ဒီနေ့အချိန်မှာ နိုင်ငံတော်သတင်းကောင်းဟောပြောခြင်းက ဘယ်လောက်ထိကျယ်ပြန့်နေသလဲ၊ ဘယ်သူတွေ ဟောပြောနေကြသလဲ။

၁၄ “ဤလောကစနစ် နိဂုံးပိုင်း” နဲ့ပတ်သက်တဲ့ ကြိုတင်ဟောကြားချက်မှာ “နိုင်ငံတော်နှင့်ဆိုင်သော ဤသတင်းကောင်းကို လူနေရာမြေတစ်ပြင်လုံး၌ ဟောပြောရလိမ့်မည်” ဆိုပြီး ယေရှုပြောခဲ့တယ်။ (မဿဲ ၂၄:၃၊ ၁၄ ကိုဖတ်ပါ။) နိုင်ငံတော်ဆိုတာ ဘာလဲ၊ နိုင်ငံတော်က ဘာလုပ်ပေးမလဲ၊ နိုင်ငံတော်ရဲ့ကောင်းချီးတွေကို ခံစားရဖို့ ဘာလုပ်ရမလဲဆိုတဲ့ နိုင်ငံတော်သတင်းကောင်းကို ကမ္ဘာတစ်ဝန်း နိုင်ငံပေါင်း ၂၃၅ နိုင်ငံကျော်မှာ ဘာသာစကားပေါင်း ၅၀၀ ကျော်နဲ့ ဟောပြောနေကြတယ်။ သန်းနဲ့ချီတဲ့ ယေဟောဝါသက်သေတွေဟာ ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို ထက်ထက်သန်သန် ဟောပြောနေကြတယ်။ သူတို့တွေက “လူမျိုးများ၊ လူမျိုးနွယ်များ၊ လူစုများနှင့် ဘာသာစကားများ အားလုံးထဲမှ ထွက်လာသူများ” ဖြစ်တယ်။ (ဗျာဒိတ် ၇:၉) သက်သေခံတွေဟာ သမ္မာကျမ်းစာ အမှန်တကယ်သွန်သင်ရာကို သိလိုကြတဲ့ သန်းနဲ့ချီတဲ့လူတွေကို အခမဲ့ကျမ်းစာသင်ပေးနေတယ်။ စစ်မှန်တဲ့ခရစ်ယာန်တွေဟာ ‘လူအပေါင်းတို့၏ မုန်းခြင်းကိုခံရ’ ကြမယ်လို့ ယေရှုကြိုပြောထားတဲ့ကြားကနေ ဒီအချက်က ထူးထူးခြားခြား ပြည့်စုံနေတယ်။—လုကာ ၂၁:၁၇

သင် ဘာလုပ်မလဲ

၁၅။ (က) ကျွန်ုပ်တို့ဟာ နောက်ဆုံးသောနေ့ရက်များမှာ အသက်ရှင်နေရကြောင်း သင်ယုံကြည်ပါသလား၊ ဘာကြောင့်လဲ။ (ခ) ယေဟောဝါကို ဆန့်ကျင်သူတွေနဲ့ ဘုရားသခင့်နိုင်ငံတော်အုပ်ချုပ်မှုကို လက်အောက်ခံသူတွေအဖို့ “အဆုံး” ဆိုတာ ဘာအဓိပ္ပာယ်ဖြစ်မလဲ။

၁၅ ယနေ့အချိန်မှာ ကျမ်းစာမှာကြိုဟောထားတဲ့အဖြစ်အပျက်များစွာ ပြည့်စုံနေတဲ့အတွက် ကျွန်ုပ်တို့ဟာ နောက်ဆုံးသောနေ့ရက်များမှာ အသက်ရှင်နေရတယ်ဆိုတာ သင် သဘောတူတယ်မဟုတ်လား။ ယေဟောဝါစိတ်ကျေနပ်တဲ့အထိ သတင်းကောင်းဟောပြောပြီးချိန်မှာ “အဆုံး” အမှန်တကယ် ရောက်လာပါလိမ့်မယ်။ (မဿဲ ၂၄:၁၄) “အဆုံး” ဆိုတာက ဆိုးသွမ်းမှုတွေကို မြေကြီးပေါ်ကနေ ဘုရားသခင် ဖယ်ရှားပစ်မယ့်အချိန်ကို ဆိုလိုတယ်။ ယေဟောဝါက မိမိကို တမင်တကာဆန့်ကျင်သူအားလုံးကို ဖျက်ဆီးဖို့ ယေရှုနဲ့ တန်ခိုးရှိတဲ့ကောင်းကင်တမန်တွေကို အသုံးပြုပါလိမ့်မယ်။ (၂ သက်သာလောနိတ် ၁:၆-၉) စာတန်နဲ့သူ့ရဲ့နတ်ဆိုးတွေ လူတွေကို နောက်ထပ်လှည့်ဖြားနိုင်တော့မှာ မဟုတ်ဘူး။ အဲဒီနောက် ဘုရားသခင့်နိုင်ငံတော်ရဲ့ ဖြောင့်မတ်တဲ့အုပ်ချုပ်မှုကို လက်အောက်ခံသူအားလုံး အကျိုးများစွာ ခံစားရမှာဖြစ်တယ်။—ဗျာဒိတ် ၂၀:၁-၃; ၂၁:၃-၅

၁၆။ သင် ဘာလုပ်မယ်ဆိုရင် ပညာရှိရာကျသလဲ။

၁၆ စာတန့်စနစ် ကုန်ဆုံးခါနီးပြီဖြစ်တဲ့အတွက် ‘ငါ ဘာလုပ်သင့်သလဲ’ လို့ ကိုယ့်ကိုယ်ကို မေးဖို့လိုတယ်၊ ယေဟောဝါအကြောင်းနဲ့ ကိုယ်တော်လုပ်စေချင်တဲ့အရာတွေအကြောင်း ဆက်သင်ယူနေခြင်းက ပညာရှိရာကျတယ်။ (ယောဟန် ၁၇:၃) သမ္မာကျမ်းစာကို ဝီရိယရှိရှိလေ့လာပါ။ ယေဟောဝါကိုဝတ်ပြုသူတွေနဲ့ မှန်မှန် စည်းဝေးပေါင်းသင်းပါ။ (ဟေဗြဲ ၁၀:၂၄၊ ၂၅ ကိုဖတ်ပါ။) ကမ္ဘာတစ်ဝန်းမှာရှိတဲ့လူတွေအတွက် ယေဟောဝါဘုရားသခင် ပေးထားတဲ့ ကြွယ်ဝလှတဲ့အသိပညာတွေကို ဆည်းပူးပါ၊ ဘုရားသခင့်မျက်နှာသာရရှိနိုင်ဖို့ သင့်အသက်တာမှာ လိုအပ်သလို ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ပါ။—ယာကုပ် ၄:၈

၁၇။ လူဆိုးတွေကို ဖျက်ဆီးခြင်းက လူအများစုကို ဘာကြောင့် အံ့အားသင့်စေမှာလဲ။

၁၇ နောက်ဆုံးသောနေ့ရက်များမှာ အသက်ရှင်နေရကြောင်း ဖော်ပြတဲ့ အထောက်အထားတွေကို လူအများစုက အရေးစိုက်မှာမဟုတ်ဘူးလို့ ယေရှုကြိုပြောခဲ့တယ်။ လူဆိုးတွေကိုဖျက်ဆီးခြင်းက မမျှော်လင့်ဘဲ ရုတ်တရက် ရောက်လာပါလိမ့်မယ်။ ညအချိန်မှာလာတဲ့သူခိုးလိုပဲ အဲဒီနေ့ရက်က မထင်မှတ်တဲ့အချိန်မှာ ရောက်လာမှာဖြစ်လို့ လူအများစုက အံ့သြကြပါလိမ့်မယ်။ (၁ သက်သာလောနိတ် ၅:၂ ကိုဖတ်ပါ။) ယေရှု ဒီလိုသတိပေးခဲ့တယ်– “နောဧလက်ထက်၌ဖြစ်သကဲ့သို့ လူသားရောက်ရှိနေချိန်တွင် ဖြစ်လိမ့်မည်။ အကြောင်းမူကား ရေမလွှမ်းမိုးမီ နောဧ သင်္ဘောထဲသို့ ဝင်သည့်နေ့အထိ လူတို့သည် စားသောက်လျက်၊ ထိမ်းမြားပေးစားလျက် နေကြ၏။ ရေလွှမ်းမိုးဘေးရောက်၍ လူအပေါင်းတို့ကို သုတ်သင်ပယ်ရှင်းသည်တိုင်အောင် သတိမဲ့နေကြသည်နည်းတူ၊ လူသားရောက်ရှိနေချိန်တွင် ဖြစ်လိမ့်မည်။”—မဿဲ ၂၄:၃၇-၃၉

၁၈။ ယေရှုရဲ့ ဘယ်သတိပေးချက်ကို အလေးအနက်ထားသင့်သလဲ။

၁၈ ဒါကြောင့် ယေရှုက နားထောင်နေတဲ့ပရိသတ်ကို ဒီလိုပြောခဲ့တယ်– “သင်တို့သည် အစားအသောက်လွန်ကြူးခြင်းနှင့် ဘဝ၏စိုးရိမ်ပူပန်ခြင်းတို့ဖြင့် စိတ်နှလုံးပင်ပန်းလျက်နေစဉ်တွင် ထိုနေ့ရက်သည် ရုတ်တရက် သင်တို့အပေါ်သို့ မကျရောက်စေရန် ကိုယ့်ကိုယ်ကိုယ် သတိပြုကြလော့။ အကြောင်းမူကား ထိုနေ့ရက်သည် မြေကြီးပေါ်ရှိ လူအပေါင်းတို့အပေါ် ထောင်ချောက်သဖွယ် ကျရောက်လိမ့်မည်။ ထို့ကြောင့် နိုးကြားလျက်နေကြလော့။ အစဉ်တိုးလျှိုးအသနားခံ ဆုတောင်းလျက် နေကြလော့။ ထိုသို့ပြုမှသာ ဖြစ်ပျက်လာမည့် အမှုအရာအလုံးစုံနှင့် ကင်းလွတ်၍ လူသား၏ရှေ့တော်၌ ရပ်နေနိုင်ခွင့် ရကြလိမ့်မည်။” (လုကာ ၂၁:၃၄-၃၆) ယေရှုရဲ့စကားတွေကို အလေးအနက်ထားတာက ပညာရှိရာရောက်ပါတယ်။ ဘာကြောင့်လဲ။ အကြောင်းကတော့ ယေဟောဝါဘုရားသခင်နဲ့ “လူသား” ဖြစ်သူ ယေရှုခရစ်တို့ရဲ့ မျက်နှာသာရရှိသူတွေဟာ စာတန့်စနစ်ကုန်ဆုံးချိန်မှာ ကယ်တင်ခံရမယ်၊ ရောက်လာတော့မယ့် အလွန်ကောင်းတဲ့ကမ္ဘာသစ်မှာ ထာဝစဉ်အသက်ရှင်ကြရမှာ ဖြစ်တယ်။—ယောဟန် ၃:၁၆; ၂ ပေတရု ၃:၁၃

^ စာပိုဒ်၊ 4 မိက္ခေလဆိုတာ ယေရှုခရစ်ရဲ့ နောက်နာမည်တစ်မျိုးဖြစ်ကြောင်းဖော်ပြတဲ့ ထပ်ဆင့်အချက်အလက်တွေကို နောက်ဆက်တွဲ “ကောင်းကင်တမန်မင်း မိက္ခေလက ဘယ်သူလဲ” မှာကြည့်ပါ။