မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း တစ်ဆယ်

ဝိညာဉ်သတ္တဝါတွေ—ကျွန်ုပ်တို့အပေါ် အကျိုးသက်ရောက်ပုံ

ဝိညာဉ်သတ္တဝါတွေ—ကျွန်ုပ်တို့အပေါ် အကျိုးသက်ရောက်ပုံ
  • ကောင်းကင်တမန်တွေ လူတွေကို ကူညီပေးနေကြသလား။

  • နတ်ဆိုးတွေက လူသားတွေအပေါ် ဘယ်လိုသြဇာလွှမ်းမိုးခဲ့သလဲ။

  • နတ်ဆိုးတွေကို ကြောက်ဖို့လိုသလား။

၁။ ကျွန်ုပ်တို့က ကောင်းကင်တမန်တွေအကြောင်း ဘာကြောင့် လေ့လာလိုစိတ်ရှိသင့်သလဲ။

လူတစ်ဦးကို သိကျွမ်းတယ်လို့ပြောတဲ့အခါမှာ သူ့မိသားစုအကြောင်း အတော်အတန်သိရှိခြင်း ပါဝင်လေ့ရှိတယ်။ အလားတူပဲ၊ ယေဟောဝါဘုရားသခင်ကို သိကျွမ်းခြင်းမှာ ကိုယ်တော်ရဲ့ ကောင်းကင်တမန်မိသားစုအကြောင်း ပိုပြီးသိကျွမ်းခြင်း ပါဝင်တယ်။ သမ္မာကျမ်းစာမှာ ကောင်းကင်တမန်တွေကို ‘ဘုရားသခင့်သားများ’ လို့ ခေါ်တယ်။ (ယောဘ ၃၈:၇) ဒါဆိုရင် ဘုရားသခင့်ရည်ရွယ်ချက်မှာ သူတို့ ဘာတာဝန်တွေ ရရှိထားကြသလဲ။ သူတို့က လူသားတွေရဲ့အရေးကိစ္စတွေမှာ အရင်က ပါဝင်ပတ်သက်ခဲ့ကြဖူးသလား။ ကောင်းကင်တမန်တွေက သင့်အသက်တာအပေါ် အကျိုးသက်ရောက်မှုရှိသလား။ သက်ရောက်မှုရှိတယ်ဆိုရင် ဘယ်လိုနည်းနဲ့လဲ။

၂။ ကောင်းကင်တမန်တွေ ဘယ်ကဖြစ်လာသလဲ။ အရေအတွက် ဘယ်လောက်ရှိသလဲ။

သမ္မာကျမ်းစာမှာ ကောင်းကင်တမန်တွေအကြောင်း အကြိမ်ရာနဲ့ချီ ဖော်ပြထားတယ်။ ကောင်းကင်တမန်တွေအကြောင်း ပိုသိရှိဖို့ အဲဒီထဲက တချို့အကြောင်းကို လေ့လာကြည့်ကြစို့။ ကောင်းကင်တမန်တွေ ဘယ်ကဖြစ်လာသလဲ။ ကောလောသဲ ၁:၁၆ မှာ “ကောင်းကင်နှင့် မြေကြီးပေါ်တွင် ရှိသမျှသော မြင်နိုင်သည့်အရာ၊ မမြင်နိုင်သည့်အရာ ခပ်သိမ်းသည် ကိုယ်တော် [ယေရှုခရစ်] အားဖြင့် ဖန်ဆင်းခံကြရ၏” လို့ပြောတယ်။ ဒါကြောင့် ကောင်းကင်တမန်လို့ခေါ်တဲ့ ဝိညာဉ်သတ္တဝါအားလုံးကို ယေဟောဝါဘုရားသခင်က မိမိရဲ့သားဦးကနေတစ်ဆင့် ဖန်ဆင်းခဲ့တယ်။ ကောင်းကင်တမန်အရေအတွက် ဘယ်လောက်ရှိသလဲ။ ကောင်းကင်တမန် သန်းပေါင်းရာနဲ့ချီရှိပြီး သူတို့အားလုံးက တန်ခိုးကြီးတယ်လို့ သမ္မာကျမ်းစာမှာ ဖော်ပြထားတယ်။—ဆာလံ ၁၀၃:၂၀ *

၃။ ယောဘ ၃၈:၄-၇ မှာ ကောင်းကင်တမန်တွေအကြောင်း ဘာဖော်ပြသလဲ။

မြေကြီးကို အုတ်မြစ်ချချိန်မှာ “ဘုရားသခင်သားအပေါင်းတို့သည် ဝမ်းမြောက်သဖြင့် ကြွေးကြော်ကြ” တယ်လို့ ကျမ်းစာမှာဖော်ပြထားတယ်။ (ယောဘ ၃၈:၄-၇) ဒါကြောင့် လူသားတွေကို မဖန်ဆင်းခင်၊ ကမ္ဘာမြေကြီးကိုတောင် မဖန်ဆင်းခင် အချိန်အတော်ကြာကတည်းက ကောင်းကင်တမန်တွေ ရှိနှင့်နေပြီးသားဖြစ်တယ်။ “ဝမ်းမြောက်သဖြင့် ကြွေးကြော်ကြ” တယ်ဆိုတဲ့ ကျမ်းစာဖော်ပြချက်က ကောင်းကင်တမန်တွေမှာ ခံစားချက်ရှိတယ်ဆိုတာ ဖော်ပြတယ်။ “ဘုရားသခင် သားအပေါင်းတို့” အတူတကွဝမ်းမြောက်ခဲ့ကြတယ်ဆိုတာ သတိပြုပါ။ အဲဒီအချိန်မှာ ကောင်းကင်တမန်အားလုံးဟာ ယေဟောဝါဘုရားသခင်ကိုဝတ်ပြုတဲ့ စည်းလုံးတဲ့မိသားစုဝင် ဖြစ်ခဲ့ကြတယ်။

ကောင်းကင်တမန်တွေရဲ့ ထောက်မမှုနဲ့ ကာကွယ်ပေးမှု

၄။ သစ္စာရှိတဲ့ကောင်းကင်တမန်တွေဟာ လူတွေရဲ့အရေးကိစ္စကို စိတ်ဝင်စားကြောင်း သမ္မာကျမ်းစာက ဘယ်လိုဖော်ပြသလဲ။

ပထမဆုံးလူသားတွေကို ဖန်ဆင်းတာကို တွေ့မြင်ပြီးချိန်ကတည်းက သစ္စာရှိတဲ့ဝိညာဉ်သတ္တဝါတွေဟာ လူ့မိသားစုတိုးများလာမယ့်အကြောင်း၊ ဘုရားသခင့်ရည်ရွယ်ချက် အကောင်အထည်ပေါ်လာမယ့်အကြောင်းတွေကို အလွန်စိတ်ဝင်စားတယ်ဆိုတာ ဖော်ပြခဲ့ကြတယ်။ (သုတ္တံ ၈:၃၀၊ ၃၁; ၁ ပေတရု ၁:၁၁၊ ၁၂) ဒါပေမဲ့ အချိန်ကုန်လွန်လာတာနဲ့အမျှ လူ့မိသားစုထဲက အများစုဟာ မေတ္တာရှင်ဖန်ဆင်းရှင်ကို ဝတ်မပြုတော့ဘဲ လမ်းလွဲသွားကြတာကို ကောင်းကင်တမန်တွေ တွေ့မြင်ခဲ့ကြတယ်။ ဒါကိုကြည့်ပြီး သစ္စာရှိတဲ့ကောင်းကင်တမန်တွေ ဝမ်းနည်းခဲ့ကြမယ်ဆိုတာ သေချာပါတယ်။ ဒါပေမဲ့ လူတစ်ဦး ယေဟောဝါထံ ပြန်လှည့်လာတိုင်း ‘ကောင်းကင်တမန်တွေ ဝမ်းမြောက်ကြ’ တယ်။ (လုကာ ၁၅:၁၀) ကောင်းကင်တမန်တွေက ယေဟောဝါကို ဝတ်ပြုသူတွေရဲ့ကောင်းကျိုးကို အဲဒီလောက်အထိ ဂရုစိုက်တယ်၊ ဒါကြောင့် မြေကြီးပေါ်မှာရှိတဲ့ သစ္စာရှိကျေးကျွန်တွေကို ခွန်အားပေးဖို့၊ ကာကွယ်ပေးဖို့ ကောင်းကင်တမန်တွေကို ယေဟောဝါ အကြိမ်ကြိမ်အသုံးပြုခဲ့တာ အံ့ဩစရာမဟုတ်ပါဘူး။ (ဟေဗြဲ ၁:၇၊ ၁၄ ကိုဖတ်ပါ။) ဥပမာတချို့ကို သုံးသပ်ကြည့်ပါ။

‘အကျွန်ုပ်၏ဘုရားသခင်သည် ကောင်းကင်တမန်ကို စေလွှတ်၍ ခြင်္သေ့နှုတ်ကို ပိတ်ထားတော်မူ၏။’—ဒံယေလ ၆:၂၂

၅။ ကောင်းကင်တမန်တွေက လူတွေကိုကူညီတဲ့ ဘယ်ဥပမာတွေကို ကျမ်းစာထဲမှာ တွေ့ရသလဲ။

ဆိုးသွမ်းမှုတွေနဲ့ပြည့်နေတဲ့ သောဒုံနဲ့ဂေါမောရမြို့ ဖျက်ဆီးခံရတော့မှာဖြစ်လို့ ဖြောင့်မတ်သူလောတနဲ့ သူ့ရဲ့သမီးနှစ်ယောက် အသက်ရှင်လွတ်မြောက်ဖို့ ကောင်းကင်တမန်နှစ်ပါးက သူတို့ကို အဲဒီနေရာကနေ ခေါ်ထုတ်ခဲ့တယ်။ (ကမ္ဘာဦး ၁၉:၁၅၊ ၁၆) ရာစုနှစ်များစွာကြာပြီးတဲ့နောက်မှာ ပရောဖက်ဒံယေလဟာ ခြင်္သေ့တွင်းထဲ ပစ်ချခံခဲ့ရတယ်။ ဒါပေမဲ့ ဘာထိခိုက်ဒဏ်ရာမှမရဘူး။ ‘အကျွန်ုပ်၏ဘုရားသခင်သည် ကောင်းကင်တမန်ကိုစေလွှတ်၍ ခြင်္သေ့နှုတ်ကို ပိတ်ထားတော်မူ၏’ လို့ သူပြောခဲ့တယ်။ (ဒံယေလ ၆:၂၂) အေဒီပထမရာစုမှာ ကောင်းကင်တမန်တစ်ပါးက တမန်တော်ပေတရုကို ထောင်ကနေလွှတ်ပေးခဲ့တယ်။ (တမန်တော် ၁၂:၆-၁၁) ဒါ့အပြင် ယေရှု မြေကြီးပေါ်မှာ ဘုရားသခင့်အမှုတော်ကို စထမ်းဆောင်ချိန်မှာ ကောင်းကင်တမန်တွေက သူ့ကို ကူညီပေးခဲ့ကြတယ်။ (မာကု ၁:၁၃) ယေရှုမသေဆုံးခင်လေးမှာ ကောင်းကင်တမန်တစ်ပါးပေါ်လာပြီး “ကိုယ်တော့်ကိုအားပေး” ခဲ့တယ်။ (လုကာ ၂၂:၄၃) ယေရှုအသက်တာရဲ့ အလွန်အရေးကြီးတဲ့အချိန်တွေမှာ အဲဒီလိုအားပေးခံရလို့ တကယ့်ကို အားရှိခဲ့မှာပဲ။

၆။ (က) ယနေ့အချိန်မှာ ဘုရားသခင့်လူမျိုးကို ကောင်းကင်တမန်တွေ ဘယ်လိုကာကွယ်ပေးနေသလဲ။ (ခ) အခု ဘယ်မေးခွန်းတွေကို သုံးသပ်ကြမလဲ။

ယနေ့အချိန်မှာ မြေကြီးပေါ်မှာရှိတဲ့ ဘုရားသခင့်လူမျိုးကို ကောင်းကင်တမန်တွေ ကိုယ်ယောင်ထင်ရှားပြတာမျိုး မရှိတော့ဘူး။ တန်ခိုးကြီးတဲ့ကောင်းကင်တမန်တွေကို လူ့မျက်စိနဲ့မမြင်နိုင်ပေမဲ့ သူတို့က ဘုရားသခင့်လူမျိုးကို ကာကွယ်ပေးတယ်၊ အထူးသဖြင့် ဘုရားသခင်ကို ဝတ်မပြုနိုင်အောင် တားဆီးနှောင့်ယှက်တဲ့အရာတွေကနေ ဆက်ကာကွယ်ပေးနေတယ်။ ‘ယေဟောဝါကို ကြောက်ရွံ့သောသူတို့ပတ်လည်၌ ကောင်းကင်တမန်တော်တို့သည် တပ်ချ၍ ကယ်လွှတ်တတ်ကြ၏’ လို့ ကျမ်းစာမှာဖော်ပြထားတယ်။ (ဆာလံ ၃၄:၇) အဲဒီစကားတွေက ကျွန်ုပ်တို့အတွက် ဘာကြောင့် စိတ်သက်သာရာရစေသလဲ။ အကြောင်းကတော့ ကျွန်ုပ်တို့ကိုဒုက္ခပေးချင်တဲ့ နတ်ဆိုးတွေရှိနေလို့ပဲ။ ဒီနတ်ဆိုးတွေက ဘယ်သူတွေလဲ။ သူတို့ ဘယ်ကနေ ဖြစ်လာကြသလဲ။ ကျွန်ုပ်တို့ ဒုက္ခရောက်အောင် သူတို့ ဘယ်လိုကြိုးစားနေကြသလဲ။ ဒါတွေကိုသိဖို့ လူ့သမိုင်းအစမှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တချို့ကို အကျဉ်းချုပ်သုံးသပ်ကြည့်ကြစို့။

ကျွန်ုပ်တို့ရဲ့ရန်သူ ဝိညာဉ်သတ္တဝါများ

၇။ လူသားတွေကို ဘုရားသခင်ထံကနေ လမ်းလွဲသွားအောင်လုပ်တဲ့နေရာမှာ စာတန် ဘယ်လောက်ထိ အောင်မြင်ခဲ့သလဲ။

ဒီစာအုပ်ရဲ့ အခန်း ၃ မှာ လေ့လာခဲ့ပြီးတဲ့အတိုင်း ကောင်းကင်တမန်တစ်ပါးက တခြားသူတွေကို အုပ်စိုးချင်စိတ် ပြင်းပြလာတဲ့အတွက် ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်ခဲ့တယ်။ နောက်ပိုင်းမှာ အဲဒီကောင်းကင်တမန်ကို စာတန်မာရ်နတ်အဖြစ် သိလာကြတယ်။ (ဗျာဒိတ် ၁၂:၉) ဧဝကိုလှည့်ဖြားပြီးနောက် နှစ်ပေါင်း ၁,၆၀၀ အတွင်းလောက်မှာ စာတန်ဟာ အာဗေလ၊ ဧနောက်၊ နောဧတို့လို သစ္စာရှိသူအနည်းငယ်ကလွဲပြီး လူသားအားလုံးနီးပါးကို ဘုရားသခင်ထံကနေ လမ်းလွဲသွားအောင် လုပ်နိုင်ခဲ့တယ်။—ဟေဗြဲ ၁၁:၄၊ ၅၊

၈။ (က) ကောင်းကင်တမန်တချို့ဟာ ဘယ်လိုနည်းနဲ့ နတ်ဆိုးတွေ ဖြစ်သွားကြသလဲ။ (ခ) နောဧခေတ်ရေလွှမ်းမိုးဘေးကနေ လွတ်မြောက်ဖို့ နတ်ဆိုးတွေ ဘာလုပ်ခဲ့ကြသလဲ။

နောဧခေတ်မှာ တခြားကောင်းကင်တမန်တွေက ယေဟောဝါကို ပုန်ကန်ခဲ့ကြတယ်။ သူတို့က ကောင်းကင်ကိုစွန့်ခွာ၊ မြေကြီးပေါ်ဆင်းလာပြီး သွေးသားခန္ဓာကိုယ်ရှိတဲ့ လူသားတွေအဖြစ် ပြောင်းလဲခဲ့ကြတယ်။ ဘာအတွက်လဲ။ ကမ္ဘာဦး ၆:၂ မှာ “ဘုရားသခင်၏သားတို့သည် လူသမီးတို့လှကြောင်းကိုမြင်၍ ကိုယ်စိတ်ရှိသည်အတိုင်း စုံဖက်ကြ၏” လို့ဖတ်ရတယ်။ ဒါပေမဲ့ ယေဟောဝါဘုရားသခင်က အဲဒီကောင်းကင်တမန်တွေရဲ့ လုပ်ရပ်တွေနဲ့ လူတွေရဲ့အကျင့်ယိုယွင်းမှုတွေကို ဆက်တည်ရှိဖို့ ခွင့်မပြုခဲ့ဘူး။ ကိုယ်တော်က ကမ္ဘာတစ်ခုလုံးကို ရေလွှမ်းမိုးစေခြင်းအားဖြင့် လူဆိုးအားလုံးကို ဖယ်ရှားပစ်ခဲ့ပြီး သစ္စာရှိတဲ့ကျေးကျွန်တွေကိုပဲ ကယ်တင်ခဲ့တယ်။ (ကမ္ဘာဦး ၇:၁၇၊ ၂၃) ဒါကြောင့် ပုန်ကန်တဲ့ကောင်းကင်တမန်၊ နတ်ဆိုးတွေက သွေးသားခန္ဓာကိုယ်ကိုစွန့်ပြီး ဝိညာဉ်သတ္တဝါတွေအဖြစ် ကောင်းကင်ကို ပြန်တက်သွားခဲ့ကြတယ်။ သူတို့က စာတန်နဲ့ပူးပေါင်းလိုက်ကြပြီး စာတန်လည်း “နတ်ဆိုးမင်း” ဖြစ်လာတယ်။—မဿဲ ၉:၃၄

၉။ (က) နတ်ဆိုးတွေ ကောင်းကင်ကိုပြန်တက်သွားတဲ့အခါ ဘာဖြစ်သွားသလဲ။ (ခ) နတ်ဆိုးတွေနဲ့ပတ်သက်ပြီး ဘာအကြောင်း သုံးသပ်ကြမလဲ။

နာခံမှုမရှိတဲ့ကောင်းကင်တမန်တွေ ကောင်းကင်ကို ပြန်တက်သွားတဲ့အခါ သူတို့ရဲ့မင်း စာတန်လိုပဲ ဘုရားသခင့်ကောင်းကင်တမန် မိသားစုဝင် မဖြစ်နိုင်တော့ဘူး။ (၂ ပေတရု ၂:၄) သူတို့က လူ့ခန္ဓာကိုယ်အဖြစ် ပြန်ပြောင်းလို့မရတော့ပေမဲ့ လူသားတွေအပေါ် ဆက်ပြီး မကောင်းတဲ့သြဇာ လွှမ်းမိုးနေတုန်းပဲ။ အဲဒီနတ်ဆိုးတွေရဲ့အကူအညီနဲ့ စာတန်က “လူနေထိုင်ရာမြေတစ်ပြင်လုံးကို လှည့်စား” ခဲ့တယ်။ (ဗျာဒိတ် ၁၂:၉; ၁ ယောဟန် ၅:၁၉) ဘယ်လိုနည်းတွေနဲ့လဲ။ နတ်ဆိုးတွေက လူတွေကိုလှည့်ဖြားဖို့ နည်းမျိုးစုံသုံးတယ်။ (၂ ကောရိန္သု ၂:၁၁ ကိုဖတ်ပါ။) အဲဒီနည်းတွေထဲက တချို့အကြောင်း သုံးသပ်ကြည့်ကြစို့။

နတ်ဆိုးတွေလှည့်ဖြားကြပုံ

၁၀။ နတ်ဆိုးပညာဆိုတာ ဘာလဲ။

၁၀ နတ်ဆိုးတွေက လူတွေကိုလှည့်ဖြားဖို့ နတ်ဆိုးပညာကို အသုံးပြုတယ်။ နတ်ဆိုးပညာဆိုတာက တိုက်ရိုက်နည်းနဲ့ဖြစ်စေ၊ ကြားခံလူတစ်ဦးကတစ်ဆင့်ဖြစ်စေ နတ်ဆိုးတွေနဲ့ ဆက်သွယ်ခြင်းဖြစ်တယ်။ သမ္မာကျမ်းစာမှာ နတ်ဆိုးပညာကို ပြစ်တင်ရှုတ်ချထားပြီး အဲဒါနဲ့ဆက်နွှယ်တဲ့အရာမှန်သမျှနဲ့ ကင်းကင်းရှင်းရှင်းနေဖို့ သတိပေးထားတယ်။ (ဂလာတိ ၅:၁၉-၂၁) နတ်ဆိုးတွေ နတ်ဆိုးပညာကို အသုံးပြုတာက တံငါသည်တွေ ငါးစာကိုအသုံးပြုတာနဲ့ တူတယ်။ တံငါသည်တစ်ဦးက ငါးအမျိုးမျိုးကိုမျှားဖို့ ငါးစာအမျိုးမျိုး သုံးတယ်။ အလားတူပဲ နတ်ဆိုးတွေက လူအမျိုးမျိုးကို ဩဇာလွှမ်းမိုးနိုင်ဖို့ နတ်ဆိုးပညာအမျိုးမျိုး သုံးတယ်။

၁၁။ နတ်ဆိုးတွေအသုံးပြုတဲ့နည်းတစ်နည်းက ဘာလဲ၊ ဒါကို ဘာကြောင့်ရှောင်သင့်သလဲ။

၁၁ နတ်ဆိုးတွေအသုံးပြုတဲ့ နည်းတစ်နည်းက ရှေ့မှာဖြစ်မယ့်အရာကို ကြိုဟောခြင်းဖြစ်တယ်။ အဲဒီလိုကြိုဟောတဲ့အတတ်ပညာတချို့က ဖဲချပ်နဲ့ ရှေ့ဖြစ်ဟောတာ၊ ဓာတ်ဖန်လုံးကြည့်ပြီး ဟောတာ၊ ဗေဒင်တွက်တာ၊ လက္ခဏာကြည့်တာ၊ အကြားအမြင်ဟောတာ၊ နတ်ကတော်မေးတာ၊ နိမိတ်ဖတ်တာ၊ အိပ်မက်အနက်ကောက်တာတွေဖြစ်တယ်။ လူအများစုက ရှေ့မှာဖြစ်မယ့်အရာတွေကို ကြိုဟောတာကို အန္တရာယ်ကင်းတယ်လို့ ယူမှတ်ကြပေမဲ့ သမ္မာကျမ်းစာက အဲဒီလို ကြိုဟောတာ ဒါမှမဟုတ် ဗေဒင်ဟောတာကို နတ်ဆိုးတွေနဲ့ ဆက်စပ်ဖော်ပြတယ်။ ဥပမာအနေနဲ့ တမန်တော် ၁၆:၁၆-၁၈ မှာ “ရှေ့ဖြစ်ဟော” နိုင်တဲ့ “နတ်ဝင်သည်” မိန်းကလေးတစ်ဦးအကြောင်း ဖော်ပြထားတယ်။ ဒါပေမဲ့ နတ်ဆိုးကို နှင်ထုတ်လိုက်တဲ့အခါ မိန်းကလေးရဲ့ ဗေဒင်ဟောနိုင်စွမ်းလည်း ပျောက်သွားတယ်။

နတ်ဆိုးတွေဟာ နည်းမျိုးစုံသုံးပြီး လူတွေကိုလှည့်ဖြားကြ

၁၂။ လူသေတွေကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားတာက ဘာကြောင့် အန္တရာယ်ရှိသလဲ။

၁၂ လူတွေကိုလှည့်ဖြားဖို့ နတ်ဆိုးတွေအသုံးပြုတဲ့ နောက်နည်းတစ်နည်းက သေဆုံးသွားသူတွေကို ဆက်သွယ်မေးမြန်းတာဖြစ်တယ်။ ချစ်မြတ်နိုးရသူတစ်ဦး သေဆုံးသွားလို့ ဝမ်းနည်းနေသူတွေဟာ သေဆုံးသွားသူနဲ့ပတ်သက်တဲ့ အယူအဆမှားတွေနဲ့ လှည့်ဖြားခံကြရတယ်။ နတ်ဝင်သည်တစ်ဦးက သေဆုံးသွားသူနဲ့ပတ်သက်တဲ့ သတင်းထူးတွေကို ပြောပြမယ်၊ ဒါမှမဟုတ် သေဆုံးသွားသူရဲ့အသံနဲ့ စကားပြောမယ်။ ရလဒ်အနေနဲ့ လူများစွာက သေဆုံးသွားသူတွေရဲ့ဝိညာဉ်ဟာ တကယ်အသက်ရှင်နေတယ်၊ သူတို့နဲ့ဆက်သွယ်ခြင်းအားဖြင့် အသက်ရှင်ကျန်ရစ်သူတွေရဲ့ ဝမ်းနည်းပူဆွေးမှုတွေကို သက်သာစေတယ်လို့ ယုံကြည်လာကြတယ်။ ဒါပေမဲ့ အဲဒီလိုလုပ်တာက မှားရုံသာမက အန္တရာယ်လည်းရှိတယ်။ ဘာကြောင့်လဲ။ အကြောင်းကတော့ နတ်ဆိုးတွေဟာ သေဆုံးသွားသူတွေရဲ့အသံလို ဟန်ဆောင်လုပ်ပြနိုင်ပြီး သေဆုံးသွားသူနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို နတ်ဝင်သည်တွေကို အသိပေးနိုင်လို့ပဲ။ (၁ ဓမ္မရာဇဝင် ၂၈:၃-၁၉) ဒါ့အပြင် အခန်း ၆ မှာ လေ့လာခဲ့ပြီးတဲ့အတိုင်း သေဆုံးသွားသူတွေဟာ မတည်ရှိကြတော့ဘူး။ (ဆာလံ ၁၁၅:၁၇) ဒါကြောင့် ‘လူသေကိုမေးမြန်းသူ’ တွေဟာ နတ်ဆိုးတွေရဲ့လှည့်စားမှုကို ခံနေရသူတွေဖြစ်ပြီး ဘုရားသခင်မကြိုက်တာကို ပြုလုပ်နေတာဖြစ်တယ်။ (တရားဟောရာ ၁၈:၁၀၊ ၁၁ ကိုဖတ်ပါ; ဟေရှာယ ၈:၁၉) ဒါကြောင့် နတ်ဆိုးတွေအသုံးပြုတဲ့ အန္တရာယ်ရှိတဲ့ဒီနည်းကို ငြင်းပယ်ဖို့သတိရှိပါ။

၁၃။ တစ်ချိန်က နတ်ဆိုးတွေကို ကြောက်ရွံ့ခဲ့သူများစွာ ဘာဖြစ်ခဲ့ကြပြီလဲ။

၁၃ နတ်ဆိုးတွေက လူတွေကိုလှည့်ဖြားတဲ့အပြင် ကြောက်အောင်လည်း ခြောက်တယ်။ စာတန်နဲ့ သူ့ရဲ့နတ်ဆိုးတွေက သူတို့ချုပ်နှောင်ခံရမယ့်အချိန် နီးပြီဆိုတာသိတဲ့အတွက် အရင်ကထက် ပိုဆိုးလာကြတယ်။ (ဗျာဒိတ် ၁၂:၁၂၊ ၁၇) ဒါပေမဲ့ တစ်ချိန်က အဲဒီနတ်ဆိုးတွေကို ကြောက်ကြောက်နဲ့ အသက်ရှင်ခဲ့ကြရတဲ့ ထောင်နဲ့ချီတဲ့သူတွေဟာ အဲဒီလိုကြောက်ရွံ့မှုကနေ လွတ်မြောက်နိုင်ခဲ့ကြတယ်။ ဘယ်လိုနည်းနဲ့လဲ။ လူတစ်ဦးက နတ်ဆိုးပညာလိုက်စားတဲ့သူ ဖြစ်တယ်ဆိုရင်တောင် ဘာလုပ်နိုင်သလဲ။

နတ်ဆိုးတွေကို ဆန့်ကျင်တွန်းလှန်နိုင်ပုံ

၁၄။ ပထမရာစုတုန်းက ဧဖက်မြို့မှာရှိတဲ့ ခရစ်ယာန်တွေလိုပဲ ကျွန်ုပ်တို့က နတ်ဆိုးတွေနဲ့ ဘယ်လို ကင်းကင်းရှင်းရှင်း နေနိုင်သလဲ။

၁၄ နတ်ဆိုးတွေကို ဆန့်ကျင်တွန်းလှန်နိုင်ပုံနဲ့ သူတို့နဲ့အဆက်ဖြတ်နိုင်ပုံကို သမ္မာကျမ်းစာမှာ ဖော်ပြထားတယ်။ ပထမရာစုတုန်းက ဧဖက်မြို့မှာရှိတဲ့ ခရစ်ယာန်တွေရဲ့ပုံနမူနာကို သုံးသပ်ကြည့်ပါ။ သူတို့ထဲကတချို့ဟာ ခရစ်ယာန်မဖြစ်ခင်က နတ်ဆိုးနဲ့ဆိုင်တဲ့အတတ်ပညာကို လိုက်စားခဲ့ကြသူတွေဖြစ်တယ်။ ဒီပညာတွေကိုစွန့်လွှတ်ဖို့ ဆုံးဖြတ်ပြီးတာနဲ့ သူတို့ဘာလုပ်ခဲ့ကြသလဲ။ ကျမ်းစာက ဒီလိုပြောတယ်– “မှော်အတတ်လိုက်စားသူ အများတို့သည်လည်း မိမိတို့စာစောင်များကို ယူလာပြီးလျှင် လူအားလုံးရှေ့တွင် မီးရှို့လိုက်ကြ၏။” (တမန်တော် ၁၉:၁၉) အဲဒီ ခရစ်ယာန်ဖြစ်လာခါစ လူသစ်တွေက ဒီအတတ်ပညာနဲ့ဆိုင်တဲ့ စာအုပ်တွေကို ဖျက်ဆီးပစ်လိုက်ခြင်းအားဖြင့် ယနေ့အချိန်မှာ နတ်ဆိုးတွေကို ခုခံတွန်းလှန်လိုသူတွေအတွက် ပုံသက်သေပြခဲ့ကြတယ်။ ယေဟောဝါကို ဝတ်ပြုလိုသူတွေဟာ နတ်ဆိုးပညာနဲ့ ဆက်နွှယ်နေတဲ့အရာအားလုံးနဲ့ ကင်းကင်းရှင်းရှင်း နေဖို့လိုတယ်။ အဲဒီအထဲမှာ နတ်ဆိုးနဲ့ဆိုင်တဲ့အတတ်ပညာကို နှစ်သက်စရာ၊ စိတ်လှုပ်ရှားစရာအဖြစ် ရှုမြင်လာစေဖို့ အားပေးတဲ့ စာအုပ်၊ မဂ္ဂဇင်း၊ ရုပ်ရှင်၊ ပိုစတာ၊ တေးသီချင်းတွေ ပါဝင်တယ်။ ဒါ့အပြင် အန္တရာယ်ကင်းဖို့အသုံးပြုတဲ့ အဆောင်လက်ဖွဲ့တွေ ဒါမှမဟုတ် တခြားပစ္စည်းတွေလည်း ပါဝင်တယ်။—၁ ကောရိန္သု ၁၀:၂၁

၁၅။ နတ်ဆိုးတွေကို ဆန့်ကျင်တွန်းလှန်ဖို့ ကျွန်ုပ်တို့ ဘာလုပ်ဖို့လိုသလဲ။

၁၅ ဧဖက်မြို့မှာရှိတဲ့ခရစ်ယာန်တွေ နတ်ဆိုးပညာနဲ့ဆိုင်တဲ့စာအုပ်တွေကို ဖျက်ဆီးပြီးတဲ့နောက် နှစ်အနည်းငယ်အကြာမှာ သူတို့ကို တမန်တော်ပေါလုက ‘ငါတို့သည် နတ်ဆိုးတို့နှင့် ဆိုင်ပြိုင်တိုက်လှန် ရကြ၏’ လို့စာရေးခဲ့တယ်။ (ဧဖက် ၆:၁၂) နတ်ဆိုးတွေက လက်မလျှော့ကြဘူး။ သူတို့က နောက်ထပ်အခွင့်အရေးရဖို့ ဆက်ကြိုးစားနေတုန်းပဲ။ ဒါကြောင့် အဲဒီခရစ်ယာန်တွေ နောက်ထပ်ဘာလုပ်ဖို့ လိုသေးသလဲ။ “ထိုအရာများအပြင် ဆိုးညစ်သူ [စာတန်] ပစ်ခတ်သော မီးမြားလက်နက်မှန်သမျှကို ကာသတ်နိုင်သည့် ယုံကြည်ခြင်းတည်းဟူသော ဒိုင်းလွှားကိုလည်း ယူဆောင်ကြလော့” လို့ ပေါလု ပြောခဲ့တယ်။ (ဧဖက် ၆:၁၆) ကျွန်ုပ်တို့ရဲ့ယုံကြည်ခြင်းဒိုင်းလွှား ပိုခိုင်ခံ့လေ နတ်ဆိုးတွေကို ပိုဆန့်ကျင်တွန်းလှန်နိုင်လေပဲ။—မဿဲ ၁၇:၂၀

၁၆။ ကျွန်ုပ်တို့ရဲ့ယုံကြည်ခြင်းကို ဘယ်လို ခိုင်ခံ့စေနိုင်သလဲ။

၁၆ ဒါဆိုရင် ကျွန်ုပ်တို့ရဲ့ယုံကြည်ခြင်းကို ဘယ်လိုခိုင်ခံ့စေနိုင်သလဲ။ သမ္မာကျမ်းစာကို လေ့လာခြင်းအားဖြင့် ဖြစ်တယ်။ မြို့ရိုးတစ်ခုရဲ့ခိုင်ခံ့မှုက မြို့ရိုးရဲ့အုတ်မြစ်ခိုင်ခံ့မှုအပေါ် အများကြီးမူတည်တယ်။ အလားတူပဲ ကျွန်ုပ်တို့ရဲ့ယုံကြည်ခြင်းခိုင်ခံ့မှုက ယုံကြည်ခြင်းရဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့ ဘုရားသခင့်တရားစကားတော် သမ္မာကျမ်းစာမှာပါတဲ့ တိကျမှန်ကန်တဲ့ အသိပညာအပေါ် အများကြီးမူတည်တယ်။ ကျမ်းစာကို နေ့စဉ်ဖတ်ရှု၊ လေ့လာမယ်ဆိုရင် ကျွန်ုပ်တို့ရဲ့ယုံကြည်ခြင်း ခိုင်ခံ့လာပါလိမ့်မယ်။ ခိုင်ခံ့တဲ့မြို့ရိုးတစ်ခုလိုပဲ ခိုင်ခံ့တဲ့ယုံကြည်ခြင်းက နတ်ဆိုးတွေရဲ့ ဩဇာလွှမ်းမိုးမှုမခံရစေဖို့ ကာကွယ်ပေးမှာဖြစ်တယ်။—၁ ယောဟန် ၅:၅

၁၇။ နတ်ဆိုးတွေကို ဆန့်ကျင်တွန်းလှန်ရာမှာ ဘာလိုအပ်သလဲ။

၁၇ ဧဖက်မြို့မှာရှိတဲ့ ခရစ်ယာန်တွေက တခြားဘယ်အရာကို လုပ်ဆောင်ဖို့ လိုအပ်ခဲ့သလဲ။ သူတို့က နတ်ဆိုးအယူဝါဒနဲ့ ပြည့်နေတဲ့မြို့မှာ နေထိုင်ကြရတဲ့အတွက် နောက်ထပ်ကာကွယ်မှု လိုအပ်ခဲ့တယ်။ ဒါကြောင့် ပေါလုက “ဘုရားသခင့်စွမ်းအားတော်ဖြင့် ဆုတောင်းခြင်း၊ တိုးလျှိုးအသနားခံခြင်း အမျိုးမျိုးတို့နှင့် အချိန်အခါတိုင်းတွင် ဆုတောင်း၍နေကြလော့” လို့ပြောခဲ့တယ်။ (ဧဖက် ၆:၁၈) ကျွန်ုပ်တို့လည်း နတ်ဆိုးအယူဝါဒနဲ့ ပြည့်နေတဲ့လောကမှာ အသက်ရှင်နေရတဲ့အတွက် နတ်ဆိုးတွေကို ဆန့်ကျင်တွန်းလှန်ရာမှာ ယေဟောဝါရဲ့ကာကွယ်မှုရဖို့ စိတ်အားထက်သန်စွာဆုတောင်းခြင်း မရှိမဖြစ်လိုအပ်တယ်။ ကျွန်ုပ်တို့ရဲ့ဆုတောင်းချက်တွေမှာ ယေဟောဝါဆိုတဲ့နာမည်ကို အသုံးပြုရမယ်။ (သုတ္တံ ၁၈:၁၀ ကိုဖတ်ပါ။) ပြီးတော့ “ဆိုးညစ်သူ [စာတန်] ၏လက်မှ ကယ်နုတ်တော်မူပါ” လို့ ဘုရားသခင်ထံ ဆုတောင်းသင့်တယ်။ (မဿဲ ၆:၁၃) စိတ်အားထက်သန်စွာတောင်းတဲ့ အဲဒီလိုဆုတောင်းချက်တွေကို ယေဟောဝါ ဖြေကြားပေးပါလိမ့်မယ်။—ဆာလံ ၁၄၅:၁၉

၁၈၊ ၁၉။ (က) နတ်ဆိုးတွေကို တိုက်လှန်ရာမှာ အောင်မြင်မယ်လို့ ဘာကြောင့်ယုံကြည်စိတ်ချနိုင်သလဲ။ (ခ) နောက်အခန်းမှာ ဘယ်မေးခွန်းကို အဖြေပေးမလဲ။

၁၈ နတ်ဆိုးတွေက ကြောက်စရာကောင်းပါတယ်၊ ဒါပေမဲ့ ကျွန်ုပ်တို့က စာတန်ကိုတွန်းလှန်ပြီး ဘုရားသခင့် အလိုတော်ဆောင်ခြင်းအားဖြင့် ကိုယ်တော်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိမယ်ဆိုရင် သူတို့ကို ကြောက်စရာမလိုဘူး။ (ယာကုပ် ၄:၇၊ ၈ ကိုဖတ်ပါ။) နတ်ဆိုးတွေရဲ့တန်ခိုးက အကန့်အသတ်ရှိတယ်။ သူတို့ဟာ နောဧခေတ်မှာ ပြစ်ဒဏ်ပေးခြင်းခံခဲ့ရပြီး အနာဂတ်မှာ အပြီးသတ်တရားစီရင်ခြင်းကို ခံရမှာဖြစ်တယ်။ (ယုဒ ၆) ကျွန်ုပ်တို့က ယေဟောဝါရဲ့ တန်ခိုးကြီးတဲ့ ကောင်းကင်တမန်တွေရဲ့ ကာကွယ်မှုရရှိထားတယ်ဆိုတာကိုလည်း သတိရပါ။ (၄ ဓမ္မရာဇဝင် ၆:၁၅-၁၇) နတ်ဆိုးတွေကို ခုခံတွန်းလှန်ရာမှာ ကျွန်ုပ်တို့အောင်မြင်တာကို အဲဒီကောင်းကင်တမန်တွေ အလွန်တွေ့မြင်ချင်ကြတယ်။ ဖြောင့်မတ်တဲ့ကောင်းကင်တမန်တွေဟာ ကျွန်ုပ်တို့ဘက်ကနေ အားပေးနေကြတယ်။ ဒါကြောင့် ယေဟောဝါနဲ့ ကိုယ်တော့်ရဲ့ သစ္စာရှိဝိညာဉ်သတ္တဝါမိသားစုနဲ့ နီးနီးကပ်ကပ်နေကြစို့။ နတ်ဆိုးနဲ့ဆိုင်တဲ့အတတ်ပညာမှန်သမျှကို ရှောင်ကြဉ်ပြီး ကျမ်းစာဆုံးမစကားကို အမြဲ လက်တွေ့ကျင့်သုံးကြပါစို့။ (၁ ပေတရု ၅:၆၊ ၇; ၂ ပေတရု ၂:၉) ဒီလိုသာဆိုရင် နတ်ဆိုးတွေနဲ့တိုက်လှန်ရာမှာ ကျွန်ုပ်တို့အောင်မြင်မယ်ဆိုတာ ယုံကြည်စိတ်ချနိုင်ပါတယ်။

၁၉ ဒါပေမဲ့ လူတွေကို ဆင်းရဲဒုက္ခရောက်စေတဲ့ နတ်ဆိုးတွေနဲ့ ဆိုးသွမ်းမှုတွေကို ဘုရားသခင် ဘာကြောင့်သည်းခံနေတာလဲ။ အဲဒီမေးခွန်းကို နောက်အခန်းမှာ အဖြေပေးမှာဖြစ်တယ်။

^ စာပိုဒ်၊ 2 ဖြောင့်မတ်တဲ့ကောင်းကင်တမန်တွေနဲ့ ပတ်သက်ပြီး ဗျာဒိတ် ၅:၁၁ က ‘သူတို့၏အရေအတွက်မှာ အတိုင်းမသိများပြား’ တယ်ဆိုပြီး ဖော်ပြထားတယ်။ (ဒံယေလ ၇:၁၀ ကိုကြည့်ပါ။) ဒါကြောင့် သန်းပေါင်းရာနဲ့ချီရှိတဲ့ ကောင်းကင်တမန်တွေကို ဖန်ဆင်းထားတယ်လို့ သမ္မာကျမ်းစာက ဖော်ပြတယ်။