မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ဆယ့်ခြောက်

စစ်မှန်တဲ့ဝတ်ပြုရေးဘက် ရပ်တည်ပါ

စစ်မှန်တဲ့ဝတ်ပြုရေးဘက် ရပ်တည်ပါ
  • ရုပ်ပုံတွေအသုံးပြုခြင်းနဲ့ပတ်သက်ပြီး သမ္မာကျမ်းစာက ဘာသွန်သင်သလဲ။

  • ဘာသာရေးပွဲနေ့တွေကို ခရစ်ယာန်တွေ ဘယ်လိုရှုမြင်ကြသလဲ။

  • တခြားသူတွေကို မထိခိုက်စေဘဲ သင့်ယုံကြည်ချက်ကို ဘယ်လိုရှင်းပြနိုင်သလဲ။

၁၊ ၂။ အယူမှားဘာသာကနေ ထွက်လာပြီးတဲ့နောက် မိမိကိုယ်ကို ဘယ်မေးခွန်းမေးရမလဲ၊ အဲဒီလိုမေးဖို့ ဘာကြောင့် အရေးကြီးတယ်လို့ သင်ထင်သလဲ။

မိုးတွင်းရောက်လာလို့ သင့်ရပ်ကွက်မှာ ရေကြီးနေတယ်ဆိုပါစို့။ အဲဒီညစ်ပတ်တဲ့ရေထဲမှာ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်စေတဲ့ ရောဂါပိုးတွေ အများကြီးပါနေတယ်။ သောက်ရေရှိသမျှမှာ ရောဂါပိုးတွေရှိနေလို့ အသက်အန္တရာယ်ရှိတဲ့အခြေအနေ ဖြစ်နေပြီ။ သင်ဘာလုပ်မလဲ။ အဲဒီနေရာကနေ ထွက်သွားလို့ရမယ်ဆိုရင် သင်ထွက်သွားမှာဖြစ်တယ်။ အဲဒီလိုထွက်သွားပြီးနောက်မှာတောင် ‘ငါ ရောဂါ ဖြစ်နေပြီလား’ ဆိုတဲ့ အရေးကြီးတဲ့မေးခွန်းကို သင် မေးမှာဖြစ်တယ်။

အယူမှားဘာသာမှာလည်း အဲဒီလိုအခြေအနေမျိုး ဖြစ်နေတယ်။ အယူမှား၀တ်ပြုရေးဟာ မသန့်ရှင်းတဲ့ သွန်သင်ချက်တွေ၊ အမူအကျင့်တွေနဲ့ ညစ်ညမ်းနေတယ်လို့ သမ္မာကျမ်းစာက သွန်သင်တယ်။ (၂ ကောရိန္သု ၆:၁၇) ဒါကြောင့် ကမ္ဘာ့အယူမှားဘာသာရေးအင်ပါယာဖြစ်တဲ့ “မဟာဗာဗုလုန်” ကနေထွက်ဖို့ အရေးကြီးတယ်။ (ဗျာဒိတ် ၁၈:၂၊) အဲဒီကနေ သင် ထွက်ခဲ့ပြီးပြီလား။ ထွက်ခဲ့ပြီးပြီဆိုရင် သင့်ကိုချီးမွမ်းပါတယ်။ ဒါပေမဲ့ အယူမှားဘာသာနဲ့ သီးခြားနေတာ၊ အဲဒီကနေ နုတ်ထွက်တာထက်မက လုပ်ဆောင်ဖို့လိုတယ်။ အဲဒီနောက် သင့်ကိုယ်သင် ‘အယူမှားဝတ်ပြုရေးနဲ့ဆိုင်တဲ့ တချို့အစိတ်အပိုင်းတွေ ငါ့မှာ ကျန်နေသေးသလား’ လို့မေးပါ။ ဥပမာတချို့ကို သုံးသပ်ကြည့်ပါ။

ရုပ်ပုံတွေနဲ့ ဘိုးဘေးကိုးကွယ်မှု

၃။ (က) ရုပ်ပုံအသုံးပြုတာနဲ့ပတ်သက်ပြီး သမ္မာကျမ်းစာမှာ ဘာပြောထားသလဲ၊ တချို့သူတွေအတွက် ဘုရားသခင့်ရှုမြင်ပုံကိုလက်ခံဖို့ ဘာကြောင့်ခက်နိုင်သလဲ။ (ခ) အယူမှားဝတ်ပြုရေးနဲ့ ဆက်နွှယ်နေတဲ့ သင့်အသုံးအဆောင်မှန်သမျှကို ဘာလုပ်သင့်သလဲ။

တချို့သူတွေရဲ့အိမ်မှာ ရုပ်ပုံတွေ ဒါမှမဟုတ် ဘုရားစင်တွေကို နှစ်ပေါင်းများစွာ ထားရှိခဲ့ကြတယ်။ သင့်အိမ်မှာကော ရှိပါသလား။ ရှိတယ်ဆိုရင် အဲဒီလိုမျက်မြင်အထောက်အကူတွေမပါဘဲ ဘုရားသခင်ထံဆုတောင်းတာဟာ သင့်အတွက် အထူးအဆန်း ဒါမှမဟုတ် အဲဒီလိုလုပ်တာမှားတယ်လို့ သင်ယူဆမိနိုင်တယ်။ တချို့ပစ္စည်းတွေကို သင် စွဲလမ်းတွယ်တာနေတာတောင် ဖြစ်နိုင်တယ်။ ဒါပေမဲ့ ဘုရားသခင်က မိမိကို ဘယ်လိုဝတ်ပြုသင့်တယ်ဆိုတာနဲ့ပတ်သက်ပြီး ပြောထားတယ်၊ ပြီးတော့ ရုပ်ပုံအသုံးပြုတာကို ဘုရားသခင်မလိုလားဘူးလို့ ကျမ်းစာက သွန်သင်တယ်။ (ထွက်မြောက်ရာ ၂၀:၄၊ ၅ ကိုဖတ်ပါ; ဆာလံ ၁၁၅:၄-၈; ဟေရှာယ ၄၂:၈; ၁ ယောဟန် ၅:၂၁) ဒါကြောင့် အယူမှားဝတ်ပြုရေးနဲ့ ဆက်နွှယ်နေတဲ့ သင့်အသုံးအဆောင်မှန်သမျှကို ဖျက်ဆီးပစ်ခြင်းအားဖြင့် မှန်တဲ့ဝတ်ပြုရေးဘက်မှာ ရပ်တည်နိုင်ပါတယ်။ ဒါဆိုရင် အဲဒီအရာတွေကို “စက်ဆုပ်ရွံရှာသောအရာ” အဖြစ် ယေဟောဝါရှုမြင်သလို သင်ရှုမြင်လာမှာ သေချာတယ်။—တရားဟောရာ ၂၇:၁၅

၄။ (က) ဘိုးဘေးကိုးကွယ်ခြင်းက အကျိုးမရှိဘူးဆိုတာ ဘယ်လိုသိရသလဲ။ (ခ) ယေဟောဝါက မိမိရဲ့လူမျိုးကို နတ်ဆိုးပညာမလိုက်စားဖို့ ဘာကြောင့် တားမြစ်ခဲ့တာလဲ။

အယူမှားဘာသာအတော်များများမှာ ဘိုးဘေးကိုးကွယ်မှုကိုလည်း တွေ့ရတယ်။ သမ္မာကျမ်းစာ အမှန်တရားသိလာသူတချို့ဟာ အမှန်တရားကိုမသိခင်တုန်းက သေလွန်သူတွေဟာ ဝိညာဉ်ဘုံမှာအသက်ရှင်နေပြီး အသက်ရှင်နေသူတွေကို ကူညီပေးနိုင်တယ်၊ ဒါမှမဟုတ် ဒုက္ခပေးနိုင်တယ်လို့ ယုံကြည်ကြတယ်။ သင်ဟာ ကွယ်လွန်သွားတဲ့ဘိုးဘေးတွေ စိတ်ကျေနပ်အောင်လို့ အတတ်နိုင်ဆုံး ကြိုးစားလုပ်ဆောင်ခဲ့သူ ဖြစ်နိုင်တယ်။ ဒါပေမဲ့ ဒီစာအုပ်ရဲ့ အခန်း ၆ မှာ လေ့လာခဲ့တဲ့အရ သေလွန်သူတွေဟာ ဘယ်နေရာမှာမှ ရှိမနေကြပါဘူး။ ဒါကြောင့် သူတို့နဲ့ဆက်သွယ်ဖို့ ကြိုးစားတာက ဘာအကျိုးမှမရှိဘူး။ ချစ်မြတ်နိုးရတဲ့ သေဆုံးသွားသူတွေဆီကလာတယ်လို့ ထင်ရပုံပေါက်တဲ့ သတင်းစကားအားလုံးက တကယ်တော့ နတ်ဆိုးတွေဆီက လာတာဖြစ်တယ်။ ဒါကြောင့် ယေဟောဝါက လူသေနဲ့စကားပြောတာ၊ နတ်ဆိုးပညာလိုက်စားတာတွေကို မလုပ်ဖို့ အစ္စရေးလူမျိုးကို တားမြစ်ခဲ့တယ်။တရားဟောရာ ၁၈:၁၀-၁၂ ကိုဖတ်ပါ။

၅။ အရင်က သင်ကိုးကွယ်ခဲ့တဲ့ဘာသာမှာ ရုပ်ပုံအသုံးပြုတာ ဒါမှမဟုတ် ဘိုးဘေးကိုးကွယ်တာတွေကို လုပ်ခဲ့တယ်ဆိုရင် သင် ဘာလုပ်နိုင်သလဲ။

အရင်က သင်ကိုးကွယ်ခဲ့တဲ့ဘာသာမှာ ရုပ်ပုံအသုံးပြုတာ ဒါမှမဟုတ် ဘိုးဘေးကိုးကွယ်တာတွေကို လုပ်ခဲ့တယ်ဆိုရင် သင်ဘာလုပ်နိုင်သလဲ။ အဲဒါတွေကို ဘုရားသခင် ဘယ်လိုရှုမြင်တယ်ဆိုတာဖော်ပြတဲ့ ကျမ်းချက်တွေကိုဖတ်ပြီး တွေးတောဆင်ခြင်ပါ။ စစ်မှန်တဲ့ဝတ်ပြုရေးဘက်မှာ ရပ်တည်လိုတဲ့ သင့်ဆန္ဒနဲ့ပတ်သက်ပြီး ယေဟောဝါထံ နေ့စဉ်ဆုတောင်းပြောပြပါ၊ ဘုရားသခင်စဉ်းစားသလို စဉ်းစားတတ်ဖို့ ကူညီပေးပါလို့ ဆုတောင်းပါ။—ဟေရှာယ ၅၅:၉

ခရစ္စမတ်ပွဲကို အစောပိုင်းခရစ်ယာန်တွေ မကျင်းပခဲ့

၆၊ ၇။ (က) ခရစ္စမတ်ပွဲကို ဘာအတွက် ကျင်းပတယ်လို့ ပြောကြသလဲ၊ ဒီပွဲကို ယေရှုရဲ့ ပထမရာစုနောက်လိုက်တွေ ကျင်းပခဲ့ကြသလား။ (ခ) ယေရှုရဲ့ အစောပိုင်းတပည့်တွေ မြေကြီးပေါ်မှာရှိတဲ့အချိန်က မွေးနေ့ပွဲကျင်းပခြင်းဟာ ဘယ်အရာနဲ့ဆက်နွှယ်ခဲ့သလဲ။

လူတစ်ဦးရဲ့ဝတ်ပြုရေးက အယူမှားဘာသာနဲ့ဆက်နွှယ်တဲ့ ပွဲနေ့တွေကြောင့် ညစ်ညူးသွားနိုင်တယ်။ ဥပမာ၊ ခရစ္စမတ်ပွဲကို သုံးသပ်ကြည့်ပါ။ ခရစ္စမတ်ပွဲကို ယေရှုခရစ်ရဲ့မွေးနေ့ အထိမ်းအမှတ်အဖြစ် ကျင်းပတယ်လို့ ဆိုကြတယ်။ ခရစ်ယာန်လို့အမည်ခံတဲ့ ဘာသာအားလုံးနီးပါးက အဲဒီပွဲကို ကျင်းပကြတယ်။ ဒါပေမဲ့ ယေရှုရဲ့ပထမရာစုတပည့်တွေ အဲဒီပွဲကိုကျင်းပခဲ့တယ်ဆိုတဲ့ အထောက်အထား တစ်ခုမှမရှိဘူး။ လေးနက်သည့်အရာများ၏ မြင့်မြတ်သောဇာစ်မြစ်စာအုပ်မှာ ဒီလိုဖော်ပြတယ်– “ခရစ်တော်မွေးဖွားပြီး အနှစ်နှစ်ရာကျော်ကြာသည့်အထိ ကိုယ်တော်မွေးဖွားချိန်အတိအကျကို လူအနည်းငယ်သာ စိတ်ဝင်စားခဲ့ကြပြီး ယင်းကို မည်သူမှမသိခဲ့ကြချေ။”

ယေရှုရဲ့တပည့်တွေ ကိုယ်တော့်မွေးနေ့အတိအကျကို သိခဲ့ကြတယ်ဆိုရင်တောင် ဒီမွေးနေ့ပွဲကို ကျင်းပခဲ့ကြမှာမဟုတ်ဘူး။ ဘာကြောင့်လဲ။ ကမ္ဘာ့စာအုပ်စွယ်စုံကျမ်းမှာ ဒီလိုဖော်ပြထားတယ်– အစောပိုင်းခရစ်ယာန်တွေဟာ “မွေးနေ့ပွဲကျင်းပခြင်းကို အယူမှားပွဲနေ့တစ်ခုအဖြစ် သတ်မှတ်ခဲ့ကြသည်။” သမ္မာကျမ်းစာမှာပါတဲ့ မွေးနေ့ပွဲကလည်း ယေဟောဝါကိုဝတ်မပြုတဲ့ အုပ်စိုးရှင်နှစ်ပါးရဲ့ မွေးနေ့ပွဲတွေသာဖြစ်တယ်။ (ကမ္ဘာဦး ၄၀:၂၀; မာကု ၆:၂၁) အယူမှားနတ်ဘုရားတွေကို ဂုဏ်တင်တဲ့အနေနဲ့လည်း မွေးနေ့ပွဲတွေကို ကျင်းပခဲ့ကြတယ်။ ဥပမာ၊ ရောမတွေက မေလ ၂၄ ရက်နေ့ကို လနတ်သမီး ဒိုင်ယာနာရဲ့မွေးနေ့အဖြစ် ကျင်းပခဲ့ကြတယ်။ မေလ ၂၅ ရက်နေ့ကို နေနတ်ဘုရား အပိုလိုရဲ့မွေးနေ့အဖြစ် ကျင်းပခဲ့ကြတယ်။ ဒါကြောင့် မွေးနေ့ပွဲကျင်းပခြင်းက ခရစ်ယာန်ဘာသာနဲ့ ဘယ်လိုမှ မပတ်သက်ဘူး၊ အယူမှားဝါဒနဲ့သာ ဆက်နွှယ်တယ်။

၈။ မွေးနေ့ပွဲနဲ့ အယူသီးမှုတွေ ဆက်နွှယ်ပုံကို ရှင်းပြပါ။

ပထမရာစုခရစ်ယာန်တွေ ယေရှုရဲ့မွေးနေ့ပွဲ မကျင်းပတဲ့ နောက်အကြောင်းရင်းတစ်ခု ရှိသေးတယ်။ မွေးနေ့ပွဲတွေက အယူသီးမှုနဲ့ဆက်နွှယ်နေတယ်ဆိုတာ ယေရှုရဲ့တပည့်တွေ သိခဲ့ကြလို့ ဖြစ်နိုင်တယ်။ ဥပမာ၊ ရှေးခေတ်ဂရိနဲ့ ရောမလူတွေဟာ လူတစ်ဦးရဲ့မွေးနေ့မှာ နတ်တစ်ပါးရောက်လာပြီး အဲဒီလူရဲ့အသက်တာ တစ်လျှောက်လုံးကို ကာကွယ်စောင့်ရှောက်ပေးတယ်လို့ ယုံကြည်ခဲ့ကြတယ်။ “အဲဒီနတ်က မွေးနေ့ရှင်နဲ့မွေးနေ့ချင်းတူတဲ့ နတ်ဘုရားနဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့နည်းနဲ့ ပတ်သက်နေတယ်” လို့ မွေးနေ့ဆိုင်ရာရှေးရိုးဓလေ့စာအုပ်က ပြောတယ်။ ယေရှုနဲ့ အယူသီးမှုတွေကို ဆက်စပ်ထားတဲ့ ဘယ်ပွဲနေ့မျိုးကိုမဆို ယေဟောဝါ နှစ်သက်မှာမဟုတ်ဘူး။ (ဟေရှာယ ၆၅:၁၁၊ ၁၂) ဒါဆို လူများစွာက ဘာကြောင့် ခရစ္စမတ်ပွဲကို ကျင်းပနေကြတာလဲ။

ခရစ္စမတ်ရဲ့ဇာစ်မြစ်

၉။ ဒီဇင်ဘာ ၂၅ ရက်နေ့ကို ယေရှုရဲ့မွေးနေ့အဖြစ်ကျင်းပဖို့ ဘာကြောင့်သတ်မှတ်ခဲ့ကြသလဲ။

ယေရှု မြေကြီးပေါ်အသက်ရှင်နေထိုင်ခဲ့ပြီးနောက် နှစ်ပေါင်းရာချီကြာတဲ့အထိ ဒီဇင်ဘာ ၂၅ ရက်နေ့ကို ယေရှုရဲ့မွေးနေ့ပွဲအဖြစ် မကျင်းပခဲ့ကြသေးပါဘူး။ တကယ်တော့ အဲဒီရက်စွဲက ယေရှုမွေးတဲ့ရက်စွဲ မဟုတ်ဘူး၊ ကိုယ်တော်မွေးဖွားတဲ့လက အောက်တိုဘာလဖြစ်တယ်။ * ဒါဆိုရင် ဘာကြောင့် ဒီဇင်ဘာ ၂၅ ရက်နေ့ကို သတ်မှတ်ခဲ့ကြတာလဲ။ နောက်ပိုင်းမှာ ကိုယ့်ကိုယ်ကို ခရစ်ယာန်ပါလို့ပြောသူတချို့က “အဲဒီရက်စွဲကို အယူမှားရောမပွဲတော်ဖြစ်တဲ့ ‘မၡုံးနိမ့်နိုင်တဲ့နေရဲ့ မွေးနေ့ပွဲ’ နဲ့ တစ်ထပ်တည်းကျစေချင်” ပုံရတယ်။ (ဗြိဗတဲန်နစ်ကာ စွယ်စုံကျမ်းသစ်) နေရဲ့စွမ်းအင် အနည်းဆုံးလို့ထင်ရတဲ့ ဆောင်းရာသီမှာ ခရီးဝေးသွားနေတဲ့နေကို အနွေးဓာတ်နဲ့အလင်းရောင်ပေးဖို့ ပြန်လာအောင်လို့ အယူမှားသူတွေက ပွဲကျင်းပကြတယ်။ ဒီဇင်ဘာ ၂၅ ရက်နေ့ကို နေပြန်လာတဲ့နေ့အဖြစ် ယူမှတ်ခဲ့ကြတယ်။ အယူမှားသူတွေ ခရစ်ယာန်ဘာသာပြောင်းဝင်လာဖို့ ကြိုးစားတဲ့အနေနဲ့ ဘာသာရေးခေါင်းဆောင်တွေက အဲဒီပွဲနေ့ကို “ခရစ်ယာန်” ပွဲနေ့ဖြစ်အောင် လုပ်ဆောင်ခဲ့ကြတယ်။ *

၁၀။ ရှေးအချိန်က လူတချို့ဟာ ခရစ္စမတ်ပွဲကို ဘာကြောင့် မကျင်းပခဲ့တာလဲ။

၁၀ ခရစ္စမတ်ပွဲရဲ့ အယူမှားဇာစ်မြစ်တွေကို သိခဲ့ကြတာကြာပြီ။ ဒီပွဲက ကျမ်းစာကိုအခြေခံတဲ့ပွဲ မဟုတ်တဲ့အတွက် ၁၇ ရာစုအတွင်း အင်္ဂလန်နဲ့ အမေရိကန်ကိုလိုနီနယ်ပယ်အချို့မှာ ခရစ္စမတ်ပွဲကျင်းပတာကို ပိတ်ပင်ခဲ့ကြတယ်။ ခရစ္စမတ်နေ့မှာ အလုပ်နားပြီး အိမ်မှာနေသူတွေကိုတောင် ဒဏ်ငွေတပ်ခဲ့ကြတယ်။ ဒါပေမဲ့ သိပ်မကြာခင်မှာပဲ ထုံးစံဓလေ့အဟောင်းတွေ ပြန်ပေါ်လာပြီး အသစ်တချို့ကိုတောင် ထပ်ထည့်ခဲ့ကြတယ်။ ခရစ္စမတ်က လူကြိုက်များတဲ့ပွဲနေ့ ပြန်ဖြစ်လာပြီး နိုင်ငံများစွာမှာ ယနေ့ထိတိုင် လူကြိုက်များနေဆဲပဲ။ ဒါပေမဲ့ ခရစ္စမတ်ပွဲက အယူမှားဘာသာနဲ့ဆက်နွှယ်နေတဲ့အတွက်ကြောင့် ဘုရားသခင့်နှစ်သက်မှုရလိုသူတွေဟာ အဲဒီပွဲနဲ့ အယူမှားဝတ်ပြုရေးကို အရင်းခံတဲ့ တခြားဘယ်ပွဲနေ့တွေကိုမဆို မကျင်းပကြဘူး။ *

ဇာစ်မြစ်က တကယ်အရေးကြီးလို့လား

၁၁။ တချို့သူတွေက ပွဲနေ့တွေကို ဘာကြောင့်ကျင်းပကြတာလဲ၊ ကျွန်ုပ်တို့ အဓိကအလေးထားတဲ့အရာက ဘာဖြစ်သင့်သလဲ။

၁၁ တချို့က ခရစ္စမတ်လိုပွဲနေ့တွေဟာ အယူမှားဇာစ်မြစ်တွေက လာတယ်ဆိုတာ သဘောတူပေမဲ့ ဒီပွဲတွေကိုကျင်းပတာ မမှားပါဘူးလို့ ယူမှတ်နေကြတုန်းပဲ။ တကယ်တော့ လူအများစုက ပွဲနေ့တွေကျင်းပတဲ့အခါ အယူမှားဘာသာအကြောင်း မစဉ်းစားကြပါဘူး။ အဲဒီအချိန်မှာ မိသားစုဝင်တွေ အတူတကွ စုဝေးခွင့်ရကြတယ်။ သင်လည်း အဲဒီလိုယူဆပါသလား။ အဲဒီလိုယူဆတယ်ဆိုရင် သင်က အယူမှားဘာသာကို ချစ်မြတ်နိုးလို့မဟုတ်ဘဲ မိသားစုကိုချစ်တဲ့အတွက် စစ်မှန်တဲ့ဝတ်ပြုရေးဘက် ရပ်တည်ဖို့ ခက်ခဲနေတာဖြစ်နိုင်တယ်။ မိသားစုကိုအစပြုရှင် ယေဟောဝါက သင့်ကို သင့်ဆွေမျိုးသားချင်းတွေနဲ့ ကောင်းတဲ့ဆက်ဆံရေးရှိစေချင်တယ်ဆိုတာ ယုံကြည်စိတ်ချပါ။ (ဧဖက် ၃:၁၄၊ ၁၅) ဒါပေမဲ့ သင်ဟာ ဘုရားသခင်နှစ်သက်တဲ့နည်းလမ်းတွေနဲ့ မိသားစုဆက်ဆံရေးနှောင်ကြိုးကို ခိုင်မြဲစေနိုင်ပါတယ်။ ကျွန်ုပ်တို့ အဓိကအလေးထားရမယ့်အရာနဲ့ပတ်သက်ပြီး တမန်တော်ပေါလုက “သခင်လက်ခံနိုင်ဖွယ်သောအရာသည် အဘယ်အရာဖြစ်ကြောင်းကို ဆန်းစစ်လျက်နေကြလော့” ဆိုပြီးရေးခဲ့တယ်။—ဧဖက် ၅:၁၀

ရေပုပ်မြောင်းထဲက ချိုချဉ်ကို သင် ကောက်စားမလား

၁၂။ မသန့်ရှင်းတဲ့ဇာစ်မြစ်တွေကနေ ဆင်းသက်လာတဲ့ ဓလေ့ထုံးစံတွေ၊ ပွဲနေ့တွေကို ဘာကြောင့် ရှောင်ကြဉ်သင့်တယ်ဆိုတာ ရှင်းပြပါ။

၁၂ ပွဲနေ့ဇာစ်မြစ်တွေက ယနေ့ခေတ်မှာကျင်းပနေတဲ့ ပွဲတွေနဲ့ မပတ်သက်ဘူးလို့ သင် ယူဆကောင်း ယူဆမိနိုင်တယ်။ ဇာစ်မြစ်က တကယ်အရေးကြီးလို့လား။ အရေးကြီးပါတယ်။ ဥပမာအနေနဲ့ သင်ဟာ ရေပုပ်မြောင်းတစ်ခုထဲမှာကျနေတဲ့ ချိုချဉ်တစ်လုံးကို တွေ့တယ်ဆိုပါစို့။ အဲဒီချိုချဉ်ကို ကောက်စားမလား။ စားမှာမဟုတ်ပါဘူး။ အဲဒီချိုချဉ်က မသန့်ရှင်းဘူး။ အဲဒီချိုချဉ်လိုပဲ ပွဲနေ့တွေဟာ နှစ်သက်စရာကောင်းပုံရပေမဲ့ မသန့်ရှင်းတဲ့နေရာတွေကနေ အရင်းခံတယ်။ ကျွန်ုပ်တို့ဟာ စစ်မှန်တဲ့ဝတ်ပြုရေးဘက်ရပ်တည်ဖို့ “မစင်ကြယ်သောအရာကို လက်နှင့်မျှမတို့ကြနှင့်” လို့ စစ်မှန်တဲ့ဝတ်ပြုကိုးကွယ်သူတွေကို ပြောခဲ့တဲ့ ပရောဖက်ဟေရှာယရဲ့ သဘောထားမျိုးရှိဖို့လိုတယ်။—ဟေရှာယ ၅၂:၁၁

တခြားသူတွေနဲ့ဆက်ဆံရာမှာ ပိုင်းခြားသိမြင်မှုရှိပါ

၁၃။ ပွဲနေ့တွေမှာ သင်မပါဝင်တဲ့အတွက် ဘယ်ပြဿနာအခက်အခဲတွေ ပေါ်လာနိုင်သလဲ။

၁၃ ပွဲနေ့တွေမှာမပါဝင်ဖို့ ဆုံးဖြတ်တဲ့အခါ ပြဿနာအခက်အခဲတွေ ပေါ်လာနိုင်တယ်။ ဥပမာ၊ အလုပ်ဖော်တွေက အလုပ်မှာကျင်းပတဲ့ပွဲနေ့တွေမှာ သင်မပါဝင်ရတဲ့အကြောင်းရင်းကို သိချင်နေတာဖြစ်နိုင်တယ်။ သင့်ကို ခရစ္စမတ်လက်ဆောင်ပေးရင် ဘယ်လိုလုပ်မလဲ။ လက်ဆောင်ကိုလက်ခံလိုက်တာ မှားသလား။ သင့်အိမ်ထောင်ဖက်က သင်နဲ့ဘာသာ မတူဘူးဆိုရင်ကော။ ပွဲနေ့တွေမကျင်းပတဲ့အတွက် သင့်ကလေးတွေအနေနဲ့ ဆုံးၡုံးနစ်နာတယ်လို့ မခံစားရဖို့ ဘယ်လိုလုပ်နိုင်သလဲ။

၁၄၊ ၁၅။ ပွဲနေ့တွေမှာပြောတဲ့နှုတ်ဆက်စကားနဲ့ သင့်ကို နှုတ်ဆက်တဲ့အခါ၊ ဒါမှမဟုတ် တစ်စုံတစ်ဦးက သင့်ကိုလက်ဆောင်ပေးချင်တဲ့အခါ ဘာလုပ်နိုင်သလဲ။

၁၄ အခြေအနေတစ်ခုစီကို ကိုင်တွယ်ရာမှာ ကောင်းကောင်း ချင့်ချိန်ပိုင်းခြားတတ်ဖို့လိုတယ်။ ပွဲနေ့တွေမှာပြောတဲ့ နှုတ်ဆက်စကားတွေနဲ့ သင့်ကို အမှတ်မထင် နှုတ်ဆက်လာတယ်ဆိုရင် ကျေးဇူးတင်ပါတယ်လို့ ရိုးရိုးလေးပြန်ပြောနိုင်ပါတယ်။ ဒါပေမဲ့ သင်တွေ့နေကျ ဒါမှမဟုတ် သင်နဲ့အတူ အမြဲ အလုပ်လုပ်နေသူတစ်ဦးက သင့်ကို နှုတ်ဆက်တယ်ဆိုပါစို့။ အဲဒီအခါမှာတော့ ပိုရှင်းပြရတော့မှာဖြစ်တယ်။ အခြေအနေတိုင်းမှာ လိမ္မာပါးနပ်မှုရှိပါ။ သမ္မာကျမ်းစာက ဒီလိုအကြံပေးတယ်– “လူအသီးသီးတို့အား မည်ကဲ့သို့ဖြေကြားရမည်ကို သိနိုင်မည်အကြောင်း သင်တို့၏စကားသည် ဆားခတ်ထားသကဲ့သို့ အစဉ်နှစ်လို့ဖွယ် ဖြစ်ပါစေ။” (ကောလောသဲ ၄:၆) တခြားသူတွေကို မလေးမစားမလုပ်မိဖို့ သတိပြုပါ။ အဲဒီအစား သင့်ရပ်တည်ချက်ကို လိမ္မာပါးနပ်စွာ ရှင်းပြပါ။ လက်ဆောင်ပေးတာ၊ စုရုံးတာကို မကြိုက်တာမဟုတ်ကြောင်း၊ ဒါပေမဲ့ ဒီပွဲနေ့မျိုးမှာမဟုတ်ဘဲ တခြားအချိန်မှာ လုပ်တာကို ပိုနှစ်သက်ကြောင်း ရှင်းရှင်းလင်းလင်း ပြောပြပါ။

၁၅ တစ်ယောက်ယောက်က သင့်ကို လက်ဆောင်ပေးချင်တယ်ဆိုရင် ဘယ်လိုလုပ်မလဲ။ အခြေအနေအပေါ် အများကြီးမူတည်ပါတယ်။ လက်ဆောင်ပေးတဲ့သူက “ဒီပွဲနေ့ကို မင်းတို့မကျင်းပဘူးဆိုတာ သိပါတယ်။ ဒါပေမဲ့ ဒီလက်ဆောင်လေးကို ပေးချင်တယ်” လို့ပြောလာနိုင်တယ်။ အဲဒီအခြေအနေမျိုးမှာ လက်ဆောင်ကိုလက်ခံတာက ပွဲနေ့မှာ ပါဝင်ပတ်သက်တာမဟုတ်ဘူးဆိုပြီး သင် ဆုံးဖြတ်ကောင်း ဆုံးဖြတ်နိုင်တယ်။ တကယ်လို့ သင့်ယုံကြည်ချက်ကိုမသိသူက လက်ဆောင်ပေးတယ်ဆိုရင် ဒီပွဲနေ့ကို မကျင်းပတဲ့အကြောင်း ရှင်းပြနိုင်တယ်။ အဲဒီလိုရှင်းပြမယ်ဆိုရင် လက်ဆောင်ကို သင် ဘာကြောင့်လက်ခံကြောင်း၊ ဒါပေမဲ့ အဲဒီလိုအခါသမယမျိုးမှာ ဘာကြောင့် လက်ဆောင်ပြန်မပေးကြောင်း နားလည်ဖို့ အထောက်အကူပြုမှာဖြစ်တယ်။ ဒါပေမဲ့ သင်ဟာ သင့်ယုံကြည်ချက်အတိုင်း အခိုင်အမာ မရပ်တည်ဘူး ဒါမှမဟုတ် လက်ဆောင်ပစ္စည်းရဖို့ဆိုရင် သင် လိုက်လျောမှာပဲဆိုတဲ့သဘောမျိုးနဲ့ တစ်ယောက်ယောက်က လက်ဆောင်ပေးတာမျိုးဆိုရင်တော့ အဲဒီလက်ဆောင်ကို လက်မခံတာက ပညာရှိရာရောက်ပါလိမ့်မယ်။

မိသားစုဝင်တွေနဲ့ပတ်သက်ပြီးတော့ကော

၁၆။ ပွဲနေ့တွေနဲ့ဆက်စပ်နေတဲ့ကိစ္စတွေကို ကိုင်တွယ်ရာမှာ လိမ္မာပါးနပ်မှု ဘယ်လိုပြနိုင်သလဲ။

၁၆ မိသားစုဝင်တွေက သင်နဲ့ယုံကြည်ခြင်း မတူဘူးဆိုရင်ကော။ ဒီအခြေအနေမျိုးမှာလည်း လိမ္မာပါးနပ်မှုရှိဖို့လိုတယ်။ သင့်ဆွေမျိုးသားချင်းတွေ ပြုလုပ်တဲ့ ဓလေ့ထုံးစံ၊ ပွဲနေ့တိုင်းကို လိုက်အငြင်းပွားနေဖို့ မလိုဘူး။ အဲဒီအစား၊ သင်က သင့်လုပ်ပိုင်ခွင့်ကို လေးစားစေချင်သလို သူတို့ရဲ့လုပ်ပိုင်ခွင့်ကိုလည်း လေးစားပါ။ (မဿဲ ၇:၁၂ ကိုဖတ်ပါ) ပွဲနေ့မှာပါဝင်မိစေမယ့် လုပ်ရပ်မှန်သမျှကိုရှောင်ပါ။ ဒါပေမဲ့ ပွဲနေ့တွေနဲ့မပတ်သက်တဲ့ ကိစ္စတွေမှာ အကျိုးသင့်အကြောင်းသင့်ရှိပါ။ တကယ်တော့ သင့်ရဲ့သြတ္တပ္ပစိတ် ကြည်လင်တဲ့အရာကိုပဲ အမြဲလုပ်ဆောင်သင့်တယ်။၁ တိမောသေ ၁:၁၈၊ ၁၉ ကိုဖတ်ပါ။

၁၇။ တခြားသူတွေ ပွဲနေ့ကျင်းပတာကို သားသမီးတွေ တွေ့မြင်ပြီး နစ်နာဆုံးၡုံးတယ်လို့ မခံစားရဖို့ သင် ဘယ်လိုကူညီပေးနိုင်သလဲ။

၁၇ ကျမ်းစာနဲ့မညီတဲ့ပွဲနေ့တွေကို မကျင်းပတဲ့အတွက် သင့်သားသမီးတွေအနေနဲ့ သူတို့နစ်နာဆုံးၡုံးနေတယ်လို့ မခံစားရဖို့ သင် ဘာလုပ်နိုင်ပါသလဲ။ နှစ်ရဲ့တခြားအချိန်တွေမှာ သင်လုပ်ဆောင်တဲ့အရာအပေါ် များစွာမူတည်ပါတယ်။ တချို့မိဘတွေက သားသမီးတွေကို လက်ဆောင်ပေးမယ့်အချိန်ကို သတ်မှတ်ထားကြတယ်။ သင့်သားသမီးတွေကိုပေးနိုင်တဲ့ အကောင်းဆုံးလက်ဆောင်က သင့်ရဲ့အချိန်နဲ့ မေတ္တာပါဂရုစိုက်မှုဖြစ်တယ်။

စစ်မှန်တဲ့ဝတ်ပြုရေးနဲ့အညီ လုပ်ဆောင်ပါ

မှန်တဲ့ဝတ်ပြုရေးအတိုင်း လုပ်ဆောင်ခြင်းက စစ်မှန်တဲ့ပျော်ရွှင်မှုရရှိစေ

၁၈။ ခရစ်ယာန်အစည်းအဝေးတွေကို တက်ရောက်ခြင်းက စစ်မှန်တဲ့ဝတ်ပြုရေးဘက် ရပ်တည်ဖို့ သင့်ကို ဘယ်လိုအထောက်အကူပြုနိုင်သလဲ။

၁၈ ဘုရားသခင့်နှစ်သက်လက်ခံမှုရဖို့ အယူမှားဝတ်ပြုရေးကိုစွန့်ပြီး မှန်တဲ့ဝတ်ပြုရေးဘက် ရပ်တည်ရမယ်။ မှန်တဲ့ဝတ်ပြုရေးဘက် ရပ်တည်ခြင်းမှာ ဘာပါဝင်သလဲ။ ကျမ်းစာမှာဒီလိုပြောတယ်– “မေတ္တာစိတ်ရှိ၍ အကျင့်ကောင်းများကျင့်စေရန် တိုက်တွန်းနှိုးဆော်နိုင်မည်အကြောင်း အချင်းချင်း ထောက်ထားစာနာကြစို့။ လူအချို့၏ထုံးစံရှိသည့်အတိုင်း အတူတကွစည်းဝေးခြင်းအမှုကို လျစ်လျူမရှုကြနှင့်။ အချင်းချင်း အားပေးကြလော့။ ထိုနေ့ရက် နီးလာသည်ကိုမြင်ရသောကြောင့် သာ၍ကြိုးစားအားထုတ်ကြလော့။” (ဟေဗြဲ ၁၀:၂၄၊ ၂၅) ခရစ်ယာန်အစည်းအဝေးတွေက ဘုရားသခင်နှစ်သက်တဲ့နည်းနဲ့ ကိုယ်တော့်ကိုဝတ်ပြုနိုင်တဲ့ ပျော်ရွှင်ဖွယ်အခါသမယတွေဖြစ်တယ်။ (ဆာလံ ၂၂:၂၂; ၁၂၂:၁) အဲဒီအစည်းအဝေးတွေမှာ သစ္စာရှိခရစ်ယာန်တွေ အချင်းချင်း “အပြန်အလှန်အားပေးခွင့်ရ” ကြတယ်။—ရောမ ၁:၁၂

၁၉။ သမ္မာကျမ်းစာကနေ သိရှိလာတဲ့အရာတွေကို တခြားသူတွေကိုပြောပြဖို့ ဘာကြောင့် အရေးကြီးသလဲ။

၁၉ စစ်မှန်တဲ့ဝတ်ပြုရေးဘက် ရပ်တည်နိုင်တဲ့ နောက်နည်းတစ်နည်းက ယေဟောဝါသက်သေတွေနဲ့ သမ္မာကျမ်းစာလေ့လာရာကနေ သိရှိလာတဲ့အရာတွေကို တခြားသူတွေကို ပြောပြခြင်းဖြစ်တယ်။ ယနေ့လောကမှာ ဖြစ်ပျက်နေတဲ့ ဆိုးသွမ်းမှုတွေကြောင့် လူများစွာ “ညည်းတွားငိုကြွေး” နေကြတယ်။ (ယေဇကျေလ ၉:၄) အဲဒီလိုခံစားနေရသူတချို့ကို သင် သိကောင်းသိမယ်။ သူတို့တွေကို ကျမ်းစာမှာပါတဲ့ သင့်အနာဂတ်မျှော်လင့်ချက်အကြောင်း ပြောပြပါ။ သင်က ခရစ်ယာန်စစ်တွေနဲ့ပေါင်းသင်းပြီး အလွန်ကောင်းတဲ့ ကျမ်းစာအမှန်တရားအကြောင်း တခြားသူတွေကို ပြောပြတဲ့အခါ သင့်စိတ်ထဲကျန်ရှိနေနိုင်တဲ့ အယူမှားဝတ်ပြုရေးထုံးစံတွေကို လုပ်လိုတဲ့ဆန္ဒမှန်သမျှဟာ တဖြည်းဖြည်း ပျောက်သွားမှာဖြစ်တယ်။ သင်ဟာ မှန်တဲ့ဝတ်ပြုရေးဘက် ရပ်တည်တယ်ဆိုရင် အလွန်ပျော်ရွှင်ပြီး ကောင်းချီးများစွာရရှိမယ်ဆိုတာ ယုံကြည်စိတ်ချပါ။—မာလခိ ၃:၁၀

^ စာပိုဒ်၊ 9 ဆက်တန်နေလီယာပွဲကလည်း ဒီဇင်ဘာ ၂၅ ရက်ကိုရွေးချယ်ရတဲ့ အကြောင်းရင်းတစ်ခုဖြစ်တယ်။ ရောမတွေရဲ့ လယ်ယာနတ်ဘုရားကိုဂုဏ်တင်တဲ့ ဒီပွဲနေ့ကို ဒီဇင်ဘာ ၁၇-၂၄ ရက်နေ့အထိ ကျင်းပခဲ့ကြတယ်။ ဆက်တန်နေလီယာပွဲအတွင်းမှာ စားသောက်ပွဲ၊ ပျော်ပွဲရွှင်ပွဲ၊ လက်ဆောင်ပေးတာတွေကို ပြုလုပ်ကြတယ်။

^ စာပိုဒ်၊ 10 စစ်မှန်တဲ့ခရစ်ယာန်တွေဟာ လူကြိုက်များတဲ့ တခြားပွဲနေ့တွေကို ဘယ်လိုရှုမြင်ကြသလဲဆိုတဲ့ ဆွေးနွေးမှုအတွက် နောက်ဆက်တွဲ “ပွဲနေ့တွေကို ကျင်းပသင့်သလား” ကိုကြည့်ပါ။