မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ဆယ့်ခုနစ်

ဆုတောင်းခြင်းဖြင့် ဘုရားသခင်နဲ့ ရင်းနှီးအောင်လုပ်ပါ

ဆုတောင်းခြင်းဖြင့် ဘုရားသခင်နဲ့ ရင်းနှီးအောင်လုပ်ပါ
  • ဘုရားသခင်ထံ ဘာကြောင့် ဆုတောင်းသင့်သလဲ။

  • ဆုတောင်းချက်တွေကို ဘုရားသခင်နားထောင်ဖို့ ဘာလုပ်ရမလဲ။

  • ကျွန်ုပ်တို့ရဲ့ဆုတောင်းချက်တွေကို ဘုရားသခင် ဘယ်လိုဖြေကြားပေးသလဲ။

“ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းတော်မူသောအရှင်” က ကျွန်ုပ်တို့ရဲ့ ဆုတောင်းချက်တွေကို နားထောင်ဖို့ တလိုတလားရှိ

၁၊ ၂။ ဆုတောင်းခြင်းကို အခွင့်ထူးတစ်ခုအနေနဲ့ ဘာကြောင့် သဘောထားသင့်သလဲ၊ ဆုတောင်းခြင်းနဲ့ပတ်သက်ပြီး ကျမ်းစာဖော်ပြချက်ကို ဘာကြောင့်သိဖို့လိုသလဲ။

အလွန်ကြီးမားကျယ်ပြန့်တဲ့ စကြဝဠာကြီးနဲ့နှိုင်းယှဉ်မယ်ဆိုရင် ဒီကမ္ဘာက အရမ်းကိုသေးငယ်ပါတယ်။ အမှန်တော့ “ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်း” တဲ့အရှင် ယေဟောဝါအတွက်ဆိုရင် လူသားတွေဟာ ရေပုံးကကျတဲ့ ရေစက်တစ်စက်လိုပဲ။ (ဆာလံ ၁၁၅:၁၅; ဟေရှာယ ၄၀:၁၅) ဒါပေမဲ့ ကျမ်းစာမှာဒီလိုပြောတယ်– ‘ယေဟောဝါသည် ဆုတောင်းသောသူအပေါင်း၊ သစ္စာနှင့်တကွ ဆုတောင်းသောသူအပေါင်းတို့၏ အနီးအပါး၌ရှိတော်မူ၏။ ကြောက်ရွံ့သောသူတို့၏အလိုကို ပြည့်စုံစေတော်မူ၏။ ထိုသူတို့၏အော်ဟစ်ခြင်းကိုကြား၍ ကယ်တင်တော်မူ၏။’ (ဆာလံ ၁၄၅:၁၈၊ ၁၉) အဲဒါက ဘာကိုဆိုလိုတယ်ဆိုတာ စဉ်းစားကြည့်ပါ။ အနန္တတန်ခိုးရှင်ဖြစ်တဲ့ ဖန်ဆင်းရှင်က ကျွန်ုပ်တို့အနီးအပါးမှာရှိနေတဲ့အတွက် ကျွန်ုပ်တို့က စိတ်ရင်းမှန်နဲ့ ဆုတောင်းမယ်ဆိုရင် ကိုယ်တော်နားထောင်ပေးမှာဖြစ်တယ်။ ဘုရားသခင်ထံ ဆုတောင်းခွင့်ရတာက အခွင့်ထူးပါပဲ။

ဒါပေမဲ့ ကျွန်ုပ်တို့ရဲ့ဆုတောင်းချက်ကို ယေဟောဝါကို နားထောင်စေချင်တယ်ဆိုရင် ကိုယ်တော်နှစ်သက်လက်ခံတဲ့နည်းနဲ့ ဆုတောင်းရမယ်။ ဆုတောင်းခြင်းနဲ့ပတ်သက်တဲ့ ကျမ်းစာသွန်သင်ချက်ကို ကျွန်ုပ်တို့နားမလည်ဘူးဆိုရင် ဘယ်လိုဆုတောင်းနိုင်ပါ့မလဲ။ ဆုတောင်းခြင်းက ဘုရားသခင်နဲ့ရင်းနှီးဖို့ အထောက်အကူပြုတဲ့အတွက် ဆုတောင်းခြင်းနဲ့ပတ်သက်ပြီး ကျမ်းစာမှာ ဘယ်လိုဖော်ပြထားသလဲဆိုတာသိဖို့ အရေးကြီးတယ်။

ယေဟောဝါထံ ဘာကြောင့်ဆုတောင်းရ

၃။ ယေဟောဝါထံဆုတောင်းသင့်တဲ့ အရေးကြီးတဲ့အကြောင်းရင်းတစ်ခုက ဘာလဲ။

ယေဟောဝါထံ ဆုတောင်းသင့်တဲ့ အရေးကြီးတဲ့အကြောင်းရင်းတစ်ခုက ဆုတောင်းဖို့ ဘုရားသခင်ကိုယ်တိုင် ဖိတ်ခေါ်ထားလို့ပဲ။ ကျမ်းစာက ကျွန်ုပ်တို့ကို ဒီလိုတိုက်တွန်းတယ်– “မည်သည့်အမှုကိုမျှ စိုးရိမ်ခြင်းမရှိဘဲ အရာရာတွင် ကျေးဇူးတော်ချီးမွမ်းခြင်းနှင့်တကွ ဆုတောင်းခြင်း၊ တိုးလျှိုးအသနားခံခြင်းအားဖြင့် သင်တို့အသနားခံလိုသောအရာများကို ဘုရားသခင်ထံ ကြားလျှောက်ကြလော့။ ထိုသို့ပြုလျှင် စဉ်းစား၍မမီနိုင်သည့် ဘုရားသခင်၏ငြိမ်သက်ခြင်းသည် ခရစ်တော်ယေရှုအားဖြင့် သင်တို့၏စိတ်နှလုံးနှင့် ဉာဏ်တို့ကို စောင့်ရှောက်လိမ့်မည်။” (ဖိလိပ္ပိ ၄:၆၊ ၇) စကြဝဠာပိုင်သအုပ်စိုးရှင် ပေးသနားထားတဲ့ ဒီလိုကောင်းမွန်တဲ့ပြင်ဆင်ပေးချက်ကို ကျွန်ုပ်တို့ လျစ်လျူရှုလိုကြမှာမဟုတ်ဘူး။

၄။ ယေဟောဝါထံ မှန်မှန်ဆုတောင်းခြင်းက ကိုယ်တော်နဲ့ကျွန်ုပ်တို့ရဲ့ဆက်ဆံရေးကို ဘယ်လိုခိုင်မြဲစေသလဲ။

ဆုတောင်းသင့်တဲ့ နောက်အကြောင်းရင်းတစ်ခုက ယေဟောဝါထံ မှန်မှန်ဆုတောင်းခြင်းဟာ ကိုယ်တော်နဲ့ ကျွန်ုပ်တို့ရဲ့ ဆက်ဆံရေးကို ခိုင်မြဲစေတဲ့နည်းဖြစ်လို့ပဲ။ မိတ်ဆွေစစ်တွေက အကူအညီလိုအပ်မှသာ ပြောဆိုဆက်သွယ်ကြတာမဟုတ်ပါဘူး။ မိတ်ဆွေကောင်းတွေဟာ တစ်ဦးကိုတစ်ဦး စိတ်ဝင်စားကြတယ်၊ သူတို့ရဲ့အယူအဆတွေ၊ စိုးရိမ်ပူပန်မှုတွေ၊ ခံစားချက်တွေကို လွတ်လွတ်လပ်လပ် ဖွင့်ပြောခြင်းအားဖြင့် သူတို့ရဲ့ခင်မင်မှုက ပိုခိုင်မြဲလာတယ်။ တချို့ကဏ္ဍတွေမှာ ယေဟောဝါဘုရားသခင်နဲ့ ကျွန်ုပ်တို့ရဲ့ဆက်ဆံရေးကလည်း အဲဒီအတိုင်းပဲ။ သင်ဟာ ဒီစာအုပ်ရဲ့အကူအညီနဲ့ ယေဟောဝါ၊ ကိုယ်တော့်အရည်အသွေးတွေ၊ ကိုယ်တော့် ရည်ရွယ်ချက်တွေနဲ့ပတ်သက်တဲ့ ကျမ်းစာသွန်သင်ချက်များစွာကို သိရှိခဲ့ပြီးဖြစ်တယ်။ ကိုယ်တော့်ကို တကယ့်ပုဂ္ဂိုလ်အဖြစ် သင်သိရှိလာပြီ။ ဆုတောင်းခြင်းက သင့်ကောင်းကင်ဖခင် ယေဟောဝါထံ သင့်စိတ်ကူးတွေ၊ ရင်တွင်းခံစားချက်တွေကိုဖော်ပြဖို့ အခွင့်အရေးရရှိစေတယ်။ အဲဒီလိုလုပ်တယ်ဆိုရင် သင်ဟာ ယေဟောဝါနဲ့ပိုရင်းနှီးလာမယ်။—ယာကုပ် ၄:၈

ဘယ်လိုအပ်ချက်တွေကို ပြည့်မီရမလဲ

၅။ ယေဟောဝါက ဆုတောင်းချက်အားလုံးကို နားမထောင်ဘူးဆိုတာ ဘယ်အရာက ဖော်ပြသလဲ။

ဆုတောင်းချက်အားလုံးကို ယေဟောဝါ နားထောင်ပါသလား။ ပရောဖက်ဟေရှာယလက်ထက်မှာရှိတဲ့ ပုန်ကန်တဲ့အစ္စရေးလူမျိုးကို ပြောခဲ့တဲ့အချက်ကို သုံးသပ်ကြည့်ပါ– “သင်တို့သည် . . . များစွာသောဆုတောင်းသံကိုပြုကြသောအခါ ငါသည်နားမထောင်။ သင်တို့လက်တို့သည် အသွေးနှင့်ပြည့်ကြ၏။” (ဟေရှာယ ၁:၁၅) ဒါကြောင့် တချို့သောလုပ်ရပ်တွေကြောင့် ကျွန်ုပ်တို့ရဲ့ဆုတောင်းချက်တွေကို ဘုရားသခင် နားထောင်မှာမဟုတ်ဘူး။ ကျွန်ုပ်တို့ရဲ့ဆုတောင်းချက်တွေကို ဘုရားသခင် လိုလိုလားလားနားထောင်ပေးဖို့ ကျွန်ုပ်တို့ဘက်က အခြေခံလိုအပ်ချက်တချို့ကို ပြည့်မီရမှာဖြစ်တယ်။

၆။ ကျွန်ုပ်တို့ရဲ့ဆုတောင်းချက်တွေကို ဘုရားသခင် နားထောင်ဖို့အတွက် အဓိကလိုအပ်ချက်တစ်ခုက ဘာလဲ၊ အဲဒါကို ဘယ်လိုတင်ပြနိုင်သလဲ။

အဓိကကျတဲ့ လိုအပ်ချက်တစ်ခုက ယုံကြည်ခြင်းရှိရမယ်။ (မာကု ၁၁:၂၄ ကိုဖတ်ပါ) တမန်တော်ပေါလု ဒီလိုရေးခဲ့တယ်– “ယုံကြည်ခြင်းမရှိလျှင် ဘုရားသခင်၏စိတ်တော်နှင့်မတွေ့နိုင်။ အကြောင်းမူကား ဘုရားသခင်ထံတော်သို့ ချဉ်းကပ်သူသည် ကိုယ်တော်တည်ရှိကြောင်းကို ယုံကြည်ရမည်။ ကိုယ်တော်သည် မိမိအား စိတ်ထက်သန်စွာ ရှာဖွေသူကို ဆုချသောအရှင်ဖြစ်ကြောင်းကိုလည်း ယုံကြည်ရမည်။” (ဟေဗြဲ ၁၁:၆) စစ်မှန်တဲ့ယုံကြည်ခြင်းဆိုတာက ဘုရားသခင်ရှိတယ်၊ ကိုယ်တော်က ဆုတောင်းချက်တွေကိုနားထောင်ပြီး ဖြေကြားပေးတယ်ဆိုတာကို သိရှိရုံလောက်ပဲမဟုတ်ဘူး။ ယုံကြည်ခြင်းရှိတယ်ဆိုတာကို ကျွန်ုပ်တို့ရဲ့လုပ်ရပ်တွေနဲ့ တင်ပြရမယ်။ ကျွန်ုပ်တို့ရဲ့ နေ့စဉ်အသက်ရှင်နေထိုင်ပုံအားဖြင့် ကျွန်ုပ်တို့မှာ ယုံကြည်ခြင်းရှိကြောင်း အထင်အရှားပြသရမယ်။—ယာကုပ် ၂:၂၆

၇။ (က) ယေဟောဝါထံ ဆုတောင်းစကားပြောတဲ့အခါ ဘာကြောင့် ရိုသေလေးစားမှု ရှိသင့်သလဲ။ (ခ) ဘုရားသခင်ထံ ဆုတောင်းတဲ့အခါ နှိမ့်ချမှုနဲ့ စိတ်ရင်းမှန်ရှိကြောင်း ဘယ်လိုပြနိုင်သလဲ။

ယေဟောဝါက မိမိထံ ဆုတောင်းချဉ်းကပ်သူတွေမှာ နှိမ့်ချမှုနဲ့ စိတ်ရင်းမှန်ရှိဖို့လည်း တောင်းဆိုတယ်။ ယေဟောဝါနဲ့စကားပြောဆိုတဲ့အခါ နှိမ့်ချသင့်တဲ့အကြောင်းရင်း များစွာရှိပါတယ်။ လူတွေက နိုင်ငံတော်အကြီးအကဲတစ်ဦးနဲ့ စကားပြောခွင့်ရတဲ့အခါ သူ့ရဲ့ရာထူးကို အသိအမှတ်ပြုပြီး ရိုရိုသေသေ လေးလေးစားစား ပြောဆိုတတ်ကြတယ်။ ယေဟောဝါထံ ဆုတောင်းချဉ်းကပ်တဲ့အခါ ပိုပြီးတော့တောင် ရိုသေလေးစားမှုပြသင့်တယ်။ (ဆာလံ ၁၃၈:၆) ကိုယ်တော်က “အနန္တတန်ခိုးရှင်ဘုရားသခင်” ဖြစ်တယ်။ (ကမ္ဘာဦး ၁၇:၁) ကျွန်ုပ်တို့ ဆုတောင်းတဲ့အခါ ဘုရားသခင်နဲ့နှိုင်းယှဉ်ရင် ကျွန်ုပ်တို့က ဘာမှမဟုတ်ဘူးဆိုတာ အသိအမှတ်ပြုကြောင်း ကျွန်ုပ်တို့ရဲ့ဆုတောင်းပုံက ဖော်ပြသင့်တယ်။ အဲဒီလိုနှိမ့်ချမှုက ကျွန်ုပ်တို့ရဲ့စိတ်နှလုံးထဲကနေ စိတ်ရင်းမှန်နဲ့ဆုတောင်းဖို့ လှုံ့ဆော်ပေးတယ်၊ လုပ်ရိုးလုပ်စဉ်အနေနဲ့ ဆုတောင်းတာမျိုး၊ စကားတစ်မျိုးတည်းကိုပဲ အထပ်ထပ်ရွတ်ဆိုတဲ့ ဆုတောင်းချက်မျိုး မဖြစ်ဖို့လည်း ကူညီပေးတယ်။—မဿဲ ၆:၇၊ ၈

၈။ ကျွန်ုပ်တို့ရဲ့ဆုတောင်းချက်နဲ့အညီ ဘယ်လိုပြုမူနိုင်သလဲ။

ကျွန်ုပ်တို့ရဲ့ ဆုတောင်းချက်ကို ဘုရားသခင်နားထောင်ဖို့ နောက်လိုအပ်ချက်တစ်ခုက ကျွန်ုပ်တို့ရဲ့ဆုတောင်းချက်တွေနဲ့အညီ ပြုမူနေထိုင်ခြင်းဖြစ်တယ်။ ကျွန်ုပ်တို့ ဆုတောင်းတဲ့အတိုင်း ကျွန်ုပ်တို့ဘက်က အတတ်နိုင်ဆုံးလုပ်ဆောင်ဖို့ ယေဟောဝါ မျှော်လင့်တယ်။ ဥပမာ၊ ကျွန်ုပ်တို့က “ယနေ့အတွက် အသက်မွေးလောက်သောအစာကို ကျွန်ုပ်တို့အား ယနေ့ ပေးသနားတော်မူပါ” လို့ဆုတောင်းတယ်ဆိုရင် အလုပ်မရွေးဘဲ ရတဲ့အလုပ်ကို ကြိုးကြိုးစားစား လုပ်ရမှာဖြစ်တယ်။ (မဿဲ ၆:၁၁; ၂ သက်သာလောနိတ် ၃:၁၀) ကျွန်ုပ်တို့ရဲ့ မကောင်းတဲ့အကျင့်တစ်ခုခုကို ဖြတ်နိုင်ဖို့ ကူညီပေးပါလို့ ဆုတောင်းတယ်ဆိုရင်လည်း အဲဒီအရာကိုလုပ်မိစေနိုင်တဲ့ သွေးဆောင်မှုအခြေအနေတွေကို သတိထားရှောင်ရမယ်။ (ကောလောသဲ ၃:၅) အဲဒီအခြေခံလိုအပ်ချက်တွေအပြင် ဆုတောင်းခြင်းနဲ့ပတ်သက်တဲ့မေးခွန်းတွေ ရှိသေးတယ်။

ဆုတောင်းချက်နဲ့ပတ်သက်တဲ့ မေးခွန်းတချို့

၉။ ဘယ်သူ့ထံ ဆုတောင်းသင့်သလဲ၊ ဘယ်သူကနေတစ်ဆင့် ဆုတောင်းရမလဲ။

ဘယ်သူ့ဆီ ဆုတောင်းသင့်သလဲ။ ယေရှုက မိမိရဲ့နောက်လိုက်တွေကို “ကောင်းကင်ဘုံရှိ ကျွန်ုပ်တို့အဖ” ထံ ဆုတောင်းဖို့ သင်ပေးခဲ့တယ်။ (မဿဲ ၆:၉) ဒါကြောင့် ကျွန်ုပ်တို့က ယေဟောဝါဘုရားသခင်ဆီကိုသာ ဦးတည်ဆုတောင်းရမယ်။ ဒါပေမဲ့ ယေဟောဝါက မိမိရဲ့တစ်ပါးတည်းသောသားတော် ယေရှုခရစ်ရဲ့ အနေအထားကို အသိအမှတ်ပြုဖို့ အလိုရှိတယ်။ အခန်း ၅ မှာ လေ့လာခဲ့တဲ့အတိုင်း ယေရှုဟာ ကျွန်ုပ်တို့ကို အပြစ်နဲ့သေခြင်းကနေ ကယ်နုတ်ဖို့အတွက် ရွေးနုတ်ဖိုးပေးဖို့ မြေကြီးပေါ် စေလွှတ်ခံခဲ့ရတယ်။ (ယောဟန် ၃:၁၆; ရောမ ၅:၁၂) ယေရှုဟာ ယဇ်ပုရောဟိတ်မင်းကြီးနဲ့ တရားသူကြီးအဖြစ် ခန့်အပ်ခံရတယ်။ (ယောဟန် ၅:၂၂; ဟေဗြဲ ၆:၂၀) ဒါကြောင့် ကျမ်းစာမှာ ကျွန်ုပ်တို့ကို ယေရှုကနေတစ်ဆင့် ဆုတောင်းဖို့ ညွှန်ကြားထားတယ်။ ယေရှုကိုယ်တိုင် ဒီလိုပြောခဲ့တယ်– “ငါသည် လမ်းခရီးဖြစ်၏။ အမှန်တရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏။ ငါ့ကိုအမှီမပြုဘဲ အဘယ်သူမျှ ခမည်းတော်ထံသို့ မရောက်ရ။” (ယောဟန် ၁၄:၆) ကျွန်ုပ်တို့ရဲ့ဆုတောင်းချက်တွေ ဖြေကြားခံရဖို့ဆိုရင် သားတော်မှတစ်ဆင့် ယေဟောဝါဆီကိုသာ ဆုတောင်းရမယ်။

၁၀။ ကျွန်ုပ်တို့ဆုတောင်းတဲ့အခါ ဘာကြောင့် အထူးကိုယ်ဟန်အနေအထား မလိုအပ်သလဲ။

၁၀ ဆုတောင်းတဲ့အခါ အထူးကိုယ်ဟန်အနေအထားရှိဖို့ လိုသလား။ မလိုပါဘူး။ လက် ဒါမှမဟုတ် ခန္ဓာကိုယ်အနေအထား ဘယ်လိုရှိရမယ်ဆိုတာကို ယေဟောဝါ သတ်သတ်မှတ်မှတ် မတောင်းဆိုဘူး။ အနေအထားအမျိုးမျိုးနဲ့ ဆုတောင်းနိုင်တယ်လို့ သမ္မာကျမ်းစာက သွန်သင်တယ်။ အဲဒီထဲမှာ ထိုင်လျက်၊ ဦးညွှတ်ပျပ်ဝပ်လျက်၊ ဒူးထောက်လျက်၊ မတ်တတ်ရပ်လျက် အနေအထားတွေ ပါဝင်တယ်။ (၁ ရာဇဝင်ချုပ် ၁၇:၁၆; နေဟမိ ၈:၆; ဒံယေလ ၆:၁၀; မာကု ၁၁:၂၅) တကယ်အရေးကြီးတာက တခြားသူတွေမြင်သာတဲ့ အထူးကိုယ်ဟန်အနေအထားမဟုတ်ဘဲ စိတ်သဘောထားမှန်ရှိဖို့ ဖြစ်တယ်။ ကျွန်ုပ်တို့ နေ့စဉ်လုပ်ငန်းဆောင်တာတွေ လုပ်ဆောင်တဲ့အခါ ဒါမှမဟုတ် အရေးပေါ်အခြေအနေတွေနဲ့ ရင်ဆိုင်ရတဲ့အခါတွေမှာ ဘယ်နေရာမှာပဲရှိနေပါစေ အသံတိတ်ဆုတောင်းနိုင်ပါတယ်။ အဲဒီလိုဆုတောင်းချက်တွေကို ကျွန်ုပ်တို့ပတ်ဝန်းကျင်မှာရှိတဲ့လူတွေ လုံးလုံးရိပ်မိမှာမဟုတ်ပေမဲ့ ယေဟောဝါကြားတယ်။—နေဟမိ ၂:၁-၆

၁၁။ ဆုတောင်းဖို့သင့်လျော်တဲ့ ကိုယ်ရေးကိုယ်တာကိစ္စတချို့က ဘာတွေလဲ။

၁၁ ဘာအတွက် ဆုတောင်းနိုင်သလဲ။ “အလိုတော်နှင့်အညီ ငါတို့တောင်းသမျှကို ကိုယ်တော်နားညောင်းတော်မူကြောင်း ငါတို့ယုံကြည်စိတ်ချကြ၏” လို့ကျမ်းစာမှာ ပြောထားတယ်။ (၁ ယောဟန် ၅:၁၄) ဒါကြောင့် ဘုရားသခင့်အလိုတော်နဲ့ညီတဲ့ ဘယ်အရာကိုမဆို တောင်းလျှောက်နိုင်ပါတယ်။ ကိုယ်ရေးကိုယ်တာကိစ္စတွေ ထည့်တောင်းတာကကော အလိုတော်နဲ့ညီပါ့မလား။ ညီပါတယ်။ ယေဟောဝါထံ ဆုတောင်းတယ်ဆိုတာ ရင်းနှီးတဲ့မိတ်ဆွေတစ်ဦးနဲ့ စကားပြောဆိုတာနဲ့ တူတယ်။ ကျွန်ုပ်တို့က ဘုရားသခင်ထံ ပွင့်ပွင့်လင်းလင်း “စိတ်နှလုံးကိုဖွင့်ပြ” နိုင်ကြတယ်။ (ဆာလံ ၆၂:၈) သန့်ရှင်းသောစွမ်းအားတော်ရဖို့ တောင်းလျှောက်တာက သင့်လျော်ပါတယ်၊ အကြောင်းကတော့ မှန်ရာကိုပြုလုပ်ဖို့ သန့်ရှင်းသောစွမ်းအားတော်က ကူညီပေးမှာဖြစ်လို့ပဲ။ (လုကာ ၁၁:၁၃) မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေချနိုင်အောင် လမ်းညွှန်ပေးဖို့နဲ့ အခက်အခဲပြဿနာတွေကို ဖြေရှင်းရာမှာ ခွန်အားပေးဖို့အတွက်လည်း တောင်းလျှောက်နိုင်တယ်။ (ယာကုပ် ၁:၅) ကျွန်ုပ်တို့အပြစ်လုပ်မိတဲ့အခါ ယေရှုရဲ့ပူဇော်သကာပေါ်အခြေပြုပြီး ခွင့်လွှတ်ပေးဖို့ တောင်းလျှောက်သင့်တယ်။ (ဧဖက် ၁:၃၊) ဒါပေမဲ့ ကိုယ့်အတွက်ပဲ ဆုတောင်းတာမျိုးတော့ မဖြစ်သင့်ဘူး။ မိသားစုဝင်တွေအပြင် ယုံကြည်ခြင်းတူတဲ့သူတွေအတွက်လည်း ဆုတောင်းပေးသင့်တယ်။—တမန်တော် ၁၂:၅; ကောလောသဲ ၄:၁၂

၁၂။ ကျွန်ုပ်တို့ရဲ့ဆုတောင်းချက်တွေမှာ ကောင်းကင်ဖခင်နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို ပထမဦးစားထားကြောင်း ဘယ်လိုဖော်ပြနိုင်သလဲ။

၁၂ ကျွန်ုပ်တို့ရဲ့ဆုတောင်းချက်တွေမှာ ယေဟောဝါဘုရားသခင်နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို ဦးစားပေးထည့်တောင်းသင့်တယ်။ ကောင်းမြတ်မှုအားလုံးအတွက် ကိုယ်တော့်ကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ချီးမွမ်းစရာအကြောင်း တကယ်ပဲရှိတယ်။ (၁ ရာဇဝင်ချုပ် ၂၉:၁၀-၁၃) ယေရှုက နမူနာအဖြစ် ဆုတောင်းချက်တစ်ခု သင်ပေးခဲ့တယ်၊ အဲဒါကို မဿဲ ၆:၉-၁၃ (ဖတ်ပါ။) မှာမှတ်တမ်းတင်ထားပြီး ဘုရားသခင့်နာမည် ရိုသေလေးမြတ်ခံရဖို့၊ သန့်ရှင်းမြင့်မြတ်ရာအဖြစ် ယူမှတ်ခံရဖို့ ဆုတောင်းပါလို့ သင်ပေးခဲ့တယ်။ ဘုရားသခင့်နိုင်ငံတော်တည်ထောင်ဖို့၊ ကိုယ်တော့်အလိုတော် ကောင်းကင်မှာပြည့်စုံသလို မြေကြီးပေါ်မှာပြည့်စုံဖို့ ဆုတောင်းပါလို့လည်း ဆက်ဖော်ပြခဲ့တယ်။ ယေရှုက ယေဟောဝါနဲ့ဆက်နွှယ်တဲ့ အရေးကြီးတဲ့ ဒီအကြောင်းအရာတွေကို ဖော်ပြပြီးနောက်မှသာ ကိုယ်ရေးကိုယ်တာကိစ္စတွေကို ဖော်ပြခဲ့တယ်။ ကျွန်ုပ်တို့ရဲ့ဆုတောင်းချက်တွေမှာ ဘုရားသခင်ကို အရေးကြီးဆုံးနေရာမှာထားတဲ့အခါ ကျွန်ုပ်တို့က ကိုယ်ကျိုးကိုသာ အဓိက စိတ်ဝင်စားတာမဟုတ်ဘူးဆိုတာ ဖော်ပြတယ်။

၁၃။ ဘုရားသခင်နားထောင်တဲ့ ဆုတောင်းချက်တွေရဲ့ ကြာရှည်ချိန်နဲ့ပတ်သက်ပြီး သမ္မာကျမ်းစာက ဘာဖော်ပြသလဲ။

၁၃ ကျွန်ုပ်တို့ရဲ့ ဆုတောင်းချက်တွေက ဘယ်လောက်ထိ ရှည်သင့်သလဲ။ ကိုယ်ပိုင်ဆုတောင်းချက် ဒါမှမဟုတ် လူအများအတွက် ကိုယ်စားပြုတဲ့ဆုတောင်းချက်တွေက ဘယ်လောက်အထိ ရှည်သင့်တယ်ဆိုတာနဲ့ပတ်သက်ပြီး ကျမ်းစာမှာ သတ်မှတ်ထားတာ မရှိပါဘူး။ အစာမစားခင် တောင်းတဲ့ဆုတောင်းချက်ကတိုပြီး ယေဟောဝါထံ ကျွန်ုပ်တို့စိတ်နှလုံးထဲမှာရှိတဲ့အရာတွေကို ဖွင့်ပြောပြတဲ့ ကိုယ်ပိုင်ဆုတောင်းချက်တွေက ရှည်နိုင်တယ်။ (၁ ဓမ္မရာဇဝင် ၁:၁၂၊ ၁၅) ဒါပေမဲ့ တခြားသူတွေမြင်သာတဲ့နေရာမှာ ရှည်လျားစွာဆုတောင်းပြီး ကိုယ့်ကိုယ်ကိုဖြောင့်မတ်သူအဖြစ် ယူမှတ်သူတွေကို ယေရှု အပြစ်တင်ခဲ့တယ်။ (လုကာ ၂၀:၄၆၊ ၄၇) အဲဒီလိုဆုတောင်းချက်တွေကို ယေဟောဝါ မနှစ်သက်ဘူး။ အရေးကြီးတာက ကျွန်ုပ်တို့ရဲ့စိတ်နှလုံးထဲကနေ လှိုက်လှိုက်လှဲလှဲ ဆုတောင်းဖို့ဖြစ်တယ်။ ဒါကြောင့် ဘုရားသခင်နားထောင်တဲ့ဆုတောင်းချက်တွေရဲ့ ကြာရှည်ချိန်က ကျွန်ုပ်တို့ရဲ့လိုအပ်ရာတွေ၊ အခြေအနေတွေအရ ကွဲပြားနိုင်ပါတယ်။

ဘယ်အချိန်မှာမဆို သင့်ဆုတောင်းချက်ကို ဘုရားသခင်ကြားနိုင်တယ်

၁၄။ ကျမ်းစာမှာပါတဲ့ “မပြတ်ဆုတောင်း” ဆိုတာက ဘာကိုဆိုလိုတာလဲ၊ ဘယ်အရာက အားရှိစရာဖြစ်စေသလဲ။

၁၄ ဘယ်နှစ်ကြိမ်လောက် ဆုတောင်းသင့်သလဲ။ “မပြတ်ဆုတောင်း” ကြဖို့၊ “ဆုတောင်းခြင်း၌ စွဲမြဲကြ” ဖို့နဲ့ “မခြားမလပ်ဆုတောင်း” ကြဖို့ ကျမ်းစာမှာအားပေးထားတယ်။ (မဿဲ ၂၆:၄၁; ရောမ ၁၂:၁၂; ၁ သက်သာလောနိတ် ၅:၁၇) ဒီဖော်ပြချက်တွေက ကျွန်ုပ်တို့ တစ်ချိန်လုံးလိုလို ယေဟောဝါထံ ဆုတောင်းနေရမယ်လို့ မဆိုလိုဘူး။ အဲဒီအစား မှန်မှန်ဆုတောင်းကြဖို့၊ ယေဟောဝါရဲ့ကောင်းမြတ်မှုတွေအတွက် ကျေးဇူးတင်ကြောင်း အမြဲဖော်ပြဖို့နဲ့ လမ်းညွှန်မှု၊ နှစ်သိမ့်မှုနဲ့ ခွန်အားရဖို့ ကိုယ်တော့်ကို အမြဲမျှော်ကိုးနေဖို့ သမ္မာကျမ်းစာက အားပေးနေတာဖြစ်တယ်။ ကိုယ်တော်နဲ့ ဘယ်လောက်ကြာကြာ ဆုတောင်းစကားပြောရမယ်၊ ဘယ်နှစ်ကြိမ်ဆုတောင်းရမယ်ဆိုတာကို ယေဟောဝါ မသတ်မှတ်ထားကြောင်း သိရခြင်းက အားရှိစရာပါပဲ။ ကျွန်ုပ်တို့က ဆုတောင်းရတဲ့အခွင့်ထူးကို တကယ်တန်ဖိုးထားတယ်ဆိုရင် ကောင်းကင်ဖခင်ထံ ဆုတောင်းဖို့ အခွင့်အရေးတွေကို ရှာဖွေနေမှာဖြစ်တယ်။

၁၅။ ကိုယ်ပိုင်ဆုတောင်းချက်ဖြစ်စေ၊ လူအများနဲ့အတူတောင်းတဲ့ ဆုတောင်းချက်ဖြစ်စေ ဆုတောင်းချက်တွေရဲ့အဆုံးမှာ “အာမင်” လို့ ဘာကြောင့်ပြောသင့်သလဲ။

၁၅ ဆုတောင်းချက်ရဲ့အဆုံးမှာ “အာမင်” လို့ ဘာကြောင့်ပြောသင့်သလဲ။ “အာမင်” ဆိုတဲ့စကားလုံးရဲ့အဓိပ္ပာယ်က “အမှန်ဖြစ်ပါစေ၊” ဒါမှမဟုတ် “အဲဒီအတိုင်းဖြစ်ပါစေ” ဆိုတဲ့ အဓိပ္ပာယ်ဖြစ်တယ်။ တစ်ယောက်တည်း ဆုတောင်းတာပဲဖြစ်ဖြစ်၊ လူအများအတွက် ကိုယ်စားပြုဆုတောင်းတာပဲဖြစ်ဖြစ်၊ ဆုတောင်းချက်ရဲ့အဆုံးမှာ “အာမင်” လို့ပြောတာက သင့်လျော်တယ်ဆိုတာ ကျမ်းစာပုံနမူနာတွေက ဖော်ပြတယ်။ (၁ ရာဇဝင်ချုပ် ၁၆:၃၆; ဆာလံ ၄၁:၁၃) ကိုယ်ပိုင်ဆုတောင်းချက်ရဲ့အဆုံးမှာ “အာမင်” လို့ပြောတာက ကျွန်ုပ်တို့ရဲ့ဆုတောင်းချက်တွေကို စိတ်ရင်းမှန်နဲ့တောင်းတာဖြစ်ကြောင်း ဖော်ပြရာရောက်တယ်။ လူအများနဲ့အတူ ဆုတောင်းတဲ့ ဆုတောင်းချက်အဆုံးမှာ အသံတိတ်ဖြစ်စေ၊ အသံထွက်ပြီးဖြစ်စေ “အာမင်” လို့ပြောတာက ကိုယ်စားပြုဆုတောင်းပေးသူရဲ့ ဆုတောင်းချက်တွေကို သဘောတူကြောင်း ဖော်ပြရာရောက်တယ်။—၁ ကောရိန္သု ၁၄:၁၆

ကျွန်ုပ်တို့ရဲ့ဆုတောင်းချက်တွေကို ဘုရားသခင်ဖြေကြားပုံ

၁၆။ ဆုတောင်းခြင်းနဲ့ပတ်သက်ပြီး ဘာကို ယုံကြည်စိတ်ချနိုင်သလဲ။

၁၆ ယေဟောဝါက ကျွန်ုပ်တို့ရဲ့ဆုတောင်းချက်တွေကို တကယ်ပဲဖြေကြားပေးပါသလား။ တကယ်ဖြေကြားပေးပါတယ်။ ‘ဆုတောင်းချက်ကို နားထောင်တော်မူသောဘုရားသခင်’ က သန်းနဲ့ချီတဲ့လူတွေရဲ့ စိတ်ရင်းမှန်နဲ့တောင်းတဲ့ ဆုတောင်းချက်တွေကို ဖြေကြားပေးတယ်ဆိုတာ ယုံကြည်စိတ်ချဖို့ ခိုင်လုံတဲ့အကြောင်းရင်းရှိတယ်။ (ဆာလံ ၆၅:၂) ယေဟောဝါဟာ ကျွန်ုပ်တို့ရဲ့ဆုတောင်းချက်တွေကို နည်းအမျိုးမျိုးနဲ့ ဖြေကြားပေးနိုင်တယ်။

၁၇။ ဘုရားသခင်က ကျွန်ုပ်တို့ရဲ့ဆုတောင်းချက်တွေကို ဖြေကြားဖို့ ကောင်းကင်တမန်တွေနဲ့ မြေကြီးပေါ်မှာရှိတဲ့ကျေးကျွန်တွေကို အသုံးပြုတယ်လို့ ဘာကြောင့် ပြောနိုင်တာလဲ။

၁၇ ယေဟောဝါက ကောင်းကင်တမန်တွေနဲ့ မြေကြီးပေါ်မှာရှိတဲ့ကျေးကျွန်တွေကို အသုံးပြုပြီး ဆုတောင်းချက်တွေကို ဖြေကြားပေးတယ်။ (ဟေဗြဲ ၁:၁၃၊ ၁၄) သမ္မာကျမ်းစာကို နားလည်သဘောပေါက်နိုင်ဖို့ ကူညီပေးပါလို့ ဘုရားသခင်ထံဆုတောင်းသူတွေဟာ ဆုတောင်းပြီး မကြာခင်မှာပဲ ယေဟောဝါသက်သေတစ်ဦးနဲ့ အဆက်အသွယ်ရခဲ့ကြတဲ့ တွေ့ကြုံမှုများစွာရှိတယ်။ ဘုရားသခင့်နိုင်ငံတော် ဟောပြောခြင်းလုပ်ငန်းကို ကောင်းကင်တမန်တွေ လမ်းညွှန်ပေးနေတယ်ဆိုတာ အဲဒီတွေ့ကြုံမှုတွေက ဖော်ပြတယ်။ (ဗျာဒိတ် ၁၄:၆) အကူအညီတကယ်လိုအပ်နေချိန်မှာ ကျွန်ုပ်တို့ရဲ့ဆုတောင်းချက်ကို ဖြေကြားတဲ့အနေနဲ့ ယေဟောဝါက ကျွန်ုပ်တို့ကို အကူအညီပေးဖို့ ခရစ်ယာန်တစ်ဦးကို လှုံ့ဆော်နိုင်ပါတယ်။—သုတ္တံ ၁၂:၂၅; ယာကုပ် ၂:၁၆

ယေဟောဝါက ကျွန်ုပ်တို့ရဲ့ဆုတောင်းချက်တွေကို ဖြေကြားပေးတဲ့အနေနဲ့ ကျွန်ုပ်တို့ကိုကူညီပေးဖို့ ခရစ်ယာန်တစ်ဦးဦးကို လှုံ့ဆော်ပေးနိုင်

၁၈။ ယေဟောဝါဟာ သန့်ရှင်းသောစွမ်းအားတော်နဲ့ သမ္မာကျမ်းစာကို အသုံးပြုပြီး မိမိကျေးကျွန်တွေရဲ့ ဆုတောင်းချက်တွေကို ဘယ်လိုဖြေကြားပေးသလဲ။

၁၈ ယေဟောဝါဘုရားသခင်က မိမိကျေးကျွန်တွေရဲ့ ဆုတောင်းချက်တွေကို ဖြေကြားဖို့ ကိုယ်တော့်သန့်ရှင်းသောစွမ်းအားတော်နဲ့ သမ္မာကျမ်းစာကိုလည်း အသုံးပြုတယ်။ စုံစမ်းနှောင့်ယှက်မှုတွေကို ရင်ဆိုင်ဖြေရှင်းနိုင်ဖို့ ကူညီပေးပါလို့ ကျွန်ုပ်တို့ ဆုတောင်းတဲ့အခါ သန့်ရှင်းသောစွမ်းအားတော်အားဖြင့် လမ်းညွှန်မှုပေးခြင်း၊ ခွန်အားပေးခြင်းအားဖြင့် ကိုယ်တော်ဖြေကြားပေးနိုင်တယ်။ (၂ ကောရိန္သု ၄:၇) လမ်းညွှန်မှုရဖို့တောင်းတဲ့ ဆုတောင်းချက်တွေကို သမ္မာကျမ်းစာနဲ့ ဖြေကြားလေ့ရှိတယ်၊ ယေဟောဝါက ကျွန်ုပ်တို့ မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေချနိုင်အောင် ကျမ်းစာနဲ့ကူညီပေးတယ်။ ကိုယ်တစ်ယောက်တည်း ကျမ်းစာဖတ်ရှုလေ့လာတဲ့အခါတွေနဲ့ အခုဖတ်နေတဲ့စာအုပ်လိုမျိုး ခရစ်ယာန်စာပေတွေကို ဖတ်တဲ့အခါတွေမှာ အထောက်အကူပြုတဲ့ ကျမ်းချက်တွေကို ရှာတွေ့နိုင်ပါတယ်။ ခရစ်ယာန်အစည်းအဝေးတစ်ခုမှာ ပြောဆိုတဲ့အကြောင်းအရာ ဒါမှမဟုတ် အသင်းတော်မှာရှိတဲ့ ဂရုစိုက်တတ်တဲ့ အကြီးအကဲတစ်ဦးရဲ့ မှတ်ချက်တွေကြောင့် ကျွန်ုပ်တို့ဆင်ခြင်သုံးသပ်သင့်တဲ့ ကျမ်းချက်တွေကို သတိပြုမိနိုင်တယ်။—ဂလာတိ ၆:၁

၁၉။ တစ်ခါတလေ ကျွန်ုပ်တို့ရဲ့ဆုတောင်းချက်တွေ ဖြေကြားမခံရပုံပေါက်နေတယ်ဆိုရင် ဘာကို သတိရသင့်သလဲ။

၁၉ ကျွန်ုပ်တို့ရဲ့ဆုတောင်းချက်တွေကို ယေဟောဝါဖြေကြားရာမှာ နှောင့်နှေးကြန့်ကြာနေပုံရတယ်ဆိုရင် ဒါက ကိုယ်တော်မဖြေကြားနိုင်လို့ မဟုတ်ပါဘူး။ အဲဒီအစား၊ ယေဟောဝါက ကျွန်ုပ်တို့ရဲ့ဆုတောင်းချက်တွေကို ကိုယ်တော့်အလိုတော်နဲ့အညီ ကိုယ်တော်သတ်မှတ်ထားချိန်မှာ ဖြေကြားမယ်ဆိုတာ သတိရဖို့လိုတယ်။ ကျွန်ုပ်တို့ရဲ့လိုအပ်ချက်တွေနဲ့ အဲဒါတွေကို ဘယ်လိုဖြည့်ဆည်းပေးရမယ်ဆိုတာကို ကျွန်ုပ်တို့ထက် ကိုယ်တော်က ပိုသိတယ်။ တစ်ခါတလေ ကျွန်ုပ်တို့ဘက်က ‘တောင်းမြဲတောင်း၊ ရှာမြဲရှာ၊ ခေါက်မြဲခေါက်’ ဖို့ ကိုယ်တော်ခွင့်ပြုလေ့ရှိတယ်။ (လုကာ ၁၁:၅-၁၀) အဲဒီလိုစွဲစွဲမြဲမြဲတောင်းတာက ကျွန်ုပ်တို့တောင်းလျှောက်တဲ့အရာကို အမှန်တကယ်လိုချင်ကြောင်း၊ ကျွန်ုပ်တို့ရဲ့ဆုတောင်းချက်တွေကို ဖြေကြားပေးမယ်ဆိုတာ ယုံကြည်ကြောင်း တင်ပြရာရောက်တယ်။ ဒါ့အပြင် ယေဟောဝါက ကျွန်ုပ်တို့ရဲ့ဆုတောင်းချက်တွေကို မြင်သာတဲ့နည်းနဲ့ မဖြေကြားတာလည်း ဖြစ်နိုင်တယ်။ ဥပမာ၊ အခက်အခဲတစ်ခုခုနဲ့ပတ်သက်ပြီး ဆုတောင်းတဲ့အခါ အဲဒီအခက်အခဲကိုဖယ်ရှားမပေးဘဲ ခံရပ်နိုင်ဖို့ ခွန်အားပေးခြင်းအားဖြင့် ဖြေကြားပေးနိုင်တယ်။ဖိလိပ္ပိ ၄:၁၃ ကိုဖတ်ပါ။

၂၀။ ဆုတောင်းခြင်းအခွင့်ထူးကို ဘာကြောင့် အပြည့်အဝ အသုံးချသင့်သလဲ။

၂၀ ကြီးမားကျယ်ပြန့်လှတဲ့ စကြဝဠာကို ဖန်ဆင်းတဲ့အရှင်က ကိုယ်တော့်ထံ မှန်ကန်တဲ့နည်းလမ်းနဲ့ ဆုတောင်းသူအားလုံးရဲ့ အနီးမှာရှိတဲ့အတွက် ကျွန်ုပ်တို့ ကျေးဇူးတင်နိုင်ကြပါတယ်။ (ဆာလံ ၁၄၅:၁၈ ကိုဖတ်ပါ။) ဆုတောင်းခြင်းက အခွင့်ထူးဖြစ်တဲ့အတွက် ယေဟောဝါထံ မှန်မှန် ဆုတောင်းသင့်ပါတယ်။ အဲဒီလိုလုပ်မယ်ဆိုရင် ဆုတောင်းချက်ကို နားထောင်တဲ့အရှင် ယေဟောဝါနဲ့ ပိုပိုပြီးရင်းနှီးနိုင်တဲ့ ရွှင်လန်းဖွယ်အလားအလာကို ရရှိမှာဖြစ်တယ်။