မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ဆယ့်ရှစ်

နှစ်ခြင်းခံခြင်းနဲ့ ဘုရားသခင်နဲ့သင့်ဆက်ဆံရေး

နှစ်ခြင်းခံခြင်းနဲ့ ဘုရားသခင်နဲ့သင့်ဆက်ဆံရေး
  • လူတစ်ယောက် ခရစ်ယာန်ဖြစ်လာဖို့ ဘယ်လိုနှစ်ခြင်းခံသလဲ။

  • နှစ်ခြင်းခံဖို့ အရည်အချင်းပြည့်မီအောင် ဘာတွေလိုအပ်သလဲ။

  • လူတစ်ဦးက ဘုရားသခင်ထံ မိမိကိုယ်ကို ဘယ်လိုအပ်နှံနိုင်သလဲ။

  • နှစ်ခြင်းခံရတဲ့ အဓိကအကြောင်းရင်းက ဘာလဲ။

၁။ အီသီယိုးပီးယားအမတ်က နှစ်ခြင်းခံဖို့ ဘာကြောင့်တောင်းဆိုခဲ့တာလဲ။

“ဤအရပ်တွင် ရေရှိပါ၏။ ကျွန်ုပ်နှစ်ခြင်းမခံနိုင်ရန် အဘယ်အရာက တားဆီးပါသနည်း။” ဒီမေးခွန်းကို ပထမရာစုအချိန်က အီသီယိုးပီးယားအမတ်တစ်ဦး မေးခဲ့တာဖြစ်တယ်။ ယေရှုဟာ ကျမ်းစာမှာကြိုဟောထားတဲ့ မေရှိယဖြစ်တယ်ဆိုတဲ့အကြောင်း ဖိလိပ္ပုလို့ခေါ်တဲ့ ခရစ်ယာန်တစ်ဦးက သူ့ကို ရှင်းပြခဲ့တယ်။ အီသီယိုးပီးယားအမတ်ဟာ ကျမ်းစာကနေ သိရှိခဲ့တာတွေကြောင့် စိတ်နှလုံးထိမိသွားပြီး သိရှိခဲ့တဲ့အတိုင်း လုပ်ဆောင်ခဲ့တယ်။ သူနှစ်ခြင်းခံချင်တဲ့အကြောင်း ပြောပြခဲ့တယ်။—တမန်တော် ၈:၂၆-၃၆

၂။ နှစ်ခြင်းနဲ့ပတ်သက်ပြီး ဘာကြောင့် အလေးအနက်စဉ်းစားသင့်သလဲ။

သင်က ဒီစာအုပ်မှာပါတဲ့ အစပိုင်းအခန်းတွေကို ယေဟောဝါသက်သေတစ်ဦးနဲ့အတူ အသေအချာလေ့လာခဲ့ပြီးပြီဆိုရင် ‘ကျွန်ုပ်နှစ်ခြင်းမခံနိုင်အောင် ဘာက တားဆီးနေသလဲ’ လို့မေးဖို့ အဆင်သင့်ဖြစ်နေနိုင်တယ်။ အခု သင်က ငြိမ်းချမ်းသာယာတဲ့ကမ္ဘာမြေ ပရဒိသုမှာရမယ့် ထာဝရအသက်နဲ့ဆိုင်တဲ့ ကျမ်းစာကတိတော်အကြောင်း လေ့လာခဲ့ပြီးပြီ။ (လုကာ ၂၃:၄၃; ဗျာဒိတ် ၂၁:၃၊ ၄) လူသေတွေရဲ့အခြေအနေမှန်နဲ့ ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက် အကြောင်းကိုလည်း သိခဲ့ပြီးပြီ။ (ဒေသနာ ၉:၅; ယောဟန် ၅:၂၈၊ ၂၉) အသင်းတော်အစည်းအဝေးတွေမှာ ယေဟောဝါသက်သေတွေနဲ့အတူ ပေါင်းသင်းပြီး သူတို့ ဘယ်လိုပြုမူကျင့်ကြံတယ်ဆိုတာကို သင်ကိုယ်တိုင် တွေ့မြင်ခဲ့ပြီးတာ ဖြစ်နိုင်တယ်။ (ယောဟန် ၁၃:၃၅) အရေးကြီးဆုံးက ယေဟောဝါဘုရားသခင်နဲ့ နှစ်ကိုယ်ကြား ဆက်ဆံရေးကောင်းရှိဖို့ သင်ကိုယ်တိုင် အစပြုလုပ်ဆောင်ခဲ့ပြီးတာ ဖြစ်မယ်။

၃။ (က) ယေရှုက သူ့နောက်လိုက်တွေကို ဘာအမိန့်ပေးခဲ့သလဲ။ (ခ) ရေနှစ်ခြင်းကို ဘယ်လိုပေးရသလဲ။

ဘုရားသခင်ကို ဝတ်ပြုလိုကြောင်း သင်ဘယ်လိုတင်ပြနိုင်သလဲ။ ယေရှုက မိမိရဲ့နောက်လိုက်တွေကို “သွား၍ လူမျိုးတကာမှလူတို့ကို ငါ့တပည့်ဖြစ်စေလျက် . . . နှစ်ခြင်းပေးကြလော့” လို့ပြောခဲ့တယ်။ (မဿဲ ၂၈:၁၉) ယေရှုကိုယ်တိုင် ရေမှာနှစ်ခြင်းခံပြီး ပုံသက်သေပြခဲ့တယ်။ သူ့ကို ရေနဲ့ဖျန်းလိုက်တာ မဟုတ်ဘူး၊ ရေနည်းနည်းခပ်ပြီး ခေါင်းကနေ လောင်းချတာမျိုးလည်း မဟုတ်ဘူး။ (မဿဲ ၃:၁၆) “နှစ်ခြင်း” လို့ပြန်ဆိုတဲ့ မူရင်းဂရိစကားလုံးက “နှစ်သည်” ဆိုတဲ့ အဓိပ္ပာယ်ရှိတယ်။ ဒါကြောင့် ခရစ်ယာန်နှစ်ခြင်းက ရေထဲမှာ လုံးလုံးနှစ်မြုပ်ခြင်း၊ စုန်းစုန်းမြုပ်ခြင်းကို ဆိုလိုပါတယ်။

၄။ ရေနှစ်ခြင်းက ဘာကိုဖော်ပြသလဲ။

နှစ်ခြင်းက ယေဟောဝါဘုရားသခင်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေး ရှိလိုသူတိုင်းအတွက် လိုအပ်ချက်တစ်ခုဖြစ်တယ်။ နှစ်ခြင်းက ဘုရားသခင့်အမှုတော်ဆောင်လိုတဲ့ သင့်စိတ်ဆန္ဒကို လူသိရှင်ကြားဖော်ပြခြင်းဖြစ်တယ်။ ဒါက သင်ဟာ ယေဟောဝါရဲ့အလိုတော်ဆောင်ခြင်းကို နှစ်သက်ကြောင်း ဖော်ပြတယ်။ (ဆာလံ ၄၀:၇၊ ၈) ဒါပေမဲ့ နှစ်ခြင်းခံဖို့ အရည်အချင်းပြည့်မီအောင် သင်လုပ်ဆောင်ရမယ့်အရာတချို့ ရှိပါတယ်။

အသိပညာနဲ့ ယုံကြည်ခြင်းလိုအပ်

၅။ (က) နှစ်ခြင်းခံဖို့ အရည်အချင်းပြည့်မီအောင် ပထမဆုံးလုပ်ရမယ့်အဆင့်က ဘာလဲ။ (ခ) ခရစ်ယာန်အစည်းအဝေးတွေက ဘာကြောင့်အရေးကြီးသလဲ။

သင်က ပထမဆုံးအဆင့်ကို စလုပ်ဆောင်နေပြီ။ ဘာကြောင့် အဲဒီလိုပြောနိုင်သလဲ။ သင်ဟာ သမ္မာကျမ်းစာကို စနစ်တကျလေ့လာခြင်းအားဖြင့် ယေဟောဝါဘုရားသခင်၊ ယေရှုခရစ်တို့နဲ့ပတ်သက်တဲ့ အသိပညာကို ဆည်းပူးနေလို့ပဲ။ (ယောဟန် ၁၇:၃ ကိုဖတ်ပါ။) ဒါပေမဲ့ ထပ်ဆင့် သင်ယူစရာရှိပါသေးတယ်။ ခရစ်ယာန်တွေဟာ “ဘုရားသခင့်အလိုတော်နှင့်ဆိုင်သည့် တိကျမှန်ကန်သောအသိပညာ ပြည့်ဝ” ချင်ကြတယ်။ (ကောလောသဲ ၁:၉) ဒီလိုဖြစ်နိုင်ဖို့ ယေဟောဝါသက်သေတွေရဲ့ အသင်းတော်အစည်းအဝေးတွေကို တက်ရောက်ခြင်းက အများကြီး အထောက်အကူပြုတယ်။ အဲဒီအစည်းအဝေးတွေကို တက်ရောက်ဖို့ အရေးကြီးတယ်။ (ဟေဗြဲ ၁၀:၂၄၊ ၂၅) အစည်းအဝေးမှန်မှန်တက်ရောက်ခြင်းက ဘုရားသခင်နဲ့ပတ်သက်တဲ့ အသိပညာတိုးပွားဖို့ အထောက်အကူပြုပါလိမ့်မယ်။

ဘုရားသခင့်တရားစကားတော်ကနေ တိကျမှန်ကန်တဲ့အသိပညာကို ဆည်းပူးခြင်းက နှစ်ခြင်းခံဖို့ အရည်အချင်းပြည့်မီစေတဲ့ အရေးကြီးခြေလှမ်းတစ်ခုဖြစ်

၆။ နှစ်ခြင်းခံဖို့ အရည်အချင်းပြည့်မီအောင် ကျမ်းစာအသိပညာ ဘယ်လောက်ရှိရမလဲ။

နှစ်ခြင်းခံဖို့ အရည်အချင်းပြည့်မီအောင် သမ္မာကျမ်းစာမှာပါတဲ့ အကြောင်းအရာအားလုံးကို သိဖို့မလိုပါဘူး။ အီသီယိုးပီးယားအမတ်မှာ ကျမ်းစာအသိပညာ နည်းနည်း ရှိထားတယ်၊ ဒါပေမဲ့ ကျမ်းစာရဲ့တချို့အပိုင်းတွေကို နားလည်သဘောပေါက်ဖို့ အကူအညီ လိုအပ်ခဲ့တယ်။ (တမန်တော် ၈:၃၀၊ ၃၁) အလားတူပဲ သင့်မှာလည်း ဆက်ပြီးသင်ယူစရာ များစွာရှိနေဦးမှာဖြစ်တယ်။ တကယ်တော့ ဘုရားသခင်အကြောင်း သင်ယူခြင်းက ဘယ်တော့မှ ပြီးဆုံးသွားမှာမဟုတ်ဘူး။ (ဒေသနာ ၃:၁၁) ဒါပေမဲ့ သင်နှစ်ခြင်းမခံခင်မှာ အနည်းဆုံးတော့ ကျမ်းစာရဲ့အခြေခံသွန်သင်ချက်တွေကို သိနားလည်ပြီး လက်ခံဖို့လိုတယ်။ (ဟေဗြဲ ၅:၁၂) အဲဒီသွန်သင်ချက်တွေထဲမှာ လူသေတွေရဲ့အခြေအနေ၊ ဘုရားသခင့်နာမည်နဲ့ ဘုရားသခင့်နိုင်ငံတော်ရဲ့အရေးပါမှုစတဲ့ အမှန်တရားတွေပါဝင်တယ်။

၇။ ကျမ်းစာလေ့လာခြင်းက သင့်အပေါ် ဘယ်လိုအကျိုးသက်ရောက်သင့်သလဲ။

အသိပညာရှိရုံနဲ့ မလုံလောက်သေးပါဘူး၊ အကြောင်းကတော့ “ယုံကြည်ခြင်းမရှိလျှင် ဘုရားသခင်၏စိတ်တော်နှင့်မတွေ့နိုင်” လို့ပဲ။ (ဟေဗြဲ ၁၁:၆) ရှေးခေတ်ကောရိန္သုမြို့သားတချို့ဟာ ခရစ်ယာန်တွေဟောတဲ့ သတင်းစကားကို ကြားရတဲ့အခါ “ယုံကြည်လာသဖြင့် နှစ်ခြင်းခံကြ၏” လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ (တမန်တော် ၁၈:၈) အလားတူပဲ ကျမ်းစာလေ့လာခြင်းဖြင့် ကျမ်းစာကို ဘုရားသခင့်စွမ်းအားတော်တိုက်တွန်းမှုနဲ့ ရေးသားထားတယ်ဆိုတာ ယုံကြည်သင့်တယ်။ ကျမ်းစာလေ့လာခြင်းက ဘုရားသခင့်ကတိတော်တွေနဲ့ ယေရှုရဲ့ရွေးနုတ်ဖိုးပူဇော်သက္ကာရဲ့ ကယ်တင်နိုင်စွမ်းကို ယုံကြည်လာစေဖို့ အထောက်အကူဖြစ်သင့်တယ်။—ယောရှု ၂၃:၁၄; တမန်တော် ၄:၁၂; ၂ တိမောသေ ၃:၁၆၊ ၁၇

တခြားသူတွေကို ကျမ်းစာအမှန်တရားအကြောင်း ပြောပြပါ

၈။ သင်လေ့လာသိရှိရာတွေကို တခြားသူတွေကို ပြောပြဖို့ ဘာကလှုံ့ဆော်ပေးမလဲ။

သင့်ယုံကြည်ခြင်းတိုးပွားလာတာနဲ့အမျှ သင်လေ့လာသိရှိရာတွေကို မပြောဘဲမနေနိုင်တော့ဘူး။ (ယေရမိ ၂၀:၉) ဘုရားသခင်နဲ့ ကိုယ်တော့်ရည်ရွယ်ချက်တွေအကြောင်း တခြားသူတွေကို ပြောပြချင်တဲ့စိတ် ပြင်းပြလာပါလိမ့်မယ်။၂ ကောရိန္သု ၄:၁၃ ကိုဖတ်ပါ။

ယုံကြည်ခြင်းက သင့်ယုံကြည်ချက်တွေကို တခြားသူတွေကိုပြောပြဖို့ လှုံ့ဆော်ပေးသင့်

၉၊ ၁၀။ (က) ဘယ်သူတွေကို ကျမ်းစာအမှန်တရားအကြောင်း စပြောပြနိုင်သလဲ။ (ခ) ယေဟောဝါသက်သေတွေ စနစ်တကျစီစဉ်ထားတဲ့ ဟောပြောခြင်းလုပ်ငန်းမှာ ပါဝင်ချင်တယ်ဆိုရင် ဘာလုပ်သင့်သလဲ။

သင့်ဆွေမျိုး၊ မိတ်ဆွေ၊ အိမ်နီးချင်း၊ အလုပ်ဖော်တွေကို ကျမ်းစာအမှန်တရားအကြောင်း လိမ္မာပါးနပ်စွာပြောပြခြင်းနဲ့ စတင်နိုင်ပါတယ်။ နောက်ပိုင်းမှာတော့ ယေဟောဝါသက်သေတွေ စနစ်တကျစီစဉ်ထားတဲ့ ဟောပြောခြင်းလုပ်ငန်းမှာ သင်ပါဝင်လိုမှာဖြစ်တယ်။ အဲဒီလိုပါဝင်ချင်တယ်ဆိုရင် သင့်ကိုကျမ်းစာသင်ပေးတဲ့ သက်သေခံကို ပွင့်ပွင့်လင်းလင်း ပြောပြပါ။ ဟောပြောခြင်းလုပ်ငန်းအတွက် အရည်အချင်းပြည့်မီတယ်ဆိုရင် သင်နဲ့ သင့်ကိုကျမ်းစာသင်ပေးသူကို အသင်းတော်အကြီးအကဲနှစ်ဦးနဲ့ တွေ့ဆုံဖို့ အစီအစဉ်တွေ ပြုလုပ်ပေးပါလိမ့်မယ်။

၁၀ ဒါက ဘုရားသခင့်သိုးတော်စုကို ထိန်းကျောင်းနေတဲ့ ခရစ်ယာန်အကြီးအကဲတချို့နဲ့ သိကျွမ်းခွင့်ရစေနိုင်တယ်။ (တမန်တော် ၂၀:၂၈; ၁ ပေတရု ၅:၂၊ ၃) သင်ဟာ ကျမ်းစာအခြေခံသွန်သင်ချက်တွေကို နားလည်သဘောပေါက်ပြီး အဲဒီအချက်တွေကို ယုံကြည်ကြောင်း၊ ဘုရားသခင် ချမှတ်ထားတဲ့စံနှုန်းတွေနဲ့အညီ နေထိုင်ကြောင်း၊ ယေဟောဝါသက်သေတစ်ဦး အမှန်ဖြစ်လိုကြောင်း အကြီးအကဲတွေသိမြင်တဲ့အခါ နှစ်ခြင်းမခံသေးတဲ့ သတင်းကောင်းကြေညာသူတစ်ဦးအဖြစ် အရည်အချင်းပြည့်မီကြောင်း သင့်ကို အသိပေးမှာဖြစ်တယ်။

၁၁။ တချို့သူတွေက ဟောပြောခြင်းလုပ်ငန်းအတွက် အရည်အချင်းပြည့်မီဖို့ ဘယ်အပြောင်းအလဲတွေ လုပ်ဖို့လိုသလဲ။

၁၁ တစ်ဖက်မှာလည်း ဟောပြောခြင်းလုပ်ငန်းမှာ ပါဝင်ဖို့ အရည်အချင်းပြည့်မီအောင် သင့်ဘဝပုံစံနဲ့ အကျင့်တချို့ကို ပြုပြင်ပြောင်းလဲဖို့ လိုကောင်းလိုမှာဖြစ်တယ်။ အဲဒီအထဲမှာ တခြားသူတွေမသိအောင် ဖုံးကွယ်ထားတဲ့ အကျင့်တချို့ကိုဖြတ်လိုက်ခြင်း ပါဝင်နိုင်တယ်။ ဒါကြောင့် နှစ်ခြင်းမခံရသေးတဲ့ ကြေညာသူတစ်ဦးဖြစ်ချင်တယ်လို့ ဖွင့်မပြောခင်မှာ လိင်အကျင့်ယိုယွင်းခြင်း၊ သောက်ကြူးခြင်း၊ မူးယစ်ဆေးသုံးစွဲခြင်းအစရှိတဲ့ ကြီးလေးတဲ့အပြစ်တွေနဲ့ ကင်းရှင်းဖို့လိုတယ်။၁ ကောရိန္သု ၆:၉၊ ၁၀; ဂလာတိ ၅:၁၉-၂၁ တို့ကိုဖတ်ပါ။

နောင်တယူပြီး ပြုပြင်ပြောင်းလဲပါ

၁၂။ ဘာကြောင့် နောင်တယူဖို့လိုသလဲ။

၁၂ နှစ်ခြင်းခံဖို့ အရည်အချင်းပြည့်မီအောင် တခြားအဆင့်တွေကိုလည်း လုပ်ရမယ်။ တမန်တော်ပေတရုက “သင်တို့၏အပြစ်များကို ပယ်ဖျက်စေလိုလျှင် နောင်တရ၍ ပြောင်းလဲကြလော့” လို့ပြောခဲ့တယ်။ (တမန်တော် ၃:၁၉) နောင်တရတယ်ဆိုတာ သင်ပြုလုပ်ခဲ့တဲ့အရာတစ်ခုခုအတွက် စိတ်ရင်းမှန်နဲ့ ဝမ်းနည်းခြင်းဖြစ်တယ်။ အကျင့်ပျက်တဲ့ဘဝပုံစံနဲ့ နေထိုင်ခဲ့သူတစ်ဦးဟာ နောင်တယူသင့်တယ်၊ ကိုယ်ကျင့်တရားစင်ကြယ်တဲ့ အသက်တာနဲ့နေထိုင်ခဲ့သူတွေလည်း နောင်တယူဖို့လိုတယ်။ ဘာကြောင့်လဲ။ အကြောင်းကတော့ လူသားအားလုံးဟာ အပြစ်သားတွေဖြစ်ပြီး ဘုရားသခင့်ခွင့်လွှတ်မှု လိုအပ်လို့ပဲ။ (ရောမ ၃:၂၃; ၅:၁၂) သင် ကျမ်းစာမလေ့လာခင်တုန်းက ဘုရားသခင့်အလိုတော်ကို မသိခဲ့လို့ ကိုယ်တော့်အလိုတော်နဲ့အညီ အပြည့်အဝ နေထိုင်နိုင်ခဲ့မှာမဟုတ်ဘူး။ ဒါကြောင့် နောင်တယူဖို့လိုတယ်။

၁၃။ ပြုပြင်ပြောင်းလဲတယ်ဆိုတာ ဘာလဲ။

၁၃ နောင်တယူပြီးတဲ့နောက် ‘ပြုပြင်ပြောင်းလဲ’ ရမယ်။ ဝမ်းနည်းတဲ့ခံစားချက်ထက်မက ပိုလုပ်ဆောင်ဖို့လိုတယ်။ သင့်အသက်တာလမ်းစဉ်ဟောင်းကို ငြင်းပယ်ရမယ်၊ အခုအချိန်ကစပြီး မှန်ရာကိုလုပ်ဆောင်ဖို့ ခိုင်မာစွာဆုံးဖြတ်ရမယ်။ နောင်တယူခြင်းနဲ့ ပြုပြင်ပြောင်းလဲခြင်းက နှစ်ခြင်းမခံမီ လုပ်ဆောင်ရမယ့် အဆင့်တွေဖြစ်တယ်။

မိမိကိုယ်ကို အပ်နှံပါ

၁၄။ နှစ်ခြင်းမခံခင် အရေးကြီးတဲ့ ဘယ်အဆင့်ကို လုပ်ရမလဲ။

၁၄ နှစ်ခြင်းမခံခင်လုပ်ရမယ့် အရေးကြီးတဲ့ နောက်အဆင့်တစ်ဆင့် ရှိသေးတယ်။ အဲဒါကတော့ ယေဟောဝါဘုရားသခင်ထံ သင့်ကိုယ်သင် အပ်နှံရမှာဖြစ်တယ်။

သင် ဘုရားသခင်ထံ ဆုတောင်းအပ်နှံပြီးပြီလား

၁၅၊ ၁၆။ ဘုရားသခင်ထံ သင့်ကိုယ်သင် အပ်နှံတယ်ဆိုတာ ဘာကိုဆိုလိုသလဲ၊ လူတစ်ဦး အဲဒီလိုပြုလုပ်ဖို့ သူ့ကို ဘာကလှုံ့ဆော်ပေးသလဲ။

၁၅ စိတ်ထက်သန်စွာဆုတောင်းပြီး ယေဟောဝါထံ သင့်ကိုယ်သင်အပ်နှံခြင်းက သင်ဟာ ကိုယ်တော့်ကို ထာဝစဉ် အကြွင်းမဲ့ဆည်းကပ်ဝတ်ပြုမယ်လို့ ကတိပေးတာဖြစ်တယ်။ ဒါဆို တစ်စုံတစ်ဦးက ဘာကြောင့် အဲဒီလို လုပ်ချင်တာလဲ။ အမျိုးသားတစ်ဦးက အမျိုးသမီးတစ်ဦးကို စတင်ပိုးပန်းတယ်ဆိုပါစို့။ သူ့အကြောင်း ပိုသိလာပြီး သူ့ရဲ့အရည်အချင်းတွေကို တွေ့လာတာနဲ့အမျှ သူ့ကို ပိုပြီးစွဲလမ်းလာမှာ ဖြစ်တယ်။ အချိန်တန်တဲ့အခါ လက်ထပ်ခွင့်တောင်းတာက သဘာဝကျပါတယ်။ လက်ထပ်လိုက်တာက ထပ်ဆင့်တာဝန်တွေကို လက်ခံယူလိုက်ခြင်းဖြစ်တယ်။ မေတ္တာက အရေးကြီးတဲ့ အဲဒီအဆင့်ကိုလုပ်ဆောင်ဖို့ သူ့ကိုလှုံ့ဆော်ပေးမှာဖြစ်တယ်။

၁၆ သင်ဟာ ယေဟောဝါကိုသိကျွမ်းပြီး ချစ်မြတ်နိုးလာတဲ့အခါ ကိုယ်တော့်အမှုတော်ကို အပြည့်အဝ လုပ်ဆောင်ဖို့၊ ကိုယ်တော့်ကို အကြွင်းမဲ့ဝတ်ပြုဖို့ လှုံ့ဆော်ခံရမှာဖြစ်တယ်။ ဘုရားသခင့်သားတော် ယေရှုခရစ်နောက်ကို လိုက်လိုသူတိုင်းက “ကိုယ့်ကိုယ်ကိုယ်ငြင်းပယ်ရ” မယ်။ (မာကု ၈:၃၄) ဘုရားသခင်ကို အပြည့်အဝနာခံရာမှာ ကျွန်ုပ်တို့ရဲ့အလိုဆန္ဒတွေနဲ့ ရည်မှန်းချက်ပန်းတိုင်တွေကြောင့် အတားအဆီးအဖြစ်မခံခြင်းအားဖြင့် ကိုယ့်ကိုယ်ကိုယ်ငြင်းပယ်ကြတယ်။ ဒါကြောင့် သင်နှစ်ခြင်းမခံခင် ယေဟောဝါဘုရားသခင်ရဲ့ အလိုတော်ကိုဆောင်ခြင်းက သင့်အသက်တာရဲ့ အဓိကရည်ရွယ်ချက် ဖြစ်နေရမယ်။၁ ပေတရု ၄:၂ ကိုဖတ်ပါ။

ပြည့်မီမှာမဟုတ်ဘူးဆိုတဲ့ စိုးရိမ်စိတ်ကို အနိုင်ယူပါ

၁၇။ တချို့သူတွေ ဘုရားသခင်ထံအပ်နှံဖို့ ဘာကြောင့် တွန့်ဆုတ်ကြသလဲ။

၁၇ တချို့က အရေးကြီးတဲ့ အဲဒီအဆင့်ကိုလုပ်ဆောင်ဖို့ မဝံ့မရဲဖြစ်နေတဲ့အတွက် ယေဟောဝါထံအပ်နှံဖို့ တွန့်ဆုတ်နေကြတယ်။ အပ်နှံထားတဲ့ခရစ်ယာန်တစ်ဦးအနေနဲ့ ဘုရားသခင်ထံ ဖြေရှင်းချက်ပေးရမှာကို စိုးရိမ်လို့ဖြစ်နိုင်တယ်။ မလုပ်နိုင်မှာ၊ ယေဟောဝါစိတ်ပျက်မှာကို စိုးရိမ်တဲ့အတွက် မအပ်နှံဘဲနေတာက အကောင်းဆုံးပဲလို့ စဉ်းစားကြတယ်။

၁၈။ ယေဟောဝါထံ ဆက်ကပ်အပ်နှံဖို့ ဘယ်အရာက သင့်ကို လှုံ့ဆော်ပေးနိုင်သလဲ။

၁၈ ယေဟောဝါကို ချစ်မြတ်နိုးလာတာနဲ့အမျှ ကိုယ်တော့်ထံအပ်နှံပြီး အပ်နှံမှုနဲ့အညီ အကောင်းဆုံးနေထိုင်သွားဖို့ လှုံ့ဆော်ခံရပါလိမ့်မယ်။ (ဒေသနာ ၅:၄) အပ်နှံပြီးတဲ့နောက် သင်ဟာ ‘ယေဟောဝါ၏ နှစ်သက်လက်ခံမှုကို အပြည့်အဝရရှိလျက် ကိုယ်တော်နှင့် ထိုက်တန်စွာလျှောက်လှမ်း’ လိုပါလိမ့်မယ်။ (ကောလောသဲ ၁:၁၀) သင်ဟာ ဘုရားသခင်ကို ချစ်မြတ်နိုးတဲ့အတွက် ကိုယ်တော့်အလိုတော်ဆောင်တာကို အရမ်းခက်တယ်လို့ ယူမှတ်မှာမဟုတ်ဘူး။ “ဘုရားသခင်ကို ချစ်ခြင်းဟူသည် ကိုယ်တော်၏ပညတ်များကို လိုက်နာခြင်းဖြစ်၏။ ကိုယ်တော်၏ပညတ်များသည် ဝန်ထုပ်ဝန်ပိုးဖြစ်သည်မဟုတ်” လို့ရေးခဲ့တဲ့ တမန်တော်ယောဟန်နဲ့ သင် သဘောတူမှာဖြစ်တယ်။—၁ ယောဟန် ၅:၃

၁၉။ ဘုရားသခင်ထံ အပ်နှံတာနဲ့ပတ်သက်ပြီး ဘာကြောင့် စိုးရိမ်ဖို့မလိုသလဲ။

၁၉ ဘုရားသခင်ထံအပ်နှံဖို့ သင်က အပြစ်ကင်းတဲ့စုံလင်သူဖြစ်ဖို့ မလိုပါဘူး။ ယေဟောဝါက သင့်ကန့်သတ်ချက်တွေကို သိတယ်၊ သင်မတတ်နိုင်တာကိုလုပ်ဖို့ မမျှော်လင့်ဘူး။ (ဆာလံ ၁၀၃:၁၄) ကိုယ်တော်က သင့်ကို အောင်မြင်စေလိုတဲ့အတွက် သင့်ကို ထောက်မကူညီပေးမှာဖြစ်တယ်။ (ဟေရှာယ ၄၁:၁၀ ကိုဖတ်ပါ။) ယေဟောဝါကို သင် စိတ်နှလုံးအကြွင်းမဲ့ ယုံကြည်ကိုးစားမယ်ဆိုရင် ကိုယ်တော်က “သင်၏လမ်းခရီးတို့ကို ပဲ့ပြင်တော်မူ” မယ်ဆိုတာ ယုံကြည်စိတ်ချနိုင်ပါတယ်။—သုတ္တံ ၃:၅၊ ၆

နှစ်ခြင်းခံခြင်းက သင့်အပ်နှံမှုရဲ့ အထိမ်းအမှတ်ဖြစ်

၂၀။ ယေဟောဝါထံအပ်နှံခြင်းက ဘာကြောင့် လျှို့ဝှက်ကိစ္စ မဟုတ်သလဲ။

၂၀ အခုလေးတင် ကျွန်ုပ်တို့ဆွေးနွေးခဲ့တဲ့ အကြောင်းအရာတွေကို စဉ်းစားသုံးသပ်မယ်ဆိုရင် ယေဟောဝါထံဆုတောင်းပြီး မိမိကိုယ်ကိုအပ်နှံဖို့ သင့်ကိုထောက်ကူပေးနိုင်ပါတယ်။ ဘုရားသခင်ကို အမှန်တကယ် ချစ်မြတ်နိုးသူတိုင်းဟာ ကယ်တင်ခြင်းအတွက် လူအများရှေ့မှာ “ယုံကြည်ကြောင်း နှုတ်နှင့်ဝန်ခံ” ရမယ်။ (ရောမ ၁၀:၁၀) ဒါကို ဘယ်လိုလုပ်ဆောင်မလဲ။

နှစ်ခြင်းရဲ့အဓိပ္ပာယ်က ယခင်ဘဝလမ်းစဉ်ကို အဆုံးသတ်ပြီး ဘုရားသခင့်အလိုတော်ကို စထမ်းဆောင်တော့မယ်လို့ ဆိုလို

၂၁၊ ၂၂။ သင့်ယုံကြည်ခြင်းကို ဘယ်လိုနည်းနဲ့ “နှုတ်နှင့်ဝန်ခံ” နိုင်သလဲ။

၂၁ သင်နှစ်ခြင်းခံလိုကြောင်း သင့်အသင်းတော်မှာရှိတဲ့ အကြီးအကဲအဖွဲ့ရဲ့ ညှိနှိုင်းရေးမှူးကို အသိပေးပါ။ သူက ကျမ်းစာအခြေခံသွန်သင်ချက်တွေကို ခြုံငုံမိစေတဲ့ မေးခွန်းတွေကို သင်နဲ့အတူ ပြန်လည်သုံးသပ်ဖို့ အကြီးအကဲတချို့ကို စီစဉ်ပေးမှာဖြစ်တယ်။ အဲဒီအကြီးအကဲတွေက သင် အရည်အချင်းပြည့်မီတယ်လို့ ယူဆတယ်ဆိုရင် လာမယ့်အစည်းအဝေးကြီးတစ်ခုမှာ နှစ်ခြင်းခံနိုင်ကြောင်း သင့်ကို ပြောပြပါလိမ့်မယ်။ * ဒီအစည်းအဝေးတွေမှာ နှစ်ခြင်းရဲ့အဓိပ္ပာယ်ကို ပြန်သုံးသပ်တဲ့ ဟောပြောချက်တစ်ခု ပေးတယ်။ ဟောပြောသူက နှစ်ခြင်းခံမယ့်လူသစ်အားလုံးကို မေးခွန်းရိုးရိုးလေးနှစ်ခုကို အဖြေပေးဖို့ ဖိတ်ခေါ်မှာဖြစ်တယ်၊ ဒါက မိမိတို့ရဲ့ယုံကြည်ခြင်းကို “နှုတ်နှင့်ဝန်ခံ” တဲ့ နည်းတစ်နည်းဖြစ်တယ်။

၂၂ နှစ်ခြင်းခံခြင်းက သင်ဟာ ဘုရားသခင်ထံအပ်နှံထားပြီး အခု ယေဟောဝါသက်သေတစ်ဦးဖြစ်နေပြီဆိုတာ လူသိရှင်ကြား ဖော်ပြလိုက်တာဖြစ်တယ်။ နှစ်ခြင်းခံတဲ့သူတွေက တစ်ကိုယ်လုံးကို ရေထဲစုံးစုံးနှစ်မြုပ်ခြင်းအားဖြင့် ယေဟောဝါထံ အပ်နှံထားပြီးဖြစ်ကြောင်း လူအများရှေ့ တင်ပြကြတယ်။

သင့်နှစ်ခြင်းရဲ့အဓိပ္ပာယ်

၂၃။ “ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောစွမ်းအားတော်၏ နာမ၌” နှစ်ခြင်းခံတယ်ဆိုတာ ဘာကိုဆိုလိုတာလဲ။

၂၃ ယေရှုက မိမိရဲ့တပည့်ဖြစ်သူတွေဟာ “ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောစွမ်းအားတော်၏နာမ၌ နှစ်ခြင်း” ခံရမယ်လို့ ပြောခဲ့တယ်။ (မဿဲ ၂၈:၁၉) ဒါက နှစ်ခြင်းခံမယ့်လူသစ်တစ်ဦးဟာ ယေဟောဝါဘုရားသခင်နဲ့ ယေရှုခရစ်မှာရှိတဲ့ အခွင့်အာဏာကို အသိအမှတ်ပြုခြင်းကို ဆိုလိုတယ်။ (ဆာလံ ၈၃:၁၈; မဿဲ ၂၈:၁၈) ဘုရားသခင့်သန့်ရှင်းသောစွမ်းအားတော်ရဲ့ အခန်းကဏ္ဍနဲ့ လုပ်ဆောင်မှုကိုလည်း သူအသိအမှတ်ပြုတယ်။—ဂလာတိ ၅:၂၂၊ ၂၃; ၂ ပေတရု ၁:၂၁

၂၄၊ ၂၅။ (က) နှစ်ခြင်းက ဘယ်အရာရဲ့ အထိမ်းအမှတ်ဖြစ်သလဲ။ (ခ) ဘယ်မေးခွန်းကို ဖြေဖို့လိုသလဲ။

၂၄ ဒါပေမဲ့ နှစ်ခြင်းဆိုတာ ရေထဲနှစ်ရုံလောက်သာ မဟုတ်ပါဘူး။ ဒါက အရမ်းအရေးကြီးတဲ့အရာရဲ့ အထိမ်းအမှတ်တစ်ခုဖြစ်တယ်။ ရေအောက်နှစ်မြုပ်ခြင်းက သင့်ရဲ့ယခင်ဘဝလမ်းစဉ်ကို အဆုံးသတ်လိုက်ပြီဆိုတဲ့ အထိမ်းအမှတ်ဖြစ်တယ်။ ရေထဲကနေပြန်ပေါ်လာတာက အခု သင်ဟာ ဘုရားသခင့်အလိုတော်နဲ့အညီ နေထိုင်သွားမယ်ဆိုတာကို ဖော်ပြတယ်။ သင်က ယေဟောဝါဘုရားသခင်ထံ အပ်နှံခဲ့တာဖြစ်တယ်။ အလုပ်တစ်ခု၊ လှုပ်ရှားမှုတစ်ခု၊ တခြားလူတွေ ဒါမှမဟုတ် အဖွဲ့အစည်းတစ်ခုထံ အပ်နှံလိုက်တာမဟုတ်ဘူးဆိုတာကိုလည်း သတိရပါ။ သင့်အပ်နှံခြင်းနဲ့ နှစ်ခြင်းက ဘုရားသခင်နဲ့ရင်းနှီးတဲ့ဆက်ဆံရေးရဲ့အစ ဖြစ်တယ်။—ဆာလံ ၂၅:၁၄

၂၅ နှစ်ခြင်းက ကယ်တင်ခြင်းအတွက် အာမခံချက်မဟုတ်ပါဘူး။ တမန်တော်ပေါလုက “သင်တို့ကိုယ်တိုင်၏ ကယ်တင်ခြင်းအတွက် ကြိုးစားဆောင်ရွက်နေကြလော့” ဆိုပြီးရေးခဲ့တယ်။ (ဖိလိပ္ပိ ၂:၁၂) နှစ်ခြင်းက ကယ်တင်ခြင်းအတွက် ပထမအဆင့်ပဲရှိသေးတယ်။ မေးစရာမေးခွန်းက သင်ဟာ ဘုရားသခင့်မေတ္တာတော်မှာ ဘယ်လိုဆက်ပြီးတည်နေနိုင်သလဲ ဆိုတဲ့အချက်ဖြစ်တယ်။ အဖြေကို နောက်ဆုံးအခန်းမှာ ဖော်ပြထားပါတယ်။

^ စာပိုဒ်၊ 21 နှစ်ခြင်းဆိုတာ ယေဟောဝါသက်သေတွေ နှစ်စဉ်ကျင်းပတဲ့ စည်းဝေးပွဲတွေ၊ စည်းဝေးကြီးတွေမှာ အမြဲပါဝင်တဲ့ အစီအစဉ်တစ်ခုဖြစ်တယ်။