မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

နောက်ဆက်တွဲ

ဒံယေလရဲ့ကြိုတင်ဟောကြားချက်မှာ မေရှိယပေါ်ထွန်းခြင်းအကြောင်း ကြိုဟောထားပုံ

ဒံယေလရဲ့ကြိုတင်ဟောကြားချက်မှာ မေရှိယပေါ်ထွန်းခြင်းအကြောင်း ကြိုဟောထားပုံ

ပရောဖက်ဒံယေလဟာ ယေရှုမမွေးဖွားမီ နှစ်ပေါင်း ၅၀၀ ကျော်မှာ အသက်ရှင်ခဲ့တယ်။ ဒါပေမဲ့ ယေဟောဝါက ဒံယေလကို မေရှိယ ဒါမှမဟုတ် ခရစ်တော်အဖြစ် ယေရှုဘိသိက်ခံမယ့် အချိန်အတိအကျကို တွက်ချက်နိုင်ဖို့ အချက်အလက်တွေကို ဖော်ပြပေးခဲ့တယ်။ ဒံယေလကို ဒီလိုပြောခဲ့တယ်– “ယေရုရှလင်မြို့ကို တစ်ဖန်တည်ထောင်ပြုစုစေခြင်းငှာ အမိန့်တော်ရှိသည်နေ့မှစ၍ ခရစ်တော် [“မေရှိယ၊” ကဘ] သခင်၏လက်ထက်တိုင်အောင် ခုနစ်သီတင်းနှင့် ခြောက်ဆယ့်နှစ်သီတင်းကြာလိမ့်မည်ဟု သိမှတ်နားလည်လော့။”—ဒံယေလ ၉:၂၅

မေရှိယပေါ်ထွန်းမယ့်အချိန်ကိုသိဖို့ဆိုရင် ဦးဆုံး မေရှိယပေါ်ထွန်းခြင်းနဲ့သက်ဆိုင်တဲ့ ဒံယေလရဲ့ကြိုတင်ဟောကြားချက် စတင်ပြည့်စုံတဲ့အချိန်ကို သိဖို့လိုတယ်။ ကြိုတင်ဟောကြားချက်အရ စတင်ပြည့်စုံချိန်က “ယေရုရှလင်မြို့ကို တစ်ဖန်တည်ထောင်ပြုစုစေခြင်းငှာ အမိန့်တော်ရှိသည့်နေ့” ဖြစ်တယ်။ ဘယ်အချိန်မှာ “အမိန့်” ထုတ်ပြန်ခဲ့သလဲ။ ကျမ်းရေးသူနေဟမိရဲ့အဆိုအရ ယေရုရှလင်မြို့ရိုး ပြန်လည်ပြုပြင်ခွင့် အမိန့်ထုတ်ပြန်ချိန်ဟာ “အာတဇေရဇ်မင်းကြီးနန်းစံ နှစ်ဆယ်” မြောက်နှစ်ဖြစ်တယ်။ (နေဟမိ ၂:၁; ၅-၈) အာတဇေရဇ်မင်းဟာ ဘီစီ ၄၇၅ မှာ စတင်နန်းထိုင်တယ်လို့ သမိုင်းပညာရှင်တွေက အတည်ပြုတယ်။ ဒါကြောင့် နန်းစံ ၂၀ မြောက်နှစ်က ဘီစီ ၄၅၅ ဖြစ်တယ်။ အခု မေရှိယနဲ့ဆိုင်တဲ့ ဒံယေလရဲ့ကြိုတင်ဟောကြားချက် အစပြုတဲ့အချိန်က ဘီစီ ၄၅၅ ဖြစ်တယ်ဆိုတာ သိရပြီ။

ဒံယေလက “မေရှိယသခင်” ပေါ်ထွန်းတဲ့အချိန်အထိ ကြာရှည်မယ့်ကာလကို ဖော်ပြထားတယ်။ ကြိုတင်ဟောကြားချက်မှာ “ခုနှစ်သီတင်းနှင့် ခြောက်ဆယ့်နှစ်သီတင်း၊” စုစုပေါင်း ၆၉ သီတင်း (၆၉ ပတ်) ကြာမယ်လို့ ဖော်ပြထားတယ်။ အဲဒီအချိန်ကာလက ဘယ်လောက်ကြာရှည်သလဲ။ ကျမ်းစာဘာသာပြန်ကျမ်းအတော်များများက အဲဒီသီတင်းပတ်ဟာ ခုနစ်ရက်ရှိတဲ့ သီတင်းပတ်မဟုတ်ဘဲ သီတင်းနှစ်များဖြစ်တယ်ဆိုတာ သတိပြုမိကြတယ်။ ဒါကြောင့် တစ်သီတင်းက ခုနစ်နှစ်ကို ကိုယ်စားပြုတယ်။ သီတင်းနှစ်များ ဒါမှမဟုတ် ခုနစ်နှစ်ရှိတဲ့ သီတင်းဆိုတဲ့ အယူအဆကို ရှေးခေတ်ဂျူးတွေ အကျွမ်းတဝင်ရှိထားကြတယ်။ ဥပမာ၊ ခုနစ်နှစ်မြောက်နှစ်တိုင်းကို ဥပုသ်နှစ်အဖြစ် သူတို့စောင့်ထိန်းခဲ့ကြတယ်။ (ထွက်မြောက်ရာ ၂၃:၁၀၊ ၁၁) ဒါကြောင့် ကြိုတင်ဟောကြားချက်ပါ ၆၉ သီတင်းဟာ တစ်သီတင်းမှာ ၇ နှစ်စီရှိတဲ့ ၆၉ သီတင်း၊ ဒါမှမဟုတ် စုစုပေါင်း ၄၈၃ နှစ်ဖြစ်တယ်။

အခု ကျွန်ုပ်တို့တွက်ကြည့်ကြမယ်။ ဘီစီ ၄၅၅ ကစပြီး ၄၈၃ နှစ်ကိုရေတွက်မယ်ဆိုရင် အေဒီ ၂၉ ကိုရောက်မယ်။ အဲဒီနှစ်က ယေရှုနှစ်ခြင်းခံပြီး မေရှိယဖြစ်လာတဲ့ခုနှစ် အတိအကျဖြစ်တယ်။ * (လုကာ ၃:၁၊ ၂၊ ၂၁၊ ၂၂) ဒါက ကျမ်းစာကြိုတင်ဟောကြားချက် ထူးခြားစွာပြည့်စုံခြင်းပါပဲ။

^ စာပိုဒ်၊ 1 ဘီစီ ၄၅၅ ကနေ ဘီစီ ၁ အထိက ၄၅၄ နှစ်ဖြစ်တယ်။ ဘီစီ ၁ ကနေ အေဒီ ၁ အထိက တစ်နှစ်ဖြစ်တယ်။ (သုညနှစ်မရှိဘူး။) အေဒီ ၁ ကနေ အေဒီ ၂၉ အထိက ၂၈ နှစ်ဖြစ်တယ်။ အဲဒီသုံးခုကိုပေါင်းလိုက်ရင် ၄၈၃ နှစ်ရတယ်။ ဒီကြိုတင်ဟောကြားချက်ကို ပိုပြီးအသေးစိတ်သိချင်တယ်ဆိုရင် ဒံယေလပရောဖက်ပြုချက်ကို ဂရုပြုလော့! အခန်း ၁၁ နဲ့ သမ္မာကျမ်းစာအပေါ် ထိုးထွင်းအမြင်၊ [အင်္ဂလိပ်] အတွဲ ၂၊ စာမျက်နှာ ၈၉၉-၉၀၁ ကိုကြည့်ပါ။ ဒီစာအုပ်နှစ်အုပ်စလုံးကို ယေဟောဝါသက်သေတွေ ထုတ်ဝေတယ်။