မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

နောက်ဆက်တွဲ

လူမှာ တကယ်ပဲ မသေနိုင်တဲ့ဝိညာဉ် ရှိသလား

လူမှာ တကယ်ပဲ မသေနိုင်တဲ့ဝိညာဉ် ရှိသလား

လူအများက ကျွန်ုပ်တို့မှာ မသေနိုင်တဲ့ဝိညာဉ်ရှိတယ်လို့ ယုံကြည်ကြတယ်။ လူသေသွားတဲ့အခါ အဲဒီဝိညာဉ်က ခန္ဓာကိုယ်ကနေထွက်သွားပြီး တစ်နေရာရာမှာ ဆက်အသက်ရှင်တယ်လို့ ယူဆကြတယ်။ ဒီယုံကြည်ချက်ကို လူတိုင်းလိုလိုက လက်ခံကြလို့ သမ္မာကျမ်းစာမှာ အဲဒီလိုမသွန်သင်ဘူးဆိုတာ သိရတဲ့အခါ သူတို့ အံ့ဩကြတယ်။ ဒါဆိုရင် ကျွန်ုပ်တို့သေဆုံးသွားတဲ့အခါ ဘာဖြစ်သွားတယ်လို့ သမ္မာကျမ်းစာက သွန်သင်သလဲ။

နီးဖက်ရှ်နဲ့ ပစီးခီးဆိုတဲ့စကားလုံးကို သမ္မာကျမ်းစာမှာ အသုံးပြုပုံ

သမ္မာကျမ်းစာကို မူလက ဟေဗြဲနဲ့ ဂရိဘာသာစကားနဲ့ ရေးသားခဲ့တယ်ဆိုတာ သင်တို့ သတိရပါလိမ့်မယ်။ သမ္မာကျမ်းစာမှာပါတဲ့ ဟေဗြဲစကားလုံး နီးဖက်ရှ်နဲ့ ဂရိစကားလုံး ပစီးခီးကို တချို့ဘာသာပြန်ကျမ်းတွေက ဝိညာဉ်လို့ပြန်ဆိုကြတယ်။ ဒါက တိကျတဲ့ဘာသာပြန်ဆိုမှုမဟုတ်ဘူး။ မူရင်းကျမ်းမှာ အကြိမ်ပေါင်း ၈၀၀ ကျော်ပါတဲ့ နီးဖက်ရှ်နဲ့ ပစီးခီးဆိုတဲ့စကားလုံးတွေက အခြေခံအားဖြင့် (၁) လူ၊ (၂) တိရစ္ဆာန် ဒါမှမဟုတ် (၃) လူပုဂ္ဂိုလ် ဒါမှမဟုတ် တိရစ္ဆာန်ရဲ့အသက်ကို ရည်ညွှန်းတယ်။ ဒီအဓိပ္ပာယ်သုံးမျိုးကို ဖော်ပြထားတဲ့ ကျမ်းချက်တချို့ကို သုံးသပ်ကြည့်ကြစို့။

လူ။ “နောဧခေတ်တွင် လူအနည်းငယ်ဖြစ်သော လူ [ပစီးခီး] ရှစ်ဦးကို ရေထဲမှကယ်တင်” တယ်။ (၁ ပေတရု ၃:၂၀) ဒီနေရာမှာ ပစီးခီးဆိုတဲ့ ဂရိစကားလုံးကို လူလို့ ပြန်ဆိုတယ်၊ အဲဒီလူတွေက နောဧ၊ သူ့ရဲ့ဇနီး၊ သူ့သားသုံးယောက်နဲ့ ချွေးမသုံးယောက်တို့ဖြစ်တယ်။ ထွက်မြောက်ရာ ၁၆:၁၆ မှာ အစ္စရေးလူတွေ မန္နမုန့်ကောက်တာနဲ့ပတ်သက်ပြီး ညွှန်ကြားချက်ပေးထားတယ်။ သူတို့ကို “လူတိုင်း မိမိတဲ၌ရှိသောသူ အရေအတွက်နှင့်အညီ လူ [နီးဖက်ရှ်] အသီးသီးစားလောက်အောင် တစ်ယောက်တစ်သြမဲစီ သိမ်းယူကြလော့” လို့မှာထားတယ်။ ဒါကြောင့် မိသားစုတစ်စုစီမှာရှိတဲ့ လူအရေအတွက်အလိုက် မန္နမုန့်ပမာဏကို ကောက်ရမှာဖြစ်တယ်။ နီးဖက်ရှ်နဲ့ ပစီးခီးဆိုတဲ့စကားလုံးကို လူလို့ပြန်ဆိုတဲ့ တခြားကျမ်းချက်တွေကတော့ ကမ္ဘာဦး ၄၆:၁၈ (ကဘ); ယောရှု ၁၁:၁၁ (ကဘ); တမန်တော် ၂၇:၃၇ နဲ့ ရောမ ၁၃:၁ တို့ဖြစ်တယ်။ (တမန်တော် ၂၇:၃၇ နဲ့ ရောမ ၁၃:၁ ရဲ့ အောက်ခြေမှတ်ချက်တွေကိုကြည့်ပါ။)

တိရစ္ဆာန်။ သမ္မာကျမ်းစာမှာပါတဲ့ ဖန်ဆင်းခြင်းမှတ်တမ်းမှာ ဒီလိုဖတ်ရတယ်– “တစ်ဖန် ဘုရားသခင်က ‘အသက်ရှင်၍လှုပ်ရှားတတ်သောတိရစ္ဆာန် [နီးဖက်ရှ်] တို့ကို ရေသည် များပြားစွာမွေးဖွားစေ။ ငှက်တို့လည်း မြေပေါ်မိုးကောင်းကင်မျက်နှာကြက်ပြင်ဝယ် ပျံစေဟု အမိန့်တော်ရှိ၏။’ တစ်ဖန် ဘုရားသခင်က ‘မြေသည် အသက်ရှင်သောသတ္တဝါ [နီးဖက်ရှ်]မျိုးတည်းဟူသော သားယဉ်တို့ကိုလည်းကောင်း၊ တွားတတ်သောတိရစ္ဆာန်တို့ကိုလည်းကောင်း၊ သားရဲမျိုးတို့ကိုလည်းကောင်း၊ မွေးဖွားစေ’ ဟုအမိန့်တော်ရှိသည်အတိုင်း ဖြစ်လေ၏။” (ကမ္ဘာဦး ၁:၂၀၊ ၂၄) ဒီကျမ်းချက်မှာ ငါး၊ ငှက်၊ အိမ်မွေးတိရစ္ဆာန်နဲ့ သားရဲတိရစ္ဆာန်ကို ပြောတဲ့အခါ ဟေဗြဲစကားလုံးဖြစ်တဲ့ နီးဖက်ရှ်ကိုပဲ အသုံးပြုတယ်။ ကမ္ဘာဦး ၉:၁၀; ဝတ်ပြုရာ ၁၁:၄၆၊ ၄၇ နဲ့ တောလည်ရာ ၃၁:၂၈ တို့မှာလည်း တိရစ္ဆာန်တွေကို ရည်ညွှန်းတဲ့အခါ မူရင်းဟေဗြဲစကားလုံး နီးဖက်ရှ်ကိုအသုံးပြုတယ်။

လူတစ်ဦး၏အသက်။ တစ်ခါတလေ နီးဖက်ရှ်နဲ့ ပစီးခီးဆိုတဲ့စကားလုံးတွေက လူတစ်ဦးရဲ့အသက်ကိုလည်း ဆိုလိုတယ်။ ယေဟောဝါက မောရှေကို “သင်၏အသက် [နီးဖက်ရှ်] ကိုရှာသောသူအပေါင်းတို့သည် သေကြပြီ” လို့ပြောခဲ့တယ်။ (ထွက်မြောက်ရာ ၄:၁၉) ရာခေလဟာ ဗင်ယာမိန်ကို မွေးဖွားပြီး “သေအံ့ဆဲဆဲရှိ၍ နာမ်ဝိညာဉ် [နီးဖက်ရှ်] ထွက် (သေသွား)” တယ်။ (ကမ္ဘာဦး ၃၅:၁၆-၁၉) ယေရှုရဲ့စကားတွေကိုလည်း သုံးသပ်ကြည့်ပါ– “ငါသည် သိုးထိန်းကောင်းဖြစ်၏။ သိုးထိန်းကောင်းသည် သိုးများအတွက် မိမိ၏အသက် [ပစီးခီး] ကိုစွန့်တတ်၏။” (ယောဟန် ၁၀:၁၁) ယေရှုက သူ့ရဲ့အသက်၊ နောက်တစ်မျိုးနဲ့ပြောရင် ပစီးခီးကို လူသားတွေအတွက် စွန့်ခဲ့တယ်။ ဒီကျမ်းချက်တွေအရ နီးဖက်ရှ်နဲ့ ပစီးခီးက လူတစ်ဦးရဲ့အသက်ကို ရည်ညွှန်းတယ်။ နီးဖက်ရှ်နဲ့ ပစီးခီးကို ဒီအဓိပ္ပာယ်နဲ့ပြန်ဆိုထားတဲ့ ဥပမာတွေကို ထွက်မြောက်ရာ ၄:၁၉ (ကဘ); မဿဲ ၁၀:၃၉; ယောဟန် ၁၅:၁၃ နဲ့ တမန်တော် ၂၀:၁၀ တို့မှာ တွေ့ရလိမ့်မယ်။ (အဲဒီကျမ်းချက်တွေရဲ့ အောက်ခြေမှတ်ချက်တွေကိုကြည့်ပါ။)

သမ္မာကျမ်းစာကို ပိုပြီး လေ့လာမယ်ဆိုရင် နီးဖက်ရှ်နဲ့ ပစီးခီးကို “မသေနိုင်” ဒါမှမဟုတ် “အစဉ်တည်ရှိ” ဆိုတဲ့ အသုံးအနှုန်းနဲ့ ဆက်စပ်ထားတာကို ဘယ်နေရာမှာမှ မတွေ့ရဘူး။ အဲဒီအစား နီးဖက်ရှ်က သေနိုင်တယ်လို့ ဖော်ပြတယ်။—ယေဇကျေလ ၁၈:၄၊ ၂၀

ရူးအာခ်နဲ့ နျူမာကို သမ္မာကျမ်းစာမှာ အသုံးပြုပုံ

တချို့ကျမ်းစာတွေမှာ ဟေဗြဲစကားလုံး ရူးအာခ်နဲ့ ဂရိစကားလုံး နျူမာကို ဝိညာဉ်လို့ ပြန်ဆိုကြတယ်။ ဒါက တိကျတဲ့ပြန်ဆိုမှုမဟုတ်ဘူး။ သမ္မာကျမ်းစာကိုရေးခဲ့တဲ့ မူရင်းဘာသာစကားမှာ ရူးအာခ်နဲ့ နျူမာက မြေကြီးပေါ်မှာရှိတဲ့ သတ္တဝါတွေရဲ့ အသက်စွမ်းအားကို ပြောတာဖြစ်တယ်။ ဥပမာ၊ ဆာလံ ၁၀၄:၂၉ မှာ “[ယေဟောဝါက] သူတို့အသက် [ရူးအာခ်] ကိုရုပ်သိမ်းတော်မူလျှင် သူတို့သည် သေ၍ မိမိတို့မြေမှုန့်သို့ ပြန်သွားကြ” တယ်လို့ပြောတယ်။ လုကာ ၈:၅၅ မှာ “သူငယ်မသည် အသက်စွမ်းအား [နျူမာ] ပြန်ဝင်၍ ချက်ချင်းထလေ၏” လို့ရေးထားတယ်။ ဒါကြောင့် ဒီကျမ်းချက်တွေမှာ ရူးအာခ်နဲ့ နျူမာက ကိုယ်ခန္ဓာကို အသက်ရှင်စေတဲ့အရာကို ရည်ညွှန်းတယ်။ ဒါကြောင့် ကမ္ဘာသစ်ဘာသာပြန်ကျမ်းမှာ နျူမာကို အသက်စွမ်းအားလို့ ပြန်ဆိုတယ်။ ဥပမာ၊ နောဧခေတ် ရေလွှမ်းမိုးဘေးနဲ့ပတ်သက်ပြီး ကမ္ဘာဦး ၆:၁၇ (ကဘ) မှာ ဒီလိုဖော်ပြတယ်– “အသက်စွမ်းအား [ရူးအာခ်] ရှိတဲ့ သတ္တဝါတွေအားလုံးကို ကောင်းကင်အောက်ကနေ ဖျက်ဆီးဖို့ မြေကြီးပေါ်မှာ ငါရေလွှမ်းမိုးစေတော့မယ်။” (ကမ္ဘာဦး ၇:၁၅၊ ၂၂) ဒါကြောင့် ရူးအာခ်နဲ့ နျူမာက အသက်ရှင်တဲ့သတ္တဝါအားလုံးကို သက်ဝင်လှုပ်ရှားစေတဲ့ မမြင်ရတဲ့စွမ်းအားကို ရည်ညွှန်းတာဖြစ်တယ်။

ရေဒီယိုတစ်လုံးကိုဖွင့်နားထောင်ဖို့ လျှပ်စစ်ဓာတ်အားလိုသလို ခန္ဓာကိုယ်သက်ဝင်လှုပ်ရှားဖို့အတွက် ရူးအာခ်နဲ့ နျူမာဖြစ်တဲ့ အသက်စွမ်းအားလိုတယ်။ ရေဒီယိုကို ဓာတ်ခဲထည့်ပြီး ဖွင့်မယ်ဆိုရင် ဓာတ်ခဲမှာသိုလှောင်ထားတဲ့ဓာတ်အားကြောင့် ရေဒီယိုက အသံထွက်လာတယ်။ ဒါပေမဲ့ ဓာတ်ခဲကိုထုတ်လိုက်ရင် ရေဒီယိုက အသံမထွက်နိုင်တော့ဘူး။ အဲဒီလိုပဲ ရူးအာခ်နဲ့ နျူမာဖြစ်တဲ့ အသက်စွမ်းအားက ကျွန်ုပ်တို့ကို အသက်ရှင်စေတဲ့ စွမ်းအားဖြစ်တယ်။ အဲဒါမရှိရင် ခန္ဓာကိုယ်က သေဆုံးသွားတယ်။ လျှပ်စစ်ဓာတ်အားလိုပဲ ရူးအာခ်နဲ့ နျူမာဖြစ်တဲ့ အသက်စွမ်းအားမှာ ခံစားချက်နဲ့ တွေးတောစဉ်းစားနိုင်စွမ်းမရှိဘူး။ အဲဒါက လူပုဂ္ဂိုလ်မဟုတ်ဘဲ စွမ်းအားတစ်ခုသာဖြစ်တယ်။ ဒါပေမဲ့ ရူးအာခ်နဲ့ နျူမာဖြစ်တဲ့ အသက်စွမ်းအားမရှိဘူးဆိုရင် ဆာလံဆရာပြောသလို ကျွန်ုပ်တို့ရဲ့ ကိုယ်ခန္ဓာက ‘သေ၍ မြေမှုန့်သို့ ပြန်သွား’ တယ်။

သင့်အနေနဲ့ သမ္မာကျမ်းစာမှာအသုံးပြုထားတဲ့ နီးဖက်ရှ်နဲ့ ပစီးခီးရူးအာခ်နဲ့ နျူမာစတဲ့ အသုံးအနှုန်းတွေအကြောင်း ပိုသိချင်တယ်ဆိုရင် ယေဟောဝါသက်သေတွေထုတ်ဝေတဲ့ ကျမ်းစာဖြင့် ကျိုးကြောင်းဆင်ခြင်ခြင်းစာအုပ်၊ စာမျက်နှာ ၈၇-၉၁၊ ၃၁၂-၃၁၆ တို့မှာ အဖိုးတန်အချက်အလက်တွေကို တွေ့နိုင်ပါတယ်။