အခန်း ၁
“ဘုရားသခင်ကို ချစ်တယ်ဆိုတာ”
“ဘုရားသခင်ကို ချစ်တယ်ဆိုတာ ပညတ်ချက်တွေ လိုက်နာတာကို ဆိုလိုတယ်။ ပညတ်ချက်တွေဟာ လိုက်နာဖို့ ခက်ခဲလွန်းတဲ့အရာ မဟုတ်ပါဘူး။”—၁ ယောဟန် ၅:၃။
၁၊ ၂။ ယေဟောဝါဘုရားကို ချစ်ဖို့ သင့်ကို ဘာက လှုံ့ဆော်ပေးသလဲ။
ဘုရားသခင်ကို သင် ချစ်သလား။ သင်ဟာ ယေဟောဝါဘုရားဆီ ဆက်ကပ်အပ်နှံထားပြီးပြီဆိုရင် ချစ်တယ်လို့ ပြတ်ပြတ်သားသား ဖြေလိမ့်မယ်။ အဲဒီလို ဖြေသင့်ပါတယ်။ ယေဟောဝါကို ချစ်တယ်ဆိုတာ သဘာဝပါပဲ။ ဘုရားသခင်ကို ကျွန်တော်တို့ ချစ်တယ်ဆိုတာ ဘုရားရဲ့မေတ္တာကို ချစ်တုံ့ပြန်နေတာ ဖြစ်တယ်။ “ဘုရားသခင်က အရင်ဦးဆုံး ချစ်ခဲ့လို့ ကျွန်တော်တို့လည်း ချစ်တတ်ကြတာပါ” ဆိုပြီး ကျမ်းစာမှာ ပြောတယ်။—၁ ယောဟန် ၄:၁၉။
၂ ယေဟောဝါက ကျွန်တော်တို့ကို ချစ်တယ်ဆိုတာ အရင်ပြသခဲ့တယ်။ ကျွန်တော်တို့ကို လှပတဲ့ကမ္ဘာမြေစံအိမ် ပေးထားတယ်။ ကျွန်တော်တို့ရဲ့ ကာယနဲ့ ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေကို ထောက်မတယ်။ (မဿဲ ၅:၄၃-၄၈) ပိုအရေးကြီးတာကတော့ ဝတ်ပြုရေးအတွက် လိုအပ်ရာတွေကို ဖြည့်ဆည်းပေးတယ်။ တရားစကားတော် သမ္မာကျမ်းစာကို ပေးထားတယ်။ ဒါ့အပြင် မိမိဆီ ဆုတောင်းဖို့ ဖိတ်ခေါ်တယ်။ ကျွန်တော်တို့ရဲ့ ဆုတောင်းချက်ကို နားထောင်ပြီး ကျွန်တော်တို့ကို ကူညီဖို့ သန့်ရှင်းသော စွမ်းအားတော် ပေးမယ်လို့ အာမခံထားတယ်။ (ဆာလံ ၆၅:၂။ လုကာ ၁၁:၁၃) အရေးကြီးဆုံးကတော့ ကျွန်တော်တို့ကို အပြစ်နဲ့ သေခြင်းကနေ ကယ်တင်ဖို့ မိမိရဲ့သားကို ရွေးနုတ်ရှင်အဖြစ် စေလွှတ်ခဲ့တာဖြစ်တယ်။ ကျွန်တော်တို့အပေါ်ထားတဲ့ ယေဟောဝါရဲ့မေတ္တာ သိပ်ကို ကြီးမားတယ်။—ယောဟန် ၃:၁၆ နဲ့ ရောမ ၅:၈ တို့ကို ဖတ်ပါ။
၃။ (က) ဘုရားရဲ့မေတ္တာ ခံစားနိုင်ဖို့ ကျွန်တော်တို့ဘက်က ဘာလိုအပ်သလဲ။ (ခ) အရေးပါတဲ့ ဘယ်မေးခွန်းကို သုံးသပ်ဖို့ လိုသလဲ။ အဖြေကို ဘယ်မှာ တွေ့ရသလဲ။
၃ ယေဟောဝါဟာ ကျွန်တော်တို့ကို မိမိရဲ့မေတ္တာ ထာဝစဉ် ခံစားစေချင်တယ်။ ဒါယုဒ ၂၁) “အမြဲလုပ်ဆောင်ပါ” ဆိုတဲ့ အသုံးအနှုန်းဟာ ဘုရားရဲ့မေတ္တာ ခံစားနိုင်ဖို့ ကျွန်တော်တို့ဘက်က လုပ်ဆောင်မှု လိုအပ်တယ်ဆိုတာ ဖော်ပြတယ်။ ဘုရားရဲ့မေတ္တာကို သိသာထင်ရှားတဲ့နည်းတွေနဲ့ တုံ့ပြန်ဖို့ လိုတယ်။ ဒါကြောင့် ‘ဘုရားသခင်ကို ချစ်ကြောင်း ငါ ဘယ်လို ဖော်ပြနိုင်သလဲ’ ဆိုတဲ့ အရေးပါတဲ့မေးခွန်းကို သုံးသပ်သင့်တယ်။ “ဘုရားသခင်ကို ချစ်တယ်ဆိုတာ ပညတ်ချက်တွေ လိုက်နာတာကို ဆိုလိုတယ်။ ပညတ်ချက်တွေဟာ လိုက်နာဖို့ ခက်ခဲလွန်းတဲ့အရာ မဟုတ်ပါဘူး” ဆိုပြီး တမန်တော်ယောဟန်ရေးတဲ့ ကျမ်းစကားမှာ အဖြေတွေ့ရတယ်။ (၁ ယောဟန် ၅:၃) ဘုရားသခင်ကို သိပ်ချစ်မှန်း ကျွန်တော် တို့ ဖော်ပြချင်တဲ့အတွက် အဲဒီကျမ်းစကားရဲ့ အဓိပ္ပာယ်ကို အသေအချာ ဆန်းစစ်သင့်တယ်။
ပေမဲ့ အဲဒီလိုခံစားရမယ်၊ မခံစားရဘူးဆိုတာ ကျွန်တော်တို့အပေါ် မူတည်တယ်။ ‘ထာဝရအသက် . . . ကို စောင့်မျှော်ရင်း ဘုရားသခင့်မေတ္တာ ခံစားရစေမယ့်အရာတွေကို အမြဲလုပ်ဆောင်ပါ’ လို့ ကျမ်းစာတိုက်တွန်းတယ်။ (“ဘုရားသခင်ကို ချစ်တယ်ဆိုတာ”
၄၊ ၅။ (က) “ဘုရားသခင်ကို ချစ်တယ်” ဆိုတဲ့စကားဟာ ဘာကို ဆိုလိုသလဲ။ (ခ) သင့်ရင်ထဲမှာ ယေဟောဝါကို ချစ်တဲ့မေတ္တာ စတင်ဖြစ်ပေါ်လာပုံကို ရှင်းပြပါ။
၄ “ဘုရားသခင်ကို ချစ်တယ်” ဆိုတဲ့ စကားကို ရေးသားတဲ့အခါ တမန်တော်ယောဟန် ဘာကို ဆိုလိုသလဲ။ ဘုရားသခင်အပေါ်ထားတဲ့ ကျွန်တော်တို့တစ်ဦးစီရဲ့ နက်ရှိုင်းတဲ့ ခံစားချက်ကို ဆိုလိုတယ်။ သင့်ရင်ထဲမှာ ယေဟောဝါကို ချစ်တဲ့မေတ္တာ စတင်ဖြစ်ပေါ်လာချိန်ကို မှတ်မိသလား။
၅ ယေဟောဝါနဲ့ ကိုယ်တော့်ရည်ရွယ်ချက်တွေနဲ့ပတ်သက်တဲ့ အမှန်တရားကို သင် စသိလာပြီး ယုံကြည်လာချိန်ကို ခဏ ပြန်စဉ်းစားကြည့်ပါ။ သင်ဟာ ဘုရားသခင်နဲ့စိမ်းကားတဲ့ အပြစ်သားအဖြစ် မွေးဖွားလာပေမဲ့ အာဒံဆုံးၡုံးခဲ့တဲ့ ပြည့်ဝစုံလင်မှုကို ပြန်ရဖို့၊ ထာဝရအသက်ကို အမွေရဖို့ ခရစ်တော်ကတစ်ဆင့် ယေဟောဝါ လမ်းဖွင့်ပေးခဲ့မှန်း နားလည်လာတယ်။ (မဿဲ ၂၀:၂၈။ ရောမ ၅:၁၂၊ ၁၈) အချစ်ဆုံးသားကို သင့်အတွက် အသေခံဖို့ စေလွှတ်ချိန်မှာ ယေဟောဝါ ဘယ်လောက် ကိုယ်ကျိုးစွန့်ခဲ့ရမှန်း သင်နားလည်လာတယ်။ အဲဒီအခါ သင့်ရင်ထဲ ထိမိသွားပြီး ဒီလောက်ကြီးမားတဲ့မေတ္တာ ပြတဲ့ ဘုရားသခင်ကို ချစ်လာတယ်။—၁ ယောဟန် ၄:၉၊ ၁၀ ကိုဖတ်ပါ။
၆။ စစ်မှန်တဲ့မေတ္တာကို ဘယ်လိုဖော်ပြသလဲ။ ဘုရားကို ချစ်တဲ့မေတ္တာက သင့်ကို ဘာလုပ်ဖို့ လှုံ့ဆော်သလဲ။
၆ ဒါပေမဲ့ အဲဒီခံစားချက်ဟာ ယေဟောဝါကို အမှန်တကယ် ချစ်မြတ်နိုးခြင်းရဲ့ အစမျှသာ ဖြစ်တယ်။ ချစ်ခြင်းမေတ္တာဆိုတာ ခံစားချက်သက်သက်၊ အပြောသက်သက်ပဲ မဟုတ်ဘူး။ ဘုရားသခင်ကို တကယ်ချစ်တယ်ဆိုတာ “ယေဟောဝါကို ချစ်တယ်” လို့ပြောရုံထက်မက ပါဝင်တယ်။ ယုံကြည်ခြင်းလိုပဲ စစ်မှန်တဲ့မေတ္တာကို လုပ်ရပ်တွေနဲ့ သက်သေပြရတယ်။ (ယာကုပ် ၂:၂၆) အတိအကျပြောရရင်၊ မိမိချစ်မြတ်နိုးသူ ကြိုက်နှစ်သက်ရာတွေကို လုပ်ဆောင်တာက သူ့ကို ချစ်တယ်ဆိုတာ ဖော်ပြတယ်။ ဒါကြောင့် သင့်ရင်ထဲမှာ ယေဟောဝါကို ချစ်တဲ့မေတ္တာ အမြစ်တွယ်လာတဲ့အခါ ကောင်းကင်ဖခင် နှစ်သက်တဲ့နည်းနဲ့ အသက်ရှင်ချင်လာတယ်။ သင်ဟာ နှစ်ခြင်းခံပြီးသား သက်သေခံတစ်ဦးလား။ ဒါဆိုရင် ယေဟောဝါကို နှစ်နှစ်ကာကာချစ်ပြီး သစ္စာစောင့်သိတဲ့အတွက် သင့်ဘဝမှာ အရေးကြီးဆုံး ဆုံးဖြတ်ချက်ကို ချခဲ့တာပဲ။ အလိုတော်ဆောင်ဖို့ မိမိကိုယ်ကို ယေဟောဝါဆီ ဆက်ကပ်အပ်နှံတယ်၊ အဲဒီလိုအပ်နှံလိုက်ပြီဆိုတာ ဖော်ပြဖို့ နှစ်ခြင်းခံခဲ့တယ်။ (ရောမ ၁၄:၇၊ ၈ ကိုဖတ်ပါ။) ဆက်ကပ်အပ်နှံချိန်မှာ ယေဟောဝါဆီ အလေးအနက်ပေးခဲ့တဲ့ ကတိကို တည်နိုင်အောင် တမန်တော်ယောဟန် နောက်ထပ်ဖော်ပြတဲ့အရာကို လုပ်ဆောင်ရမယ်။
“ပညတ်ချက်တွေ လိုက်နာတာကို ဆိုလိုတယ်”
၇။ ဘုရားရဲ့ ပညတ်ချက်တချို့ဟာ ဘာတွေလဲ။ ပညတ်ချက်တွေကို လိုက်နာခြင်းမှာ ဘာပါဝင်သလဲ။
၇ ဘုရားသခင်ကို ချစ်တယ်ဆိုတာ “ပညတ်ချက်တွေ လိုက်နာတာကို ဆိုလိုတယ်” လို့ ယောဟန် ရှင်းပြတယ်။ အဲဒီပညတ်ချက်တွေဟာ ဘာတွေလဲ။ ယေဟောဝါက သမ္မာကျမ်းစာကတစ်ဆင့် တိကျတဲ့ပညတ် အတော်များများ ပေးထားတယ်။ ဥပမာ၊ သောက်ကြူးတာ၊ လိင်အကျင့်ယိုယွင်းတာ၊ ရုပ်တုကိုးကွယ်တာ၊ ခိုးတာ၊ လိမ်ညာတာစတဲ့ အကျင့်တွေကို ဘုရား တားမြစ်ထားတယ်။ (၁ ကောရိန္သု ၅:၁၁။ ၆:၁၈။ ၁၀:၁၄။ ဧဖက် ၄:၂၈။ ကောလောသဲ ၃:၉) ဘုရားရဲ့ပညတ်တွေကို လိုက်နာတယ်ဆိုတာ ကျမ်းစာမှာပါတဲ့ ရှင်းလင်းပြတ်သားတဲ့ စာရိတ္တစံနှုန်းအတိုင်း အသက်ရှင်နေထိုင်ခြင်း ပါဝင်တယ်။
၈၊ ၉။ ကျမ်းစာပညတ် အတိအကျမရှိတဲ့ အခြေအနေတွေမှာတောင် ယေဟောဝါ နှစ်သက်ရာကို ဘယ်လိုသိနိုင်သလဲ။ ဥပမာပေးပါ။
၈ ဒါပေမဲ့ ယေဟောဝါရဲ့ နှစ်သက်မှုရဖို့ တိကျတဲ့ပညတ်ချက်တွေကို လိုက်နာရုံထက်မက လိုတယ်။ ယေဟောဝါဟာ ကျွန်တော်တို့ရဲ့ ဘဝကဏ္ဍတိုင်းကို ပညတ်တွေနဲ့ ထိန်းချုပ်မထားဘူး။ ဒါကြောင့် နေ့စဉ်အသက်တာမှာ ကျမ်းစာပညတ် အတိအကျမရှိတဲ့ အခြေအနေတွေ ကြုံတွေ့ရမယ်။ အဲဒီလိုအချိန်မျိုးမှာ ယေဟောဝါ နှစ်သက်ရာတွေကို ဘယ်လိုသိနိုင်မလဲ။ ကျမ်းစာမှာ ဘုရားရဲ့စဉ်းစားတွေးခေါ်ပုံကို အထင်အရှား ဖော်ပြထားတယ်။ ကျမ်းစာလေ့လာတဲ့အခါ ယေဟောဝါ နှစ်သက်ရာတွေနဲ့ ရွံမုန်းရာတွေကို ကျွန်တော်တို့ သိရှိလာတယ်။ (ဆာလံ ၉၇:၁၀ ကိုဖတ်ပါ။ ပညာအလိမ္မာ ၆:၁၆-၁၉) ကိုယ်တော်အလေးထားတဲ့ သဘောထားနဲ့ အပြုအမူတွေကို သိမြင်လာတယ်။ ယေဟောဝါရဲ့ အရည်အသွေးတွေနဲ့ နည်းလမ်းတွေအကြောင်း ပိုသိလာတယ်။ အဲဒီအခါ ကိုယ်တော်ရဲ့တွေးခေါ်ပုံက ကျွန်တော်တို့ရဲ့ ဆုံးဖြတ်ချက်နဲ့ အပြုအမူ တွေကို လမ်းညွှန်ပေးပါလိမ့်မယ်။ ဒီနည်းနဲ့ ကျမ်းစာပညတ် အတိအကျမရှိတဲ့ အခြေအနေတွေမှာတောင် “ယေဟောဝါရဲ့ အလိုတော်ကို” ကျွန်တော်တို့ သိမြင်နိုင်ကြတယ်။—ဧဖက် ၅:၁၇။
၉ ဥပမာ၊ အလွန်ရက်စက်တဲ့ အကြမ်းဖက်မှု ဒါမှမဟုတ် လိင်အကျင့်ယိုယွင်းမှုတွေ ပါဝင်တဲ့ ရုပ်ရှင်၊ တီဗွီအစီအစဉ်တွေကို မကြည့်ဖို့ တိုက်ရိုက်တားမြစ်တဲ့ပညတ် ကျမ်းစာမှာ မပါဘူး။ ဒါတွေကို မကြည့်ဖို့ အတိအကျတားမြစ်တဲ့ပညတ် တကယ်လိုအပ်သလား။ အဲဒီလိုကိစ္စမျိုးနဲ့ပတ်သက်ပြီး ယေဟောဝါရဲ့ ရှုမြင်ပုံကို ကျွန်တော်တို့ သိထားကြတယ်။ “အကြမ်းဖက်မှု နှစ်သက်သူကို [ယေဟောဝါ] မုန်းတယ်” လို့ ကျမ်းစာမှာ ရှင်းရှင်းလင်းလင်း ပြောထားတယ်။ (ဆာလံ ၁၁:၅) ‘လိင်အကျင့်ယိုယွင်းသူတွေကို ဘုရားသခင် ပြစ်ဒဏ်စီရင်လိမ့်မယ်’ လို့လည်း ပြောတယ်။ (ဟီဘရူး ၁၃:၄) စွမ်းအားတော် လှုံ့ဆော်မှုနဲ့ ရေးတဲ့ အဲဒီကျမ်းစကားတွေကို ပြန်သုံးသပ်တာက ယေဟောဝါ အလိုရှိရာကို အထင်အရှား သိမြင်စေနိုင်တယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ ဘုရားသခင်ရွံမုန်းတဲ့ အမူအကျင့်တွေကို ကွက်ကွက်ကွင်းကွင်း ဖော်ပြတဲ့ မြင်ကွင်းတွေကို ကြည့်ရှုပြီး အပန်းဖြေတာမျိုး မလုပ်ကြဘူး။ ဒီလောကဟာ စာရိတ္တညစ်ညမ်းစေတဲ့အရာတွေကို အန္တရာယ်ကင်းတဲ့ အပန်းဖြေမှုအဖြစ် ပုံမှားရိုက် တင်ဆက်နေတယ်။ အဲဒါတွေကို ရှောင်ကြဉ်တဲ့အခါ ယေဟောဝါ နှစ်သက်မှန်း ကျွန်တော်တို့ သိထားကြတယ်။ *
၁၀၊ ၁၁။ ယေဟောဝါကို ကျွန်တော်တို့ ဘာကြောင့် နာခံကြသလဲ။ ဘယ်နာခံမှုမျိုးနဲ့ ကိုယ်တော့်ကို နာခံကြသလဲ။
၁၀ ဘုရားရဲ့ပညတ်တွေကို လိုက်နာရတဲ့ အဓိကအကြောင်းရင်းဟာ ဘာလဲ။ နေ့စဉ်အသက်တာမှာ ဘုရားရဲ့ စဉ်းစားတွေးခေါ်ပုံအတိုင်း ဘာကြောင့် နေထိုင်ချင်ကြသလဲ။ ပြစ်ဒဏ်မခံရဖို့၊ ဘုရားအလိုတော်ကို လျစ်လျူရှုသူတွေ ကြုံတွေ့ရတဲ့ ဆိုးကျိုးတွေ မခံရဖို့အတွက်ပဲ မဟုတ်ဘူး။ (ဂလာတိ ၆:၇) အဲဒီအစား ယေဟောဝါကို နာခံတာဟာ ကိုယ်တော့်ကို ချစ်ကြောင်း ဖော်ပြတဲ့ အခွင့်ထူးပဲလို့ ယူမှတ်ကြတယ်။ ကလေးတစ်ဦးဟာ ဖခင်ရဲ့ မျက်နှာသာကို ရချင်စိတ် ပြင်းပြသလို ကျွန်တော်တို့လည်း ယေဟောဝါရဲ့ မျက်နှာသာ ရချင်ကြတယ်။ (ဆာလံ ၅:၁၂) ကိုယ်တော် ဟာ ကျွန်တော်တို့ရဲ့ဖခင် ဖြစ်တယ်၊ ကိုယ်တော့်ကို ကျွန်တော်တို့ ချစ်မြတ်နိုးကြတယ်။ “ယေဟောဝါရဲ့ မျက်နှာသာကိုရ” တဲ့နည်းနဲ့ အသက်ရှင်နေမှန်း သိရတာထက် ပျော်ရွှင်ကျေနပ်စရာကောင်းတာ မရှိဘူး။—ပညာအလိမ္မာ ၁၂:၂။
၁၁ ဒါကြောင့် ကျွန်တော်တို့ဟာ စိတ်မပါဘဲ နာခံတာ၊ ရွေးချယ်ပြီး နာခံတာ၊ ခြွင်းချက်နဲ့ နာခံတာ မဟုတ်ဘူး။ * ကိုယ့်စိတ်ကြိုက် စိစစ်ရွေးချယ်ပြီး နာခံတာ၊ အဆင်ပြေတဲ့အခါမှ၊ အခက်အခဲ သိပ်မရှိမှသာ နာခံတာမျိုး မဟုတ်ဘဲ “စိတ်ရောကိုယ်ပါ နာခံ” ကြတယ်။ (ရောမ ၆:၁၇) “ပညတ်ချက်တွေကို ကျွန်တော် မြတ်နိုးတယ်။ တကယ်ကို ချစ်မြတ်နိုးပါတယ်” လို့ရေးခဲ့တဲ့ ဆာလံဆရာလိုပဲ ကျွန်တော်တို့ ခံစားရတယ်။ (ဆာလံ ၁၁၉:၄၇) ယေဟောဝါကို နာခံရတာကို ကျွန်တော်တို့ နှစ်သက်ကြတယ်။ ကိုယ်တော်ဟာ ခြွင်းချက်မရှိ အကြွင်းမဲ့နာခံမှုကို ရထိုက်တယ်၊ အဲဒီလိုနာခံဖို့ တောင်းဆိုထားတယ်ဆိုတာ ကျွန်တော်တို့ အသိအမှတ်ပြုကြတယ်။ (တရားဟောရာ ၁၂:၃၂) သစ္စာရှိဘိုးဘေး နောဧဟာ ဆယ်စုနှစ်ပေါင်းများစွာ နာခံမှုပြပြီး ဘုရားသခင်ကို ချစ်ကြောင်း တင်ပြခဲ့တယ်။ ကျမ်းစာမှာ သူနဲ့ပတ်သက်ပြီး ယေဟောဝါ ပြောခဲ့သလိုမျိုး ကျွန်တော်တို့ကိုလည်း ပြောစေချင်တယ်။ ကျမ်းစာမှာ “နောဧလည်း ဘုရားသခင် မိန့်မှာသမျှအတိုင်း လုပ်တယ်။ မှာထားတဲ့အတိုင်း သူလုပ်တယ်” လို့ပြောတယ်။—ကမ္ဘာဦး ၆:၂၂။
၁၂။ ဘယ်အချိန်မှာ ကျွန်တော်တို့ရဲ့ နာခံမှုက ယေဟောဝါရဲ့စိတ်ကို ရွှင်လန်းစေသလဲ။
၁၂ ကျွန်တော်တို့ စိတ်ရောကိုယ်ပါ နာခံတဲ့အတွက် ယေဟောဝါ ဘယ်လိုခံစားရသလဲ။ အဲဒီလိုနာခံတာဟာ ကိုယ်တော့် “စိတ်ကို ရွှင်လန်း” စေတယ်လို့ ကျမ်းစာပြောတယ်။ (ပညာအလိမ္မာ ၂၇:၁၁) ကျွန်တော်တို့ရဲ့ နာခံမှုဟာ စကြဝဠာပိုင်သအုပ်စိုးရှင်ရဲ့ စိတ်ကို တကယ် ရွှင်လန်းစေပါသလား။ တကယ် ရွှင်လန်းစေပါတယ်၊ အဲဒီလိုဖြစ်ဖို့ အကြောင်းကောင်း ရှိတယ်။ ယေဟောဝါက ကျွန်တော်တို့ကို လွတ်လပ်စွာ လုပ်ပိုင်ခွင့်ရှိသူတွေအဖြစ် ဖန်ဆင်းထားတယ်။ ကျွန်တော်တို့မှာ လွတ်လပ်စွာ ရွေးချယ်ခွင့်ရှိတယ်ဆိုတဲ့ သဘောပဲ။ ဘုရားသခင်ကို နာခံဖို့ ရွေးချယ်နိုင်သလို မနာခံဖို့လည်း ရွေးချယ်နိုင်တယ်။ (တရားဟောရာ ၃၀:၁၅၊ ၁၆၊ ၁၉၊ ၂၀) ကောင်းကင်ဖခင် ယေဟောဝါ ကို စိတ်လိုကိုယ်လျောက် နာခံတဲ့အခါ၊ ကိုယ်တော့်ကို ချစ်တဲ့မေတ္တာကြောင့် အဲဒီလိုနာခံဖို့ ဆုံးဖြတ်တဲ့အခါ ကိုယ်တော့်ကို အလွန် ကျေနပ်ပျော်ရွှင်စေတယ်။ (ပညာအလိမ္မာ ၁၁:၂၀) အကောင်းဆုံးဘဝလမ်းစဉ်ကို ကျွန်တော်တို့ ရွေးချယ်နေတာလည်း ဖြစ်တယ်။
“ပညတ်ချက်တွေဟာ လိုက်နာဖို့ ခက်ခဲလွန်းတဲ့အရာ မဟုတ်”
၁၃၊ ၁၄။ “ပညတ်ချက်တွေဟာ လိုက်နာဖို့ ခက်ခဲလွန်းတဲ့အရာ မဟုတ်ပါဘူး” လို့ ဘာကြောင့် ဆိုနိုင်သလဲ။ ဒါကို ဘယ်လိုပုံဖော်မလဲ။
၁၃ တမန်တော်ယောဟန်က ယေဟောဝါရဲ့ တောင်းဆိုချက်တွေနဲ့ပတ်သက်ပြီး “ပညတ်ချက်တွေဟာ လိုက်နာဖို့ ခက်ခဲလွန်းတဲ့အရာ မဟုတ်ပါဘူး” ဆိုပြီး အလွန်အားရှိစရာစကားကို ပြောခဲ့တယ်။ ၁ ယောဟန် ၅:၃ မှာ “ခက်ခဲလွန်းတဲ့အရာ” လို့ ဘာသာပြန်ဆိုတဲ့ ဂရိစကားလုံးဟာ စာသားအရ “လေးလံတယ်” လို့ အဓိပ္ပာယ်ရတယ်။ * ဘာသာပြန်ကျမ်းတစ်ခုမှာ “ပညတ်ချက်တွေဟာ ငါတို့ကို ဝန်ပိစေတာ မဟုတ်ဘူး” လို့ဖတ်ရတယ်။ (အင်္ဂလိပ်ဘာသာပြန်ကျမ်းသစ်) ယေဟောဝါရဲ့ တောင်းဆိုချက်တွေဟာ အကျိုးသင့်အကြောင်းသင့် မရှိတဲ့အရာ၊ ဖိနှိပ်တဲ့အရာတွေ မဟုတ်ဘူး။ ကိုယ်တော့်ပညတ်တွေဟာ မစုံလင်သူလူသားတွေ မနာခံနိုင်တဲ့အရာ မဟုတ်ဘူး။
၁၄ ဒါကို ဒီလိုပုံဖော်နိုင်တယ်။ ရင်းနှီးတဲ့ မိတ်ဆွေတစ်ဦးက အိမ်ပြောင်းရွှေ့ရာမှာ သင့်ကို အကူအညီတောင်းတယ် ဆိုပါစို့။ သယ်ပို့ပေးရမယ့် သေတ္တာအများကြီး ရှိတယ်။ သေတ္တာတချို့ဟာ တစ်နိုင်စာဖြစ်ပေမဲ့ တချို့ကတော့ လေးလွန်းလို့ လူနှစ်ယောက် သယ်ရမယ်။ သယ်စေချင်တဲ့ သေတ္တာတွေကို မိတ်ဆွေဖြစ်သူက ရွေးပေးတယ်။ သင့်ကို လေးလွန်းတဲ့ သေတ္တာတွေ သယ်ခိုင်းပါ့မလား။ သယ်ခိုင်းမှာ မဟုတ်ဘူး။ တစ်ယောက်တည်း သယ်ခိုင်းပြီး သင့်ကို အနာတရဖြစ်စေလိုမှာ မဟုတ်ဘူး။ အလားတူပဲ၊ ချစ်ခင်ကြင်နာတတ်တဲ့ ဘုရားသခင်ဟာ ခက်ခဲလွန်းတဲ့ ပညတ်တွေကို လိုက်နာဖို့ တောင်းဆိုမှာ မဟုတ်ဘူး။ (တရားဟောရာ ၃၀:၁၁-၁၄) လေးလံတဲ့ဝန် ကို သယ်ဖို့ ဘယ်တော့မှ မတောင်းဆိုဘူး။ ယေဟောဝါဟာ ကျွန်တော်တို့ရဲ့ အကန့်အသတ်ဖြစ်မှုကို နားလည်တယ်။ ‘ကျွန်တော်တို့ရဲ့ ဖွဲ့စည်းတည်ဆောက်ပုံကို ကောင်းကောင်းသိတယ်။ ကျွန်တော်တို့ဟာ မြေမှုန့်ပဲဆိုတာကို မမေ့ဘူး။’—ဆာလံ ၁၀၃:၁၄။
၁၅။ ယေဟောဝါရဲ့ ပညတ်တွေဟာ ကျွန်တော်တို့ကို အလွန်အကျိုးပြုတယ်ဆိုတာ ဘာကြောင့် စိတ်ချနိုင်သလဲ။
၁၅ ယေဟောဝါရဲ့ ပညတ်တွေဟာ ဝန်ထုပ်ဝန်ပိုးဖြစ်ဖို့ နေနေသာသာ ကျွန်တော်တို့ကို အလွန်အကျိုးပြုတယ်။ (ဟေရှာယ ၄၈:၁၇ ကိုဖတ်ပါ။) ဒါကြောင့် ‘ဒီစည်းမျဉ်းတွေကို လိုက်နာပါ၊ ယေဟောဝါဘုရားကို ကြောက်ရွံ့ရိုသေပါလို့ ယေဟောဝါက မိန့်မှာတယ်။ ဒါဟာ ငါတို့ရဲ့ ထာဝရကောင်းကျိုးအတွက်ပဲ။ ဒါကြောင့် ငါတို့ အခုလို အသက်ဆက်ရှင်နေတာပေါ့’ လို့ ရှေးအစ္စရေးလူမျိုးကို မောရှေ ပြောနိုင်ခဲ့တယ်။ (တရားဟောရာ ၆:၂၄) ယေဟောဝါဟာ ကျွန်တော်တို့ရဲ့ ရေရှည် ထာဝရကောင်းကျိုးကို လိုလားလို့ ပညတ်တွေ ပေးထားမှန်း စိတ်ချနိုင်တယ်။ ကျွန်တော်တို့ကို ထိခိုက်စေဖို့ပေးတာ လုံးဝမဖြစ်နိုင်ဘူး။ ယေဟောဝါဟာ ဉာဏ်ပညာကြီးမားတဲ့ဘုရား ဖြစ်တယ်။ (ရောမ ၁၁:၃၃) ဒါကြောင့် ကျွန်တော်တို့အတွက် ဘာအကောင်းဆုံးလဲဆိုတာ ကိုယ်တော် သိတယ်။ ချစ်ခြင်းမေတ္တာပြရာမှာ ယေဟောဝါဟာ အကောင်းဆုံး စံနမူနာရှင်ပဲ။ (၁ ယောဟန် ၄:၈) ချစ်ခြင်းမေတ္တာဟာ ကိုယ်တော်ရဲ့ ပင်ကိုစရိုက်ဖြစ်ပြီး ကိုယ်တော် ပြုမူပြောဆိုသမျှကို သြဇာလွှမ်းတယ်။ မိမိကိုဝတ်ပြုသူတွေကို ပေးတဲ့ ပညတ်အားလုံးဟာ ချစ်ခြင်းမေတ္တာကို အခြေခံတယ်။
၁၆။ ယုတ်ညံ့တဲ့ ဒီလောကရဲ့ သြဇာလွှမ်းမိုးမှုနဲ့ မစုံလင်မှုရဲ့ ဉာဉ်ဆိုးတွေရှိပေမဲ့ နာခံမှုရှိတဲ့လမ်းစဉ်ကို ဘာကြောင့် လိုက်နိုင်သလဲ။
၁၆ ဘုရားသခင်ကို နာခံတာဟာ လွယ်ကူတဲ့အရာဖြစ်တယ်လို့ မဆိုလိုဘူး။ ကျွန်တော်တို့ဟာ “ဆိုးညစ်သူရဲ့ သြဇာအောက်မှာ ရှိနေ” တဲ့ ယုတ်ညံ့တဲ့ ဒီလောကရဲ့ သြဇာလွှမ်းမိုးမှုကို တွန်းလှန်နေရမယ်။ (၁ ယောဟန် ၅:၁၉) ဘုရားပညတ်တွေကို ချိုးဖောက်ချင်စိတ် ဖြစ်ပေါ်စေတဲ့ မစုံလင်မှုနဲ့လည်း တိုက်လှန်ရမယ်။ (ရောမ ၇:၂၁-၂၅) ဒါပေမဲ့ ဘုရားသခင်ကို ချစ်တဲ့မေတ္တာကြောင့် အောင်မြင်နိုင်တယ်။ နာခံခြင်းအားဖြင့် ယေဟောဝါကို ချစ်မြတ်နိုးကြောင်း တင်ပြလိုသူတွေကို ကိုယ်တော် ကောင်းချီးပေးတယ်။ ကိုယ်တော့်ကို “အုပ်စိုးရှင်အဖြစ် နာခံသူတွေကို” သန့်ရှင်းသောစွမ်းအားတော် ပေးတယ်။ (တမန်တော် ၅:၃၂) စွမ်းအားတော်ဟာ နာခံမှုရှိတဲ့ လမ်းစဉ်ကို လိုက်ရာ မှာ ထောက်ကူပေးနိုင်တဲ့ အဖိုးတန် အရည်အသွေးတွေ၊ တစ်နည်းအားဖြင့် အသီးအပွင့်ကောင်းတွေ ဖြစ်ပေါ်စေတယ်။—ဂလာတိ ၅:၂၂၊ ၂၃။
၁၇၊ ၁၈။ (က) ဒီစာအုပ်မှာ ဘာအကြောင်း သုံးသပ်မလဲ။ ဒါတွေကို သုံးသပ်ရင်း ဘယ်အချက်ကို စိတ်စွဲမှတ်ထားဖို့ လိုသလဲ။ (ခ) နောက်အခန်းမှာ ဘယ်အကြောင်း ဆွေးနွေးမလဲ။
၁၇ ဒီစာအုပ်မှာ ယေဟောဝါရဲ့မူတွေ၊ စာရိတ္တစံနှုန်းတွေ၊ အလိုတော်နဲ့ဆိုင်တဲ့ ဖော်ပြချက်အများကြီးကို သုံးသပ်ကြမယ်။ ဒါတွေကို သုံးသပ်ရင်း အရေးပါတဲ့အချက်တချို့ကို စိတ်စွဲမှတ်ထားဖို့ လိုတယ်။ ယေဟောဝါဟာ ကျွန်တော်တို့ကို ပညတ်တွေနဲ့ မူတွေ လိုက်နာဖို့ အတင်းအကျပ် မတောင်းဆိုဘူး၊ စိတ်လိုကိုယ်လျောက် နာခံတာကိုပဲ လိုလားတယ်ဆိုတာ သတိရကြစို့။ အခုချိန်မှာ ကြွယ်ဝတဲ့ကောင်းချီး ခံစားရစေပြီး အနာဂတ်မှာလည်း ထာဝရအသက်ရစေမယ့် နည်းအတိုင်း အသက်ရှင်ဖို့ ယေဟောဝါ တောင်းဆိုထားတယ်ဆိုတာ သတိရကြစို့။ စိတ်နှလုံးအကြွင်းမဲ့ နာခံတာဟာ ယေဟောဝါကို အလွန်ချစ်မြတ်နိုးကြောင်း ဖော်ပြတဲ့ အခွင့်ထူးဖြစ်တယ်ဆိုတာ သုံးသပ်ကြမယ်။
၁၈ အမှားနဲ့အမှန်ကို ကျွန်တော်တို့ ပိုင်းခြားသိမြင်စေဖို့ ယေဟောဝါဟာ အမှားအမှန်သိစိတ်ကို မေတ္တာနဲ့ပေးထားတယ်။ ဒါပေမဲ့ စိတ်ချရတဲ့လမ်းညွှန်ဖြစ်ဖို့ ကိုယ့်ရဲ့ အမှားအမှန်သိစိတ်ကို လေ့ကျင့်ပေးရမယ်။ နောက်အခန်းမှာ အဲဒီအကြောင်း ဆွေးနွေးမယ်။
^ စာပိုဒ်၊ 9 အကျိုးပြုတဲ့အပန်းဖြေမှု ရွေးချယ်နိုင်ပုံအကြောင်း ဒီစာအုပ်ရဲ့ အခန်း ၆ ကို ကြည့်ပါ။
^ စာပိုဒ်၊ 11 နတ်ဆိုးတွေတောင် မနာခံချင်ဘဲ နာခံကြတယ်။ နတ်ပူးခံရသူတွေထဲက ထွက်သွားဖို့ ယေရှု အမိန့်ပေးတဲ့အခါ နတ်ဆိုးတွေဟာ ယေရှုရဲ့အာဏာကို မဖြစ်မနေ အသိအမှတ်ပြုခဲ့ကြတယ်။ စိတ်မပါပေမဲ့ နာခံခဲ့ကြတယ်။—မာကု ၁:၂၇။ ၅:၇-၁၃။
^ စာပိုဒ်၊ 13 အဲဒီစကားလုံးကို မဿဲ ၂၃:၄ မှာ “လေးတဲ့ဝန်တွေ” လို့အသုံးပြုထားတယ်။ ပြည်သူတွေအပေါ် ကျမ်းတတ်နဲ့ ဖာရိရှဲတွေ တင်ထားတဲ့ အသေးစိတ်ကျတဲ့ စည်းမျဉ်းတွေ၊ လူ့ထုံးတမ်းစဉ်လာတွေကို ဆိုလိုတယ်။ အဲဒီစကားလုံးကိုပဲ တမန်တော် ၂၀:၂၉၊ ၃၀ မှာ “ဖိနှိပ်တတ်တဲ့” လို့ပြန်ဆိုထားတယ်။ “မှားယွင်းတဲ့ အကြောင်းအရာတွေကို သွန်သင်” ပြီး သူတစ်ပါးကို ဖိနှိပ်၊ လှည့်ဖြားတဲ့ အယူဖောက်ပြန်သူတွေကို ရည်ညွှန်းတယ်။