မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၃

ဘုရားသခင်ချစ်တဲ့သူတွေကို ချစ်ပါ

ဘုရားသခင်ချစ်တဲ့သူတွေကို ချစ်ပါ

“ဉာဏ်​ပညာ​ရှိ​သူ​နဲ့ ပေါင်း​ဖော်​ရင် ဉာဏ်​ပညာ ရှိ​လာ​မယ်။”​—ပညာ​အလိမ္မာ ၁၃:၂၀

၁-၃။ (က) ငြင်း​လို့​မရ​နိုင်​တဲ့ ဘယ်​အမှန်​တ​ရား​ကို ကျမ်း​စာ​မှာ ဖော်ပြထား​သလဲ။ (ခ) ကောင်း​တဲ့​သြဇာ​ လွှမ်း​မယ့်​သူ​တွေ​ကို ဘယ်​လို ရွေး​ပေါင်း​နိုင်​သလဲ။

လူ​တွေ​ဟာ ရေ​မြှုပ်​နဲ့​တူ​တယ်။ အနီး​တစ်​ဝိုက်​မှာ​ရှိ​တဲ့ ရေ​ကို စုပ်​ယူ​တတ်​တဲ့ ရေ​မြှုပ်​လို​ပဲ လူ​တွေ​ဟာ ကိုယ့်​ပတ်​ဝန်း​ကျင်​မှာ ရှိ​တာ​တွေ​ကို ခံ​ယူ​မှတ်​သား​တတ်​ကြ​တယ်။ ကိုယ်​နဲ့​ရင်း​နှီး​သူ​တွေ​ရဲ့ ​သဘော​ထား​၊ စံနှုန်း၊ စ​ရိုက်​တွေ​ကို မရည်​ရွယ်​ဘဲ ခံ​ယူ​ပြီး​သား ဖြစ်​တတ်​တယ်။

ကျမ်း​စာ​မှာ “ဉာဏ်​ပညာ​ရှိ​သူ​နဲ့ ပေါင်း​ဖော်​ရင် ဉာဏ်​ပညာ ရှိ​လာ​မယ်။ လူ​မိုက်​နဲ့ ပေါင်း​ဖော်​ရင်​တော့ ဒုက္ခ​လှလှ တွေ့​လိမ့်​မယ်” ဆို​တဲ့ ငြင်း​လို့​မရ​နိုင်​တဲ့ အမှန်​တ​ရား​ကို ဖော်ပြထား​တယ်။ (ပညာ​အလိမ္မာ ၁၃:၂၀) ဒီ​မှာ​ပါ​တဲ့ “ပေါင်း​ဖော်” ဆို​တဲ့​စကား​လုံး​ဟာ ‘ချစ်​ခင်၊ တွယ်​တာ​မှု’ ကို​ဆိုလို​တယ်​လို့ ကျမ်း​စာ​အဘိ​ဓာန်​က ပြော​တယ်။ ကိုယ်​ချစ်​ခင်​သူ​ကို အတု​ယူ​တတ်​ကြ​တယ်​ဆို​တာ သင် သဘော​တူ​တယ် မဟုတ်​လား။ ကိုယ်​ချစ်​တဲ့​သူ​တွေ​ကို ခင်​မင်​တွယ်​တာ​တဲ့​အတွက် သူတို့​ရဲ့ ကောင်း​တဲ့​ဩ​ဇာ​လွှမ်း​မှု ခံ​ရ​နိုင်​သလို မကောင်း​တဲ့ ဩ​ဇာ​လွှမ်း​မှု​လည်း ခံ​ရ​နိုင်​တယ်။

ဘု​ရား​သခင့်​မေတ္တာ အမြဲခံစား​ချင်​တယ်​ဆို​ရင် ကျွန်​တော်​တို့​အပေါ် ကောင်း​တဲ့​သြဇာ လွှမ်း​မယ့်​သူ​တွေ​နဲ့ ရွေး​ပေါင်း​ဖို့ လို​တယ်။ ဘယ်​လို ရွေး​ပေါင်း​မလဲ။ ရိုး​ရိုး​လေး​ပြော​ရ​ရင် ဘု​ရား​ချစ်​တဲ့​သူ​တွေ​ကို ချစ်​ပါ၊ ဘု​ရား​ရဲ့​မိတ်ဆွေ​တွေ​နဲ့ မိတ်​ဖွဲ့​ပါ။ စဉ်း​စား​ကြည့်​ပါ။ ယေဟောဝါ​ရှိ​စေ​ချင်​တဲ့ အရည်​အသွေး​မျိုး ပိုင်​ဆိုင်​ထား​တဲ့ မိတ်ဆွေ​တွေ​ထက် ပို​ကောင်း​တဲ့​အပေါင်း​အသင်း ရှိ​နိုင်​ပါ​ဦး​မလား။ ဒီ​တော့ ဘု​ရား​ချစ်​တဲ့ လူ​စား​မျိုး​အကြောင်း သုံးသပ်​ကြည့်​ရ​အောင်။ ယေဟောဝါ​ရဲ့ ရှု​မြင်​ပုံ​ကို စိတ်​စွဲ​မှတ်​ထား​မယ်​ဆို​ရင် ကျွန်​တော်​တို့​အပေါ် ကောင်း​တဲ့​သြဇာ​လွှမ်း​မယ့်​သူ​တွေ​နဲ့ ရွေး​ပေါင်း​နိုင်​ပါ​လိမ့်​မယ်။

ဘု​ရား​သခင် ချစ်​မြတ်​နိုး​သူ​တွေ

၄။ ယေဟောဝါ​ဟာ မိတ်ဆွေ​ဖွဲ့​တဲ့​အခါ ဘာ​ကြောင့် အသေအချာ ရွေး​ချယ်​ပိုင်​ခွင့် ရှိ​သလဲ။ အာဗြဟံ​ကို “ငါ့​မိတ်ဆွေ” ဆို​ပြီး ယေဟောဝါ ဘာ​ကြောင့် ခေါ်​ခဲ့​တာ​လဲ။

ယေဟောဝါ​ဟာ အသေအချာ ရွေး​ချယ်​ပြီး​မှ မိတ်ဆွေ​ဖွဲ့​လေ့​ရှိ​တယ်။ ကိုယ်​တော့်​မှာ အဲဒီ​လို ရွေး​ချယ်​ပိုင်​ခွင့် ရှိ​တယ်​မဟုတ်​လား။ စ​ကြ​ဝ​ဠာ အချုပ်​အခြာ​အာ​ဏာ​ပိုင်​ရှင်​ဖြစ်​တဲ့ ဘု​ရား​သခင်​နဲ့ မိတ်ဆွေ​ဖွဲ့​ရ​တာ​ဟာ ဂုဏ်​ယူ​စ​ရာ အခွင့်​ထူး​ပါ​ပဲ။ ဒါ​ဆို​ရင် ဘယ်​သူ​တွေ​ကို မိတ်ဆွေ​အဖြစ် ဘု​ရား​ရွေး​ချယ်​သလဲ။ ယေဟောဝါ​ဟာ မိမိ​ကို အပြည့်​အဝ ယုံ​ကြည်​အား​ထား​တဲ့​သူ​တွေ​နဲ့​ပဲ ရင်း​နှီး​တယ်။ ဥပမာ၊ ထူး​ခြား​တဲ့ ယုံ​ကြည်​ခြင်း​ရှိ​သူ​အဖြစ် လူ​သိ​များ​တဲ့ ဘိုး​ဘေး​အာဗြဟံ​အကြောင်း သုံးသပ်​ကြည့်​ပါ။ ဖခင်​တစ်ဦး​အတွက် မိမိ​ရဲ့​သား​ကို ပူ​ဇော်​ဖို့ တောင်း​ဆို​ခံ​ရ​တာ​ထက် ပို​ကြီး​မား​တဲ့ စမ်း​သပ်​မှု​မျိုး မရှိ​နိုင်​ဘူး။ * ဒါ​ပေမဲ့ အာဗြဟံ​ဟာ “သား​အိ​ဇက်​ကို သေခြင်း​က​နေ ဘု​ရား​သခင် ထ​မြောက်​စေ​နိုင်​တယ်” ဆို​တာ လုံးလုံး​ယုံ​ကြည်​စိတ်​ချ​တဲ့​အတွက် “အိ​ဇက်​ကို တ​ကယ် ပူ​ဇော်​တော့​မလို့​ပဲ။” (ဟီ​ဘ​ရူး ၁၁:၁၇-၁၉) အဲဒီ​လို​ယုံ​ကြည်​မှု၊ နာ​ခံ​မှု​ကို ပြခဲ့​တဲ့ အာဗြဟံ​ကို ယေဟောဝါ​က “ငါ့​မိတ်ဆွေ” လို့ ရင်းရင်း​နှီး​နှီး ခေါ်​ခဲ့​တယ်။​—ဟေ​ရှာ​ယ ၄၁:၈။ ယာကုပ် ၂:၂၁-၂၃

၅။ သစ္စာ​ရှိ​ရှိ နာ​ခံ​မှု​ပြတဲ့​သူ​တွေ​ကို ယေဟောဝါ ဘယ်​လို​သဘော​ထား​သလဲ။

ယေဟောဝါ​ဟာ သစ္စာ​ရှိ​ရှိ နာ​ခံ​မှု​ပြတာ​ကို သိပ်​တန်​ဖိုး​ထား​တယ်။ အရာရာ​ထက် မိမိ​အပေါ် တ​လို​တ​လား သစ္စာ​စောင့်​သိ​သူ​တွေ​ကို ချစ်​မြတ်​နိုး​တယ်။ (၂ ရှ​မွေ​လ ၂၂:၂၆ ကို​ဖတ်​ပါ။) ယေဟောဝါ​ဟာ မိမိ​ကို ချစ်​လို့ နာ​ခံ​သူ​တွေ​ကို အလွန်​နှစ်​သက်​တဲ့​အကြောင်း ဒီ​စာ​အုပ်​အခန်း ၁ မှာ လေ့​လာ​ခဲ့​တယ်။ ပညာ​အလိမ္မာ​ကျမ်း ၃:၃၂ မှာ “ယေဟောဝါ​ဟာ . . . ရိုး​ဖြောင့်​သူ​ကို​တော့ ခင်​မင်​ရင်း​နှီး​တယ်” လို့​ပြော​တယ်။ ယေဟောဝါ​က မိမိ​ရဲ့​တောင်း​ဆို​ချက်​တွေ​အတိုင်း သစ္စာ​ရှိ​ရှိ လိုက်​နာ​သူ​တွေ​ကို “တဲ​တော်” မှာ လာ​တည်း​ခို​ဖို့ လှိုက်​လှိုက်​လှဲ​လှဲ ဖိတ်​ခေါ်​ထား​တယ်။ တစ်နည်းအား​ဖြင့် ဘု​ရား​သခင်​ကို ဝတ်​ပြု​ကိုးကွယ်​ဖို့၊ အချိန်​မရွေး ဆုတောင်း​ချဉ်း​ကပ်​ဖို့ ဖိတ်​ခေါ်​ထား​တယ်။​—ဆာလံ ၁၅:၁-၅

၆။ ယေရှု​ကို​ချစ်​ကြောင်း ဘယ်​လို​ပြနိုင်​သလဲ။ ယေရှု​ကို​ချစ်​တဲ့​သူ​တွေ​ကို ယေဟောဝါ ဘယ်​လို သဘော​ထား​သလဲ။

မိမိ​ရဲ့ တစ်ပါး​တည်း​သော​သား ယေရှု​ကို ချစ်​တဲ့​သူ​တွေ​ကို ယေဟောဝါ​ ချစ်​တယ်။ ယေရှု​က “ကျွန်​တော့်​ကို ချစ်​တဲ့​သူ​ဟာ ကျွန်​တော့်​စကား​ကို လိုက်​နာ​မှာ​ပဲ။ အဖဘု​ရား​က​လည်း သူ့​ကို ချစ်​လိမ့်​မယ်။ ကျွန်​တော်​နဲ့ အဖဘု​ရား​က သူ့​ဆီ​လာ​ပြီး သူ​နဲ့​အတူ ရှိ​နေ​မယ်” လို့​ပြော​တယ်။ (ယောဟန် ၁၄:၂၃) ယေရှု​ကို​ချစ်​ကြောင်း ဘယ်​လို​ပြနိုင်​သလဲ။ သတင်း​ကောင်း​ဟော​ပြော​ခြင်း​နဲ့ တ​ပည့်​ဖြစ်​စေ​ခြင်း တာဝန်​အပါ​အဝင် ယေရှု​ရဲ့​ပညတ်​တွေ​ကို လိုက်​နာ​ခြင်း​အား​ဖြင့် ပြနိုင်​ပါ​တယ်။ (မဿဲ ၂၈:၁၉၊ ၂၀။ ယောဟန် ၁၄:၁၅၊ ၂၁) ပြည့်​ဝ​စုံလင်​သူ​တွေ မဟုတ်​ပေမဲ့ ယေရှု​ရဲ့​အပြော​အဆို၊ အပြု​အမူ​တွေ​ကို အတတ်​နိုင်​ဆုံး​ အတု​ယူ​ပြီး “သူ့​ခြေ​ရာ​ကို ထက်​ကြပ်​မကွာ လိုက်​လျှောက်” ခြင်း​အား​ဖြင့်​လည်း ယေရှု​ကို​ချစ်​ကြောင်း ပြကြ​တယ်။ (၁ ပေတရု ၂:၂၁) ယေရှု​ကို​ချစ်​လို့ ယေရှု​ရဲ့​လမ်း​စဉ်​ကို ကြိုး​စား​လိုက်​လျှောက်​နေ​သူ​တွေ​ကို ယေဟောဝါ နှစ်​သက်​တယ်။

၇။ ယေဟောဝါ​ရဲ့​မိတ်ဆွေ​တွေ​နဲ့ မိတ်​ဖွဲ့​တာ​က ဘာ​ကြောင့် ပညာ​ရှိ​ရာရောက်​သလဲ။

မိမိ​ရဲ့​မိတ်ဆွေ​တွေ​ဆီ​မှာ ယေဟောဝါ​ရှိ​စေ​ချင်​တဲ့ အရည်​အသွေး​တွေ​က​တော့ ယုံ​ကြည်​ခြင်း၊ သစ္စာ​စောင့်​သိ​ခြင်း၊ နာ​ခံ​ခြင်း၊ ယေရှု​ကို​ရော သူ့​ရဲ့​ပြု​မူ​လုပ်​ကိုင်​ပုံ​တွေ​ကို​ပါ ချစ်​မြတ်​နိုး​ခြင်း ဖြစ်​တယ်။ ဒါ​ကြောင့် ‘အဲဒီ​လို အရည်​အသွေး​တွေ၊ ပြု​မူ​ပုံ​တွေ​ကို ငါ​နဲ့​ရင်း​နှီး​တဲ့​သူ​တွေ​ဆီ​မှာ တွေ့​ရ​သလား။ ယေဟောဝါ​ရဲ့​မိတ်ဆွေ​တွေ​နဲ့ ငါ​မိတ်​ဖွဲ့​သလား’ ဆို​ပြီး ယောက်​တိုင်း ကိုယ့်​ကိုယ်​ကိုယ် မေး​သင့်​တယ်။ အဲဒီ​လို​လူ​တွေ​နဲ့ မိတ်​ဖွဲ့​တာ​ဟာ ပညာ​ရှိ​ရာရောက်​တယ်။ ဘု​ရား​နှစ်​သက်​တဲ့ အရည်​အသွေး​တွေ​ကို မွေး​မြူ​ပြီး နိုင်​ငံ​တော်​သတင်း​ကောင်း​ကို ထက်​သန်​စွာ ဟော​ပြော​တဲ့​သူ​တွေ​ဟာ ကျွန်​တော်​တို့​အပေါ် ကောင်း​ကျိုး​သက်​ရောက်​နိုင်​တယ်။ ဘု​ရား​နှစ်​သက်​တဲ့​နည်း​အတိုင်း နေ​ထိုင်​မယ်​ဆို​တဲ့ စိတ်​ပိုင်း​ဖြတ်​ချက်​နဲ့​အညီ အသက်​ရှင်​ဖို့ ကျွန်​တော်​တို့​ကို သြဇာ​လွှမ်း​နိုင်​တယ်။​—“ မိတ်ဆွေ​ကောင်း​ဆို​တာ” လေး​ထောင့်​ကွက်​ကို ကြည့်​ပါ။

ကျမ်း​စာ​ပုံ​န​မူ​နာ​က​နေ သင်​ယူ​ခြင်း

၈။ (က) နော​မိ​နဲ့ ရုသ၊ (ခ) ဟီ​ဘ​ရူး​လူငယ်​သုံး​ဦး၊ (ဂ) ပေါလု​နဲ့ တိမောသေတို့​ရဲ့ ဆက်ဆံ​ရေး​နဲ့ ပတ်​သက်​ပြီး ဘာ​က သင့်​ကို​စွဲ​မှတ်​စေ​သလဲ။

ကောင်း​တဲ့​အပေါင်း​အသင်း ရွေး​ပေါင်း​တဲ့​အတွက် ကောင်း​ကျိုး​ခံစား​ခဲ့​ရ​သူ​တွေ​ရဲ့ ပုံ​န​မူ​နာ အများ​ကြီး ကျမ်း​စာ​မှာ ပါ​တယ်။ နော​မိ​နဲ့ ချွေး​မရုသ၊ ဗာ​ဗု​လုန်​နိုင်​ငံ​မှာ သွေး​စည်း​ညီ​ညွတ်​ခဲ့​ကြ​တဲ့ ဟီ​ဘ​ရူး​လူငယ်​သုံး​ဦး၊ ပေါလု​နဲ့ တိမောသေတို့​အကြောင်း​တွေ​ကို သင် ဖတ်​ကြည့်​နိုင်​တယ်။ (ရုသ ၁:၁၆။ ဒံယေလ ၃:၁၇၊ ၁၈။ ၁ ကော​ရိန္သု ၄:၁၇။ ဖိ​လိပ္ပိ ၂:၂၀-၂၂) ထူး​ခြား​တဲ့​ပုံ​န​မူ​နာ နောက်​တစ်​ခု​ဖြစ်​တဲ့ ဒါဝိဒ်​နဲ့ ယောန​သန်​တို့​ရဲ့ ရင်း​နှီး​မှု​အကြောင်း အာ​ရုံ​စိုက်​ကြ​စို့။

၉၊ ၁၀။ ဒါဝိဒ်​နဲ့ ယောန​သန် မိတ်ဆွေ​နှောင်​ကြိုး ခိုင်​မြဲရ​တဲ့ အကြောင်း​ရင်း​က ဘာ​လဲ။

ဂေါ​လျတ်​ကို ဒါဝိဒ်​သတ်​ပြီး​နောက် “ယောန​သန်​နဲ့ ဒါဝိဒ်​ဟာ သိပ်​ရင်း​နှီး​သွား​ကြ​တယ်။ ယောန​သန်​က ဒါဝိဒ်​ကို ကိုယ်​နဲ့​ထပ်​တူ ချစ်​ခင်​တယ်” လို့ ကျမ်း​စာ​ပြော​တယ်။ (၁ ရှ​မွေ​လ ၁၈:၁) သူတို့ အသက်​ချင်း​ကွာ​ပေမဲ့ ​ခင်​မင်​ရင်း​နှီး​သွား​တယ်။ စစ်​မြေပြင်​မှာ ယောန​သန် ကျ​ဆုံး​ချိန်​အထိ သံ​ယော​ဇဉ်​နှောင်​ကြိုး ခိုင်​မြဲခဲ့​တယ်။ * (၂ ရှ​မွေ​လ ၁:၂၆) သူတို့​နှစ်​ဦး မိတ်ဆွေ​နှောင်​ကြိုး ခိုင်​မြဲရ​တဲ့ အကြောင်း​ရင်း​က ဘာ​လဲ။

၁၀ ဒါဝိဒ်​နဲ့ ယောန​သန် နှစ်​ယောက်​စ​လုံး ဘု​ရား​ကို ချစ်​ပြီး ဘု​ရား​အပေါ် ဆက်​သစ္စာ​ရှိ​ဖို့ ဆန္ဒ​ပြင်း​ပြတဲ့​အတွက် သူတို့​ရဲ့ ခင်​မင်​ရင်း​နှီး​မှု ခိုင်​မြဲခဲ့​တာ​ဖြစ်​တယ်။ ဘု​ရား​ရဲ့​နှစ်​သက်​မှု ရ​ချင်​တဲ့​စိတ်​ကြောင့် နှစ်​ဦး​သား သွေး​စည်း​ညီ​ညွတ်​ခဲ့​ကြ​တယ်။ တစ်ဦး​ကို​တစ်ဦး ပို​ချစ်​ခင်​စေ​တဲ့ အရည်​အသွေး​တွေ ပြကြ​တယ်။ ယေဟောဝါ​ရဲ့​နာ​မည်​အတွက် မကြောက်​မရွံ့ ခု​ခံ​ကာ​ကွယ်​ခဲ့​တဲ့ ဒါဝိဒ်​ရဲ့ ရဲ​စွမ်း​သတ္တိ​နဲ့ ထက်​သန်​မှု​ကို ယောန​သန် အထင်​ကြီး စွဲ​မှတ်​သွား​တာ​ဖြစ်​မယ်။ ဒါဝိဒ်​က​လည်း ယေဟောဝါ​ရဲ့ အစီ​အစဉ်​တွေ​ကို သစ္စာ​ရှိ​ရှိ ထောက်​ခံ​တဲ့၊ ကိုယ်​ကျိုး​မငဲ့​ဘဲ သူ့​ကို ဦးစား​ပေး​တဲ့ အသက်​ကြီး​သူ ယောန​သန်​ကို ရို​သေလေး​စား​ခဲ့​မှာ သေချာ​တယ်။ ဥပမာ၊ ဒါဝိဒ်​ဘဝ အခြေ​မလှ​ချိန်​က အဖြစ်​အပျက်​တစ်​ခု​ကို သုံးသပ်​ကြည့်​ပါ။ ဒါဝိဒ်​ဟာ ယောန​သန်​ရဲ့​ဖခင် မင်း​ဆိုး​ရှော​လု​ရဲ့ ရန်​က​လွတ်​ဖို့ တော​ထဲ​မှာ ထွက်​ပြေး တိမ်း​ရှောင်​နေ​ရ​တယ်။ အဲဒီ​အခါ ယောန​သန်​က “ဒါဝိဒ်​ဆီ လာ​ပြီး ယေဟောဝါ​ကို ယုံ​ကြည်​စိတ်​ချ​ဖို့ အား​ပေး​တယ်။” ဒီ​နည်း​နဲ့ ဒါဝိဒ်​အပေါ် သစ္စာ​ရှိ​ကြောင်း ပြခဲ့​တယ်။ (၁ ရှ​မွေ​လ ၂၃:၁၆) ချစ်​ခင်​ရ​တဲ့​မိတ်ဆွေ ရောက်​လာ​ပြီး အား​ပေး​ထောက်မ​တဲ့​အခါ ဒါဝိဒ် ဘယ်​လို​ခံစား​ရ​မယ်​ဆို​တာ စဉ်း​စား​ကြည့်​ပါ။ *

၁၁။ မိတ်​ဖွဲ့​တာ​နဲ့​ပတ်​သက်​လို့ ယောန​သန်​နဲ့ ဒါဝိဒ်​ရဲ့ ပုံ​န​မူ​နာ​က​နေ ဘာ​သင်​ခန်း​စာ​ရ​သလဲ။

၁၁ ယောန​သန်​နဲ့ ဒါဝိဒ်​ရဲ့ ပုံ​န​မူ​နာ​က​နေ ဘာ​သင်​ခန်း​စာ​ရ​သလဲ။ မိတ်ဆွေ​နှစ်​ဦး​စ​လုံး​မှာ ဘု​ရား​နဲ့ ကောင်း​တဲ့​ဆက်ဆံ​ရေး​ရှိ​ဖို့ အရေး​ကြီး​တယ်​ဆို​တဲ့ အချက်​ပဲ။ ကိုယ်​နဲ့​ယုံ​ကြည်​ချက်​တူ​သူ၊ စာ​ရိတ္တ​စံနှုန်း​တူ​သူ၊ ဘု​ရား​အပေါ် သစ္စာ​ရှိ​သူ​တွေ​နဲ့ ရင်း​နှီး​လာ​တဲ့​အခါ အချင်း​ချင်း အား​ပေး​မှု​ဖြစ်​စေ​တဲ့ အတွေး​အခေါ်၊ ခံစား​ချက်​နဲ့ တွေ့​ကြုံ​မှု​တွေ​ကို ဖလှယ်​နိုင်​တယ်။ (ရော​မ ၁:၁၁၊ ၁၂ ကို​ဖတ်​ပါ။) ဘု​ရား​အပေါ် သစ္စာ​ရှိ​တဲ့ မိတ်ဆွေ​တွေ​ကို ယုံ​ကြည်​ခြင်း​တူ​သူ​တွေ​ကြား​မှာ တွေ့​ရ​တယ်။ ဒါ​ဆို​ရင် နိုင်​ငံ​တော်​ခန်း​မမှာ အစည်း​အဝေး လာ​တက်​သူ​တိုင်း ကောင်း​တဲ့​အပေါင်း​အသင်း​ဖြစ်​တယ်​ဆို​တဲ့ သဘော​လား။ မဟုတ်​ပါ​ဘူး။

ရင်း​နှီး​တဲ့​အပေါင်း​အသင်း ရွေး​ချယ်​ပုံ

၁၂၊ ၁၃။ (က) ခ​ရစ်​ယာန်တွေ​ထဲ​မှာ​တောင် ဘာ​ကြောင့် ရွေး​ချယ်​ပေါင်း​သင်း​ရ​မလဲ။ (ခ) ပထမ​ရာစု အသင်း​တော်​တွေ​မှာ ဘယ်​လို​အခက်​အခဲ ကြုံ​ခဲ့ရ​သလဲ။ ဒါ​ကြောင့် ပေါလု ဘယ်​လို သတိ​ပေး​ခဲ့​သလဲ။

၁၂ အသင်း​တော်​ထဲ​မှာ​တောင် ဘု​ရား​နဲ့​ဆက်ဆံ​ရေး​ကောင်း ဆက်​ရှိ​စေ​မယ့် အပေါင်း​အသင်း​မျိုး​ကို ရွေး​ပေါင်း​ဖို့ လို​တယ်။ အံ့​ဩ​သွား​သလား။ အံ့​သြစ​ရာ မဟုတ်​ပါ​ဘူး။ အပင်​မှာ​ရှိ​တဲ့ သစ်​သီး​တ​ချို့​ဟာ မှည့်​ဖို့ ကြန့်​ကြာ​သလို အသင်း​တော်​ထဲ​က တ​ချို့​ဟာ ရင့်​ကျက်​သူ​တွေ​ဖြစ်​ဖို့ ကြန့်​ကြာ​နိုင်​တယ်။ ဒါ​ကြောင့် အသင်း​တော်​တိုင်း​မှာ ရင့်​ကျက်​မှု​အတိုင်း​အတာ မတူ​ညီ​တဲ့ ခ​ရစ်​ယာန်​တွေ​ကို တွေ့​ရ​တယ်။ (ဟီ​ဘ​ရူး ၅:၁၂–၆:၃) လူ​သစ်​ကို​ဖြစ်​စေ၊ ယုံ​ကြည်​ခြင်း​အား​နည်း​သူ​ကို​ဖြစ်​စေ ကျွန်​တော်​တို့ မေတ္တာ​နဲ့ သည်း​ခံ​ကြ​တယ်။ သူတို့​ကို ရင့်​ကျက်​သူ​တွေ ဖြစ်​စေ​ချင်​လို့​ပဲ။​—ရော​မ ၁၄:၁။ ၁၅:၁

၁၃ တစ်​ခါ​တ​လေ အသင်း​တော်​ထဲ​မှာ သတိ​နဲ့​ပေါင်း​ရ​မယ့်​သူ​တွေ ရှိ​နိုင်​တယ်။ တ​ချို့​သူ​တွေ​မှာ မသင့်​လျော်​တဲ့​အမူ​အကျင့် ရှိ​နိုင်​တယ်။ တ​ချို့​ကျ​တော့ မကျေ​မနပ်၊ ပြစ်​တင်​ညည်း​ညူ​တဲ့​သဘော​ထား ရှိ​နိုင်​တယ်။ အေဒီ ပထ​မရာ​စု​က အသင်း​တော်​တွေ​မှာ​လည်း အဲဒီ​လို​အခက်​အခဲ​မျိုး ကြုံခဲ့​ဖူး​တယ်။ အသင်း​တော်​ထဲ​က အများ​စု​ဟာ သစ္စာ​ရှိ​သူ​တွေ​ဖြစ်​ပေမဲ့ တ​ချို့​သူ​တွေ​မှာ​တော့ မသင့်​လျော်​တဲ့​အမူ​အကျင့်​တွေ ရှိ​တယ်။ ကော​ရိန္သု​အသင်း​တော်​မှာ တ​ချို့​ဟာ ခ​ရစ်​ယာန်​သွန်သင်​ချက်​တ​ချို့​ကို လက်မခံ​​ကြ​ဘူး။ ဒါ​ကြောင့် တမန်​တော်​ပေါလု​က “လှည့်​စား​မခံ​ကြ​ပါ​နဲ့။ မကောင်း​တဲ့ အပေါင်း​အသင်း​ဟာ ကောင်း​တဲ့​အကျင့်​ကို ပျက်​စီး​စေ​တတ်​တယ်” ဆို​ပြီး သတိ​ပေး​ခဲ့​တယ်။ (၁ ကော​ရိန္သု ၁၅:၁၂၊ ၃၃) ခ​ရစ်​ယာန်​တွေ​ထဲ​မှာ​တောင် မလျောက်​ပတ်​စွာ ကျင့်​ကြံ​ပြု​မူ​သူ တ​ချို့​ရှိ​မယ့်​အကြောင်း တိမောသေကို ပေါလု​သတိ​ပေး​တယ်။ အဲဒီ​လို​လူ​တွေ​နဲ့ ရင်းရင်း​နှီး​နှီး မပေါင်း​ဘဲ ကင်း​ကင်း​ရှင်း​ရှင်း​နေ​ဖို့ တိမောသေကို မှာ​ခဲ့​တယ်။​—၂ တိမောသေ ၂:၂၀–၂၂ ကို​ဖတ်​ပါ။

၁၄။ အပေါင်း​အသင်း​နဲ့​ပတ်​သက်​ပြီး ပေါလု​ရဲ့ သတိ​ပေး​ချက်​တွေ​မှာ​ပါ​တဲ့ အခြေ​ခံ​မူ​ကို ဘယ်​လို လက်​တွေ့​ကျင့်​သုံး​နိုင်​သလဲ။

၁၄ ပေါလု​ရဲ့ သတိ​ပေး​ချက်​တွေ​မှာ​ပါ​တဲ့ အခြေ​ခံ​မူ​ကို ဘယ်​လို လက်​တွေ့​ကျင့်​သုံး​နိုင်​သလဲ။ အသင်း​တော်​ထဲ​က​ဖြစ်​စေ၊ အသင်း​တော်​အပြင်​က​ဖြစ်​စေ အဖျက်​သြဇာ​လွှမ်း​နိုင်​သူ​ ဘယ်​သူ​မဆို​နဲ့ ရင်းရင်း​နှီး​နှီး ပေါင်း​သင်း​တာ​ကို ရှောင်​ဖို့​ဖြစ်​တယ်။ (၂ သက်သာ​လောနိတ် ၃:၆၊ ၇၊ ၁၄) ယေဟောဝါ​နဲ့ ကောင်း​တဲ့​ဆက်ဆံ​ရေး မပျက်​အောင် ဂရု​စိုက်​ကြ​ရ​မယ်။ ရေ​မြှုပ်​လို​ပဲ ကျွန်​တော်​တို့​ဟာ ကိုယ်​နဲ့​ရင်း​နှီး​သူ​တွေရဲ့ စိတ်​သဘော​ထား​တွေ၊ ပြု​မူ​ပုံ​တွေ​ကို ခံ​ယူ​မိ​တတ်​တယ်​ဆို​တာ သတိ​ရ​ပါ။ ရှာ​လ​ကာ​ရည်​ထဲ နှစ်​ထား​တဲ့ ရေ​မြှုပ်​ဟာ ရေ​ကို​စုပ်​ယူ​နိုင်​မှာ မဟုတ်​သလို အဖျက်​သြဇာ​လွှမ်း​သူ​တွေ​နဲ့ ပေါင်း​သင်း​သူ​ဟာ အပြု​သဘော ရှိ​လာ​နိုင်​မှာ မဟုတ်ဘူး။​—၁ ကော​ရိန္သု ၅:၆

ယုံ​ကြည်​သူ​တွေ​ထဲ​မှာ ကောင်း​တဲ့​အပေါင်း​အသင်း ရှာ​တွေ့​နိုင်

၁၅။ ဘု​ရား​နဲ့ ရင်း​နှီး​တဲ့​ဆက်ဆံ​ရေး​ရှိ​တဲ့ မိတ်ဆွေ​တွေ​ကို အသင်း​တော်​ထဲ​မှာ ဘယ်​လို​ရှာ​တွေ့​နိုင်​သလဲ။

၁၅ ယုံ​ကြည်​သူ​ချင်း​တွေ​ထဲ​မှာ အပေါင်း​အသင်း​ကောင်း ရှာ​တွေ့​နိုင်​တာ ကျေး​ဇူး​တင်​စ​ရာ​ပဲ။ (ဆာလံ ၁၃၃:၁) အသင်း​တော်​ထဲ​မှာ ဘု​ရား​နဲ့​ရင်း​နှီး​တဲ့ ဆက်ဆံ​ရေး​ရှိ​ဖို့ ကြိုး​စား​နေ​ကြ​တဲ့ မိတ်ဆွေ​တွေ​ကို ဘယ်​လို​ရှာ​တွေ့​နိုင်​သလဲ။ ဘု​ရား​နှစ်​သက်​တဲ့ အရည်​အသွေး​တွေ၊ အပြု​အမူ​တွေ​ကို သင် ကြိုး​စား​မွေး​မြူ​တဲ့​အခါ သင်​နဲ့ စိတ်​သဘော​ထား တူ​သူ​တွေ​အတွက် ဆွဲ​ဆောင်​မှု​ဖြစ်​လိမ့်​မယ်။ တစ်​ချိန်​တည်း​မှာ မိတ်ဆွေ​သစ်​ဖွဲ့​ဖို့ ကြိုး​စား​တဲ့​အခါ လက်​တွေ့​ကျ​နည်း​လမ်း​တ​ချို့​ကို ကိုယ်​က အစ​ပြု​လုပ်​ဆောင်​ဖို့ လို​နိုင်​တယ်။ (“ မိတ်ဆွေ​ကောင်း ဖွဲ့​နိုင်​ပုံ” လေး​ထောင့်​ကွက်​ကို ကြည့်​ပါ။) သင် အတု​ယူ​ချင်​တဲ့ အရည်​အသွေး ရှိ​တဲ့​သူ​တွေ​ကို ရှာ​ကြည့်​ပါ။ လူမျိုး၊ နိုင်​ငံ​သား၊ ယဉ်​ကျေး​မှု မရွေး​ဘဲ ယုံ​ကြည်​သူ​ချင်း​တွေ​နဲ့ မိတ်​ဖွဲ့​ခြင်း​အား​ဖြင့် “နှလုံး​သား​ကို ကျယ်​ကျယ် ဖွင့်​ထား​ပါ” ဆို​တဲ့ ကျမ်း​စာ​အကြံ​ပြု​ချက်​ကို လိုက်​နာ​ပါ။ (၂ ကော​ရိန္သု ၆:၁၃၊ အောက်​ခြေ​မှတ်​ချက်။ ၁ ပေတရု ၂:၁၇ ကို​ဖတ်​ပါ။) သက်​တူ​ရွယ်​တူ​တွေ​နဲ့​ပဲ မပေါင်း​ပါ​နဲ့။ ယောန​သန်​ဟာ ဒါဝိဒ်​ထက် အများ​ကြီး အသက်​ကြီး​တယ်​ဆို​တာ သတိ​ရ​ပါ။ အသက်​ကြီး​သူ​တွေ​ဟာ အတွေ့​အကြုံ​နဲ့ ဉာဏ်​ပညာ ပို​ကြွယ်​ဝ​တဲ့​အတွက် ခင်​မင်​ရင်း​နှီး​မှု​ကို ခိုင်​မြဲစေ​နိုင်​တယ်။

အခက်​အခဲ ပေါ်​လာ​တဲ့​အခါ

၁၆၊ ၁၇။ ယုံ​ကြည်​သူ​ချင်း​တစ်ဦး​က စိတ်​ထိ​ခိုက်​အောင်​လုပ်​တဲ့​အခါ အသင်း​တော်​ကို ဘာ​ကြောင့် ရှောင်​ခွာ​မသွား​သင့်​သလဲ။

၁၆ အသင်း​တော်​ထဲ​မှာ စ​ရိုက်​မျိုး​စုံ၊ နောက်​ခံ​မျိုး​စုံ ရှိ​ကြ​တဲ့​အတွက် ပြဿ​နာ​တွေ မကြာ​မကြာ ပေါ်​လာ​နိုင်​တယ်။ ယုံ​ကြည်​သူ​ချင်း​တစ်ဦး​ရဲ့ စကား ဒါ​မှ​မဟုတ် အပြု​အမူ​ကြောင့် ကျွန်​တော်​တို့ စိတ်​ထိ​ခိုက်​မိ​နိုင်​တယ်။ (ပညာ​အလိမ္မာ ၁၂:၁၈) တစ်​ခါ​တ​လေ စ​ရိုက်​မတူ​တာ၊ နား​လည်​မှု​လွဲ​တာ၊ သဘော​ထား​ကွဲ​လွဲ​တာ​ကြောင့် ပြဿ​နာ စ​လာ​တတ်​တယ်။ အဲဒီ​ပြဿ​နာ​တွေ​ကြောင့် စိတ်​ခု​ပြီး အသင်း​တော်​နဲ့ ဝေး​ဝေး​နေ​မလား။ ယေဟောဝါ​နဲ့ ကိုယ်​တော်​ချစ်​တဲ့​သူ​တွေ​ကို တ​ကယ်​ချစ်​မယ်​ဆို​ရင် ကျွန်​တော်​တို့ အဲဒီ​လို​လုပ်​မှာ မဟုတ်​ဘူး။

၁၇ ဖန်​ဆင်း​ရှင်၊ အသက်​ပေး​ရှင်​ဖြစ်​တဲ့ ယေဟောဝါ​ဟာ ကျွန်​တော်​တို့​ရဲ့ ချစ်​ခြင်း၊ အကြွင်း​မဲ့ ကိုးကွယ်​ဆည်း​ကပ်​ခြင်း​ကို ရ​ထိုက်​ပါ​တယ်။ (ဗျာဒိတ် ၄:၁၁) ကိုယ်​တော်​အသုံး​ပြု​နေ​တဲ့ အသင်း​တော်​နဲ့ သစ္စာ​ရှိ​ရှိ ပူး​ပေါင်း​လုပ်​ဆောင်​ဖို့​လည်း လို​တယ်။ (ဟီ​ဘ​ရူး ၁၃:၁၇) ဒါ​ကြောင့် ယုံ​ကြည်​သူ​ချင်း​တစ်ဦး​က ကျွန်​တော်​တို့​ကို စိတ်​ထိ​ခိုက်​အောင်၊ စိတ်​ဓာတ်​ကျ​အောင် လုပ်​တဲ့​အခါ မကျေ​နပ်​ကြောင်း​ပြတဲ့​အနေ​နဲ့ အသင်း​တော်​က​နေ ရှောင်​ခွာ​သွား​မှာ မဟုတ်​ဘူး။ ကျွန်​တော်​တို့​ကို စိတ်​ဆိုး​အောင်​လုပ်​တာ ယေဟောဝါ​မှ မဟုတ်​တာ။ ဘယ်​လို​လုပ် အဲဒီ​လို ရှောင်​ခွာ​သွား​နိုင်​မှာ​လဲ။ ယေဟောဝါ​ကို ချစ်​တဲ့​စိတ်​ရှိ​ရင် ကိုယ်​တော်​နဲ့ ကိုယ်​တော့်​လူ​တွေ​ကို ဘယ်​တော့​မှ ကျော​ခိုင်း​သွား​မှာ မဟုတ်​ဘူး။​—ဆာလံ ၁၁၉:၁၆၅ ကို​ဖတ်​ပါ။

၁၈။ (က) အသင်း​တော်​မှာ ငြိမ်သက်​မှု​ရှိ​ဖို့ ဘာ​လုပ်​နိုင်​သလဲ။ (ခ) ခိုင်လုံ​တဲ့​အကြောင်း​ရင်း ရှိ​မယ်​ဆို​ရင် ခွင့်​လွှတ်​လိုက်​တာ​က ဘာ​ကောင်း​ချီး​တွေ ရ​စေ​သလဲ။

၁၈ ယုံ​ကြည်​သူ​ချင်း​တွေ​ကို ချစ်​တဲ့​မေတ္တာ​က အသင်း​တော်​မှာ ငြိမ်သက်​မှု ရှိ​စေ​တယ်။ ယေဟောဝါ​ဟာ မိမိ​ချစ်​တဲ့​သူ​တွေ​ဆီ​က ပြည့်​ဝ​စုံလင်​မှု​ကို မမျှော်​လင့်​သလို ကျွန်​တော်​တို့​လည်း မမျှော်​လင့်​သင့်​ဘူး။ ချစ်​ခြင်း​မေတ္တာ​က အသေး​အဖွဲ အမှား​တွေ​ကို ဗွေ​မယူ​ဘဲ ခွင့်​လွှတ်​စေ​နိုင်​တယ်၊ ကျွန်​တော်​တို့​အားလုံး ပြည့်​ဝ​စုံလင်​သူ​တွေ မဟုတ်​မှန်း၊ အမှား​လုပ်​တတ်​ကြ​မှန်း သတိ​ရ​စေ​တယ်။ (ပညာ​အလိမ္မာ ၁၇:၉။ ၁ ပေတရု ၄:၈) ချစ်​ခြင်း​မေတ္တာ​က ‘အချင်း​ချင်း . . . ဆက်​ပြီး ကြည်​ကြည်​ဖြူ​ဖြူ ခွင့်​လွှတ်’ ဖို့ ကူညီ​ပေး​တယ်။ (ကောလောသဲ ၃:၁၃) အဲဒီ​အကြံ​ပေး​ချက်​ကို လိုက်​နာ​ဖို့ အမြဲမလွယ်​ဘူး။ အပျက်​သဘော​ထား​တွေ​ကို အနိုင်​ယူ​ခွင့် ပေး​လိုက်​မယ်​ဆို​ရင် ကျွန်​တော်​တို့​ဟာ စိတ်​နာ​ကြည်း​နေ​မယ်၊ ပြစ်​မှား​သူ​ကို မကျေ​မနပ် ဒေါသ​ထွက်​နေ​မယ်။ တ​ကယ်​တော့ မကျေ​မနပ် စိတ်​ခု​နေ​တာ​က ကျွန်​တော်​တို့​အတွက် အန္တရာယ်​ရှိ​တယ်။ ခွင့်​လွှတ်​ဖို့ ခိုင်လုံ​တဲ့​အကြောင်း​ရင်း ရှိ​မယ်​ဆို​ရင် ခွင့်​လွှတ်​လိုက်​တာ​က ကောင်း​ချီး​အများ​ကြီး ရ​စေ​တယ်။ (လုကာ ၁၇:၃၊ ၄) စိတ်​ငြိမ်သက်​မှု​ ရ​စေ​ပြီး အသင်း​တော်​မှာ​လည်း ငြိမ်သက်​မှု ဆက်​ရှိ​စေ​တယ်။ အဓိ​က​အား​ဖြင့် ယေဟောဝါ​နဲ့ ကျွန်​တော်​တို့​ရဲ့ ဆက်ဆံ​ရေး​ကို ကာ​ကွယ်​ပေး​တယ်။​—မဿဲ ၆:၁၄၊ ၁၅။ ရောမ ၁၄:၁၉

အပေါင်း​အဖော် မလုပ်​သင့်​တော့​တဲ့​အခါ

၁၉။ ဘယ်​လို​အခြေ​အနေ​မျိုး​တွေ​မှာ တစ်ဦး​တစ်​ယောက်​နဲ့ ဆက်​မပေါင်း​သင့်​သလဲ။

၁၉ တစ်​ခါ​တ​လေ အသင်း​သား​တစ်ဦး​ဖြစ်​ခဲ့​သူ​ကို ဆက်​မပေါင်း​ဖော်​တော့​ဖို့ တောင်း​ဆို​ခံ​ရ​နိုင်​တယ်။ ဘု​ရား​ပညတ် ချိုး​ဖောက်​ပြီး နောင်​တ​မယူ​လို့ နှင်​ထုတ်​ခံ​ရ​တဲ့​အခါ၊ မှား​တဲ့​အယူ​ဝါ​ဒ​ကို သွန်သင်​ခြင်း​ ဒါ​မှ​မဟုတ် အသင်း​တော်​နဲ့ အဆက်​ဖြတ်​ခြင်း​အား​ဖြင့် ယုံ​ကြည်​ခြင်း​ကို ပစ်​ပယ်​တဲ့​အခါ​မျိုး​မှာ ဖြစ်​တယ်။ အဲဒီ​လူ​တွေ​ကို ‘မပေါင်း​ဖော်​နဲ့​တော့’ လို့ ကျမ်း​စာ​က ရှင်း​ရှင်း​ပြော​ထား​တယ်။ * (၁ ကော​ရိန္သု ၅:၁၁–၁၃ ကို​ဖတ်​ပါ။ ၂ ယောဟန် ၉-၁၁) မိတ်ဆွေ​ဖြစ်​ခဲ့​သူ ဒါ​မှ​မဟုတ် ဆွေ​မျိုး​တော်​သူ​တစ်ဦး​ကို ရှောင်​ဖို့ အတော်​လေး ခက်​မှာ​ပဲ။ အရာ​အားလုံး​ထက် ယေဟောဝါ​နဲ့ ဖြောင့်​မတ်​တဲ့​ပညတ်​တွေ​ကို သစ္စာ​စောင့်​သိ​ကြောင်း ဖော်ပြပြီး အခိုင်​အမာ ရပ်​တည်​ကြ​မလား။ သစ္စာ​စောင့်​သိ​ခြင်း​နဲ့ နာ​ခံ​ခြင်း​ကို ယေဟောဝါ အလွန်​တန်​ဖိုး​ထား​တယ်​ဆို​တာ သတိ​ရ​ပါ။

၂၀၊ ၂၁။ (က) နှင်​ထုတ်​ခြင်း​ဟာ ဘာ​ကြောင့် မေတ္တာ​ပါ​တဲ့ ပြင်​ဆင်​ပေး​ချက်​တစ်​ခု ဖြစ်​သလဲ။ (ခ) အပေါင်း​အသင်း​တွေ​ကို ဉာဏ်​ပညာ​ရှိ​ရှိ ရွေး​ချယ်​ဖို့ ဘာ​ကြောင့် အရေး​ကြီး​သလဲ။

၂၀ နှင်​ထုတ်​ခြင်း​အစီ​အစဉ်​ဟာ ယေဟောဝါ​ဆီ​က မေတ္တာ​ပါ​တဲ့ ပြင်​ဆင်​ပေး​ချက်​တစ်​ခု ဖြစ်​တယ်။ ဘယ်​လို ဖြစ်​နိုင်​သလဲ။ နောင်​တ​မရ​တဲ့ အပြစ်​ပြု​သူ​ကို နှင်​ထုတ်​တာ​ဟာ ယေဟောဝါ​ရဲ့ သန့်​ရှင်း​မြင့်​မြတ်​တဲ့​နာ​မည်၊ ယေဟောဝါ​နဲ့ ကိုယ်​တော့်​စံနှုန်း​တွေ​ကို ချစ်​ကြောင်း​ပြရာရောက်​တယ်။ (၁ ပေတရု ၁:၁၅၊ ၁၆) နှင်​ထုတ်​ခြင်း​အစီ​အစဉ်​က အသင်း​တော်​ကို လုံ​ခြုံ​စေ​တယ်။ သစ္စာ​ရှိ​တဲ့ အသင်း​သား​တွေ​ကို တ​မင်​အပြစ်​လုပ်​သူ​တွေ​ရဲ့ မကောင်း​တဲ့​သြဇာ​က​နေ ကာ​ကွယ်​ပေး​တယ်။ ဆိုး​ညစ်​တဲ့ ဒီ​လော​က​မှာ အသင်း​တော်​ဟာ လုံ​ခြုံ​တဲ့​နေ​ရာ ဖြစ်​တယ်​ဆို​တဲ့ အသိ​နဲ့ ဆက်​ဝတ်​ပြု​ကိုးကွယ်​နိုင်​ကြ​တယ်။ (၁ ကော​ရိန္သု ၅:၇။ ဟီ​ဘ​ရူး ၁၂:၁၅၊ ၁၆) ခိုင်​မာ​ပြတ်​သား​စွာ ဆုံးမ​တာ​ဟာ အမှား​ပြု​သူ​ကို ချစ်​ကြောင်း​ပြရာ​ရောက်​တယ်။ သူ တုန်​လှုပ်​သွား​ပြီး အမြင်​မှန် ရ​လာ​နိုင်​တယ်၊ ယေဟောဝါ​ဆီ ပြန်​လှည့်​လာ​ဖို့ ကြိုး​စား​နိုင်​တယ်။​—ဟီ​ဘ​ရူး ၁၂:၁၁

၂၁ ရင်း​နှီး​တဲ့ အပေါင်း​အသင်း​တွေ​ဟာ ကျွန်​တော်​တို့​အပေါ် သြဇာ​ညောင်း​ရုံ​မက ပုံ​သွင်း​နိုင်​စွမ်း​လည်း ရှိ​တယ်။ ဒါ​ကြောင့် အပေါင်း​အသင်း​တွေ​ကို ဉာဏ်​ပညာ​ရှိ​ရှိ ရွေး​ချယ်​ဖို့ သိပ်​အရေး​ကြီး​တယ်။ ယေဟောဝါ​ရဲ့ မိတ်ဆွေ​တွေ​နဲ့ မိတ်​ဖွဲ့​မယ်​၊ ဘု​ရား​ချစ်​တဲ့​သူ​တွေ​ကို ချစ်​မယ်​ဆို​ရင် အကောင်း​ဆုံး အပေါင်း​အသင်း​တွေ ရ​လာ​ပါ​လိမ့်​မယ်။ သူတို့​ဆီ​က ခံ​ယူ​ရ​ရှိ​တာ​တွေ​က ​ယေဟောဝါ​နှစ်​သက်​တဲ့​နည်း​အတိုင်း နေ​ထိုင်​မယ်​ဆို​တဲ့ စိတ်​ပိုင်း​ဖြတ်​ချက်​နဲ့​အညီ အသက်​ရှင်​ဖို့ ကျွန်​တော်​တို့​ကို ကူညီ​ပေး​ပါ​လိမ့်​မယ်။

^ စာပိုဒ်၊ 4 ယေဟောဝါ​က အာဗြဟံ​ကို အဲဒီ​လို​တောင်း​ဆို​တဲ့​အခါ မိမိ​ရဲ့​တစ်ပါး​တည်း​သော​သား​ကို ပူ​ဇော်​သက္ကာ​အဖြစ် ပေး​မယ်​ဆို​တာ အရိပ်​အမြွက်​ပြခဲ့​တယ်။ (ယောဟန် ၃:၁၆) ယေဟောဝါ ကြား​ဝင်​ဆောင်​ရွက်​မှု​ကြောင့် အာဗြဟံ​ဟာ အိ​ဇက်​အစား သိုး​ထီး​တစ်​ကောင်​ကို ပူ​ဇော်​ခဲ့​ရ​တယ်။​—ကမ္ဘာဦး ၂၂:၁၊ ၂၊ ၉-၁၃

^ စာပိုဒ်၊ 9 ဒါဝိဒ်​ဟာ ဂေါ​လျတ်​ကို သတ်​တုန်း​က ‘ချာ​တိတ်​လေး​ပဲ ရှိ​သေး​တယ်။’ သူ့​အသက် ၃၀ လောက်​မှာ ယောန​သန် သေဆုံး​သွား​တယ်။ (၁ ရှ​မွေ​လ ၁၇:၃၃။ ၃၁:၂။ ၂ ရှ​မွေ​လ ၅:၄) ယောန​သန်​ဟာ အသက် ၆၀ လောက်​မှာ သေဆုံး​တာ​ဖြစ်​လို့ ဒါဝိဒ်​ထက် အသက် ၃၀ လောက် ပို​ကြီး​မှန်း သိ​ရ​တယ်။

^ စာပိုဒ်၊ 10 ၁ ရှ​မွေ​လ ၂၃:၁၇ မှာ မှတ်​တမ်း​တင်​ထား​တဲ့​အတိုင်း ယောန​သန်​ဟာ အချက်​ငါး​ချက်​ပြော​ပြီး ဒါဝိဒ်​ကို အား​ပေး​ခဲ့​တယ်။ (၁) မကြောက်​ပါ​နဲ့​လို့ ဒါဝိဒ်​ကို ပြော​တယ်။ (၂) ရှော​လု​ရဲ့ ကြိုး​ပမ်း​မှု​တွေ အောင်​မြင်​မှာ မဟုတ်​ဘူး​လို့ ပြော​တယ်။ (၃) ဘု​ရား​ကတိ​ပြု​ထား​တဲ့​အတိုင်း ဒါဝိဒ် ဘု​ရင်​ဖြစ်​လာ​မယ်​ဆို​တာ အမှတ်​ရ​စေ​တယ်။ (၄) ဒါဝိဒ်​အပေါ် သစ္စာ​စောင့်​သိ​မယ်​လို့ ကတိ​ပြု​တယ်။ (၅) ဒါဝိဒ်​အပေါ် သူ​သစ္စာ​စောင့်​သိ​တာ​ကို ရှော​လု​တောင် သိ​ထား​တဲ့​အကြောင်း ဒါဝိဒ်​ကိုပြော​ပြတယ်။

^ စာပိုဒ်၊ 19 နှင်​ထုတ်​ခံ​ရ​သူ ဒါ​မှ​မဟုတ် ပေါင်း​သင်း​မှု​ရပ်​စဲ​သွား​သူ​တွေ​ကို ဘယ်​လို​ဆက်ဆံ​ရ​မယ့်​အကြောင်း ပို​သိ​ချင်​ရင် “နှင်ထုတ်ခံရသူတစ်ဦးနဲ့ ဆက်ဆံသင့်ပုံ” နောက်​ဆက်​တွဲ​ကို ကြည့်​ပါ။