မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၈

သန့်​ရှင်း​တဲ့​​လူမျိုး​ကို ဘု​ရား​သခင် ချစ်​တယ်

သန့်​ရှင်း​တဲ့​​လူမျိုး​ကို ဘု​ရား​သခင် ချစ်​တယ်

“ဖြူ​စင်​တဲ့​သူ​ကို ဖြူ​စင်​တဲ့​သဘော​နဲ့ ဆက်ဆံ​တယ်။”​—ဆာလံ ၁၈:၂၆

၁-၃။ (က) မိ​ခင်​တစ်ဦး​ဟာ သား​လေး​ကို ဘာ​ကြောင့် သန့်​ရှင်း​သပ်​ရပ်​စွာ ဝတ်​ဆင်​ပေး​သလဲ။ (ခ) ယေဟောဝါ​ဟာ မိမိ​ကို​ဝတ်​ပြု​သူ​တွေ​ကို ဘာ​ကြောင့် သန့်​ရှင်း​စေ​ချင်​သလဲ။ သန့်​သန့်​ရှင်း​ရှင်း​နေ​ဖို့ ကျွန်​တော်​တို့​ကို ဘာ​က လှုံ့​ဆော်​ပေး​သလဲ။

မိ​ခင်​တစ်ဦး​ဟာ အပြင်​သွား​ဖို့ သား​ငယ်​ကို ပြင်​ဆင်​ပေး​နေ​တယ်။ ရေ​ချိုး​ပေး​ပြီး သန့်​ရှင်း သပ်​ရပ်​စွာ ဝတ်​ဆင်​ပေး​တယ်။ သန့်​ရှင်း​မှု​ဟာ သား​လေး​ရဲ့ ကျန်း​မာ​ရေး​အတွက် အရေး​ကြီး​မှန်း သူ​သိ​ထား​တယ်။ ဒါ့​အပြင် သား​လေး​ရဲ့ အသွင်​အပြင်​ဟာ မိ​ဘ​ကို ချီး​မွမ်း​စ​ရာ ဖြစ်​စေ​နိုင်​သလို၊ ကဲ့​ရဲ့​စ​ရာ​လည်း ဖြစ်​စေ​နိုင်​တယ်​ဆို​တာ သူ​သိ​တယ်။

ကျွန်​တော်​တို့​ရဲ့ ကောင်း​ကင်​ဖခင် ယေဟောဝါ​ဟာ မိမိ​ကျေး​ကျွန်​တွေ​ကို သန့်​ရှင်း​စေ​ချင်​တယ်။ “ဖြူ​စင်​တဲ့​သူ​ကို ဖြူ​စင်​တဲ့​သဘော​နဲ့ ဆက်ဆံ​တယ်” လို့ ကျမ်း​စာ​ပြော​တယ်။ * (ဆာလံ ၁၈:၂၆) ယေဟောဝါ​ဟာ ကျွန်​တော်​တို့​ကို ချစ်​မြတ်​နိုး​တယ်။ သန့်​ရှင်း​တာ​က ကျွန်​တော်​တို့​ကို အကျိုး​ပြု​တယ်​ဆို​တာ​လည်း သိ​တယ်။ ဒါ့​အပြင် ကိုယ်​တော့်​သက်​သေတွေ​ဖြစ်​တဲ့ ကျွန်​တော်​တို့​ကို ကိုယ်​တော့် ဘုန်း​ထင်​ရှား​စေ​သူ​တွေ ဖြစ်​စေ​ချင်​တယ်။ မှန်​ပါ​တယ်၊ ကျွန်​တော်​တို့​ရဲ့ သန့်​ရှင်း​တဲ့​အသွင်​အပြင်​နဲ့ အမူ​အကျင့်​ကောင်း​တွေ​က ယေဟောဝါ​နဲ့ သန့်​ရှင်း​မြင့်​မြတ်​တဲ့ နာ​မတော်​ကို ရှုတ်​ချ​စ​ရာ​မဖြစ်​စေ​ဘဲ ဘုန်း​ထင်​ရှား​စေ​ပါ​လိမ့်​မယ်။​—ယေဇကျေလ ၃၆:၂၂။ ၁ ပေတရု ၂:၁၂ ကို​ဖတ်​ပါ။

သန့်​ရှင်း​တဲ့​လူမျိုး​ကို ဘု​ရား​သခင်​ချစ်​မှန်း သိ​ရ​တာ​က သန့်​သန့်​ရှင်း​ရှင်း​နေ​ဖို့ ကျွန်​တော်​တို့​ကို လှုံ့​ဆော်​ပေး​တယ်။ ဘု​ရား​ကို ကျွန်​တော်​တို့ ချစ်​မြတ်​နိုး​လို့ ကျွန်​တော်​တို့​ရဲ့ ဘဝ​ပုံ​စံ​အား​ဖြင့် ဘု​ရား​ဘုန်း​တော်​ကို ထင်​ရှား​စေ​ချင်​ကြ​တယ်။ ဒါ့​အပြင် ဘု​ရား​သခင့်​မေတ္တာ ခံစား​ရ​စေ​မယ့်​အရာ​တွေ​ကို အမြဲလုပ်​ဆောင်​ချင်​တယ်။ ဘာ​ကြောင့် သန့်​ရှင်း​ဖို့ လို​တယ်၊ သန့်​ရှင်း​ခြင်း​မှာ ဘယ်​အရာ ပါ​ဝင်​တယ်၊ ကိုယ့်​ကိုယ်​ကိုယ် ဘယ်​လို သန့်​ရှင်း​စေ​နိုင်​တယ်​ဆို​တာ ဆန်း​စစ်​ကြည့်​ကြ​စို့။ အဲဒီ​လို​ဆန်း​စစ်​တာ​က ဘယ်​ကဏ္ဍ​တွေ​မှာ ကျွန်​တော်​တို့ တိုး​တက်​ဖို့​လို​မှန်း သိ​မြင်​စေ​နိုင်​တယ်။

ဘာ​ကြောင့် သန့်​ရှင်း​ဖို့​လို​သလဲ

၄၊ ၅။ (က) ကျွန်​တော်​တို့ သန့်​ရှင်း​ဖို့​လို​တဲ့ အဓိ​က​အကြောင်း​ရင်း​ဟာ ဘာ​လဲ။ (ခ) ယေဟောဝါ​ရဲ့ သန့်​ရှင်း​မှု​ဟာ မျက်​မြင်​ရ ဖန်​ဆင်း​ရာ​တွေ​မှာ ဘယ်​လို ပေါ်​လွင်​ထင်​ရှား​သလဲ။

ကျွန်​တော်​တို့​ကို ယေဟောဝါ ဦး​ဆောင်​တဲ့​နည်း​တစ်​နည်း​ဟာ ပုံသက်သေ​အား​ဖြင့်​ဖြစ်​တယ်။ “ဘု​ရား​သခင်​ကို အတု​ယူ” ဖို့ ကျမ်း​စာ​က ကျွန်​တော်​တို့​ကို တိုက်​တွန်း​တယ်။ (ဧဖက် ၅:၁) ကျွန်​တော်​တို့ သန့်​ရှင်း​ဖို့​လို​တဲ့ အဓိ​က​အကြောင်း​ရင်း​က​တော့ ကျွန်​တော်​တို့ ကိုးကွယ်​တဲ့​ဘု​ရား ယေဟောဝါ​ဟာ အဘက်​ဘက်​မှာ သန့်​ရှင်း​စင်​ကြယ်​နေ​လို့ ဖြစ်​တယ်။​—ဝတ်​ပြု​ရာ ၁၁:၄၄၊ ၄၅ ကို​ဖတ်​ပါ။

ယေဟောဝါ​ရဲ့ သန့်​ရှင်း​မှု​ဟာ ကိုယ်​တော်​ရဲ့ အရည်​အသွေး​တွေ​နဲ့ နည်း​လမ်း​တွေ​လို​ပဲ မျက်​မြင်​ရ ဖန်​ဆင်း​ရာ​တွေ​မှာ ပေါ်​လွင်​ထင်​ရှား​တယ်။ (ရော​မ ၁:၂၀) ကမ္ဘာ​ကြီး​ကို လူ​တွေ​အတွက် သန့်​ရှင်း​တဲ့​စံ​အိမ်​အဖြစ် ဖန်​ဆင်း​ထား​တယ်။ လေ​နဲ့​ရေ သန့်​ရှင်း​နေ​စေ​ဖို့ ဂေဟ​စ​နစ်​သံ​သရာ​ကို ယေဟောဝါ ပြု​လုပ်​ထား​တယ်။ အဏု​ဇီ​ဝ​ပိုး​မွှား​တ​ချို့​ဟာ ရေ​ဆိုး​သန့်​စင်​ရေး​ဌာန​လို လုပ်​ဆောင်​ပြီး စွန့်​ပစ်​ပစ္စည်း​တွေ​ကို အန္တရာယ်​ကင်း​တဲ့​ပစ္စည်း​တွေ​အဖြစ် ပြောင်း​လဲ​ပေး​တယ်။ လူ​တွေ​ရဲ့ ကိုယ်​ကျိုး​ရှာ​မှု​နဲ့ လော​ဘ​ကြောင့် ဖြစ်​ပေါ်​လာ​တဲ့ ရေ​နံ​ယို​စိမ့်​မှု​နဲ့ တ​ခြား​ညစ်​ညမ်း​မှု​တွေ​ကို သန့်​ရှင်း​စေ​ဖို့ သိ​ပ္ပံ​ပညာ​ရှင်​တွေ​ဟာ အဲဒီ​အဏု​ဇီ​ဝ​ပိုး​မွှား​တ​ချို့​ကို အသုံး​ပြု​ကြ​တယ်။ သန့်​ရှင်း​ခြင်း​ဟာ ‘ကမ္ဘာ​မြေကို ဖန်​ဆင်း​တဲ့​အရှင်’ အတွက် အရေး​ကြီး​မှန်း ထင်​ရှား​တယ်။ (ယေ​ရ​မိ ၁၀:၁၂) ကျွန်​တော်​တို့​အတွက်​လည်း အရေး​ကြီး​တဲ့​ကိစ္စ ဖြစ်​သင့်​တယ်။

၆၊ ၇။ ယေဟောဝါ​ကို ဝတ်​ပြု​သူ​တွေ​ဟာ သန့်​ရှင်း​ရ​မယ်​လို့ မော​ရှေ​ပညတ်​က ဘယ်​လို အလေး​ပေး​ဖော်ပြသလဲ။

ကျွန်​တော်​တို့ သန့်​ရှင်း​ဖို့​လို​တဲ့ အကြောင်း​ရင်း နောက်​တစ်​ခု​က​တော့ အချုပ်​အခြာ​အာ​ဏာ​ပိုင်​ရှင် ယေဟောဝါ​ဟာ မိမိ​ကို​ဝတ်​ပြု​သူ​တွေ​ဆီ​က သန့်​ရှင်း​ခြင်း​ကို တောင်း​ဆို​ထား​လို့ ဖြစ်​တယ်။ အစ္စရေး​လူမျိုး​ကို ပေး​တဲ့ ပညတ်​တ​ရား​မှာ သန့်​ရှင်း​ခြင်း​နဲ့ ဝတ်​ပြု​ရေး​ဟာ အနီး​ကပ် ဆက်​စပ်​နေ​တယ်။ အပြစ်​ဖြေရာ​နေ့​မှာ ပု​ရော​ဟိတ်​မင်း​ဟာ တစ်​ကြိမ်​သာ​မဟုတ်၊ နှစ်​ကြိမ် ရေ​ချိုး​ရ​မယ်​လို့ ပညတ်​တ​ရား​က ပြဋ္ဌာန်း​ထား​တယ်။ (ဝတ်​ပြု​ရာ ၁၆:၄၊ ၂၃၊ ၂၄) တာဝန်​ကျ​တဲ့ ပု​ရော​ဟိတ်​တွေ​ဟာ ယေဟောဝါ​ကို ပူ​ဇော်​သက္ကာ မဆက်​သခင် ခြေ​လက်​ဆေး​ရ​မယ်​လို့ ပညတ်​ထား​တယ်။ (ထွက်​မြောက်​ရာ ၃၀:၁၇-၂၁။ ၂ ရာ​ဇ​ဝင်​ချုပ် ၄:၆) ပညတ်​တ​ရား​မှာ ကာ​ယ​ပိုင်း​ မသန့်​ရှင်း​မှု​နဲ့ ထုံးတမ်း​အရ မစင်​ကြယ်​မှု အမျိုး​ပေါင်း ၇၀ ခန့် ဖော်ပြထား​တယ်။ မသန့်​ရှင်း​တဲ့ အစ္စရေး​လူမျိုး​တစ်ဦး​ဟာ ဝတ်​ပြု​ရေး​မှာ ပါ​ဝင်​လို့ မရ​ဘူး။ ပါ​ဝင်​မယ်​ဆို​ရင် သေဒဏ်​ခံ​ရ​နိုင်​တယ်။ (ဝတ်​ပြု​ရာ ၁၅:၃၁) ရေ​ချိုး​တာ၊ အဝတ်​လျှော်​တာ အပါ​အဝင် တောင်း​ဆို​ထား​တဲ့ စင်​ကြယ်​ခြင်း လုပ်​ထုံး​လုပ်​နည်း​တွေ​ကို မလုပ်​ဆောင်​သူ​ဟာ ‘ပယ်​ရှင်း​ခံ​ရ​မယ်။’​—တော​လည်​ရာ ၁၉:၁၇-၂၀

ကျွန်​တော်​တို့​ဟာ မော​ရှေ​ပညတ်​အောက်​မှာ မရှိ​ပေမဲ့ အဲဒီ​ပညတ်​က ကိစ္စရပ်​တွေ​အပေါ် ဘု​ရား​ရှု​မြင်​ပုံ​ကို ထိုး​ထွင်း​သိ​မြင်​စေ​တယ်။ ဘု​ရား​သခင်​ကို ဝတ်​ပြု​သူ​တွေ​ဟာ သန့်​ရှင်း​ရ​မယ်​လို့ ပညတ်​တ​ရား​က အလေး​ပေး​ဖော်ပြတယ်။ ယေဟောဝါ​ဟာ ပြောင်း​လဲ​ခြင်း မရှိ​ဘူး။ (မာလခိ ၃:၆) “စင်​ကြယ်​ပြီး အညစ်​အကြေး​ကင်း​စင်​တဲ့” ဝတ်​ပြု​မှု​ကို​သာ ကိုယ်​တော် လက်ခံ​တယ်။ (ယာကုပ် ၁:၂၇) ဒါ​ကြောင့် ဒီ​ကိစ္စ​မှာ ကျွန်​တော်​တို့​ဆီ​က​နေ ကိုယ်​တော် မျှော်​လင့်​တဲ့​အရာ​ကို သိ​ဖို့​လို​တယ်။

ဘု​ရား​ရဲ့​အမြင်​အရ သန့်​ရှင်း​ခြင်း​မှာ ဘယ်​အရာ​ပါ​ဝင်

၈။ ဘယ်​ကဏ္ဍ​တွေ​မှာ ကျွန်​တော်​တို့​ကို ယေဟောဝါ သန့်​ရှင်း​စေ​ချင်​သလဲ။

ကျမ်း​စာ​မှာ​ပါ​တဲ့ သန့်​ရှင်း​ခြင်း​ဆို​တာ ကာ​ယ​ရေး​သန့်​ရှင်း​ခြင်း​ထက်​မက ပါ​ဝင်​တယ်။ ဘု​ရား​အမြင်​မှာ သန့်​ရှင်း​ခြင်း​ဆို​တာ ကျွန်​တော်​တို့​ရဲ့ ဘဝ​ကဏ္ဍ​တိုင်း​နဲ့ သက်​ဆိုင်​တယ်။ ယေဟောဝါ​ဟာ ဝတ်​ပြု​ရေး၊ စာ​ရိတ္တ​ရေး၊ စိတ်​ဓာတ်​ရေး၊ ကာ​ယ​ရေး​ဆို​တဲ့ ကဏ္ဍ​လေး​ခု​မှာ ကျွန်​တော်​တို့​ကို သန့်​ရှင်း​စေ​ချင်​တယ်။ အဲဒီ​ကဏ္ဍ​တစ်​ခု​စီ​မှာ ဘာ​တွေ​ပါ​ဝင်​တယ်​ဆို​တာ သုံးသပ်​ကြည့်​ကြ​စို့။

၉၊ ၁၀။ ဝတ်​ပြု​ရေး​မှာ သန့်​ရှင်း​တယ်​ဆို​တာ ဘာ​ကို ဆိုလို​သလဲ။ ခ​ရစ်​ယာန်​စစ်​တွေ ဘာ​ကို ရှောင်​ကြ​သလဲ။

ဝတ်​ပြု​ရေး သန့်​ရှင်း​ခြင်း။ ရိုး​ရိုး​လေး​ပြော​ရရင် ဝတ်​ပြု​ရေး​မှာ သန့်​ရှင်း​တယ်​ဆို​တာ စစ်​မှန်​တဲ့​ဝတ်​ပြု​ရေး​နဲ့ မှား​ယွင်း​တဲ့​ဝတ်​ပြု​ရေး မရော​ယှက်​တာ​ကို ဆိုလို​တယ်။ အစ္စရေး​လူမျိုး​ဟာ ဗာ​ဗု​လုန်​က​နေ ဂျေရု​ဆ​လင်​ကို ပြန်​လာ​ချိန်​မှာ “အဲဒီ​က​နေ ထွက်​သွား​ကြ။ မသန့်​ရှင်း​တာ​မှန်​သမျှ လက်​နဲ့​တောင် မထိ​ကြ​နဲ့။ . . . ကိုယ့်​ကိုယ်​ကိုယ် သန့်​ရှင်း​အောင် နေ​ကြ” ဆို​တဲ့ ဘု​ရား​ရဲ့ နှိုး​ဆော်​ချက်​ကို နား​ထောင်​ခဲ့​ကြ​တယ်။ (ဟေ​ရှာ​ယ ၅၂:၁၁) သူတို့​ဟာ အဓိ​က​အား​ဖြင့် ယေဟောဝါ​ရဲ့ ဝတ်​ပြု​ရေး​ကို ပြန်​လည်​ထူ​ထောင်​ဖို့ နေ​ရင်း​ပြည်​ကို ပြန်​လာ​ခဲ့​ကြ​တယ်။ အဲဒီ​ဝတ်​ပြု​ရေး​ဟာ ဘု​ရား​သခင်​ကို ရှုတ်​ချ​တဲ့ ဗာ​ဗု​လုန်​ဘာ​သာ​တ​ရား​ရဲ့ သွန်သင်​ချက်​တွေ၊ အကျင့်​အကြံ​တွေ၊ ဓလေ့​ထုံး​စံ​တွေ​နဲ့ စွန်း​ထင်း​မနေ​ဘဲ သန့်​ရှင်း​ရ​မယ်။

၁၀ အခု​အချိန်​မှာ​လည်း ခ​ရစ်​ယာန်​စစ်​တွေ​ဟာ မှား​ယွင်း​တဲ့​ဝတ်​ပြု​ရေး​နဲ့ မစွန်း​ထင်း​မိ​စေ​ဖို့ သတိ​ပြု​ရ​မယ်။ (၁ ကော​ရိန္သု ၁၀:၂၁ ကို​ဖတ်​ပါ။) မှား​ယွင်း​တဲ့​ဘာ​သာ​ရဲ့ သြဇာ​လွှမ်း​မိုး​မှု အလွန်​ပျံ့​နှံ့​နေ​တာ​ကြောင့် ဒီ​ကိစ္စ​မှာ အထူး​သတိ​ရှိ​ရ​မယ်။ နိုင်​ငံ​များ​စွာ​မှာ​ရှိ​တဲ့ ရိုး​ရာ​ဓလေ့​ထုံး​စံ​တွေ၊ လုပ်​ဆောင်​မှု​တွေ၊ ဘာ​သာ​ရေး​ထုံးတမ်း​တွေ​ဟာ မှား​ယွင်း​တဲ့​ဘာ​သာ​ရေး သွန်သင်​ချက်​တွေ​နဲ့ ဆက်​စပ်​နေ​တယ်။ ဥပမာ၊ လူ​သေပြီး​တဲ့​နောက် ဆက်​အသက်​ရှင်​နေ​တဲ့​အရာ ရှိ​တယ်​ဆို​တဲ့ သွန်သင်​ချက်​ဖြစ်​တယ်။ (ဒေ​သနာ ၉:၅၊ ၆၊ ၁၀) ခရစ်​ယာန်​စစ်​တွေ​ဟာ မှား​ယွင်း​တဲ့​ဘာ​သာ​ရေး ယုံ​ကြည်​ချက်​တွေ​ပါ​ဝင်​တဲ့ ဓလေ့​ထုံး​စံ​တွေ​ကို ရှောင်​ကြ​တယ်။ * သန့်​ရှင်း​တဲ့​ဝတ်​ပြု​ရေး​နဲ့​ဆိုင်​တဲ့ ကျမ်း​စာ​စံနှုန်း​တွေ​ကို အလျှော့​ပေး​လိုက်​လျော​ဖို့ တ​ခြား​သူ​တွေ​က ဖိ​အား​ပေး​လာ​တဲ့​အခါ ကျွန်​တော်​တို့ လက်ခံ​မှာ မဟုတ်​ဘူး။​—တမန်​တော် ၅:၂၉

၁၁။ စာ​ရိတ္တ​သန့်​ရှင်း​ခြင်း​မှာ ဘယ်​အရာ ပါ​ဝင်​သလဲ။ ဒီ​ကဏ္ဍ​မှာ သန့်​ရှင်း​နေ​ဖို့ ဘာ​ကြောင့် အရေး​ကြီး​သလဲ။

၁၁ စာ​ရိတ္တ​ရေး သန့်​ရှင်း​ခြင်း။ စာ​ရိတ္တ​သန့်​ရှင်း​ခြင်း​မှာ လိင်​အကျင့်​ယို​ယွင်း​မှု​အားလုံး​ကို ရှောင်​ကြဉ်​ခြင်း ပါ​ဝင်​တယ်။ (ဧဖက် ၅:၅ ကို​ဖတ်​ပါ။) ကျွန်​တော်​တို့ စာ​ရိတ္တ​သန့်​ရှင်း​နေ​ဖို့ အလွန် အရေး​ကြီး​တယ်။ နောက်​အခန်း​မှာ တွေ့​ရ​မယ့်​အတိုင်း ဘု​ရား​သခင့်​မေတ္တာ အမြဲခံစား​ရ​ဖို့ “လိင်​အကျင့်​ယို​ယွင်း​မှု​ကို ဝေး​ဝေး​ရှောင်” ရ​မယ်။ နောင်​တ​မရ​တဲ့ လိင်​အကျင့်​ယို​ယွင်း​သူ​တွေ​ဟာ ‘ဘု​ရား​သခင်​ရဲ့ နိုင်​ငံ​တော်​ကို အမွေ​ခံ​ရ​မှာ မဟုတ်​ဘူး။’ (၁ ကော​ရိန္သု ၆:၉၊ ၁၀၊ ၁၈) အဲဒီ​လူ​တွေ​ဟာ ဘု​ရား​သခင့်​အမြင်​မှာ “ညစ်​ညမ်း​ပြီး ရွံ​ရှာ​ဖွယ်​ကောင်း​သူ​တွေ” ဖြစ်​ကြ​တယ်။ စာ​ရိတ္တ​ မသန့်​ရှင်း​သူ​တွေ​ဟာ “ဒုတိ​ယ​သေခြင်း” နဲ့ ကြုံ​တွေ့​ရ​လိမ့်​မယ်။​—ဗျာဒိတ် ၂၁:၈

၁၂၊ ၁၃။ စိတ်​နဲ့​အပြု​အမူ ဘယ်​လို​ဆက်​စပ်​သလဲ။ စိတ်​ဓာတ်​ရေး​မှာ ဘယ်​လို သန့်​ရှင်း​နေ​နိုင်​သလဲ။

၁၂ စိတ်​ဓာတ်​ရေး သန့်​ရှင်း​ခြင်း။ စိတ်​ထဲ​ရှိ​တဲ့​အတိုင်း ကျွန်​တော်​တို့ ပြု​မူ​တတ်​တယ်။ စိတ်​နှလုံး​ထဲ​မှာ မကောင်း​တဲ့​အတွေး​အခေါ်​တွေ နေ​ရာ​ယူ​လာ​ပြီဆို​ရင် မသန့်​ရှင်း​တဲ့​အကျင့်​တွေ​ကို အနှေး​နဲ့ အမြန် ကျူး​လွန်​မိ​နိုင်​တယ်။ (မဿဲ ၅:၂၈။ ၁၅:၁၈-၂၀) ဒါ​ပေမဲ့ စိတ်​ထဲ​မှာ သန့်​ရှင်း​စင်​ကြယ်​တဲ့ အတွေး​အခေါ်​တွေ ပြည့်​နေ​မယ်​ဆို​ရင် သန့်​ရှင်း​တဲ့​အကျင့်​ကို ကျင့်​ဖို့ လှုံ့​ဆော်​ခံ​ရ​နိုင်​တယ်။ (ဖိ​လိပ္ပိ ၄:၈ ကို​ဖတ်​ပါ။) စိတ်​ဓာတ်​ရေး​မှာ ဘယ်​လို သန့်​ရှင်း​နေ​နိုင်​သလဲ။ ကျွန်​တော်​တို့​ရဲ့ အတွေး​အခေါ်​ကို ညစ်​ညမ်း​စေ​နိုင်​တဲ့ ဖျော်​ဖြေမှု​အားလုံး​ကို ရှောင်​ဖို့ လို​တယ်။ * ဒါ့​အပြင် ကျမ်း​စာ​ကို မှန်​မှန်​လေ့​လာ​ခြင်း​ဖြင့် စိတ်​ထဲ​မှာ သန့်​ရှင်း​တဲ့​အတွေး​အခေါ်​တွေ ဖြည့်​ထား​ရ​မယ်။​—ဆာလံ ၁၉:၈၊ ၉

၁၃ ကျွန်​တော်​တို့​ဟာ ဘု​ရား​သခင့်​မေတ္တာ အမြဲခံစား​ရ​ဖို့ ဝတ်​ပြု​ရေး၊ စာ​ရိတ္တရေး​နဲ့ စိတ်​ဓာတ်​ရေး​မှာ သန့်​ရှင်း​နေ​ရ​မယ်။ အဲဒီ​ကဏ္ဍ​တွေ​ကို ဒီ​စာ​အုပ်​ရဲ့ တ​ခြား​အခန်း​တွေ​မှာ အသေး​စိတ် ဆွေး​နွေး​ထား​တယ်။ အခု၊ စ​တုတ္ထ​ကဏ္ဍ​ဖြစ်​တဲ့ ကာ​ယ​ရေး သန့်​ရှင်း​ခြင်း​ကို ဆန်း​စစ်​ကြည့်​ကြ​စို့။

ကာ​ယ​ရေး​မှာ ဘယ်​လို သန့်​ရှင်း​နေ​နိုင်​သလဲ

၁၄။ ကာ​ယ​ရေး​သန့်​ရှင်း​ခြင်း​ဟာ ဘာ​ကြောင့် ကိုယ်​ရေး​ကိုယ်​တာ​ကိစ္စ​သာ မဟုတ်​သလဲ။

၁၄ ကာ​ယ​ရေး​သန့်​ရှင်း​ခြင်း​မှာ ကျွန်​တော်​တို့​ရဲ့ ကိုယ်​ခန္ဓာ​နဲ့ ပတ်​ဝန်း​ကျင်​ကို သန့်​သန့်​ရှင်း​ရှင်း​ထား​တာ ပါ​ဝင်​တယ်။ ဒါ​ဟာ ကိုယ်​ရေး​ကိုယ်​တာ​ကိစ္စ ဖြစ်​တာ​ကြောင့် တ​ခြား​သူ​တွေ ဝင်​မစွက်​သင့်​ဘူး​လို့ ပြော​နိုင်​သလား။ ယေဟောဝါ​ကို ဝတ်​ပြု​သူ​တွေ​က​တော့ အဲဒီ​လို ပြော​လို့​မရ​ဘူး။ ကျွန်​တော်​တို့​သိ​ရှိ​ခဲ့​တဲ့​အတိုင်း ကာ​ယ​ရေး​သန့်​ရှင်း​မှု​ဟာ ယေဟောဝါ​အတွက် အရေး​ကြီး​တယ်။ အဲ​ဒါ​ဟာ ကျွန်​တော်​တို့​ကို အကျိုး​ပြု​တဲ့​အပြင် ဘု​ရား​ဘုန်း​တော် ထင်​ရှား​စေ​လို့​ပဲ။ အစ​ပိုင်း​မှာ ဖော်ပြခဲ့​တဲ့ ဥပမာ​ကို ပြန်​စဉ်း​စား​ကြည့်​ပါ။ အမြဲ ညစ်​ပတ်​ပေရေ​ပြီး ဖို​သီ​ဖတ်​သီ ဝတ်​ဆင်​ထား​တဲ့ က​လေး​တစ်ဦး​ကို တွေ့​ရင် သူ့​မိ​ဘ​ဟာ ဘယ်​လို​လူ​စား​မျိုး​ဖြစ်​မှန်း သင် တွေး​မိ​မယ် မဟုတ်​လား။ ကျွန်​တော်​တို့​ရဲ့ အသွင်​အပြင်၊ ဘဝ​ပုံ​စံ​ကြောင့် ကောင်း​ကင်​ဖခင်​ကို ရှုတ်​ချ​စ​ရာ ဖြစ်​စေ​ချင်​မှာ မဟုတ်​ဘူး။ ကျွန်​တော်​တို့​ဟော​ပြော​တဲ့ သတင်း​တ​ရား​ကို တန်​ဖိုး​မယုတ်​လျော့​စေ​ချင်​ဘူး။ “အမှု​ဆောင်​လုပ်ငန်း​ကို လူ​တွေ အပြစ်​တင်​စ​ရာ မဖြစ်​စေ​ဖို့ တိုက်​မိ​လဲ​စေ​နိုင်​တဲ့​အရာ တစ်​ခု​မှ ကျွန်​တော်​တို့ မလုပ်​ကြ​ဘူး။ ဘု​ရား​သခင်​ရဲ့ အမှု​ဆောင်​သူ​တွေ​ဖြစ်​မှန်း ကျွန်​တော်​တို့ နည်း​အမျိုး​မျိုး​နဲ့ ဖော်ပြတယ်” လို့ ကျမ်း​စာ​ပြော​တယ်။ (၂ ကော​ရိန္သု ၆:၃၊ ၄) ဒါ​ဆို ကာ​ယ​ရေး​မှာ ဘယ်​လို သန့်​ရှင်း​နေ​နိုင်​သလဲ။

၁၅၊ ၁၆။ တစ်​ကိုယ်​ရေ​သန့်​ရှင်း​ခြင်း​မှာ ဘာ​တွေ ပါ​ဝင်​သလဲ။ ကျွန်​တော်​တို့​ရဲ့ အဝတ်​အစား​ဟာ ဘယ်​လို ဖြစ်​သင့်​သလဲ။

၁၅ တစ်​ကိုယ်​ရေ​သန့်​ရှင်း​မှု​နဲ့ အသွင်​အပြင်။ တစ်​နိုင်​ငံ​နဲ့ တစ်​နိုင်​ငံ ယဉ်​ကျေး​မှု​နဲ့ လူ​နေ​မှု​ပုံ​စံ မတူ​ပေမဲ့ ကျွန်​တော်​တို့​ကိုယ်​တိုင်​နဲ့ သား​သမီး​တွေ သန့်​ရှင်း​ရေး​အတွက် ပုံ​မှန်​ရေ​ချိုး​ဖို့ ဆပ်​ပြာ​နဲ့ ရေ အလုံ​အလောက် ရ​ရှိ​နိုင်​ပါ​တယ်။ တစ်​ကိုယ်​ရေ​သန့်​ရှင်း​မှု​မှာ အစာ​မစား​ခင်၊ အစား​အသောက်​တွေ မကိုင်​ခင်၊ အိမ်​သာ​သွား​ပြီး​နောက်၊ က​လေး​ကို သေး​ခံ​အဝတ် လဲ​ပေး​ပြီး​နောက် လက်​ကို ဆပ်​ပြာ​နဲ့ ဆေး​ကြော​တာ ပါ​ဝင်​တယ်။ လက်​ကို ဆပ်​ပြာ​နဲ့ ဆေး​တာ​ဟာ ရော​ဂါ​မဖြစ်​စေ​ဖို့ ကာ​ကွယ်​ပေး​ပြီး အသက်​ကို​တောင် ကယ်​နိုင်​တယ်။ ရော​ဂါ​ဖြစ်​စေ​တဲ့ ပိုး​မွှား​တွေ၊ ဗက်​တီး​ရီး​ယား​တွေ မပျံ့​နှံ့​အောင် ကာ​ကွယ်​ပေး​တာ​ကြောင့် ဝမ်း​ရော​ဂါ​တွေ မဖြစ်​ဖို့ ကူညီ​ပေး​တယ်။ မိ​လ္လာ​စ​နစ်​မရှိ​တဲ့ ဒေ​သတွေ​မှာ အညစ်​အကြေး​တွေ​ကို ရှေး​အစ္စရေး​နိုင်​ငံ​မှာ လုပ်​သလို မြေမှာ မြှုပ်​နိုင်​တယ်။​—တ​ရား​ဟော​ရာ ၂၃:၁၂၊ ၁၃

၁၆ ကျွန်​တော်​တို့​ရဲ့ အဝတ်​အစား​တွေ​လည်း သန့်​ရှင်း​သပ်​ရပ်​ပြီး ကြည့်​ပျော်​ရှု​ပျော် ဖြစ်​စေ​ဖို့ မှန်​မှန် လျှော်​ဖွပ်​ရ​မယ်။ ခ​ရစ်​ယာန်​တစ်ဦး​ရဲ့ အဝတ်​အစား​တွေ​ဟာ ဈေး​ကြီး​ဖို့၊ နောက်​ဆုံး​ပေါ်​ဖက်​ရှင်​ဖြစ်​ဖို့ မလို​ပေမဲ့ သန့်​ရှင်း​သပ်​ရပ်​ပြီး ဣ​န္ဒြေ​ရှိ​သင့်​တယ်။ (၁ တိမောသေ ၂:၉၊ ၁၀ ကို​ဖတ်​ပါ။) ဘယ်​နေ​ရာ​မှာ​ပဲ ရှိ​နေ​ပါ​စေ ကျွန်​တော်​တို့​ရဲ့ အသွင်​အပြင်​အား​ဖြင့် ‘ကယ်​တင်​ရှင် ဘု​ရား​သခင်​ရဲ့ သွန်သင်​ချက်​ကို တင့်​တယ်​စေ’ ချင်​ကြ​တယ်။​—တိတု ၂:၁၀

၁၇။ ကျွန်​တော်​တို့​ရဲ့​အိမ်​နဲ့ ပတ်​ဝန်း​ကျင်​ဟာ ဘာ​ကြောင့် သန့်​ရှင်း​ပြီး ရှု​ချင်​စ​ဖွယ် ဖြစ်​သင့်​သလဲ။

၁၇ အိမ်​နဲ့ ပတ်​ဝန်း​ကျင်။ ကျွန်​တော်​တို့​ရဲ့​အိမ်​ဟာ ဒီ​ဇိုင်း​ဆန်း​ဆန်း ဒါ​မှ​မဟုတ် ဇိမ်​ခံ​အိမ် မဟုတ်​ပေမဲ့ အခြေ​အနေ ခွင့်​ပြု​သရွေ့ သန့်​ရှင်း​ပြီး ရှု​ချင်​စ​ဖွယ် ဖြစ်​သင့်​တယ်။ အလား​တူ ကျွန်​တော်​တို့​ရဲ့ ပစ္စည်း​တွေ၊ အထူး​သဖြင့် အစည်း​အဝေး​တွေ​နဲ့ အမှု​ဆောင်​လုပ်ငန်း​မှာ အသုံး​ပြု​တဲ့​အိတ်​တွေ​ဟာ သန့်​ရှင်း​ဖို့​လို​တယ်။ သန့်​ရှင်း​တဲ့​အိမ်​နဲ့ ပတ်​ဝန်း​ကျင်​ဟာ ကောင်း​တဲ့ သက်သေခံ​ချက်​တစ်​ရပ် ဖြစ်​မှန်း မမေ့​ပါ​နဲ့။ တ​ကယ်​တော့ ယေဟောဝါ​ဟာ သန့်​ရှင်း​တဲ့​ဘု​ရား ဖြစ်​တယ်၊ ကိုယ်​တော်​ဟာ “ကမ္ဘာ​မြေကို ဖျက်​ဆီး​တဲ့​သူ​တွေ​ကို ဖျက်​ဆီး” မယ်၊ ဘု​ရား​ရဲ့​နိုင်​ငံ​ဟာ ကမ္ဘာ​ကြီး​ကို ပရ​ဒိ​သု​စံ​အိမ်​အဖြစ် ပြောင်း​လဲ​ပေး​တော့​မယ် ဆို​တဲ့​အကြောင်း လူ​တွေ​ကို ကျွန်​တော်​တို့ သင်​ပေး​နေ​ကြ​တယ်။ (ဗျာဒိတ် ၁၁:၁၈။ လုကာ ၂၃:၄၃) ဒါ​ကြောင့် လာ​မယ့်​ကမ္ဘာ​သစ်​မှာ အံ​ဝင်​မယ့် သန့်​ရှင်း​တဲ့​အကျင့်​တွေ​ကို အခု​က​တည်း​က မွေး​မြူ​နေ​တယ်​ဆို​တာ ကျွန်​တော်​တို့​ရဲ့​အိမ်​နဲ့ ပတ်​ဝန်း​ကျင်၊ အသုံး​အဆောင်​ပစ္စည်း​တွေရဲ့ အသွင်​အပြင်​နဲ့ ဖော်ပြချင်​ကြ​တယ်။

ကာ​ယ​ရေး​သန့်​ရှင်း​ခြင်း​မှာ ကျွန်​တော်​တို့​ရဲ့ ကိုယ်​ခန္ဓာ​နဲ့ ပတ်​ဝန်း​ကျင်​ကို သန့်​သန့်​ရှင်း​ရှင်း​ထား​တာ ပါ​ဝင်

၁၈။ နိုင်​ငံ​တော်​ခန်း​မကို လေး​စား​ကြောင်း ဘယ်​လို ဖော်ပြနိုင်​သလဲ။

၁၈ ဝတ်​ပြု​တဲ့​နေ​ရာ။ ယေဟောဝါ​ကို ချစ်​တဲ့​မေတ္တာ​က စစ်​မှန်​တဲ့ ဝတ်​ပြု​ရေး​ဗ​ဟို​ဖြစ်​တဲ့ နိုင်​ငံ​တော်​ခန်း​မကို လေး​စား​ဖို့ လှုံ့​ဆော်​ပေး​တယ်။ လူ​သစ်​တွေ လာ​တဲ့​အခါ အစည်း​အဝေး ကျင်း​ပတဲ့​နေ​ရာ​ကို နှစ်​သက်​စွဲ​မှတ်​သွား​စေ​လို​ကြ​တယ်။ ခန်း​မကို ကြည့်​ပျော်​ရှု​ပျော် ဖြစ်​နေ​အောင် ပုံ​မှန် သန့်​ရှင်း​ရေး​လုပ်​ဖို့၊ ပြု​ပြင်​ထိန်း​သိမ်း​ဖို့ လို​အပ်​တယ်။ အဲဒီ​လို သန့်​ရှင်း​နေ​စေ​ဖို့ အတတ်​နိုင်​ဆုံး လုပ်​ဆောင်​ခြင်း​ဖြင့် နိုင်​ငံ​တော်​ခန်း​မကို လေး​စား​ကြောင်း ဖော်ပြတယ်။ ဝတ်​ပြု​တဲ့​နေ​ရာ​ကို သန့်​ရှင်း​ရေး​လုပ်​ရာ​မှာ၊ “ပြု​ပြင်​မွမ်း​မံ” ရာ​မှာ စေ​တ​နာ့​ဝန်​ထမ်း​အဖြစ် လုပ်​ဆောင်​တာ​ဟာ အခွင့်​ထူး​ဖြစ်​တယ်။ (၂ ရာ​ဇ​ဝင်​ချုပ် ၃၄:၁၀) စည်း​ဝေး​ပွဲ​ခန်း​မမှာ ဒါ​မှ​မဟုတ် အစည်း​အဝေး၊ အစည်း​အဝေး​ကြီး​တွေ​အတွက်​သုံး​တဲ့ အဆောက်​အအုံ​မှာ စု​ဝေး​တဲ့​အခါ​မှာ​လည်း အဲဒီ​အတိုင်း လုပ်​ဆောင်​သင့်​တယ်။

ညစ်​ညမ်း​တဲ့ အကျင့်​စ​ရိုက်​တွေ​ကို ရှောင်​ပြီး သန့်​ရှင်း​စင်​ကြယ်​စွာ နေ​ပါ

၁၉။ ကာ​ယ​ရေး​သန့်​ရှင်း​နေ​စေ​ဖို့ ဘာ​တွေ ရှောင်​ရ​မလဲ။ ဒီ​ကိစ္စ​မှာ ကျမ်း​စာ​က ကျွန်​တော်​တို့​ကို ဘယ်​လို ကူညီ​ပေး​သလဲ။

၁၉ ကာ​ယ​ရေး​သန့်​ရှင်း​နေ​စေ​ဖို့ ညစ်​ညမ်း​တဲ့ အကျင့်​စ​ရိုက်​တွေ​ကို ရှောင်​ရ​မယ်။ ဆေး​လိပ်​သောက်​တာ၊ အလွန်​အကျွံ အရက်​သောက်​တာ၊ စွဲ​စေ​တဲ့ ဒါ​မှ​မဟုတ် စိတ်​ပြောင်း​လဲ​စေ​တဲ့ ဆေး​တွေ​ကို ဆေး​ကု​သမှု​အတွက်​မဟုတ်​ဘဲ သုံး​တာ​တွေ​ဖြစ်​တယ်။ အခု​ချိန်​မှာ ပျံ့​နှံ့​နေ​တဲ့ ရွံ​စ​ရာ အကျင့်​စ​ရိုက်​အားလုံး​ကို ကျမ်း​စာ​မှာ စာ​ရင်း ​မပြု​စု​ထား​ဘူး။ ဒါ​ပေမဲ့ အဲ​ဒါ​တွေ​နဲ့​ပတ်​သက်​ပြီး ယေဟောဝါ​ရဲ့ သဘော​ထား​ကို သိ​ရှိ​စေ​နိုင်​တဲ့ မူ​တွေ ကျမ်း​စာ​မှာ ပါ​တယ်။ ကိစ္စရပ်​တွေ​နဲ့​ပတ်​သက်​ပြီး ယေဟောဝါ​ရဲ့​သဘော​ထား​ကို ကျွန်​တော်​တို့​သိ​တာ​ကြောင့် ဘု​ရား​ကို​ချစ်​တဲ့ မေတ္တာ​က ဘု​ရား​မျက်​နှာ​သာ ရ​ရှိ​စေ​မယ့်​အရာ​ကို လုပ်​ဆောင်​ဖို့ လှုံ့​ဆော်​ပေး​တယ်။ ကျမ်း​စာ​မူ ငါး​ခု​ကို သုံးသပ်​ကြည့်​ကြ​စို့။

၂၀၊ ၂၁။ ယေဟောဝါ​က ကျွန်​တော်​တို့​ကို ဘယ်​အကျင့်​တွေ​နဲ့ ကင်း​ရှင်း​စေ​ချင်​သလဲ။ အဲ​ဒါ​တွေ​ကို လိုက်​နာ​ဖို့ ဘယ်​ခိုင်လုံ​တဲ့ အကြောင်း​ရင်း ရှိ​သလဲ။

၂၀ “ချစ်​ရ​သူတို့၊ အဲဒီ​ကတိ​တော်​တွေ​ကို ကျွန်​တော်​တို့ ရ​ရှိ​ထား​တဲ့​အတွက် ကိုယ်​စိတ်​နှစ်​ပါး​ကို ညစ်​ညူး​စေ​တဲ့​အရာ ရှိ​သမျှ​နဲ့ ကင်း​စင်​နေ​ကြ​စို့။ ဘု​ရား​သခင်​ကို ကြောက်​ရွံ့​ရို​သေတဲ့​စိတ်​နဲ့ သန့်​ရှင်း​သည်​ထက် သန့်​ရှင်း​အောင် အသက်​ရှင်​နေ​ကြ​စို့။” (၂ ကော​ရိန္သု ၇:၁) ယေဟောဝါ​က ကျွန်​တော်​တို့​ကို ကိုယ်​ခန္ဓာ​ညစ်​ညမ်း​ပြီး စိတ်​ဓာတ် ပျက်​စီး​စေ​တဲ့ အကျင့်​တွေ​နဲ့ ကင်း​ရှင်း​စေ​ချင်​တယ်။ ဒါ​ကြောင့် ကာ​ယ​ပိုင်း​နဲ့ စိတ်​ပိုင်း ကျန်း​မာ​ရေး​ကို ထိ​ခိုက်​စေ​တဲ့ စွဲ​တတ်​တဲ့​အမူ​အကျင့်​တွေ​ကို ရှောင်​ကြဉ်​ရ​မယ်။

၂၁ “ညစ်​ညူး​စေ​တဲ့​အရာ ရှိ​သမျှ​နဲ့ ကင်း​စင်​နေ” ဖို့ ခိုင်လုံ​တဲ့​အကြောင်း​ရင်း​ကို ကျမ်း​စာ​က ဖော်ပြတယ်။ ၂ ကော​ရိန္သု ၇:၁ မှာ “အဲဒီ​ကတိ​တော်​တွေ​ကို ကျွန်​တော်​တို့ ရ​ရှိ​ထား​တဲ့​အတွက်” လို့ အစ​ပြု​ထား​တာ​ကို သတိ​ပြု​ပါ။ ဘယ်​ကတိ​တွေ​ကို ပြော​တာ​လဲ။ ရှေ့​ပိုင်း​အခန်း​ငယ်​တွေ​မှာ “မင်း​တို့​ကို ငါ​လက်ခံ​မယ်။ ငါ​က မင်း​တို့​ရဲ့​ဖခင် ဖြစ်​လာ​မယ်” လို့ ယေဟောဝါ ကတိ​ပြု​ထား​တယ်။ (၂ ကော​ရိန္သု ၆:၁၇၊ ၁၈) စဉ်း​စား​ကြည့်​ပါ။ ယေဟောဝါ​ဟာ သင့်​ကို ကာ​ကွယ်​ပေး​ပြီး သား​သမီး​ကို​ချစ်​တဲ့ ဖခင်​လို သင့်​ကို ချစ်​မြတ်​နိုး​မယ်​လို့ ကတိ​ပေး​တယ်။ ဒါ​ပေမဲ့ သင်​ဟာ “ကိုယ်​စိတ်​နှစ်​ပါး” ညစ်​ညူး​စေ​တဲ့​အရာ​တွေ​ကို ရှောင်​မှ​သာ အဲဒီ​ကတိ​တွေ​ကို ယေဟောဝါ ပြည့်​စုံ​စေ​မှာ ဖြစ်​တယ်။ ညစ်​ညူး​တဲ့​အကျင့်​တစ်​ခု​ခု​ကြောင့် ယေဟောဝါ​နဲ့ ရင်း​နှီး​တဲ့ အဖိုး​တန်​ဆက်ဆံ​ရေး​ကို ဆုံး​ၡုံး​မယ်​ဆို​ရင် အလွန် မိုက်​မဲ​ရာ​ကျ​မယ်။

၂၂-၂၅။ မသန့်​ရှင်း​တဲ့ အကျင့်​စ​ရိုက်​တွေ​ကို ရှောင်​ကြဉ်​ဖို့ ဘယ်​ကျမ်း​စာ​မူ​တွေ​က ကူညီ​ပေး​သလဲ။

၂၂ “ယေဟောဝါ​ဘု​ရား​ကို စိတ်​စွမ်း​ရှိ​သမျှ၊ ကိုယ်​စွမ်း​ရှိ​သမျှ၊ ဉာဏ်​စွမ်း​ရှိ​သမျှ​နဲ့ ချစ်​ပါ။” (မဿဲ ၂၂:၃၇) ဒီ​ပညတ်​ဟာ အရေး​ကြီး​ဆုံး​ပညတ်​ဖြစ်​တယ်​လို့ ယေရှု ဖော်ပြခဲ့​တယ်။ (မဿဲ ၂၂:၃၈) ကျွန်​တော်​တို့​ဆီ​က အဲဒီ​လို​မေတ္တာ​ကို ယေဟောဝါ ရ​ထိုက်​တယ်။ ဘု​ရား​ကို စိတ်​စွမ်း​ရှိ​သမျှ၊ ကိုယ်​စွမ်း​ရှိ​သမျှ၊ ဉာဏ်​စွမ်း​ရှိ​သမျှ​နဲ့ ချစ်​နိုင်​ဖို့ အသက်​တို​စေ​မယ့်၊ ဘု​ရား​ပေး​စဉ်း​စား​နိုင်​စွမ်း ယုတ်​လျော့​စေ​မယ့် အကျင့်​တွေ​ကို ရှောင်​ကြဉ်​ရ​မယ်။

၂၃ “[ယေဟောဝါ]​ဟာ လူ​အားလုံး​ကို အသက်​နဲ့ ထွက်​သက်​ဝင်​သက်​ကို​ပေး” ထား​တယ်။ (တမန်​တော် ၁၇:၂၄၊ ၂၅) အသက်​ဟာ ဘု​ရား​ပေး​လက်​ဆောင်​ပဲ။ လက်​ဆောင်​ပေး​တဲ့​အရှင်​ကို ကျွန်​တော်​တို့ ချစ်​မြတ်​နိုး​တဲ့​အတွက် အဲဒီ​လက်​ဆောင်​ကို တန်​ဖိုး​ထား​ကြောင်း တင်​ပြချင်​ကြ​တယ်။ ကျန်း​မာ​ရေး ထိ​ခိုက်​စေ​တဲ့ ဘယ်​အကျင့်​စ​ရိုက်​ကို​မဆို ရှောင်​ကြဉ်​ကြ​တယ်။ အဲဒီ​အကျင့်​စ​ရိုက်​တွေ​ဟာ အသက်​ဆု​လက်​ဆောင်​ကို လုံး​ဝ​မလေး​စား​ကြောင်း ဖော်ပြရာ​ရောက်​လို့​ပဲ။​—ဆာလံ ၃၆:၉

၂၄ “လူ​လူ​ချင်း​ကို ကိုယ်​နဲ့​ထပ်​တူ ချစ်​ပါ။” (မဿဲ ၂၂:၃၉) မသန့်​ရှင်း​တဲ့​အကျင့်​တွေ​ဟာ ပြု​ကျင့်​သူ​ကို​သာ​မက ပတ်​ဝန်း​ကျင်​မှာ ရှိ​သူ​တွေ​ကို​ပါ ထိ​ခိုက်​လေ့​ရှိ​တယ်။ ဥပမာ၊ မှုတ်​ထုတ်​လိုက်​တဲ့ ဆေး​လိပ်​ငွေ့​ဟာ ဆေး​လိပ်​မသောက်​သူ​ကို ထိ​ခိုက်​နိုင်​တယ်။ မိမိ​ပတ်​ဝန်း​ကျင်​မှာ​ရှိ​သူ​တွေ​ကို ထိ​ခိုက်​စေ​သူ​ဟာ လူ​လူ​ချင်း​ကို ချစ်​ရ​မယ်​ဆို​တဲ့ ဘု​ရား​ပညတ်​ကို ချိုး​ဖောက်​နေ​တာ​ပဲ။ ဒါ့​အပြင် ဘု​ရား​သခင်​ကို ချစ်​တယ်​လို့ သူ​ပြော​နေ​တာ​ဟာ လိမ်​လည်​နေ​တာ ဖြစ်​တယ်။​—၁ ယောဟန် ၄:၂၀၊ ၂၁

၂၅ ‘အစိုး​ရ​နဲ့ အာ​ဏာ​ပိုင်​တွေ​ကို လက်​အောက်​ခံ​ပြီး နာ​ခံ​ဖို့ မပြတ် သတိ​ပေး​နေ​ပါ။’ (တိတု ၃:၁၊ ၂) နိုင်​ငံ​များ​စွာ​မှာ မူး​ယစ်​ဆေး​ဝါး လက်​ဝယ်​ပိုင်​ဆိုင်​တာ ဒါ​မှ​မဟုတ် သုံး​စွဲ​တာ​ဟာ ဥ​ပဒေ​ချိုး​ဖောက်​တာ​ပဲ။ ခ​ရစ်​ယာန်​စစ်​တွေ​ဟာ တ​ရား​မဝင် မူး​ယစ်​ဆေး​တွေ​ကို သုံး​စွဲ​မှာ၊ ဆောင်​ထား​မှာ မဟုတ်​ဘူး။​—ရော​မ ၁၃:၁

၂၆။ (က) ဘု​ရား​သခင့်​မေတ္တာ အမြဲခံစား​နိုင်​ဖို့ ဘာ​လုပ်​ရ​မလဲ။ (ခ) ဘု​ရား​အမြင်​မှာ သန့်​ရှင်း​နေ​တာ​ဟာ ဘာ​ကြောင့် အကောင်း​ဆုံး ဘဝ​လမ်း​စဉ် ဖြစ်​သလဲ။

၂၆ ကျွန်​တော်​တို့​ဟာ ဘု​ရား​သခင့်​မေတ္တာ အမြဲခံစား​ရ​ဖို့ ကဏ္ဍ​တစ်​ခု၊ နှစ်​ခု​မှာ​သာ မဟုတ်​ဘဲ ကဏ္ဍ​အားလုံး​မှာ သန့်​ရှင်း​နေ​ဖို့ လို​တယ်။ ညစ်​ညူး​တဲ့​ အကျင့်​စ​ရိုက်​တွေ​ကို စွန့်​ပစ်​ဖို့ မလွယ်​ပေမဲ့ အဲဒီ​လို​လုပ်​နိုင်​ပါ​တယ်။ * ဒါ​ဟာ အကောင်း​ဆုံး ဘဝ​လမ်း​စဉ် ဖြစ်​တယ်။ ဘာ​ကြောင့်​လဲ​ဆို​တော့ ယေဟောဝါ​ဟာ ကျွန်​တော်​တို့​အကျိုး​အတွက် အမြဲ သွန်သင်​ပေး​လို့​ပဲ။ (ဟေ​ရှာ​ယ ၄၈:၁၇ ကို​ဖတ်​ပါ။) အရေး​ကြီး​ဆုံး​က သန့်​ရှင်း​နေ​တာ​ဟာ ကျွန်​တော်​တို့​ချစ်​တဲ့ ဘု​ရား​ကို ဘုန်း​ထင်​ရှား​စေ​တယ်၊ ဒီ​နည်း​နဲ့ ဘု​ရား​သခင့်​မေတ္တာ အမြဲခံစား​နေ​ရ​တယ်​ဆို​တာ သိ​ရှိ​ခြင်း​က​နေ ကျေ​နပ်​ပျော်​ရွှင်​မှု ခံစား​နိုင်​တယ်။

^ စာပိုဒ်၊ 2 “သန့်​ရှင်း​ခြင်း” လို့​ပြန်​ဆို​တဲ့ ဟီ​ဘ​ရူး​စကား​လုံး​ဟာ ကာ​ယ​ရေး​သာ​မက စာ​ရိတ္တ​ရေး ဒါ​မှ​မဟုတ် ဝတ်​ပြု​ရေး​မှာ သန့်​ရှင်း​တာ​ကို​လည်း ဆိုလို​တယ်။

^ စာပိုဒ်၊ 12 အကျိုး​ပြု​တဲ့ ဖျော်​ဖြေမှု ရွေး​ချယ်​နိုင်​ပုံ​ကို ဒီ​စာ​အုပ်​ရဲ့ အခန်း ၆ မှာ ဆွေး​နွေး​ထား​တယ်။

^ စာပိုဒ်၊ 67 နာ​မည်​ပြောင်း​ထား​တယ်။