မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၉

“လိင်​အကျင့်​ယို​ယွင်း​မှု​ကို ဝေး​ဝေး​ရှောင်​ကြ​ပါ”

“လိင်​အကျင့်​ယို​ယွင်း​မှု​ကို ဝေး​ဝေး​ရှောင်​ကြ​ပါ”

“လိင်​အကျင့်​ယို​ယွင်း​ခြင်း၊ ညစ်​ညူး​စွာ​ကျင့်​ခြင်း၊ ရမ္မက်​ဆန္ဒ​ကို မချုပ်​တည်း​ခြင်း၊ မကောင်း​တဲ့ လို​အင်​ဆန္ဒ​ရှိ​ခြင်း၊ လော​ဘ​ကြီး​ခြင်း​ကို ဖြစ်​ပေါ်​စေ​တဲ့ ကိုယ်​ခန္ဓာ​အစိတ်​အပိုင်း​တွေ​ကို​ သေစေ​ကြ​ပါ။ လော​ဘ​ကြီး​ခြင်း​ဟာ ရုပ်​တု​ကိုးကွယ်​ခြင်း​ပဲ။”​—ကောလောသဲ ၃:၅

၁၊ ၂။ ယေဟောဝါ​ရဲ့​လူမျိုး​ကို ထိ​ခိုက်​စေ​ဖို့ ဗာလမ် ဘယ်​လို ကြံ​စည်​ခဲ့​သလဲ။

တံ​ငါ​သည်​တစ်ဦး​ဟာ ငါး​မျှား​ဖို့ အကြိုက်​ဆုံး​နေ​ရာ​ကို ထွက်​သွား​တယ်။ သူ့​စိတ်​ထဲ​မှာ ငါး​တစ်​မျိုး​ကို ဖမ်း​ချင်​နေ​တယ်။ ဒါ​ကြောင့် ငါး​စာ​ကို ရွေး​ပြီး ချိတ်​လိုက်​တယ်။ ပြီး​တော့ ငါး​မျှား​ကြိုး​ကို ရေ​ထဲ​ချ​တယ်။ ခ​ဏ​ကြာ​တော့ ကြိုး​တင်း​လာ​ပြီး ငါး​မျှား​တံ ညွတ်​လာ​တဲ့​အတွက် ငါး​မျှား​ကြိုး​ကို ဆွဲ​တင်​လိုက်​တယ်။ သင့်​တော်​တဲ့ ငါး​စာ​ကို ရွေး​ခဲ့​မှန်း သူ​သိ​တဲ့​အတွက် တစ်​ချက် ပြုံး​လိုက်​တယ်။

ဘီ​စီ ၁၄၇၃ ခု​နှစ်​မှာ ဗာလမ်​လို့​ခေါ်​တဲ့ လူ​တစ်​ယောက်​ဟာ ထောင်​ချောက်​ဆင်​နိုင်​မယ့်​နည်း​ကို စဉ်း​စား​ခဲ့​တယ်။ သူ​ဖမ်း​ချင်​တဲ့ သား​ကောင်​ဟာ ကတိ​ထား​ရာ​ပြည်​ရဲ့ နယ်​စပ်၊ မောဘ​လွင်​ပြင်​မှာ စ​ခန်း​ချ​နေ​တဲ့ ဘု​ရားရဲ့​လူမျိုး ဖြစ်​တယ်။ ဗာလမ်​ဟာ ကိုယ့်​ကိုယ်​ကိုယ် ယေဟောဝါ​ရဲ့ ပရော​ဖက်​လို့ ဆို​ပေမဲ့ တ​ကယ်​တော့ လော​ဘ​ကြီး​တဲ့​သူ​ပဲ။ အစ္စရေး​လူမျိုး​ကို ကျိန်​စာ​တိုက်​ဖို့ သူ့​ကို ငှား​တဲ့​အခါ လက်ခံ​ခဲ့​တယ်။ ဒါ​ပေမဲ့ ယေဟောဝါ​ရဲ့ ကြား​ဝင်​လုပ်​ဆောင်​မှု​ကြောင့် အစ္စရေး​လူမျိုး​ကို ကောင်း​ချီး​ပဲ ပေး​လိုက်​ရ​တယ်။ ဒါ​ကြောင့် ဆု​လာဘ်​ကို အရ​ယူ​ချင်​တဲ့ ဗာလမ်​ဟာ အစ္စရေးတွေ​ကို ကြီး​လေး​တဲ့​အပြစ် လုပ်​အောင် သွေး​ဆောင်​နိုင်​ရင် ဘု​ရား​ကိုယ်​တိုင် သူတို့​ကို ဒဏ်​ခတ်​မှာ​ပဲ​လို့ စဉ်း​စား​ခဲ့​တယ်။ အဲဒီ​အကြံ​အောင်​မြင်​ဖို့ ညှို့​ယူ​ဆွဲ​ဆောင်​နိုင်​တဲ့ မောဘ​အမျိုး​သမီး​ငယ်​တွေ​ကို သုံး​ပြီး သူ ထောင်​ချောက်​ဆင်​ခဲ့​တယ်။​—တော​လည်​ရာ ၂၂:၁-၇။ ၃၁:၁၅၊ ၁၆။ ဗျာဒိတ် ၂:၁၄

၃။ ဗာလမ်ရဲ့​အကြံ​ဟာ ဘယ်​လောက် အောင်​မြင်​ခဲ့​သလဲ။

ဒီ​လို​အကွက်​ဆင်​တာ အောင်​မြင်​ခဲ့​သလား။ အတိုင်း​အတာ​တစ်​ခု​အထိ အောင်​မြင်​တယ်။ ထောင်​သောင်း​ချီ​တဲ့ အစ္စရေး​အမျိုး​သား​တွေ​ဟာ သွေး​ဆောင်​မှု​နောက် ပါ​သွား​ပြီး “မောဘ​ပြည်​သူ​တွေ​နဲ့ မှား​ယွင်း​ကြ​တယ်။” ရွံ​ရှာ​ဖွယ် လိင်​နတ်​ဘု​ရား ဗာလ​ပေဂု​ရ​အပါ​အဝင် မောဘ​ဘု​ရားတွေ​ကို​တောင် ကိုးကွယ်​ကြ​တယ်။ ဒါ​ကြောင့် အစ္စရေး​ ၂၄,၀၀၀ ဟာ ကတိ​ထား​ရာ​ပြည်​နယ်​စပ်​မှာ သေဆုံး​ခဲ့ရ​တယ်။ တ​ကယ် ဝမ်း​နည်း​စ​ရာ​ပါ​ပဲ။​—တော​လည်​ရာ ၂၅:၁-၉

၄။ ထောင်​သောင်း​ချီ​တဲ့ အစ္စရေး​တွေ ဘာ​ကြောင့် အကျင့်​ယို​ယွင်း​မှု ထောင်​ချောက်​ထဲ ကျ​ရောက်​ခဲ့​သလဲ။

ဒီ​ဘေး​ဆိုး ဘာ​ကြောင့် ဖြစ်​ခဲ့​ရ​သလဲ။ ယေဟောဝါ​ဘု​ရား​ကို ကျော​ခိုင်း​သွား​ပြီး ဆိုး​ညစ်​တဲ့ စိတ်​နှလုံး ရှိ​လာ​တဲ့​အတွက် ဖြစ်​တယ်။ တ​ကယ်​တော့ ဘု​ရား​က သူတို့​ကို အီဂျစ်​ပြည်​က​နေ ကယ်​နုတ်၊ တော​ထဲ​မှာ ကျွေး​မွေး​ပြီး ကတိ​ထား​ရာ​ပြည်​ကို လုံ​ခြုံ​စွာ ပို့​ဆောင်​ပေး​နေ​တာ။ (ဟီ​ဘ​ရူး ၃:၁၂) ဒီ​ဖြစ်​ရပ်​ကို အမှတ်​ရ​ပြီး တမန်​တော်​ပေါလု ဒီ​လို​ရေး​ခဲ့​တယ်– “လိင်​အကျင့်​ယို​ယွင်း​တာ​ကို ရှောင်​ကြ​စို့။ သူတို့​ထဲ​က​တ​ချို့ လိင်​အကျင့်​ယို​ယွင်း​တဲ့​အတွက် တစ်​နေ့​တည်း​မှာ လူ ၂၃,၀၀၀ သေဆုံး​ခဲ့​ရ​တယ်။” *​—၁ ကော​ရိန္သု ၁၀:၈

၅၊ ၆။ မောဘ​လွင်​ပြင်​မှာ အစ္စရေး​လူမျိုး အပြစ်​ကျူး​လွန်​ခဲ့​တဲ့ မှတ်​တမ်း​ဟာ ဒီ​နေ့ ကျွန်​တော်​တို့​အတွက် ဘာ​ကြောင့် အရေး​ပါ​သလဲ။

အခု၊ ပို​ကြီး​မြတ်​တဲ့ ကတိ​ထား​ရာ​ပြည်​ရဲ့ ဝင်​ပေါက်​အနီး​မှာ ရောက်​နေ​တဲ့ ဘု​ရား​သခင့်​လူမျိုး​ကို တော​လည်​ရာ​ကျမ်း​မှတ်​တမ်း​က အရေး​ကြီး​သင်​ခန်း​စာ​တွေ ပေး​တယ်။ (၁ ကော​ရိန္သု ၁၀:၁၁) ဥပမာ၊ လိင်​ကို တမ်း​တမ်း​စွဲ​နေ​တဲ့ ဒီ​ခေတ်​လူ​တွေ​ဟာ မောဘ​လူမျိုး​လို ဖြစ်​နေ​ရုံ​မက ပို​လို့​တောင် ဆိုး​သေး​တယ်။ ဒါ့​အပြင် နှစ်​စဉ် သောင်း​နဲ့​ချီ​တဲ့ ခ​ရစ်​ယာန်တွေ​ဟာ အစ္စရေး​လူမျိုး​လို​ပဲ လိင်​အကျင့်​ယို​ယွင်း​မှု ထောင်​ချောက်​ထဲ ကျ​ရောက်​နေ​ကြ​တယ်။ (၂ ကော​ရိန္သု ၂:၁၁) ဇိ​မရိ​ဟာ မိ​ဒျန်​အမျိုး​သမီး​တစ်ဦး​ကို အစ္စရေး​စ​ခန်း​မှာ​ရှိ​တဲ့ မိမိ​ရဲ့​တဲ​အထိ အတင့်​ရဲ​ပြီး ခေါ်​လာ​တယ်။ ဒီ​နေ့​လည်း ဇိ​မရိ​လို​ပဲ ဘု​ရား​လူမျိုး​နဲ့ ပေါင်း​သင်း​နေ​သူ​တ​ချို့​ဟာ ခ​ရစ်​ယာန်​အသင်း​တော်​ထဲ​မှာ မကောင်း​တဲ့​သြဇာ လွှမ်း​မိုး​နေ​ကြ​တယ်။​—တော​လည်​ရာ ၂၅:၆၊ ၁၄။ ယုဒ ၄

သင်​ဟာ ခေတ်​သစ်​မောဘ​လွင်​ပြင်​မှာ ရောက်​နေ​တယ်​ဆို​တာ သိ​ပါ​သလား။ မကြာ​ခင် ရ​ရှိ​တော့​မယ့် ဆု​လာဘ်​ဖြစ်​တဲ့ ကြာ​ရှည်​စွာ စောင့်​မျှော်​ခဲ့​ရ​တဲ့ ကမ္ဘာ​သစ်​ကို မြင်​ရဲ့​လား။ ဒါ​ဆို​ရင် “လိင်​အကျင့်​ယို​ယွင်း​မှု​ကို ဝေး​ဝေး​ရှောင်​ကြ​ပါ” ဆို​တဲ့ အမိန့်​ကို နာ​ခံ​ပါ။ ဒီ​နည်း​နဲ့ ဘု​ရား​ရဲ့​မေတ္တာ အမြဲခံစား​နိုင်​ဖို့ အစွမ်း​ကုန် ကြိုး​စား​ပါ။​—၁ ကော​ရိန္သု ၆:၁၈

မောဘ​လွင်​ပြင်​ကို လှမ်း​မြင်​ရ​ပုံ

လိင်​အကျင့်​ယို​ယွင်း​မှု​ဆို​တာ ဘာ​လဲ

၇၊ ၈။ “လိင်​အကျင့်​ယို​ယွင်း​မှု” ဆို​တာ ဘာ​လဲ။ လိင်​အကျင့်​ယို​ယွင်း​သူ​ဟာ ဘယ်​နည်း​နဲ့ ကြဲ​တဲ့​အတိုင်း ရိတ်​ရ​သလဲ။

ကျမ်း​စာ​မှာ အသုံး​ပြု​ထား​တဲ့ “လိင်​အကျင့်​ယို​ယွင်း​မှု” (ဂရိ၊ ပေါ်​နီ​ယာ) ဆို​တဲ့ စကား​လုံး​ဟာ ကျမ်း​စာ​နဲ့​အညီ လက်​မထပ်​ဘဲ တ​ရား​မဝင် လိင်​ဆက်ဆံ​တာ​ကို ရည်​ညွှန်း​တယ်။ အိမ်​ထောင်​ရေး ဖောက်​ပြန်​တာ၊ ပြည့်​တန်​ဆာ​လုပ်​တာ၊ လက်​မထပ်​ထား​ဘဲ လိင်​ဆက်ဆံ​တာ၊ ပါး​စပ်၊ စ​အို​နဲ့ လိင်​ဆက်ဆံ​တာ၊ မိမိ​နဲ့​လက်​မထပ်​ထား​သူ​ရဲ့ လိင်​အင်္ဂါ​ကို ​ကိုင်​တာ ပါ​ဝင်​တယ်။ ဒါ့​အပြင် အဲဒီ​လို​အကျင့်​တွေ​ကို လိင်​တူ​ချင်း​ဖြစ်​စေ၊ တိ​ရစ္ဆာန်​နဲ့​ဖြစ်​စေ ပြု​ကျင့်​တာ ပါ​ဝင်​တယ်။ *

လိင်​အကျင့်​ယို​ယွင်း​သူ​တွေ​ဟာ ခ​ရစ်​ယာန်​အသင်း​တော်​နဲ့ ဆက်​ပူး​ပေါင်း​နိုင်​မှာ မဟုတ်​တဲ့​အပြင် ထာ​ဝ​ရ​အသက်​လည်း ရ​မှာ​မဟုတ်​ဘူး​လို့ ကျမ်း​စာ​က ရှင်း​ရှင်း​လင်း​လင်း ဖော်ပြတယ်။ (၁ ကော​ရိန္သု ၆:၉။ ဗျာဒိတ် ၂၂:၁၅) လော​လော​ဆယ်​မှာ​တောင် သူတို့​ကိုယ်​တိုင် ဆိုး​ကျိုး​တွေ အများ​ကြီး ခံစား​နေ​ရ​တယ်။ ယုံ​ကြည်​မှု​မရှိ​တာ၊ ကိုယ့်​ကိုယ်​ကိုယ် လေး​စား​မှု​မရှိ​တာ၊ အိမ်​ထောင်​ရေး အဆင်​မပြေတာ၊ အမှား​အမှန်​သိ​စိတ် မကြည်​လင်​တာ၊ မလို​ချင်​တဲ့​ကိုယ်​ဝန်​ရ​တာ၊ ရော​ဂါ​ရ​တာ၊ သေဆုံး​တာ​စ​တဲ့ ဆိုး​ကျိုး​တွေ ဖြစ်​တယ်။ (ဂလာ​တိ ၆:၇၊ ၈ ကို​ဖတ်​ပါ။) ဒီ​လောက် အဖြစ်​ဆိုး​တွေ ကြုံရ​မယ့် လမ်း​စဉ်​မှာ ဘာ​လို့ ခြေ​ချ​ရ​မှာ​လဲ။ ဝမ်း​နည်း​စ​ရာ​က လူ​များ​စွာ​ဟာ ဦး​ဆုံး​ခြေ​လှမ်း​မှား​ချိန်​မှာ ဆိုး​ကျိုး​တွေ​ကို မစဉ်း​စား​မိ​ကြ​ဘူး။ ညစ်​ညမ်း​တဲ့ ရုပ်​ပုံ​စာပေ​တွေ​ကို ကြည့်​တာ၊ ဖတ်​တာ​က​နေ ဦး​ဆုံး​ခြေ​လှမ်း စ​လေ့​ရှိ​တယ်။

ဦး​ဆုံး​ခြေ​လှမ်း​—ညစ်​ညမ်း​တဲ့ ရုပ်​ပုံ​စာပေ

၉။ ညစ်​ညမ်း​တဲ့ ရုပ်​ပုံ​စာပေ​ဟာ တ​ချို့​ပြော​သလို အန္တရာယ်​ကင်း​ပါ​သလား။ ရှင်း​ပြပါ။

နိုင်​ငံ​များ​စွာ​မှာ စာ​အုပ်​အရောင်း​ဆိုင်၊ တေး​ဂီ​တ၊ တီ​ဗွီ​နဲ့ အများ​အား​ဖြင့် အင်​တာ​နက်​မှာ ညစ်​ညမ်း​တဲ့ ရုပ်​ပုံ​စာပေ​တွေ ပျံ့​နှံ့​နေ​တယ်။ * ဒါ​ဟာ တ​ချို့​ပြော​သလို အန္တရာယ်​ကင်း​ပါ​သလား။ အန္တရာယ်​မကင်း​ဘူး။ ညစ်​ညမ်း​တဲ့​ရုပ်​ပုံ ကြည့်​ရှု​သူ​တွေ​ဟာ တစ်​ကိုယ်​တည်း ရာ​ဂစိတ်​ဖြေတဲ့​အကျင့်​ရှိ​သူ ဖြစ်​လာ​ပြီး “အထိန်း​အကွပ်​မဲ့​တဲ့ ရမ္မက်” ရှိ​လာ​တယ်။ ရ​လ​ဒ်​အနေ​နဲ့ လိင်​ကို​စွဲ​လမ်း​တာ၊ သဘာ​ဝ​နဲ့​ဆန့်​ကျင်​တဲ့ အလို​ဆန္ဒ​ပေါ်​လာ​တာ၊ အိမ်​ထောင်​ရေး အဆင်​မပြေတာ​တွေ​နဲ့ ကွာ​ရှင်း​တဲ့​အထိ​တောင် ဖြစ်​လာ​နိုင်​တယ်။ * (ရော​မ ၁:၂၄-၂၇။ ဧဖက် ၄:၁၉) လိင်​ကို​စွဲ​လမ်း​တာ​ဟာ ကင်​ဆာ​ရော​ဂါ​နဲ့ တူ​တယ်​လို့ သု​တေ​သီ​တစ်ဦး​က ဆို​တယ်။ “ဆက်​ကြီး​ထွား​လာ​ပြီး ပျံ့​နှံ့​သွား​တယ်။ စွဲ​လမ်း​မှု ပပျောက်​သွား​ဖို့ အလွန်​ခက်​တဲ့​အပြင် ကု​သဖို့​လည်း သိပ်​ခက်​တယ်” လို့ သူ​ဆို​တယ်။

လူ​အများ​မြင်​သာ​တဲ့​နေ​ရာ​မှာ အင်​တာ​နက်​သုံး​တာ​ဟာ ပညာ​ရှိ​လမ်း​စဉ်​ဖြစ်

၁၀။ ယာကုပ် ၁:၁၄၊ ၁၅ မှာ​ပါ​တဲ့​မူ​ကို ဘယ်​နည်း​တွေ​နဲ့ ကျင့်​သုံး​နိုင်​သလဲ။ (“ ကိုယ်​ကျင့်​တ​ရား စင်​ကြယ်​နိုင်​ဖို့ ခွန်​အား​ရ​ရှိ​ပုံ” လေး​ထောင့်​ကွက်​ကို​လည်း ကြည့်​ပါ။)

၁၀ ယာကုပ် ၁:၁၄၊ ၁၅ မှာ​ပါ​တဲ့ စကား​တွေ​ကို သုံးသပ်​ကြည့်​ပါ– “ကိုယ့်​အလို​ဆန္ဒ​ရဲ့ ဆွဲ​ငင်​ဖြား​ယောင်း​မှု​ကို ခံ​ရ​တာ​က​သာ လူ​တိုင်း​အတွက် စမ်း​သပ်​မှု​ပါ။ အဲဒီ​အလို​ဆန္ဒ​က ကြီး​ထွား​လာ​ရင် အပြစ်​ကို လုပ်​မိ​စေ​တယ်။ အပြစ်​လုပ်​ပြီး​တဲ့​နောက်​မှာ​တော့ သေခြင်း​ကို ဖြစ်​ပေါ်​စေ​တယ်။” ဒါ​ကြောင့် မကောင်း​တဲ့​ဆန္ဒ စိတ်​ထဲ​ဝင်​လာ​တာ​နဲ့ ချက်​ချင်း ထုတ်​ပစ်​ပါ။ ဥပမာ၊ လိင်​စိတ်​နှိုးဆွ​ပေး​တဲ့​ပုံ​တွေ​ကို မရည်​ရွယ်​ဘဲ ကြည့်​မိ​ရင် ချက်​ချင်း မျက်​နှာ​လွှဲ​လိုက်​ပါ။ ဒါ​မှ​မဟုတ် ကွန်​ပျူ​တာ​ကို ပိတ်​လိုက်​ပါ ဒါ​မှ​မဟုတ် တီ​ဗွီ​လိုင်း ပြောင်း​လိုက်​ပါ။ မကောင်း​တဲ့​စိတ်​ဆန္ဒ ဆက်​ကြီး​ထွား​လာ​ပြီး သင့်​ကို လွှမ်း​မိုး​တဲ့​အထိ မဖြစ်​ဖို့ လုပ်​သင့်​တာ​မှန်​သမျှ လုပ်​ဆောင်​ပါ။​—မဿဲ ၅:၂၉၊ ၃၀ ကို​ဖတ်​ပါ။

၁၁။ မကောင်း​တဲ့​စိတ်​ဆန္ဒတွေ​ကို တိုက်​လှန်​ရာ​မှာ ယေဟောဝါ​ကို အား​ကိုး​ကြောင်း ဘယ်​လို ဖော်ပြနိုင်​သလဲ။

၁၁ ကျွန်​တော်​တို့​အကြောင်း​ကို ကျွန်​တော်​တို့​ထက် ပို​သိ​တဲ့​အရှင်​ဟာ အကြောင်း​ကောင်း​ရှိ​လို့ ဒီ​လို​တိုက်​တွန်း​ထား​တယ်– “လိင်​အကျင့်​ယို​ယွင်း​ခြင်း၊ ညစ်​ညူး​စွာ​ကျင့်​ခြင်း၊ ရမ္မက်​ဆန္ဒ​ကို မချုပ်​တည်း​ခြင်း၊ မကောင်း​တဲ့ လို​အင်​ဆန္ဒ​ရှိ​ခြင်း၊ လော​ဘ​ကြီး​ခြင်း​ကို ဖြစ်​ပေါ်​စေ​တဲ့ ကိုယ်​ခန္ဓာ​အစိတ်​အပိုင်း​တွေ​ကို သေစေ​ကြ​ပါ။ လော​ဘ​ကြီး​ခြင်း​ဟာ ရုပ်​တု​ကိုးကွယ်​ခြင်း​ပဲ။” (ကောလောသဲ ၃:၅) ဒီ​လို​လုပ်​ဖို့ ခက်​ခဲ​နိုင်​တယ်။ ဒါ​ပေမဲ့ မေတ္တာ​ရှိ​ပြီး စိတ်​ရှည်​တဲ့ ကောင်း​ကင်​ဖခင်​ဆီ အသနား​ခံ ဆုတောင်း​နိုင်​တယ်​ဆို​တာ သတိ​ရ​ပါ။ (ဆာလံ ၆၈:၁၉) ဒါ​ကြောင့် မကောင်း​တဲ့​အတွေး​တွေ စိတ်​ထဲ​ဝင်​လာ​တာ​နဲ့ ချက်​ချင်း ဆုတောင်း​ပါ။ “သာ​မန်​ထက်​ထူး​ကဲ​တဲ့ တန်ခိုး” ပေး​ဖို့ ဆုတောင်း​ပါ။ တ​ခြား​ကိစ္စတွေ​အပေါ် အာ​ရုံ​ပြောင်း​လိုက်​ပါ။​—၂ ကော​ရိန္သု ၄:၇။ ၁ ကော​ရိန္သု ၉:၂၇။ “ အကျင့်​ဆိုး​ကို ငါ ဘယ်​လို​ချိုး​နှိမ်​နိုင်​မလဲ” လေး​ထောင့်​ကွက်​ကို ကြည့်​ပါ။

၁၂။ ကျွန်​တော်​တို့​ရဲ့ “စိတ်​နှလုံး” ဆို​တာ ဘာ​လဲ။ ဘာ​ကြောင့် စောင့်​ရှောက်​ရ​မလဲ။

၁၂ “အသက်​ဟာ စိတ်​နှလုံး​မှာ တည်​မှီ​နေ​လို့ အရာ​အားလုံး​ထက် စိတ်​နှလုံး​ကို ကာ​ကွယ်​စောင့်​ရှောက်​ပါ” လို့ ပညာ​ရှိ​ရှော​လ​မုန် ရေး​ခဲ့​တယ်။ (ပညာ​အလိမ္မာ ၄:၂၃) ကျွန်​တော်​တို့​ရဲ့ “စိတ်​နှလုံး” ဆို​တာ ဘု​ရား​သခင့်​အမြင်​မှာ အမှန်​တ​ကယ် ဘယ်​လို​လူ​စား​မျိုး ဖြစ်​မှန်း ဖော်ပြတဲ့ အတွင်း​စိတ်​သဘော​ထား​ကို ဆိုလို​တယ်။ ထာ​ဝ​ရ​အသက် ရ​ထိုက်၊ မရ​ထိုက်​ဆို​တာ ကျွန်​တော်​တို့​ရဲ့ “စိတ်​နှလုံး” ကို ဘု​ရား​ရဲ့ ရှု​မြင်​ပုံ​အပေါ် မူ​တည်​တယ်။ တ​ခြား​သူ​တွေ​ရဲ့ ရှု​မြင်​ပုံ​အပေါ် မမူ​တည်​ဘူး။ ဒါ​ဟာ အလွန်​ရိုး​ရှင်း​သလောက် အသက်​နဲ့​လည်း ဆိုင်​တယ်။ သစ္စာ​ရှိ​သူ​ယောဘ​ဟာ အမျိုး​သမီး​တစ်ဦး​ကို တပ်​မက်​တဲ့​စိတ်​နဲ့ မကြည့်​မိ​ဖို့ မျက်​စိ​နဲ့ ကတိ​သစ္စာ​ပြု​ခဲ့​တယ်။ (ယောဘ ၃၁:၁) ပုံသက်သေ​ကောင်း​ပါ​ပဲ။ ဆာလံ​ဆ​ရာ​လည်း ထပ်​တူ​သဘော​ထား​မျိုး တင်​ပြပြီး “အချည်း​နှီး​ဖြစ်​တဲ့​အရာ​တွေ​ကို မကြည့်​မိ​အောင် ကျွန်​တော့်​မျက်​စိ​ကို လွှဲ​ပေး​ပါ” လို့ ဆုတောင်း​ခဲ့​တယ်။​—ဆာလံ ၁၁၉:၃၇

ဒိ​န​ရဲ့ ပညာ​မဲ့​တဲ့​ရွေး​ချယ်​မှု

၁၃။ ဒိ​န​ဟာ ဘယ်​သူ​လဲ။ သူ့​ရဲ့ အပေါင်း​အသင်း​ရွေး​ချယ်​မှု​ဟာ ဘာ​ကြောင့် ပညာ​မဲ့​သလဲ။

၁၃ အခန်း ၃ မှာ တွေ့​ခဲ့​တဲ့​အတိုင်း အပေါင်း​အသင်း​ဟာ ကျွန်​တော်​တို့​အပေါ် ကောင်း​ကျိုး ဒါ​မှ​မဟုတ် ဆိုး​ကျိုး သက်​ရောက်​စေ​နိုင်​တယ်။ (ပညာ​အလိမ္မာ ၁၃:၂၀။ ၁ ကော​ရိန္သု ၁၅:၃၃ ကို​ဖတ်​ပါ။) ယာကုပ်​ရဲ့​သမီး ဒိ​န​ရဲ့​အဖြစ်​ကို သုံးသပ်​ကြည့်​ပါ။ သူ​ဟာ သွန်သင်​လေ့ကျင့်​မှု ကောင်း​ကောင်း​ရ​ရှိ​ခဲ့​ပေမဲ့ ပညာ​မဲ့​ပြီး ခါ​နန်​အမျိုး​သမီး​တွေ​နဲ့ မိတ်ဆွေ​ဖွဲ့​ခဲ့​တယ်။ မောဘ​လူမျိုး​လို​ပဲ ခါ​နန်​လူမျိုး​လည်း လိင်​အကျင့်​ယို​ယွင်း​မှု​မှာ နာ​မည်​ကြီး​တယ်။ (ဝတ်​ပြု​ရာ ၁၈:၆-၂၅) “အမျိုး​တွေ​ထဲ​မှာ ဂုဏ်​သရေ​အရှိ​ဆုံး” ရှေ​ခင်​အပါ​အဝင် ခါ​နန်​အမျိုး​သား​တွေ​ရဲ့ အမြင်​မှာ ဒိ​န​ဟာ ခါ​နန်​ပြည်​သူ​တွေ​လို​ပဲ လိင်​အကျင့်​ယို​ယွင်း​မှု​ကို လက်ခံ​မယ့်​ပုံ ပေါက်​နေ​တယ်။​—ကမ္ဘာဦး ၃၄:၁၈၊ ၁၉

၁၄။ ဒိ​န​ရဲ့ အပေါင်း​အသင်း ရွေး​ချယ်​မှု​ကြောင့် ဘာ​ဆိုး​ကျိုး​တွေ ခံစား​ခဲ့​ရ​သလဲ။

၁၄ ဒိ​န​ဟာ ရှေ​ခင်​ကို တွေ့​ချိန်​မှာ သူ​နဲ့ လိင်​ဆက်ဆံ​မယ်​ဆို​တဲ့​အတွေး ရှိ​ခဲ့​မှာ မဟုတ်​ဘူး။ ဒါ​ပေမဲ့ ရှေ​ခင်​ဟာ လိင်​စိတ်​ထ​ကြွ​လာ​တဲ့​အခါ သာ​မန်​ကိစ္စ​လို့ ခါ​နန်​လူ​အများ​စု ယူ​မှတ်​တဲ့ အပြု​အမူ​ကို ပြု​လုပ်​ခဲ့​တယ်။ ဒိ​န​ကို “ခေါ်​သွား​ပြီး စော်​ကား​လိုက်​တယ်။” ဒိ​န​ဘက်​က နောက်​ဆုံး​အချိန်​အထိ ငြင်း​ဆန်​ပေမဲ့ အလ​ကား​ပဲ။ နောက်​ပိုင်း ရှေ​ခင်​ဟာ ဒိ​န​ကို “ချစ်​ခင်​စွဲ​လမ်း” သွား​ပုံ​ရ​ပေမဲ့ ဒါ​ဟာ ဒိ​န​အပေါ် သူ​ကျူး​လွန်​ခဲ့​တဲ့​အရာ​ကို မပြောင်း​လဲ​စေ​ခဲ့​ဘူး။ (ကမ္ဘာဦး ၃၄:၁–၄ ကို​ဖတ်​ပါ။) ဒိ​န​တစ်​ယောက်​တည်း ဆိုး​ကျိုး​ခံစား​ခဲ့ရ​တာ မဟုတ်​ဘူး။ သူ့​ရဲ့ အပေါင်း​အသင်း​ရွေး​ချယ်​မှု​ကြောင့် မိသား​စု​တစ်​ခု​လုံး​ကို ကဲ့​ရဲ့​ရှုတ်​ချ​စ​ရာ ဖြစ်​ရပ်​တွေ ဖြစ်​ခဲ့​တယ်။​—ကမ္ဘာဦး ၃၄:၇၊ ၂၅-၃၁။ ဂလာ​တိ ၆:၇၊ ၈

၁၅၊ ၁၆။ စစ်​မှန်​တဲ့​ဉာဏ်​ပညာ​ကို ဘယ်​လို ရ​ရှိ​နိုင်​သလဲ။ (“ တွေး​တော​ဆင်​ခြင်​ရ​မယ့် ကျမ်း​ချက်​တွေ” လေး​ထောင့်​ကွက်​ကို​လည်း ကြည့်​ပါ။)

၁၅ ဒိ​န​ဟာ ဆိုး​ကျိုး​တွေ ကြုံ​ပြီး​နောက်​မှ အရေး​ကြီး​သင်​ခန်း​စာ ရ​ခဲ့​တယ်။ ယေဟောဝါ​ကို ချစ်​ပြီး နာ​ခံ​သူ​တွေ​က​တော့ ဆိုး​ကျိုး​တွေ​ကြုံ​ပြီး​မှ ဘဝ​သင်​ခန်း​စာ​ယူ​တာ​မျိုး ဖြစ်​ဖို့​မလို​​ဘူး။ ဘု​ရား​စကား နား​ထောင်​တဲ့​အတွက် “ဉာဏ်​ပညာ​ရှိ​သူ​နဲ့ ပေါင်း​ဖော်” ဖို့ သူတို့ ရွေး​ချယ်​ကြ​တယ်။ (ပညာ​အလိမ္မာ ၁၃:၂၀​က) သူတို့​ဟာ “မွန်​မြတ်​တဲ့ လမ်း​စဉ်​မှန်​သမျှ​ကို” သိ​နား​လည်​လာ​တဲ့​အတွက် မလို​အပ်​တဲ့ ပြဿ​နာ​တွေ​နဲ့ နာ​ကြည်း​စ​ရာ​တွေ​ကို ရှောင်​နိုင်​ကြ​တယ်။​—ပညာ​အလိမ္မာ ၂:၆-၉။ ဆာလံ ၁:၁-၃

၁၆ ဘု​ရား​ဆီ​က ဉာဏ်​ပညာ​ကို လို​ချင်​စိတ်​ရှိ​ပြီး စွဲ​စွဲ​မြဲမြဲ ဆုတောင်း​မယ်၊ ကျမ်း​စာ​နဲ့ သစ္စာ​ရှိ​ကျွန် ပြင်​ဆင်​ပေး​တဲ့ စာပေ​တွေ​ကို မှန်​မှန်​လေ့​လာ​မယ်​ဆို​ရင် အဲဒီ​ဉာဏ်​ပညာ​ကို ရ​ရှိ​နိုင်​ပါ​တယ်။ (မဿဲ ၂၄:၄၅။ ယာကုပ် ၁:၅) နှိမ့်​ချ​မှု​ရှိ​ဖို့​လည်း အရေး​ကြီး​တယ်။ ဒါ​မှ ကျမ်း​စာ​အကြံ​ဉာဏ်​ကို လို​လို​လား​လား နာ​ခံ​နိုင်​မယ်။ (၂ ဘု​ရင်​များ ၂၂:၁၈၊ ၁၉) ဥပမာ၊ စိတ်​နှလုံး​ဟာ စဉ်း​လဲ​ပြီး ထင်​ရာ​စိုင်း​တတ်​တယ်​ဆို​တာ​ကို ခ​ရစ်​ယာန်​တစ်ဦး လက်ခံ​မှာ​ပါ။ (ယေ​ရ​မိ ၁၇:၉) ဒါ​ပေမဲ့ အခြေ​အနေ​အရ လို​အပ်​လို့ မေတ္တာ​ပါ​တဲ့ ဆုံးမ​မှု​နဲ့ အကူ​အညီ ပေး​လာ​တဲ့​အခါ သူ နှိမ့်​ချစွာ လက်ခံ​သလား။

၁၇။ မိသား​စု​မှာ ပေါ်​လာ​နိုင်​တဲ့ အခြေ​အနေ​တစ်​ခု​ကို ဖော်ပြပါ။ ဖခင်​ဟာ သမီး​ဖြစ်​သူ​နဲ့ ဆင်​ခြင်​သုံးသပ်​နိုင်​ပုံ​ကို ဖော်ပြပါ။

၁၇ ဒီ​အခြေ​အနေ​ကို စဉ်း​စား​ကြည့်​ပါ။ ဖခင်​တစ်ဦး​ဟာ မိမိ​ရဲ့​သမီး​နဲ့ ခ​ရစ်​ယာန်​အမျိုး​သား​ငယ်​တစ်ဦး​ကို အဖော်​မပါ​ဘဲ နှစ်​ယောက်​တည်း သွား​ခွင့်​မပြု​ဘူး။ သမီး​က “ကျွန်​မကို မယုံ​ဘူး​လား။ ကျွန်​မတို့ မဟုတ်​တာ ဘာ​မှ​မလုပ်​ဘူး” လို့ ပြန်​ပြော​တယ်။ သမီး​ဖြစ်​သူ​ဟာ ယေဟောဝါ​ကို ချစ်​ပြီး စိတ်​ထား​မှန်​မယ်။ ဒါ​ပေမဲ့ သူ​ဟာ “ဉာဏ်​ပညာ​လမ်း​စဉ်​မှာ လျှောက်​လှမ်း” နေ​သလား။ “လိင်​အကျင့်​ယို​ယွင်း​မှု​ကို ဝေး​ဝေး​ရှောင်” နေ​သလား။ ဒါ​မှ​မဟုတ် မိုက်​မဲ​စွာ “ကိုယ့်​စိတ်​နှလုံး​ကို ယုံ​ကြည်​ကိုး​စား” နေ​သလား။ (ပညာ​အလိမ္မာ ၂၈:၂၆) ဒီ​ကိစ္စ​ကို ဆင်​ခြင်​သုံးသပ်​ရာ​မှာ ဖခင်​နဲ့ သမီး​အတွက် အထောက်​အကူ​ပြု​မယ့် တ​ခြား​မူ​တွေ​ကို သင် စဉ်း​စား​ကြည့်​နိုင်​ပါ​တယ်။​—ပညာ​အလိမ္မာ ၂၂:၃။ မဿဲ ၆:၁၃။ ၂၆:၄၁ တို့​ကို ကြည့်​ပါ။

လိင်​အကျင့်​ယို​ယွင်း​မှု​ကို ယော​သပ် ဝေး​ဝေး​ရှောင်ခဲ့

၁၈၊ ၁၉။ ဘယ်​သွေး​ဆောင်​မှု​ကို ယော​သပ် ကြုံခဲ့​ရ​သလဲ။ သူ ဘယ်​လို ကိုင်​တွယ်​ဖြေရှင်း​ခဲ့​သလဲ။

၁၈ ဘု​ရား​သခင်​ကို ချစ်​လို့ လိင်​အကျင့်​ယို​ယွင်း​မှု​ကို ဝေး​ဝေး​ရှောင်ခဲ့​တဲ့ လူငယ်​တစ်ဦး​က​တော့ ဒိ​န​ရဲ့ ဖတူ​မိ​ကွဲ​မောင် ယော​သပ်​ပဲ။ (ကမ္ဘာဦး ၃၀:၂၀-၂၄) အစ်​မဖြစ်​သူ​ရဲ့ ပညာ​မဲ့​လုပ်​ရပ်​ကြောင့် ဆိုး​ကျိုး​တွေ​ခံစား​ခဲ့​ရ​တာ​ကို ယော​သပ် ငယ်​စဉ်​က ကိုယ်​တွေ့ မြင်​ခဲ့​ရ​တယ်။ အဲဒီ​ဖြစ်​ရပ်တွေ​အပြင် ဘု​ရား​သခင့်​မေတ္တာ အမြဲခံစား​ချင်​တဲ့ ယော​သပ်​ရဲ့​ဆန္ဒ​ဟာ နောက်​ပိုင်း​နှစ်​တွေ​မှာ သူ့​ကို ကာ​ကွယ်​ပေး​ခဲ့​တယ်။ အီဂျစ်​ပြည်​မှာ သခင့်​ရဲ့​ဇနီး “နေ့​စဉ်​ရက်​ဆက်” သွေး​ဆောင်​တဲ့​အခါ​မှာ ဖြစ်​တယ်။ ယော​သပ်​ဟာ ကျွန်​တစ်ဦး​ဖြစ်​နေ​လို့ အလုပ်​က ထွက်​လို့ရ​နိုင်​မှာ မဟုတ်​ဘူး။ အခြေ​အနေ​ကို ပညာ​ရှိ​ရှိ၊ သတ္တိ​ရှိ​ရှိ ကိုင်​တွယ်​ဖြေရှင်း​ရ​မှာ ဖြစ်​တယ်။ ပေါ​တိ​ဖာ​ရဲ့​ဇနီး​ကို အကြိမ်​ကြိမ် ငြင်း​ဆို​ပြီး နောက်​ဆုံး ထွက်​ပြေး​ခဲ့​တယ်။​—ကမ္ဘာဦး ၃၉:၇–၁၂ ကို​ဖတ်​ပါ။

၁၉ စဉ်း​စား​ကြည့်​ပါ။ ယော​သပ်​ဟာ အဲဒီ​မိန်း​မအကြောင်း စဉ်း​စား​နေ​မယ် ဒါ​မှ​မဟုတ် လိင်​အကြောင်း စိတ်​ကူး​ယဉ်​တဲ့​အကျင့် ရှိ​နေ​မယ်​ဆို​ရင် သူ့​ရဲ့​သမာ​ဓိ​ကို စောင့်​ထိန်း​နိုင်​ပါ့​မလား။ စောင့်​ထိန်း​နိုင်​မှာ မဟုတ်​ဘူး။ မကောင်း​တဲ့​အတွေး​ကို တွေး​နေ​မယ့်​အစား ယေဟောဝါ​နဲ့ ဆက်ဆံ​ရေး​ကို ယော​သပ် တန်​ဖိုး​ထား​မှန်း ပေါ​တိ​ဖာ​ရဲ့​ဇနီး​ကို ပြော​တဲ့ စကား​မှာ ထင်​ရှား​တယ်။ “သခင်​က . . . အားလုံး​ကို ကျွန်​တော့်​လက်​ထဲ အပ်​ထား​တယ်။ ဒါ​ပေမဲ့ သခင့်​ဇနီး​ဖြစ်​တဲ့ သခင်​မကို​တော့ ထိ​ပါး​ခွင့် မရှိ​ပါ​ဘူး။ ဒီ​လို​ကြီး​လေး​တဲ့​အပြစ် ကျူး​လွန်​ပြီး ဘု​ရား​သခင်​ကို ပြစ်​မှား​တဲ့​အဖြစ်​မျိုး ကျွန်​တော် အရောက်​မခံ​နိုင်​ဘူး” လို့ သူ​ပြော​တယ်။​—ကမ္ဘာဦး ၃၉:၈၊ ၉

၂၀။ ယော​သပ်​ရဲ့​အဖြစ်​မှာ ကိစ္စရပ်​တွေ​ကို ယေဟောဝါ ဘယ်​လို စီ​မံ​ခဲ့​သလဲ။

၂၀ လူငယ်​ယော​သပ်​ဟာ မိသား​စု​နဲ့ ဝေး​နေ​ချိန်​မှာ နေ့​စဉ် သမာ​ဓိ​စောင့်​ထိန်း​နေ​တာ​ကို ယေဟောဝါ တွေ့​တဲ့​အခါ ဘယ်​လောက် ဝမ်း​သာ​မယ်​ဆို​တာ တွေး​ကြည့်​ပါ။ (ပညာ​အလိမ္မာ ၂၇:၁၁) နောက်​ပိုင်း​မှာ ကိစ္စရပ်တွေ​ကို ယေဟောဝါ စီ​မံ​ခဲ့​တဲ့​အတွက် ယော​သပ်​ဟာ ထောင်​က လွတ်​လာ​တဲ့​အပြင် အီဂျစ်​ပြည်​ရဲ့ ဝန်​ကြီး​ချုပ်​နဲ့ စား​နပ်​ရိက္ခာ စီ​မံ​ခန့်​ခွဲ​ရေးမှူး​အဖြစ် ခန့်​အပ်​ခံ​ရ​တယ်။ (ကမ္ဘာဦး ၄၁:၃၉-၄၉) “ယေဟောဝါ​ကို ချစ်​မြတ်​နိုး​သူတို့၊ မကောင်း​မှု​ကို မုန်း​ကြ​ပါ။ ဘု​ရား​က သစ္စာ​စောင့်​သိ​သူ​တွေရဲ့ အသက်​ကို စောင့်​ရှောက်​တယ်။ လူ​ဆိုး​တွေ​လက်​က​နေ သူတို့​ကို ကယ်​တင်​တယ်” ဆို​တဲ့ ဆာလံ ၉၇:၁၀ မှာ​ပါ​တဲ့ စကား​တွေ တ​ကယ်​မှန်​တယ်။

၂၁။ အာ​ဖရိ​က​နိုင်​ငံ​တစ်​နိုင်​ငံ​က ညီ​အစ်​ကို​ငယ်​တစ်ဦး စိတ်​ဓာတ်​ခိုင်​မာ​ကြောင်း ဘယ်​လို ဖော်ပြခဲ့​သလဲ။

၂၁ ဒီ​နေ့​လည်း ဘု​ရား​ရဲ့​ကျေး​ကျွန်​တွေ​ဟာ ‘မကောင်း​မှု​ကို မုန်း​ပြီး ကောင်း​မှု​ကို ချစ်​တယ်’ ဆို​တာ ဖော်ပြကြ​တယ်။ (အာမုတ် ၅:၁၅) သင်္ချာ​ဘာ​သာ စာ​မေး​ပွဲ​ဖြေချိန်​မှာ ကူညီ​ပေး​ရင် လိင်​ဆက်ဆံ​ခွင့် ပေး​မယ်​လို့ အတန်း​ဖော်​မိန်း​က​လေး ကမ်း​လှမ်း​တဲ့​အကြောင်း အာ​ဖရိ​က​နိုင်​ငံ​တစ်​နိုင်​ငံ​က ညီ​အစ်​ကို​ငယ်​တစ်ဦး ပြော​ပြတယ်။ “ကျွန်​တော် ချက်​ချင်း ငြင်း​လိုက်​တယ်။ ကျွန်​တော် သမာ​ဓိ​စောင့်​ထိန်း​တဲ့​အတွက် ရွှေ​ငွေ​ထက် အဖိုး​တန်​တဲ့ ဂုဏ်​သိက္ခာ​နဲ့ ကိုယ့်​ကိုယ်​ကိုယ် လေး​စား​မှု​ကို ဆက်​ထိန်း​နိုင်​ခဲ့​တယ်” လို့ သူ​ပြော​ပြတယ်။ အပြစ်​လုပ်​ရင် “ခ​ဏ​ပျော်” နိုင်​ပေမဲ့ အဲဒီ​ခ​ဏ​တာ​အပျော်​ဟာ အကြီး​အကျယ် ဒုက္ခရောက်​စေ​တယ်။ (ဟီ​ဘ​ရူး ၁၁:၂၅) ဒါ့​အပြင် ယေဟောဝါ​ကို နာ​ခံ​ခြင်း​ကြောင့် ရ​ရှိ​မယ့် ထာ​ဝ​ရ​ပျော်​ရွှင်​မှု​နဲ့ နှိုင်း​ယှဉ်​ရင် ဘာ​မှ​မဟုတ်​ဘူး။​—ပညာ​အလိမ္မာ ၁၀:၂၂

ကရု​ဏာ​ရှင်​ဘု​ရား​ဆီ​က အကူ​အညီ​ကို လက်ခံ​ပါ

၂၂၊ ၂၃။ (က) ခ​ရစ်​ယာန်​တစ်ဦး ကြီး​လေး​တဲ့​အပြစ် ကျူး​လွန်​မိ​ရင် မျှော်​လင့်​ချက်​မဲ့​သွား​ပြီလို့ ဘာ​ကြောင့် မပြော​နိုင်​သလဲ။ (ခ)  အပြစ်​ပြု​သူ​ဟာ ဘယ်​အကူ​အညီ ရ​ရှိ​နိုင်​သလဲ။

၂၂ ကျွန်​တော်​တို့​အားလုံး မစုံလင်​တဲ့​အတွက် သွေး​သား​ဆန္ဒတွေ​ကို အလျှော့​မပေး​ဖို့၊ ဘု​ရား​အမြင်​မှာ မှန်​ကန်​ရာ​ကို လုပ်​ဆောင်​ဖို့ ကြိုး​စား​တိုက်​လှန်​နေ​ရ​တယ်။ (ရော​မ ၇:၂၁-၂၅) ဒါ​ကို ယေဟောဝါ သိ​ထား​တယ်၊ ကျွန်​တော်​တို့ “မြေမှုန့်​ပဲ​ဆို​တာ​ကို မမေ့​ဘူး။” (ဆာလံ ၁၀၃:၁၄) ဒါ​ပေမဲ့ ခ​ရစ်​ယာန်​တစ်ဦး​ဟာ ကြီး​လေး​တဲ့​အပြစ် ကျူး​လွန်​မိ​နိုင်​တယ်။ အဲဒီ​အခါ သူ မျှော်​လင့်​ချက်​မဲ့​သွား​ပြီလား။ လုံး​ဝ မဟုတ်​ဘူး။ အပြစ်​ပြု​သူ​ဟာ ဘု​ရင်​ဒါဝိဒ်​လို​ပဲ ခါး​သီး​တဲ့ အကျိုး​ဆက်​တွေ​ကို ရိတ်​သိမ်း​ရ​မယ်။ ဒါ​ပေမဲ့ နောင်​တ​ရ​ပြီး အပြစ် “ဝန်​ချ​တောင်း​ပန်” သူ​တွေ​ကို ဘု​ရား​သခင် “ခွင့်​လွှတ်​ဖို့ အသင့်​ရှိ​တယ်။”​—ယာကုပ် ၅:၁၆။ ဆာလံ ၈၆:၅။ ပညာ​အလိမ္မာ ၂၈:၁၃ ကို​ဖတ်​ပါ။

၂၃ ဒါ့​အပြင် ဘု​ရား​သခင်​ဟာ ခ​ရစ်​ယာန်​အသင်း​တော်​မှာ အရည်​အချင်း​ရှိ​ပြီး ကူညီ​ဖို့​အသင့်​ရှိ​တဲ့၊ ရင့်​ကျက်​တဲ့ သိုးထိန်း​တွေ​ကို “လက်​ဆောင်​အဖြစ်” ပေး​ထား​တယ်။ (ဧဖက် ၄:၈၊ ၁၂။ ယာကုပ် ၅:၁၄၊ ၁၅) သူတို့​ရဲ့​ပန်း​တိုင်​ဟာ အပြစ်​ပြု​သူ​ကို ဘု​ရား​နဲ့ ဆက်ဆံ​ရေး ပြန်​ကောင်း​လာ​အောင်၊ “သိ​နား​လည်​နိုင်​စွမ်း” ရ​အောင် ကူညီ​ပေး​ဖို့ ဖြစ်​တယ်။ ဒါ​ဆို​ရင် သူ ထပ်​တ​လဲ​လဲ အပြစ်​ပြု​တော့​မှာ မဟုတ်​ဘူး။​—ပညာ​အလိမ္မာ ၁၅:၃၂

‘သိ​နား​လည်​နိုင်​စွမ်း​ကို ရ​ယူ​ခြင်း’

၂၄၊ ၂၅။ (က)  ပညာ​အလိမ္မာ ၇:၆-၂၃ မှာ​ပါ​တဲ့ လူငယ်​ဟာ “ဆင်​ခြင်​ဉာဏ်​မရှိ” မှန်း ဘယ်​လို ဖော်ပြခဲ့​သလဲ။ (ခ) ကျွန်​တော်​တို့ ဘယ်​နည်း​နဲ့ “သိ​နား​လည်​နိုင်​စွမ်း​ကို ရ​ယူ” နိုင်​သလဲ။

၂၄ ကျမ်း​စာ​မှာ “ဆင်​ခြင်​ဉာဏ်​မရှိ​တဲ့” သူ​နဲ့ “သိ​နား​လည်​နိုင်​စွမ်း​ကို ရ​ယူ​တဲ့​သူ” အကြောင်း ဖော်ပြထား​တယ်။ (ပညာ​အလိမ္မာ ၇:၇) “ဆင်​ခြင်​ဉာဏ်​မရှိ​တဲ့” သူ​ဟာ ရင့်​ကျက်​မှု မရှိ​တာ၊ ဘု​ရား​အမှု​တော်​မှာ အတွေ့​အကြုံ​မရှိ​တာ​တွေ​ကြောင့် ပိုင်း​ခြား​သိ​မြင်​နိုင်​စွမ်း၊ ကောင်း​စွာ ချင့်​ချိန်​ဆုံး​ဖြတ်​နိုင်​စွမ်း ရှိ​မှာ မဟုတ်​ဘူး။ ပညာ​အလိမ္မာ ၇:၆-၂၃ မှာ ဖော်ပြထား​တဲ့ လူငယ်​လို​ပဲ သူ​ဟာ ကြီး​လေး​တဲ့​အပြစ်​ကို အလွယ်​တ​ကူ ကျူး​လွန်​မိ​နိုင်​တယ်။ ဒါ​ပေမဲ့ “သိ​နား​လည်​နိုင်​စွမ်း​ကို ရ​ယူ​တဲ့​သူ” ဟာ ဆုတောင်း​ပြီး ကျမ်း​စာ မှန်​မှန်​လေ့​လာ​ခြင်း​အား​ဖြင့် မိမိ​ရဲ့ အတွင်း​စိတ်​သဘော​ကို အသေအချာ ဆန်း​စစ်​တယ်။ သူ​ဟာ မစုံလင်​ပေမဲ့ သူ့​အတွေး​အခေါ်၊ အလို​ဆန္ဒ၊ ခံစား​ချက်​နဲ့ ဘဝ​ပန်း​တိုင်​တွေ​ကို ဘု​ရား​အလို​တော်​နဲ့​အညီ​ ဖြစ်​စေ​ဖို့ အတတ်​နိုင်​ဆုံး ကြိုး​စား​တယ်။ ဒီ​နည်း​နဲ့ သူ​ဟာ “ကိုယ့်​ကိုယ်​ကိုယ် ချစ်” ရာ​ရောက်​ပြီး “အောင်​မြင်​လိမ့်​မယ်။”​—ပညာ​အလိမ္မာ ၁၉:၈

၂၅ ကိုယ့်​ကိုယ်​ကိုယ် ဒီ​လို​မေး​ပါ– ‘ဘု​ရား​ရဲ့​စံနှုန်း​တွေ မှန်​တယ်​ဆို​တာ ငါ အကြွင်း​မဲ့​ယုံ​သလား။ အဲ​ဒါ​တွေ​ကို လိုက်​လျှောက်​ရင် စစ်​မှန်​တဲ့​ပျော်​ရွှင်​မှု ရ​မယ်​ဆို​တာ ငါ တကယ်​ယုံ​သလား။’ (ဆာလံ ၁၉:၇-၁၀။ ဟေ​ရှာ​ယ ၄၈:၁၇၊​ ၁၈) သင်​ဟာ သံ​သယ​နည်း​နည်း​လောက် ရှိ​နေ​မယ်​ဆို​ရင်​တောင် ဖြေရှင်း​ဖို့ ကြိုး​စား​ပါ။ ဘု​ရား​ရဲ့​ပညတ်​တွေ​ကို လျစ်​လျူ​ရှု​ခြင်း​ရဲ့ ဆိုး​ကျိုး​တွေ​ကို တွေး​တော​ပါ။ ဒါ့​အပြင် အမှန်​တ​ရား​အတိုင်း အသက်​ရှင်​နေ​ထိုင်​ပြီး မှန်​ကန်​ဖြောင့်​မတ်​တဲ့​အရာ၊ စင်​ကြယ်​ပြီး မေတ္တာ​တိုး​စေ​တဲ့​အရာ၊ မွန်​မြတ်​တဲ့​အရာတွေ​ဖြစ်​တဲ့ အကျိုး​ပြု​အတွေး​အခေါ်​တွေ​နဲ့ သင့်​စိတ်​ကို ဖြည့်​ထား​ပါ။ ဒီ​နည်း​နဲ့ “ယေဟောဝါ ဘယ်​လောက် ကောင်း​မြတ်​သလဲ​ဆို​တာ မြည်း​စမ်း​ပြီး ကိုယ်​တိုင် ခံစား​ကြည့်​ပါ။” (ဆာလံ ၃၄:၈။ ဖိ​လိပ္ပိ ၄:၈၊ ၉) ဒါ​ဆို​ရင် ဘု​ရား​သခင်​နဲ့ ဘု​ရား​ချစ်​တဲ့​အရာ​ကို ပို​ချစ်​လာ​လေ​ဖြစ်​ပြီး ဘု​ရား​မုန်း​တဲ့​အရာ​ကို ပို​မုန်း​လာ​လေ ဖြစ်​မှာ သေချာ​တယ်။ ယော​သပ်​ဟာ စွမ်းအား​ရှင်​လူ​သား​တစ်ဦး မဟုတ်​ဘူး။ ဒါ​ပေမဲ့ “လိင်​အကျင့်​ယို​ယွင်း​မှု​ကို ဝေး​ဝေး​ရှောင်” နိုင်​ခဲ့​တယ်။ အကြောင်း​က​တော့ နှစ်​တွေ​တစ်​လျှောက် ယေဟောဝါ ပုံ​သွင်း​ပေး​တာ​ကို ခံ​ယူ​ခဲ့​ပြီး ဘု​ရား​စိတ်​တော်​နဲ့ တွေ့​ချင်​တဲ့​အတွက် ဖြစ်​တယ်။ သင်​လည်း ထပ်​တူ​ဖြစ်​နိုင်​ပါ​စေ။​—ဟေ​ရှာ​ယ ၆၄:၈

၂၆။ နောက်​အခန်း​မှာ ဘယ်​အရေး​ကြီး​တဲ့​အကြောင်း​ကို ဆွေး​နွေး​မလဲ။

၂၆ ကျွန်​တော်​တို့​ရဲ့ ဖန်​ဆင်း​ရှင်​ဟာ မျိုး​ပွား​အင်္ဂါ​တွေ​ကို စိတ်​လှုပ်​ရှား​စေ​တဲ့ က​စား​စ​ရာ​တွေ​အဖြစ် မဟုတ်​ဘဲ မျိုး​ပွား​နိုင်​ဖို့၊ အိမ်​ထောင်​သည်​တွေ ချစ်​ခင်​ရင်း​နှီး​မှု ရ​နိုင်​ဖို့ ဖန်​ဆင်း​ပေး​ခဲ့​တယ်။ (ပညာ​အလိမ္မာ ၅:၁၈) နောက်​အခန်း​နှစ်​ခန်း​မှာ အိမ်​ထောင်​နဲ့​ပတ်​သက်​တဲ့ ဘု​ရား​သခင်​ရဲ့ ရှု​မြင်​ပုံ​ကို ဆွေး​နွေး​ပါ​မယ်။

^ စာပိုဒ်၊ 4 တော​လည်​ရာ​ကျမ်း​မှာ ဖော်ပြတဲ့ အရေ​အတွက်​ထဲ​မှာ တ​ရား​သူ​ကြီး​တွေ ကွပ်​မျက်​ခဲ့​တဲ့ “ဦး​ဆောင်​သူ” အယောက် ၁,၀၀၀ နဲ့ ယေဟောဝါ​ကိုယ်​တိုင် ကွပ်​မျက်​ခဲ့​သူ​တွေ ပါ​ဝင်​ပုံ​ရ​တယ်။​—တော​လည်​ရာ ၂၅:၄၊ ၅

^ စာပိုဒ်၊ 7 မသန့်​ရှင်း​ခြင်း​နဲ့ မျက်​နှာ​ပြောင်​တိုက်​ခြင်း​ရဲ့ အဓိပ္ပာယ်​ကို ယေဟောဝါ​သက်​သေတွေ ထုတ်​ဝေ​တဲ့ ၂၀၀၆၊ ဇူ​လိုင် ၁၅၊ ကင်း​မျှော်​စင် စာ​ရှု​သူ​များ​ထံ​မှ မေး​ခွန်း​လွှာ” ကို​ကြည့်​ပါ။

^ စာပိုဒ်၊ 9 “ညစ်​ညမ်း​တဲ့ ရုပ်​ပုံ​စာပေ​” ဆို​တာ လိင်​စိတ်​နှိုးဆွ​ပေး​တဲ့ ရုပ်​ပုံ၊ စာပေ​၊ အသံ​ကို ဆိုလို​တယ်။ လိင်​စိတ်​နှိုးဆွ​ပေး​တဲ့ ကိုယ်​ဟန်​အနေ​အထား​နဲ့ ရိုက်​ထား​တဲ့​ပုံ​က​အစ လူ​နှစ်​ဦး ဒါ​မှ​မဟုတ် နှစ်​ဦး​ထက်​မက အညစ်​ညမ်း​ဆုံး​ပုံ​စံ​မျိုး​နဲ့ လိင်​ဆက်ဆံ​နေ​တဲ့​ပုံ​အထိ ပါ​ဝင်​နိုင်​တယ်။

^ စာပိုဒ်၊ 9 တစ်​ကိုယ်​တည်း ရာ​ဂစိတ်​ဖြေခြင်း​အကြောင်း​ကို “တစ်​ကိုယ်​တည်း ရာ​ဂစိတ်​ဖြေခြင်း​ကို ချိုး​နှိမ်​နိုင်” နောက်​ဆက်​တွဲ​မှာ ဆွေး​နွေး​ထား​တယ်။