မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၁၁

‘အိမ်​ထောင်​မင်္ဂ​လာ​ကို လေး​စား​ရ​မယ်’

‘အိမ်​ထောင်​မင်္ဂ​လာ​ကို လေး​စား​ရ​မယ်’

‘ငယ်​ပေါင်း​ဇနီး​နဲ့​အတူ ပျော်​မွေ့​ပါ။’​—ပညာ​အလိမ္မာ ၅:၁၈

၁၊ ၂။ ဘယ်​မေး​ခွန်း​ကို သုံးသပ်​ကြ​မလဲ။ ဘာ​ကြောင့်​လဲ။

သင်​ဟာ အိမ်​ထောင်​သည်​လား။ ဒါ​ဆို​ရင် သင့်​အိမ်​ထောင်​ရေး သာ​ယာ​သလား။ စိတ်​ဆင်း​ရဲ​စ​ရာ အိမ်​ထောင်​ရေး​ပြဿ​နာ​တွေ ကြုံ​နေ​ရ​သလား။ သင်​နဲ့ သင့်​အိမ်​ထောင်​ဖက်​ဟာ တ​ဖြည်း​ဖြည်း စိမ်း​ကား​လာ​ပြီလား။ အဆင်​မပြေတဲ့ အိမ်​ထောင်​သည်​ဘဝ​ကို စိတ်​ကုန်​နေ​ပြီလား။ ဒါ​ဆို​ရင် တစ်​ချိန်​က​ရှိ​ခဲ့​တဲ့ နွေး​ထွေး​တဲ့ သံ​ယော​ဇဉ် အေး​စက်​သွား​လို့ သင် ဝမ်း​နည်း​နေ​မှာ​ပဲ။ ခ​ရစ်​ယာန်​တစ်ဦး​ဖြစ်​တဲ့ သင်​ဟာ သင့်​အိမ်​ထောင်​အား​ဖြင့် ချစ်​ရ​တဲ့​ဘု​ရား ယေဟောဝါ​ရဲ့ ဘုန်း​တော်​ကို ထင်​ရှား​စေ​ချင်​မှာ သေချာ​တယ်။ သင့်​ရဲ့ လက်​ရှိ​အခြေ​အနေ​ဟာ စိုး​ရိမ်​စ​ရာ၊ စိတ်​ဆင်း​ရဲ​စ​ရာ ဖြစ်​နေ​မယ်။ ဒါ​ပေမဲ့ မျှော်​လင့်​ချက် မရှိ​တော့​ဘူး​လို့ မယူ​မှတ်​လိုက်​ပါ​နဲ့။

တစ်​ချိန်​က ခ​ရစ်​ယာန်​မောင်​နှံ​တ​ချို့​ဟာ အတူ​နေ​ထိုင်​ကြ​ပေမဲ့ ဆက်ဆံ​ရေး မကောင်း​ခဲ့​ကြ​ဘူး။ ဒါ​ပေမဲ့ ဆက်ဆံ​ရေး ကောင်း​မွန်​စေ​နိုင်​တဲ့ နည်း​လမ်း​ကို သူတို့ ရှာ​တွေ့​ခဲ့​ကြ​တယ်။ သင့်​အိမ်​ထောင်​မှာ​လည်း သာ​ယာ​ချမ်း​မြေ့မှု​ကို ဘယ်​လို​နည်း​နဲ့ ရှာ​တွေ့​နိုင်​သလဲ။

ဘု​ရား​နဲ့​ကော အိမ်​ထောင်​ဖက်​နဲ့​ပါ ပို​ရင်း​နှီး​လာ

၃၊ ၄။ ဘု​ရား​နဲ့ ရင်း​နှီး​ဖို့ ကြိုး​စား​မယ်​ဆို​ရင် အိမ်​ထောင်​ဖက်​နှစ်​ဦး ဘာ​ကြောင့် ရင်း​နှီး​လာ​မလဲ။ ဥပမာ​ပေး​ပါ။

သင်​နဲ့ သင့်​အိမ်​ထောင်​ဖက်​ဟာ ဘု​ရား​နဲ့ ပို​ရင်း​နှီး​လာ​ဖို့ ကြိုး​စား​ရင် သင်​တို့​နှစ်​ဦး​လည်း ပို​ရင်း​နှီး​လာ​လိမ့်​မယ်။ ဘာ​ကြောင့်​လဲ။ ပုံ​ဥပမာ​တစ်​ခု​ကို သုံးသပ်​ကြည့်​ပါ။ အောက်​ခြေ​ကျယ်​ပြီး ထိပ်​ချွန်​တဲ့ က​တော့​ပုံ တောင်​တစ်​တောင်​ကို မြင်​ယောင်​ကြည့်​ပါ။ တောင်​ခြေ​ရဲ့​အရှေ့​ဘက်​မှာ အမျိုး​သား ရပ်​နေ​ပြီး အနောက်​ဘက်​မှာ အမျိုး​သမီး ရပ်​နေ​တယ်။ နှစ်​ဦး​စ​လုံး တောင်​ပေါ် စ​တက်​ကြ​တယ်။ တောင်​ခြေ​မှာ ရှိ​တုန်း​က သူတို့​နှစ်​ဦး ဝေး​နေ​ကြ​တယ်။ ဒါ​ပေမဲ့ တောင်​ထိပ်​ကို ရောက်​ခါ​နီး​လေ နှစ်​ဦး​သား နီး​သည်​ထက် နီး​လာ​လေ​ပဲ။ ဒီ​ပုံ​ဥပမာ​က​နေ အား​ရှိ​စ​ရာ သင်​ခန်း​စာ​ကို သင် သတိ​ပြု​မိ​သလား။

ယေဟောဝါ​ရဲ့ အမှု​တော်​ဆောင်​ဖို့ အစွမ်း​ကုန်​ကြိုး​စား​တာ​ကို တောင်​ထိပ်​တက်​ဖို့ ကြိုး​စား​တာ​နဲ့ နှိုင်း​ယှဉ်​နိုင်​တယ်။ သင်​ဟာ ယေဟောဝါ​ကို ချစ်​လို့ အဲဒီ​တောင်​ကို တက်​ဖို့ ကြိုး​စား​ခဲ့​တယ်။ ဒါ​ပေမဲ့ သင့်​အိမ်​ထောင်​ဖက်​နဲ့ မသင့်​မြတ်​ဘူး​ဆို​ရင် သင်​တို့​ဟာ အဲဒီ​တောင်​ပေါ်​ကို တစ်​ဖက်​စီ​က​နေ တက်​လာ​ဖို့ ကြိုး​စား​နိုင်​တယ်။ ဆက်​တက်​လာ​တဲ့​အခါ ဘယ်​လို​ဖြစ်​မလဲ။ အစ​ပိုင်း​မှာ သင်​တို့​နှစ်​ဦး အတော်​အတန် ဝေး​နေ​ကြ​မယ်။ ဒါ​ပေမဲ့ သင်​ဟာ တောင်​ထိပ်​ကို ကြိုး​စား​တက်​လာ​လေ၊​ တစ်​နည်း​အား​ဖြင့် ဘု​ရား​နဲ့ ရင်း​နှီး​ဖို့ ကြိုး​စား​လေ နှစ်​ဦး​သား ပို​ရင်း​နှီး​လေ ဖြစ်​မယ်။ တ​ကယ်​တော့ ဘု​ရား​နဲ့​ရင်း​နှီး​ဖို့ ကြိုး​စား​တာ​ဟာ သင့်​အိမ်​ထောင်​ဖက်​နဲ့ ပို​ရင်း​နှီး​စေ​မယ့် အဓိ​က​အချက်​ပဲ။ အဲဒီ​လို​ရင်း​နှီး​အောင် ဘယ်​လို လုပ်​ဆောင်​နိုင်​သလဲ။

ကျမ်း​စာ​အသိ​ပညာ​ကို ကျင့်​သုံး​ခြင်း​က သင့်​အိမ်​ထောင်​ကို ခိုင်​မြဲစေ​နိုင်

၅။ (က) ယေဟောဝါ​နဲ့​ကော အိမ်​ထောင်​ဖက်​နဲ့​ပါ ရင်း​နှီး​စေ​နိုင်​တဲ့ နည်း​တစ်​နည်း​ဟာ ဘာ​လဲ။ (ခ) အိမ်​ထောင်​ကို ယေဟောဝါ ဘယ်​လို​ရှု​မြင်​သလဲ။

ဘု​ရား​နဲ့​ရင်း​နှီး​ဖို့ အရေး​ကြီး​တဲ့ ​နည်း​တစ်​နည်း​က​တော့ သင်​နဲ့ သင့်​အိမ်​ထောင်​ဖက်​ဟာ အိမ်​ထောင်​နဲ့​ပတ်​သက်​တဲ့ ကျမ်း​စာ​လမ်း​ညွှန်​ချက်​ကို လိုက်​နာ​ခြင်း​ဖြစ်​တယ်။ (ဆာလံ ၂၅:၄။ ဟေ​ရှာ​ယ ၄၈:၁၇၊ ၁၈) တမန်​တော်​ပေါလု​ပြော​တဲ့ လမ်း​ညွှန်​ချက်​တစ်​ခု​ကို သုံးသပ်​ကြည့်​ပါ။ “အိမ်​ထောင်​မင်္ဂ​လာ​ကို လူ​တိုင်း လေး​စား​ရ​မယ်” လို့ သူ​ပြော​တယ်။ (ဟီ​ဘ​ရူး ၁၃:၄) ဘာ​ကို ဆိုလို​သလဲ။ “လေး​စား” ဆို​တဲ့ စကား​လုံး​ဟာ တစ်​စုံ​တစ်​ရာ​ကို တန်​ဖိုး​ထား လေး​မြတ်​တာ​ကို ဆိုလို​တယ်။ ယေဟောဝါ​က အိမ်​ထောင်​ကို တန်​ဖိုး​ထား လေး​မြတ်​ရ​မယ့်​အရာ​အဖြစ် ရှု​မြင်​တယ်။

ယေဟောဝါ​ကို နှစ်​နှစ်​ကာ​ကာ ချစ်​ခြင်း​က သင့်​ကို လှုံ့​ဆော်​ပေး

၆။ အိမ်​ထောင်​နဲ့​ပတ်​သက်​ပြီး ပေါလု​အကြံ​ပေး​ချက်​ရဲ့ ရှေ့​နောက်​စကား​က ဘာ​ကို ဖော်ပြသလဲ။ အဲ​ဒါ​ကို စွဲ​မှတ်​ထား​ဖို့ ဘာ​ကြောင့် အရေး​ကြီး​သလဲ။

အိမ်​ထောင်​ဟာ တန်​ဖိုး​ထား​ရ​မယ့်​အရာ၊ မြင့်​မြတ်​တဲ့​အရာ ဖြစ်​မှန်း ဘု​ရား​ကို​ဝတ်​ပြု​သူ​တွေ​ဖြစ်​တဲ့ သင်​တို့​နှစ်​ဦး​စ​လုံး သိ​ထား​ပြီး​ဖြစ်​တယ်။ အိမ်​ထောင်​အစီ​အစဉ်​ကို ယေဟောဝါ​ကိုယ်​တိုင် အစ​ပြု​ပေး​ခဲ့​တယ်။ (မဿဲ ၁၉:၄–၆ ကို​ဖတ်​ပါ။) ဒါ​ပေမဲ့ အိမ်​ထောင်​ရေး​ပြဿ​နာ ကြုံ​နေ​ရရင်​တော့ အိမ်​ထောင်​ကို တန်​ဖိုး​ထား​ရ​မှန်း သိ​ရုံ​နဲ့ အချင်း​ချင်း ချစ်​ခင်​လေး​စား​ဖို့ မဖြစ်​နိုင်​ဘူး။ ချစ်​ခင်​လေး​စား​နိုင်​ဖို့​ သင့်​ကို ဘာ​က လှုံ့​ဆော်​ပေး​မလဲ။ လေး​စား​မှု​ပြတာ​နဲ့​ပတ်​သက်​ပြီး ပေါလု​ပေး​တဲ့ အကြံ​ဉာဏ်​ကို အသေအချာ မှတ်​သား​ပါ။​ “အိမ်​ထောင်​မင်္ဂ​လာ​ဟာ လေး​စား​စ​ရာ​ပဲ” လို့ ပြော​မယ့်​အစား “အိမ်​ထောင်​မင်္ဂ​လာ​ကို လေး​စား​ရ​မယ်” လို့ ပြော​ခဲ့​တယ်။ ပေါလု​ဟာ သူ့​အမြင်​ကို ဖော်ပြနေ​ရုံ​လောက်​သာ မဟုတ်​ဘဲ တိုက်​တွန်း​နေ​တာ ဖြစ်​တယ်။ * ဒါ​ကို စွဲ​မှတ်​ထား​မယ်​ဆို​ရင် သင့်​အိမ်​ထောင်​ဖက်​ကို ပြန်​လေး​စား​လာ​ဖို့ လှုံ့​ဆော်​မှု ဖြစ်​စေ​နိုင်​တယ်။ ဘာ​ကြောင့်​လဲ။

၇။ (က) ဘယ်​ကျမ်း​စာ​မိန့်မှာ​ချက်​တွေ​ကို ကျွန်​တော်​တို့ လိုက်​နာ​နေ​ကြ​သလဲ။ ဘာ​ကြောင့်​လဲ။ (ခ) နာ​ခံ​မှု​ကြောင့် ဘာ​ကောင်း​ကျိုး​တွေ ရ​လာ​သလဲ။

တ​ပည့်​ဖြစ်​စေ​ပါ၊ ဝတ်​ပြု​စည်း​ဝေး​ကြ​ပါ ဆို​တဲ့ ကျမ်း​စာ​မိန့်မှာ​ချက်​တွေ​ကို သင် ဘယ်​လို သဘော​ထား​သလဲ​ဆို​တာ စဉ်း​စား​ကြည့်​ပါ။ (မဿဲ ၂၈:၁၉။ ဟီ​ဘ​ရူး ၁၀:၂၄၊ ၂၅) အဲဒီ​မိန့်မှာ​ချက်​တွေ​ကို လိုက်​နာ​ဖို့ တစ်​ခါ​တ​လေ ခက်​ခဲ​နိုင်​တယ်။ သင်​ဟော​ပြော​တဲ့​အခါ လူ​တွေ အပျက်​သဘော​နဲ့ တုံ့​ပြန်​နိုင်​တယ်။ လော​က​အလုပ်​မှာ မော​ပန်း​လွန်း​လို့ ခ​ရစ်​ယာန်​အစည်း​အဝေး​တွေ တက်​ဖို့ ခက်​ခဲ​နိုင်​တယ်။ ဒါ​တောင် သင်​ဟာ နိုင်​ငံ​တော်​သတင်း​ကို ဆက်​ဟော​ပြော​နေ​ပြီး အစည်း​အဝေး​တွေ​ကို မှန်​မှန်​တက်​နေ​တယ်။ သင့်​ကို ဘယ်​သူ​မှ၊ စာ​တန်​တောင်​မှ တား​ဆီး​နိုင်​မှာ မဟုတ်​ဘူး။ ဘာ​ကြောင့်​လဲ။ ယေဟောဝါ​ကို နှစ်​နှစ်​ကာ​ကာ ချစ်​တာ​က ကိုယ်​တော့်​မိန့်မှာ​ချက်​တွေ​ကို နာ​ခံ​ဖို့ သင့်​ကို လှုံ့​ဆော်​ပေး​လို့​ပဲ။ (၁ ယောဟန် ၅:၃) ဘာ​ကောင်း​ကျိုး​တွေ ရ​လာ​သလဲ။ ဟော​ပြော​ခြင်း​လုပ်ငန်း​မှာ ပါ​ဝင်​ပြီး အစည်း​အဝေး​တွေ တက်​ရောက်​ခြင်း​က သင့်​ကို စိတ်​ငြိမ်သက်​မှု၊​ ပျော်​ရွှင်​မှု ခံစား​ရ​စေ​တယ်။ ဘု​ရား​ရဲ့​အလို​တော်​အတိုင်း လုပ်​ဆောင်​နေ​တယ်​ဆို​တာ သိ​ထား​လို့​ပဲ။ အဲဒီ​ခံစား​မှု​တွေ​က သင့်​ကို အား​တက်​စေ​တယ်။ (နေဟမိ ၈:၁၀) ဘာ​သင်​ခန်း​စာ ရ​သလဲ။

၈၊ ၉။ (က) အိမ်​ထောင်​ကို လေး​စား​ရ​မယ်​ဆို​တဲ့ တိုက်​တွန်း​ချက်​ကို နာ​ခံ​ဖို့ ဘာ​က လှုံ့​ဆော်​ပေး​မလဲ။ ဘာ​ကြောင့်​လဲ။ (ခ) အခု၊ ဘယ်​အချက် နှစ်​ချက်​ကို သုံးသပ်​ကြ​မလဲ။

ဘု​ရား​ကို နှစ်​နှစ်​ကာ​ကာ ချစ်​တာ​က အခက်​အခဲ​တွေ​ကြား ဟော​ပြော​ပြီး အစည်း​အဝေး​တက်​ပါ​ဆို​တဲ့ မိန့်မှာ​ချက်​တွေ​ကို နာ​ခံ​ဖို့ သင့်​ကို လှုံ့​ဆော်​ပေး​တယ်။ အဲဒီ​လို​ပဲ ယေဟောဝါ​ကို ချစ်​တဲ့​မေတ္တာ​ဟာ ခက်​ခဲ​တဲ့​အချိန်​တွေ​မှာ​တောင် ‘အိမ်​ထောင်​မင်္ဂ​လာ​ကို လေး​စား​ရ​မယ်’ ဆို​တဲ့ ကျမ်း​စာ​တိုက်​တွန်း​ချက်​ကို လိုက်​နာ​ဖို့ သင့်​ကို လှုံ့​ဆော်​ပေး​နိုင်​တယ်။ (ဟီ​ဘ​ရူး ၁၃:၄။ ဆာလံ ၁၈:၂၉။ ဒေ​သနာ ၅:၄) ဟော​ပြော​ဖို့၊ အစည်း​အဝေး​တက်​ဖို့ သင် ကြိုး​စား​တာ​တွေ​ကို ယေဟောဝါ ကောင်း​ချီး​ပေး​သလို အိမ်​ထောင်​ကို လေး​စား​ဖို့ ကြိုး​စား​တာ​ကို​လည်း ကိုယ်​တော် သတိ​ပြု​မိ​ပြီး ကောင်း​ချီး​ပေး​ပါ​လိမ့်​မယ်။​—၁ သက်သာ​လောနိတ် ၁:၃။ ဟီ​ဘ​ရူး ၆:၁၀

ဒါ​ဆို​ရင် သင့်​အိမ်​ထောင်​ကို လေး​စား​ကြောင်း ဘယ်​လို ပြနိုင်​သလဲ။ အိမ်​ထောင်​ကို ထိ​ခိုက်​စေ​မယ့် အမူ​အကျင့်​ကို ရှောင်​ရ​မယ်။ ဒါ့​အပြင် အိမ်​ထောင်​နှောင်​ကြိုး ခိုင်​ခံ့​စေ​မယ့် လုပ်​ရပ်​တွေ​ကို လုပ်​ဆောင်​ဖို့ လို​တယ်။

အိမ်​ထောင်​ကို မလေး​စား​ရာရောက်​တဲ့ အပြော​အဆို၊ အပြု​အမူ​ကို ရှောင်​ပါ

၁၀၊ ၁၁။ (က) ဘယ်​အမူ​အကျင့်​က အိမ်​ထောင်​ကို မလေး​စား​ရာ​ရောက်​သလဲ။ (ခ) အိမ်​ထောင်​ဖက်​ကို ဘယ်​မေး​ခွန်း မေး​သင့်​သလဲ။

၁၀ ခ​ရစ်​ယာန်​ဇနီး​တစ်ဦး​က “ခံ​နိုင်​ရည်​ရှိ​ဖို့ ခွန်​အား​ပေး​ပါ​လို့ ယေဟောဝါ​ဆီ​မှာ ကျွန်​မ ဆုတောင်း​တယ်” လို့ ပြော​ပြဖူး​တယ်။ ဘာ​ကို ခံ​နိုင်​ဖို့​လဲ။ “ကျွန်​မရဲ့​ခင်​ပွန်း​က စကား​နဲ့ ထိုး​နှက်​တယ်။ ကိုယ်​ပေါ်​မှာ အညို​အမည်း မစွဲ​ပေမဲ့ ‘ဆန်​ကုန်​မြေလေး၊​ အသုံး​မကျ​တဲ့ မိန်း​မ’ ဆို​ပြီး ပြော​လေ့​ရှိ​တဲ့​အတွက် ကျွန်​မ စိတ်​ဒဏ်​ရာ​ရ​ခဲ့​တယ်” လို့ သူ​ပြော​ပြတယ်။ သူ့​စကား​အရ အိမ်​ထောင်​မှာ ရင့်​သီး​တဲ့​စကား ပြော​ဆို​တာ​ဟာ ပေါ့​ပေါ့​တန်​တန် သဘော​ထား​ရ​မယ့်​ကိစ္စ မဟုတ်​မှန်း သိ​ရ​တယ်။

၁၁ ခ​ရစ်​ယာန်​အိမ်​ထောင်​မှာ ကြမ်း​တမ်း​တဲ့​စကား​တွေ​ကြောင့် တော်​ရုံ​နဲ့​မပျောက်​နိုင်​တဲ့ စိတ်​ဒဏ်​ရာ ရ​သွား​မယ်​ဆို​ရင် ဝမ်း​နည်း​စ​ရာ​ပဲ။ စိတ်​နာ​ကြည်း​စ​ရာ စကား​တွေ​ ပြော​ဆို​တဲ့ အိမ်​ထောင်​ဟာ လေး​စား​စ​ရာ​ဖြစ်​မှာ မဟုတ်​ဘူး။ သင့်​အိမ်​ထောင်​မှာ​ကော ဘယ်​လို​လဲ။ သိ​နိုင်​တဲ့​နည်း​တစ်​နည်း​က​တော့ “ငါ့​ရဲ့​စကား​ကြောင့် မင်း ဘယ်​လို​ခံစား​ရ​သလဲ” ဆို​ပြီး အိမ်​ထောင်​ဖက်​ကို နှိမ့်​ချ​စွာ မေး​ပါ။ သင့်​စကား​ကြောင့် တစ်​ဖက်​သား မကြာ​ခ​ဏ စိတ်​ထိ​ခိုက်​မယ်​ဆို​ရင် အခြေ​အနေ​ကောင်း​လာ​အောင် ပြု​ပြင်​ပြောင်း​လဲ​ချင်​စိတ် ရှိ​ရ​မယ်။​—ဧဖက် ၄:၃၁ ကို​ဖတ်​ပါ။ ဂလာ​တိ ၅:၁၅

၁၂။ လူ​တစ်ဦး​ရဲ့ ဝတ်​ပြု​မှု​ဟာ ဘု​ရား​ရှေ့​မှာ ဘယ်​လို​နည်း​နဲ့ အချည်း​နှီး​ဖြစ်​နိုင်​သလဲ။

၁၂ အိမ်​ထောင်​မှာ ပြော​ပုံ​ဆို​ပုံ​ဟာ ယေဟောဝါ​နဲ့ သင့်​ဆက်ဆံ​ရေး​အပေါ် အကျိုး​သက်​ရောက်​နိုင်​တယ်​ဆို​တာ မမေ့​ပါ​နဲ့။ “ဘု​ရား​သခင်​ကို ဝတ်​ပြု​နေ​တယ်​လို့ ကိုယ့်​ကိုယ်​ကိုယ် ထင်​နေ​ပေမဲ့ နှုတ်​ကို မစောင့်​စည်း​ရင် ကိုယ့်​ကိုယ်​ကိုယ် လှည့်​စား​နေ​တာ​ပဲ။ သူ့​ရဲ့​ဝတ်​ပြု​မှု​ဟာ အချည်း​နှီး​ပဲ” လို့ ကျမ်း​စာ​ဖော်ပြတယ်။ (ယာကုပ် ၁:၂၆) သင့်​အပြော​အဆို​ဟာ သင့်​ဝတ်​ပြု​ရေး​နဲ့ ဆက်​နွှယ်​နေ​တယ်။ ဘု​ရား​သခင်​ကို ဝတ်​ပြု​နေ​သရွေ့ အိမ်​ထောင်​မှာ ဘာ​ဖြစ်​ဖြစ် အရေး​မကြီး​ပါ​ဘူး​ဆို​တဲ့ သဘော​ထား​ကို ကျမ်း​စာ မထောက်​ခံ​ဘူး။ ဒါ​ကြောင့် ကိုယ့်​ကိုယ်​ကိုယ် မလှည့်​ဖြား​ပါ​နဲ့။ ဒါ​ဟာ အလေး​အနက်​ထား​ရ​မယ့်​ကိစ္စ​ပဲ။ (၁ ပေတရု ၃:၇ ကို​ဖတ်​ပါ။) အရည်​အချင်း​တွေ၊ ထက်​သန်​မှု​တွေ​ရှိ​ပေမဲ့ အိမ်​ထောင်​ဖက်​ကို စိတ်​နာ​ကြည်း​စ​ရာ​စကား​တွေ တ​မင်​ပြော​ဆို​ရင် သင်​ဟာ အိမ်​ထောင်​ကို မလေး​စား​ရာ​ရောက်​တဲ့​အတွက် သင့်​ဝတ်​ပြု​မှု​ဟာ အချည်း​နှီး​ပဲ​လို့ ဘု​ရား ယူ​မှတ်​မယ်။

၁၃။ အိမ်​ထောင်​ဖက်​ကို စိတ်​ထိ​ခိုက်​အောင် ဘယ်​လို လုပ်​မိ​နိုင်​သလဲ။

၁၃ အိမ်​ထောင်​ဖက်​ကို သွယ်​ဝိုက်​နည်း​နဲ့ စိတ်​ထိ​ခိုက်​အောင် မလုပ်​မိ​ဖို့​လည်း သတိ​ထား​ရ​မယ်။ ဥပမာ​နှစ်​ခု​ကို သုံးသပ်​ကြည့်​ပါ။ ကြင်​ဖော်​မဲ့ မိ​ခင်​တစ်ဦး​ဟာ အသင်း​တော်​ထဲ​က အိမ်​ထောင်​သည် ညီ​အစ်​ကို​တစ်ဦး​ကို မကြာ​ခ​ဏ ဖုန်း​ဆက်​ပြီး အကြံ​ဉာဏ်​တောင်း​လေ့​ရှိ​တယ်။ သူတို့ အကြာ​ကြီး စကား​ပြော​လေ့​ရှိ​တယ်။ တစ်​ကိုယ်​ရေ ညီ​အစ်​ကို​တစ်ဦး​ဟာ အိမ်​ထောင်​သည် ညီ​အစ်​မတစ်ဦး​နဲ့​အတူ အပတ်​စဉ် တွဲ​အမှု​ဆောင်​လေ့​ရှိ​တယ်။ အဲဒီ​အိမ်​ထောင်​သည်​တွေ​ဟာ ရည်​ရွယ်​ချက်​ကောင်း​ရှိ​ကြ​ပေမဲ့ သူတို့​ရဲ့​အပြု​အမူ​ဟာ အိမ်​ထောင်​ဖက်​ကို ဘယ်​လို ထိ​ခိုက်​စေ​သလဲ။ အဲဒီ​အခြေ​အနေ​မျိုး ကြုံ​နေ​ရ​တဲ့ ဇနီး​တစ်ဦး​က “ကျွန်​မရဲ့​ခင်​ပွန်း​ဟာ အသင်း​တော်​ထဲ​က ညီ​အစ်​မတစ်​ယောက်​ကို အချိန်​အများ​ကြီး​ပေး​ပြီး ဂရု​စိုက်​နေ​မှန်း သိ​ရ​တော့ ကျွန်​မ စိတ်​ထိ​ခိုက်​မိ​တယ်။ အား​ငယ်​မိ​တယ်” လို့ ပြော​ပြတယ်။

၁၄။ (က) ကမ္ဘာဦး ၂:၂၄ မှာ ဘယ်​အိမ်​ထောင်​တာဝန်​ကို အလေး​ပေး ဖော်ပြထား​သလဲ။ (ခ) မိမိ​ကိုယ်​ကို ဘယ်​လို မေး​သင့်​သလဲ။

၁၄ အဲဒီ​လို​ကြုံ​တွေ့​နေ​ရ​တဲ့ အိမ်​ထောင်​သည်​တွေ စိတ်​နာ​ကြည်း​မယ်​ဆို​ရင် နာ​ကြည်း​စ​ရာ​ပါ​ပဲ။ သူတို့​ရဲ့ အိမ်​ထောင်​ဖက်​​ဟာ “ယောက်ျား​က မိ​ဘ​ကို​ထား​ခဲ့​ပြီး ဇနီး​နဲ့ မခွဲ​အတူ နေ​လိမ့်​မယ်” ဆို​တဲ့ ဘု​ရား​ရဲ့ ညွှန်​ကြား​ချက်​ကို လျစ်​လျူ​ရှု​ထား​ကြ​တယ်။ (ကမ္ဘာဦး ၂:၂၄) အိမ်​ထောင်​သည်​တွေ​ဟာ မိ​ဘ​ကို လေး​စား​ရ​မှာ​မှန်​ပေမဲ့ ဘု​ရား​ရဲ့​အစီ​အစဉ်​အရ သူတို့​ရဲ့ အဓိ​က​တာဝန်​ဟာ ကိုယ့်​အိမ်​ထောင်​ဖက်​ကို ဂရု​စိုက်​ဖို့ ဖြစ်​တယ်။ အဲဒီ​လို​ပဲ ခ​ရစ်​ယာန်​တွေ​ဟာ ယုံ​ကြည်​သူ​ချင်း​တွေ​ကို ချစ်​ခင်​ရ​မှာ​မှန်​ပေမဲ့ သူတို့​ရဲ့ အဓိ​က​တာဝန်​ဟာ ကိုယ့်​အိမ်​ထောင်​ဖက်​ကို ဂရု​စိုက်​ဖို့ ဖြစ်​တယ်။ ဒါ​ကြောင့် အိမ်​ထောင်​သည်​ခ​ရစ်​ယာန်​တွေ​ဟာ ယုံ​ကြည်​သူ​ချင်း​တွေ​ကို၊ အထူး​သဖြင့် လိင်​ခြား​သူ​တွေ​ကို အချိန်​ပေး​လွန်း၊ ရင်း​နှီး​လွန်း​တဲ့​အခါ အိမ်​ထောင်​ရေး တင်း​မာ​မှု​တွေ ဖြစ်​လာ​နိုင်​တယ်။ အဲဒီ​အကြောင်း​ရင်း​ကြောင့် သင့်​အိမ်​ထောင်​ရေး တင်း​မာ​နေ​သလား။ ‘ငါ့​အိမ်​ထောင်​ဖက်​ကို ပေး​ရ​မယ့် အချိန်၊ ဂရု​စိုက်​မှု၊ ချစ်​ခင်​ကြင်နာ​မှု​ကို တ​ကယ်​ပဲ ငါ​ပေး​သလား’ ဆို​ပြီး မိမိ​ကိုယ်​ကို မေး​ကြည့်​ပါ။

၁၅။ မဿဲ ၅:၂၈ အရ အိမ်​ထောင်​သည် ခ​ရစ်​ယာန်​တွေ​ဟာ လိင်​ခြား​သူ​ကို ဂရု​စိုက်​လွန်း​တာ​မျိုး ဘာ​ကြောင့် ရှောင်​သင့်​သလဲ။

၁၅ ကိုယ့်​အိမ်​ထောင်​ဖက်​မဟုတ်​တဲ့ လိင်​ခြား​သူ​တွေ​ကို ဂရု​စိုက်​လွန်း​တဲ့ အိမ်​ထောင်​သည် ခ​ရစ်​ယာန်​တွေ​ဟာ အန္တရာယ်​စက်​ကွင်း​ထဲ မဆင်​မခြင် ဝင်​ရောက်​သွား​ကြ​တယ်။ အိမ်​ထောင်​သည် ခ​ရစ်​ယာန်​တ​ချို့​ဟာ မိမိ​တို့​နဲ့ ရင်း​နှီး​လွန်း​သူ​တွေ​အပေါ် ချစ်​စိတ်​ဝင်​သွား​ကြ​တာ ဝမ်း​နည်း​စ​ရာ​ပါ​ပဲ။ (မဿဲ ၅:၂၈) အဲဒီ​လို​ချစ်​စိတ်​ဝင်​ရာ​က​နေ အိမ်​ထောင်​ကို မလေး​စား​ရာ​ရောက်​တဲ့ လုပ်​ရပ်​တွေ ပြု​မူ​မိ​နိုင်​တယ်။ အဲ​ဒါ​နဲ့​ပတ်​သက်​ပြီး တမန်​တော်​ပေါလု ပြော​တာ​ကို သုံးသပ်​ကြည့်​ပါ။

“အိမ်​ထောင်​မင်္ဂလာ​ကို မညစ်​ညူး​စေ​ပါ​နဲ့”

၁၆။ အိမ်​ထောင်​နဲ့​ပတ်​သက်​ပြီး ပေါလု ဘာ​ပြော​ခဲ့​သလဲ။

၁၆ ‘အိမ်​ထောင်​မင်္ဂ​လာ​ကို လေး​စား​ရ​မယ်’ လို့ တိုက်​တွန်း​ပြီး​တာ​နဲ့ ပေါလု​က “အိမ်​ထောင်​မင်္ဂ​လာ​ကို မညစ်​ညူး​စေ​ပါ​နဲ့။ လိင်​အကျင့်​ယို​ယွင်း​သူ​တွေ၊ အိမ်​ထောင်​ရေး​ဖောက်​ပြန်​သူ​တွေ​ကို ဘု​ရား​သခင် ပြစ်​ဒဏ်​စီ​ရင်​လိမ့်​မယ်” လို့ သတိ​ပေး​တယ်။ (ဟီ​ဘ​ရူး ၁၃:၄) လိင်​ဆက်ဆံ​ခြင်း​ဟာ အိမ်​ထောင်​သည်​တွေ​အတွက်​ပဲ ဖြစ်​သင့်​တယ်။ ဒါ​ကြောင့် ခ​ရစ်​ယာန်​တွေ​ဟာ “ငယ်​ပေါင်း​ဇနီး​နဲ့​အတူ ပျော်​မွေ့​နိုင်​ပါ​စေ” ဆို​တဲ့ ကျမ်း​စကား​ကို လိုက်​နာ​ကြ​တယ်။​—ပညာ​အလိမ္မာ ၅:၁၈

၁၇။ (က) ခ​ရစ်​ယာန်​တွေ​ဟာ အိမ်​ထောင်​ရေး​ဖောက်​ပြန်​မှု​နဲ့​ပတ်​သက်​ပြီး လော​က​ရှု​မြင်​သလို ဘာ​ကြောင့် မရှု​မြင်​သင့်​သလဲ။ (ခ) ယောဘ​ရဲ့ ပုံ​န​မူ​နာ​ကို ဘယ်​လို လိုက်​လျှောက်​နိုင်​သလဲ။

၁၇ အိမ်​ထောင်​ဖက်​မဟုတ်​သူ​နဲ့ လိင်​ဆက်ဆံ​သူ​တွေ​ဟာ ကိုယ်​ကျင့်​တ​ရား​နဲ့​ဆိုင်​တဲ့ ဘု​ရား​ပညတ်​ကို လုံး​ဝ​ဂရု​မစိုက်​တာ​ပဲ။ အိမ်​ထောင်​ရေး ဖောက်​ပြန်​မှု​ဟာ အဆန်း​မဟုတ်​ဘူး​လို့ အခု​ခေတ် လူ​အများ​စု ယူ​မှတ်​ကြ​တယ်။ အိမ်​ထောင်​ရေး ဖောက်​ပြန်​တာ​နဲ့​ပတ်​သက်​ပြီး လူ​တွေ ဘယ်​လို​ပဲ ယူ​မှတ်​ပါ​စေ ခ​ရစ်​ယာန်​တွေ​က​တော့ အဲဒီ​လို မယူ​မှတ်​သင့်​ဘူး။ “လိင်​အကျင့်​ယို​ယွင်း​သူ​တွေ၊ အိမ်​ထောင်​ရေး​ဖောက်​ပြန်​သူ​တွေ​ကို” လူ​တွေ ပြစ်​ဒဏ်​စီ​ရင်​မှာ မဟုတ်​ဘဲ “ဘု​ရား​သခင် ပြစ်​ဒဏ်​စီ​ရင်​လိမ့်​မယ်” ဆို​တာ သိ​ထား​ကြ​တယ်။ (ဟီ​ဘ​ရူး ၁၀:၃၁။ ၁၂:၂၉) ခ​ရစ်​ယာန်​စစ်​တွေ​က​တော့ အိမ်​ထောင်​နဲ့​ပတ်​သက်​ပြီး ယေဟောဝါ​လို​ပဲ ရှု​မြင်​ကြ​တယ်။ (ရော​မ ၁၂:၉ ကို​ဖတ်​ပါ။) “ကျုပ်​က . . . ကိုယ့်​မျက်​စိ​နဲ့ ကတိ​သစ္စာ​ပြု​ထား​ပြီး​ပြီ” လို့ ဘိုး​ဘေး​ယောဘ ပြော​ခဲ့​တာ​ကို ပြန်​အမှတ်​ရ​ပါ။ (ယောဘ ၃၁:၁) ခ​ရစ်​ယာန်​စစ်​တွေ​ဟာ အိမ်​ထောင်​ရေး​ဖောက်​ပြန်​နိုင်​တဲ့ ခြေ​လှမ်း​တစ်​လှမ်း​ကို​တောင် မလှမ်း​မိ​စေ​ဖို့ ကိုယ့်​မျက်​စိ​ကို ထိန်း​ချုပ်​ပြီး အိမ်​ထောင်​ဖက်​မဟုတ်​တဲ့ လိင်​ခြား​သူ​ကို တပ်​မက်​စိတ်​နဲ့ ဘယ်​တော့​မှ ကြည့်​ကြ​မှာ မဟုတ်​ဘူး။​—“ကွာ​ရှင်း​ခြင်း၊ ခွဲ​နေ​ခြင်း​နဲ့​ပတ်​သက်​တဲ့ ကျမ်း​စာ​ရှု​ထောင့်” နောက်​ဆက်​တွဲ​ကို ကြည့်​ပါ။

၁၈။ (က) အိမ်​ထောင်​ရေး​ဖောက်​ပြန်​မှု​ဟာ ယေဟောဝါ​ရှေ့​မှာ ဘယ်​လောက် အပြစ်​ကြီး​သလဲ။ (ခ) အိမ်​ထောင်​ရေး​ဖောက်​ပြန်​ခြင်း​နဲ့ ရုပ်​တု​ကိုးကွယ်​ခြင်း​မှာ ဘာ​တူ​ညီ​ချက် ရှိ​သလဲ။

၁၈ အိမ်​ထောင်​ရေး​ဖောက်​ပြန်​မှု​ဟာ ယေဟောဝါ​ရှေ့​မှာ ဘယ်​လောက် အပြစ်​ကြီး​သလဲ။ မော​ရှေ​ပညတ်​က အဲဒီ​ကိစ္စ​နဲ့​ပတ်​သက်​ပြီး ယေဟောဝါ​ရဲ့​ခံစား​ချက်​ကို သိ​မြင်​စေ​တယ်။ အစ္စရေး​နိုင်​ငံ​မှာ အိမ်​ထောင်​ရေး​ဖောက်​ပြန်​တာ​နဲ့ ရုပ်​တု​ကိုးကွယ်​တာ​ဟာ သေဒဏ်​ခံ​ထိုက်​တဲ့ အပြစ်​တွေ​မှာ ပါ​တယ်။ (ဝတ်​ပြု​ရာ ၂၀:၂၊ ၁၀) အဲဒီ​အပြစ်​နှစ်​ခု​ရဲ့ တူ​ညီ​ချက်​ကို သင် မြင်​သလား။ အစ္စရေး​တစ်ဦး ရုပ်​တု​ကိုးကွယ်​တာ​ဟာ ယေဟောဝါ​နဲ့ ဖွဲ့​ခဲ့​တဲ့ ပဋိ​ညာဉ်​ကို ချိုး​ဖောက်​တာ ဖြစ်​တယ်။ အဲဒီ​လို​ပဲ အစ္စရေး​တစ်ဦး အိမ်​ထောင်​ရေး​ဖောက်​ပြန်​တာ​ဟာ အိမ်​ထောင်​ဖက်​နဲ့ ဖွဲ့​ခဲ့​တဲ့ ပဋိ​ညာဉ်​ကို ချိုး​ဖောက်​တာ​ဖြစ်​တယ်။ နှစ်​ဦး​စ​လုံး​ဟာ သစ္စာ​ဖောက်​တွေ​ပဲ။ (မာလခိ ၂:၁၄ ကို​ဖတ်​ပါ။ ထွက်​မြောက်​ရာ ၁၉:၅၊ ၆။ တ​ရား​ဟော​ရာ ၅:၉။) ဒါ​ကြောင့် သူတို့​နှစ်​ဦး​စ​လုံး​ဟာ သစ္စာ​ရှိ​တဲ့၊ ယုံ​ကြည်​စိတ်​ချ​ထိုက်​တဲ့ ယေဟောဝါ​ဘု​ရား​ရဲ့ ရှေ့​မှာ အပြစ်​ရှိ​တယ်။​—ဆာလံ ၃၃:၄

၁၉။ အိမ်​ထောင်​ရေး မဖောက်​ပြန်​ဘူး​ဆို​တဲ့ သန္နိ​ဋ္ဌာန်​ကို ဘာ​က ခိုင်​မာ​စေ​နိုင်​သလဲ။ ဘာ​ကြောင့်​လဲ။

၁၉ ခ​ရစ်​ယာန်​တွေ​ဟာ မော​ရှေ​ပညတ်​အောက်​မှာ မရှိ​တော့​တာ မှန်​ပါ​တယ်။ ဒါ​ပေမဲ့ ရှေး​အစ္စရေး​နိုင်​ငံ​မှာ အိမ်​ထောင်​ရေး​ဖောက်​ပြန်​မှု​ကို ကြီး​လေး​တဲ့​အပြစ်​လို့ ယူ​မှတ်​ခဲ့​မှန်း ပြန်​အမှတ်​ရ​တာ​က အဲဒီ​အပြစ် မကျူး​လွန်​ဖို့ ခ​ရစ်​ယာန်​တွေ​ရဲ့ သန္နိ​ဋ္ဌာန်​ကို ခိုင်​မာ​စေ​နိုင်​တယ်။ ဘာ​ကြောင့်​လဲ။ ဒီ​နှိုင်း​ယှဉ်​ချက်​ကို သုံးသပ်​ကြည့်​ပါ။ သင်​ဟာ ချာ့​ခ်ျ​ထဲ​ဝင်​ပြီး ရုပ်​တု​ရှေ့​မှာ ဒူး​ထောက်​ဆုတောင်း​မလား။ ‘ဘယ်​တော့​မှ မလုပ်​ဘူး’ လို့ သင် ပြော​လိမ့်​မယ်။ ဒါ​ပေမဲ့ ငွေ​အများ​ကြီး ပေး​မယ်​ဆို​ရင်​ကော အဲဒီ​လို လုပ်​မလား။ ‘စိတ်​ကူး​ထဲ​တောင် မထည့်​ဘူး’ လို့ ပြော​မှာ​ပဲ။ ရုပ်​တု​ကိုးကွယ်​ပြီး ယေဟောဝါ​ကို သစ္စာ​ဖောက်​မယ့်​အတွေး​ဟာ ခ​ရစ်​ယာန်​စစ်​တစ်ဦး​အတွက် ရွံ​စ​ရာ​ဖြစ်​တယ်။ အဲဒီ​လို​ပဲ၊ ဘယ်​နည်း​နဲ့ သွေး​ဆောင်​ခံ​ရ​ပါ​စေ အိမ်​ထောင်​ရေး​ဖောက်​ပြန်​ပြီး ယေဟောဝါ​ဘု​ရား​နဲ့ ကိုယ့်​အိမ်​ထောင်​ဖက်​ကို သစ္စာ​ဖောက်​မယ့် အတွေး​ဟာ ခ​ရစ်​ယာန်​တွေ​အတွက် ရွံ​စ​ရာ​ပဲ။ (ဆာလံ ၅၁:၁၊ ၄။ ကောလောသဲ ၃:၅) ကျွန်​တော်​တို့​ဟာ စာ​တန်​ကို ပျော်​ရွှင်​စေ​မယ့်၊ ယေဟောဝါ​နဲ့ မြင့်​မြတ်​တဲ့ အိမ်​ထောင်​ရေး​အစီ​အစဉ်​ကို အလွန်​မလေး​စား​ရာရောက်​စေ​မယ့် လုပ်​ရပ်​မျိုး ဘယ်​တော့​မှ လုပ်​ချင်​မှာ မဟုတ်​ဘူး။

အိမ်​ထောင်​နှောင်​ကြိုး​ကို ခိုင်​မြဲစေ​နိုင်​ပုံ

၂၀။ တ​ချို့​အိမ်​ထောင်​မှာ ဘာ​တွေ ဖြစ်​ပျက်​နေ​သလဲ​ဆို​တာ ဥပမာ​ပေး​ပါ။

၂၀ အိမ်​ထောင်​ကို မလေး​စား​ရာ​ရောက်​တဲ့ အပြု​အမူ​ကို ရှောင်​တဲ့​အပြင် သင့်​အိမ်​ထောင်​ဖက်​ကို အရင်​လို လေး​စား​မှု ပြန်​ရှိ​လာ​အောင် ဘာ​လုပ်​နိုင်​သလဲ။ အဖြေရ​ဖို့ အိမ်​ထောင်​ကို အိမ်​တစ်​လုံး​နဲ့ နှိုင်း​ယှဉ်​ကြည့်​ပါ။ အိမ်​ထောင်​ဖက်​တွေ​ရဲ့ ကြင်နာ​တဲ့​စကား၊ စာ​နာ​တဲ့​လုပ်​ရပ်၊ လေး​စား​ဖွယ်​အပြု​အမူ​တွေ​ဟာ အိမ်​ကို အလှ​ဆင်​ပေး​တဲ့ အရာ​တွေ ဖြစ်​တယ်​လို့ သဘော​ထား​ကြည့်​ပါ။ တစ်ဦး​ကို​တစ်ဦး ရင်း​နှီး​ချစ်​ခင်​လာ​တယ်​လို့ ခံစား​ရ​ရင် သင့်​အိမ်​ထောင်​ဟာ အရောင်​အသွေး​စုံ​ပြီး နွေး​ထွေး​မှု​ရှိ​အောင် အလှ​ဆင်​ထား​တဲ့ အိမ်​နဲ့ တူ​ပါ​လိမ့်​မယ်။ ဒါ​ပေမဲ့ အချစ်​လျော့​လာ​ရင် အဲဒီ​အလှ​တန်​ဆာ​တွေ တ​ဖြည်း​ဖြည်း ပျောက်​ပျက်​သွား​ပြီး နောက်​ဆုံး​မှာ သင့်​အိမ်​ထောင်​ဟာ အလှ​တန်​ဆာ မရှိ​တဲ့ အိမ်​နဲ့ တူ​လာ​လိမ့်​မယ်။ ‘အိမ်​ထောင်​မင်္ဂ​လာ​ကို လေး​စား​ရ​မယ်’ ဆို​တဲ့ ဘု​ရား​ရဲ့ မိန့်မှာ​ချက်​ကို လိုက်​နာ​ချင်​တဲ့ ဆန္ဒ​က အခြေ​အနေ ပြန်​ကောင်း​လာ​အောင် ကြိုး​စား​ဖို့ သင့်​ကို လှုံ့​ဆော်​ပေး​လိမ့်​မယ်။ တ​ကယ်​တော့ တန်​ဖိုး​ရှိ​ပြီး လေး​စား​ရ​တဲ့ အရာ​တစ်​ခု​ကို ပြု​ပြင်​မွမ်း​မံ၊ ထိန်း​သိမ်း​ထား​သင့်​တယ်။ ဘယ်​လို လုပ်​နိုင်​သလဲ။ “အိမ်​ကို ဉာဏ်​ပညာ​နဲ့ တည်​ဆောက်​ပြီး ပိုင်း​ခြား​သိ​မြင်​မှု​နဲ့ ခိုင်​ခံ့​မြဲမြံအောင် ထိန်း​သိမ်း​ရ​တယ်။ အသိ​ပညာ​ကြောင့် အခန်း​တွေ​ဟာ နှစ်​သက်​ဖွယ် အဖိုး​တန်​ဘဏ္ဍာ​အမျိုး​မျိုး​နဲ့ ပြည့်​နေ​တယ်” လို့ ကျမ်း​စာ ဖော်ပြတယ်။ (ပညာ​အလိမ္မာ ၂၄:၃၊ ၄) အဲဒီ​စကား​တွေ​ကို အိမ်​ထောင်​မှာ ဘယ်​လို ကျင့်​သုံး​နိုင်​တယ်​ဆို​တာ သုံးသပ်​ကြည့်​ပါ။

၂၁။ အိမ်​ထောင်​ခိုင်​မြဲအောင် ဘယ်​လို​နည်း​နဲ့ အဆင့်​ဆင့် လုပ်​ဆောင်​နိုင်​သလဲ။ (“ အိမ်​ထောင်​ကို ဘယ်​လို ခိုင်​မြဲစေ​နိုင်​သလဲ” လေး​ထောင့်​ကွက်​ကို​လည်း ကြည့်​ပါ။)

၂၁ သာ​ယာ​ချမ်း​မြေ့တဲ့ အိမ်​ထောင်​မှာ ပြည့်​နေ​တဲ့ အဖိုး​တန်​ဘဏ္ဍာတွေ​ထဲ​မှာ စစ်​မှန်​တဲ့​မေတ္တာ၊ ဘု​ရား​ကို ကြောက်​ရွံ့​ရို​သေခြင်း​နဲ့ ခိုင်​မာ​တဲ့​ယုံ​ကြည်​ခြင်း ဆို​တဲ့ အရည်​အသွေး​တွေ ပါ​ဝင်​တယ်။ (ပညာ​အလိမ္မာ ၁၅:၁၆၊ ၁၇။ ၁ ပေတရု ၁:၇) ဒါ​တွေ​က အိမ်​ထောင်​ကို ခိုင်​မြဲစေ​နိုင်​တယ်။ ဒါ​ပေမဲ့ အထက်​မှာ ကိုး​ကား​ခဲ့​တဲ့ ပညာ​အလိမ္မာ​ကျမ်း​မှာ အခန်း​တွေ​ကို အဖိုး​တန်​ဘဏ္ဍာ​တွေ​နဲ့ ဘယ်​လို​ဖြည့်​ထား​မှန်း သတိ​ပြု​မိ​သလား။ “အသိ​ပညာ​ကြောင့် အခန်း​တွေ​ဟာ နှစ်​သက်​ဖွယ် အဖိုး​တန်​ဘဏ္ဍာ​အမျိုး​မျိုး​နဲ့ ပြည့်​နေ​တယ်” လို့​ဆို​တယ်။ မှန်​ပါ​တယ်၊ ကျမ်း​စာ​အသိ​ပညာ​ကို ကျင့်​သုံး​တဲ့​အခါ အဲဒီ​အသိ​ပညာ​ဟာ စဉ်း​စား​တွေး​ခေါ်​ပုံ​ကို ပြောင်း​လဲ​ပေး​နိုင်​စွမ်း၊ အရင်​လို ပြန်​ချစ်​လာ​အောင် လှုံ့​ဆော်​ပေး​နိုင်​စွမ်း ရှိ​တယ်။ (ရော​မ ၁၂:၂။ ဖိ​လိပ္ပိ ၁:၉) သင့်​အိမ်​ထောင်​ဖက်​နဲ့​အတူ နေ့​စဉ်​ကျမ်း​ချက် ဒါ​မှ​မဟုတ် ကင်း​မျှော်​စင်၊ နိုး​လော့! ထဲ​က အိမ်​ထောင်​ရေး​ဆောင်း​ပါး​တစ်​ခု​ကို အေး​အေး​ဆေး​ဆေး သုံးသပ်​နိုင်​တယ်။ ဒါ​ဟာ သင့်​အိမ်​ကို လှ​ပစေ​တဲ့ အလှ​တန်​ဆာ​တစ်​ခု​ကို ဆန်း​စစ်​နေ​တာ​နဲ့ တူ​တယ်။ သုံးသပ်​ထား​တဲ့ အကြံ​ပြု​ချက်​ကို ကျင့်​သုံး​ဖို့ ယေဟောဝါ​ကို ချစ်​တဲ့​မေတ္တာ​က လှုံ့​ဆော်​ပေး​လိမ့်​မယ်။ အဲဒီ​လို​ကျင့်​သုံး​တာ​က အလှ​တန်​ဆာ​ကို အခန်း​ထဲ ယူ​လာ​တာ​နဲ့ တူ​တယ်။ ဒါ​ဆို​ရင် တစ်​ချိန်​တုန်း​က​လို သာ​ယာ​စို​ပြည်​မှု​နဲ့ နွေး​ထွေး​မှု​ကို ပြန်​ခံစား​ရ​မယ်။

၂၂။ အိမ်​ထောင်​ခိုင်​မြဲဖို့ ကြိုး​စား​မယ်​ဆို​ရင် ဘယ်​လို ကျေ​နပ်​မှု​မျိုး ခံစား​ရ​နိုင်​သလဲ။

၂၂ အဲဒီ​အလှ​တန်​ဆာ တစ်​ခု​ချင်း​စီ​ကို သူ့​နေ​ရာ​နဲ့​သူ ပြန်​ထား​နိုင်​ဖို့ အချိန်​နဲ့ ကြိုး​စား​အား​ထုတ်​မှု အတော်​အတန် လို​တယ်။ ဒါ​ပေမဲ့ သင့်​ဘက်​က ကြိုး​စား​လုပ်​ဆောင်​မယ်​ဆို​ရင် “ကိုယ်​တိုင်​အစ​ပြု​ပြီး အချင်း​ချင်း​ကို ဂုဏ်​တင်​ပါ” ဆို​တဲ့ ကျမ်း​စာ​မိန့်မှာ​ချက်​ကို နာ​ခံ​နေ​တယ်​ဆို​တဲ့ အသိ​နဲ့ အား​ရ​ကျေ​နပ်​ပါ​လိမ့်​မယ်။ (ရော​မ ၁၂:၁၀။ ဆာလံ ၁၄၇:၁၁) ဒါ​တင်​မက သင့်​အိမ်​ထောင်​ကို လေး​စား​ဖို့ အစွမ်း​ကုန် ကြိုး​စား​မယ်​ဆို​ရင် ဘု​ရား​သခင့်​မေတ္တာ အမြဲခံစား​ရ​ပါ​လိမ့်​မယ်။

^ စာပိုဒ်၊ 6 အိမ်​ထောင်​နဲ့​ပတ်​သက်​တဲ့ တိုက်​တွန်း​ချက်​ဟာ ပေါလု​ရဲ့ တိုက်​တွန်း​ချက်​တွေ​ထဲ​မှာ တစ်​ခု​အပါ​အဝင်​ဖြစ်​ကြောင်း ရှေ့​နောက်​စကား​က ဖော်ပြတယ်။​—ဟီ​ဘ​ရူး ၁၃:၁-၅