မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၁၄

အရာရာမှာ ရိုးသားပါ

အရာရာမှာ ရိုးသားပါ

‘ကျွန်​တော်​တို့​ဟာ အရာရာ​မှာ ရိုး​ရိုး​သား​သား ကျင့်​ကြံ​ပြု​မူ​ချင်​စိတ် ရှိတယ်။’​—ဟီ​ဘ​ရူး ၁၃:၁၈

၁၊ ၂။ ရိုး​သား​မှု​ရှိ​ဖို့ ကျွန်​တော်​တို့ ကြိုး​စား​တာ​ကို ယေဟောဝါ ဘာ​ကြောင့် နှစ်​သက်​သလဲ။ ဥပမာ​ပေး​ပါ။

မိ​ခင်​နဲ့ သား​ငယ်​လေး​ဟာ ဆိုင်​ထဲ​က ထွက်​လာ​တယ်။ အဲဒီ​အခါ က​လေး​ဟာ ထိတ်​လန့်​တဲ့ မျက်​နှာ​ထား​နဲ့ ရပ်​လိုက်​တယ်။ ဆိုင်​ထဲ​မှာ သူ​ကောက်​ကိုင်​ကြည့်​တဲ့ အရုပ်လေး​တစ်​ခု လက်​ထဲ​မှာ ပါ​လာ​တယ်။ စင်​ပေါ် ပြန်​မထား​မိ​ဘဲ၊ အဲဒီ​အရုပ်​ကို ဝယ်​မဝယ် မိ​ခင်​ကို မမေး​ဘဲ ယူ​ခဲ့​မိ​တယ်။ က​လေး​ငယ်​ဟာ ဝမ်း​နည်း​ပြီး မိ​ခင်​ကို အသိ​ပေး​တယ်။ မိ​ခင်​ဟာ က​လေး​ကို​ချော့​ပြီး ဆိုင်​ထဲ ပြန်​ခေါ်​သွား​တယ်။ အရုပ်​လေး​ကို ယူ​သွား​မိ​ကြောင်း တောင်း​ပန်​ခိုင်း​တယ်။ အရုပ်​ကို က​လေး​ငယ် ပြန်​အပ်​ပြီး တောင်း​ပန်​တဲ့​အခါ မိ​ခင်​ဟာ ဂုဏ်​ယူ​ဝမ်း​သာ​နေ​တယ်။ ဘာ​ကြောင့်​လဲ။

ရိုး​သား​မှု​ရှိ​ဖို့ အရေး​ကြီး​မှန်း သား​သမီး​တွေ သိ​လာ​တဲ့​အခါ မိ​ဘ​တွေ ဝမ်း​သာ​ကြ​တယ်။ အဲဒီ​လို​ပဲ ကျွန်​တော်​တို့​ရဲ့ ကောင်း​ကင်​ဖခင်၊ “အမှန်​တ​ရား​ရဲ့​ဘု​ရား” လည်း ဝမ်း​သာ​တယ်။ (ဆာလံ ၃၁:၅) ကိုယ်​တော်​နဲ့ ဆက်ဆံ​ရေး ပို​ကောင်း​လာ​ပြီး ရိုး​သား​ဖို့ ကျွန်​တော်​တို့ အတတ်​နိုင်​ဆုံး ကြိုး​စား​တာ​ကို ကိုယ်​တော် နှစ်​သက်​တယ်။ ကျွန်​တော်​တို့​ဟာ အလို​တော်​နဲ့​တွေ့​ပြီး ဘု​ရား​ရဲ့​မေတ္တာ အမြဲ ခံစား​ချင်​တဲ့​အတွက် တမန်​တော်​ပေါလု ပြော​တဲ့​အတိုင်း “အရာရာ​မှာ ရိုး​ရိုး​သား​သား ကျင့်​ကြံ​ပြု​မူ​ချင်” ကြ​တယ်။ (ဟီ​ဘ​ရူး ၁၃:၁၈) တစ်​ခါ​တ​လေ​မှာ ရိုး​သား​ဖို့ အလွန်​ခက်​မယ့် အဓိ​က ဘဝ​ကဏ္ဍ​လေး​ခု​ကို အာ​ရုံ​စိုက် ဆွေး​နွေး​ကြည့်​ကြ​စို့။ အဲဒီ​နောက် ရိုး​သား​တဲ့​အတွက် ရ​ရှိ​တဲ့ ကောင်း​ချီး​တ​ချို့​ကို သုံးသပ်​ကြ​မယ်။

မိမိ​ကိုယ်​ကို ရိုး​ရိုး​သား​သား ဆန်း​စစ်​ပါ

၃-၅။ (က) ကိုယ့်​ကိုယ်​ကိုယ် လှည့်​စား​ခြင်း​ရဲ့ အန္တရာယ်​တွေ​အကြောင်း ကျမ်း​စာ ဘယ်​လို သတိ​ပေး​သလဲ။ (ခ) မိမိ​ကိုယ်​ကို ရိုး​ရိုး​သား​သား ဆန်း​စစ်​ဖို့ ဘာ​က ကူညီ​ပေး​မလဲ။

ကျွန်​တော်​တို့ အခက်​တွေ့​တတ်​တဲ့ ပထ​မကဏ္ဍ​ဟာ မိမိ​ကိုယ်​ကို ရိုး​ရိုး​သား​သား ဆန်း​စစ်​တဲ့​ကိစ္စ ဖြစ်​တယ်။ မစုံလင်​သူ​တွေ​အနေ​နဲ့ မိမိ​ကိုယ်​ကို လှည့်​စား​ဖို့ သိပ်​လွယ်​တယ်။ ဥပမာ၊ လော​ဒိ​ကိ​မြို့​က ခ​ရစ်​ယာန်​တွေ​ဟာ မိမိ​တို့​ကြွယ်​ဝ​တယ်​လို့ ယူ​မှတ်​ပြီး ကိုယ့်​ကိုယ်​ကိုယ် လှည့်​စား​နေ​ကြ​တယ်​လို့ ယေရှု ပြော​တယ်။ တ​ကယ်​တော့ သူတို့​ဟာ ဝတ်​ပြု​ရေး​မှာ ‘ဆင်း​ရဲ​မွဲ​တေ​ပြီး မျက်​စိ​ကန်း​နေ​တယ်၊ အဝတ်​ဗ​လာ ဖြစ်​နေ​တယ်။’ သူတို့​ရဲ့ အခြေ​အနေ​ဟာ သနား​စ​ရာ​ပဲ။ (ဗျာဒိတ် ၃:၁၇) ကိုယ့်​ကိုယ်​ကိုယ် လှည့်​စား​နေ​တာ​ဟာ သူတို့​ရဲ့ အခြေ​အနေ​ကို အန္တရာယ် ပို​ရှိ​စေ​တယ်။

“ဘု​ရား​သခင်​ကို ဝတ်​ပြု​နေ​တယ်​လို့ ကိုယ့်​ကိုယ်​ကိုယ် ထင်​နေ​ပေမဲ့ နှုတ်​ကို မစောင့်​စည်း​ရင် ကိုယ့်​ကိုယ်​ကိုယ် လှည့်​စား​နေ​တာ​ပဲ။ သူ့​ရဲ့​ဝတ်​ပြု​မှု​ဟာ အချည်း​နှီး​ပဲ” ဆို​ပြီး တ​ပည့်​ဖြစ်​သူ ယာကုပ် သတိ​ပေး​ခဲ့​တာ သင် အမှတ်​ရ​မှာ​ပါ။ (ယာကုပ် ၁:၂၆) ကျွန်​တော်​တို့​ရဲ့​လျှာ​ကို တ​လွဲ​သုံး​​ပြီး တစ်​ချိန်​တည်း​မှာ ယေဟောဝါ လက်ခံ​နိုင်​တဲ့​နည်း​နဲ့ ဝတ်​ပြု​နိုင်​တယ်​လို့ ယူ​မှတ်​မယ်​ဆို​ရင် ကိုယ့်​ကိုယ်​ကိုယ် လှည့်​စား​နေ​တာ​ ဖြစ်​တယ်။ ကျွန်​တော်​တို့​ရဲ့ ဝတ်​ပြု​မှု​ဟာ အချည်း​နှီး​ပဲ၊ အချိန်​ကုန်​ရုံ​ပဲ ဖြစ်​မယ်။ မကောင်း​တဲ့ ဒီ​လမ်း​စဉ်​ကို ဘယ်​လို ရှောင်​ရှား​နိုင်​သလဲ။

အဲဒီ​ကျမ်း​ပိုဒ်​မှာ ယာကုပ်​က ကျမ်း​စာ​အမှန်​တ​ရား​ဟာ မှန်​နဲ့​တူ​တယ်​လို့ ဆို​တယ်။ ဘု​ရား​သခင်​ရဲ့ ပြည့်​ဝ​စုံလင်​တဲ့​ပညတ်​ကို အသေအချာ ကြည့်​ရှု​ပြီး လို​အပ်​သလို ပြု​ပြင်​ပြောင်း​လဲ​ကြ​ဖို့ သူ အကြံ​ပြု​တယ်။ (ယာကုပ် ၁:၂၃–၂၅ ကို​ဖတ်​ပါ။) ကျမ်း​စာ​ဟာ မိမိ​ကိုယ်​ကို ရိုး​ရိုး​သား​သား ဆန်း​စစ်​ဖို့၊ တိုး​တက်​အောင် ဘာ​လုပ်​ရ​မယ်​ဆို​တာ သိ​ရှိ​ဖို့ ကူညီ​ပေး​နိုင်​တယ်။ (မြည်တမ်း​စကား ၃:၄၀။ ဟဂ္ဂဲ ၁:၅) ဒါ့​အပြင် ကျွန်​တော်​တို့​ကို စစ်​ဆေး​ပေး​ပါ၊ ဆိုး​ရွား​တဲ့ ချို့​ယွင်း​ချက်​တွေ​ကို မြင်​တတ်​ပြီး ပြု​ပြင်​ပြောင်း​လဲ​နိုင်​ဖို့ ကူညီ​ပေး​ပါ​လို့ ယေဟောဝါ​ဆီ ဆုတောင်း​ရ​မယ်။ (ဆာလံ ၁၃၉:၂၃၊ ၂၄) မရိုး​သား​တာ​ဟာ တ​ဖြည်း​ဖြည်း ဆိုး​ကျိုး​သက်​ရောက်​စေ​တဲ့ အား​နည်း​ချက်​ဖြစ်​ပြီး အဲ​ဒါ​ကို ကျွန်​တော်​တို့​ရဲ့ ကောင်း​ကင်​ဖခင် ရှု​မြင်​သလို ရှု​မြင်​ရ​မယ်။ ပညာ​အလိမ္မာ ၃:၃၂ မှာ “ယေဟောဝါ​ဟာ စဉ်း​လဲ​သူ​ကို ရွံ​ရှာ​တယ်။ ရိုး​ဖြောင့်​သူ​ကို​တော့ ခင်​မင်​ရင်း​နှီး​တယ်” လို့ ပြော​တယ်။ ယေဟောဝါ​ဟာ မိမိ​ခံစား​သလို ခံစား​တတ်​ဖို့၊ မိမိ​ရှု​မြင်​သလို ရှု​မြင်​တတ်​ဖို့ ကျွန်​တော်​တို့​ကို ကူညီ​ပေး​နိုင်​တယ်။ “ကျွန်​တော်​တို့​ဟာ အရာရာ​မှာ ရိုး​ရိုး​သား​သား ကျင့်​ကြံ​ပြု​မူ​ချင်” တယ်​လို့ ပေါလု​ပြော​တာ​ကို သတိ​ရ​ပါ။ ကျွန်​တော်​တို့​ဟာ အခု စုံလင်​သူ​တွေ မဖြစ်​နိုင်​သေး​ပေမဲ့ အမှန်​တ​ကယ် ရိုး​ရိုး​သား​သား ကျင့်​ကြံ​ပြု​မူ​ချင်​ကြ​တယ်။

မိသား​စု​အတွင်း ရိုး​သား​ပါ

ရိုး​သား​ခြင်း​က လျှို့​ဝှက်​ပြု​မူ​တာမျိုး မလုပ်​ဖို့ ကူညီ​ပေး

၆။ အိမ်​ထောင်​သည်​တွေ အချင်း​ချင်း ဘာ​ကြောင့် ရိုး​သား​ဖို့​လို​သလဲ။ ဒီ​နည်း​နဲ့ ဘယ်​အန္တရာယ်​တွေ​ကို သူတို့ ရှောင်​နိုင်​ကြ​သလဲ။

ရိုး​သား​ခြင်း​ဟာ ခ​ရစ်​ယာန်​မိသား​စု​မှာ ထင်​ရှား​တဲ့ အမှတ်​အသား​တစ်​ခု ဖြစ်​သင့်​တယ်။ ဒါ​ကြောင့် လင်​နဲ့​မယား​ဟာ အချင်း​ချင်း ရိုး​သား​ပွင့်​လင်း​စွာ စကား​ပြော​ဆို​ကြ​ရ​မယ်။ အိမ်​ထောင်​ဖက်​မဟုတ်​သူ​နဲ့ ဣ​န္ဒြေ​မဲ့​စွာ အရော​တ​ဝင်​နေ​တာ၊ အင်​တာ​နက်​က​နေ လျှို့​ဝှက်​ဆက်​သွယ်​တာ၊ ညစ်​ညမ်း​ရုပ်​ပုံ​စာပေ​တွေ​ကြည့်​တာ အစ​ရှိ​တဲ့ မသန့်​ရှင်း​တဲ့ အကျင့်​ဆိုး​တွေ ခ​ရစ်​ယာန်​အိမ်​ထောင်​မှာ လုံး​ဝ​မရှိ​သင့်​ဘူး။ ခ​ရစ်​ယာန်​အိမ်​ထောင်​သည်​တ​ချို့​ဟာ အဲဒီ​လို မှား​ယွင်း​တဲ့​အကျင့်​တွေ​ကို အိမ်​ထောင်​ဖက် မသိ​အောင် လျှို့​ဝှက်​ပြု​မူ​နေ​ကြ​တယ်။ ဒါ​ဟာ မရိုး​သား​မှု​ပဲ။ “လူ​လိမ်​လူ​ညာ​တွေ​နဲ့ မပေါင်း​ဘူး။ သရုပ်​မှန် ဖုံး​ကွယ်​ထား​သူ​တွေ​ကို ရှောင်​တယ်” လို့​ပြော​ခဲ့​တဲ့ သစ္စာ​ရှိ​ဘုရင် ဒါဝိဒ်​ရဲ့ စကား​တွေ​ကို သတိ​ပြု​ပါ။ (ဆာလံ ၂၆:၄) သင်​ဟာ အိမ်​ထောင်​သည်​ဖြစ်​ရင် အိမ်​ထောင်​ဖက် မသိ​အောင် လျှို့​ဝှက်​ပြု​မူ​တာ​မျိုး ဘယ်​တော့​မှ မလုပ်​ပါ​နဲ့။

၇၊ ၈။ ရိုး​သား​မှု​ရဲ့ အကျိုး​ကျေး​ဇူး​ကို သား​သမီး​တွေ သိ​အောင် ဘယ်​ကျမ်း​စာ​ပုံ​န​မူ​နာ​တွေ​က ကူညီ​ပေး​နိုင်​သလဲ။

သား​သမီး​တွေ​ကို ရိုး​သား​မှု​ရဲ့ အကျိုး​ကျေး​ဇူး​အကြောင်း သင်​ပေး​ရာ​မှာ ကျမ်း​စာ​ပုံ​န​မူ​နာ​တွေ​ကို မိ​ဘ​တွေ အသုံး​ပြု​တာ​ဟာ ပညာ​ရှိ​တယ်။ မရိုး​သား​တဲ့ ပုံ​န​မူ​နာ​တ​ချို့​က​တော့ မိမိ​ရဲ့​ခိုး​မှု​ကို ဖုံး​ကွယ်​ထား​သူ အာ​ခန်၊ ကိုယ်​ကျိုး​အတွက် လိမ်​ပြော​တဲ့ ဂေဟာ​ဇိ၊ ငွေ​ကို ​ခိုး​ယူ​တတ်​ပြီး ယေရှု​ကို ရောင်း​စား​ဖို့​ မလို​တ​မာ​စိတ်​နဲ့ လိမ်​လည်​သူ ယုဒ​ရှ​ကာ​ရုတ်​တို့ ဖြစ်​တယ်။​—ယောရှု ၆:၁၇-၁၉။ ၇:၁၁-၂၅။ ၂ ဘု​ရင်​များ ၅:၁၄-၁၆၊ ၂၀-၂၇။ မဿဲ ၂၆:၁၄၊ ၁၅။ ယောဟန် ၁၂:၆

ရိုး​သား​မှု​ရှိ​တဲ့ ပုံ​န​မူ​နာ​တ​ချို့​က​တော့ အိတ်​ဝ​မှာ မှား​ထည့်​မိ​တာ​ဖြစ်​နိုင်​တဲ့ ငွေ​ကို ပြန်​အပ်​ဖို့ တိုက်​တွန်း​ခဲ့​တဲ့ ယာကုပ်၊ ယေ​ဖသနဲ့ ကိုယ်​ကျိုး​မငဲ့​ဘဲ ဖခင်​ရဲ့​ကတိ​အတိုင်း ပြု​မူ​ခဲ့​တဲ့ သမီး၊ ပရော​ဖက်​ပြု​ချက် ပြည့်​စုံ​ဖို့​နဲ့ မိတ်ဆွေ​တွေ​ကို ကာ​ကွယ်​ဖို့ ရုန့်​ရင်း​ကြမ်း​တမ်း​တဲ့ လူ​အုပ်​ရှေ့ သတ္တိ​ရှိ​ရှိ ထွက်​ရပ်​တဲ့ ယေရှု​တို့ ဖြစ်​တယ်။ (ကမ္ဘာဦး ၄၃:၁၂။ တ​ရား​သူ​ကြီး ၁၁:၃၀-၄၀။ ယောဟန် ၁၈:၃-၁၁) မိ​ဘ​တွေ​ဟာ ရိုး​သား​မှု​ရဲ့ အကျိုး​ကျေး​ဇူး​ကို သား​သမီး​တွေ သိ​ပြီး မြတ်​နိုး​တတ်​ဖို့ ကျမ်း​စာ​မှာ​ပါ​တဲ့ ဒီ​ပုံ​နမူနာ​တွေ​သုံး​ပြီး သင်​ပေး​နိုင်​တယ်။

၉။ မိ​ဘ​တွေ​ဟာ သား​သမီး​တွေ​ရှေ့ ရိုး​သား​မှု ပုံသက်သေ​ကောင်း ပြချင်​ရင် ဘာ​ကို ရှောင်​ရ​မလဲ။ အဲဒီ​လို ပုံသက်သေ​ပြဖို့ ဘာ​ကြောင့် အရေး​ကြီး​သလဲ။

မိ​ဘ​တွေ​ဟာ အဲဒီ​လို​သင်​ပေး​နိုင်​ဖို့ အရေး​ကြီး​တဲ့ တာဝန်​တစ်​ခု​ကို လုပ်​ဆောင်​ရ​မယ်။ “သူ​တစ်ပါး​ကို သင်​ကြား​ပေး​ပြီး ကိုယ်​တိုင်​ကျ​တော့ ဘာ​လို့ မသင်​ယူ​သလဲ။ ‘မခိုး​နဲ့’ လို့ သူ​တစ်ပါး​ကို ဆုံးမ​ပြီး ဘာ​လို့ ကိုယ်​တိုင် ခိုး​နေ​သလဲ” လို့ တမန်​တော်​ပေါလု မေး​ခဲ့​တယ်။ (ရော​မ ၂:၂၁) မိ​ဘ​တ​ချို့​ဟာ ရိုး​သား​ဖို့ သင်​ပေး​ပြီး​နောက် ကိုယ်​တိုင် မရိုး​သား​တဲ့​အတွက် သား​သမီး​တွေ စိတ်​ရှုပ်​သွား​တယ်။ အသေး​အဖွဲ​လေး​တွေ ခိုး​တာ၊ လိမ်​ပြော​တာ​နဲ့​ပတ်​သက်​ပြီး “ဒါ​လေး​တွေ ယူ​တာ​ကို​တော့ သူတို့ မမှု​ပါ​ဘူး၊” “နည်း​နည်း​ပါး​ပါး​ လိမ်​ပြော​တာ ဘာ​မှား​လို့​လဲ” ဆို​ပြီး ဆင်​ခြေ​ပေး​တတ်​ကြ​တယ်။ တ​ကယ်​တော့ တန်​ဖိုး​နည်း​တဲ့ အရာ​တစ်​ခု​ကို ခိုး​တာ​ဟာ ခိုး​မှု​ပါ​ပဲ။ ဘယ်​အကြောင်း​ကို​ဖြစ်​စေ၊ မမှန်​တဲ့​စကား​ကို ဘယ်​အတိုင်း​အတာ​အထိ​ဖြစ်​စေ လိမ်​ပြော​တာ​ဟာ လိမ်​လည်​မှု​ပဲ။ * (လုကာ ၁၆:၁၀ကို​ဖတ်​ပါ။) က​လေး​တွေ​ဟာ ဟန်​ဆောင်​မှု​ကို ချက်​ချင်း ​သိ​မြင်​ပြီး အတု​ယူ​တတ်​တယ်။ (ဧဖက် ၆:၄) သူတို့​ဟာ မိ​ဘ​ရဲ့​ပုံသက်သေ​ကနေ ရိုး​သား​ဖို့ သင်​ယူ​မယ်​ဆို​ရင်​တော့ မရိုး​သား​တဲ့ ဒီ​လော​က​မှာ ယေဟောဝါ​ကို ဂုဏ်​တင်​သူ​တွေ​အဖြစ် ကြီး​ပြင်း​လာ​ပါ​လိမ့်​မယ်။​—ပညာ​အလိမ္မာ ၂၂:၆

အသင်း​တော်​မှာ ရိုး​သား​ပါ

၁၀။ ယုံ​ကြည်​သူ​အချင်း​ချင်း ရိုး​ရိုး​သား​သား ဆက်ဆံ​တာ​နဲ့​ပတ်​သက်​ပြီး ဘယ်​သတိ​ပေး​ချက်​တွေ​ကို စိတ်​စွဲ​မှတ်​ထား​သင့်​သလဲ။

၁၀ ခ​ရစ်​ယာန်​အချင်း​ချင်း ပေါင်း​သင်း​ရာ​မှာ ရိုး​သား​မှု​ပြဖို့ အခွင့်​အရေး အများ​ကြီး​ရှိ​တယ်။ အခန်း ၁၂ မှာ သိ​ခဲ့ရ​တဲ့​အတိုင်း အထူး​သဖြင့် အသင်း​တော်​မှာ​ရှိ​တဲ့ ညီ​အစ်​ကို​ညီ​အစ်​မတွေ​ကြား​မှာ စကား​ပြော​နိုင်​စွမ်း ဆု​လက်​ဆောင်​ကို ဂရု​တ​စိုက် အသုံး​ပြု​ဖို့ လို​တယ်။ စကား​စ​မြည်​ပြော​ရာ​က​နေ အပုပ်​ချ​ပြီး မလို​တ​မာ​စိတ်​နဲ့ မဟုတ်​မမှန်​ပြော​တဲ့​အထိ ဖြစ်​သွား​နိုင်​တယ်။ မသေချာ​တဲ့ အကြောင်း​တစ်​ခု​ကို ပြန်​ပြော​မယ်​ဆို​ရင် မု​သာ​စကား​ကို ဖြန့်​ရာ​ရောက်​နိုင်​တဲ့​အတွက် နှုတ်​ကို ချုပ်​တည်း​တာ​ဟာ ပို​ကောင်း​တယ်။ (ပညာ​အလိမ္မာ ၁၀:၁၉) တစ်​ဖက်​က​ကြည့်​ရင် အကြောင်း​အရာ​တစ်​ခု​ဟာ မှန်​နေ​ရင်​တောင် ပြော​သင့်​တဲ့​အကြောင်း ဖြစ်​ချင်​မှ​ဖြစ်​မယ်။ ဥပမာ၊ ကိုယ်​နဲ့​မဆိုင်​တဲ့​ကိစ္စ ဒါ​မှ​မဟုတ် ထုတ်​ပြော​ရင် ကြင်နာ​မှု မရှိ​ရာရောက်​တဲ့​ကိစ္စ ဖြစ်​နိုင်​တယ်။ (၁ သက်သာ​လောနိတ် ၄:၁၁) တ​ချို့​က ရိုင်း​ပျ​တဲ့​အပြော​အဆို​ကို ရိုး​သား​မှု​လို့ ပြော​တတ်​ကြ​တယ်။ ဒါ​ပေမဲ့ ကျွန်​တော်​တို့ ပြော​ဆို​တဲ့​စကား​ဟာ အမြဲ ယဉ်​ကျေး​သိမ်​မွေ့​ပြီး ကြင်နာ​မှု ရှိ​ရ​မယ်။​—ကောလောသဲ ၄:၆ ကို​ဖတ်​ပါ။

၁၁၊ ၁၂။ (က) ကြီး​လေး​တဲ့​အပြစ် ကျူး​လွန်​မိ​သူ​တ​ချို့​ဟာ ပြဿ​နာ​ကို ဘယ်​လို​နည်း​နဲ့ ပို​ကြီး​စေ​သလဲ။ (ခ) ကြီး​လေး​တဲ့ အပြစ်​တွေ​နဲ့​ပတ်​သက်​ပြီး စာ​တန်​မြေတောင်​မြှောက်​တဲ့ မု​သာ​တ​ချို့​ဟာ ဘာ​လဲ။ အဲ​ဒါ​တွေ​ကို ဘယ်​လို တွန်း​လှန်​နိုင်​သလဲ။ (ဂ) ယေဟောဝါ​ရဲ့ အဖွဲ့​အစည်း​မှာ ရိုး​သား​မှု​ကို ဘယ်​လို ပြနိုင်​သလဲ။

၁၁ အသင်း​တော်​မှာ ဦး​စီး​နေ​သူ​တွေ​နဲ့ ရိုး​ရိုး​သား​သား ဆက်ဆံ​ဖို့ အထူး​အရေး​ကြီး​တယ်။ တ​ချို့​ဟာ ကြီး​လေး​တဲ့​အပြစ် ကျူး​လွန်​ပြီး​နောက် လျှို့​ဝှက်​ထား​တယ်၊ အသင်း​တော်​အကြီး​အကဲ​တွေ မေး​မြန်း​တဲ့​အခါ လိမ်​ပြော​တယ်။​ ဒီ​နည်း​နဲ့ ပြဿ​နာ​ကို ပို​ကြီး​စေ​တယ်။ သူတို့​ဟာ ကြီး​လေး​တဲ့​အပြစ်​ကို ကျူး​လွန်​နေ​လျက်​နဲ့ ယေဟောဝါ​ရဲ့​အမှု​တော်​မှာ ဟန်​ဆောင်​ပါ​ဝင်​ပြီး နှစ်​ဘဝ​စံ​တတ်​ကြ​တယ်။ ဒီ​လို​နဲ့ သူ့​အသက်​တာ​တစ်​လျှောက် လိမ်​လည်​မှု​နဲ့​သာ ပြည့်​နေ​တယ်။ (ဆာလံ ၁၂:၂) တ​ချို့​ကျ​တော့ အကြီး​အကဲ​တွေ​ကို အမှန်​အတိုင်း အပြည့်​အစုံ မပြော​ဘဲ အဓိ​က​အချက်​တွေ​ကို ထိမ်​ချန်​ထား​ကြ​တယ်။ (တမန်​တော် ၅:၁-၁၁) အဲဒီ​လို​မရိုး​သား​မှု​ဟာ စာ​တန်​မြေတောင်​မြှောက်​တဲ့ မု​သာ​ကို ယုံ​တာ​က​နေ အရင်း​ခံ​လေ့​ရှိ​တယ်။​—စာ​မျက်​နှာ ၁၆၄-၁၆၅ မှာ​ပါ​တဲ့ “ ကြီး​လေး​တဲ့ အပြစ်​တွေ​နဲ့​ဆိုင်​တဲ့ စာ​တန်​ရဲ့ မု​သာ​တွေ” လေး​ထောင့်​ကွက်​ကို ကြည့်​ပါ။

၁၂ ယေဟောဝါ​ရဲ့ အဖွဲ့​အစည်း​နဲ့​ဆက်ဆံ​တဲ့​အခါ​မှာ​လည်း ရိုး​သား​မှု​ရှိ​ဖို့ အရေး​ကြီး​တယ်။ မေး​ခွန်း​တွေ​ကို မှန်​မှန်​ကန်​ကန် ဖြေဖို့ လို​တယ်။ ဥပမာ၊ အမှု​ဆောင်​မှတ်​တမ်း သွင်း​တဲ့​အခါ အချက်​အလက်​တွေ​ကို မှန်​မှန်​ကန်​ကန် ရေး​သွင်း​ရ​မယ်။ အဲဒီ​လို​ပဲ လုပ်ငန်း​တော် အခွင့်​ထူး​တစ်​ခု​ခု​အတွက် လျှောက်​လွှာ​ဖြည့်​တဲ့​အခါ ကျွန်​တော်​တို့​ရဲ့ ကျန်း​မာ​ရေး​အခြေ​အနေ​ကို​ဖြစ်​စေ၊ တ​ခြား​ကဏ္ဍ​တစ်​ခု​ခု​ကို​ဖြစ်​စေ အတိ​အကျ ဖော်ပြသင့်​တယ်။​—ပညာ​အလိမ္မာ ၆:၁၆–၁၉ ကို​ဖတ်​ပါ။

၁၃။ ယုံ​ကြည်​သူ​ချင်း​တစ်ဦး​နဲ့ စီး​ပွား​ရေး​လုပ်​မယ်​ဆို​ရင် ရိုး​သား​မှု​ကို ဘယ်​လို ပြနိုင်​သလဲ။

၁၃ ယုံ​ကြည်​သူ​ချင်း​တွေ​နဲ့ ရိုး​ရိုး​သား​သား ဆက်ဆံ​ရာ​မှာ စီး​ပွား​ရေး​ကိစ္စ​တွေ​လည်း ပါ​ဝင်​တယ်။ တစ်​ခါ​တ​လေ ညီ​အစ်​ကို​ညီ​အစ်​မတွေ​ဟာ စီး​ပွား​ရေး​ အတူ​လုပ်​တတ်​ကြ​တယ်။ ဒီ​ကိစ္စ​တွေ​ကို နိုင်​ငံ​တော်​ခန်း​မမှာ ဒါ​မှ​မဟုတ် အမှု​ဆောင်​မှာ အတူ​တ​ကွ​ဆောင်​ရွက်​တဲ့ ဝတ်​ပြု​ရေး​နဲ့ မရော​မိ​စေ​ဖို့ ဂရု​စိုက်​သင့်​တယ်။ စီး​ပွား​ရေး​အရ အလုပ်​ရှင်​နဲ့ အလုပ်​သမား​ဆက်ဆံ​ရေး​လည်း ဖြစ်​နိုင်​တယ်။ ညီ​အစ်​ကို​ညီ​အစ်​မတွေ​ကို အလုပ်​ခန့်​မယ်​ဆို​ရင် သူတို့​နဲ့ ရိုး​ရိုး​သား​သား ဆက်ဆံ​ရ​မယ်။ အချိန်​မှန် လ​ခ​ထုတ်​ပေး​ရ​မယ်၊ သဘော​တူ​ထား​တဲ့ အခ​ငွေ​ကို ပေး​ရ​မယ်၊ ဥ​ပဒေ​အတိုင်း အကျိုး​ခံစား​ခွင့်​တွေ​ကို​လည်း ပေး​ရ​မယ်။ (၁ တိမောသေ ၅:၁၈။ ယာကုပ် ၅:၁-၄) အဲဒီ​လို​ပဲ မိမိ​ရဲ့​အလုပ်​ရှင်​ဟာ ညီ​အစ်​ကို ညီ​အစ်​မ ဖြစ်​နေ​မယ်​ဆို​ရင် မိမိ​ရ​တဲ့ အခ​ငွေ​နဲ့ ထိုက်​တန်​စွာ အလုပ်​လုပ်​ပေး​ရ​မယ်။ (၂ သက်သာ​လောနိတ် ၃:၁၀) ယုံ​ကြည်​သူ​ချင်း ဖြစ်​တဲ့​အတွက် အလုပ်​ရှင်​ဟာ ကျွန်​တော်​တို့​ကို တ​ခြား​အလုပ်​သမား​တွေ​ထက် ဦးစား​ပေး​ပြီး ပိတ်​ရက်၊ ခံစား​ခွင့် ဒါ​မှ​မဟုတ် အခွင့်​အရေး​တွေ ပို​ပေး​ဖို့ မမျှော်​လင့်​သင့်​ဘူး။​—ဧဖက် ၆:၅-၈

၁၄။ ခ​ရစ်​ယာန်​တွေ​ဟာ စွန့်​စား​ရ​တဲ့ ဖက်​စပ်​လုပ်ငန်း​တစ်​ခု​ကို လုပ်​တဲ့​အခါ ဘာ​ကို ကြို​လုပ်​ဆောင်​သင့်​သလဲ။ ဘာ​ကြောင့်​လဲ။

၁၄ ကျွန်​တော်​တို့​ဟာ ငွေ​ရင်း​နှီး​မြှုပ်​နှံ​ထား​ရ​တဲ့ ဒါ​မှ​မဟုတ် ငွေ​ချေး​ယူ​ပြီး စွန့်​စား​ရ​တဲ့ ဖက်​စပ်​စီး​ပွား​ရေး​လုပ်ငန်း​ကို လုပ်​တယ်​ဆို​ပါ​စို့။ ကျမ်း​စာ​မှာ အရေး​ပါ​ပြီး လက်​တွေ့​ကျ​တဲ့ မူ​တစ်​ခု​ရှိ​တယ်။ စာ​ချုပ်​စာ​တမ်း​မှာ အသေး​စိတ်​ဖော်ပြ ရေး​မှတ်​ထား​ခြင်း ဖြစ်​တယ်။ ဥပမာ၊ ယေ​ရ​မိ​ဟာ လယ်​ကို ဝယ်​ပြီး ငွေ​ပေး​ချေ​တဲ့​အခါ သက်​သေတွေ​ရှေ့ စာ​ချုပ်​ချုပ်​ပြီး မိတ္တူ​လုပ်​တယ်။ အဲဒီ​စာ​ချုပ်​ကို နောက်​နောင် ထောက်​ပြနိုင်​ဖို့ လုံ​လုံ​ခြုံ​ခြုံ သိမ်း​ထား​တယ်။ (ယေ​ရ​မိ ၃၂:၉-၁၂။ ကမ္ဘာဦး ၂၃:၁၆-၂၀ ကို​လည်း ကြည့်​ပါ။) ယုံ​ကြည်​သူ​ချင်း​တွေ​နဲ့ စီး​ပွား​ရေး​လုပ်​တဲ့​အခါ စာ​ချုပ်​ထဲ​မှာ အသေး​စိတ် ရေး​မှတ်​ပြီး သက်​သေတွေ​ရှေ့ လက်​မှတ်​ထိုး​တာ​ဟာ မယုံ​ကြည်​တဲ့​သဘော မဟုတ်​ဘူး။ အဲဒီ​အစား အထင်​လွဲ​စ​ရာ၊ စိတ်​ပျက်​စ​ရာ၊ စိတ်​ဝမ်း​ကွဲ​စ​ရာ​တွေ မဖြစ်​အောင် အထောက်​အကူ​ပြု​တယ်။ ခ​ရစ်​ယာန်​တွေ​ဟာ စီး​ပွား​ရေး​အတူ​လုပ်​တဲ့​အခါ ဘယ်​စီး​ပွား​ရေး​လုပ်ငန်း​ကြောင့်​မှ အသင်း​တော်​ရဲ့ စည်း​လုံး​ငြိမ်သက်​မှု​ကို မထိ​ခိုက်​စေ​ဖို့ စိတ်​စွဲ​မှတ်​ထား​ရ​မယ်။ *​—၁ ကော​ရိန္သု ၆:၁-၈

လော​က​မှာ ရိုး​သား​ပါ

၁၅။ စီး​ပွား​ရေး​လုပ်​တဲ့​အခါ မရိုး​သား​တဲ့ အကျင့်​တွေ​ကို ယေဟောဝါ ဘယ်​လို သဘော​ထား​သလဲ။ လူ​အများ​လက်ခံ​ထား​တဲ့ အဲဒီ​အကျင့်​တွေ​ကို ခ​ရစ်​ယာန်​တွေ ဘယ်​လို​တုံ့​ပြန်​သလဲ။

၁၅ အသင်း​တော်​မှာ​ပဲ ရိုး​သား​မှု ပြရ​မှာ မဟုတ်​ဘူး။ ပေါလု​က “ကျွန်​တော်​တို့​ဟာ အရာရာ​မှာ ရိုး​ရိုး​သား​သား ကျင့်​ကြံ​ပြု​မူ​ချင်” တယ်​လို့ ပြော​တယ်။ (ဟီ​ဘ​ရူး ၁၃:၁၈) လော​က​စီး​ပွား​ရေး​ကိစ္စ​တွေ​မှာ ရိုး​သား​တာ​ကို ကျွန်​တော်​တို့​ရဲ့ ဖန်​ဆင်း​ရှင် သိပ်​စိတ်​ဝင်​စား​တယ်။ ပညာ​အလိမ္မာ​ကျမ်း တစ်​ကျမ်း​တည်း​မှာ မမှန်​တဲ့​ချိန်​ခွင်​အကြောင်း တစ်​ကြိမ်​ထက်​မက ညွှန်း​ထား​တယ်။ (ပညာ​အလိမ္မာ ၁၁:၁။ ၂၀:၁၀၊ ၂၃) ရှေး​ခေတ်​က ရောင်း​ဝယ်​တဲ့​ပစ္စည်း​နဲ့ တန်​ဖိုး​ငွေ​ကို​ပါ ချိန်​ကြည့်​ဖို့ ချိန်​ခွင်​တွေ၊ အလေး​တွေ​ကို အသုံး​ပြု​လေ့​ရှိ​တယ်။ မရိုး​သား​တဲ့​ကုန်​သည်​တွေ​ဟာ ဝယ်​သူ​တွေ​ကို လိမ်​လည်​လှည့်​စား​ဖို့ အလေး​နှစ်​မျိုး​နဲ့ မမှန်​တဲ့​ချိန်​ခွင်​ကို အသုံး​ပြု​ကြ​တယ်။ * အဲဒီ​အကျင့်​တွေ​ကို ယေဟောဝါ ရွံ​မုန်း​တယ်။ ဒါ​ကြောင့် ဘု​ရား​ရဲ့​မေတ္တာ အမြဲခံစား​ချင်​ရင် စီး​ပွား​ရေး​လုပ်​တဲ့​အခါ မရိုး​သား​တဲ့ အကျင့်​မှန်​သမျှ​ကို လုံး​ဝ​ရှောင်​ရ​မယ်။

၁၆၊ ၁၇။ ဒီ​လော​က​မှာ မရိုး​သား​တဲ့ ဘယ်​အကျင့်​တွေ​ကို တွေ့​မြင်​နေ​ရ​သလဲ။ ခ​ရစ်​ယာန်​စစ်​တွေ​ဟာ ဘာ​လုပ်​ဖို့ စိတ်​ဆုံး​ဖြတ်​ထား​သလဲ။

၁၆ စာ​တန်​ဟာ ဒီ​လော​က​ရဲ့​အုပ်​စိုး​ရှင် ဖြစ်​တဲ့​အတွက် ကျွန်​တော်​တို့​ရဲ့ ဝန်း​ကျင်​မှာ မရိုး​သား​မှု​တွေ တွေ့​နေ​ရ​တာ အံ့​သြစ​ရာ မဟုတ်​ဘူး။ မရိုး​မသား​ပြု​မူ​ဖို့ နေ့​စဉ် သွေး​ဆောင်​ခံ​ရ​နိုင်​တယ်။ လူ​အများ​ဟာ အလုပ်​လျှောက်​ဖို့ ကိုယ်​ရေး​ရာ​ဇ​ဝင် ရေး​တဲ့​အခါ လိမ်​လည်​ချဲ့​ကား​တာ၊ ထောက်​ခံ​စာ​အတု​တွေ ပူး​တွဲ​တင်​ပြတာ၊ အလုပ်​အတွေ့​အကြုံ​ကို လိမ်​ညာ​ရေး​သား​တာ​တွေ ပြု​လုပ်​လေ့​ရှိ​တယ်။ လူ​ဝင်​မှု၊ အခွန်၊ အာ​မခံ စ​တာ​တွေ​အတွက် ပုံ​စံ​စာ​ရွက်​တွေ​ကို ဖြည့်​တဲ့​အခါ လို​ရာ​ရ​ရှိ​ဖို့ လိမ်​လည်​ဖြည့်​စွက်​လေ့​ရှိ​ကြ​တယ်။ စာ​မေး​ပွဲ​ဖြေတဲ့​အခါ ကျောင်း​သူ​ကျောင်း​သား​တွေ ခိုး​ချ​တတ်​ကြ​တယ်။ ကျောင်း​အတွက် စာ​စီ​စာ​ကုံး​တွေ၊ စာ​တမ်း​တွေ ပြု​စု​တဲ့​အခါ အင်​တာ​နက်​ထဲ​ဝင်၊ သူ​တစ်ပါး​ရဲ့​လက်​ရာ​ကို ခိုး​ချ​ပြီး ကိုယ်​တိုင်​ရေး​သလို လုပ်​ဆောင်​တတ်​ကြ​တယ်။ အဂတိ​လိုက်​စား​တဲ့ အရာ​ရှိ​တွေ​နဲ့ ဆက်ဆံ​ရ​တဲ့​အခါ မိမိ​တို့​လို​ဘ​ပြည့်​ဖို့ လာဘ်​ပေး​လေ့​ရှိ​ကြ​တယ်။ ဒီ​လော​က​မှာ “ကိုယ့်​ကိုယ်​ကိုယ်​ပဲ ချစ်​တဲ့​သူ၊ ငွေ​ကို​တပ်​မက်​သူ၊ . . . ကောင်း​မြတ်​ရာ​ကို မုန်း​တီး​သူ” များ​တဲ့​အတွက် အဲဒီ​လို​ပဲ ​ဖြစ်​ပါ​လိမ့်​မယ်။​—၂ တိမောသေ ၃:၁-၅

၁၇ ခ​ရစ်​ယာန်​စစ်​တွေ​က​တော့ အဲဒီ​လို​အကျင့်​တွေ​ကို မကျင့်​ကြံ​ဖို့ စိတ်​ဆုံး​ဖြတ်​ထား​ကြ​တယ်။ ဒါ​ပေမဲ့ တစ်​ခါ​တ​လေ ရိုး​သား​ဖို့ အခက်​တွေ့​ရ​တာ​ဟာ ဒီ​နေ့ လော​က​မှာ မရိုး​သား​သူ​တွေ ကြီး​ပွား​အောင်​မြင်​နေ​ပုံ​ ပေါက်​နေ​လို့​ပဲ။ (ဆာလံ ၇၃:၁-၈) ခ​ရစ်​ယာန်​စစ်​တွေ​က​တော့ “အရာရာ​မှာ” ရိုး​သား​ချင်​တဲ့​အတွက် ငွေ​ရေး​ကြေး​ရေး အကျပ်​အတည်း​နဲ့ ကြုံ​ရ​နိုင်​တယ်။ အဲဒီ​လို ကိုယ်​ကျိုး​စွန့်​တာ အကျိုး​နပ်​ရဲ့​လား။ အကျိုး​နပ်​ပါ​တယ်။ ဘာ​ကြောင့်​လဲ။ ရိုး​ရိုး​သား​သား ကျင့်​ကြံ​တဲ့​အတွက် ဘာ​ကောင်း​ချီး​တွေ ခံစား​ရ​သလဲ။

ရိုး​သား​ခြင်း​ကြောင့် ရ​ရှိ​တဲ့ ကောင်း​ချီး​တွေ

၁၈။ ရိုး​သား​တယ်​ဆို​တဲ့ နာ​မည်​ကောင်း​ဟာ ဘာ​ကြောင့် အလွန်​တန်​ဖိုး​ရှိ​သလဲ။

၁၈ ရိုး​သား​သူ၊ ယုံ​ကြည်​အား​ထား​ရ​သူ​ဆို​တဲ့ နာ​မည်​ကောင်း ရ​ထား​တာ​ထက် ပို​အဖိုး​တန်​တဲ့​အရာ​ကို လူ့​အသက်​တာ​တစ်​လျှောက် မတွေ့​နိုင်​ဘူး။ (“ ငါ ဘယ်​လောက် ရိုး​သား​သလဲ” လေး​ထောင့်​ကွက်​ကို ကြည့်​ပါ။) စဉ်း​စား​ကြည့်​ပါ။ အဲဒီ​နာ​မည်​ကောင်း​မျိုး​ကို ဘယ်​သူ​မဆို ရ​ရှိ​နိုင်​တယ်။ အဲဒီ​နာ​မည်​ရ​ရှိ​ဖို့ သင့်​ပင်​ကို​စွမ်း​ရည်၊ စည်း​စိမ်၊ ရုပ်​ရည်၊ လူ​မှု​ရေး​နောက်​ခံ ဒါ​မှ​မဟုတ် သင် လက်​လှမ်း​မမီ​နိုင်​တဲ့ အရာ​တစ်​ခု​ခု​အပေါ် မမူ​တည်​ဘူး။ ဒါ​ပေမဲ့ လူ​အများ​စု​မှာ ဒီ​အဖိုး​တန် နာ​မည်​ကောင်း မရှိ​ကြ​ဘူး။ နာ​မည်​ကောင်း​ရ​သူ အလွန်​ရှား​တယ်။ (မိက္ခာ ၇:၂) သင် ရိုး​သား​တာ​ကို ကဲ့​ရဲ့​မယ့်​သူ​တွေ ရှိ​နိုင်​တယ်။ ဒါ​ပေမဲ့ သင့်​ရိုး​သား​မှု​ကို တန်​ဖိုး​ထား​သူ​တွေ​လည်း​ရှိ​ပြီး သူတို့​ဟာ သင့်​ကို ယုံ​ကြည်​စိတ်​ချ၊ လေး​စား​ကြ​မယ်။ ရိုး​သား​မှု​ကြောင့် ငွေ​ရေး​ကြေး​ရေး​အရ အကျိုး​ခံစား​ရ​တာ​ကို ယေဟောဝါ​သက်​သေတွေ တွေ့​ခဲ့​ကြ​တယ်။ မရိုး​သား​တဲ့ အလုပ်​သမား​တွေ အလုပ်​ဖြုတ်​ခံ​ရ​ချိန်​မှာ သူတို့ အလုပ်​မပြုတ်​ကြ​ဘူး၊ ရိုး​သား​တဲ့​အလုပ်​သမား​တွေ အထူး​လို​အပ်​တဲ့​အခါ​မှာ အလုပ်​ရ​ခဲ့​ကြ​တယ်။

၁၉။ ရိုး​သား​တဲ့ ဘဝ​လမ်း​စဉ်​ဟာ ကျွန်​တော်​တို့​ရဲ့ အမှား​အမှန်​သိ​စိတ်​အပြင် ယေဟောဝါ​နဲ့​ဆက်ဆံ​ရေး​ကို ဘယ်​လို အကျိုး​ပြု​နိုင်​သလဲ။

၁၉ အဲဒီ​အဖြစ်​မျိုး​ကို သင်​ကိုယ်​တိုင် ကြုံ​ဖူး​သည်​ဖြစ်​စေ၊ မကြုံ​ဖူး​သည်​ဖြစ်​စေ ရိုး​သား​တာ​ဟာ ဒီ​ထက်​မက အကျိုး​ပြု​ကြောင်း တွေ့​ရ​လိမ့်​မယ်။ ကြည်​လင်​တဲ့ အမှား​အမှန်​သိ​စိတ် ရှိ​ခြင်း​ဆို​တဲ့ ကောင်း​ချီး​ကို ရ​ရှိ​လိမ့်​မယ်။ ပေါလု​က ‘ကျွန်​တော်​တို့​ဟာ အမှား​အမှန်​သိ​စိတ် ကြည်​လင်​နေ​မှန်း ကိုယ့်​ကိုယ်​ကိုယ် ယုံ​တယ်’ လို့ ရေး​ခဲ့​တယ်။ (ဟီ​ဘ​ရူး ၁၃:၁၈) ကျွန်​တော်​တို့​ရဲ့ မေတ္တာ​ရှင် ကောင်း​ကင်​ဖခင်​ဟာ သင့်​ရဲ့ နာ​မည်​ကောင်း​ကို သတိ​မပြု​မိ​ဘဲ​နေ​မှာ မဟုတ်​ဘူး။ ကိုယ်​တော်​ဟာ ရိုး​သား​သူ​တွေ​ကို ချစ်​တယ်။ (ဆာလံ ၁၅:၁၊ ၂ နဲ့ ပညာ​အလိမ္မာ ၂၂:၁ ကို​ဖတ်​ပါ။) မှန်​ပါ​တယ်၊ သင့်​ရဲ့ ရိုး​သား​မှု​ဟာ ဘု​ရားရဲ့​မေတ္တာ ခံစား​ရ​စေ​မယ့်​အရာ​တွေ​ကို အမြဲလုပ်​ဆောင်​နိုင်​ဖို့ သင့်​ကို ကူညီ​ပေး​တယ်။ ဒီ​ထက်​အဖိုး​တန်​တဲ့ အကျိုး​ကျေး​ဇူး မရှိ​နိုင်​ဘူး။ အဲ​ဒါ​နဲ့​ဆက်​နွှယ်​တဲ့ အကြောင်း​အရာ၊ အလုပ်​အကိုင်​နဲ့​ပတ်​သက်​တဲ့ ယေဟောဝါ​ရဲ့ ရှု​မြင်​ပုံ​အကြောင်း ဆက်​သုံးသပ်​ကြ​စို့။

^ စာပိုဒ်၊ 9 အသင်း​တော်​မှာ သူ​တစ်ပါး​ကို ထိ​ခိုက်​အောင် မလို​တ​မာ​စိတ်​နဲ့ ဗြောင်​လိမ်​တဲ့​အကျင့်​ဟာ အကြီး​အကဲ​တွေ အရေး​ယူ​ရ​မယ့်​ကိစ္စ ဖြစ်​နိုင်​တယ်။

^ စာပိုဒ်၊ 14 စီး​ပွား​ရေး​လုပ်ငန်း​တစ်​ခု ပျက်​သွား​တဲ့​အခါ ဘယ်​လို လုပ်​ဆောင်​သင့်​ကြောင်း “စီး​ပွား​ရေး​ကိစ္စတွေ​မှာ အငြင်း​ပွား​မှု​​ကို ဖြေရှင်း​ခြင်း” နောက်​ဆက်​တွဲ​ကို သုံးသပ်​ပါ။

^ စာပိုဒ်၊ 15 သူတို့​ဟာ ဝယ်​တဲ့​အခါ အလေး​တစ်​မျိုး၊​ ရောင်း​တဲ့​အခါ အလေး​တစ်​မျိုး သုံး​ပြီး အမြတ်​ထုတ်​ကြ​တယ်။ ဘယ်​အရောင်း​အဝယ်​ကိစ္စ​မှာ​မဆို ဝယ်​သူ​ကို လိမ်​လည်​လှည့်​ဖြား​ဖို့ ပို​ရှည်​တဲ့ ဒါ​မှ​မဟုတ် ပို​လေး​တဲ့ လက်​တံ​ရှိ​တဲ့ ချိန်​ခွင်​ကို​လည်း အသုံး​ပြု​တတ်​ကြ​တယ်။