မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၁၆

မာရ်နတ်နဲ့ သူ့ရဲ့ ဉာဏ်နီဉာဏ်နက်များတဲ့ လုပ်ရပ်တွေကို ခုခံတွန်းလှန်ပါ

မာရ်နတ်နဲ့ သူ့ရဲ့ ဉာဏ်နီဉာဏ်နက်များတဲ့ လုပ်ရပ်တွေကို ခုခံတွန်းလှန်ပါ

“မာ​ရ်​နတ်​ကို ခု​ခံ​တွန်း​လှန်​ကြ​ပါ။ ဒါ​ဆို​ရင် ခင်​ဗျား​တို့​ဆီ​က​နေ သူ​ထွက်​ပြေး​သွား​လိမ့်​မယ်။”​—ယာကုပ် ၄:၇

၁၊ ၂။ နှစ်ခြင်း​ခံ​တဲ့ အချိန်​အခါ​ဟာ ဘယ်​သူ​တွေ​အတွက် ဝမ်း​သာ​စ​ရာ ဖြစ်​သလဲ။

သင်​ဟာ ယေဟောဝါ​ကို နှစ်​ပေါင်း​များ​စွာ ဝတ်​ပြု​ခဲ့​ပြီဆို​ရင် အစည်း​အဝေး​​တွေ၊ အစည်း​အဝေး​ကြီး​တွေ​မှာ နှစ်ခြင်း​ဟော​ပြော​ချက်​ကို အကြိမ်​ကြိမ် ကြား​ဖူး​ပါ​လိမ့်​မယ်။ အဲဒီ​အချိန်​အခါ​မျိုး​ကို အကြိမ်​ကြိမ် ကြုံခဲ့​ပေမဲ့ နှစ်ခြင်း​ခံ​ဖို့ ခန်း​မရဲ့ ရှေ့​ဆုံး​ခုံ​တန်း​မှာ ထိုင်​နေ​တဲ့​သူ​တွေ မတ်​တတ်​ရပ်​လိုက်​တာ​ကို တွေ့​တိုင်း စိတ်​လှုပ်​ရှား​သွား​မှာ​ပဲ။ အဲဒီ​အခိုက် ပရိ​သတ်​တွေ လှုပ်​လှုပ်​ရွ​ရွ ဖြစ်​သွား​ပြီး အား​ရ​ပါး​ရ လက်​ခုပ်​တီး​ကြ​တယ်။ ယေဟောဝါ​ဘက် ရပ်​တည်​တဲ့ ဒီ​ချစ်​မြတ်​နိုး​ဖွယ် လူ​တစ်​စု​ကို ကြည့်​နေ​ရင်း ဝမ်း​သာ​မျက်​ရည်​ဝဲ​လာ​မယ်။ တ​ကယ် ပျော်​စ​ရာ​ကောင်း​တဲ့​ အချိန်​ပါ​ပဲ။

ကျွန်​တော်​တို့​အနေ​နဲ့ ကိုယ့်​ဒေ​သမှာ နှစ်ခြင်း​ခံ​တဲ့​ အချိန်​အခါ​ကို တစ်​နှစ်​မှာ နှစ်​ကြိမ်​သုံး​ကြိမ်​လောက် ကြုံ​ရ​နိုင်​တယ်။ ကောင်း​ကင်​တ​မန်​တွေ​က​တော့ အကြိမ်​ပေါင်း​များ​စွာ ကြုံ​တွေ့​ရ​တယ်။ ပတ်​စဉ် ကမ္ဘာ​တစ်​ဝန်း​မှာ ယေဟောဝါ​ရဲ့ မျက်​မြင်​ရ​အဖွဲ့​အစည်း​ထဲ လူ​ထောင်​နဲ့​ချီ ဝင်​လာ​တာ​ကို တွေ့​ရ​တဲ့​အခါ “ကောင်း​ကင်​မှာ” ဘယ်​လောက် “ဝမ်း​မြောက်” နေ​မယ်​ဆို​တာ မြင်​ယောင်​ကြည့်​ပါ။ (လုကာ ၁၅:၇၊ ၁၀) ဒီ​တိုး​တက်​မှု​ကို ကောင်း​ကင်​တ​မန်​တွေ မြင်​ပြီး ဝမ်း​သာ​နေ​ကြ​မှာ သေချာ​တယ်။​—ဟဂ္ဂဲ ၂:၇

မာ​ရ်​နတ်​ဟာ ‘ဟိန်း​ဟောက်​နေ​တဲ့ ခြ​င်္သေ့​လို လှည့်​လည်​ရှာ​ဖွေ​နေ’

၃။ စာ​တန်​ဟာ “ဟိန်း​ဟောက်​နေ​တဲ့ ခြ​င်္သေ့​လို” ဘာ​ကြောင့် လှည့်​လည်​နေ​သလဲ။ သူ ဘာ​လုပ်​ချင်​သလဲ။

ဒါ​ပေမဲ့ နှစ်ခြင်း​ခံ​တဲ့ အချိန်​အခါ​တွေ​ကို ဒေါသ​နဲ့​ကြည့်​နေ​တဲ့ နာမ်​ဝိညာဉ်​သတ္တ​ဝါ​တွေ ရှိ​တယ်။ ဆိုး​သွမ်း​တဲ့​ ဒီ​လော​က​ကို ကျော​ခိုင်း​တဲ့ လူ​ထောင်​ပေါင်း​များ​စွာ​ကြောင့် စာ​တန်​နဲ့ နတ်​ဆိုး​တွေ မခံ​ချိ​မခံ​သာ ဖြစ်​နေ​တယ်။ ယေဟောဝါ​ကို မေတ္တာ​စစ်​နဲ့​ဝတ်​ပြု​သူ တစ်​ယောက်​မှ မရှိ​ဘူး၊ အပြင်း​အထန် စမ်း​သပ်​ခံ​ရ​ရင် ဘယ်​သူ​မှ သစ္စာ​ရှိ​မှာ မဟုတ်​ဘူး​လို့ စာ​တန် ဝါ​ကြွား​ခဲ့​ဖူး​လို့​ပဲ။ (ယောဘ ၂:၄၊ ၅ ကို​ဖတ်​ပါ။) ယေဟောဝါ​ဆီ ကိုယ့်​ကိုယ်​ကိုယ် ဆက်​ကပ်​အပ်​နှံ​သူ ရှိ​လာ​တဲ့​အခါ​တိုင်း စာ​တန်​ဟာ မု​သာ​ကောင်​ဖြစ်​မှန်း ထင်​ရှား​နေ​တယ်။ စာ​တန်​ဟာ ပတ်​စဉ် အကြိမ်​ပေါင်း ထောင်​နဲ့​ချီ ပါး​ရိုက်​ခံ​ရ​သလို ဖြစ်​နေ​တယ်။ သူ​ဟာ “ဟိန်း​ဟောက်​နေ​တဲ့ ခြ​င်္သေ့​လို တစ်​ယောက်​ယောက်​ကို ဝါး​မျို​ဖို့ လှည့်​လည်​ရှာ​ဖွေ​နေ” တာ အံ့​သြစ​ရာ မဟုတ်​ဘူး။ (၁ ပေတရု ၅:၈) အဲဒီ “ခြ​င်္သေ့” ဟာ ကျွန်​တော်​တို့​ကို ဝါး​မျို​ဖို့ ဆန္ဒ​ပြင်း​ပြတယ်။ ဘု​ရား​နဲ့ ကျွန်​တော်​တို့​ရဲ့ ဆက်ဆံ​ရေး​ကို ပျက်​စီး​စေ​ချင်​ရုံ​မက ပြတ်​တောက်​စေ​ချင်​တယ်။​—ဆာလံ ၇:၁၊ ၂။ ၂ တိမောသေ ၃:၁၂

ယေဟောဝါ​ဆီ လူ​တစ်ဦး ဆက်​ကပ်​အပ်​နှံ​ပြီး နှစ်ခြင်း​ခံ​တဲ့​အခါ​တိုင်း စာ​တန်​ဟာ မု​သာ​ကောင်​ဖြစ်​မှန်း ထင်​ရှား

၄၊ ၅။ (က) ယေဟောဝါ​ဟာ စာ​တန်​ရဲ့ ​သြဇာ​အာ​ဏာ​ကို ဘယ်​နည်း​နှစ်​နည်း​နဲ့ ကန့်​သတ်​ထား​သလဲ။ (ခ) ခ​ရစ်​ယာန်​စစ်​တစ်ဦး ဘာ​ကို စိတ်​ချ​နိုင်​သလဲ။

အလွန်​ကြမ်း​ကြုတ်​တဲ့ ရန်​သူ​ကို ကျွန်​တော်​တို့ ရင်​ဆိုင်​နေ​ရ​ပေမဲ့ ကြောက်​စ​ရာ​အကြောင်း မရှိ​ဘူး။ ယေဟောဝါ​ဟာ “ဟိန်း​ဟောက်​နေ​တဲ့ ခြ​င်္သေ့” ရဲ့​ သြဇာ​အာ​ဏာ​ကို အရေး​ပါ​တဲ့ နည်း​နှစ်​နည်း​နဲ့ ကန့်​သတ်​ထား​လို့​ပဲ။ အဲဒီ​နည်း​တွေ​ဟာ ဘာ​လဲ။ ဦး​ဆုံး၊ ရောက်​လာ​တော့​မယ့် “ကြီး​စွာ​သော​ဒုက္ခ” က​နေ လွတ်​မြောက်​မယ့် စစ်​မှန်​တဲ့​ခ​ရစ်​ယာန် “လူ​အုပ်​ကြီး” ရှိ​မယ်​ဆို​ပြီး ယေဟောဝါ ကြို​ဟော​ထား​တယ်။ (ဗျာဒိတ် ၇:၉၊ ၁၄) ဘု​ရား​ရဲ့ ကြို​ဟော​ချက်​တွေ မပြည့်​စုံ​ဘဲ မနေ​ဘူး။ ဒါ​ကြောင့် ဘု​ရား​လူမျိုး​တစ်​စု​လုံး​ကို ထောင်​ချောက်​ဆင်​လို့ မရ​နိုင်​မှန်း စာ​တန်​တောင် သိ​ထား​တယ်။

ဒုတိ​ယ​ကန့်​သတ်​နည်း​ကို ရှေး​အချိန်​က ဘု​ရား​အပေါ် သစ္စာ​ရှိ​သူ​တစ်ဦး​ပြော​ခဲ့​တဲ့ အခြေ​ခံ​အမှန်​တ​ရား​က​နေ သိ​နိုင်​တယ်။ ပရော​ဖက်​အာ​ဇ​ရိ​က အာ​သမင်း​ကို “ယေဟောဝါ​ဘု​ရား​ဘက်​မှာ ခင်​ဗျား​တို့ ရှိ​နေ​သရွေ့ ဘု​ရား​က​လည်း ခင်​ဗျား​တို့​ဘက်​မှာ ရှိ​နေ​မယ်” လို့​ပြော​တယ်။ (၂ ရာ​ဇ​ဝင်​ချုပ် ၁၅:၂။ ၁ ကော​ရိန္သု ၁၀:၁၃ ကို​ဖတ်​ပါ။) ရှေး​အချိန်​က ဘု​ရား​နဲ့ ရင်းရင်း​နှီး​နှီး ရှိ​နေ​သူ​တိုင်း​ကို စာ​တန် ဝါး​မျို​ဖို့ ကြိုး​စား​ပေမဲ့ အမြဲ မအောင်​မြင်​မှန်း မှတ်​တမ်း​တင်​ထား​တဲ့ ပုံ​န​မူ​နာ​များ​စွာ​က ဖော်ပြတယ်။ (ဟီ​ဘ​ရူး ၁၁:၄-၄၀) အခု​လည်း ဘု​ရား​နဲ့ ရင်းရင်း​နှီး​နှီး​ရှိ​နေ​တဲ့ ခ​ရစ်​ယာန်​တစ်ဦး​ဟာ မာ​ရ်​နတ်​ကို ခု​ခံ​တွန်း​လှန်​ပြီး အနိုင်​ယူ​နိုင်​ပါ​တယ်။ တ​ကယ်​တော့ ကျမ်း​စာ​မှာ “မာ​ရ်​နတ်​ကို ခု​ခံ​တွန်း​လှန်​ကြ​ပါ။ ဒါ​ဆို​ရင် ခင်​ဗျား​တို့​ဆီ​က​နေ သူ​ ထွက်​ပြေး​သွား​လိမ့်​မယ်” လို့ ပြော​ထား​တယ်။​—ယာကုပ် ၄:၇

‘နတ်​ဆိုး​များ​စွာ​နဲ့ တိုက်​ခိုက်​နေ​ရ’

၆။ ခ​ရစ်​ယာန်​တစ်ဦး​ချင်း​စီ​ကို စာ​တန် ဘယ်​လို တိုက်​ခိုက်​သလဲ။

စာ​တန်​ အနိုင်​ရ​မှာ မဟုတ်​ဘူး။ ဒါ​ပေမဲ့ တစ်ဦး​စီ​အနေ​နဲ့ သတိ​မရှိ​ရင် သူ အနိုင်​ရ​သွား​နိုင်​တယ်။ ယေဟောဝါ​နဲ့​ဖွဲ့​ထား​တဲ့ နှောင်​ကြိုး​ လျော့​သွား​အောင် လုပ်​နိုင်​မယ်​ဆို​ရင် ကျွန်​တော်​တို့​ကို ဝါး​မျို​နိုင်​တယ်​ဆို​တာ စာ​တန် သိ​ထား​တယ်။ အဲဒီ​လို​ဖြစ်​အောင် စာ​တန် ဘယ်​လို​လုပ်​သလဲ။ ဉာဏ်​နီ​ဉာဏ်​နက် သုံး​ပြီး ကျွန်​တော်​တို့​တစ်ဦး​ချင်း​စီ​ကို အပြင်း​အထန် တိုက်​ခိုက်​ခြင်း​အား​ဖြင့် ဖြစ်​တယ်။ စာ​တန်​ရဲ့ အဓိက​နည်း​ဗျူ​ဟာ​တွေ​ကို သုံးသပ်​ကြည့်​ကြ​စို့။

၇။ ယေဟောဝါ​ရဲ့​လူ​တွေ​ကို စာ​တန် ဘာ​ကြောင့် အပြင်း​အထန် တိုက်​ခိုက်​နေ​သလဲ။

အပြင်း​အထန် တိုက်​ခိုက်​မှု​တွေ။ ‘တစ်​လော​က​လုံး​ဟာ ဆိုး​ညစ်​သူ​ရဲ့ သြ​ဇာ​အောက်​မှာ ရှိ​နေ​တယ်’ လို့ တမန်​တော်​ယောဟန် ပြော​ခဲ့​တယ်။ (၁ ယောဟန် ၅:၁၉) အဲဒီ​စကား​မှာ ခ​ရစ်​ယာန်​စစ်​အားလုံး​အတွက် သတိ​ပေး​ချက် ပါ​တယ်။ စာ​တန်​ဟာ ဆိုး​သွမ်း​တဲ့ လော​က​တစ်​ခု​လုံး​ကို ဝါး​မျို​ထား​ပြီဖြစ်​လို့ သူ့​ကို တိမ်း​ရှောင်​နိုင်​ဆဲ​ဖြစ်​တဲ့ ယေဟောဝါ​ရဲ့​လူ​တွေ​ကို အခု အာ​ရုံ​စိုက်​ပြီး အပြင်း​အထန် တိုက်​ခိုက်​နိုင်​တယ်။ (မိက္ခာ ၄:၁။ ယောဟန် ၁၅:၁၉။ ဗျာဒိတ် ၁၂:၁၂၊ ၁၇) သူ့​အချိန် ခ​ဏ​ပဲ ကျန်​တော့​မှန်း သိ​လို့ အကြီး​အကျယ် ဒေါသ​ထွက်​ပြီး အပြင်း​အထန် တိုက်​ခိုက်​နေ​တယ်။ အခု​ချိန်​မှာ ဘု​ရား​နဲ့ ကျွန်​တော်​တို့​ရဲ့ ဆက်ဆံ​ရေး​ကို ဖျက်​ဆီး​ဖို့ စာ​တန် အစွမ်း​ကုန် ကြိုး​စား​နေ​တယ်။

၈။ နတ်​ဆိုး​တွေ​နဲ့ “တိုက်​ခိုက်​နေ​ရ​တာ” ဆို​တဲ့ ပေါလု​ရဲ့​စကား​ဟာ ဘာ​ကို ဆိုလို​သလဲ။

တစ်ဦး​ချင်း​စီ​ကို တိုက်​ခိုက်​ခြင်း။ “ကျွန်​တော်​တို့​ဟာ . . . ကောင်း​ကင်​က နတ်​ဆိုး​များ​စွာ​နဲ့ တိုက်​ခိုက် [“န​ပန်း​သတ်၊” အောက်​ခြေ​မှတ်​ချက်] နေ​ရ​တာ” လို့ ခရစ်​ယာန်တွေ​ကို တမန်​တော်​ပေါလု သတိ​ပေး​တယ်။ (ဧဖက် ၆:၁၂) “တိုက်​ခိုက်” ဆို​တဲ့ စကား​လုံး​ကို ပေါလု ဘာ​ကြောင့် သုံး​ထား​သလဲ။ နှစ်​ဦး​ချင်း ရင်​ဆိုင်​ပြီး န​ပန်း​သတ်​တဲ့​သဘော​ကို ရည်​ညွှန်း​နေ​လို့​ပဲ။ ဒီ​စကား​လုံး​ကို ပေါလု သုံး​တာ​က ကျွန်​တော်​တို့​ တစ်ဦး​ချင်း​စီ​ဟာ နတ်​ဆိုး​တွေ​နဲ့ န​ပန်း​သတ် တိုက်​ခိုက်​နေ​ရ​တယ်​ဆို​တာ အလေး​ပေး​ချင်​လို့ ဖြစ်​တယ်။ ကျွန်​တော်​တို့ နေ​ထိုင်​တဲ့​နိုင်​ငံ​မှာ နတ်​ဆိုး​အယူ​ဝါ​ဒ လွှမ်း​မိုး​သည်​ဖြစ်​စေ၊ မလွှမ်း​မိုး​သည်​ဖြစ်​စေ ယေဟောဝါ​ဆီ ကျွန်​တော်​တို့​ကိုယ်​ကို ဆက်​ကပ်​အပ်​နှံ​ချိန်​က​စ​ပြီး လက်​ဝှေ့​ကြိုး​ဝိုင်း​ထဲ ရောက်​နေ​သလို ဖြစ်​တာ​ကို ဘယ်​တော့​မှ မမေ့​ပါ​နဲ့။ ခရစ်​ယာန်​တစ်ဦး​စီ​ဟာ ဆက်​ကပ်​အပ်​နှံ​ချိန်​က​စ​ပြီး အဲဒီ​လို လုံး​ထွေး​သတ်​ပုတ်​နေ​ရ​တယ်။ ဒါ​ကြောင့် “အခိုင်​အမာ ရပ်​တည်” ​ပါ​လို့ ဧဖက်​မြို့​က ခ​ရစ်​ယာန်တွေ​ကို ပေါလု သုံး​ကြိမ် တိုက်​တွန်း​ခဲ့​တာ အံ့​သြစ​ရာ မဟုတ်​ဘူး။​—ဧဖက် ၆:၁၁၊ ၁၃၊ ၁၄

၉။ (က) စာ​တန်​နဲ့ နတ်​ဆိုး​တွေ​ဟာ “ဉာဏ်​နီ​ဉာဏ်​နက်​များ​တဲ့ လုပ်​ရပ်​” အမျိုး​မျိုး​ကို ဘာ​ကြောင့် အသုံး​ပြု​သလဲ။ (ခ) ကျွန်​တော်​တို့​ရဲ့ အတွေး​အခေါ် ပျက်​ပြား​အောင်​လုပ်​ဖို့​ စာ​တန် ဘာ​ကြောင့် ကြိုး​စား​သလဲ။ သူ့​ကြိုး​စား​အား​ထုတ်​မှု​တွေ​ကို ဘယ်​လို ​တွန်း​လှန်​နိုင်​သလဲ။ (“ စာ​တန်​ရဲ့ ပါး​နပ်​မှု​ကို သတိ​ပြု” လေး​ထောင့်​ကွက်​ကို ကြည့်​ပါ။) (ဂ) ဉာဏ်​နီ​ဉာဏ်​နက်​များ​တဲ့ ဘယ်​လုပ်​ရပ်​အကြောင်း အခု သုံးသပ်​မလဲ။

ဉာဏ်​နီ​ဉာဏ်​နက်​များ​တဲ့ လုပ်​ရပ်​တွေ။ စာ​တန်​ရဲ့ “ဉာဏ်​နီ​ဉာဏ်​နက်​များ​တဲ့ လုပ်​ရပ်​တွေ” ကို ခု​ခံ​ပြီး အခိုင်​အမာ ရပ်​တည်​ဖို့ ခ​ရစ်​ယာန်တွေ​ကို ပေါလု နှိုး​ဆော်​ခဲ့​တယ်။ (ဧဖက် ၆:၁၁) “လုပ်​ရပ်​တွေ” ဆို​ပြီး အများ​ကိန်း သုံး​ထား​တာ​ကို သတိ​ပြု​ပါ။ နတ်​ဆိုး​တွေ​ဟာ ဉာဏ်​နီ​ဉာဏ်​နက်​ တစ်​ခု​ထက်​မက အမျိုး​မျိုး​ကို သုံး​တာ​ အကြောင်း​ရှိ​လို့​ပဲ။ ယုံ​ကြည်​သူ​တ​ချို့​ဟာ ​သွေး​ဆောင်​မှု​တစ်​မျိုး​ကို ခံ​ရ​ချိန်​မှာ အခိုင်​အမာ ရပ်​တည်​ပြီး​နောက် အချိန်​အတန်​ကြာ​တဲ့​အခါ နောက်​တစ်​မျိုး​ကြောင့် ၡုံး​နိမ့်​ခဲ့​ကြ​တယ်။ ဒါ​ကြောင့် မာ​ရ်​နတ်​နဲ့ နတ်​ဆိုး​တွေ​ဟာ ကျွန်​တော်​တို့ တစ်ဦး​ချင်း​စီ​ကို အသေအချာ စောင့်​ကြည့်​ပြီး အား​အနည်း​ဆုံး ပျော့​ကွက်​ကို ရှာ​နေ​ကြ​တယ်။ အဲဒီ​နောက် ကျွန်​တော်​တို့​ရဲ့ အား​နည်း​ချက်​ကို အခွင့်​ကောင်း​ယူ တိုက်​ခိုက်​တော့​တယ်။ ဒါ​ပေမဲ့ ကျမ်း​စာ​မှာ မာ​ရ်​နတ်​ရဲ့ အကြံ​အစည်​တွေ​ကို ဖော်ပြထား​တဲ့​အတွက် သူ့​အကြံ​အစည်​တွေ​ကို ကျွန်​တော်​တို့ သိ​နေ​တာ​ဟာ ကျေး​ဇူး​တင်​စ​ရာ​ပါ​ပဲ။ (၂ ကော​ရိန္သု ၂:၁၁) ဒီ​စာ​အုပ်​ရဲ့ အစ​ပိုင်း​မှာ ရုပ်​ပစ္စည်း​အဓိ​က​ထား​ခြင်း၊ အန္တရာယ်​ရှိ​တဲ့ အပေါင်း​အသင်း၊ လိင်​အကျင့်​ယို​ယွင်း​အောင် သွေး​ဆောင်​ခြင်း​စ​တဲ့ ဉာဏ်​နီ​ဉာဏ်​နက်​တွေ​ကို ဆွေး​နွေး​ခဲ့​တယ်။ အခု စာ​တန်​ရဲ့ ဉာဏ်​နီ​ဉာဏ်​နက်​များ​တဲ့ လုပ်​ရပ်​တွေ​ထဲ​က နောက်​တစ်​ခု​ဖြစ်​တဲ့ နတ်​ဆိုး​ပညာ လိုက်​စား​ခြင်း​အကြောင်း သုံးသပ်​ကြည့်​ကြ​စို့။

နတ်​ဆိုး​ပညာ လိုက်​စား​ခြင်း​ဟာ သစ္စာ​မဲ့​လုပ်​ရပ်​ဖြစ်

၁၀။ (က) နတ်​ဆိုး​ပညာ လိုက်​စား​ခြင်း​ဆို​တာ ဘာ​လဲ။ (ခ) နတ်​ဆိုး​ပညာ လိုက်​စား​တာ​ကို ယေဟောဝါ ဘယ်​လို ရှု​မြင်​သလဲ။ သင်​ကော ဘယ်​လို ရှု​မြင်​သလဲ။

၁၀ လူ​တစ်ဦး နတ်​ဆိုး​ပညာ လိုက်​စား​တာ​ဟာ နတ်​ဆိုး​တွေ​နဲ့ တိုက်​ရိုက်​ဆက်​သွယ်​တာ ဖြစ်​တယ်။ နတ်​ဆိုး​ပညာ လိုက်​စား​ခြင်း​မှာ ဗေ​ဒင်​အတတ်၊ စုန်း​အတတ်၊ ပြု​စား​တာ၊ လူ​သေကို​မေး​မြန်း​တာ ပါ​ဝင်​တယ်။ ကျွန်​တော်​တို့ သိ​တဲ့​အတိုင်း နတ်​ဆိုး​ပညာ လိုက်​စား​တာ​ကို “ရွံ​မုန်း​စ​ရာ” လို့ ယေဟောဝါ ယူ​မှတ်​တယ်။ (တ​ရား​ဟော​ရာ ၁၈:၁၀-၁၂။ ဗျာဒိတ် ၂၁:၈) ကျွန်​တော်​တို့​ကိုယ်​တိုင်​လည်း “ဆိုး​ညစ်​တဲ့​အရာ​ကို ရွံ​မုန်း” ရ​မှာ​ဖြစ်​လို့ နတ်​ဆိုး​တွေ​နဲ့ ဆက်​သွယ်​ဖို့ လုံး​ဝ မစဉ်း​စား​ကြ​ဘူး။ (ရော​မ ၁၂:၉) ဒါ​ဟာ ကျွန်​တော်​တို့​ရဲ့ ကောင်း​ကင်​ဖခင် ယေဟောဝါ​အပေါ် သစ္စာ​မဲ့​တဲ့​လုပ်​ရပ်​ ဖြစ်​လို့ ရွံ​စ​ရာ​ပဲ။

၁၁။ နတ်​ဆိုး​ပညာ လိုက်​စား​အောင် ကျွန်​တော်​တို့​ကို ဆွဲ​ဆောင်​နိုင်​မယ်​ဆို​ရင် စာ​တန်​အတွက် ဘာ​ကြောင့် အောင်​ပွဲ​ဖြစ်​သလဲ။ ဥပမာ​ပေး​ပါ။

၁၁ နတ်​ဆိုး​ပညာ လိုက်​စား​တာ​ဟာ ယေဟောဝါ​ကို သစ္စာ​ဖောက်​မှု​ကြီး ဖြစ်​တဲ့​အတွက် ကျွန်​တော်​တို့​ထဲ​က တ​ချို့​ကို စာ​တန် မရ​မက ကြိုး​စား​ဆွဲ​ဆောင်​တယ်။ နတ်​ဆိုး​ပညာ လိုက်​စား​အောင် ခ​ရစ်​ယာန်​တစ်ဦး​ကို ဆွဲ​ဆောင်​နိုင်​တဲ့ အကြိမ်​တိုင်း စာ​တန်​အတွက် အောင်​ပွဲ​ပဲ။ ဘာ​ကြောင့်​လဲ။ ဥပမာ၊ စစ်​သား​တစ်ဦး​ဟာ သစ္စာ​ဖောက်​ပြီး ရန်​သူ့​စစ်​တပ်​ထဲ ခို​ဝင်​သွား​ရင် ရန်​သူ့​တပ်​ရဲ့ ဗိုလ်​ချုပ် သိပ်​ဝမ်း​သာ​မယ် မဟုတ်​လား။ ဒီ​သစ္စာ​ဖောက်​ရဲ့ အရင်​ဗိုလ်​ချုပ်​ကို အရှက်​ခွဲ​တဲ့​အနေ​နဲ့ သူ့​ကို လက်​ရ​ပစ္စည်း​အဖြစ် လှည့်​လည်​ပြသမယ်။ အလား​တူ​ပဲ၊ ခ​ရစ်​ယာန်​တစ်ဦး နတ်​ဆိုး​ပညာ လိုက်​စား​မယ်​ဆို​ရင် ယေဟောဝါ​ကို စိတ်​လို​ကိုယ်​လျောက် တ​မင်​တ​ကာ သစ္စာ​ဖောက်​ပြီး မိမိ​ကိုယ်​ကို စာ​တန်​ရဲ့​ငယ်​သား ဖြစ်​စေ​ရာ​ရောက်​တယ်။ အဲဒီ​သစ္စာ​ဖောက်​ကို လက်​ရ​ပစ္စည်း​အဖြစ် လှည့်​လည်​ပြသရ​တာ​ကို စာ​တန် ဘယ်​လောက် အား​ရ​ကျေ​နပ်​လိုက်​မလဲ။ ကျွန်​တော်​တို့ တစ်​ယောက်​မှ မာ​ရ်​နတ်​ကို အဲဒီ​လို အောင်​ပွဲ​ခံ​စေ​ချင်​မှာ မဟုတ်​ဘူး။ ကျွန်​တော်​တို့​ဟာ သစ္စာ​ဖောက်​တွေ မဟုတ်​ကြ​ဘူး။

သံ​သယ​ဝင်​စေ​တဲ့ မေး​ခွန်း​တွေ မေး​ခြင်း

၁၂။ နတ်​ဆိုး​ပညာ လိုက်​စား​ခြင်း​အပေါ် ကျွန်​တော်​တို့​ရဲ့​ အမြင်​ကို သြဇာ​လွှမ်း​မိုး​ဖို့ ဘယ်​နည်း​ကို စာ​တန် သုံး​သလဲ။

၁၂ နတ်​ဆိုး​ပညာ လိုက်​စား​ခြင်း​ကို ရွံ​မုန်း​နေ​သရွေ့ စာ​တန်​ဟာ ကျွန်​တော်​တို့​ကို နတ်​ဆိုး​ပညာ​နဲ့ အနိုင်​ယူ​နိုင်​မှာ မဟုတ်​ဘူး။ ဒါ​ကြောင့် ကျွန်​တော်​တို့​ရဲ့ အတွေး​အခေါ် ပြောင်း​သွား​အောင် လုပ်​ဖို့ လို​မှန်း သူ​သိ​တယ်။ ဘယ်​လို​လုပ်​သလဲ။ ခ​ရစ်​ယာန်​တ​ချို့ “အကောင်း​ကို အဆိုး၊ အဆိုး​ကို အကောင်း” လို့ ထင်​သွား​အောင် သူ ကြိုး​စား​တယ်။ (ဟေ​ရှာ​ယ ၅:၂၀) နှစ်​တွေ​တစ်​လျှောက် အောင်​မြင်​ခဲ့​တဲ့​နည်း​တွေ​အနက် သံ​သယ​ဝင်​စေ​တဲ့ မေး​ခွန်း​မေး​တဲ့​နည်း​ကို စာ​တန် ပြန်​သုံး​လေ့​ရှိ​တယ်။

၁၃။ သံ​သယ​ဝင်​စေ​တဲ့​ မေး​ခွန်း​တွေ​ကို စာ​တန် ဘယ်​လို အသုံး​ပြု​ခဲ့​သလဲ။

၁၃ အတိတ်​က ဒီ​နည်း​ကို စာ​တန် ဘယ်​လို​ သုံး​ခဲ့​တယ်​ဆို​တာ သတိ​ပြု​ပါ။ ဧ​ဒင်​ဥယျာဉ်​မှာ ဧ​ဝ​ကို “ဥ​ယျာဉ်​ထဲ​မှာ​ရှိ​တဲ့ အပင်​အားလုံး​ရဲ့​ အသီး​ကို မစား​နဲ့​လို့ ဘု​ရား​သခင် တ​ကယ်​ပဲ ပြော​သလား” လို့ သူ​မေး​တယ်။ ယောဘ​ခေတ်​တုန်း​က ကောင်း​ကင်​မှာ ကောင်း​ကင်​တ​မန်​တွေ စု​ဝေး​တဲ့​အခါ “ယောဘ​က ဘာ​အကျိုး​မှ​ မရ​ဘဲ ဘု​ရား​သခင်​ကို ကြောက်​ပါ့​မလား” လို့​ သူ​မေး​တယ်။ ယေရှု မြေကြီး​ပေါ် စတင်​အမှု​ဆောင်​ချိန်​မှာ စာ​တန်​က “မင်း ဘု​ရား​သခင်​ရဲ့​သား မှန်​ရင် ဒီ​ကျောက်​ခဲ​တွေ​ကို မုန့်​ဖြစ်​စေ​လို့ အမိန့်​ပေး​လိုက်​လေ” ဆို​ပြီး စိန်​ခေါ်​တယ်။ စဉ်း​စား​ကြည့်​ပါ။ အဲဒီ​မတိုင်​ခင် လွန်​ခဲ့​တဲ့ ခြောက်​ပတ်​လောက်​မှာ ယေရှု​နဲ့​ပတ်​သက်​ပြီး ယေဟောဝါ​ကိုယ်​တိုင်​က “သူ​ဟာ ငါ​မြတ်​နိုး​တဲ့ ငါ့​ရဲ့​ချစ်​သား​ပဲ” လို့​ပြော​ခဲ့​တယ်။​ ဒီ​စကား​ကို စာ​တန် ကဲ့​ရဲ့​ပြော​ဆိုလိုက်​တာ​ပဲ။​—ကမ္ဘာဦး ၃:၁။ ယောဘ ၁:၉။ မဿဲ ၃:၁၇။ ၄:၃

၁၄။ (က) နတ်​ဆိုး​ပညာ လိုက်​စား​ခြင်း​နဲ့​ပတ်​သက်​ပြီး သံ​သယ​ဝင်​စေ​တဲ့​နည်း​ကို စာ​တန် ဘယ်​လို သုံး​သလဲ။ (ခ) အခု ဘာ​အကြောင်း သုံးသပ်​ကြ​မလဲ။

၁၄ ဒီ​နေ့​လည်း မာ​ရ်​နတ်​ဟာ နတ်​ဆိုး​ပညာ လိုက်​စား​ခြင်း​ရဲ့ အန္တရာယ်​နဲ့​ပတ်​သက်​ပြီး သံ​သယ​ဝင်​အောင် အဲဒီ​နည်း​ကို​ပဲ အသုံး​ပြု​တယ်။ ဝမ်း​နည်း​စ​ရာ​က ယုံ​ကြည်သူ​တချို့ သံ​သယ​ဝင်​အောင် သူ လုပ်​နိုင်​ခဲ့​တယ်။ နတ်​ဆိုး​ပညာ လိုက်​စား​တဲ့ နည်း​တ​ချို့​ဟာ တ​ကယ်​ပဲ ဒီ​လောက်​ဆိုး​လို့​လား​ ဆို​ပြီး သံ​သယ ဝင်​လာ​ကြ​တယ်။ (၂ ကော​ရိန္သု ၁၁:၃) သူတို့​ရဲ့​အမြင်​ကို ဘယ်​လို ပြု​ပြင်​ပေး​နိုင်​သလဲ။ စာ​တန်​ရဲ့​ ဉာဏ်​နီ​ဉာဏ်​နက်​ကြောင့် ၡုံး​နိမ့်​မသွား​အောင် ကျွန်​တော်​တို့​ ဘယ်​လို​လုပ်​နိုင်​သလဲ။ အဖြေရ​ဖို့ နတ်​ဆိုး​ပညာ​ပါ​တယ်​လို့ မထင်​ရ​အောင် စာ​တန် ပါး​နပ်​စွာ လုပ်​ထား​တဲ့ ဘဝ​ကဏ္ဍ​နှစ်​ခု​ကို သုံးသပ်​ကြည့်​ကြ​စို့။ အဲ​ဒါ​တွေ​က​တော့ ဖျော်​ဖြေရေး​နဲ့ ကျန်း​မာ​ရေး ဖြစ်​တယ်။

ကျွန်​တော်​တို့​ရဲ့ လို​အင်​ဆန္ဒ​နဲ့ လို​အပ်​ချက်​တွေ​ကို အမြတ်​ထုတ်​ခြင်း

၁၅။ (က) နတ်​ဆိုး​ပညာ လိုက်​စား​တာ​ကို အနောက်​တိုင်း​သား​အများ​စု ဘယ်​လို ရှု​မြင်​သလဲ။ (ခ) နတ်​ဆိုး​ပညာ လိုက်​စား​တာ​နဲ့ ပတ်​သက်​တဲ့ ဒီ​လော​က​ရဲ့ ရှု​မြင်​ချက်​က ခ​ရစ်​ယာန်​တ​ချို့​ကို ဘယ်​နည်း​နဲ့ သြဇာ​လွှမ်း​ခဲ့​သလဲ။

၁၅ အထူး​သဖြင့် အနောက်​တိုင်း​မှာ မှော်​ပညာ၊ စုန်း​က​ဝေ​အတတ်၊ နတ်​ဆိုး​ပညာ​နဲ့ ဆက်​နွှယ်​တာ​တွေ​ကို ပို​ပြီး ပေါ့​ပေါ့​တန်​တန် သဘော​ထား​လာ​ကြ​တယ်။ ရုပ်​ရှင်၊ စာပေ​၊ တီ​ဗွီ​အစီ​အစဉ်​နဲ့ ကွန်​ပျူ​တာ​ဂိမ်းတွေ​မှာ နတ်​ဆိုး​ပညာ လိုက်​စား​တာ​ကို ပျော်​စ​ရာ၊ ခေတ်​မီ​ပြီး အန္တရာယ်​ကင်း​တဲ့​အရာလို့​တောင် တင်​ဆက်​နေ​တယ်။ မှော်​ပညာ​ကို အဓိ​က​ပုံ​ဖော်​တဲ့ ရုပ်​ရှင်​နဲ့ စာပေ​တွေ​ဟာ ​လူ​ကြိုက်​များ​လွန်း​လို့ ဝါ​သနာ​တူ​သူ​အဖွဲ့​အစည်း​တွေ ဖွဲ့​ထား​ကြ​ပြီ။ မှော်​ပညာ​ရဲ့ အန္တရာယ်​ကို အသေး​အဖွဲ​ကိစ္စ​အဖြစ် ယူ​မှတ်​အောင် လုပ်​ဆောင်​ရာ​မှာ နတ်​ဆိုး​တွေ အောင်​မြင်​နေ​တာ ထင်​ရှား​တယ်။ ခ​ရစ်​ယာန်​တ​ချို့​တောင် နတ်​ဆိုး​ပညာ လိုက်​စား​တာ​ကို ပေါ့​ပေါ့​တန်​တန် သဘော​ထား​လာ​ကြ​တယ်။ အဲဒီ​သဘော​ထား​က သူတို့​ရဲ့ စဉ်း​စား​တွေး​ခေါ်​ပုံ​ကို သြဇာ​လွှမ်း​ခဲ့​တယ်။ ဘယ်​နည်း​နဲ့​လဲ။ ဖြစ်​ပျက်​နေ​ကျ ကိစ္စ​တစ်​ခု​ကို ဖော်ပြရ​ရင် ခ​ရစ်​ယာန်​တစ်ဦး​ဟာ မှော်​ပညာ​ကို အသား​ပေး​တဲ့ ရုပ်​ရှင်​တစ်​ကား ကြည့်​ပြီး​နောက် “အဲဒီ​ရုပ်​ရှင်​ကို ကြည့်​ရုံ​ပါ​ပဲ၊ ဒါ​ပေမဲ့ ငါ နတ်​ဆိုး​ပညာ မလိုက်​စား​ပါ​ဘူး” လို့ ဆင်​ခြေ​ပေး​တတ်​တယ်။ ဒါ​ဟာ ဘာ​ကြောင့် အန္တရာယ်​ရှိ​သလဲ။

၁၆။ မှော်​ပညာ​ကို အသား​ပေး​တဲ့ ဖျော်​ဖြေမှု​ကို ကြည့်​ရှု​တာ​ဟာ ဘာ​ကြောင့် အန္တရာယ်​ရှိ​သလဲ။

၁၆ နတ်​ဆိုး​ပညာ​ကို လိုက်​စား​တာ​နဲ့ ရှု​စား​တာ​ဟာ မတူ​တာ​မှန်​ပေမဲ့ မှော်​အတတ်​နဲ့​ဆိုင်​တဲ့ ပြကွက်​တွေ​ကို ကြည့်​ရှု​တာ အန္တရာယ်​မရှိ​ဘူး​လို့ မဆို​နိုင်​ဘူး။ ဘာ​ကြောင့်​လဲ။ ဒီ​အချက်​ကို သုံးသပ်​ကြည့်​ပါ– ကျွန်​တော်​တို့ ဘာ​စဉ်း​စား​နေ​မှန်း စာ​တန်​နဲ့ နတ်​ဆိုး​တွေ မသိ​နိုင်​ဘူး​လို့ ကျမ်း​စာ ပြော​တယ်။ * ဒါ​ကြောင့် အစော​ပိုင်း​မှာ ဖော်ပြခဲ့​တဲ့​အတိုင်း နတ်​ဆိုး​တွေ​ဟာ ကျွန်​တော်​တို့ စဉ်း​စား​ပုံ​နဲ့ အား​နည်း​ချက်​ကို သိ​နိုင်​ဖို့ ကျွန်​တော်​တို့​ရဲ့ ဖျော်​ဖြေမှု​ရွေး​ချယ်​ပုံ အပါ​အဝင် အပြု​အမူ​တွေ​ကို ဂရု​တ​စိုက် စောင့်​ကြည့်​ရ​မယ်။ ခ​ရစ်​ယာန်​တစ်ဦး​ဟာ နတ်​က​တော်​တွေ၊ မျက်​လှည့်​တွေ၊ နတ်​ပူး​သူ​တွေ၊ နတ်​ဆိုး​တွေ​နဲ့​ဆိုင်​တဲ့ အကြောင်း​တွေ​ကို အသား​ပေး​တဲ့ ရုပ်​ရှင်၊ စာပေ​တွေ​ကို ကြိုက်​နေ​မယ်​ဆို​ရင် နတ်​ဆိုး​တွေ​ကို သတင်း​ပို့​ရာ​ရောက်​တယ်။ တ​ကယ်​တော့ သူ့​အား​နည်း​ချက်​အကြောင်း နတ်​ဆိုး​တွေ​ကို အသိ​ပေး​နေ​တာ​ပဲ။ အဲဒီ​အခါ နတ်​ဆိုး​တွေ​က သူ့​အား​နည်း​ချက်​ကို အမြတ်​ထုတ်​ပြီး အလဲ​ထိုး​နိုင်​တဲ့​အထိ အပြင်း​အထန် တိုက်​ခိုက်​မယ်။ မှော်​ပညာ​ကို အသား​ပေး​တဲ့ ဖျော်​ဖြေမှု​ကို စပ်​စု​ရာ​က​နေ နတ်​ဆိုး​ပညာ​ကို စိတ်​ဝင်​စား​သွား​သူ​တ​ချို့​ဟာ နောက်​ဆုံး​မှာ ကိုယ်​တိုင် နတ်​ဆိုး​ပညာ​ကို လိုက်​စား​တော့​တယ်။​—ဂလာ​တိ ၆:၇ ကို​ဖတ်​ပါ။

ဖျား​နာ​ချိန်​မှာ ယေဟောဝါ​ဆီ​က အကူ​အညီ ရ​ယူ​ပါ

၁၇။ ဖျား​နာ​သူ​တွေ​ကို ဉာဏ်​နီ​ဉာဏ်​နက်​များ​တဲ့ ဘယ်​လုပ်​ရပ်​နဲ့ စာ​တန် အမြတ်​ထုတ်​နိုင်​သလဲ။

၁၇ ဖျော်​ဖြေမှု​ကို နှစ်​သက်​တဲ့ ကျွန်​တော်​တို့​ရဲ့ လို​အင်​ဆန္ဒ​ကို​သာ​မက ကျန်း​မာ​ရေး​ဂရု​စိုက်​ဖို့ လို​အပ်​ချက်​ကို​ပါ စာ​တန် အမြတ်​ထုတ်​ဖို့ ကြိုး​စား​တယ်။ ဘယ်​လို​နည်း​နဲ့​လဲ။ ကျန်း​မာ​ရေး​မကောင်း​တဲ့ ခ​ရစ်​ယာန်​တစ်ဦး​ဟာ နည်း​အမျိုး​မျိုး​နဲ့ ကု​သမှု ခံ​ယူ​ပေမဲ့ မသက်​သာ​လို့ စိတ်​ပျက်​နေ​မယ်။ (မာကု ၅:၂၅၊ ၂၆) ဒီ​အခြေ​အနေ​ဟာ စာ​တန်​နဲ့ နတ်​ဆိုး​တွေ အမြတ်​ထုတ်​စ​ရာ ဖြစ်​သွား​နိုင်​တယ်။ ကြံ​ရာ​မရ​တဲ့​အဆုံး “မှော်​အတတ်” ဒါ​မှ​မဟုတ် နတ်​ဆိုး​ပညာ​ပါ​တဲ့ ကု​သမှု​တွေ​ကို ခံ​ယူ​ဖို့ ​သွေး​ဆောင်​နိုင်​တယ်။ (ဟေ​ရှာ​ယ ၁:၁၃) နတ်​ဆိုး​တွေရဲ့ ဉာဏ်​နီ​ဉာဏ်​နက်​များ​တဲ့ လုပ်​ရပ် အောင်​မြင်​မယ်​ဆို​ရင် ဘုရား​သခင်​နဲ့ လူ​မမာ​ရဲ့​ဆက်ဆံ​ရေး​ ပျက်​သွား​နိုင်​တယ်။ ဘယ်​နည်း​နဲ့​လဲ။

၁၈။ ခ​ရစ်​ယာန်​တစ်ဦး ဘယ်​ကု​ထုံး​တွေ​ကို ငြင်း​ပယ်​မလဲ။ ဘာ​ကြောင့်​လဲ။

၁၈ ကြံ​ရာ​မရ​တဲ့​အဆုံး “မှော်​အတတ်” ကို အသုံး​ချ​ခဲ့​တဲ့ အစ္စရေးတွေ​ကို ယေဟောဝါ​က “မင်း​တို့ လက်​ဖြန့်​ဆုတောင်း​တဲ့​အခါ ငါ မျက်​စိ​လွှဲ​ထား​မယ်။ အကြိမ်​ကြိမ် ဆုတောင်း​ရင်​လည်း ငါ နား​မထောင်​ဘူး” လို့ သတိ​ပေး​တယ်။ (ဟေ​ရှာ​ယ ၁:၁၅) ကျွန်တော်​တို့​ဟာ ဆုတောင်း​ချက်​ကို အတား​အဆီး​ဖြစ်​စေ​မယ့်၊ ယေဟောဝါ​ရဲ့ အကူ​အညီ မရ​စေ​မယ့် အရာ​မှန်​သမျှ​ကို အမြဲတမ်း ရှောင်​ချင်​ကြ​တယ်။ အထူး​သဖြင့် ဖျား​နာ​ချိန်​မှာ ဖြစ်​တယ်။ (ဆာလံ ၄၁:၃) ဒါ​ကြောင့် ရော​ဂါ​အမည်​ဖော်​ရာ​မှာ ဒါ​မှ​မဟုတ် ကု​ထုံး​တစ်​နည်း​နည်း​မှာ နတ်​ဆိုး​ပညာ ပါ​ဝင်​ပုံ​ရှိ​ရင် ခ​ရစ်​ယာန်​စစ်​တ​ဦး​ဟာ အဲ​ဒါ​ကို ငြင်း​ပယ်​သင့်​တယ်။ * (မဿဲ ၆:၁၃) ဒီ​နည်း​နဲ့ ယေဟောဝါ​ရဲ့ ကူညီ​မှု ဆက်​ရ​ရှိ​မှာ သေချာ​တယ်။​—“ ဒါ​ဟာ နတ်​ဆိုး​ပညာ လိုက်​စား​တာ ဟုတ်​လို့​လား” လေး​ထောင့်​ကွက်​ကို ကြည့်​ပါ။

နတ်​ဆိုး​ပုံ​ပြင် အလွန် ပေါ​များ​တဲ့​အခါ

၁၉။ (က) မာ​ရ်​နတ်​ဟာ မိမိ​ရဲ့ တန်ခိုး​နဲ့​ပတ်​သက်​ပြီး လူ​များ​စွာ​ကို ဘယ်​လို လှည့်​စား​ခဲ့​သလဲ။ (ခ) ဘယ်​ပုံ​ပြင်​တွေ​ကို ခ​ရစ်​ယာန်​စစ်​တွေ ရှောင်​ရ​မလဲ။

၁၉ အနောက်​တိုင်း​သား​များ​စွာ​ဟာ စာ​တန့်​သြဇာ​ရဲ့ အန္တရာယ်​ကို ပေါ့​ပေါ့​တန်​တန် သဘော​ထား​ကြ​ပေမဲ့ ကမ္ဘာ့​တ​ခြား​ဒေ​သတွေ​မှာ​တော့ အဲဒီ​လို မဟုတ်​ဘူး။ အဲဒီ​ဒေသတွေ​မှာ မာ​ရ်​နတ်​က မိမိ​ဟာ အလွန်​တန်ခိုး​ကြီး​တယ်​လို့ လူ​တွေ​ယုံ​အောင် လှည့်​စား​တယ်။ တ​ချို့​ဟာ နတ်​ဆိုး​တွေ​ရဲ့ရန်​ကို ကြောက်​ကြောက်​နဲ့ လုပ်​ကိုင်​စား​သောက်၊ အသက်​ရှင်​နေ​ကြ​ရ​တယ်။ နတ်​ဆိုး​တွေ ဘယ်​လောက် တန်ခိုး​ကြီး​တယ်​ဆို​တဲ့ ပုံ​ပြင်​တွေ အများ​ကြီး​ရှိ​တယ်။ အဲဒီ​ပုံ​ပြင်​တွေ​ကို မြိန်​ရေ​ရှက်​ရေ ပြော​ဆို​တတ်​ကြ​ပြီး လူ​တွေ​လည်း စိတ်​ဝင်​တ​စား နား​ထောင်​ကြ​တယ်။ ဒါ​တွေ​ကို ကျွန်​တော်​တို့ ဖြန့်​သင့်​သလား။ စစ်​မှန်​တဲ့ ဘု​ရားရဲ့ ကျေး​ကျွန်​တွေ​ဟာ အရေး​ကြီး​တဲ့ အကြောင်း​ရင်း​နှစ်​ခု​ကြောင့် အဲဒီ​လို​လုပ်​ကြ​မှာ မဟုတ်​ဘူး။

၂၀။ လူ​တစ်ဦး​ဟာ စာ​တန်​ရဲ့​ ဝါ​ဒ​ဖြန့်​မှု​ကို မရည်​ရွယ်​ဘဲ ဘယ်​လို ပျံ့​နှံ့​သွား​စေ​နိုင်​သလဲ။

၂၀ ပထ​မ၊ နတ်​ဆိုး​တွေ အစွမ်း​ထက်​တဲ့​အကြောင်း ပုံ​ပြင်​တွေ​ကို တစ်ဆင့်​ပြော​ပြတာ​ဟာ စာ​တန်​ရဲ့ လုပ်​ဆောင်​မှု​တွေ​ကို အား​ပေး​ရာ​ရောက်​တယ်။ ဘယ်​လို​နည်း​နဲ့​လဲ။ စာ​တန် တန်ခိုး​ပြနိုင်​တယ်​လို့ ကျမ်း​စာ​ဆို​တယ်။ “မု​သာ​နဲ့​ဆိုင်​တဲ့ အံ့​ဖွယ်​အမှု​တွေ” နဲ့ “မကောင်း​မှု​အမျိုး​မျိုး” ကို သုံး​ပြီး သူ လှည့်​ဖြား​နေ​တယ်​လို့​လည်း သတိ​ပေး​တယ်။ (၂ သက်သာ​လောနိတ် ၂:၉၊ ၁၀) စာ​တန်​ဟာ လှည့်​ဖြား​ရာ​မှာ အလွန်​ကျွမ်း​ကျင်​တဲ့​အတွက် နတ်​ဆိုး​ပညာ စိတ်​ဝင်​စား​သူ​တွေ​ကို ဘယ်​လို သြဇာ​လွှမ်း​မိုး​ရ​မယ်၊ မဟုတ်​မမှန်​ရာ​တွေ​ကို ယုံ​ကြည်​လာ​အောင် ဘယ်​လို လုပ်​ရ​မယ်​ဆို​တာ သိ​တယ်။ သူတို့ ကြား​ရ၊ မြင်​ရ​တဲ့​အရာ​တွေ​ကို တ​ကယ်​ယုံ​ပြီး တ​ခြား​သူ​တွေ​ကို တစ်ဆင့် ပြန်​ပြော​ပြကြ​မယ်။ ​ဒီ​လို​နဲ့ တစ်ဆင့်​စကား တစ်ဆင့်​ပြော​ရင်း ချဲ့​ကား​တဲ့​စကား ဖြစ်​သွား​တယ်။ ခ​ရစ်​ယာန်​တစ်ဦး​ဟာ အဲဒီ​ပုံ​ပြင်​တွေ​ကို ဖြန့်​မယ်​ဆို​ရင် “မု​သာ​ရဲ့​အဖ” မာ​ရ်​နတ် ခိုင်း​တာ​ကို လုပ်​ရာရောက်​မယ်၊ စာ​တန်​ရဲ့ ဝါ​ဒ​ဖြန့်​မှု​ကို ပျံ့​နှံ့​အောင် လုပ်​ရာ​ရောက်​မယ်။​—ယောဟန် ၈:၄၄။ ၂ တိမောသေ ၂:၁၆

၂၁။ ဘယ်​အကြောင်း​ကို ကျွန်​တော်​တို့ အဓိ​က​ထား ပြော​ဆို​ချင်​ကြ​သလဲ။

၂၁ ဒုတိ​ယ၊ ခ​ရစ်​ယာန်​တစ်ဦး​ဟာ အရင်​က နတ်​ဆိုး​တွေရဲ့​ရန်​ကို တ​ကယ်​ကြုံခဲ့​ရ​ဦး​တော့ အဲဒီ​အတွေ့​အကြုံ​အကြောင်း ယုံ​ကြည်​သူ​ချင်း​တွေ​ကို စီ​ကာ​ပတ်​ကုံး ထပ်​တ​လဲ​လဲ မပြော​သင့်​ဘူး။ ဘာ​ကြောင့်​လဲ။ “ကျွန်​တော်​တို့​ရဲ့ ယုံ​ကြည်​ခြင်း​ကို ပြည့်​ဝ​စေ​သူ ကိုယ်​စား​လှယ်​ချုပ် ယေရှု​ကို အာ​ရုံ​စိုက်” ဖို့ မှာ​ကြား​ထား​လို့​ပဲ။ (ဟီ​ဘ​ရူး ၁၂:၂) ကျွန်​တော်​တို့​ဟာ စာ​တန်​ကို မဟုတ်​ဘဲ ခ​ရစ်​တော်​ကို အာ​ရုံ​စိုက်​ရ​မှာ ဖြစ်​တယ်။ ယေရှု​ဟာ မြေကြီး​ပေါ်​ရှိ​တုန်း​က စာ​တန်​ရဲ့ အစွမ်း​တန်ခိုး​အကြောင်း အများ​ကြီး ပြော​နိုင်​ပေမဲ့ တ​ပည့်တွေ​ကို နတ်​ဆိုး​တွေ​အကြောင်း စီ​ကာ​ပတ်​ကုံး မပြော​ခဲ့​တာ သတိ​ပြု​ပါ။ အဲဒီ​အစား နိုင်​ငံ​တော်​သတင်း​ကို​ပဲ အာ​ရုံ​စိုက်​ခဲ့​တယ်။ ဒါ​ကြောင့် ကျွန်​တော်​တို့​လည်း ယေရှု​နဲ့ တမန်​တော်​တွေ​ကို တု​ပတဲ့​အနေ​နဲ့ “ဘု​ရား​သခင်​ရဲ့ အံ့​ဖွယ်​အမှု​တွေ​အကြောင်း” အဓိ​က​ထား ပြော​ဆို​ချင်​ကြ​တယ်။​—တမန်​တော် ၂:၁၁။ လုကာ ၈:၁။ ရော​မ ၁:၁၁၊ ၁၂

၂၂။ ‘ကောင်း​ကင်​မှာ ဝမ်း​မြောက်’ အောင် ကျွန်​တော်​တို့​ ဘယ်​လို လုပ်​ဆောင်​နိုင်​သလဲ။

၂၂ မှန်​ပါ​တယ်၊ ယေဟောဝါ​နဲ့ ကျွန်​တော်​တို့​ရဲ့ ဆက်ဆံ​ရေး ပျက်​ပြား​အောင် နတ်​ဆိုး​ပညာ လိုက်​စား​ခြင်း အပါ​အဝင် ဉာဏ်​နီ​ဉာဏ်​နက်​များ​တဲ့ လုပ်​ရပ်​တွေ​ကို စာ​တန် အသုံး​ပြု​တယ်။ ဒါ​ပေမဲ့ ကျွန်​တော်​တို့​ဟာ ဆိုး​ညစ်​တဲ့​အရာ​ကို ရွံ​မုန်း​ပြီး ကောင်း​မှု​ကို ကိုင်​စွဲ​ထား​ကြ​တယ်။ နတ်​ဆိုး​ပညာ လိုက်​စား​တဲ့ နည်း​မှန်​သမျှ​ကို ငြင်း​ပယ်​မယ်​ဆို​တဲ့ ကျွန်​တော်​တို့​ရဲ့ ဆုံး​ဖြတ်​ချက်​ကို ပျက်​ပြား​အောင် လုပ်​ဖို့ မာ​ရ်​နတ်​ကို လုံး​ဝ အခွင့်​မပေး​ကြ​ဘူး။ (ဧဖက် ၄:၂၇ ကို​ဖတ်​ပါ။) ကျွန်​တော်​တို့​ဟာ မာ​ရ်​နတ် မရှိ​တော့​တဲ့​အချိန်​ထိ သူ့​ရဲ့ “ဉာဏ်​နီ​ဉာဏ်​နက်​များ​တဲ့ လုပ်​ရပ်တွေ​ကို ခု​ခံ​ပြီး အခိုင်​အမာ ရပ်​တည်” နေ​မယ်​ဆို​ရင် “ကောင်း​ကင်​မှာ” ဘယ်​လောက် “ဝမ်း​မြောက်” ကြ​မယ်​ဆို​တာ​ မြင်​ယောင်​ကြည့်​ပါ။​—လုကာ ၁၅:၇။ ဧဖက် ၆:၁၁

^ စာပိုဒ်၊ 16 (ခု​ခံ​သူ၊ အသရေ​ဖျက်​သူ၊ လှည့်​ဖြား​သူ၊ ​သွေး​ဆောင်​သူ၊ မု​သာ​ကောင်) လို့ စာ​တန်​ကို ပေး​ထား​တဲ့ နာ​မည်​တွေ​ဟာ ကျွန်​တော်​တို့​ရဲ့ စိတ်​နှလုံး​ကို သူ​မြင်​နိုင်​စွမ်း​ရှိ​တယ်​လို့ မဆိုလို​ဘူး။ ဒါ​ပေမဲ့ ယေဟောဝါ​ကို “စိတ်​နှလုံး​ကို စစ်​ဆေး​သူ၊” ယေရှု​ကို “အနက်​ရှိုင်း​ဆုံး ခံစား​ချက်​နဲ့ နှလုံး​သား​ကို စစ်​ဆေး​သူ” ဆို​ပြီး ဖော်ပြထား​တယ်။​—ပညာ​အလိမ္မာ ၁၇:၃။ ဗျာဒိတ် ၂:၂၃

^ စာပိုဒ်၊ 18 ပို​သိ​ချင်​ရင် ကင်း​မျှော်​စင်၊ ၁၉၉၄၊ ဒီ​ဇင်​ဘာ ၁၅၊ စာ​မျက်​နှာ ၁၉-၂၂ ပါ “သင့်​အတွက် ကျန်း​မာ​ရေး စမ်း​သပ်​နည်း​လော” နဲ့ နိုး​လော့! ၂၀၀၂၊ ဇန်​န​ဝါ​ရီ ၈​ ပါ “သမ္မာ​ကျမ်း​စာ​ရှု​ထောင့်– သင်​ရွေး​ချယ်​သော ဆေး​ဝါး​ကု​သနည်း​—ယင်း​သည် အရေး​ကြီး​သလော” ဆောင်း​ပါး​ကို ကြည့်​ပါ။