မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

နောက်​ဆက်​တွဲ

နှင်ထုတ်ခံရသူတစ်ဦးနဲ့ ဆက်ဆံသင့်ပုံ

နှင်ထုတ်ခံရသူတစ်ဦးနဲ့ ဆက်ဆံသင့်ပုံ

ဆွေ​မျိုး ဒါ​မှ​မဟုတ် မိတ်ဆွေ​ရင်း​ချာ​တစ်ဦး အပြစ်​ကျူး​လွန်​ပြီး​နောက် နောင်​တ​မရ​လို့ အသင်း​တော်​က​နေ နှင်​ထုတ်​ခံ​ရ​တဲ့​အခါ ကျွန်​တော်​တို့ ခံစား​ရ​တဲ့ ဝမ်း​နည်း​မှု​ဟာ ဘယ်​ဝမ်း​နည်း​မှု​မျိုး​နဲ့​မှ မတူ​ဘူး။ ဒီ​ကိစ္စ​နဲ့​ဆိုင်​တဲ့ ကျမ်း​စာ​ညွှန်​ကြား​ချက်​ကို ကျွန်​တော်​တို့ လိုက်​နာ​ကျင့်​သုံး​ပုံ​ဟာ ဘု​ရား​ကို ဘယ်​လောက် ချစ်​သလဲ၊ ဘု​ရား​ရဲ့​အစီ​အစဉ်​ကို ဘယ်​လောက် သစ္စာ​ရှိ​သလဲ​ဆို​တာ သိ​သာ​စေ​နိုင်​တယ်။ * ဒါ​နဲ့​ပတ်​သက်​ပြီး ပေါ်​လာ​တဲ့ မေး​ခွန်း​တ​ချို့​ကို သုံးသပ်​ကြည့်​ကြ​စို့။

နှင်​ထုတ်​ခံ​ရ​သူ​ကို ဘယ်​လို ဆက်ဆံ​ရ​မလဲ။ “ညီ​အစ်​ကို​လို့ ပြော​ပြီး လိင်​အကျင့်​ယို​ယွင်း​သူ၊ လော​ဘ​ကြီး​သူ၊ ရုပ်​တု​ကိုးကွယ်​သူ၊ ဆဲ​ရေး​တိုင်း​ထွာ​သူ၊ သောက်​ကြူး​သူ၊ လု​ယက်​သူ ဖြစ်​နေ​ရင်​တော့ သူ​နဲ့ ပေါင်း​ဖော်​ဖို့ မပြော​နဲ့ အတူ​စား​သောက်​တာ​တောင် မလုပ်​ကြ” ဖို့ ကျမ်း​စာ​က ပြော​တယ်။ (၁ ကော​ရိန္သု ၅:၁၁) “ခ​ရစ်​တော်​ရဲ့​သွန်သင်​ချက်​အတိုင်း မလိုက်” သူ​တိုင်း​နဲ့​ပတ်​သက်​ပြီး “ခင်​ဗျား​တို့​ဆီ ရောက်​လာ​ရင် သူ့​ကို လုံး​ဝ လက်မခံ​​နဲ့။ နှုတ်​ဆက်​စကား​တောင် မပြော​နဲ့။ နှုတ်​ဆက်​ရင် သူ့​ရဲ့ ဆိုး​ညစ်​တဲ့ အကျင့်​တွေ​ကို ထောက်​ခံ​ရာရောက်​တယ်” လို့ ပြော​ထား​တယ်။ (၂ ယောဟန် ၉-၁၁) နှင်​ထုတ်​ထား​သူ​တွေ​ကို ကျမ်း​စာ​အကြောင်း ဝေ​မျှ​တာ ဒါ​မှ​မဟုတ် ပေါင်း​သင်း​တာ မလုပ်​ရ​ဘူး။ ကျွန်ုပ်​တို့​၏​နိုင်​ငံ​တော်​ဓမ္မ​အမှု၊ ၂၀၀၂ သြဂုတ်​လ၊ စာ​မျက်​နှာ ၃ မှာ ဒီ​လို​ပြော​တယ်– “လူ​တစ်ဦး​အား ‘နေ​ကောင်း​လား’ ဟူ၍ ရိုး​ရိုး​က​လေး နှုတ်​ဆက်​ခြင်း​သည် စကား​စ​မြည် ပြော​ဖြစ်​ရန်၊ မိတ်ဆွေ​ပင် ဖြစ်​သွား​ရန် ပထ​မဆုံး​ခြေ​လှမ်း ​ဖြစ်​နိုင်​သည်။ နှင်​ထုတ်​ခံ​ရ​သူ​တစ်ဦး​နှင့် ထို​ပထ​မခြေ​လှမ်း​ကို ကျွန်ုပ်​တို့ လှမ်း​လို​ကြ​မည်​လော။”

လုံး​ဝ​ရှောင်​ဖို့ တ​ကယ် လို​အပ်​သလား။ လို​အပ်​တဲ့ အကြောင်း​ရင်း​များ​စွာ ရှိ​တယ်။ ပထ​မ၊ ဒါ​ဟာ ဘု​ရား​သခင်​နဲ့ ကျမ်း​စာ​အပေါ် သစ္စာ​တည်​ကြည်​ကြောင်း တင်​ပြရာ​ရောက်​တယ်။ အဆင်​ပြေမှ ယေဟောဝါ​ကို နာ​ခံ​တာ မဟုတ်​ဘဲ အခက်​အခဲ​ရှိ​ရင်​လည်း နာ​ခံ​မှာ ဖြစ်​တယ်။ ဘု​ရား​သခင်​ကို ချစ်​တဲ့​အတွက် ဘု​ရားရဲ့​ပညတ်​အားလုံး​ကို လိုက်​နာ​ကြ​တယ်။ ဘု​ရား​ဟာ တ​ရား​မျှ​တ​ပြီး ကျွန်​တော်​တို့​ကို​ ချစ်​တဲ့​အပြင် ဘု​ရား​ရဲ့​ပညတ်​တွေ​ဟာ အလွန်​အကျိုး​ပြု​မှန်း ကျွန်​တော်​တို့ အသိ​အမှတ်​ပြု​ကြ​တယ်။ (ဟေ​ရှာ​ယ ၄၈:၁၇။ ၁ ယောဟန် ၅:၃) ဒုတိ​ယ၊ နောင်​တ​မယူ​တဲ့ အပြစ်​ကျူး​လွန်​သူ​နဲ့ မပေါင်း​သင်း​တော့​တာ​က ကျွန်​တော်​တို့​နဲ့ အသင်း​တော်​မှာ​ရှိ​တဲ့ တ​ခြား​သူ​တွေ​အတွက် ဝတ်​ပြု​ရေး​နဲ့ စာ​ရိတ္တ​ရေး​ဘက် အကာ​အကွယ် ဖြစ်​စေ​တယ်။ ဒါ့​အပြင် အသင်း​တော်​ရဲ့ နာ​မည်​ကောင်း​ကို ဆက်​ထိန်း​သိမ်း​ပေး​တယ်။ (၁ ကော​ရိန္သု ၅:၆၊ ၇) တ​တိ​ယ၊ ကျမ်း​စာ​မူ​တွေ​ဘက် ကျွန်​တော်​တို့ မား​မား​မတ်​မတ် ရပ်​တည်​တာ​ဟာ နှင်​ထုတ်​ခံ​ရ​သူ​ကို​တောင် အကျိုး​ပြု​နိုင်​တယ်။ တ​ရားရေး​ကော်​မတီ​ရဲ့ ဆုံး​ဖြတ်​ချက်​ကို ကျွန်​တော်​တို့ ထောက်​ခံ​တာ​ဟာ အကြီး​အကဲ​တွေရဲ့ အကူ​အညီ​ကို အခု​ချိန်​ထိ လက်မခံ​​သေး​တဲ့ အပြစ်​ကျူး​လွန်​သူ​ရဲ့​စိတ်​ကို ထိ​မိ​သွား​နိုင်​တယ်။ ချစ်​ရ​သူ​တွေ​နဲ့ ပေါင်း​သင်း​ဆက်ဆံ​မှု မရှိ​တော့​တဲ့​အခါ “သူ အသိ​တ​ရား ရ​လာ” နိုင်​တယ်၊ သူ့​အပြစ် ကြီး​လေး​မှန်း သိ​ရှိ​ပြီး ယေဟောဝါ​ဆီ ပြန်​လှည့်​လာ​ဖို့ ကြိုး​စား​နိုင်​တယ်။​—လုကာ ၁၅:၁၇

ဆွေ​မျိုး​တစ်ဦး နှင်​ထုတ်​ခံ​ရ​ရင်​ကော။ အဲဒီ​အခါ​မျိုး​မှာ မိသား​စု​နှောင်​ကြိုး​ဟာ ကျွန်​တော်​တို့​ရဲ့ သစ္စာ​တည်​ကြည်​မှု​အတွက် တ​ကယ့်​ကို စမ်း​သပ်​မှု​ကြီး ဖြစ်​နိုင်​တယ်။ နှင်​ထုတ်​ခံ​ရ​တဲ့ ဆွေ​မျိုး​တစ်ဦး​ကို ဘယ်​လို ဆက်ဆံ​သင့်​သလဲ။ ဖြစ်​ပေါ်​နိုင်​တဲ့ အခြေ​အနေ​တိုင်း​ကို ဖော်ပြနိုင်​မှာ မဟုတ်​ပေမဲ့ အဓိ​က​ကျ​တဲ့ အခြေ​အနေ​နှစ်​ခု​ကို အာ​ရုံ​စိုက်​ကြ​စို့။

တ​ချို့​အခြေ​အနေ​မှာ နှင်​ထုတ်​ခံ​ရ​သူ​ဟာ မိသား​စု​နဲ့​အတူ တစ်​အိမ်​တည်း နေ​ထိုင်​သူ ဖြစ်​မယ်။ သူ နှင်​ထုတ်​ခံ​လိုက်​ရ​လို့ မိသား​စု​နှောင်​ကြိုး ပြတ်​တောက်​သွား​မှာ မဟုတ်​တဲ့​အတွက် မိသား​စု​ရဲ့ နေ့​စဉ်​လုပ်ငန်း​ဆောင်​တာ​တွေ​ကို ခါ​တိုင်း​လို ဆက်​လုပ်​ကိုင်​နေ​ကြ​ရ​မယ်။ ဒါ​ပေမဲ့ သူ​ရွေး​ချယ်​တဲ့​လမ်း​စဉ်​ကြောင့် သူ​နဲ့ ယုံ​ကြည်​သူ​မိသား​စု​ကြား​မှာ​ရှိ​တဲ့ ဝတ်​ပြု​ရေး​နှောင်​ကြိုး ပြတ်​တောက်​သွား​တယ်။ ဒါ​ကြောင့် သစ္စာ​တည်​ကြည်​တဲ့ မိသား​စု​ဝင်​တွေ​ဟာ ဝတ်​ပြု​ရေး​နဲ့​ဆိုင်​တဲ့ လုပ်​ဆောင်​မှု​တွေ​မှာ နှင်​ထုတ်​ခံ​ရ​သူ​ကို ပါ​ဝင်​ခွင့်​ပြု​တော့​မှာ မဟုတ်​ဘူး။ ဥပမာ၊ မိသား​စု​လိုက် ကျမ်း​စာ​လေ့​လာ​ချိန်​မှာ သူ ပါ​ဝင်​လို့ မရ​ဘူး။ ဒါ​ပေမဲ့ နှင်​ထုတ်​ခံ​ရ​သူ​ဟာ အရွယ်​မရောက်​သေး​တဲ့ က​လေး​ဖြစ်​နေ​ရင် မိ​ဘ​တွေ​က သူ့​ကို ဆုံးမ​သွန်သင်​ဖို့ တာဝန်​ရှိ​သေး​တယ်။ ဒါ​ကြောင့် မေတ္တာ​ရှိ​တဲ့ မိ​ဘ​တွေ​ဟာ သူ့​ကို ကျမ်း​စာ​သင်​ပေး​ဖို့ စီ​စဉ်​နိုင်​တယ်။ *​—ပညာ​အလိမ္မာ ၆:၂၀-၂၂။ ၂၉:၁၇

တ​ချို့​အခြေ​အနေ​မှာ နှင်​ထုတ်​ခံ​ရ​တဲ့ ဆွေ​မျိုး​ဟာ မိသား​စု​နဲ့​အတူ မနေ​ထိုင်​သူ ဖြစ်​နိုင်​တယ်။ ဖြစ်​တောင့်​ဖြစ်​ခဲ​ မိသား​စု​ကိစ္စ ပေါ်​လာလို့ ဆွေး​နွေး​စ​ရာ လို​အပ်​ရင်​တော့ အဆက်​အသွယ် လုပ်​နိုင်​တယ်။ ဒါ​ပေမဲ့ အကန့်​အသတ်​နဲ့ ဖြစ်​သင့်​တယ်။ သစ္စာ​တည်​ကြည်​တဲ့ ခရစ်​ယာန်​မိသား​စု​ဟာ မိမိ​တို့​နဲ့​တစ်​အိမ်​တည်း မနေ​တဲ့ နှင်​ထုတ်​ခံ​ရ​သူ​ကို အကြောင်း​မရှိ အကြောင်း​ရှာ​ပြီး အဆက်​အသွယ်​လုပ်​မှာ​ မဟုတ်​ဘူး။ အဲဒီ​အစား ယေဟောဝါ​အပေါ်၊ ဘု​ရား​အဖွဲ့​အစည်း​အပေါ် သစ္စာ​တည်​ကြည်​ပြီး နှင်​ထုတ်​ခြင်း​အစီ​အစဉ်​ကို လိုက်​နာ​ပါ​လိမ့်​မယ်။ အဲဒီ​လို သစ္စာ​တည်​ကြည်​တာ​ဟာ အပြစ်​ကျူး​လွန်​သူ​ရဲ့ အကောင်း​ဆုံး​အကျိုး​ကို လို​လား​လို့​ပဲ။ ဒီ​နည်း​နဲ့ နှင်​ထုတ်​ခံ​ရ​သူ​ဟာ ဆုံးမ​ခံ​ရ​ခြင်း​ရဲ့ အကျိုး​ကျေး​ဇူး​ကို နား​လည်​လာ​မယ်။ *​—ဟီ​ဘ​ရူး ၁၂:၁၁

^ စာပိုဒ်၊ 1 နှင်​ထုတ်​ခြင်း​နဲ့​ဆိုင်​တဲ့ ကျမ်း​စာ​မူ​တွေ​ဟာ အသင်း​တော်​က​နေ မိမိ​တို့​ဘာ​သာ ပေါင်း​သင်း​မှု ရပ်​စဲ​သွား​သူ​တွေ​နဲ့​လည်း သက်​ဆိုင်​တယ်။

^ စာပိုဒ်၊ 2 နှင်​ထုတ်​ခံ​ရ​တဲ့ အရွယ်​မရောက်​သေး​သူ သား​သမီး​တွေ​အကြောင်း ပို​သိ​ချင်​ရင် ကင်း​မျှော်​စင် ၂၀၀၁၊ အောက်​တို​ဘာ ၁၊ စာ​မျက်​နှာ ၁၆-၁၇ နဲ့ ၁၉၈၉၊ နို​ဝင်​ဘာ ၁၅၊ စာ​မျက်​နှာ ၂၀ ကို​ကြည့်​ပါ။

^ စာပိုဒ်၊ 3 နှင်​ထုတ်​ခံ​ရ​တဲ့ ဆွေ​မျိုး​တွေ​ကို ဘယ်​လို​ဆက်ဆံ​ရ​မယ်​ဆို​တာ ပို​သိ​ချင်​ရင် ကင်း​မျှော်​စင် ၁၉၈၉၊ ဧ​ပြီ ၁၅၊ စာ​မျက်​နှာ ၁၇-၂၃ နဲ့ ကျွန်ုပ်​တို့​၏​နိုင်​ငံ​တော်​ဓမ္မ​အမှု ၂၀၀၂၊ သြဂုတ်​လ၊ စာ​မျက်​နှာ ၃-၄ ကို​ကြည့်​ပါ။