မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သမ္မာကျမ်းစာကို အဘယ်ကြောင့် ဆန်းစစ်ရသနည်း

သမ္မာကျမ်းစာကို အဘယ်ကြောင့် ဆန်းစစ်ရသနည်း

သင်သည် သမ္မာကျမ်းစာနှင့် အကျွမ်းတဝင်ရှိသလော။ သမိုင်းတွင် မည်သည့်စာအုပ်မျှ ကျမ်းစာလောက် ကျယ်ကျယ်ပြန့်ပြန့် မဖြန့်ဝေခဲ့ရပါ။ ကျမ်းစာတွင်ပါသော သတင်းတရားသည် နှစ်သိမ့်မှုနှင့်မျှော်လင့်ချက်ပေးရာ ရင်းမြစ်ဖြစ်ကြောင်း၊ ကျမ်းစာပါအကြံပြုချက်များသည် နေ့စဉ်ဘဝအသက်တာတွင် လက်တွေ့အသုံးဝင်ကြောင်း ယဉ်ကျေးမှုအသီးသီးမှလူတို့ တွေ့ရှိခဲ့ကြပြီ။ သို့သော် ယနေ့ခေတ်တွင်မူ လူများစွာသည် ကျမ်းစာအကြောင်း မသိသလောက်ဖြစ်နေသည်။ သင်သည် ဘာသာရေးကိုင်းရှိုင်းသူဖြစ်စေ၊ မကိုင်းရှိုင်းသူဖြစ်စေ ကျမ်းစာအကြောင်း သိလိုစိတ်ရှိပေမည်။ ဤဘရိုရှာသည် ကျမ်းစာတွင်ပါဝင်သော အကြောင်းအရာများကို ခြုံငုံသုံးသပ်ထားပါသည်။

ကျမ်းစာကို သင် စတင်မဖတ်ရှုမီ ကျမ်းစာနှင့်ပတ်သက်၍ အချက်အလက်အချို့ကို သိထားပါက သင့်အတွက် အထောက်အကူဖြစ်ပေမည်။ သမ္မာကျမ်းစာသည် ကျမ်းစာစောင် သို့မဟုတ် အပိုင်း ၆၆ ခုကို စုစည်းထားခြင်းဖြစ်ပြီး ကမ္ဘာဦးကျမ်းမှ အစပြုကာ ဗျာ . . . ကျမ်း သို့မဟုတ် အပေါကလစ်ကျမ်းတွင် အဆုံးသတ်သည်။

ကျမ်းစာ၏အာဘော်ရှင်ကား မည်သူနည်း။ ယင်းသည် စိတ်ဝင်စားဖွယ်မေးခွန်းတစ်ခုဖြစ်၏။ အမှန်မှာ ကျမ်းစာစောင်များကို နှစ်ပေါင်း ၁,၆၀၀ ကျော်ကာလအတွင်း လူပေါင်း ၄၀ ခန့်က ရေးသားခဲ့သည်။ သို့သော် ထိုကျမ်းရေးသူများသည် ကျမ်းစာ၏အာဘော်ရှင်များအဖြစ် သူတို့ကိုယ်သူတို့ မသတ်မှတ်ခဲ့ခြင်းမှာ ထူးခြား၏။ ကျမ်းရေးသူတစ်ဦးက ‘ကျမ်းစာရှိသမျှသည် ဘုရားသခင့်စွမ်းအားတော်၏ လမ်းညွှန်မှုဖြင့် ရေးထားသည်’ ဟုဆိုခဲ့သည်။ (၂ တိမောသေ ၃:၁၆) အခြားကျမ်းရေးသူတစ်ဦးကလည်း ‘ယေဟောဝါဘုရားသခင်၏စွမ်းအားတော်သည် ငါ့အားဖြင့် မိန့်တော်မူ၏။ တရားစကားတော်သည် ငါ့လျှာ၌တည်၏’ ဟုဆိုခဲ့သည်။ (၂ ဓမ္မရာဇဝင် ၂၃:၂ကဘ) စကြဝဠာအကြွင်းမဲ့ပိုင်သအုပ်စိုးရှင် ယေဟောဝါဘုရားသခင်သာ ကျမ်းစာ၏အာဘော်ရှင်ဖြစ်ကြောင်း ထိုကျမ်းရေးသူတို့ အခိုင်အမာပြောဆိုနေခြင်းဖြစ်သည်။ ထို့ပြင် ဘုရားသခင်သည် လူသားများကို မိမိထံချဉ်းကပ်စေလိုကြောင်း သူတို့ အထင်အရှားဖော်ပြခဲ့သည်။

ကျမ်းစာကို နားလည်နိုင်ရန် မရှိမဖြစ်လိုအပ်သည့်အရာတစ်ခု ရှိသေးသည်။ ကျမ်းစာတစ်အုပ်လုံးကို ခြုံငုံသုံးသပ်ကြည့်လျှင် အဓိကအချက်တစ်ခုသာ ရှိသည်၊ ယင်းမှာ ဘုရားသခင်၏ကောင်းကင်နိုင်ငံတော်အားဖြင့် လူသားထုအပေါ် ကိုယ်တော်၏အုပ်စိုးပိုင်ခွင့်ကို သံသယကင်းရှင်းစေရေးဖြစ်သည်။ ထိုအဓိကအချက်သည် ကမ္ဘာဦးကျမ်းမှ ဗျာ . . . ကျမ်းအထိ ကျမ်းစာစောင်တိုင်းတွင် မည်သို့ပါဝင်ကြောင်း နောက်စာမျက်နှာများတွင် သင်တွေ့ရပါလိမ့်မည်။

အထက်ပါအချက်များကို စိတ်ထဲထားကာ ကမ္ဘာပေါ်တွင် အထင်ရှားဆုံးစာအုပ်ဖြစ်သော သမ္မာကျမ်းစာတွင် ဖော်ပြထားသည့် သတင်းတရားကို ယခု ဆန်းစစ်ကြည့်ပါလေ။

^ စာပိုဒ်၊ 9 ခုနှစ်သက္ကရာဇ်ကို ဖော်ပြသောနည်းမှာ အမျိုးမျိုးရှိသည်။ ဤဘရိုရှာတွင် ဖော်ပြထားသော စီအီးသည် “ခေတ်သက္ကရာဇ်၊” ဘီစီအီးမှာ “ခေတ်သက္ကရာဇ်မတိုင်မီ” ကိုဆိုလိုခြင်းဖြစ်သည်။ ယင်းတို့ကို စာမျက်နှာများ၏အောက်ခြေတိုင်းတွင် ဖော်ပြထားသော အချိန်ကာလပြမျဉ်းကြောင်းတွင် သင်တွေ့ရမည်။