မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

 အပိုင်း ၁၁

ဘုရားသခင့်လမ်းညွှန်မှုဖြင့် သီကုံးစပ်ဆိုထားပြီး ကျွန်ုပ်တို့ကို နှစ်သိမ့်သွန်သင်ပေးသောသီချင်းများ

ဘုရားသခင့်လမ်းညွှန်မှုဖြင့် သီကုံးစပ်ဆိုထားပြီး ကျွန်ုပ်တို့ကို နှစ်သိမ့်သွန်သင်ပေးသောသီချင်းများ

ဒါဝိဒ်နှင့်အခြားသူတို့သည် ဝတ်ပြုရေးတွင်အသုံးပြုရန် သီချင်းများကို စပ်ဆိုကြသည်။ ဆာလံကျမ်းတွင် သီချင်းပေါင်း ၁၅၀ ပါရှိသည်

ကျမ်းစာတွင်ပါရှိသော အရှည်ဆုံးကျမ်းစာစောင်မှာ ဘုရားသခင်ထံသီဆိုသည့်သီချင်းများကို စုပေါင်းထားသည့်ကျမ်းဖြစ်သည်။ ထိုကျမ်းစာစောင်တစ်စောင်လုံးကို နှစ်ပေါင်း ၁,၀၀၀ ခန့်အတွင်း သီကုံးရေးစပ်ခဲ့ကြသည်။ ယုံကြည်ခြင်းကို စာအရေးအသားဖြင့်ဖော်ပြခဲ့သမျှတွင် ဆာလံကျမ်းပါဖော်ပြချက်များသည် စိတ်အပြင်းပြဆုံး၊ စိတ်ထိမိစေဆုံးဖြစ်သည်။ ရွှင်လန်းခြင်း၊ ချီးမွမ်းခြင်း၊ ကျေးဇူးတင်ခြင်းမှသည် ကြေကွဲခြင်း၊ ဝမ်းနည်းခြင်း၊ နောင်တရခြင်းအထိ လူ့စိတ်လှုပ်ရှားမှုအမျိုးမျိုးကို ဆာလံကျမ်းတွင် ဖော်ပြထားသည်။ ဆာလံသီချင်းများကို ရေးစပ်သီကုံးခဲ့သူများသည် ဘုရားသခင်ကိုယုံကြည်ကိုးစားကြောင်း၊ ကိုယ်တော်နှင့်ရင်းနှီးသောဆက်ဆံရေးရှိကြောင်း ထင်ရှားသည်။ ထိုသီချင်းများ၏ အဓိကအကြောင်းအရာအချို့ကို သုံးသပ်ကြည့်ကြစို့။

ယေဟောဝါသည် အချုပ်အခြာအာဏာပိုင်ထိုက်သူဖြစ်ပြီး ဝတ်ပြုကိုးကွယ်မှုနှင့် ချီးမွမ်းမှု ရထိုက်သည်။ ‘ယေဟောဝါဟူ၍နာမတော်ရှိသော ကိုယ်တော်တစ်ပါးတည်းသာလျှင် မြေကြီးတစ်ပြင်လုံးအပေါ်မှာ အမြင့်ဆုံးသောဘုရားသခင်ဖြစ်တော်မူ၏’ ဟုဆာလံ ၈၃:၁၈ တွင်ကျွန်ုပ်တို့ဖတ်ရသည်။ ဆာလံသီချင်းများစွာသည် ကြယ်အတိပြီးသောကောင်းကင်၊ ကမ္ဘာ့သက်ရှိများ၏ အံ့ဖွယ်ရာများ၊ လူ့ကိုယ်ခန္ဓာ၏အံ့ဖွယ်ရာများစသော ယေဟောဝါ၏ ဖန်ဆင်းခြင်းလက်ရာများအတွက် ကိုယ်တော့်ကို ချီးမွမ်းထားသည်။ (ဆာလံ ၈၊ ၁၉၊ ၁၃၉၊ ၁၄၈) အခြားဆာလံသီချင်းများမှာ မိမိအား တည်ကြည်စွာဝတ်ပြုသူများကို ကယ်တင်သော၊ ကာကွယ်သောဘုရားသခင်အဖြစ် ယေဟောဝါကို ဂုဏ်တင်ထားသည်။ (ဆာလံ ၁၈၊ ၉၇၊ ၁၃၈) အခြားသီချင်းများကမူ ဘုရားသခင်သည် ဖိနှိပ်ခံရသူများကို ကယ်တင်ပြီး ဆိုးသွမ်းသူများကို အပြစ်ပေးသည့် တရားမျှတသောဘုရားသခင်ဖြစ်သည်ဟု ကိုယ်တော့်ကို ချီးမြှောက်ထားသည်။—ဆာလံ ၁၁၊ ၆၈၊ ၁၄၆

ယေဟောဝါသည် မိမိအားချစ်မြတ်နိုးသူများကို ကူညီပြီး နှစ်သိမ့်ပေးတော်မူသည်။ အကျော်ကြားဆုံးဆာလံသီချင်းဖြစ်နိုင်သည့် ဆာလံ ၂၃ တွင် ဒါဝိဒ်သည် ယေဟောဝါအား မိမိသိုးစုကို လမ်းညွှန်ကာကွယ်ကာ ဂရုစိုက်သည့် မေတ္တာရှိသိုးထိန်းတစ်ဦးအဖြစ် သရုပ်ဖော်ထားသည်။ ဆာလံ ၆၅:၂ က ယေဟောဝါသည် ‘ဆုတောင်းစကားကို နားထောင်တော်မူသောဘုရားသခင်’ ဖြစ်ကြောင်း ကိုယ်တော့်အားဝတ်ပြုနေသူများကို အမှတ်ရစေသည်။ ကြီးလေးသောအပြစ်ပြုမိသူများစွာသည် ဆာလံ ၃၉ နှင့် ၅၁ မှ အကြီးအကျယ်နှစ်သိမ့်မှုရခဲ့ကြပြီ။ ထိုတွင် ဒါဝိဒ်သည် သူကျူးလွန်မိသည့် ကြီးလေးသောအပြစ်များအတွက် သူ၏နောင်တကို ပြင်းပြလှိုက်လှဲသောစကားများဖြင့် သီကုံးစပ်ဆိုထားပြီး ယေဟောဝါခွင့်လွှတ်မည်ကို ယုံကြည်ကြောင်း ဖော်ကျူးထားသည်။ ဆာလံ ၅၅:၂၂ တွင် ယေဟောဝါကို ယုံကြည်ကိုးစားရန်နှင့် ဝန်ထုပ်ဝန်ပိုးအားလုံးကို ကိုယ်တော်ထံ၌ချထားရန် တိုက်တွန်းချက်ပါဝင်သည်။

ယေဟောဝါသည် မေရှိယ၏နိုင်ငံတော်အားဖြင့် ကမ္ဘာမြေကို အသွင်ပြောင်းတော့မည်။ ဆာလံသီချင်းများစွာသည် ကြိုဟောထားသောဘုရင် မေရှိယနှင့်သက်ဆိုင်ကြောင်း ထင်ရှားသည်။ ဆာလံ ၂ က ထိုဘုရင်သည် မိမိကိုဆန့်ကျင်သော ဆိုးသွမ်းသည့်နိုင်ငံအားလုံးကို ဖျက်ဆီးမည်ဖြစ်ကြောင်း ကြိုဟောထားသည်။ ဆာလံ ၇၂ က ထိုဘုရင်သည် ငတ်မွတ်မှု၊ မတရားမှုနှင့် ဖိနှိပ်မှုတို့ကို အဆုံးတိုင်စေမည်ဖြစ်ကြောင်း ဖော်ပြသည်။ ဆာလံ ၄၆:၉ အရ ဘုရားသခင်သည် မေရှိယ၏နိုင်ငံတော်အားဖြင့် စစ်မှုကိုအဆုံးတိုင်စေမည်ဖြစ်ပြီး စစ်လက်နက်အားလုံးကိုပင် ဖျက်ဆီးပစ်မည်။ လူဆိုးများ လုံးဝပပျောက်သွားပြီး ဖြောင့်မတ်သူများသည် ကမ္ဘာပေါ်တွင် ထာဝစဉ်အသက်ရှင်ရမည်ဖြစ်ကာ ကမ္ဘာတစ်ခွင် ငြိမ်သက်စည်းလုံးမှုကို မွေ့လျော်စံစားကြရမည်ဟု ဆာလံ ၃၇ တွင် ကျွန်ုပ်တို့ဖတ်ရသည်။

ဆာလံကျမ်းကို အခြေခံသည်။