မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

 အပိုင်း ၂၄

အသင်းတော်များထံ ပေါလုစာရေး

အသင်းတော်များထံ ပေါလုစာရေး

ပေါလု၏စာများက ခရစ်ယာန်အသင်းတော်ကို ခွန်အားရှိစေသည်

တည်ထောင်ခါစ ခရစ်ယာန်အသင်းတော်သည် ယေဟောဝါ၏ရည်ရွယ်တော်မူချက်ပြည့်စုံရေးတွင် အရေးကြီးသောကဏ္ဍမှ ပါဝင်သည်။ သို့သော် ပထမရာစုမှခရစ်ယာန်များသည် ချက်ချင်းပင် ဆန့်ကျင်မှုကြုံခဲ့ရသည်။ သူတို့သည် အသင်းတော်ပြင်ပမှ နှိပ်စက်ညှဉ်းပန်းမှုများနှင့် အသင်းတော်အတွင်းမှ ပို၍သိမ်မွေ့သောအန္တရာယ်များကို ကြံ့ကြံ့ခံလျက် ဘုရားသခင်အပေါ် သမာဓိစောင့်သိနိုင်ကြမည်လော။ ခရစ်ယာန်ဂရိကျမ်းစာစောင်များတွင် လိုအပ်သောအကြံဉာဏ်နှင့်အားပေးချက်များပါသော ကျမ်းစောင် ၂၁ စောင်ပါဝင်သည်။

ရောမကျမ်းမှဟေဗြဲကျမ်းအထိ ကျမ်းစောင်ဆယ့်လေးစောင်ကို တမန်တော်ပေါလုရေးသားခဲ့သည်။ ရရှိသူတစ်ဦးတစ်ယောက်၏အမည် သို့မဟုတ် ရရှိသောအသင်းတော်၏အမည်ပေါ်မူတည်၍ ထိုစာစောင်များကို နာမည်တပ်ထားသည်။ ပေါလု၏စာများတွင်ပါသော အကြောင်းအရာအချို့ကို သုံးသပ်ကြည့်ပါ။

ကိုယ်ကျင့်တရားနှင့်အကျင့်များအတွက် သတိပေးချက်။ မတရားမေထုန်ပြုသူ၊ အိမ်ထောင်ရေးဖောက်ပြန်သူနှင့် အခြားကြီးလေးသောအပြစ်ပြုသူများသည် “ဘုရားသခင့်နိုင်ငံတော်ကို အမွေမခံကြရ။” (ဂလာတိ ၅:၁၉-၂၁; ၁ ကောရိန္သု ၆:၉-၁၁) ဘုရားသခင်ကိုဝတ်ပြုသူများသည် လူမျိုးကွဲပြားသော်ငြား စည်းလုံးမှုရှိရမည်။ (ရောမ ၂:၁၁; ဧဖက် ၄:၁-၆) အကူအညီလိုအပ်နေသော ယုံကြည်သူချင်းများကို ကူညီရန် စေတနာစိတ်နှင့် မိမိတို့ကိုယ်ကိုပေးဆက်သင့်သည်။ (၂ ကောရိန္သု ၉:၇) “မခြားမလပ် ဆုတောင်းကြလော့” ဟုပေါလုပြောဆိုခဲ့သည်။ မှန်ပါသည်၊ ဘုရားသခင်ကိုဝတ်ပြုသူများသည် ယေဟောဝါထံ စိတ်နှလုံးအကြွင်းမဲ့ လှိုက်လှိုက်လှဲလှဲဆုတောင်းဖို့ အားပေးခံရသည်။ (၁ သက်သာလောနိတ် ၅:၁၇; ၂ သက်သာလောနိတ် ၃:၁; ဖိလိပ္ပိ ၄:၆၊ ၇) ဆုတောင်းချက်များကို ဘုရားသခင်နားညောင်းစေရန် ယုံကြည်ခြင်းဖြင့်ဆုတောင်းရမည်။—ဟေဗြဲ ၁၁:၆

အဘယ်အရာက မိသားစုများကို အောင်မြင်ပျော်ရွှင်စေမည်နည်း။ လင်ယောက်ျားများသည် မိမိကိုယ်ကိုချစ်သကဲ့သို့ ဇနီးကိုချစ်သင့်သည်။ ဇနီးသည် လင်ယောက်ျားကို အလွန်ရိုသေသင့်သည်။ သားသမီးတို့သည် မိဘစကားကို နားထောင်သင့်သည်။ အကြောင်းမှာ ယင်းကို ဘုရားသခင်နှစ်သက်သောကြောင့်ဖြစ်၏။ မိဘတို့သည် သားသမီးများကို ကျမ်းစာမူများသုံးလျက် မေတ္တာဖြင့် လမ်းပြလေ့ကျင့်ပေးဖို့လိုသည်။—ဧဖက် ၅:၂၂-၆:၄; ကောလောသဲ ၃:၁၈-၂၁

ဘုရားသခင့်ရည်ရွယ်တော်မူချက်ကို နားလည်လာခြင်း။ မောရှေပညတ်၏ကဏ္ဍများစွာသည် အစ္စရေးလူမျိုးကို ခရစ်တော်ရောက်ရှိချိန်တိုင် ကာကွယ်စောင့်ရှောက်၍ လမ်းပြပေးသည်။ (ဂလာတိ ၃:၂၄) သို့သော် ခရစ်ယာန်များသည် ဘုရားသခင်ကိုဝတ်ပြုနိုင်ရန် ထိုပညတ်ကိုစောင့်ထိန်းနေဖို့မလိုပေ။ ပေါလုသည် ဂျူးနောက်ခံရှိသော ဟေဗြဲခရစ်ယာန်များထံရေးသောစာတွင် ပညတ်တရား၏အဓိပ္ပာယ်နှင့် ဘုရားသခင့်ရည်ရွယ်တော်မူချက် ခရစ်တော်၌ပြည့်စုံပုံတို့ကို ပို၍နားလည်စေခဲ့သည်။ ပညတ်တရား၏ကဏ္ဍများစွာသည် ပရောဖက်ပြုချက်သဘောဆောင်ကြောင်း ပေါလုရှင်းပြသည်။ ဥပမာ၊ တိရစ္ဆာန်များကို ယဇ်ပူဇော်ခြင်းက အပြစ်များကို အမှန်တကယ်ဖြေလွှတ်ပေးသော ယေရှု၏သေခြင်းပူဇော်သကာကို ကြိုတင်ပုံဆောင်သည်။ (ဟေဗြဲ ၁၀:၁-၄) ဘုရားသခင်သည် ယေရှု၏သေခြင်းအားဖြင့် ပညတ်ပဋိညာဉ်ကို ပယ်ဖျက်ခဲ့သည်၊ အကြောင်းမှာ ယင်းသည် လုံးဝမလိုအပ်တော့၍ဖြစ်၏။—ကောလောသဲ ၂:၁၃-၁၇; ဟေဗြဲ ၈:၁၃

အသင်းတော်ကို ကောင်းစွာဖွဲ့စည်းစီစဉ်နိုင်ရန် လမ်းညွှန်ခြင်း။ အသင်းတော်တွင် တာဝန်များကိုကိုင်တွယ်လိုသူအမျိုးသားများသည် ကိုယ်ကျင့်တရားကောင်းမွန်သူ၊ ကျမ်းစာပါအရည်အသွေးများကို ပြည့်မီသူဖြစ်ရမည်။ (၁ တိမောသေ ၃:၁-၁၀၊ ၁၂၊ ၁၃; တိတု ၁:၅-၉) ယေဟောဝါဘုရားသခင်ကိုဝတ်ပြုသူများသည် ယုံကြည်သူအချင်းချင်း အားပေးရန် ပုံမှန်စည်းဝေးသင့်သည်။ (ဟေဗြဲ ၁၀:၂၄၊ ၂၅) ဝတ်ပြုစည်းဝေးများသည် တည်ဆောက်မှုဖြစ်သင့်ပြီး မှတ်သားဖွယ်ဖြစ်သင့်သည်။—၁ ကောရိန္သု ၁၄:၂၆၊ ၃၁

တိမောသေထံ ဒုတိယမြောက်စာကိုရေးသားချိန်တွင် ပေါလုသည် ရောမမြို့၌ပြန်ရောက်နေပြီး အကျဉ်းကျနေကာ စီရင်ချက်ကိုစောင့်နေချိန်ဖြစ်သည်။ သတ္တိရှိသူအနည်းစုသာ ပေါလုထံ လာလည်ပတ်ရဲကြသည်။ သူ့အချိန် သိပ်မကျန်တော့ကြောင်း ပေါလုသိသည်။ “ငါသည် တိုက်ပွဲကို ကောင်းစွာတိုက်ခဲ့ပြီ။ ပြေးရမည့်တာကို အဆုံးတိုင်အောင်ပြေးခဲ့ပြီ။ ယုံကြည်ခြင်းကိုထိန်းသိမ်းခဲ့ပြီ” ဟုသူပြောသည်။ (၂ တိမောသေ ၄:၇) ထို့နောက် များမကြာမီ၊ ပေါလုသည် ယုံကြည်ခြင်းအတွက် အသတ်ခံခဲ့ရဟန်တူသည်။ သို့သော် သူ၏စာများက ဘုရားသခင်၏စစ်မှန်သောဝတ်ပြုသူများကို ယနေ့တိုင် လမ်းညွှန်ပေးနေဆဲဖြစ်သည်။

ရောမ; ၁ ကောရိန္သု; ၂ ကောရိန္သု; ဂလာတိ; ဧဖက်; ဖိလိပ္ပိ; ကောလောသဲ; ၁ သက်သာလောနိတ်; ၂ သက်သာလောနိတ်; ၁ တိမောသေ; ၂ တိမောသေ; တိတု; ဖိလေမုန်; ဟေဗြဲကျမ်းကို အခြေခံသည်။