မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင့်ယုံကြည်ရာသည် အရေးပါသလော

သင့်ယုံကြည်ရာသည် အရေးပါသလော

ဘ၀တွင် ရည်ရွယ်ချက်ရှိသည်ဟု သင်ထင်သလော။ ဆင့်ကဲပညာရှင် ဝီလျံ ဘီ. ပရိုဗင် က ဤသို့ပြောသည်– “ဆင့်ကဲဖြစ်စဉ်အကြောင်း ကျွန်တော်တို့ သင်ယူခဲ့ရာက ဘ၀အဓိပ္ပာယ်နှင့် ပတ်သက်တဲ့ ကျွန်တော်တို့ရဲ့ သဘောထားအပေါ် သက်ရောက်မှုရှိတယ်။” သူ၏ကောက်ချက်ကား အဘယ်နည်း။ “လူ့ဘ၀မှာ ဒါမှမဟုတ် စကြ၀ဠာမှာ စစ်မှန်တဲ့ ရည်ရွယ်ချက်ရယ်လို့ ကျွန်တော် မတွေ့ရဘူး။”၃၂

ယင်းစကားများ၏ အဓိပ္ပာယ်ကို သုံးသပ်ကြည့်ပါ။ ဘ၀တွင် စစ်မှန်သောအဓိပ္ပာယ် မရှိပါက အသက်ရှင်ရခြင်း၏ ရည်ရွယ်ချက်မှာ ကောင်းမှု အတိုင်းအတာတစ်ခုထိ ပြုလုပ်၍ သင်၏ဗီဇဉာဉ်ကို နောက်မျိုးဆက်သို့ လက်ဆင့်ကမ်းပေးရုံထက် မပိုပါ။ သင်သေဆုံးသွားသောအခါ ထာ၀စဉ် ကွယ်ပျောက်သွားမည် ဖြစ်သည်။ သင်၏ဦးနှောက်နှင့် ယင်း၏စဉ်းစားနိုင်စွမ်း၊ ကျိုးကြောင်းဆင်ခြင်နိုင်စွမ်း၊ ဘ၀အဓိပ္ပာယ်ကို တွေးတောနိုင်စွမ်းတို့သည် သဘာ၀၏ တိုက်ဆိုင်မှုကြောင့်သာလျှင် ဖြစ်မည်။

ဤမျှသာမကပါ။ ဆင့်ကဲဖြစ်စဉ်ကို ယုံကြည်သူများသည် ဘုရားသခင်မရှိ သို့မဟုတ် ကိုယ်တော်သည် လူ့အရေးကိစ္စများတွင် ကြားဝင်ဆောင်ရွက်မည် မဟုတ်ဟူ၍ အခိုင်အမာ ပြောဆိုကြသည်။ ယင်းသို့ဖြစ်မည်ဆိုလျှင် ကျွန်ုပ်တို့၏ အနာဂတ်သည် နိုင်ငံရေး၊ တက္ကသိုလ်ပညာရေးနှင့် ဘာသာရေးခေါင်းဆောင်တို့၏ လက်ထဲတွင်ရှိပေမည်။ ထိုသို့သောသူတို့၏ အတိတ်မှတ်တမ်းကို သုံးသပ်ကြည့်သောအခါ လူ့အဖွဲ့အစည်းကို ပျက်စီးစေသော ပရမ်းပတာဖြစ်ခြင်း၊ ပဋိပက္ခဖြစ်ခြင်းနှင့် စာရိတ္တပျက်ခြင်းတို့ ဆက်ဖြစ်နေလိမ့်မည်။ ဆင့်ကဲဖြစ်စဉ်သာ မှန်ကန်ခဲ့မည်ဆိုလျှင် “စားလျက်၊ သောက်လျက်နေကြစို့၊ အကြောင်းမူကား နက်ဖြန် သေကြရမည်” ဟူသည့် ကံစီမံရာကို လက်ခံသူတို့၏ ဆောင်ပုဒ်သည် အသက်ရှင်ရခြင်း၏ ခိုင်လုံသောအကြောင်းရင်း ဖြစ်ပုံပေါ်ပါလိမ့်မည်။—၁ ကောရိန္သု ၁၅:၃၂

ဆန့်ကျင်ဘက်အနေနှင့် သမ္မာကျမ်းစာက ဤသို့သွန်သင်သည်– “ကိုယ်တော် [ဘုရားသခင်] ထံမှာ အသက်စမ်းရေတွင်း ရှိပါ၏။” (ဆာလံ ၃၆:၉) ယင်းစကားများတွင် အဓိပ္ပာယ်များစွာရှိသည်။

သမ္မာကျမ်းစာအဆို မှန်သည်ဆိုလျှင် ဘဝသည် အဓိပ္ပာယ် ရှိကိုရှိရပေမည်။ ကျွန်ုပ်တို့၏ ဖန်ဆင်းရှင်တွင် မိမိ၏အလိုတော်နှင့်အညီ အသက်ရှင်ရန် ရွေးချယ်သူအားလုံးအတွက် မေတ္တာပါသော ရည်ရွယ်ချက်ရှိသည်။ (ဒေ. ၁၂:၁၃) ယင်းရည်ရွယ်ချက်တွင် ပရမ်းပတာဖြစ်ခြင်း၊ ပဋိပက္ခဖြစ်ခြင်းနှင့် စာရိတ္တပျက်ပြားခြင်းတို့ ကင်းဝေးပြီး သေခြင်းပင်မရှိတော့မည့် ကမ္ဘာပေါ်တွင် အသက်ရှင်ခြင်းကတိတော် ပါဝင်သည်။—ဆာလံ ၃၇:၁၀၊ ၁၁; ဟေရှာယ ၂၅:၆-၈

ကမ္ဘာတစ်ဝန်းရှိ သန်းပေါင်းများစွာသော သူတို့သည် ဘုရားသခင်အကြောင်း သင်ယူခြင်းနှင့် ကိုယ်တော့်ကိုနာခံခြင်းက မည်သည့်နည်းနှင့်မျှမရနိုင်သည့် ဘ၀အဓိပ္ပာယ်ကို ရရှိစေမည်ဖြစ်ကြောင်း အကြောင်းကောင်းရှိ၍ ယုံကြည်ကြသည်။ (ယောဟန် ၁၇:၃) ဤသို့သော ယုံကြည်ချက်သည် ဖြစ်စေချင်သည့်ဆန္ဒအပေါ်တွင်သာ အခြေပြုထားခြင်း မဟုတ်ပါ။ သက်ရှိများသည် ဖန်ဆင်းခံရခြင်းဖြစ်ကြောင်း ထင်ရှားနေပါသည်။