မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မိဘတွေနဲ့ ငါဘယ်လိုစကားပြောနိုင်မလဲ

မိဘတွေနဲ့ ငါဘယ်လိုစကားပြောနိုင်မလဲ

အခန်း ၁

မိဘတွေနဲ့ ငါဘယ်လိုစကားပြောနိုင်မလဲ

“ကျွန်မရဲ့ခံစားချက်ကို မိဘတွေကိုပြောပြဖို့ အတတ်နိုင်ဆုံးကြိုးစားခဲ့တယ်။ ဒါပေမဲ့ အဆင်ပြေပြေနဲ့ကို ပြောမထွက်ဘူး။ ဒါနဲ့ သူတို့က စကားစ ဖြတ်လိုက်ရော။ သတ္တိမွေးပြီး ပြောပြဖို့ကြိုးစားပေမဲ့ လုံးဝမအောင်မြင်ခဲ့ဘူး။”ရိုစာ။

သင်ငယ်ငယ်တုန်းက မိဘဆီက အကြံဉာဏ်တောင်းဖို့ လိုလိုလားလားရှိခဲ့မှာပဲ။ အသေးအဖွဲကအစ အားလုံးပြောပြတယ်။ သင့်အတွေးနဲ့ခံစားချက်တွေကို လွတ်လွတ်လပ်လပ်ပြောပြပြီး သူတို့ရဲ့အကြံဉာဏ်ကို ယုံကြည်စိတ်ချခဲ့တယ်။

အခုတော့ မိဘတွေ ကိုယ့်ကိုနားမလည်တော့ဘူးလို့ ခံစားမိနိုင်တယ်။ အက်ဒီလို့ခေါ်တဲ့ မိန်းကလေးတစ်ယောက် အခုလိုပြောပြတယ်– “တစ်နေ့မှာ ညစာစားနေတုန်း ကျွန်မရဲ့ခံစားချက်တွေကို ငိုပြီးပြောပြတယ်။ မိဘတွေက နားထောင်ပေးပါတယ်။ ဒါပေမဲ့ နားလည်ပုံတော့မရဘူး။ ဒါနဲ့ အိပ်ခန်းထဲပြေးဝင်ပြီး ထပ်ငိုပစ်လိုက်တယ်။”

တစ်ခါတလေကျတော့ ကိုယ့်ခံစားချက်ကို မပြောပြချင်တာမျိုးလည်း ဖြစ်တတ်တယ်။ လူငယ်လေးခရစ္စတိုဖာ ဒီလိုပြောတယ်– “မိဘတွေကို ကိစ္စအတော်များများ ပြောပြတယ်။ ဒါပေမဲ့ ကျွန်တော်စဉ်းစားနေတာ အားလုံးကို တစ်ခါတလေ သူတို့မသိဘူး။ အဲဒါလည်းကောင်းပါတယ်။”

ကိုယ့်ခံစားချက်တချို့ကို မပြောဘဲနေတာ မှားသလား။ သင့်ဘက်က ရိုးသားနေသရွေ့ မမှားပါဘူး။ (သုတ္တံ ၃:၃၂) ဒါပေမဲ့ မိဘတွေက နားမလည်တာပဲဖြစ်ဖြစ်၊ သင်က မပြောချင်တာပဲဖြစ်ဖြစ် သေချာတာတစ်ခုကတော့ မိဘတွေနဲ့စကားပြောဖို့လိုပြီး သူတို့ကလည်း နားထောင်ပေးဖို့လိုတယ်။

ဆက်ပြောပါ

မိဘတွေနဲ့ ပြောဆိုဆက်သွယ်တာက ကားမောင်းနေတာနဲ့တူတယ်။ လမ်းပိတ်ထားတယ်ဆိုရင် သင်သွားလိုတဲ့ခရီးကို ဆက်မသွားဘဲနေမလား။ မနေပါဘူး။ တခြားလမ်းကိုရှာပြီး သွားမှာပဲ။ ဥပမာနှစ်ခုကို သုံးသပ်ကြည့်ပါ။

လမ်းပိတ်ဆို့မှု ၁ သင်က စကားပြောဖို့လိုပေမဲ့ မိဘတွေက နားထောင်နေပုံမရဘူး။ လေအာ အခုလိုပြောတယ်– “အဖေနဲ့စကားပြောဖို့ ခက်တယ်။ တစ်ခါတလေဆို ကိုယ်ပြောတဲ့စကားပေါ်မှာ အာရုံမရှိဘူး။ ပြောနေတာ နည်းနည်းကြာတော့မှ ‘ဪ၊ အဖေ့ကို ပြောနေတာလား’ ဆိုပြီးပြောတတ်တယ်။”

မေးခွန်း– လေအာက ပြဿနာတစ်ခုကို ဆွေးနွေးဖို့ တကယ်လိုအပ်နေတယ်ဆိုရင်ကော။ သူ့မှာ အနည်းဆုံး ရွေးချယ်စရာသုံးခုရှိတယ်။

ရွေးချယ်စရာ က

အဖေ့ကို အော်ပြောတယ်။ “အရေးကြီးတဲ့ကိစ္စ ပြောနေတာကို။ နားထောင်ပါအုံး” လို့ လေအာ အော်ပြောလိုက်တယ်။

ရွေးချယ်စရာ ခ

အဖေနဲ့ စကားမပြောတော့ဘူး။ လေအာက သူ့ပြဿနာကို မပြောပြတော့ဘူး။

ရွေးချယ်စရာ ဂ

ပိုအဆင်ပြေမယ့်အချိန်ကို စောင့်ပြီးမှ ထပ်ပြောတယ်။ လေအာက နောက်မှ အဖေနဲ့မျက်နှာချင်းဆိုင် စကားပြောတယ်။ ဒါမှမဟုတ် စာရေးပြီးပြောပြတယ်။

ဘယ်တစ်ခုကို လေအာရွေးချယ်သင့်တယ်လို့ သင်ထင်သလဲ။ ․․․․․

ရွေးချယ်စရာတစ်ခုစီက ဘာရလဒ်ရမလဲဆိုတာ ကြည့်ရအောင်။

လေအာရဲ့အဖေက စိတ်ရှုပ်နေတဲ့အတွက် သမီးဖြစ်သူ အခက်အခဲကြုံနေတာကို သတိမထားမိဘူး။ လေအာက ရွေးချယ်စရာ က ကို ရွေးချယ်တယ်ဆိုပါစို့။ အော်ပြောရတဲ့အကြောင်းရင်းကို အဖေနားလည်မှာ မဟုတ်ဘူး။ သူ့စကားတွေကို အဖေ နားထောင်ချင်မှာ မဟုတ်သလို အဖေ့ကို ရိုသေလေးစားရာလည်း မရောက်ဘူး။ (ဧဖက် ၆:၂) ဒါဆိုရင် လိုချင်တဲ့ရလဒ်ကို ရတော့မှာမဟုတ်ဘူး။

ရွေးချယ်စရာ ခ ကတော့ အလွယ်ဆုံးဖြစ်ပေမဲ့ အကောင်းဆုံးတော့ မဟုတ်ဘူး။ ဘာကြောင့်လဲ။ အကြောင်းကတော့ ‘တိုင်ပင်ဆွေးနွေးတာမရှိရင် အစီအစဉ်တွေ ပျက်တတ်’ လို့ပဲ။ (သုတ္တံ ၁၅:၂၂ကဘ) လေအာအနေနဲ့ ပြဿနာတွေကို အောင်မြင်စွာဖြေရှင်းချင်တယ်ဆိုရင် အဖေနဲ့စကားပြောဖို့လိုတယ်။ အဖေကလည်း အကူအညီပေးချင်တယ်ဆိုရင် သူ့သမီး ဘာတွေကြုံနေရတယ်ဆိုတာ သိဖို့လိုတယ်။ စကားမပြောဘဲနေရင်တော့ ဘာမှဖြစ်လာမှာမဟုတ်ဘူး။

ရွေးချယ်စရာ ဂ မှာတော့ လေအာက လမ်းပိတ်ဆို့မှုနဲ့ကြုံရပေမဲ့ လက်မလျှော့ဘူး။ အဲဒီအစား သူ့ပြဿနာကို တခြားအချိန်မှာ ဆွေးနွေးဖို့ ကြိုးစားတယ်။ စာရေးပြီးပြောပြဖို့ ရွေးချယ်မယ်ဆိုရင် ချက်ချင်းစိတ်သက်သာရာရနိုင်သလို သူပြောချင်တာကိုလည်း စီကာပတ်ကုံး ပြောပြလို့ရတယ်။ အဖေက စာဖတ်တဲ့အခါ သူဘာပြောချင်သလဲဆိုတာသိပြီး သူ့ပြဿနာကို ပိုနားလည်လာမှာဖြစ်တယ်။ ဒါကြောင့် ဒီရွေးချယ်မှုက လေအာနဲ့သူ့အဖေ နှစ်ယောက်စလုံးအတွက် အကျိုးရှိတယ်။

လေအာမှာ တခြားဘယ်ရွေးချယ်စရာတွေ ရှိသေးလဲ။ သင်စဉ်းစားမိတာရှိရင် အောက်မှာရေးချပါ။ အဲဒါက ဘာရလဒ်ရမလဲဆိုတာကိုလည်း ရေးပါ။

․․․․․

လမ်းပိတ်ဆို့မှု ၂ သင့်မိဘတွေက စကားပြောချင်ပေမဲ့ သင်က မပြောချင်ဘူး။ ဆယ်ရာ အခုလိုပြောတယ်– “ကျောင်းမှာ တစ်နေကုန်ပင်ပန်းပြီး ပြန်လာတဲ့အခါ အိမ်ရောက်ရောက်ချင်း မေးခွန်းတွေမေးခံရတာလောက် ဆိုးတာမရှိဘူး။ ကျောင်းကိစ္စကို ကျွန်မ မေ့ထားလိုက်ချင်တယ်။ ဒါပေမဲ့ မိဘတွေက ‘ဒီနေ့ ကျောင်းမှာ အဆင်ပြေရဲ့လား။ ပြဿနာတစ်ခုခုရှိသလား’ ဆိုပြီး စမေးတော့တာပဲ။” မိဘတွေက စိုးရိမ်လို့မေးတာမှန်ပေမဲ့ ဆယ်ရာကတော့ “ပင်ပန်းပြီး စိတ်ဖိစီးနေတဲ့အချိန်မှာ ကျောင်းကိစ္စကို မပြောချင်ဘူး” လို့ ညည်းရှာတယ်။

မေးခွန်း– အဲဒီလိုအခြေအနေမှာ ဆယ်ရာ ဘာလုပ်နိုင်သလဲ။ အရင်ဥပမာလိုပဲ သူ့မှာ အနည်းဆုံး ရွေးချယ်စရာသုံးခုရှိတယ်။

ရွေးချယ်စရာ က

စကားမပြောဘူး။ ဆယ်ရာက “သမီးတစ်ယောက်တည်း နေပါရစေ။ အခု ဘာမှပြောချင်စိတ်မရှိဘူး” လို့ပြောလိုက်တယ်။

ရွေးချယ်စရာ ခ

စကားဆက်ပြောတယ်။ စိတ်ဖိစီးနေပေမဲ့ မိဘတွေမေးတာကို မဖြေချင်ဖြေချင်နဲ့ ဖြေတယ်။

ရွေးချယ်စရာ ဂ

“ကျောင်းကိစ္စ” ကို လောလောဆယ်မပြောသေး ပေမဲ့ တခြားကိစ္စတစ်ခုကို ဆက်ပြောတယ်။ ဆယ်ရာက ကျောင်းကိစ္စကို သူစိတ်ကြည်တဲ့အချိန်ကျရင် ပြောပြမယ်လို့ ပြောလိုက်တယ်။ ပြီးတော့ “အဖေအမေတို့ကော ဒီနေ့ဘယ်လိုလဲ။ အဆင်ပြေရဲ့လား” လို့စိတ်ဝင်တစားနဲ့မေးတယ်။

ဘယ်တစ်ခုကို ဆယ်ရာရွေးချယ်သင့်တယ်လို့ သင်ထင်သလဲ။ ․․․․․

ရွေးချယ်စရာတစ်ခုစီက ဘာရလဒ်ရမလဲဆိုတာ ကြည့်ရအောင်။

ဆယ်ရာက စိတ်ဖိစီးနေပြီး စကားမပြောချင်ဘူး။ က ကို ရွေးချယ်မယ်ဆိုရင် စိတ်ဖိစီးမှုဆက်ရှိနေမယ့်အပြင် မိဘတွေကို အော်ပြောမိတဲ့အတွက် အပြစ်ရှိတယ်လို့လည်း ခံစားရမယ်။—သုတ္တံ ၂၉:၁၁

မိဘတွေကလည်း သမီးဖြစ်သူဒေါသပေါက်ကွဲလို့ စိတ်မကောင်းဖြစ်မယ် ဒါမှမဟုတ် ဘာမှမပြောတော့ဘဲနေလိုက်မယ်။ တစ်ခုခုကို လျှို့ဝှက်ထားတယ်လို့ ထင်ကြမယ်။ ဒါနဲ့ သူ့ကိုအတင်းမေးလေလေ သူပိုစိတ်ညစ်လေလေဖြစ်လာမယ်။ နောက်ဆုံးမှာ လိုချင်တဲ့ရလဒ်ကို ရတော့မှာမဟုတ်ဘူး။

ရွေးချယ်စရာ ခ ကတော့ ရွေးချယ်စရာ က ထက်ပိုကောင်းတယ်။ ဘာပဲဖြစ်ဖြစ် ဆယ်ရာက သူ့မိဘနဲ့စကားပြောတယ်။ ဒါပေမဲ့ စိတ်မပါ့တပါပြောတာဖြစ်လို့ ဆယ်ရာရော သူ့မိဘတွေပါ သက်သောင့်သက်သာ၊ ပွင့်ပွင့်လင်းလင်း ဆွေးနွေးနိုင်မှာမဟုတ်ဘူး။

ရွေးချယ်စရာ ဂ မှာတော့ ဆယ်ရာက “ကျောင်းကိစ္စ” ကို လောလောဆယ် မပြောသေးတဲ့အတွက် စိတ်ပေါ့ပါးနေပါလိမ့်မယ်။ မိဘတွေကလည်း သမီးဖြစ်သူဟာ အပြန်အလှန်စကားပြောနိုင်ဖို့ ကြိုးစားနေမှန်း သိတဲ့အတွက် ဝမ်းသာကြမယ်။ ဒီရွေးချယ်မှုက အောင်မြင်မှုရစေတဲ့ အကောင်းဆုံးနည်းလမ်းဖြစ်နိုင်တယ်။ အကြောင်းကတော့ နှစ်ဖက်စလုံးက ဖိလိပ္ပိ ၂:၄ မှာပါတဲ့ ဒီအကြံဉာဏ်ကို ကျင့်သုံးကြလို့ပါပဲ– “သင်တို့သည် ကိုယ့်အရေးကိစ္စကိုသာ အာရုံမစိုက်ဘဲ သူတစ်ပါး၏အရေးကိစ္စကိုလည်း အာရုံစိုက်ကြလော့။”

နားလည်မှုလွဲတာမျိုး မဖြစ်စေပါနဲ့

သင်ပြောချင်တာကတစ်မျိုး၊ မိဘတွေနားလည်တာကတစ်မျိုး ဖြစ်သွားတတ်တယ်။ ဥပမာ၊ မိဘတွေက ဘာကြောင့်စိတ်မကြည်မလင်ဖြစ်နေတာလဲလို့ မေးတယ်ဆိုပါစို့။ သင်က “အဲဒီအကြောင်း မပြောချင်ဘူး” လို့ပြောလိုက်တာကို မိဘတွေက “သူငယ်ချင်းတွေကိုပဲ ရင်ဖွင့်မယ်။ အဖေအမေတို့ကို မယုံလို့ မပြောချင်ဘူး” ဆိုပြီးနားလည်သွားတယ်။ အောက်ပါလေ့ကျင့်ခန်းကို လုပ်ကြည့်ပါ။ သင်က ပြဿနာတစ်ခုကြုံနေရပြီး မိဘတွေက ဘာကူညီပေးရမလဲလို့ မေးတယ်ဆိုပါစို့။

သင်ပြောလိုက်တာက– “အဖေအမေတို့ စိတ်မပူပါနဲ့။ ကိုယ့်ဘာသာကိုယ် ဖြေရှင်းနိုင်တယ်။”

မိဘတွေနားလည်တာက– ․․․․

ပိုကောင်းအောင်ပြောနိုင်တာက– ․․․․

အရေးကြီးဆုံးက ဘာလဲ။ ပြောမယ့်စကားတွေကို သေချာရွေးချယ်ပါ။ ရိုသေလေးစားတဲ့လေသံမျိုးနဲ့ ပြောပါ။ (ကောလောသဲ ၄:၆) မိဘတွေကို ရန်သူလိုမဟုတ်ဘဲ မိတ်ဆွေလို သဘောထားပါ။ သင်သိထားရမယ့်အချက်က ပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းနိုင်ဖို့ဆိုရင် ရနိုင်တဲ့အကူအညီအားလုံးကို အရယူဖို့လိုတယ်။

နောက်အခန်းမှာဖတ်ကြည့်ပါ

မိဘတွေနဲ့စကားပြောရတာက ပြဿနာမဟုတ်ပေမဲ့ ပြောလိုက်တိုင်း ငြင်းခုံစကားများနေရတယ်ဆိုရင်ကော။

အဓိကကျမ်းချက်

“စိတ်ထဲရှိတဲ့အတိုင်း ပွင့်ပွင့်လင်းလင်းပြောပါတယ်။ စိတ်ရင်းမှန်နဲ့ပြောပါတယ်။”—ယောဘ ၃၃:၃၊ ဝီလျံဘတ်ရေးသားတဲ့ ခေတ်သုံးဘာသာစကားဖြင့် သန့်ရှင်းသောကျမ်းစာ။

အကြံပြုချက်

သင့်ပြဿနာအကြောင်း မိဘတွေနဲ့အတူထိုင်ပြီး ဆွေးနွေးဖို့ အခက်တွေ့နေမယ် ဆိုရင် အတူလမ်းလျှောက်ရင်း၊ ကားမောင်းရင်း၊ စျေးဝယ်ထွက်ရင်း ပြောပြနိုင်ပါတယ်။

သင်သိပါသလား . . . ?

အရေးကြီးတဲ့ကိစ္စတွေကို မိဘ တွေနဲ့ ပြောဆိုဆွေးနွေးဖို့ သင့်အတွက်ခက်ခဲနိုင်သလို မိဘတွေကလည်း အဲဒီအကြောင်းတွေကို သင်နဲ့ဆွေးနွေးဖို့ စိတ်ကသိကအောက်ဖြစ်တာ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိတာ ဖြစ်နိုင်တယ်။

လက်တွေ့လုပ်ကြည့်ပါ

မိဘတွေနဲ့ စကားမပြောချင်တဲ့အခါကျရင် ငါလုပ်နိုင်တာက․․․․․

မိဘတွေက ငါမပြောချင်တဲ့ကိစ္စကို အတင်းပြောခိုင်းတယ်ဆိုရင် ငါလုပ်နိုင်တာက․․․․․

ဒီကိစ္စနဲ့ပတ်သက်ပြီး မိဘတွေကို ငါမေးချင်တာက․․․․․

သင်ဘယ်လိုထင်သလဲ

● ပြောဆိုဆက်သွယ်တဲ့အခါ စကားပြောမယ့်အချိန်ကို ရွေးချယ်တာက ဘယ်လောက်အရေးကြီးသလဲ။—သုတ္တံ ၂၅:၁၁

● မိဘတွေနဲ့ စကားပြောဖို့ကြိုးစားတာက ဘာကြောင့်အကျိုးရှိသလဲ။—ယောဘ ၁၂:၁၂

[စာမျက်နှာ ၁၀ ပါ ပုံစာ]

‘‘မိဘတွေနဲ့ ပြောဆိုဆက်သွယ်ဖို့ အမြဲတော့မလွယ်ဘူး။ ဒါပေမဲ့ သူတို့ကို ရင်ဖွင့်ပြောပြလိုက်တဲ့အခါ စိတ်ထဲမှာ အရမ်းပေါ့သွားတယ်လို့ ခံစားရတယ်။’’—ဒီဗနီ

[စာမျက်နှာ ၈ ပါ ရုပ်ပုံ]

လမ်းပိတ်ဆို့နေပေမဲ့ တခြားလမ်းကနေ ဆက်သွားနိုင်သလို သင်လည်း မိဘတွေနဲ့ ပြောဆိုဆက်သွယ်နိုင်မယ့်နည်းကို ရှာတွေ့နိုင်ပါတယ်