မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မိထွေးပထွေး မိသားစုနဲ့ ငါဘယ်လို စခန်းသွားရမလဲ

မိထွေးပထွေး မိသားစုနဲ့ ငါဘယ်လို စခန်းသွားရမလဲ

အခန်း ၅

မိထွေးပထွေး မိသားစုနဲ့ ငါဘယ်လို စခန်းသွားရမလဲ

သင့်မိဘက သူနောက်အိမ်ထောင်ပြုတဲ့နေ့မှာ အပျော်ကြီးပျော်နေပေမဲ့ သင်ကတော့ သိပ်ပျော်မှာမဟုတ်ဘူး။ ဘာကြောင့်လဲ။ မိဘရင်းတွေ ပြန်ပေါင်းမယ်ဆိုတဲ့မျှော်လင့်ချက် ပျက်စီးသွားလို့ပဲ။ အထူးသဖြင့် ချစ်ရတဲ့မိဘတစ်ဦးဆုံးသွားပြီး သိပ်မကြာခင်မှာ ကျန်တဲ့မိဘက နောက်အိမ်ထောင်ပြုတာဆိုရင် ပိုစိတ်ထိခိုက်နိုင်တယ်။

မိဘနောက်အိမ်ထောင်ပြုတဲ့အခါ သင်ဘယ်လိုခံစားရသလဲ။ သင့်ခံစားချက်ကို သက်ဆိုင်တဲ့အကွက်မှာ ✔ ခြစ်ပါ။

□ ပျော်တယ်

□ စိတ်အားငယ်တယ်

□ သစ္စာဖောက်ခံရတယ်

□ မိထွေး/ပထွေးကို မနာလိုဖြစ်တယ်

□ မိထွေး/ပထွေးကို သံယောဇဉ်တွယ်လာလို့အပြစ်ရှိတယ်လို့ ခံစားရတယ်

နောက်ဆုံးအချက်က မိဘရင်းကို သစ္စာရှိလို့ ခံစားရတာဖြစ်နိုင်တယ်။ ဘာပဲဖြစ်ဖြစ်၊ အဲဒီလိုစိတ်ထိခိုက်ခံစားရတဲ့အခါ ထွက်ပေါက်ရှာတဲ့အနေနဲ့ ဆိုးဆိုးဝါးဝါးတုံ့ပြန်မိနိုင်တယ်။

ဥပမာ၊ မိထွေး/ပထွေးကို အမြဲလိုလိုပြဿနာရှာတာ ဖြစ်နိုင်တယ်။ မိဘရဲ့နောက်အိမ်ထောင် ပြိုကွဲသွားအောင် သူတို့ကို ရန်တိုက်ပေးတာမျိုးတောင် ဖြစ်နိုင်တယ်။ ဒါပေမဲ့ ‘ကိုယ့်မိသားစုကိုဒုက္ခပေးတဲ့သူဟာ လေကိုပဲအမွေရလိမ့်မယ်’ လို့ ပညာရှိစကားတစ်ခွန်းကဆိုတယ်။ ပြောချင်တာက သူလုပ်သမျှ ဘာမှအရာထင်မှာမဟုတ်ဘူး။ (သုတ္တံ ၁၁:၂၉ကဘ) သင် အဲဒီလိုအဖြစ်မျိုး အရောက်မခံပါနဲ့။ စိတ်ထိခိုက်ခံစားရတဲ့အခါ အကောင်းဆုံးနည်းနဲ့ ဖြေရှင်းနိုင်ပါတယ်။ အခြေအနေတချို့ကို ကြည့်ရအောင်။

ပြဿနာ ၁– မိထွေး/ပထွေးရဲ့ အခွင့်အာဏာ

မိထွေး/ပထွေးရဲ့ အခွင့်အာဏာအောက်မှာ နေရတာ မလွယ်ပါဘူး။ သင့်ကို တစ်ခုခုလုပ်ခိုင်းတဲ့အခါ ‘လာမခိုင်းနဲ့။ ခင်ဗျားက ကျွန်တော့်အဖေရင်း/အမေရင်း မဟုတ်ဘူး’ လို့ပြန်အော်မိနိုင်တယ်။ အဲဒီလိုပြောလိုက်ရလို့ နည်းနည်းတော့စိတ်ကျေနပ်သွားတာ ဖြစ်ချင်ဖြစ်မယ်။ ဒါပေမဲ့ အဲဒါက အတွေးအခေါ်မရင့်ကျက်တာပဲ။

အဲဒီလိုမဟုတ်ဘဲ မိထွေး/ပထွေးရဲ့ အခွင့်အာဏာကို အသိအမှတ်ပြုတာက ‘အတွေးအခေါ်၌ အသက်အရွယ်ကြီးသောသူကဲ့သို့ ဖြစ်ကြပါ’ ဆိုတဲ့ ကျမ်းစာဆုံးမစကားကို လိုက်နာနေတာဖြစ်တယ်။ (၁ ကောရိန္သု ၁၄:၂၀နားလည်လွယ်သော ခေတ်သုံးမြန်မာစကားပြေဖြင့် ပြန်ဆိုရေးသားထားသည့် ဓမ္မသစ်ကျမ်း) တကယ်တော့ သင့်ရဲ့မိထွေး/ပထွေးဟာ မိဘတစ်ယောက်ရဲ့ဝတ္တရားတွေကို လုပ်ဆောင်နေတာဖြစ်လို့ သူ့ကို ရိုသေလေးစားထိုက်ပါတယ်။—သုတ္တံ ၁:၈; ဧဖက် ၆:၁-၄

အများအားဖြင့် မိထွေး/ပထွေးက သင့်ကိုချစ်လို့၊ စိုးရိမ်လို့ ဆုံးမတာပါ။ (သုတ္တံ ၁၃:၂၄) ၁၈ နှစ်အရွယ် အီဗွန်း ဒီလိုပြောတယ်– “ပထွေးက ကျွန်မတို့ကို ပြောဆိုဆုံးမတဲ့အခါ ဖခင်တွေ လုပ်သင့်လုပ်အပ်တာကို လုပ်နေတာပဲ။ ဒါကို ကလန်ကဆန်လုပ်မယ်ဆိုရင် နှစ်တွေတစ်လျှောက် ကျွန်မတို့အတွက် စားဝတ်နေရေး ထောက်ပံ့ပေးတာ၊ ဘုရားတရားလုပ်နိုင်အောင် ပံ့ပိုးပေးတာတွေကို ဂရုမစိုက်ဘူးဆိုတဲ့ သဘောသက်ရောက်သွားမှာပေါ့။ ဒါကျေးဇူးကန်းတာပဲ။”

ဒါပေမဲ့ မိထွေး/ပထွေးကို မကျေနပ်တာ အကြောင်းရှိလို့ ဖြစ်နိုင်တယ်။ အဲဒီလိုဆိုရင်တောင် “တစ်ဦးနှင့်တစ်ဦး မကျေနပ်စရာအကြောင်းရှိလျှင် အချင်းချင်း ဆက်၍သည်းခံလျက် အကြွင်းမဲ့ခွင့်လွှတ်ကြလော့” ဆိုတဲ့ ကောလောသဲ ၃:၁၃ ပါဆုံးမစကားကို လိုက်နာပါ။ ဒီလိုနည်းနဲ့ ‘အသက်အရွယ်ကြီးသောသူ’ ဖြစ်ကြောင်း သက်သေပြပါ။

မိထွေး/ပထွေးမှာရှိတဲ့ အရည်အသွေးကောင်း နှစ်ခု ဒါမှမဟုတ် နှစ်ခုထက်မက ရေးကြည့်ပါ။

․․․․․

မိထွေး/ပထွေးမှာရှိတဲ့ အရည်အသွေးကောင်းတွေအကြောင်း စဉ်းစားတာက သူ့ကို ပိုလေးစားလာအောင် ဘယ်လိုကူညီပေးနိုင်မလဲ။

․․․․․

ပြဿနာ ၂– ဝေမျှတတ်ခြင်း၊ အလျှော့ပေးတတ်ခြင်း

အသက် ၂၄ နှစ်အရွယ် အယ်ရွန် ဒီလိုပြောတယ်– “ကျွန်တော့်အဖေက နောက်အိမ်ထောင်နှစ်ခါပြုခဲ့တယ်။ နှစ်ကြိမ်စလုံးမှာ မိထွေးမိသားစုကို ချစ်ခင်တွယ်တာလာဖို့ မနည်းကြိုးစားရတယ်။ တကယ်တော့ သူတို့က သူစိမ်းတွေပဲလေ။ သူတို့ကိုချစ်ရမယ်လို့ ကျွန်တော့်ကိုပြောတဲ့အခါ အရမ်းစိတ်ရှုပ်တာပဲ။”

သင့်မှာလည်း တခြားအခက်အခဲတွေ ရှိနိုင်တယ်။ ဥပမာ၊ သင်က မိသားစုမှာ အကြီးဆုံး ဒါမှမဟုတ် တစ်ဦးတည်းသော သား/သမီး ဆိုပါစို့။ အခုတော့ အဲဒီနေရာကို ဖယ်ပေးရတော့မယ်။ သင်က အိမ်မှာ ယောက်ျားသားတစ်ယောက်အနေနဲ့ မိသားစုကိစ္စတွေကို အချိန်အတော်ကြာ ဦးစီးဦးဆောင်ခဲ့ရတာဖြစ်နိုင်တယ်။ အခုတော့ ပထွေးက သင့်နေရာကို ယူလိုက်ပြီ။ အီဗွန်း အခုလိုပြောတယ်– “ကျွန်မရဲ့အဖေရင်းက အမေ့ကို ဘယ်တော့မှ ဂရုမစိုက်ဘူး။ အမေ့ကို ကျွန်မပဲ အမြဲအဖော်လုပ်ပေးခဲ့ရတာ။ အမေနောက်အိမ်ထောင်ပြုလိုက်တော့ ပထွေးက အမေ့ကို တော်တော်လေးဂရုစိုက်တယ်။ အတူသွား၊ အတူလာနဲ့ အမြဲတတွဲတွဲပဲ။ ဒါကြောင့် ကျွန်မဆီကနေ အမေ့ကိုလုသွားတယ်လို့ ခံစားရတယ်။ နောက်ဆုံးတော့ ကျွန်မရဲ့အတွေးအခေါ်ကို ပြုပြင်နိုင်ခဲ့တယ်။” သင်လည်း သူ့လိုခံစားမိနိုင်တယ်။

အဲဒီလိုဆိုရင် အီဗွန်းလိုပဲ သင့်အတွေးအခေါ်ကို ဘယ်လိုပြုပြင်နိုင်မလဲ။ “သင်တို့၏ အကျိုးသင့်အကြောင်းသင့်သဘောကို လူအပေါင်းတို့ရှေ့တွင် ထင်ရှားစေကြလော့” ဆိုပြီး ကျမ်းစာအကြံပြုတယ်။ (ဖိလိပ္ပိ ၄:၅) “အကျိုးသင့်အကြောင်းသင့်” လို့ပြန်ဆိုတဲ့ မူရင်းစကားလုံးက “အလျှော့ပေး” တယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်တယ်။ ကိုယ့်ရဲ့လုပ်ပိုင်ခွင့်အားလုံးကို မရမက မတောင်းဆိုတတ်တဲ့ သဘောထားဖြစ်တယ်။ အဲဒီအကြံပြုချက်ကို ဘယ်လိုလက်တွေ့ အသုံးချနိုင်သလဲ။ (၁) တစ်ချိန်လုံး အတိတ်ကို တမ်းတမနေပါနဲ့။ (ဒေသနာ ၇:၁၀) (၂) မိထွေး/ပထွေး မိသားစုနဲ့ အေးအတူပူအမျှ ဝေမျှခံစားပါ။ (၁ တိမောသေ ၆:၁၈) (၃) သူတို့ကို သူစိမ်းလို သဘောမထားပါနဲ့။

အထက်ပါအချက်တွေထဲမှာ သင်ကြိုးစားဖို့အလိုအပ်ဆုံးက ဘယ်အချက်လဲ။ ․․․․

ပြဿနာ ၃– တန်းတူရည်တူ ဆက်ဆံမခံရခြင်း

တာရာ ဒီလိုပြောတယ်– “ပထွေးက ကျွန်မတို့ညီအစ်မနှစ်ယောက်ထက် သူ့သားသမီးတွေကို ပိုချစ်တယ်။ သူတို့ကြိုက်တာတွေ ဝယ်ကျွေးတယ်၊ ကြည့်ချင်တဲ့အခွေတွေ ငှားပေးတယ်။ သူတို့အကြိုက် အားလုံးလုပ်ပေးတယ်။” အဲဒီလိုဆက်ဆံပုံမျိုးက တကယ်ခံရခက်ပါတယ်။ ဒါဆို ဘယ်လိုလုပ်မလဲ။ မယားပါ/လင်ပါ သားသမီးပေါ်ထားတဲ့ခံစားချက်နဲ့ သားသမီးအရင်းပေါ်ထားတဲ့ခံစားချက် ဘာကြောင့်မတူသလဲဆိုတာ နားလည်အောင်ကြိုးစားပါ။ သွေးသားတော်စပ်မှုကြောင့် ဖြစ်ချင်မှဖြစ်မယ်။ အချိန်အကြာကြီး အတူနေခဲ့လို့ဖြစ်နိုင်တယ်။ သင်လည်း မိထွေး/ပထွေးထက် မိဘအရင်းနဲ့ ပိုရင်းနှီးတာပဲမဟုတ်လား။

ဒါပေမဲ့ တန်းတူရည်တူဆက်ဆံခြင်းနဲ့ မျှမျှတတဆက်ဆံခြင်းမှာ ခြားနားချက်ရှိတယ်။ လူတစ်ယောက်နဲ့တစ်ယောက် စရိုက်ချင်း၊ လိုအပ်ရာချင်း မတူကြဘူး။ ဒါကြောင့် မိထွေး/ပထွေးက သင့်ကို တန်းတူရည်တူဆက်ဆံသလားဆိုတာ သိပ်အာရုံမစိုက်ပါနဲ့။ သူက သင့်လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနေသလားဆိုတာကိုပဲ အာရုံစိုက်ပါ။

မိထွေး/ပထွေးက သင့်ရဲ့ဘယ်လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးခဲ့သလဲ။

․․․․․

ဘယ်လိုအပ်ချက်တွေကို မဖြည့်ဆည်းပေးဘူးလို့ သင်ခံစားရသလဲ။

သင့်ရဲ့လိုအပ်ချက်တချို့ကို မဖြည့်ဆည်းပေးဘူးလို့ ခံစားရရင် သူ့ကို အဲဒီအကြောင်း လေးလေးစားစားပြောပြပါ။

စိတ်ရှည်ခြင်းက အကျိုးရှိ

ပုံမှန်အားဖြင့် မိထွေး/ပထွေးမိသားစုနဲ့ နေသားတကျဖြစ်တဲ့အထိ တစ်ယောက်ကိုတစ်ယောက် ယုံကြည်မှုရှိလာအောင် နှစ်အတော်ကြာ အချိန်ယူရတယ်။ အဲဒီအခါကျမှပဲ မိသားစုဝင်တွေရဲ့ မတူညီတဲ့အကျင့်စရိုက်တွေ၊ စံနှုန်းတွေနဲ့ လိုက်လျောညီထွေနေတတ်လာမယ်။ ဒါကြောင့် စိတ်ရှည်ပါ။ မေတ္တာ ချက်ချင်းခံစားရမယ်၊ မိသားစုလို ချက်ချင်းဖြစ်လာမယ်ဆိုပြီး မမျှော်လင့်ပါနဲ့။

သောမတ်စ်ဆိုတဲ့လူငယ်လေးဟာ သူ့အမေနောက်အိမ်ထောင်ပြုသွားတဲ့အခါ တော်တော်အဆင်မပြေဖြစ်ခဲ့ရတယ်။ သူ့အမေမှာ သားသမီးလေးယောက်ရှိပြီး ပထွေးမှာ သားသမီးသုံးယောက်ရှိတယ်။ “ကျွန်တော်တို့ ရန်ဖြစ်ကြ၊ စကားများကြတယ်။ မိသားစုတစ်ခုလုံး ပရမ်းပတာဖြစ်ပြီး အကြီးအကျယ် စိတ်ဒဏ်ရာရခဲ့ကြတယ်” လို့ သူရေးခဲ့တယ်။ ဒါပေမဲ့ ဘယ်လိုနည်းနဲ့ အောင်မြင်မှုရခဲ့သလဲ။ “ကျမ်းစာလမ်းညွှန်ချက်တွေကို လက်တွေ့ကျင့်သုံးတဲ့အခါ ပြဿနာတွေပြေလည်သွားတယ်” လို့ သူပြောပြတယ်။

နောက်အခန်းမှာဖတ်ကြည့်ပါ

မောင်နှမအရင်းတွေနဲ့ မတည့်ဘူးဆိုရင် ဘာလုပ်ရမလဲ။

အဓိကကျမ်းချက်

‘ကိစ္စတစ်ခုရဲ့အဆုံးက အစထက် ပိုကောင်းတယ်။ စိတ်ရှည်တာက စိတ်မောက်မာတာထက် ပိုကောင်းတယ်။’ —ဒေသနာ ၇:၈ကဘ။

အကြံပြုချက်

မိထွေး/ပထွေးဘက်ကပါလာတဲ့ လိင်ခြားသူမောင်နှမတွေနဲ့ အတူနေတဲ့အခါ မတော်လျော်တဲ့ခံစားချက်တွေ ပေါ်လာနိုင်တယ်။ ဒါကြောင့် အဲဒီလိုအတွေးမျိုးမဝင်လာအောင် ထိန်းချုပ်ပါ။ လိင်စိတ်နှိုးဆွတာမျိုးမဖြစ်အောင် ကိုယ့်ရဲ့ဝတ်စားဆင်ယင်ပုံ၊ ပြောဆိုနေထိုင်ပုံတွေကို ဆင်ခြင်ပါ။

သင်သိပါသလား . . . ?

မိထွေး/ပထွေးဘက်ကပါလာတဲ့ သားသမီးတွေလည်း မိထွေး/ပထွေးမိသားစုဘဝမှာ နေသားကျလာဖို့ အခက်တွေ့နေမှာပဲ။

လက်တွေ့လုပ်ကြည့်ပါ

မိထွေး/ပထွေးကို ပိုလေးစားလာအောင် မိသားစုအတွက် သူလုပ်ပေးခဲ့တဲ့ ဒီအရာလေးတွေကို ငါစဉ်းစားမယ် (ကောင်းတဲ့အချက်နှစ်ချက်ကို ရေးပါ) ․․․․․

မိထွေး/ပထွေးရဲ့ သားသမီးတွေ ငါ့ကို အေးတိအေးစက် ဆက်ဆံတဲ့အခါ ရောမ ၁၂:၂၁ မှာပါတဲ့ ဆုံးမစကားကို လိုက်နာတဲ့အနေနဲ့ ငါလုပ်နိုင်တာက ․․․․․

ဒီကိစ္စနဲ့ပတ်သက်ပြီး မိဘ ဒါမှမဟုတ် မိထွေး/ပထွေးကို ငါမေးချင်တာက ․․․․․

သင်ဘယ်လိုထင်သလဲ

● သင့်မိသားစုနဲ့အတူ လာနေတဲ့အခါ မိထွေး/ပထွေး ဒါမှမဟုတ် သူ့ဘက်ကပါလာတဲ့ သားသမီးတွေမှာ ဘာစိုးရိမ်စရာတွေ ရှိနိုင်သလဲ။

● မိသားစုအသစ်နဲ့ ဆက်ဆံတဲ့အခါ ရေရှည်အတွက်စဉ်းစားတာက ဘာကြောင့်အရေးကြီးသလဲ။

[စာမျက်နှာ ၃၈ ပါ ရုပ်ပုံ]

‘‘အမေ့ရဲ့နောက်အိမ်ထောင်က ကွာရှင်းမှုနဲ့ အဆုံးသတ်သွားပေမဲ့ ပထွေးရဲ့သားသမီးတွေနဲ့ ကျွန်မကတော့ ဒီနေ့ထိ သိပ်ခင်မင်ရင်းနှီးကြတယ်။ ကျွန်မဘဝထဲ သူတို့ရောက်လာတာက ကျွန်မအတွက် အကောင်းဆုံးလက်ဆောင်ပါပဲ။’’—တာရာ

[စာမျက်နှာ ၃၉ ပါ အကျဉ်းဖော်ပြချက်]

မိသားစုနှစ်စုကို ပေါင်းစပ်တာက ရေနဲ့ ဘိလပ်မြေကို ရောစပ်သလိုပဲ။ အချိန်နဲ့ ခွန်အားစိုက်ထုတ်မှု လိုအပ်ပေမဲ့ နောက်ဆုံးမှာတော့ ခိုင်ခံ့မြဲမြံတဲ့အရာတစ်ခု ဖြစ်ပေါ်လာပါလိမ့်မယ်