မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မောင်နှမတွေနဲ့ အဆင်ပြေအောင် ဘာလုပ်ရမလဲ

မောင်နှမတွေနဲ့ အဆင်ပြေအောင် ဘာလုပ်ရမလဲ

အခန်း ၆

မောင်နှမတွေနဲ့ အဆင်ပြေအောင် ဘာလုပ်ရမလဲ

မောင်နှမတွေနဲ့ သင့်ဆက်ဆံရေးက ဘယ်အဆင့်မှာရှိသလဲ။ –အကောင်းဆုံးသူငယ်ချင်း –သည်းခံပြီးဆက်ဆံနေရတယ် –တစ်ချိန်လုံး ရန်ဖြစ်နေရတယ် ․․․․․

တချို့ မောင်နှမတွေက အရမ်းချစ်ကြတယ်။ ဥပမာ၊ အသက် ၁၉ နှစ်အရွယ် ဖလီရှာ ဒီလိုပြောတယ်– “ကျွန်မညီမလေး အီရီနာက အသက် ၁၆ နှစ်ရှိပြီ။ သူက ကျွန်မရဲ့အကောင်းဆုံးသူငယ်ချင်းပဲ။” အသက် ၁၇ နှစ်အရွယ် ကာလီမှာ အီရစ်လို့ခေါ်တဲ့ အသက် ၂၀ အရွယ် အစ်ကိုတစ်ယောက်ရှိတယ်။ ကာလီ ဒီလိုပြောပြတယ်– “ကျွန်မတို့မောင်နှမနှစ်ယောက်က တည့်မှတည့်။ ဘယ်တော့မှ ရန်မဖြစ်ကြဘူး။”

တချို့မောင်နှမတွေရဲ့ ဆက်ဆံရေးကတော့ လော်ရန်နဲ့မာလာတို့လိုပဲ။ “ကျွန်မတို့ညီအစ်မနှစ်ယောက်က အသေးအဖွဲကိစ္စကအစ ဘယ်ကိစ္စအတွက်မဆို စကားများကြတယ်” လို့ လော်ရန်ပြောပြတယ်။ အသက် ၁၂ နှစ်အရွယ် အဲလစ်လိုလည်း သင်ခံစားမိနိုင်တယ်။ အသက် ၁၄ နှစ်အရွယ် အစ်ကိုဖြစ်သူ ဒန်းနစ်အကြောင်း သူအခုလိုပြောပြတယ်– “သူက ကျွန်မကို စိတ်တိုအောင်လုပ်တယ်။ ကျွန်မအခန်းထဲဇွတ်ဝင်ပြီး မပြောမဆိုနဲ့ ပစ္စည်းတွေယူသုံးတယ်။ အရမ်းကလေးဆန်တာပဲ။”

သင့်မောင်နှမတွေကော သင့်ကို စိတ်တိုအောင်လုပ်သလား။ မိသားစု သင့်သင့်မြတ်မြတ်ရှိဖို့ မိဘတွေမှာ တာဝန်ရှိတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ အနှေးနဲ့အမြန်ဆိုသလို သင်လည်း တခြားသူတွေနဲ့ အဆင်ပြေအောင် ဘယ်လိုနေရမယ်ဆိုတာ သင်ယူဖို့လိုလာမယ်။ အကောင်းဆုံးသင်ယူနိုင်တဲ့နေရာကတော့ အိမ်မှာပဲ။

မောင်နှမတွေနဲ့ ဖြစ်ခဲ့တဲ့ပြဿနာကို စဉ်းစားကြည့်ပါ။ ဘယ်ကိစ္စအတွက် ရန်အဖြစ်ရဆုံးလဲ။ အောက်ပါအချက်တွေကိုကြည့်ပြီး သင့်ကိုဒေါသထွက်စေတဲ့ဖြစ်ရပ်တွေကို ✔ ခြစ်ပါ။

ပစ္စည်းယူသုံးတာ။ မောင်နှမတွေက မပြောမဆိုနဲ့ ပစ္စည်းတွေယူသုံးတယ်။

စရိုက်ချင်းမတူတာ။ မောင်နှမတွေက တစ်ကိုယ်ကောင်းဆန်တယ်၊ မဆင်မခြင်လုပ်တယ်၊ ဆရာလုပ်တယ်။

သီးသန့်နေချင်တာ။ မောင်နှမတွေက တံခါးမခေါက်ဘဲ အခန်းထဲဝင်တယ်။ ခွင့်မတောင်းဘဲ အီးမေးလ်တွေ၊ မက်ဆေ့ခ်ျတွေ ဖတ်တယ်။

တခြား ․․․․․

မောင်နှမတွေက စိတ်တိုအောင် တစ်ချိန်လုံးလုပ်နေမယ်၊ တစ်ချိန်လုံးဆရာလုပ်နေမယ်၊ သီးသန့်မနေနိုင်အောင် နှောင့်ယှက်နေမယ်ဆိုရင် ဒေါသဖြစ်မိမှာပဲ။ ‘နှာခေါင်းကိုညှစ်ရင် သွေးထွက်လာသလို ဒေါသကိုဆွပေးရင် ငြင်းခုံရန်တွေ့မှုတွေ ဖြစ်တတ်တယ်’ ဆိုပြီး ပညာရှိစကားတစ်ခွန်းက ဆိုတယ်။ (သုတ္တံ ၃၀:၃၃ကဘ) နှာခေါင်းကိုညှစ်ရင် သွေးထွက်လာသလို မကျေနပ်ချက်တွေကို မျိုသိပ်ထားရင် ဒေါသပေါက်ကွဲလာမှာပဲ။ ဒီအခါ ပြဿနာပိုဆိုးလာဖို့ပဲရှိတယ်။ (သုတ္တံ ၂၆:၂၁) စိတ်အနှောင့်အယှက်ဖြစ်တာကနေ အကြီးအကျယ်အော်ဟစ်စကားများတဲ့အခြေအနေထိ မရောက်သွားအောင် ဘာလုပ်ရမလဲ။ ဦးဆုံးအနေနဲ့ အဓိကအကြောင်းရင်းကို သိအောင်လုပ်ပါ။

အပေါ်ယံဖြစ်ရပ်လား၊ အကြောင်းရင်းလား

မောင်နှမတွေနဲ့ဖြစ်တဲ့ပြဿနာက ဝက်ခြံပေါက်တာနဲ့တူတယ်။ အကြည့်ရဆိုးတဲ့အနာက ဝက်ခြံရဲ့အပေါ်ယံလက္ခဏာပဲ။ ဒါပေမဲ့ ဝက်ခြံပေါက်ရတဲ့အကြောင်းရင်းက အထဲမှာပိုးဝင်သွားလို့ဖြစ်တယ်။ အဲဒီလိုပဲ၊ မောင်နှမတွေနဲ့ဖြစ်တဲ့ပြဿနာက အပေါ်ယံလက္ခဏာပဲ။ ပြဿနာနောက်ကွယ်မှာ အကြောင်းရင်းရှိတယ်။

ဝက်ခြံသက်သာအောင်လုပ်တဲ့အနေနဲ့ ညှစ်လိုက်တယ်ဆိုပါစို့။ ဘာဖြစ်လာမလဲ။ အဲဒါက အပေါ်ယံအနာကိုပဲ ကုလိုက်တာဖြစ်လို့ အမာရွတ်ကျန်ခဲ့နိုင်တယ် ဒါမှမဟုတ် ပိုဆိုးသွားနိုင်တယ်။ အကောင်းဆုံးကုသနည်းကတော့ ဝက်ခြံထပ်မပေါက်အောင် ပိုးသတ်ရမှာဖြစ်တယ်။ မောင်နှမတွေနဲ့ဖြစ်တဲ့ပြဿနာကိုလည်း အဲဒီလိုပဲဖြေရှင်းရမယ်။ နောက်ကွယ်ကအကြောင်းရင်းကို သိအောင်လုပ်ပါ။ ဒါဆိုရင် အပေါ်ယံဖြစ်ရပ်ကို ကျော်မြင်ပြီး ပြဿနာရဲ့အရင်းခံကို သိလာပါလိမ့်မယ်။ ‘ထိုးထွင်းဉာဏ်ရှိတဲ့သူက ဒေါသမထွက်အောင် ထိန်းနိုင်တယ်’ ဆိုတဲ့ ပညာရှိဘုရင်ရှောလမုန်ရဲ့ဆုံးမစကားကိုလည်း လိုက်နာနိုင်ပါလိမ့်မယ်။—သုတ္တံ ၁၉:၁၁ကဘ။

ဥပမာ၊ အထက်မှာပြောခဲ့တဲ့ အဲလစ်က သူ့အစ်ကို ဒန်းနစ်နဲ့ပတ်သက်ပြီး “သူက ကျွန်မအခန်းထဲဇွတ်ဝင်ပြီး မပြောမဆိုနဲ့ ပစ္စည်းတွေယူသုံးတယ်” လို့ပြောတယ်။ ဒါဟာ အပေါ်ယံဖြစ်ရပ်ပဲ။ အဓိကအကြောင်းရင်းက ဘာဖြစ်မယ်လို့ သင်ထင်သလဲ။ တစ်ဖက်သားရဲ့ဆန္ဒကို မလေးစားတာဖြစ်နိုင်တယ်။ အဲလစ်က ပြဿနာကိုဖြေရှင်းတဲ့အနေနဲ့ သူ့အစ်ကိုကို ‘အခန်းထဲဘယ်တော့မှမဝင်နဲ့၊ ပစ္စည်းတွေ ဘယ်တော့မှယူမသုံးနဲ့’ လို့ ပြောလိုက်တယ်ဆိုပါစို့။ ဒါက အပေါ်ယံဖြစ်ရပ်ကိုပဲ ဖြေရှင်းတာဖြစ်လို့ ပြဿနာထပ်ဖြစ်လာနိုင်တယ်။ ဒါပေမဲ့ အခန်းထဲဝင်တာ၊ ပစ္စည်းတွေယူသုံးတာနဲ့ပတ်သက်တဲ့ သူ့ဆန္ဒကို လေးစားစေချင်တဲ့အကြောင်း အစ်ကိုဖြစ်သူလက်ခံလာအောင် အဲလစ်ပြောပြမယ်ဆိုရင် သူတို့မောင်နှမ ပိုသင့်မြတ်လာမှာဖြစ်တယ်။

ပြဿနာဖြေရှင်းနည်းနဲ့ ရှောင်ရှားနည်း

တကယ်တော့ နောက်ကွယ်ကအကြောင်းရင်းကိုသိတာက ပြဿနာဖြေရှင်းနည်းရဲ့ တစ်စိတ်တစ်ပိုင်းပဲ ရှိသေးတယ်။ ပြဿနာဖြေရှင်းနိုင်ဖို့၊ ထပ်မဖြစ်အောင်ရှောင်နိုင်ဖို့ ဘယ်လိုလုပ်နိုင်သလဲ။ အောက်ပါ အချက်ခြောက်ချက်ကို ကြိုးစားလုပ်ကြည့်ပါ။

၁။ နှစ်ဦးသဘောတူ စည်းမျဉ်းတွေချမှတ်ပါ။ အထက်မှာ သင်အမှတ်ခြစ်ခဲ့တဲ့အချက်တွေကို ပြန်ကြည့်ပါ။ အဲဒီပြဿနာတွေရဲ့အကြောင်းရင်းကို ဖြေရှင်းနိုင်မယ့် နှစ်ဦးသဘောတူ စည်းမျဉ်းတချို့ ချမှတ်ပါ။ ဥပမာ၊ ပစ္စည်းယူသုံးတဲ့ကိစ္စနဲ့ စကားများတယ်ဆိုရင် ဒီစည်းမျဉ်းတွေ ချမှတ်နိုင်တယ်– (၁) “သူများပိုင်တဲ့ပစ္စည်းကို ယူမသုံးခင် အမြဲခွင့်တောင်းပါ။” (၂) “‘အဲဒီပစ္စည်း ယူမသုံးနဲ့’ ဆိုပြီး မောင်နှမတစ်ယောက်ယောက်က ပြောလာတဲ့အခါ လေးစားပါ။” စည်းမျဉ်းတွေချတဲ့အခါ “သင်တို့သည် ကိုယ်၌ သူတစ်ပါးပြုစေလိုသမျှအတိုင်း သူတစ်ပါး၌ ပြုကြလော့” ဆိုတဲ့ ယေရှုရဲ့မိန့်မှာချက်ကို ထည့်စဉ်းစားပါ။ (မဿဲ ၇:၁၂) ဒီနည်းနဲ့ သင်ရော၊ သင့်မောင်နှမပါ လိုက်နာနိုင်တဲ့စည်းမျဉ်းတွေ ချမှတ်နိုင်ပါလိမ့်မယ်။ အဲဒီနောက် သင်တို့ချမှတ်တဲ့ စည်းမျဉ်းတွေနဲ့ပတ်သက်ပြီး မိဘရဲ့သဘောထားကို မေးကြည့်ပါ။—ဧဖက် ၆:၁

၂။ စည်းမျဉ်းတွေကို သင်ကိုယ်တိုင် လိုက်နာပါ။ တမန်တော်ပေါလုက “သူတစ်ပါးကို သွန်သင်လျက်ပင် ကိုယ့်ကိုယ်ကိုယ် မသွန်သင်သလော။ ‘မခိုးနှင့်’ ဟုတရားဟောလျက်ပင် ကိုယ်တိုင်ခိုးသလော” ဆိုပြီးရေးခဲ့တယ်။ (ရောမ ၂:၂၁) အဲဒီအချက်ကို သင်ဘယ်လို လက်တွေ့ကျင့်သုံးမလဲ။ သီးသန့်နေချင်တဲ့ သင့်ဆန္ဒကို လေးစားစေချင်တယ်ဆိုရင် သင်ကိုယ်တိုင်လည်း မောင်နှမတွေရဲ့အခန်းထဲမဝင်ခင် တံခါးခေါက်ပါ ဒါမှမဟုတ် သူတို့ရဲ့အီးမေးလ်တွေ၊ မက်ဆေ့ခ်ျတွေကို မဖတ်ခင် ခွင့်တောင်းပါ။

၃။ အထိမခံ ကြွေပန်းကန် မဖြစ်ပါနဲ့။ အဲဒီလိုမဖြစ်တာ ဘာကြောင့်ကောင်းသလဲ။ “လူမိုက်တွေပဲ ထစ်ကနဲဆို ဒေါသဖြစ်တတ်တယ်။ မကျေနပ်ချက်တွေကို တေးထားတတ်တယ်” ဆိုတဲ့ ပညာရှိဆုံးမစကားတစ်ခွန်းရှိလို့ပဲ။ (ဒေသနာ ၇:၉Contemporary English Version) သင်ဟာ အထိမခံ ကြွေပန်းကန်ဖြစ်နေရင် သင့်ဘဝက သနားစရာပါပဲ။ မောင်နှမတွေက သင်စိတ်တိုအောင် ပြောကြ၊ လုပ်ကြမယ်ဆိုတာတော့ မှန်ပါတယ်။ ဒါပေမဲ့ ‘ငါကော အရင်တုန်းက သူတို့ကို အဲဒီလိုလုပ်ခဲ့သလား’ လို့ ကိုယ့်ကိုယ်ကိုယ်မေးကြည့်ပါ။ (မဿဲ ၇:၁-၅) ဂျယ်နီ အခုလိုပြောတယ်– “ကျွန်မ ၁၃ နှစ်အရွယ်တုန်းက ကိုယ်ကပဲ အတော်ဆုံး၊ ကိုယ့်အမြင်ကပဲ အရေးကြီးဆုံး၊ ကိုယ်ပြောတာကိုပဲ လက်ခံရမယ်ဆိုတဲ့ သဘောထားရှိခဲ့တယ်။ အခု ကျွန်မညီမလေးလည်း အဲဒီလိုဖြစ်နေတယ်။ ဒီတော့ သူပြောတဲ့စကားတွေကြောင့် ဒေါသမထွက်မိဖို့ ကျွန်မကြိုးစားတယ်။”

၄။ ခွင့်လွှတ်ပါ၊ မေ့ပစ်ပါ။ ပြဿနာကြီးကြီးမားမားဖြစ်ရင် အတူဆွေးနွေးပြီး ဖြေရှင်းဖို့လိုတယ်။ ဒါပေမဲ့ မောင်နှမတွေ အမှားလုပ်မိတဲ့အခါတိုင်း ခေါ်ပြီးဆွေးနွေးရင် ကောင်းပါ့မလား။ သင်က ‘အမှားကို ဗွေမယူ’ ဘူးဆိုရင် ယေဟောဝါဘုရား နှစ်သက်ပါလိမ့်မယ်။ (သုတ္တံ ၁၉:၁၁ကဘ) ၁၉ နှစ်အရွယ် အယ်လီစင် ဒီလိုပြောပြတယ်– “ညီမလေးရေချယ်လ်နဲ့ ကျွန်မ ပြဿနာဖြစ်ပြီဆိုရင် ဖြေရှင်းနိုင်တာများတယ်။ ကျွန်မတို့နှစ်ယောက်စလုံးက ‘တောင်းပန်ပါတယ်’ လို့ပြောဖို့ ဝန်မလေးကြဘူး။ ပြဿနာဖြစ်ရတဲ့အကြောင်းရင်းကိုလည်း အတူဆွေးနွေးကြတယ်။ တစ်ခါတလေကျတော့ ပြဿနာအကြောင်းမပြောခင် တစ်ညလောက် အချိန်ယူစဉ်းစားတယ်။ မနက်ရောက်တော့ သင်ပုန်းချေပြီးသားဖြစ်သွားရော။ အဲဒီအကြောင်း ပြောစရာတောင်မလိုတော့ဘူး။”

၅။ မိဘတွေကို ဒိုင်လူကြီးလုပ်ခိုင်းပါ။ တကယ်လို့ ကြီးလေးတဲ့ပြဿနာတစ်ခုကို မဖြေရှင်းနိုင်ဘူးဆိုရင် မိဘတွေဆီမှာ အကူအညီတောင်းပါ။ မောင်နှမချင်းပြေလည်အောင် သူတို့လုပ်ပေးနိုင်ပါလိမ့်မယ်။ (ရောမ ၁၄:၁၉) ဒါပေမဲ့ မိဘတွေရဲ့အကူအညီမပါဘဲ ဖြေရှင်းနိုင်တယ်ဆိုရင် သင် ရင့်ကျက်လာပြီဆိုတဲ့ လက္ခဏာပဲ။

၆။ မောင်နှမတွေရဲ့ အရည်အချင်းကောင်းတွေကို တန်ဖိုးထားပါ။ မောင်နှမတွေမှာ သင်နှစ်သက်တဲ့အရည်အချင်းတွေ ရှိမှာပဲ။ မောင်နှမတစ်ယောက်ချင်းစီရဲ့ ဘယ်အရည်အချင်းတွေကို သင်နှစ်သက်တယ်ဆိုတာ အောက်မှာရေးပါ။

နာမည်

․․․․․

နှစ်သက်တဲ့အရည်အချင်း

․․․․․

မောင်နှမတွေရဲ့ အမှားတွေကိုပဲ မျက်စိဒေါက်ထောက်ကြည့်နေမယ့်အစား သူတို့နဲ့ပတ်သက်ပြီး ဘယ်အချက်တွေကို သဘောကျတယ်ဆိုတာ ပြောပြပါ။—ဆာလံ ၁၃၀:၃; သုတ္တံ ၁၅:၂၃

မောင်နှမတွေက ကိုယ့်ရဲ့အရင်းနှီးဆုံးမိတ်ဆွေ အမြဲဖြစ်နိုင်မှာမဟုတ်ဘူးဆိုတာ ကျမ်းစာအသိအမှတ်ပြုတယ်။ (သုတ္တံ ၁၈:၂၄) ဒါပေမဲ့ “မကျေနပ်စရာအကြောင်း” ရှိရင်တောင် “အချင်းချင်းဆက်၍သည်းခံ” မယ်ဆိုရင် မောင်နှမတွေနဲ့ ရင်းနှီးမှုနှောင်ကြိုး ပိုခိုင်မြဲလာပါလိမ့်မယ်။ (ကောလောသဲ ၃:၁၃) ဒါဆိုရင် မောင်နှမတွေကြောင့် သင်စိတ်တိုရတဲ့အဖြစ်မျိုး နည်းသွားမှာဖြစ်သလို သင့်ကြောင့် သူတို့စိတ်တိုရတဲ့အဖြစ်မျိုးလည်း နည်းသွားပါလိမ့်မယ်။

နောက်အခန်းမှာဖတ်ကြည့်ပါ

အိမ်ကနေ ခွဲထွက်သွားဖို့ အဆင်သင့်ဖြစ်မဖြစ် သင်ဘယ်လိုသိနိုင်မလဲ။

အဓိကကျမ်းချက်

“သင်တို့၏အကျိုးသင့်အကြောင်းသင့်သဘောကို လူအပေါင်းတို့ရှေ့တွင် ထင်ရှားစေကြလော့။”—ဖိလိပ္ပိ ၄:၅

အကြံပြုချက်

မောင်နှမတစ်ယောက်ယောက်နဲ့ မတည့်ဘူးဆိုပါစို့။ သင့်မှာ အဖိုးတန်အရည်အချင်းတွေ ရှိလာအောင် သူကူညီပေးနေတာဆိုပြီး အကောင်းဘက်ကနေ တွေးပါ။

သင်သိပါသလား . . . ?

အိမ်ကနေခွဲထွက်သွားချိန်မှာ သင့်အနေနဲ့ ရိုင်းစိုင်းတဲ့၊ စာနာစိတ်မရှိတဲ့၊ အတ္တဆန်တဲ့ အလုပ်ဖော်တွေ၊ တခြားသူတွေကြောင့် စိတ်တိုရတဲ့အခါတွေ ရှိလာမှာပဲ။ အဲဒီလိုကြုံရတဲ့အခါ ဘယ်လိုအေးအေးဆေးဆေး ဖြေရှင်းနိုင်မယ်ဆိုတာ သင်ယူနိုင်တဲ့နေရာကတော့ အိမ်ပဲ။

လက်တွေ့လုပ်ကြည့်ပါ

ငါနဲ့မောင်နှမတွေ နှစ်ဦးသဘောတူချမှတ်နိုင်တဲ့ စည်းမျဉ်းတချို့က ․․․․․

ငါ့ကြောင့် မောင်နှမတွေ စိတ်တိုရတဲ့အဖြစ်မျိုး နည်းသွားအောင် ငါလုပ်နိုင်တာက ․․․․․

ဒီကိစ္စနဲ့ပတ်သက်ပြီး မိဘတွေကို ငါမေးချင်တာက ․․․․․

သင်ဘယ်လိုထင်သလဲ

● အပေါ်ယံဖြစ်ရပ်နဲ့ နောက်ကွယ်ကအကြောင်းရင်းရဲ့ ကွာခြားမှုကိုသိမြင်ဖို့ ဘာကြောင့်အရေးကြီးသလဲ။

● မောင်နှမရှိတဲ့အတွက် သင် ဘာအကျိုးကျေးဇူးရသလဲ။

[စာမျက်နှာ ၄၆ ပါ အကျဉ်းဖော်ပြချက်]

‘‘မောင်နှမတွေသာမရှိရင် ကျွန်မဘဝရဲ့ ကြည်နူးစရာအကောင်းဆုံး အမှတ်တရလေးတွေလည်း ရှိမှာမဟုတ်ဘူး။ မောင်နှမရှိတဲ့သူတွေကို ကျွန်မပြောချင်တာက ‘သူတို့ရဲ့တန်ဖိုးကို လျှော့မတွက် ပါနဲ့။’’’—မာရီလင်

[စာမျက်နှာ ၄၂ ပါ လေးထောင့်ကွက်]

လေ့ကျင့်ခန်းစာရွက်

အဓိကအကြောင်းရင်းကို သိအောင်လုပ်ပါ

မောင်နှမတွေနဲ့ ပြဿနာဖြစ်ရတဲ့ အဓိကအကြောင်းရင်းကို သိအောင်လုပ်တဲ့ နေရာမှာ ပိုတော်ချင်သလား။ ဒါဆိုရင် ယေရှုရဲ့သားမိုက်ပုံဥပမာကို ဖတ်ကြည့်ပါ။ သားမိုက်ဟာ အိမ်ကထွက်သွားပြီး အမွေဥစ္စာတွေကို သုံးဖြုန်းပစ်ခဲ့တယ်။ (လုကာ ၁၅:၁၁-၃၂) သူအိမ်ပြန်လာတဲ့အခါ အစ်ကိုဖြစ်သူ ဘယ်လိုတုံ့ပြန်တယ်ဆိုတာ ဂရုစိုက်ဖတ်ပါ။ ပြီးရင် အောက်ပါမေးခွန်းတွေကို ဖြေကြည့်ပါ။

ဘယ်ဖြစ်ရပ်ကြောင့် အစ်ကိုက အဲဒီလိုတုံ့ပြန်ရတာလဲ။ ․․․․․

နောက်ကွယ်ကအကြောင်းရင်းက ဘာဖြစ်မယ်ထင်သလဲ။ ․․․․․

အဖေက ပြဿနာကို ဘယ်လိုဖြေရှင်းသလဲ။ ․․․․․

ပြဿနာပြေလည်ဖို့ဆိုရင် အစ်ကိုဖြစ်သူ ဘာလုပ်ဖို့လိုသလဲ။ ․․․․․

မကြာသေးခင်က သင့်မောင်နှမနဲ့စကားများခဲ့တာကို ပြန်စဉ်းစားကြည့်ပါ။ ပြီးရင် အောက်ပါမေးခွန်းတွေရဲ့အဖြေကို ရေးပါ။ ․․․․․

ဘယ်ဖြစ်ရပ်ကြောင့် စကားများရတာလဲ။ ․․․․․

နောက်ကွယ်ကအကြောင်းရင်းက ဘာဖြစ်မယ်ထင်သလဲ။ ․․․․․

ပြဿနာဖြေရှင်းနိုင်အောင်၊ ထပ်မဖြစ်အောင် ဘယ်စည်းမျဉ်းတွေကို နှစ်ဦးသဘောတူချမှတ်နိုင်မလဲ။ ․․․․․

[စာမျက်နှာ ၄၃ ပါ ရုပ်ပုံ]

မောင်နှမတွေနဲ့ဖြစ်တဲ့ပြဿနာက ဝက်ခြံပေါက်တာနဲ့တူတယ်။ အပေါ်ယံဖြစ်ရပ်ကိုပဲ မဟုတ်ဘဲ နောက်ကွယ်ကအကြောင်းရင်းကို ကုသပါ