မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အိမ်ကနေခွဲထွက်ဖို့ ငါအဆင်သင့်ဖြစ်ပြီလား

အိမ်ကနေခွဲထွက်ဖို့ ငါအဆင်သင့်ဖြစ်ပြီလား

အခန်း ၇

အိမ်ကနေခွဲထွက်ဖို့ ငါအဆင်သင့်ဖြစ်ပြီလား

“ကျွန်မက အခုထိ မိသားစုနဲ့အတူနေတုန်းဆိုတော့ ကျွန်မကို လူတွေ အထင်သေးကြတယ်လို့ တစ်ခါတလေခံစားရတယ်။ ကိုယ့်ဘာသာကိုယ် မနေနိုင်မချင်း လူကြီးဖြစ်လာမှာ မဟုတ်ဘူးဆိုတဲ့သဘောမျိုးပေါ့။”—ကေတီ။

“အိမ်မှာမနေချင်ဘူး။ ကိုယ့်စိတ်ကြိုက် လွတ်လွတ်လပ်လပ်ပဲ နေချင်တယ်။ ဒါကြောင့် အိမ်ကနေခွဲထွက်ဖို့ ကျွန်မစဉ်းစားနေတယ်။”—ဖီအိုနာ။

အိမ်ကနေ ခွဲထွက်ဖို့ အဆင်သင့်မဖြစ်ခင်အချိန်ကတည်းက သင့်မှာ လွတ်လွတ်လပ်လပ်နေချင်စိတ် ရှိနေမှာပဲ။ ဒါက သဘာဝပါ။ အခန်း ၃ မှာ လေ့လာခဲ့တဲ့အတိုင်း လူငယ်တွေအတွက် ဘုရားသခင့်မူလရည်ရွယ်ချက်က လူကြီးအဖြစ် ကြီးပြင်းလာဖို့၊ နောက်ဆုံး ကိုယ့်မိဘကိုစွန့်ပြီး တစ်အိုးတစ်အိမ်ထူထောင်ဖို့ ဖြစ်တယ်။ (ကမ္ဘာဦး ၂:၂၃၊ ၂၄; မာကု ၁၀:၇၊ ၈) ဒါပေမဲ့ အိမ်ကနေခွဲထွက်ဖို့ တကယ်အဆင်သင့်ဖြစ်မဖြစ် ဘယ်လိုသိနိုင်မလဲ။ အရေးကြီးတဲ့မေးခွန်းသုံးခုကို ဖြေကြည့်ပါ။ ဦးဆုံးမေးခွန်းကတော့ . . .

အကြောင်းရင်းက ဘာလဲ

အောက်ပါစာရင်းကိုကြည့်ပါ။ အိမ်ကနေခွဲထွက်ချင်ရတဲ့ အကြောင်းရင်းတွေကို အရေးကြီးတဲ့အချက်ကစပြီး နံပါတ်တပ်ပါ။

․․․․․ အိမ်တွင်းပြဿနာတွေကနေ လွတ်လမ်းရှာချင်လို့

․․․․․ လွတ်လွတ်လပ်လပ်နေချင်လို့

․․․․․ သူငယ်ချင်းတွေ အထင်ကြီးတာခံချင်လို့

․․․․․ သူငယ်ချင်းက သူနဲ့အတူ လာနေစေချင်လို့

․․․․․ တခြားဒေသမှာ စေတနာ့ဝန်ထမ်းလုပ်ချင်လို့

․․․․․ အတွေ့အကြုံရချင်လို့

․․․․․ မိဘတွေအတွက် ငွေကြေးဝန်ထုပ်မဖြစ်စေချင်လို့

․․․․․ တခြား ․․․․․

အထက်ပါအကြောင်းရင်းတွေက မကောင်းဘူးလို့ မဆိုလိုပါဘူး။ ဒါပေမဲ့ သင် အိမ်ကနေခွဲထွက်ချင်ရတဲ့ အကြောင်းရင်းကို သေချာစဉ်းစားသင့်တယ်။ ဥပမာ၊ ကန့်သတ်ချုပ်ချယ်မှုတွေကနေ လွတ်အောင်လို့ အိမ်ကနေခွဲထွက်သွားတယ် ဆိုပါစို့။ အိမ်ကနေထွက်လာပြီးနောက် အဖြစ်မှန်ကိုသိလိုက်ရတဲ့အခါ သင် အံ့သြသွားပါလိမ့်မယ်။

အသက် ၂၀ မှာ အိမ်ကနေ ခဏထွက်သွားတဲ့ ဒန်ရယ်လ်ဟာ အတွေ့အကြုံအများကြီးရခဲ့တယ်။ “ဘဝမှာ ကန့်သတ်ချက်တွေ တစ်မျိုးမဟုတ်တစ်မျိုး ရှိနေမှာပဲ။ ကိုယ့်ဘာသာကိုယ်နေတဲ့အခါမှာလည်း အလုပ်အချိန်ဇယားကြောင့်၊ ငွေမရှိတာကြောင့် ကိုယ်လုပ်ချင်တာ လုပ်နိုင်မှာမဟုတ်ဘူး” ဆိုပြီး သူပြောပြတယ်။ ရေခြားမြေခြားမှာ ခြောက်လလောက်သွားနေခဲ့တဲ့ ကာမန်ကလည်း “အတွေ့အကြုံတော့ ရပါတယ်။ ဒါပေမဲ့ ကျွန်မမှာ အားတဲ့အချိန်ကို မရှိဘူး။ အိမ်သန့်ရှင်းရေးလုပ်၊ ပျက်နေတာတွေပြင်၊ ခြံရှင်း၊ အဝတ်လျှော်၊ ကြမ်းတိုက် စတဲ့အိမ်အလုပ်တွေ ပြီးအောင်လုပ်ရသေးတယ်” လို့ပြောပြတယ်။

တခြားသူတွေကြောင့် အလောတကြီး ဆုံးဖြတ်ချက်မချလိုက်ပါနဲ့။ (သုတ္တံ ၂၉:၂၀) အိမ်ကနေခွဲထွက်သွားဖို့ ခိုင်လုံတဲ့အကြောင်းရင်းတွေရှိရင်တောင် အဲဒါနဲ့မလုံလောက်သေးဘူး။ ကိုယ့်ခြေပေါ်ကိုယ်ရပ်နိုင်တဲ့ အရည်အချင်းတွေရှိဖို့ လိုသေးတယ်။ ဒါကြောင့် ဒုတိယမေးခွန်းက . . .

အဆင်သင့်ဖြစ်ပြီလား

အိမ်ကနေခွဲထွက်သွားတာဟာ တောထဲမှာ ခြေလျင်ခရီးသွားတာနဲ့တူတယ်။ တဲမထိုးတတ်၊ မီးမမွှေးတတ်၊ မချက်ပြုတ်တတ်၊ မြေပုံမကြည့်တတ်ဘဲ တောတောင်ထဲ သင် ခရီးသွားမလား။ သွားမှာမဟုတ်ဘူး။ အဲဒီလိုပဲ၊ အိမ်ထောင်တစ်ခုကို ထိန်းသိမ်းနိုင်တဲ့အရည်အချင်းတွေမရှိဘဲ အိမ်ကနေခွဲထွက်သွားမလား။ လူငယ်တော်တော်များများကတော့ အဲဒီလိုလုပ်နေကြတယ်။

‘အမြော်အမြင်ရှိသူက ခြေလှမ်းတိုင်းကို စဉ်းစားဆင်ခြင်တတ်တယ်’ လို့ ပညာရှိဘုရင်ရှောလမုန်ပြောတယ်။ (သုတ္တံ ၁၄:၁၅ကဘ) ကိုယ့်ဘာသာကိုယ်နေဖို့ အဆင်သင့်ဖြစ်မဖြစ် သိနိုင်အောင် အောက်ပါခေါင်းစဉ်ငယ်တွေကို စဉ်းစားကြည့်ပါ။ သင့်မှာရှိပြီးသားအရည်အချင်းဆိုရင် ✔ ခြစ်ပြီး မရှိသေးတဲ့အရည်အချင်းဆိုရင် ✘ ခြစ်ပါ။

ငွေသုံးစွဲတတ်ခြင်း– “ကျွန်မရဲ့ငွေကို အိမ်စရိတ်အတွက် တစ်ခါမှမသုံးဖူးဘူး။ ဒါကြောင့် အိမ်ခွဲနေပြီး ကိုယ့်ငွေကိုယ်သုံးရမှာ ကြောက်တယ်” လို့ အသက် ၁၉ နှစ်အရွယ် ဆရီးနာပြောတယ်။ ငွေသုံးစွဲတတ်အောင် ဘယ်လိုသင်ယူနိုင်မလဲ။

‘သိနားလည်နိုင်စွမ်းရှိသူက ပညာရှိလမ်းညွှန်ချက်တွေကို ခံယူတယ်’ လို့ ကျမ်းစာမှာပြောတယ်။ (သုတ္တံ ၁:၅ကဘ) လူတစ်ယောက်အတွက် နေစရိတ်၊ စားစရိတ်၊ ခရီးစရိတ် တစ်လဘယ်လောက်ကုန်ကျသလဲဆိုတာ မိဘတွေကို မေးကြည့်ပါ။ အဲဒီနောက် ဝင်ငွေထွက်ငွေမျှတအောင် ဘယ်လိုသုံးစွဲရမလဲဆိုတာ မိဘတွေဆီကနေ သင်ယူပါ။

အိမ်မှုကိစ္စနိုင်နင်းခြင်း– အသက် ၁၇ နှစ်အရွယ်ဘရိုင်ယန်က အိမ်ခွဲနေတဲ့အခါ သူမလုပ်ချင်ဆုံးအလုပ်က အဝတ်လျှော်တာပဲလို့ပြောပြတယ်။ သင်ကော ကိုယ့်ခြေပေါ်ကိုယ်ရပ်နိုင်ဖို့ အဆင်သင့်ဖြစ်မဖြစ် ဘယ်လိုသိနိုင်မလဲ။ “ကိုယ့်ဘာသာကိုယ်နေရသလိုမျိုး တစ်ပတ်လောက် စမ်းနေကြည့်ပါ။ ကိုယ့်ပိုက်ဆံနဲ့ကိုယ် စျေးဝယ်၊ ကိုယ်တိုင်ချက်ပြုတ်၊ ကိုယ့်ဟာကိုယ် လျှော်ဖွတ်မီးပူတိုက်ပြီး အိမ်သန့်ရှင်းရေးလုပ်ပါ။ အပြင်သွားစရာရှိရင် မိဘတွေကို အကြိုအပို့မလုပ်ခိုင်းဘဲ ကိုယ့်ဘာသာကိုယ်သွားပါ” ဆိုပြီး အသက် ၂၀ အရွယ် အေရွန် အကြံပေးတယ်။ အဲဒီအတိုင်းလုပ်ကြည့်ရင် (၁) သင့်မှာ အဖိုးတန်အရည်အချင်းတွေ ရှိလာမယ်၊ (၂) သင့်အတွက် မိဘတွေလုပ်ပေးတာကို ပိုတန်ဖိုးထားတတ်လာမယ်။

ပေါင်းသင်းဆက်ဆံတတ်ခြင်း– မိဘတွေ၊ မောင်နှမတွေနဲ့ သင်အဆင်ပြေသလား။ အဆင်မပြေဘူးဆိုရင် သူငယ်ချင်းနဲ့သွားနေတာက ပိုကောင်းတယ်လို့ တွေးမိနိုင်တယ်။ ဒါပေမဲ့ အသက် ၁၈ အရွယ် အိဗ်ပြောတာကို စဉ်းစားကြည့်ပါ– “ကျွန်မရဲ့သူငယ်ချင်းနှစ်ယောက် အတူနေကြတယ်။ အတူမနေခင်တုန်းကတော့ အခင်ဆုံးသူငယ်ချင်းတွေပေါ့။ အတူနေပြီးနောက်မှာတော့ မတည့်ကြတော့ဘူး။ တစ်ယောက်က သပ်သပ်ရပ်ရပ်နေတတ်တယ်၊ တစ်ယောက်က ဖြစ်ကတတ်ဆန်းနေတတ်တယ်။ တစ်ယောက်က ဘုရားတရားကိုင်းရှိုင်းတယ်၊ တစ်ယောက်က အဲဒီလောက်မဟုတ်ဘူး။ ဒီလိုနဲ့ပဲ နှစ်ယောက်သား အဆင်မပြေကြတော့ဘူး။”

ဖြေရှင်းနည်းက ဘာဖြစ်မလဲ။ “လူတွေနဲ့ အဆင်ပြေအောင် ဘယ်လိုပေါင်းရမလဲဆိုတာ အိမ်မှာနေကတည်းက သင်ယူနိုင်တယ်။ ဒါဆိုရင် ပြဿနာတွေ ဘယ်လိုဖြေရှင်းရမယ်၊ ဘယ်လိုအလျှော့ပေးရမယ်ဆိုတာ သိလာမယ်။ မိဘနဲ့မတည့်လို့ အိမ်ကထွက်လာသူတွေဟာ ပြဿနာကို ရင်ဆိုင်ဖြေရှင်းမယ့်အစား ရှောင်ပြေးတတ်ကြတယ်ဆိုတာ ကျွန်မသတိထားမိတယ်” လို့ ၁၈ နှစ်အရွယ် အီရင်းပြောတယ်။

ဝတ်ပြုရေးနဲ့ဆိုင်တဲ့ကိစ္စများ– တချို့က မိဘရဲ့ဘာသာရေးလုပ်ဆောင်မှုတွေမှာ မပါချင်လို့ အိမ်ကနေထွက်သွားကြတယ်။ တချို့ကျတော့ ကျမ်းစာကောင်းကောင်းလေ့လာနိုင်ဖို့၊ ဝတ်ပြုရေးနဲ့ဆိုင်တဲ့ကိစ္စတွေ လုပ်ဆောင်နိုင်ဖို့ ဆိုတဲ့ရည်ရွယ်ချက်ရှိပေမဲ့ နောက်ပိုင်း တဖြည်းဖြည်းနဲ့ အကျင့်ဆိုးတွေနောက် ပါသွားကြတယ်။ သင်လည်း ‘ယုံကြည်ခြင်းသင်္ဘောပျက်’ တာမျိုးမဖြစ်အောင် ဘယ်လိုလုပ်နိုင်သလဲ။—၁ တိမောသေ ၁:၁၉

ယေဟောဝါဘုရားက ကျွန်တော်တို့အားလုံးကို ကိုယ့်ယုံကြည်ချက်အကြောင်း သိနားလည်သူတွေ ဖြစ်စေချင်တယ်။ (ရောမ ၁၂:၁၊ ၂) ဒါကြောင့် ကျမ်းစာလေ့လာဖို့၊ ဝတ်ပြုရေးနဲ့ဆိုင်တဲ့ကိစ္စတွေ လုပ်ဆောင်နိုင်ဖို့ ဇယားကောင်းကောင်းဆွဲထားပြီး ဇယားအတိုင်းလုပ်ပါ။ ကိုယ်လုပ်မယ့်အစီအစဉ်တွေကို ပြက္ခဒိန်မှာ မှတ်ထားနိုင်တယ်။ ပြီးရင် တစ်လအတွင်းမှာ မိဘတွေတိုက်တွန်းစရာမလိုဘဲ ဇယားအတိုင်း လုပ်နိုင်မလုပ်နိုင်ဆိုတာ စစ်ဆေးကြည့်ပါ။

နောက်ဆုံးမေးခွန်းကတော့ . . .

ဘာပန်းတိုင်ရှိသလဲ

ပြဿနာတွေကနေ ရှောင်ပြေးချင်လို့၊ မိဘလက်အောက်ကနေ လွတ်ချင်လို့ အိမ်ကနေခွဲထွက်ချင်တာလား။ အဲဒီလိုဆိုရင် အိမ်ကထွက်ချင်စိတ်ပဲများနေတော့ ဘယ်ကိုသွားမယ်ဆိုတဲ့အချက်အပေါ် အာရုံရောက်တော့မှာမဟုတ်ဘူး။ အဲဒါက နောက်ကြည့်မှန်ကိုပဲကြည့်ပြီး ကားမောင်းနေတာနဲ့တူတယ်။ ထွက်လာတဲ့နေရာကနေ ဘယ်လောက်ဝေးနေပြီဆိုတာကိုပဲ အာရုံစိုက်နေတော့ ရှေ့ကိုမမြင်တော့ဘူး။ သင်ခန်းစာက ဘာလဲ။ အိမ်ကနေထွက်ဖို့ကိုပဲ အာရုံစိုက်မနေပါနဲ့။ သင်လိုက်မီနိုင်မယ့်ပန်းတိုင်တစ်ခုကို အာရုံစိုက်ပါ။

ယေဟောဝါသက်သေလူငယ်တချို့ဟာ နိုင်ငံတွင်းက တခြားဒေသ ဒါမှမဟုတ် နိုင်ငံရပ်ခြားမှာ ဟောပြောနိုင်ဖို့ အိမ်ကနေ ခွဲထွက်သွားကြတယ်။ တချို့ကျတော့ ယေဟောဝါသက်သေတွေရဲ့ဌာနခွဲရုံးမှာ အလုပ်လုပ်ဖို့ ဒါမှမဟုတ် ဝတ်ပြုရာနေရာတွေဆောက်လုပ်ရာမှာ ကူညီပေးဖို့ ထွက်သွားကြတယ်။ အိမ်ထောင်မပြုခင်မှာ အချိန်အတိုင်းအတာတစ်ခုအထိ ကိုယ့်ဘာသာကိုယ်နေတဲ့သူတွေလည်းရှိတယ်။ *

သင့်မှာ ဘာပန်းတိုင်ပဲရှိပါစေ သေချာစဉ်းစားပြီး ဆုံးဖြတ်ပါ။ ‘လုံ့လဝီရိယရှိသူရဲ့အစီအစဉ်တွေ ကျိန်းသေအောင်မြင်လိမ့်မယ်။ အလျင်စလိုလုပ်တဲ့သူကတော့ ကျိန်းသေဆင်းရဲလိမ့်မယ်’ လို့ကျမ်းစာပြောတယ်။ (သုတ္တံ ၂၁:၅ကဘ) မိဘတွေရဲ့အကြံပေးချက်ကို နားထောင်ပါ။ (သုတ္တံ ၂၃:၂၂) ဆုတောင်းပါ။ ဆုံးဖြတ်ချက်ချတဲ့အခါ အခုဆွေးနွေးခဲ့တဲ့ ကျမ်းစာလမ်းညွှန်ချက်တွေကို ထည့်စဉ်းစားပါ။

တကယ်တမ်း သင့်ကိုယ်သင်မေးရမှာက ‘အိမ်ကနေခွဲထွက်ဖို့ ငါအဆင်သင့်ဖြစ်ပြီလား’ ဆိုတဲ့မေးခွန်း မဟုတ်ဘဲ ‘အိမ်ထောင်တစ်ခုကို ငါထိန်းသိမ်းတတ်ပြီလား’ ဆိုတာဖြစ်တယ်။ ထိန်းသိမ်းတတ်ပြီလို့ ဖြေနိုင်ရင်တော့ သင်ဟာ အိမ်ကနေခွဲထွက်ဖို့ အဆင်သင့်ဖြစ်နေပါလိမ့်မယ်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 32 တချို့ယဉ်ကျေးမှုတွေမှာ အထူးသဖြင့် သမီးမိန်းကလေးတွေဟာ အိမ်ထောင်ပြုတဲ့အချိန်အထိ မိဘနဲ့အတူနေကြတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ ကျမ်းစာက တိတိကျကျမပြောထားပါဘူး။

အဓိကကျမ်းချက်

‘ယောက်ျားသည် မိဘကိုစွန့်ခွာလိမ့်မည်။’ —မဿဲ ၁၉:၅

အကြံပြုချက်

သင့်ရဲ့နေစရိတ်၊ စားစရိတ်နဲ့ တခြားကုန်ကျစရိတ်တွေကို အချိန်အတိုင်းအတာတစ်ခုအထိ မိဘတွေကိုပေးပါ။ တကယ်လို့ အဲဒီလိုမပေးနိုင်ဘူး၊ မပေးချင်ဘူးဆိုရင် သင်ဟာ အိမ်ကနေ ခွဲထွက်ဖို့ အဆင်သင့်မဖြစ် သေးဘူး။

 

သင်သိပါသလား . . . ?

အိမ်ကနေခွဲထွက်ပြီးနောက် သင် ဘယ်လောက်ပျော်ရွှင်မယ်ဆိုတဲ့အချက်က အိမ်ကနေခွဲထွက်ရတဲ့အကြောင်းရင်းပေါ် မူတည်တယ်။

လက်တွေ့လုပ်ကြည့်ပါ

အိမ်ကနေခွဲထွက်သွားပြီးနောက် ငါဖြစ်ချင်တဲ့ပန်းတိုင်က ․․․․․

ဒီကိစ္စနဲ့ပတ်သက်ပြီး မိဘတွေကို ငါမေးချင်တာက ․․․․․

သင်ဘယ်လိုထင်သလဲ

● သင့်မိသားစုမှာ အခက်အခဲတွေရှိရင်တောင် အချိန်အတိုင်းအတာတစ်ခုအထိ အိမ်မှာဆက်နေတာကြောင့် ဘာအကျိုးရနိုင်သလဲ။

● အိမ်မှာနေ,နေတုန်း မိသားစုအတွက်လည်း အကျိုးရှိအောင်၊ သင်ကိုယ်တိုင်လည်း အိမ်ထောင်တစ်ခုကို ထိန်းသိမ်းတတ်လာအောင် ဘာလုပ်နိုင်သလဲ။

[စာမျက်နှာ ၅၂ ပါ အကျဉ်းဖော်ပြချက်]

‘‘လွတ်လွတ်လပ်လပ်နေချင်တာ သဘာဝပါပဲ။ ဒါပေမဲ့ အိမ်ကနေခွဲထွက်ရတဲ့အကြောင်းရင်းက စည်းကမ်းတွေမလိုက်နာချင်လို့ဆိုရင်တော့ သင်ဟာ အိမ်ကနေခွဲထွက်ဖို့ အဆင်သင့်မဖြစ်သေးဘူး။’’—အေရွန်

[စာမျက်နှာ ၅၀၊ ၅၁ ပါ ရုပ်ပုံ]

အိမ်ကနေခွဲထွက်သွားတာက တောထဲမှာ ခြေလျင်ခရီးသွားတာနဲ့တူတယ်။ ခရီးမထွက်ခင်ကတည်းက မရှိမဖြစ်လိုအပ်တဲ့အရည်အချင်းတွေကို သင်ယူထားဖို့လိုတယ်