မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သွေးဆောင်မှုတွေကို ငါဘယ်လိုတွန်းလှန်နိုင်မလဲ

သွေးဆောင်မှုတွေကို ငါဘယ်လိုတွန်းလှန်နိုင်မလဲ

အခန်း ၉

သွေးဆောင်မှုတွေကို ငါဘယ်လိုတွန်းလှန်နိုင်မလဲ

ပါတီပွဲကို ကာရင်ရောက်တာ ဆယ်မိနစ်လောက်တောင် မရှိသေးဘူး၊ ကောင်လေးနှစ်ယောက် စက္ကူအိတ်ကြီးတွေပိုက်ပြီး အထဲဝင်လာတာ တွေ့လိုက်တယ်။ အထဲမှာ ဘာတွေလဲဆိုတာတော့ မေးနေစရာမလိုပါဘူး။ ပါတီမှာ “စိတ်ကြိုက်သောက်လို့ရတယ်” ဆိုပြီး သူတို့ပြောတာကို ကြားထားပြီးသား ပဲလေ။

ရုတ်တရက် အနောက်ကနေ “ဟေ့ အဖွားကြီးပေါက်စ၊ ဘာရပ်လုပ်နေတာလဲ” ဆိုတဲ့ ရင်းနှီးတဲ့အသံတစ်သံ ကြားလိုက်ရတယ်။ လှည့်ကြည့်လိုက်တော့ သူငယ်ချင်းဂျက်စီကာကို ဖောက်ခါစ ဘီယာနှစ်ပုလင်းနဲ့ တွေ့လိုက်ရတယ်။ ဂျက်စီကာက ကာရင့်ကို ဘီယာတစ်ပုလင်းလှမ်းပေးရင်း “ပျော်ပျော်ပါးပါး နေဖို့ ငယ်သေးတယ်လို့ မပြောနဲ့နော်” ဆိုပြီးပြောလိုက်တယ်။

ကာရင် ငြင်းလိုက်ချင်ပါတယ်။ ဒါပေမဲ့ ဖိအားက ထင်တာထက် ပိုပြင်းထန် နေတယ်။ ဂျက်စီကာက တခြားသူလည်းမဟုတ်ဘူး၊ ကိုယ့်သူငယ်ချင်းပဲ။ ပြီးတော့ “အဖွားကြီးပေါက်စ” လို့လည်း အခေါ်မခံချင်ဘူး။ တကယ်တော့ ဂျက်စီကာလည်း မိန်းမကောင်းလေးတစ်ယောက်ပဲ။ ‘ဘီယာလေး သောက်ရုံနဲ့ ဘာဖြစ်မှာမို့လို့လဲ။ မူးယစ်ဆေးသုံးတာ၊ လိင်ဆက်ဆံတာမှ မဟုတ်တာ’ လို့ ကာရင်တွေးမိတယ်။

လူငယ်ဘဝမှာ သွေးဆောင်မှုတွေ နည်းအမျိုးမျိုးနဲ့ ကြုံရနိုင်တယ်။ အဲဒီထဲမှာ လိင်ခြားသူတွေလည်းပါတယ်။ ၁၇ နှစ်အရွယ် ရေမွန် ဒီလိုပြောတယ်– “ကျောင်းကကောင်မလေးတွေက လုံးဝမလွယ်ဘူး၊ ဇွတ်ပဲ။ ယောက်ျားလေးတွေနဲ့ ထိတွေ့ချင်တယ်၊ သူတို့ကိုဘယ်လောက်အထိ ခွင့်ပြုမလဲဆိုတာ စမ်းကြည့်ချင်တယ်။ မလုပ်နဲ့လို့ပြောလည်း မရဘူး။” ၁၇ နှစ်အရွယ် ဒီအန်းနာလည်း အဲဒီလိုကြုံခဲ့ရတယ်။ သူဒီလိုပြောပြတယ်– “ကောင်လေးတစ်ယောက်က ကျွန်မကို လာဖက်တယ်။ ဒါနဲ့ သူ့လက်ကို ရိုက်ထုတ်လိုက်ပြီး ‘ဘာလုပ်တာလဲ။ သိလည်းမသိဘဲနဲ့’ လို့ပြောလိုက်တယ်။”

သင်လည်း သွေးဆောင်မှုတွေ ကြုံရမှာပဲ။ ဆက်တိုက်ကြုံနေရတာတောင် ဖြစ်နိုင်တယ်။ “မနှောင့်ယှက်ရ” ဆိုတဲ့ ဆိုင်းဘုတ်ချိတ်ထားတဲ့ကြားက အဆက်မပြတ် တံခါးခေါက်နေသလိုမျိုးပေါ့။ သင်ထင်တာထက် သွေးဆောင်မှုတွေ ပိုကြုံနေရသလား။ ဥပမာ၊ အောက်ပါအရာတစ်ခုခုက သင့်ကို သွေးဆောင်နေသလား။

□ ဆေးလိပ်သောက်ခြင်း

□ အပြာရုပ်ပုံကြည့်ခြင်း

□ အရက်သောက်ခြင်း

□ လိင်ဆက်ဆံခြင်း

□ မူးယစ်ဆေးသုံးစွဲခြင်း

□ တခြား ․․․․․

အထက်ပါအကွက်တစ်ခုခုမှာ ✔ ခြစ်ခဲ့ရင် သင့်ကိုယ်သင် ခရစ်ယာန်တစ်ဦးမဖြစ်ထိုက်တော့ဘူးလို့ မယူဆလိုက်ပါနဲ့။ မကောင်းတဲ့ဆန္ဒတွေကို ဘယ်လိုထိန်းချုပ်ရမယ်၊ သွေးဆောင်မှုတွေကို ဘယ်လိုတွန်းလှန်ရမယ်ဆိုတာ သင်ယူနိုင်ပါတယ်။ ဘယ်လိုနည်းနဲ့လဲ။ သွေးဆောင်မှုဖြစ်စေတဲ့အကြောင်းရင်းတွေကို သိထားခြင်းအားဖြင့် ဖြစ်တယ်။ အကြောင်းရင်းသုံးခုကို လေ့လာကြည့်ရအောင်။

၁။ မွေးရာပါ အပြစ်ပြုလိုစိတ်။ လူတိုင်းမှာ မွေးရာပါ အပြစ်ပြုလိုစိတ်ရှိတဲ့အတွက် အမှားလုပ်ချင်တာ မဆန်းပါဘူး။ ရင့်ကျက်တဲ့ခရစ်ယာန်ဖြစ်သူ တမန်တော်ပေါလုတောင် “ငါသည် အကျင့်ကောင်းကို ကျင့်လိုသောအခါ အကျင့်ဆိုးကို ကျင့်မိတတ်၏” လို့ ပွင့်ပွင့်လင်းလင်း ဝန်ခံခဲ့တယ်။ (ရောမ ၇:၂၁) တည်ကြည်ဖြောင့်မတ်သူတွေတောင် “သွေးသားတပ်မက်ခြင်း၊ မျက်စိတပ်မက်ခြင်း” တွေကို သတိထားနေရမယ်။ (၁ ယောဟန် ၂:၁၆) ဒါပေမဲ့ သွေးဆောင်မှုနဲ့ပတ်သက်တဲ့ အကြောင်းတွေကိုပဲ တနုံ့နုံ့တွေးနေရင်တော့ အခြေအနေပိုဆိုးလာရုံပဲရှိမယ်။ အကြောင်းကတော့ “တပ်မက်မှုသည် သန္ဓေတည်သောအခါ အပြစ်ကို ဖွားတတ်၏” လို့ကျမ်းစာမှာ ပြောထားလို့ပဲ။—ယာကုပ် ၁:၁၅

၂။ ပြင်ပသြဇာများ။ သွေးဆောင်မှုတွေဟာ နေရာတကာမှာ ရှိပါတယ်။ ထရူဒီ အခုလိုပြောတယ်– “ကျောင်းမှာ၊ အလုပ်မှာ လူတွေပြောသမျှ လိင်ကိစ္စချည်းပဲ။ တီဗီ၊ ရုပ်ရှင်တွေမှာဆိုလည်း လိင်ကိစ္စကို သိပ်စွဲမက်စရာ၊ သိပ်စိတ်လှုပ်ရှားစရာကောင်းတဲ့ အရာအဖြစ် အမြဲဖော်ကျူးထားတယ်။ ဆိုးဝါးတဲ့အကျိုးဆက်တွေကိုတော့ တွေ့ရခဲတယ်။” ရွယ်တူချင်းတွေ၊ တီဗီရုပ်ရှင်တွေရဲ့ ဩဇာ ဘယ်လောက်ပြင်းထန်တယ်ဆိုတာ ထရူဒီ ကိုယ်တွေ့ကြုံခဲ့တယ်။ “ကျွန်မ ရည်းစားထားတုန်းက အသက် ၁၆ နှစ်ပဲ ရှိအုံးမယ်။ အမေက ကျွန်မနဲ့အတူထိုင်ပြီး ဒီလိုသာဆက်သွားရင် ကိုယ်ဝန်ရလာလိမ့်မယ်လို့ ပြောတယ်။ အမေ့စကားကြားလိုက်တော့ ကျွန်မ အရမ်းလန့်သွားတာ။ ဒါပေမဲ့ နှစ်လကြာပြီးနောက် ကျွန်မမှာ ကိုယ်ဝန်ရှိနေပြီဆိုတာ သိလိုက်ရတယ်။”

၃။ “လူငယ်များတွင် ဖြစ်ပေါ်တတ်သည့် အလိုဆန္ဒများ။” (၂ တိမောသေ ၂:၂၂) အဲဒီစကားစုမှာ လူအများရဲ့လက်ခံမှုရချင်တာ ဒါမှမဟုတ် လူကြီးတစ်ယောက်လို ဆက်ဆံခံချင်တာ စသဖြင့် လူငယ်တွေမှာရှိတတ်တဲ့ အလိုဆန္ဒအားလုံး ပါဝင်တယ်။ အဲဒီအလိုဆန္ဒတွေက မမှားပါဘူး။ ဒါပေမဲ့ အဲဒါတွေကို မထိန်းချုပ်ဘူးဆိုရင်တော့ သွေးဆောင်မှုတွေကို တွန်းလှန်ဖို့ သိပ်ခက်သွားပြီ။ ဥပမာအနေနဲ့၊ လူကြီးတစ်ယောက်လို ဆက်ဆံခံချင်တာကြောင့် အိမ်မှာသင်ယူခဲ့တဲ့ ကောင်းမွန်တဲ့စံနှုန်းတွေကို မလိုက်နာတော့တဲ့အဖြစ်မျိုး ရောက်သွားနိုင်တယ်။ စတိဗ် အသက် ၁၇ နှစ်တုန်းက အဲဒီလိုဖြစ်ခဲ့တယ်။ “နှစ်ခြင်းခံပြီး သိပ်မကြာခင်မှာပဲ မိဘတွေကို ကျွန်တော် ပုန်ကန်ခဲ့တယ်။ မလုပ်ရဘူးလို့ မိဘတွေ သင်ပေးထားတာအားလုံးကို လုပ်ခဲ့တယ်” ဆိုပြီး သူပြောပြတယ်။

တွန်းလှန်နိုင်ပုံ

အထက်မှာဆွေးနွေးခဲ့တဲ့ အကြောင်းရင်းတွေဟာ တကယ့်ကို ဩဇာကြီးမားတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ သွေးဆောင်မှုတွေကို သင် တွန်းလှန်နိုင်ပါတယ်။ ဘယ်လိုနည်းနဲ့လဲ။

● ဦးဆုံး၊ သင့်အတွက် တွန်းလှန်ရအခက်ဆုံး သွေးဆောင်မှုက ဘာလဲဆိုတာ သိအောင်လုပ်ပါ။ (စာမျက်နှာ ၆၅ မှာ သင်လုပ်ခဲ့ပြီးတာဖြစ်နိုင်တယ်။)

● အဲဒီနောက် ‘ဒီသွေးဆောင်မှုက ဘယ်အချိန်မှာ အများဆုံးပေါ်လာတတ်သလဲ’ လို့ ကိုယ့်ကိုယ်ကိုယ်မေးပါ။ အောက်ပါအချက်တစ်ချက်ကို ✔ ခြစ်ပါ–

□ ကျောင်းမှာ

□ တစ်ယောက်တည်းရှိချိန်မှာ

□ အလုပ်မှာ

□ တခြား ․․․․․

သွေးဆောင်မှု ဘယ်အချိန်မှာ ပေါ်လာတတ်တယ်ဆိုတာ သိထားတာက ရှောင်နိုင်ဖို့ ကူညီပေးပါလိမ့်မယ်။ ဥပမာ၊ ဒီအခန်းအစမှာဖော်ပြခဲ့တဲ့ အဖြစ်အပျက်ကို ပြန်စဉ်းစားကြည့်ပါ။ ပါတီပွဲမှာ အခက်တွေ့နိုင်တယ်ဆိုတာနဲ့ပတ်သက်ပြီး ကာရင့်မှာ ဘယ်သတိပေးချက်ရှိခဲ့သလဲ။

․․․․․

သွေးဆောင်မှုကို သူဘယ်လိုရှောင်နိုင်မလဲ။

․․․․․

● အခု သင်က သွေးဆောင်မှု ဘာလဲဆိုတာသိပြီ၊ ဘယ်အချိန်မှာ ပေါ်လာတတ်သလဲဆိုတာလည်း သိပြီဆိုတော့ လုပ်စရာရှိတာလုပ်ဖို့ပဲ လိုတော့တယ်။ အရင်ဆုံးလုပ်ရမှာက သွေးဆောင်မှုနည်းသွားအောင် ဒါမှမဟုတ် လုံးဝပျောက်သွားအောင် ဘယ်လိုလုပ်မယ်ဆိုတာ စဉ်းစားဖို့ပဲ။ သင်ဘယ်လိုလုပ်နိုင်တယ်ဆိုတာ အောက်မှာရေးပါ။

․․․․․

(ဥပမာ၊ ဆေးလိပ်သောက်ဖို့ ဖိအားပေးတဲ့ သူငယ်ချင်းတွေနဲ့ ကျောင်းဆင်းချိန်မှာ အမြဲတွေ့နေရတယ်ဆိုရင် သူတို့ကိုရှောင်နိုင်ဖို့ တခြားလမ်းကနေသွားပါ။ ကိုယ်မတောင်းဆိုဘဲနဲ့ အင်တာနက်ကနေ အပြာရုပ်ပုံတွေ ဝင်လာတတ်တယ်ဆိုရင် အဲဒါတွေနဲ့ တခြားဝက်ဘ်ဆိုက်တွေကို ပိတ်နိုင်တဲ့ပရိုဂရမ်တွေ ထည့်ထားလိုက်ပါ။ အချက်အလက်ရှာတဲ့အခါမှာလည်း ပိုသတ်သတ်မှတ်မှတ်ဖြစ်တဲ့ အဓိကစကားလုံးတွေကို ရိုက်ထည့်ပြီးရှာပါ။)

သွေးဆောင်မှုအားလုံးကို ရှောင်နိုင်မှာတော့ မဟုတ်ဘူး။ အနှေးနဲ့အမြန်ဆိုသလို ပြင်းထန်တဲ့သွေးဆောင်မှုတစ်ခုခု ကြုံရမှာပဲ။ သင် မထင်ထားတဲ့အရာလည်း ဖြစ်နိုင်တယ်။ ဒါဆို ဘယ်လိုလုပ်မလဲ။

ကြိုတင်ပြင်ဆင်ပါ

‘စာတန်ရဲ့သွေးဆောင်ခြင်းခံရချိန်မှာ’ ယေရှု ချက်ချင်းငြင်းခဲ့တယ်။ (မာကု ၁:၁၃) ဘာကြောင့်လဲ။ သွေးဆောင်မှုတွေပေါ်လာမယ်ဆိုတာ ယေရှုသိပြီးသားဖြစ်လို့ပဲ။ ယေရှုဟာ သူ့အဖေကို အမြဲနာခံဖို့ ဆုံးဖြတ်ထားပြီးဖြစ်တယ်။ (ယောဟန် ၈:၂၈၊ ၂၉) ဒါကြောင့်လည်း “ငါသည် ငါ့အလိုအတိုင်း ဆောင်ရွက်ရန် ကောင်းကင်မှ ဆင်းသက်သည်မဟုတ်။ ငါ့ကိုစေလွှတ်တော်မူသော အရှင်၏အလိုတော်ကိုဆောင်ရန် ဆင်းသက်လာ၏” လို့ပြောခဲ့တာပေါ့။—ယောဟန် ၆:၃၈

သင်ကြုံရတတ်တဲ့ သွေးဆောင်မှုကို တွန်းလှန်သင့်တဲ့အကြောင်းရင်းနှစ်ခုနဲ့ ဖြေရှင်းနည်းနှစ်ခုကို နောက်စာမျက်နှာမှာရေးပါ။

အကြောင်းရင်း–

၁ ․․․․․

၂ ․․․․․

ဖြေရှင်းနည်း–

၁ ․․․․․

၂ ․․․․․

သင်ဟာ သွေးဆောင်မှုကို အလျှော့ပေးလိုက်ရင် အလိုဆန္ဒရဲ့ကျွန် ဖြစ်သွားလိမ့်မယ်။ (တိတု ၃:၃) အလိုဆန္ဒရဲ့ထိန်းချုပ်မှုကို မခံပါနဲ့။ အဲဒီအစား အလိုဆန္ဒကို ထိန်းချုပ်နိုင်အောင် ရင့်ကျက်မှုရှိပါ။ (ကောလောသဲ ၃:၅) အဲဒီလိုဆက်လုပ်ဆောင်နိုင်ဖို့ ဆုတောင်းပါ။—မဿဲ ၆:၁၃ *

နောက်အခန်းမှာဖတ်ကြည့်ပါ

လေးလံထိုင်းမှိုင်းနေတယ်လို့ ခံစားနေရသလား။ ကျန်းမာရေးပိုကောင်းလာအောင်၊ ပိုအားရှိလာအောင် ဘာလုပ်ရမလဲ။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 43 ဒီစာအုပ်ရဲ့ အခန်း ၃၃ နဲ့ ၃၄ ကိုလည်းကြည့်ပါ။

အဓိကကျမ်းချက်

“ဘုရားသခင်သည် သစ္စာရှိတော်မူသောကြောင့် သွေးဆောင်ခြင်းကို သင်တို့ခံနိုင်သည်ထက် ပို၍ခံစေတော်မူမည်မဟုတ်။ သွေးဆောင်ခြင်းကို ကြုံရသည့်အခါ သင်တို့ခံရပ်နိုင်မည်အကြောင်း လွတ်မြောက်ရာလမ်းကိုလည်း ပြင်ဆင်ပေးတော်မူမည်။” —၁ ကောရိန္သု ၁၀:၁၃

သင်သိပါသလား . . . ?

ယေရှု သစ္စာရှိမယ်လို့ ဘုရားသခင်ကြိုပြောခဲ့တယ်။ ဒီလိုပြောလို့ ယေရှုဟာ ပရိုဂရမ်ထည့်ထားတဲ့အတိုင်း လုပ်တတ်တဲ့ စက်ရုပ်နဲ့တူတယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ ယေရှုဟာ လွတ်လပ်စွာရွေးချယ်ခွင့်ရှိသူဖြစ်ပြီး သစ္စာရှိဖို့ ရွေးချယ်ခဲ့တယ်။ သူ့ရဲ့သစ္စာရှိမှုဟာ ကြိုတင်သတ်မှတ်ထားတဲ့အရာ မဟုတ်ဘူး။ ဒါကြောင့်လည်း သွေးဆောင်မှုကြုံရချိန်မှာ ထက်ထက်သန်သန် ဆုတောင်းခဲ့တာပေါ့။—ဟေဗြဲ ၅:၇

လက်တွေ့လုပ်ကြည့်ပါ

သွေးဆောင်မှုကိုတွန်းလှန်မယ်ဆိုတဲ့ ဆုံးဖြတ်ချက် ပိုခိုင်မာအောင် ငါလုပ်နိုင်တာက ․․․․․

ငါရှောင်ရမယ့် လူတွေ၊ နေရာတွေနဲ့ အခြေအနေတွေက ․․․․․

ဒီကိစ္စနဲ့ပတ်သက်ပြီး မိဘတွေကို ငါမေးချင်တာက ․․․․․

သင်ဘယ်လိုထင်သလဲ

● ဘာအပြစ်မှမရှိဘဲ ပြည့်ဝစုံလင်တဲ့ပုဂ္ဂိုလ်တွေကော သွေးဆောင်ခံရနိုင်သလား။—ကမ္ဘာဦး ၆:၁-၃; ယောဟန် ၈:၄၄

● သွေးဆောင်မှုကို သင် သစ္စာရှိရှိတွန်းလှန်တဲ့အခါ တခြားသူတွေအပေါ် ဘယ်လိုအကျိုးသက်ရောက်မှုရှိသလဲ။—သုတ္တံ ၂၇:၁၁; ၁ တိမောသေ ၄:၁၂

[စာမျက်နှာ ၆၈ ပါ အကျဉ်းဖော်ပြချက်]

‘‘စကြဝဠာမှာ တန်ခိုးအကြီးမားဆုံးပုဂ္ဂိုလ်က ကျွန်တော့်ဘက်မှာရှိနေပြီး သူ့ဆီမှာ အချိန်မရွေးအကူအညီတောင်းနိုင်မှန်း သိထားတာက ကျွန်တော့်ကို အထောက်အကူပေးတယ်။’’—ခရစ္စတိုဖာ

[စာမျက်နှာ ပါ လေးထောင့်ကွက်/ ရုပ်ပုံ]

စမ်းကြည့်ပါ

သံလိုက်အိမ်မြှောင်တစ်ခုကိုယူပြီး ချထားပါ။ လက်တံက မြောက်ဘက်ကို ညွှန်ပြနေမှာဖြစ်တယ်။ အခု သံလိုက်အိမ်မြှောင်နားမှာ သံလိုက်တုံးတစ်တုံး ချထားလိုက်ပါ။ ဘာဖြစ်မလဲ။ လက်တံက မှန်မှန်ကန်ကန် ညွှန်ပြတော့မှာ မဟုတ်ဘူး။ သံလိုက်တုံးရှိတဲ့ဘက်ကိုပဲ ညွှန်ပြနေလိမ့်မယ်။

သင့်ရဲ့ မှားမှန်သိစိတ်ကလည်း သံလိုက်အိမ်မြှောင်လိုပါပဲ။ မှားမှန်သိစိတ်ကို ကောင်းကောင်းလေ့ကျင့်ထားမယ်ဆိုရင် မှန်မှန်ကန်ကန် ညွှန်ပြပြီး ပညာရှိဆုံးဖြတ်ချက်တွေချဖို့ ကူညီပေးလိမ့်မယ်။ ဒါပေမဲ့ သံလိုက်တုံးနဲ့တူတဲ့ မကောင်းတဲ့အပေါင်းအသင်းတွေက ကိုယ်ကျင့်တရားနဲ့ ပတ်သက်တဲ့ မှားမှန်ပိုင်းခြားနိုင်စွမ်း ပျက်စီးသွားအောင် လုပ်နိုင်တယ်။ ဘာသင်ခန်းစာရသလဲ။ ကိုယ်ကျင့်တရားနဲ့ပတ်သက်တဲ့ မှားမှန်ပိုင်းခြားနိုင်စွမ်း ပျက်စီးသွားအောင်လုပ်နိုင်တဲ့ လူတွေ၊ အခြေအနေတွေကို ကြိုးစားရှောင်ပါ။—သုတ္တံ ၁၃:၂၀

[စာမျက်နှာ ၆၉ ပါ ရုပ်ပုံ]

သင်ဟာ သွေးဆောင်မှုကို အလျှော့ပေး လိုက်ရင် အလိုဆန္ဒရဲ့ကျွန် ဖြစ်သွားလိမ့်မယ်