မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျန်းမာရေးကို ဘာကြောင့်ဂရုစိုက်ရမလဲ

ကျန်းမာရေးကို ဘာကြောင့်ဂရုစိုက်ရမလဲ

အခန်း ၁၀

ကျန်းမာရေးကို ဘာကြောင့်ဂရုစိုက်ရမလဲ

သင်ဖြစ်ချင်တဲ့အချက်ရဲ့ဘေးမှာ ✔ ခြစ်ပါ။

□ စိုးရိမ်ပူပန်မှုလျော့နည်းဖို့

□ ဒေါသကိုထိန်းချုပ်နိုင်ဖို့

□ ယုံကြည်စိတ်ချမှုပိုရှိလာဖို့

□ ပိုတက်ကြွဖျတ်လတ်နေဖို့

□ ပိုအားရှိဖို့

□ အသားအရေပိုလှဖို့

□ ကိုယ်အလေးချိန်လျှော့ချဖို့

လူငယ်တစ်ယောက်အနေနဲ့ သင့်ဘဝမှာ ရွေးချယ်ခွင့်မရတဲ့အရာတချို့ရှိတယ်။ မိဘ၊ မောင်နှမ၊ နေရပ်ဒေသ စသဖြင့်ပေါ့။ ဒါပေမဲ့ ကျန်းမာရေးကတော့ အဲဒီလိုမဟုတ်ဘူး။ သင့်ကျန်းမာရေးအခြေအနေက မျိုးရိုးဗီဇနဲ့အဓိကသက်ဆိုင်သလို သင်ရွေးချယ်တဲ့ဘဝပုံစံနဲ့လည်း သက်ဆိုင်ပါတယ်။ *

ဒါပေမဲ့ ‘ငါက ငယ်ငယ်လေးပဲရှိသေးတာ၊ ကျန်းမာရေးကို စိုးရိမ်ဖို့မလိုပါဘူး’ လို့ သင်ပြောကောင်းပြောမယ်။ တကယ်ပဲ စိုးရိမ်ဖို့မလိုဘူးလား။ စာမျက်နှာ ၇၁ မှာပါတဲ့ ပန်းတိုင်တွေကို ကြည့်လိုက်ပါ။ ပန်းတိုင်ဘယ်နှစ်ခုကို သင်ရောက်ပြီးပြီလဲ။ သင် ယုံယုံ၊ မယုံယုံ အဖြစ်မှန်ကတော့ အဲဒီပန်းတိုင်တွေကို ရောက်ဖို့ဆိုရင် ကျန်းမာရေးကောင်းဖို့ မရှိမဖြစ်လိုအပ်တယ်။

၁၇ နှစ်အရွယ် အမ်ဘာပြောသလို သင်လည်း ခံစားရနိုင်ပါတယ်။ သူက “ဂျုံကြမ်း၊ အဆီနည်းပြီး အချိုမပါတဲ့အစားအစာတွေ မစားဘဲနေဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး” လို့ပြောတယ်။ သင်လည်း အဲဒီလိုခံစားရတယ်ဆိုရင် စိတ်မပူပါနဲ့။ သင့်အနေနဲ့ အချိုကို လုံးဝရှောင်ဖို့မလိုသလို အပတ်တိုင်း အဝေးကြီးလမ်းလျှောက်ဖို့လည်း မလိုပါဘူး။ တကယ်တော့ ပိုကြည့်ပျော်ရှုပျော်ဖြစ်ဖို့၊ ပိုလန်းဆန်းလာဖို့၊ လုပ်စရာရှိတာကို အကောင်းဆုံးလုပ်ဆောင်နိုင်ဖို့ဆိုတာ သင့်ဘက်က ရိုးရှင်းတဲ့အပြောင်းအလဲတချို့လုပ်ဖို့ပဲ လိုပါတယ်။ သင့်ရွယ်တူချင်းတချို့ ဘယ်လိုလုပ်တယ်ဆိုတာ လေ့လာကြည့်ရအောင်။

ပိုကြည့်ပျော်ရှုပျော်ဖြစ်လာဖို့ မျှမျှတတစားပါ

သမ္မာကျမ်းစာက အစွန်းမရောက်ဘဲ မျှမျှတတဖြစ်ဖို့ အားပေးထားတယ်။ သုတ္တံ ၂၃:၂၀ မှာ ‘စားပိုးနင့်အောင် မစားနဲ့’ လို့ပြောတယ်။ (Contemporary English Version) အဲဒီအကြံပေးချက်ကို လိုက်နာဖို့ အမြဲမလွယ်ပါဘူး။

“တခြားဆယ်ကျော်သက်တွေလိုပဲ ကျွန်တော်လည်း အမြဲဗိုက်ဆာနေတတ်တယ်။ မိဘတွေက ကျွန်တော့်ဗိုက်ကို အဆုံးမရှိတဲ့တွင်းလိုပဲ ဆိုပြီးပြောကြတယ်။” —အန်ဒရူး၊ ၁၅ နှစ်။

“အစာတချို့ဟာ ဘယ်လိုဆိုးကျိုးဖြစ်စေတယ်ဆိုတာ လောလောဆယ်မမြင်နိုင်တော့ အဲဒါတွေကို မစားသင့်တဲ့အစာလို့ မထင်ဘူး။” —ဒန်ယယ်လ်၊ ၁၉ နှစ်။

အစားအသောက်နဲ့ပတ်သက်ရင် ကိုယ့်ကိုယ်ကိုယ် ပိုထိန်းချုပ်ဖို့လိုနေသလား။ သင့်ရွယ်တူချင်းတချို့အတွက် အထောက်အကူဖြစ်တဲ့အချက်တွေကို အောက်မှာဖော်ပြထားတယ်။

ဗိုက်ပြည့်ပြီဆိုတဲ့ခံစားချက်ကို သတိပြုပါ။ “အရင်ကဆိုရင် ကယ်လိုရီ ဘယ်လောက်ဆိုတာ တွက်ပြီးစားတယ်။ အခုတော့ ဗိုက်ပြည့်ပြီဆိုတာနဲ့ ဆက်မစားတော့ဘူး” လို့ ၁၉ နှစ်အရွယ် ဂျူလီယာပြောပြတယ်။

ကျန်းမာရေးနဲ့မညီတဲ့အစားအစာတွေကိုရှောင်ပါ။ “အချိုရည်သောက်တာကို ဖြတ်လိုက်တဲ့အခါ တစ်လထဲမှာပဲ ၁၀ ပေါင် ကျသွားတယ်” လို့ ၂၁ နှစ်အရွယ် ပီတာပြောပြတယ်။

စားသောက်ပုံကို ပြင်လိုက်ပါ။ “ထမင်းစားတဲ့အခါ ဒုတိယအကြိမ် ထပ်မထည့်ဖို့ ကျွန်မကြိုးစားတယ်” လို့ ၁၉ နှစ်အရွယ် အီရင်ပြောတယ်။

အောင်မြင်မှုလျှို့ဝှက်ချက်– မနက်၊ နေ့လည်၊ ညစာ တစ်နပ်နပ်ကို မစားဘဲ ရှောင်တာမျိုး မလုပ်ပါနဲ့။ အဲဒီလိုမစားရင် ဗိုက်ဆာနေတဲ့အချိန်မှာ ပိုစားမိနိုင်တယ်။

ပိုလန်းဆန်းလာဖို့ လေ့ကျင့်ခန်းလုပ်ပါ

‘ကိုယ်ကာယလေ့ကျင့်မှုက အကျိုးရှိ’ တယ်လို့ ကျမ်းစာပြောတယ်။ (၁ တိမောသေ ၄:၈) ဒါပေမဲ့ လူငယ်အတော်များများက လေ့ကျင့်ခန်းလုပ်ဖို့ သိပ်စိတ်မပါပုံပဲ။

“ကျွန်တော် အထက်တန်းကျောင်းတက်တုန်းကဆိုရင် ကာယသင်ခန်းစာလောက် အောင်ဖို့လွယ်တာ မရှိတော့ဘူး။ ဒါတောင် ကျတဲ့သူက နည်းတာမဟုတ်ဘူး။” —ရစ်ချတ်၊ ၂၁ နှစ်။

“‘အိမ်မှာ အေးအေးဆေးဆေးထိုင်ပြီး ဂိမ်းကစားလို့ရတာကို ဘာလို့များ အပြင်ထွက်၊ အပင်ပန်းခံ၊ ချွေးထွက်ခံပြီး ကစားမှာလဲ’ လို့ တချို့တွေးကြတယ်။” —ရုသ်၊ ၂၂ နှစ်။

“လေ့ကျင့်ခန်း” ဆိုတဲ့စကားကြားရုံနဲ့ ပင်ပန်းနေသလား။ ဒါဆိုရင် လေ့ကျင့်ခန်းကောင်းကောင်းလုပ်ခြင်းကြောင့် ရရှိမယ့်အကျိုးကျေးဇူးသုံးခုကို စဉ်းစားကြည့်ပါ။

အကျိုးကျေးဇူး # ၁။ လေ့ကျင့်ခန်းက သင့် ကိုယ်ခံစွမ်းအားကိုကောင်းစေတယ်။ ၁၉ နှစ်အရွယ် ရေချယ်လ် အခုလိုပြောတယ်– “‘လေ့ကျင့်ခန်းလုပ်ဖို့ အချိန်မပေးရင် ဖျားနာဖို့ အချိန်ပေးရလိမ့်မယ်’ လို့ ကျွန်မအဖေ အမြဲပြောတတ်တယ်။”

အကျိုးကျေးဇူး #၂။ လေ့ကျင့်ခန်းလုပ်တဲ့အခါ ဦးနှောက်မှာ ဓာတုပစ္စည်းတစ်မျိုးထွက်လာပြီး သင့်ကို စိတ်ငြိမ်စေတယ်။ “ကျွန်မ စိတ်ရှုပ်လာတဲ့အခါ အပြေးလေ့ကျင့်ခန်းလုပ်တယ်။ အဲဒီအခါ ကိုယ်ရောစိတ်ပါ လန်းဆန်းသွားတယ်” လို့ ၁၆ နှစ်အရွယ် အမ်မလီပြောပြတယ်။

အကျိုးကျေးဇူး #၃။ လေ့ကျင့်ခန်းက သင့်ကို ပိုပျော်ရွှင်စေနိုင်တယ်။ “အပြင်ထွက်ရတာ ကျွန်မ သိပ်ကြိုက်တယ်။ ဒါကြောင့် လမ်းလျှောက်တာ၊ ရေကူးတာ၊ စက်ဘီးစီးတာ စတဲ့လေ့ကျင့်ခန်းတွေလုပ်တယ်” လို့ ၂၂ နှစ်အရွယ် ရုသ်ပြောတယ်။

အောင်မြင်မှုလျှို့ဝှက်ချက်– ခွန်အားစိုက်ထုတ်ရတဲ့၊ သင်ကိုယ်တိုင်လည်းနှစ်သက်တဲ့ ကာယလှုပ်ရှားမှုကို အနည်းဆုံး တစ်ပတ် သုံးကြိမ်၊ တစ်ကြိမ်မှာ မိနစ် ၂၀ ကြာလုပ်ပါ။

အကောင်းဆုံးလုပ်ဆောင်နိုင်ဖို့ ကောင်းကောင်းအိပ်ပါ

‘လက်တစ်ဆုပ်စာ အနားယူရတာဟာ လက်နှစ်ဆုပ်စာ တပင်တပန်းလုပ်ဆောင်ပြီး လေကိုဖမ်းဆုပ်ဖို့ အားထုတ်နေတာထက် ပိုကောင်းတယ်’ လို့ ကျမ်းစာပြောတယ်။ (ဒေသနာ ၄:၆ကဘ) ကောင်းကောင်းမအိပ်ဘူးဆိုရင် အလုပ်လည်း ကောင်းကောင်းလုပ်နိုင်မှာ မဟုတ်ဘူး။

“အိပ်ချိန်မလုံလောက်ဘူးဆိုရင် ခေါင်းမကြည်တော့ဘူး။ ဘာကိုမှ အာရုံစိုက်လို့မရတော့ဘူး။” —ရေချယ်လ်၊ ၁၉ နှစ်။

“နေ့ခင်း ၂ နာရီလောက်ဆိုရင် ကျွန်မ အရမ်းပင်ပန်းနေတတ်တယ်။ စကားပြောရင်း အိပ်ပျော်သွားမတတ်ပဲ။” —ခရစ္စတင်း၊ ၁၉ နှစ်။

သင့်အတွက် အိပ်ချိန်ပိုလိုအပ်နေပါသလား။ သင့်ရွယ်တူချင်းတွေ ဒီလိုလုပ်ခဲ့ကြတယ်။

ညနက်တဲ့အထိ မနေပါနဲ့။ “အိပ်ရေး၀အောင် သင့်တော်တဲ့အချိန်မှာ အိပ်ရာဝင်ဖို့ ကြိုးစားတယ်” လို့ ၁၈ နှစ်အရွယ် ကက်သရင်း ပြောပြတယ်။

မလိုအပ်ဘဲ စကားစမြည်ပြောတာ၊ မက်ဆေ့ခ်ျပို့တာ မလုပ်ပါနဲ့။ “တစ်ခါတလေကျရင် သူငယ်ချင်းတွေက ညအချိန်မတော်ကျမှ ခေါ်တာတို့၊ မက်ဆေ့ခ်ျပို့တာတို့ လုပ်တတ်တယ်။ အခုတော့ စကားဖြတ်ပြီး အိပ်ရာစောစောဝင်သင့်တယ်ဆိုတာ ကျွန်တော် သဘောပေါက်သွားပြီ” လို့ ၂၁ နှစ်အရွယ် ရစ်ချတ်ပြောတယ်။

အိပ်ချိန်၊ ထချိန် တစ်သမတ်တည်းဖြစ်ဖို့ ကြိုးစားပါ။ “ခုနောက်ပိုင်း နေ့တိုင်း အချိန်မှန်မှန် အိပ်ရာဝင်ဖို့၊ အချိန်မှန်မှန် အိပ်ရာထဖို့ ကျွန်မ ကြိုးစားတယ်” လို့ အသက် ၂၀ အရွယ် ဂျနီဖာပြောတယ်။

အောင်မြင်မှုလျှို့ဝှက်ချက်– တစ်ညကို အနည်းဆုံး ရှစ်နာရီအိပ်ဖို့ ကြိုးစားပါ။

သင့်ကျန်းမာရေးကိုဂရုစိုက်ဖို့ ရိုးရှင်းတဲ့အချက်တချို့ လုပ်လိုက်ရုံနဲ့ အကျိုးကျေးဇူးအများကြီး ရရှိပါလိမ့်မယ်။ ကျန်းမာရေးပိုကောင်းလာပြီဆိုရင် ပိုကြည့်ပျော်ရှုပျော်ဖြစ်လာမယ်၊ ပိုလန်းဆန်းလာမယ်၊ လုပ်စရာရှိတာကို အကောင်းဆုံးလုပ်ဆောင်နိုင်မယ်ဆိုတာ သတိရပါ။ ဘဝမှာ တချို့ကိစ္စတွေကို မထိန်းချုပ်နိုင်ပါဘူး။ ဒါပေမဲ့ သင့်ကျန်းမာရေးအခြေအနေကိုတော့ အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်နိုင်တယ်။ “တကယ်တော့၊ သင့်ကျန်းမာရေးက သင့်အပေါ်မှာပဲ အများကြီးမူတည်တယ်” လို့ ၁၉ နှစ်အရွယ် အီရင်ပြောတယ်။

နောက်အခန်းမှာဖတ်ကြည့်ပါ

အဝတ်အစားနဲ့ပတ်သက်ရင် မိဘတွေနဲ့ သင် သဘောထားချင်းမတိုက်ဆိုင်ဘဲ ဖြစ်နေသလား။ ဒါဆိုရင် သဘောတူညီမှုရအောင် ဘယ်လိုလုပ်မလဲ။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 11 လူအတော်များများမှာ ကျန်းမာရေးပြဿနာတွေရှိကြတယ်၊ တချို့က မသန်မစွမ်းကြဘူး။ အဲဒီအခြေအနေတွေကို သူတို့မထိန်းချုပ်နိုင်ဘူးဆိုတာ ကျွန်တော်တို့ အသိအမှတ်ပြုပါတယ်။ ဒီအခန်းက အဲဒီလိုလူတွေကို သူတို့လုပ်နိုင်တဲ့အတိုင်းအတာအတွင်းမှာ ကျန်းမာရေးပိုကောင်းလာအောင် ကူညီပေးနိုင်ပါတယ်။

အဓိကကျမ်းချက်

‘ကိုယ်ကာယလေ့ကျင့်မှုက အကျိုးရှိတယ်။’ ၁ တိမောသေ ၄:၈

အကြံပြုချက်

အဖော်တစ်ယောက်နဲ့အတူ လေ့ကျင့်ခန်းလုပ်ပါ။ သူစိတ်ပျက်အောင် သင်လုပ်ချင်မှာမဟုတ်ဘူး။ အဲဒါက လေ့ကျင့်ခန်းလုပ်ဖို့ လှုံ့ဆော်ပေးပါလိမ့်မယ်။

သင်သိပါသလား . . . ?

ကာယလေ့ကျင့်ခန်းလုပ်တဲ့အခါ ဦးနှောက်ထဲမှာ ဓာတုပစ္စည်းတစ်ခုဖြစ်တဲ့ အင်ဒေါဖင်းထွက်လာတယ်။ အဲဒါက နာကျင်မှုတွေကို သက်သာစေပြီး နေရထိုင်ရတာလည်း ပိုကောင်းစေတယ်။

လက်တွေ့လုပ်ကြည့်ပါ

အစားအသောက်နဲ့ပတ်သက်ပြီး ငါချမှတ်နိုင်တဲ့ သင့်တင့်မျှတတဲ့ပန်းတိုင်က ․․․․․

လေ့ကျင့်ခန်းလုပ်တာနဲ့ပတ်သက်ပြီး ငါချမှတ်နိုင်တဲ့ သင့်တင့်မျှတတဲ့ပန်းတိုင်က ․․․․․

နောက်လကျရင် တစ်ညကို ပျမ်းမျှ နာရီ အိပ်နိုင်အောင် ․․․․․

ငါကြိုးစားမယ်။ ․․․․․

ဒီကိစ္စနဲ့ပတ်သက်ပြီး မိဘတွေကို ငါမေးချင်တာက ․․․․․

သင်ဘယ်လိုထင်သလဲ

● ကျန်းမာရေးကို ဂရုစိုက်တာက ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချမှုရှိလာအောင် ဘယ်လိုကူညီပေးနိုင်သလဲ။

● ကာယကျန်းမာရေးကို ဂရုစိုက်တာထက် ပိုအရေးကြီးတာက ဘာလဲ။ —၁ တိမောသေ ၄:၈

[စာမျက်နှာ ၇၄ ပါ အကျဉ်းဖော်ပြချက်]

‘‘လေ့ကျင့်ခန်းလုပ်ရတာကို ကျွန်မ ကြိုက်တယ်။ လေ့ကျင့်ခန်း လုပ်လို့ ပိုကြည့်ပျော်ရှုပျော်ဖြစ်လာတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချမှု ပိုရှိလာတယ်။’’—အမ်မလီ

[စာမျက်နှာ ၇၃ ပါ လေးထောင့်ကွက်]

“ကျွန်မရဲ့ဘဝပုံစံကို ပြောင်းလဲခဲ့တယ်”

“ဆယ်ကျော်သက်အရွယ်တုန်းက ကျွန်မက ဖက်တီးပုတ်လေးပေါ့။ အဲဒီပုံစံကို စိတ်ပျက်လိုက်တာ ပြောမနေနဲ့၊ ကျန်းမာတယ်လို့လည်း မခံစားရဘူး။ အထူး ဝိတ်ချတဲ့နည်းတချို့သုံးပြီး ဝိတ်ကျဖို့ တစ်ခါတစ်ခါ ကြိုးစားကြည့်တယ်။ ဒါပေမဲ့ ပြန်ပြန်ဝလာတယ်။ ဒါနဲ့ အသက် ၁၅ နှစ်မှာတော့ ဒီလိုနေလို့မဖြစ်တော့ဘူး။ အပြောင်းအလဲတွေလုပ်မှ ဖြစ်မယ်လို့ ဆုံးဖြတ်လိုက်တယ်။ သင့်တော်တဲ့ကိုယ်အလေးချိန်ကို အမြဲထိန်းထားနိုင်တဲ့နည်းနဲ့ နည်းမှန်လမ်းကျ ဝိတ်ချချင်တယ်။ ဒါကြောင့် အခြေခံအာဟာရဓာတ်တွေနဲ့ လေ့ကျင့်ခန်းတွေအကြောင်း ဆွေးနွေးထားတဲ့ စာအုပ်တစ်အုပ် ဝယ်လိုက်တယ်။ ပြီးတော့ အဲဒီအတိုင်းလိုက်နာတယ်။ တစ်ခါတစ်ခါ မလုပ်ဖြစ်တာတို့၊ စိတ်ဓာတ်ကျတာတို့ ဖြစ်ခဲ့ရင်လည်း လက်မြှောက်အရှုံးမပေးဖို့ ကျွန်မ ဆုံးဖြတ်ထားတယ်။ ဝမ်းသာစရာကောင်းတာက၊ အဲဒီလိုလုပ်တာ တကယ်အောင်မြင်တယ်။ တစ်နှစ်အတွင်း ပေါင် ၆၀ ကျသွားတယ်။ ကျွန်မကြိုက်တဲ့ ကိုယ်အလေးချိန်ကိုထိန်းထားနိုင်တာ အခုဆို နှစ်နှစ်ရှိသွားပြီ။ အဲဒီလိုဖြစ်လာလိမ့်မယ်လို့ ထင်ကိုမထင်ထားဘူး။ အခုလို အောင်မြင်ရတဲ့အကြောင်းရင်းက အစားအသောက်တစ်ခုတည်းကြောင့် မဟုတ်ဘဲ ကျွန်မရဲ့ဘဝပုံစံကို ပြောင်းလဲလိုက်တာကြောင့် ဖြစ်တယ်လို့ထင်တယ်။”—ကက်သရင်း၊ ၁၈ နှစ်။

[စာမျက်နှာ ၇၄ ပါ ရုပ်ပုံ]

သင့်ကျန်းမာရေးက ကားတစ်စီးနဲ့တူတယ်၊ ကောင်းကောင်းပြုပြင်ထိန်းသိမ်းမှု မလုပ်ဘူးဆိုရင် ပျက်စီးသွားလိမ့်မယ်