မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ငါ ဘာဝတ်ရမလဲ

ငါ ဘာဝတ်ရမလဲ

အခန်း ၁၁

ငါ ဘာဝတ်ရမလဲ

ဟယ်သာတစ်ယောက် အပြင်သွားဖို့ အဆင်သင့်ဖြစ်နေပြီ။ သူ့ဝတ်စားပုံကို မိဘတွေ တွေ့လိုက်တဲ့အခါမှာတော့ ကိုယ့်မျက်စိကိုယ်မယုံနိုင်လောက်အောင် ဖြစ်သွားကြတယ်။

အဖေဖြစ်သူက “ဒီလိုပုံစံမျိုး ဝတ်ထားရသလား” လို့အော်ပြောပါလေရော။

“ဘာဖြစ်လို့လဲ” ဆိုပြီး အံ့သြတဲ့လေသံနဲ့ ဟယ်သာ ပြန်ပြောတယ်။ “သူငယ်ချင်း တွေနဲ့ ရှော့ပင်းသွားမလို့။”

“ဒီလိုပုံစံနဲ့တော့ မသွားရဘူး” လို့ အမေပြောတယ်။

“အမေ၊ လူငယ်တိုင်း ဒီလိုပဲဝတ်နေကြတာ။ ပြီးတော့ ကိုယ့်အဝတ်အစားက ကိုယ်ဘယ်လိုလူစားလဲဆိုတာ ပြနေတယ်လေ” ဆိုပြီး ညည်းညူသံနဲ့ ဟယ်သာပြန်ပြောလိုက်တယ်။

“အေး၊ ဒီလိုပုံစံဝတ်ရင်တော့ သမီးကို ကောင်းတဲ့လူစားလို့ မြင်ကြမှာမဟုတ်ဘူး။ အခုချက်ချင်း အိမ်ပေါ်တက်ပြီး အဝတ်အစားပြန်လဲလိုက်။ မလဲလို့ကတော့ ဘယ်မှမသွားရဘူး” ဆိုပြီး အဖေက လေသံမာမာနဲ့ပြောတယ်။

အဝတ်အစားနဲ့ပတ်သက်ပြီး သဘောထားကွဲလွဲတာ မဆန်းပါဘူး။ သင့်မိဘတွေ ငယ်ငယ်တုန်းကလည်း သူတို့မိဘတွေနဲ့ သဘောထားကွဲလွဲခဲ့မှာပဲ။ အခု သင်ခံစားရသလို အဲဒီတုန်းက သူတို့လည်း ခံစားခဲ့ရမှာပဲ။ အခု သူတို့က မိဘနေရာရောက်သွားပြီဆိုတော့ အဝတ်အစားကိစ္စကြောင့် သူတို့နဲ့ မကြာခဏ စကားများငြင်းခုံတာတွေ ဖြစ်နိုင်တယ်။

သင်ပြောဆိုရာ– ဒါက ချောင်ချောင်ချိချိနဲ့ ဝတ်လို့ကောင်းတယ်။

သူတို့ပြောဆိုရာ– ဒါက ဖြစ်ကတတ်ဆန်းနိုင်လွန်းတယ်။

သင်ပြောဆိုရာ– ဒါလေးက ချစ်စရာလေး။

သူတို့ပြောဆိုရာ– ဒါက စိတ်ဆွပေးလွန်းတယ်။

သင်ပြောဆိုရာ– ဒါက တစ်ဝက်ဈေးနဲ့ရတာ။

သူတို့ပြောဆိုရာ– ရမှာပေါ့၊ . . . အဝတ်အစား တစ်ဝက်လောက်က ရှိမှမရှိတာ။

စကားမများအောင် လုပ်နိုင်တဲ့နည်းရှိသလား။ ရှိပါတယ်။ ၂၃ နှစ်အရွယ် မေဂန်က “ငြင်းခုံနေဖို့ မလိုပါဘူး။ သဘောတူညီမှု ရနိုင်ပါတယ်” လို့ပြောတယ်။ သဘောတူညီမှုရဖို့ဆိုတာ ဖြစ်နိုင်ပါ့မလား။ အသက် ၄၀ အရွယ်လို ဝတ်ရမယ်ဆိုတဲ့ သဘောများလား။ မဟုတ်ပါဘူး။ သဘောတူညီမှုရတယ်ဆိုတာ သင်နဲ့မိဘတွေ အမြင်ချင်းမတူတာကို အတူဆွေးနွေးတာ၊ နှစ်ဖက်စလုံးအတွက် အဆင်ပြေမယ့် တခြားရွေးချယ်စရာတွေကို အကြံပြုတာဖြစ်တယ်။ အဲဒီလိုလုပ်ရင် ဘာအကျိုးရမလဲ။

၁။ ရွယ်တူချင်းတွေကြားမှာတောင် သင်ဟာ တကယ့်ကိုကြည့်ကောင်းနေပါလိမ့်မယ်။

၂။ သင့်အဝတ်အစားနဲ့ပတ်သက်ပြီး မိဘတွေ ဝေဖန်ပြစ်တင်တာ လျော့နည်းသွားပါလိမ့်မယ်။

၃။ အဝတ်အစားကိစ္စမှာ သင့်ကိုယုံကြည်လို့ရတယ်ဆိုတာ မိဘတွေ တွေ့တဲ့အခါ တခြားလွတ်လပ်မှုတွေကိုတောင် ပေးလာနိုင်တယ်။

ဒီတော့ အခု စဆွေးနွေးရအောင်။ အွန်လိုင်း ဒါမှမဟုတ် စတိုးဆိုင်မှာတွေ့ပြီး တကယ်ဝယ်ချင်တဲ့ အဝတ်အစားတချို့အကြောင်း စဉ်းစားကြည့်ပါ။ ဦးဆုံးလုပ်ရမှာက  . . .

ကျမ်းစာလမ်းညွှန်ချက်တွေကို ထည့်စဉ်းစားပါ

ကျမ်းစာမှာ အဝတ်အစားအကြောင်း နည်းနည်းပဲပြောထားတာ အံ့ဩစရာပါပဲ။ အဝတ်အစားကိစ္စနဲ့ပတ်သက်တဲ့ ကျမ်းချက်အားလုံးကို အပြီးဖတ်ဖို့ဆိုရင် မိနစ်နည်းနည်းပဲကြာတယ်။ ဒါပေမဲ့ အဲဒီအချိန်အနည်းငယ်အတွင်းမှာ ခိုင်လုံပြီး တန်ဖိုးရှိတဲ့လမ်းညွှန်ချက်တွေကို သင်တွေ့ပါလိမ့်မယ်။ ဥပမာ–

● အမျိုးသမီးတွေကို “ဣန္ဒြေရှိခြင်း၊ သမာသတိရှိခြင်း” နဲ့ ကိုယ်ကိုဆင်ယင်ပါဆိုပြီး ကျမ်းစာဆုံးမထားတယ်။ *၁ တိမောသေ ၂:၉၊ ၁၀

“ဣန္ဒြေရှိခြင်း” ဆိုတဲ့စကားကြောင့် သင်စိုးရိမ်သွားသလား။ ‘ပုံတုံးကြီးတွေ ၀တ်ရမှာလား’ လို့ တွေးမိသလား။ အဲဒီလိုမဟုတ်ပါဘူး။ ဣန္ဒြေရှိခြင်းဆိုတာ သင့်ဝတ်စားပုံက ကိုယ့်ကိုယ်ကိုယ်လေးစားမှုရှိကြောင်း၊ တခြားသူတွေရဲ့ခံစားချက်ကို ထည့်တွက်ကြောင်း ဖော်ပြနေခြင်းကို ဆိုလိုတယ်။ (၂ ကောရိန္သု ၆:၃) ဣန္ဒြေရှိရှိဝတ်နိုင်တဲ့ ဝတ်စားဆင်ယင်ပုံ အမျိုးမျိုးရှိပါတယ်။ ၂၃ နှစ်အရွယ် ဒန်ယယ်လ်က “အဲဒီလိုဝတ်ဖို့ ခက်ကောင်းခက်နိုင်တယ်၊ ဒါပေမဲ့ အစွန်းရောက်တဲ့ပုံစံမျိုးမဟုတ်ဘဲ ခေတ်နဲ့အညီ ဝတ်ဆင်နိုင်ပါတယ်” လို့ပြောတယ်။

● ကိုယ့်ရဲ့အသွင်အပြင်ကို မဟုတ်ဘဲ “စိတ်နှလုံး၏အတွင်းလူကို” အာရုံစိုက်ပါလို့ ကျမ်းစာပြောတယ်။—၁ ပေတရု ၃:၄

ဣန္ဒြေမဲ့စွာ ၀တ်စားဆင်ယင်မယ်ဆိုရင် ခဏတော့ လူတချို့အာရုံစိုက်တာ ခံရနိုင်တယ်။ ဒါပေမဲ့ အတွင်းစိတ်လှပမယ်ဆိုရင် လူကြီးတွေ၊ ရွယ်တူချင်းတွေရဲ့ လေးစားမှုကို အမြဲရပါလိမ့်မယ်။ ရွယ်တူချင်းတွေ သင့်ကို လေးစားမယ်ဆိုတာ ဖြစ်နိုင်ပါ့မလား။ ဖြစ်နိုင်ပါတယ်။ အစွန်းရောက်တဲ့ဝတ်စားဆင်ယင်ပုံမျိုးက မကောင်းဘူးဆိုတာတောင် သူတို့သိလာနိုင်တယ်။ “ယောက်ျားတွေကို ဆွဲဆောင်ဖို့ အမျိုးသမီးတွေ မပေါ့်တပေါ်ဝတ်နေတာကို တွေ့ရတာ တကယ်စိတ်ပျက်စရာပဲ” ဆိုပြီး ၁၆ နှစ်အရွယ် ဘရစ်တနီပြောပြတယ်။ ကေးဆိုတဲ့မိန်းကလေးလည်း အဲဒါကိုထောက်ခံတယ်။ သူ့သူငယ်ချင်းဟောင်းတစ်ယောက်အကြောင်း အခုလိုပြောပြတယ်– “ယောက်ျားတွေကို ဆွဲဆောင်မယ့်အဝတ်တွေကိုပဲ သူရွေးဝတ်တယ်။ ယောက်ျားတွေ အာရုံစိုက်တာခံချင်တော့ ဆွဲဆောင်မှုအရှိဆုံး အဝတ်အစားတွေ ဝတ်ရတော့တာပေါ့။”

မိဘတွေကို ထည့်စဉ်းစားပါ

ဣန္ဒြေမဲ့အဝတ်အစားကို ကျောပိုးအိတ်ထဲထည့်ပြီး ကျောင်းရောက်တဲ့အခါ လဲ၀တ်လိုက်တာမျိုး မလုပ်ပါနဲ့။ မိဘတွေကွယ်ရာမှာတောင် ရိုးသားမယ်၊ ပွင့်လင်းမယ်ဆိုရင် သင့်ကို သူတို့ပိုယုံကြည်လာမှာပဲ။ အဝတ်အစားနဲ့ပတ်သက်ပြီး သင်စဉ်းစားတဲ့အခါ သူတို့သဘောထားကို မေးမြန်းနိုင်ပါတယ်။ (သုတ္တံ ၁၅:၂၂) စာမျက်နှာ ၈၂၊ ၈၃ မှာပါတဲ့ “အဝတ်အစားနဲ့ပတ်သက်တဲ့ လေ့ကျင့်ခန်းစာရွက်” ကို အသုံးပြုပါ။

‘မိဘတွေရဲ့သဘောထားကို မေးတော့ရော ဘာထူးမှာလဲ။ သူတို့က ငါ့ရဲ့ဝတ်စားဆင်ယင်ပုံကို ကန့်သတ်ချုပ်ချယ်နေတာ’ လို့ သင်တွေးမိနိုင်တယ်။ တကယ်တော့ အဲဒီလိုမဟုတ်ပါဘူး။ သင်နဲ့မိဘတွေက အမြင်ချင်းမတူဘူးဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ တစ်ခါတလေမှာတော့ မိဘတွေရဲ့အမြင်၊ သဘောထားကို သင်သိဖို့လိုအပ်တယ်။ ၁၇ နှစ်အရွယ် နာတလဲန်း အခုလိုပြောတယ်– “မြင်မကောင်း ရှုမကောင်းတဲ့ပုံစံမျိုးနဲ့ ကျွန်မ အပြင်မထွက်ချင်ဘူး။ ကိုယ့်ပုံစံကိုကြည့်ပြီး လူတွေနှာခေါင်းရှုံ့မှာကိုလည်း မလိုလားဘူး။ ဒါကြောင့် မိဘတွေပေးတဲ့အကြံဉာဏ်ကို ကျွန်မ သိပ်တန်ဖိုးထားတယ်။”

ဒါ့အပြင် သင်ဟာ မိဘအရိပ်ကိုခိုနေသရွေ့ မိဘတွေရဲ့လက်အောက်မှာ ရှိနေတယ်ဆိုတာ မမေ့ပါနဲ့။ (ကောလောသဲ ၃:၂၀) သင်နဲ့မိဘတွေ အပြန်အလှန်နားလည်လာတဲ့အခါ သဘောတူညီမှု ပိုရလာပါလိမ့်မယ်။ နောက်ဆုံးတော့ အဝတ်အစားနဲ့ပတ်သက်လို့ စကားများငြင်းခုံတာတွေ ရှိတော့မှာမဟုတ်ဘူး။

ဖက်ရှင်အကြံပြုချက်– အဝတ်အစားဝယ်ဖို့ စမ်းဝတ်ကြည့်တဲ့အခါ မှန်ထဲမှာတွေ့ရတဲ့အရာကိုပဲ စဉ်းစားမနေပါနဲ့။ အဝတ်အစားတချို့က မှန်ထဲမှာ ဣန္ဒြေရှိပုံပေါ်ပေမဲ့ ထိုင်လိုက်တဲ့အခါ၊ ကုန်းလိုက်တဲ့အခါ ဣန္ဒြေမရှိတော့ဘူး။ ဒါကြောင့် ဖြစ်နိုင်ရင် မိဘ ဒါမှမဟုတ် ရင့်ကျက်တဲ့မိတ်ဆွေတစ်ယောက်ရဲ့ သဘောထားကိုမေးကြည့်ပါ။

နောက်အခန်းမှာဖတ်ကြည့်ပါ

သင့်ရဲ့အကြီးမားဆုံးရန်သူက သင်ကိုယ်တိုင်ပဲလား။ ကိုယ့်ကိုယ်ကိုယ် အားမလိုအားမရဖြစ်နေရင် ဘာလုပ်နိုင်သလဲ။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 23 အဲဒီလိုကျမ်းစာဆုံးမစကားတွေက အမျိုးသမီးတွေကို ပြောနေတာဖြစ်ပေမဲ့ အမျိုးသားတွေနဲ့လည်း သက်ဆိုင်ပါတယ်။

အဓိကကျမ်းချက်

‘သင်တို့၏ဆင်ယင်မှုသည် အပြင်တန်ဆာဆင်ခြင်း မဖြစ်စေနှင့်။ သို့အစား စိတ်နှလုံး၏အတွင်းလူကို တန်ဆာဆင်ကြလော့။’ —၁ ပေတရု ၃:၃၊ ၄

အကြံပြုချက်

လိင်ကိုအသားပေးတဲ့ ဝတ်စား ဆင်ယင်ပုံမျိုးကို ရှောင်ပါ။ အဲဒီလိုဝတ်တာက တခြားသူတွေအာရုံစိုက်တာ ခံချင်လွန်းတဲ့သူ၊ ကိုယ့်အတွက်ပဲကိုယ်ကြည့်တဲ့သူပုံစံ ပေါက်စေတယ်။

သင်သိပါသလား . . . ?

သင်နဲ့ပတ်သက်ပြီး လူတွေ ဦးဆုံးစိတ်စွဲမှတ်သွားတဲ့အရာက သင့်ဝတ်စားပုံပေါ် မူတည်လေ့ ရှိတယ်။

လက်တွေ့လုပ်ကြည့်ပါ

ငါဝယ်ချင်တဲ့အဝတ်အစားနဲ့ပတ်သက်ပြီး တိုင်ပင်နိုင်တဲ့ မိသားစုဝင် ဒါမှမဟုတ် ရင့်ကျက်တဲ့မိတ်ဆွေကတော့ ․․․․․

နောက်တစ်ခါ အဝတ်အစားဝယ်ရင် ငါစဉ်းစားမယ့်အချက်တွေကတော့ ․․․․․

ဒီကိစ္စနဲ့ပတ်သက်ပြီး မိဘတွေကို ငါမေးချင်တာက ․․․․․

သင်ဘယ်လိုထင်သလဲ

● အဝတ်အစားနဲ့ပတ်သက်ပြီး မိဘတွေနဲ့ ဆယ်ကျော်သက်ကလေးတွေ ဘာကြောင့် သဘောထားကွဲလွဲကြတာလဲ။

● အဝတ်အစားကိစ္စကို မိဘတွေနဲ့ဆွေးနွေးခြင်းအားဖြင့် သင့်မှာ ဘာအရည်အသွေးတွေရှိလာနိုင်သလဲ။

[စာမျက်နှာ ပါ အကျဉ်းဖော်ပြချက်]

‘‘မလုံ့တလုံဝတ်တဲ့ မိန်းကလေးတွေကို တွေ့တဲ့အခါ ကျွန်မ လေးစားချင်စိတ်မရှိဘူး။ ဣန္ဒြေရှိရှိ၊ လှလှပပဝတ်ဆင်တဲ့သူတွေကို တွေ့တဲ့အခါကျတော့ ‘ငါ့ပုံစံကလည်း လူတွေအမြင်မှာ ဒီလိုမျိုးပဲဖြစ်ရမယ်’ လို့တွေးမိတယ်။’’—နာတလဲန်း

[စာမျက်နှာ ၈၂၊ ၈၃ ပါ လေးထောင့်ကွက်/ ရုပ်ပုံ]

အစီအစဉ်ဇယား

အဝတ်အစားနဲ့ပတ်သက်တဲ့ လေ့ကျင့်ခန်းစာရွက်

ညွှန်ကြားချက်– ဒီစာမျက်နှာတွေကို မိတ္တူကူးပါ။ သင်က ဘယ်ဘက်အတန်းကို ဖြည့်စွက်ပြီး မိဘတွေကိုတော့ ညာဘက်အတန်းကို ဖြည့်စွက်ခိုင်းပါ။ ပြီးရင် သင့်စာရွက်နဲ့ မိဘတွေရဲ့စာရွက်ကိုလဲပြီး အဖြေတွေကို ဆွေးနွေးပါ။ အံ့ဩစရာတစ်ခုခုများ ရှိသလား။ တစ်ဖက်သားရဲ့ ရှုမြင်ချက်နဲ့ပတ်သက်ပြီး အရင်ကမသိခဲ့တဲ့ ဘယ်အချက်တွေကို သင်တို့သိခဲ့ရသလဲ။

သင့်အတွက် သင်ဝတ်ချင်တဲ့ ဒါမှမဟုတ် ဝယ်ချင်တဲ့ အဝတ်အစားကို စဉ်းစားကြည့်ပါ။

အဲဒီအဝတ်ကို ဘာလို့ကြိုက်တာလဲ။ သင်ဦးစားပေးတဲ့အချက်တွေကို အောက်မှာ နံပါတ်အစဉ်အတိုင်းတပ်ပါ။

․․․․․ တံဆိပ်

․․․․․ ဆန့်ကျင်ဘက်လိင်ရှင်ကို ဆွဲဆောင်ခြင်း

․․․․․ ရွယ်တူချင်းတွေ လက်ခံခြင်း

․․․․․ ပေါ့ပေါ့ပါးပါးရှိခြင်း

․․․․․ တန်ဖိုး

․․․․․ တခြား

ဒီအဝတ်ကိုတွေ့တာနဲ့ ငါ့မိဘတွေရဲ့တုံ့ပြန်ပုံက

□ “လုံးဝမဝယ်ရဘူး။”

□ “ရကောင်းရနိုင်တယ်။”

□ “ရတယ်။”

မိဘတွေလက်မခံဘူးဆိုရင် အဖြစ်နိုင်ဆုံးအကြောင်းရင်းက

□ “စိတ်ဆွပေးလွန်းတယ်။”

□ “ဖြစ်ကတတ်ဆန်းနိုင်လွန်းတယ်။”

□ “ခေတ်ဆန်လွန်းတယ်။”

□ “မိဘတွေဖြစ်တဲ့ ငါတို့အပေါ် ဆိုးဆိုးဝါးဝါး ဂယက်ရိုက်နိုင်တယ်။”

□ “ဈေးကြီးလွန်းတယ်။”

□ တခြား ․․․․․

ဒါကို ငါတို့ အတူလုပ်ဆောင်နိုင်သလား

မိဘတွေရဲ့သဘောထားမှာ ဘယ်ကောင်းတဲ့အချက်ကို ငါတွေ့နိုင်သလဲ။

․․․․․

ဒီအဝတ်အစားကို လက်ခံနိုင်စရာဖြစ်အောင် ဘာလုပ်နိုင်သလဲ။

․․․․․

မိဘတွေအတွက် သင့်ရဲ့ဆယ်ကျော်သက်ကလေး ဝတ်ချင်တဲ့ ဒါမှမဟုတ် ဝယ်ချင်တဲ့ အဝတ်အစားကို စဉ်းစားကြည့်ပါ။

အဲဒီအဝတ်ကို သင့်ကလေး ဘာကြောင့်ကြိုက်တယ်လို့ ထင်သလဲ။ သူဦးစားပေးတဲ့အရာက ဘာဖြစ်မယ်ထင်သလဲ။ အောက်ပါအချက်တွေကို နံပါတ်တပ်ကြည့်ပါ။

․․․․․ တံဆိပ်

․․․․․ ဆန့်ကျင်ဘက်လိင်ရှင်ကို ဆွဲဆောင်ခြင်း

․․․․․ ရွယ်တူချင်းတွေ လက်ခံခြင်း

․․․․․ ပေါ့ပေါ့ပါးပါးရှိခြင်း

․․․․․ တန်ဖိုး

․․․․․ တခြား

ငါ့ရဲ့ ဦးဆုံးတုံ့ပြန်ပုံက

□ “လုံးဝမဝယ်ရဘူး။”

□ “ရကောင်းရနိုင်တယ်။”

□ “ရတယ်။”

ငါလက်မခံတဲ့အကြောင်းရင်းက

□ “စိတ်ဆွပေးလွန်းတယ်။”

□ “ဖြစ်ကတတ်ဆန်းနိုင်လွန်းတယ်။”

□ “ခေတ်ဆန်လွန်းတယ်။”

□ “မိဘတွေဖြစ်တဲ့ ငါတို့အပေါ် ဆိုးဆိုးဝါးဝါး ဂယက်ရိုက်နိုင်တယ်။”

□ “ဈေးကြီးလွန်းတယ်။”

□ တခြား ․․․․․

ဒါကို ငါတို့ အတူလုပ်ဆောင်နိုင်သလား

ဒီအဝတ်အစားကို ငါတို့လက်မခံနိုင်တာက ကိုယ့်အကြိုက်နဲ့မကိုက်လို့လား။

□ ဟုတ်တယ် □ ဖြစ်ကောင်းဖြစ်နိုင်တယ် □ မဟုတ်ဘူး

ဒီအဝတ်အစားကို လက်ခံနိုင်စရာဖြစ်အောင် ဘာလုပ်နိုင်သလဲ။

․․․․․

ဆုံးဖြတ်ချက် ․․․․․

[စာမျက်နှာ ၈၄ ပါ လေးထောင့်ကွက်]

ယောက်ျားလေးတွေကော

ဒီအခန်းမှာဆွေးနွေးတဲ့ ကျမ်းစာမူတွေက ယောက်ျားလေးတွေနဲ့လည်း သက်ဆိုင်တယ်။ ဣန္ဒြေရှိရှိဝတ်ပါ။ သင့်ရဲ့အတွင်းလူ၊ အတွင်းစိတ်သဘောကို တခြားသူတွေမြင်အောင် ဝတ်ဆင်ပါ။ အဝတ်အစားနဲ့ပတ်သက်ပြီး စဉ်းစားတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးပါ– ‘ဒီအဝတ်အစားက ငါ့အကြောင်း ဘာပြောပြနေသလဲ။ တကယ်တမ်း ငါ ဘယ်လိုလူစားလဲဆိုတာ ဒီအဝတ်က ဖော်ပြနေသလား။’ အဝတ်အစားဆိုတာ ဖော်ပြချက်တစ်ခုဖြစ်တယ်ဆိုတာ သတိရပါ။ သင့်အဝတ်အစားက သင်စံထားတဲ့အရာတွေကို ဖော်ပြနေရဲ့လားဆိုတာ သေချာဂရုစိုက်ပါ။

[စာမျက်နှာ ၈၀ ပါ ရုပ်ပုံ]

သင့်ရဲ့ဝတ်စားပုံက သင့်အကြောင်း လူတွေသိအောင်ရေးထားတဲ့ ဆိုင်းဘုတ်နဲ့တူတယ်။ “ဆိုင်းဘုတ်” ပေါ်မှာ သင့်အကြောင်း ဘာတွေရေးထားသလဲ